Pages

Tuesday, October 31, 2017

ပြည်ထွက်ခန်း (၄)

ပြည်ထွက်ခန်း (၄)

ကျနော်တို့ နောက်ဆုံး ဘုရားသုံးဆူစခန်းကို ရောက်လာခဲ့ကြတယ်။ စခန်းကိုရောက်တော့ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။ အဲဒီအချိန်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) နဲ့ ကျောင်းသားတပ်မတော်ကို တရားဝင်ဖွဲ့ပြီးနေပြီ။ ABSDF ကိုဖွဲ့တဲ့ တရားဝင်မွေးနေ့က နိုဝင်ဘာလ ၁ ရက်နေ့။ အစောက ပြောသလို ကျနော်တို့ တောထဲထွက်ဖို့ လုပ်တော့ နောက်ကျတယ်။ ပြည်တွင်းမှာလည်း နိုင်ငံရေးပါတီတွေ တည်ထောင်လှုပ်ရှားနေကြပြီ။ တောထဲကို ရောက်လာတာ နောက်ကျတယ်။

ဘုရားသုံးဆူစခန်းကို လာရင် အဓိကလမ်းကြောင်း ၃ သွယ်ရှိတယ်လို့ ဆိုနိုင်တယ်။ တလမ်းကတော့ ကြာအင်းဆိပ်ကြီး ကနေ အတ္တရံမြစ်အတိုင်းတက်လာ၊ ချောင်းဆုံရောက်တော့ တောင်တလုံးကို ဖြတ်ကျော်လိုက်ရင် ဘုရားသုံးဆူ တောင်ကြား လမ်းကတဆင့် ဘုရားသုံးဆူကို ရောက်တယ်။ နောက်လမ်းတခုက ရေးမြို့မြောက်ပိုင်းကနေ 'ရေရှိသည်' တောင်ကိုဖြတ်၊ နယ်စပ်ကိုရောက်တယ်။ နောက်တလမ်းကတော့ ရေးမြို့ တောင်ပိုင်း အလယ်စခန်းကနေ တောင်ညို တောင်တန်းကို ဖြတ် လို့ နယ်စပ်ကိုလာတဲ့လမ်း။ ကျနော်တို့ကတော့ ရေးမြို့မြောက်ပိုင်းကနေ၊ ရေချောင်းဖျား အတိုင်း တက်လာ၊ 'ရေရှိသည်' တောင် ကိုဖြတ်လို့ နယ်စပ်ကိုလာတဲ့လမ်းပဲ။ ရေရှိသည်တောင်ဆိုတာ အဲဒီဒေသမှာ အတော်မြင့်တဲ့တောင်၊ ဒါကြောင့်လည်း မွန်ပြည်သစ်က စခန်းတခုထိုင်၊ ဆက်သွယ်ရေးစက်တွေကို အမြင့်က ထိန်းချုပ် ထားတဲ့ စခန်းမျိုးသဖွယ် လုပ်ထားတယ်။ ကျနော်က ဝတ်စုံ ၂ စုံပဲပါတယ်။ စောင် ဘယ်သယ်နိုင်ပါ့မလဲ။ ရေရှိသည် တောင်ပေါ်ရောက်တော့ အေးလိုက်တာ၊ တည လုံး မအိပ်နိုင်ဘူး။ ပုဆိုးလေးခြုံပြီး ကွေးရတယ်။ မနက်မိုးလင်းတဲ့အထိ၊ နွေးအောင် တယောက်နဲ့ တယောက် ကျောချင်း ကပ်၊ အိပ်မပျော်ကြဘူး။ အဲဒီကနေ နယ်စပ်ရှိ တပ်ရင်းစခန်းတခုကို ရောက်တယ်။ မွန်ပြည်သစ်ပါတီက (၃၃၃) တပ်ရင်းမှူး နိုင်ကားရော့နဲ့တွေ့တယ်။ နောက်တနေ့ကျတော့ စက်လှေစီး၊ ထိုင်းနယ်ထဲကနေ ခိုးဖြတ်ပြီး၊ တောင်ကျောတွေက တဆင့် နောက်ဆုံး မွန်ပြည်သစ်ပါတီ ဌာနချုပ်၊ နမ့်ကုတ်စခန်းကို ရောက်တယ်။ မွန်ပြည်သစ်ပါတီဌာနချုပ်ထဲ တညအိပ်ရတယ်။ အဲသည်နမ့်ကုတ်စခန်းကနေ ဘုရားသုံးဆူရွာကို လျှောက်ရင် ၅ ကီလိုမီတာလောက် ဝေးမယ်။ တနာရီကျော်လောက် လမ်းလျှောက်ချင်တယ်။ ကျနော်တို့က ရောက်ချင်လှပြီ။ ကျောင်းသားစခန်းတကယ်ရှိတယ် ဆိုတာ မျက်ဝါးထင်ထင် တွေ့ချင်လှပြီ။ နောက်တနေ့ကျတော့ စစ်ဖြစ်လို့ ရွာပျက်နေတဲ့ ဘုရားသုံးဆူကျေးရွာမှာ စခန်းချနေတဲ့ ကျနော်တို့ ညီ အစ်ကိုတော် ကျောင်းသားတွေကို တွေ့ရတယ်။     

Monday, October 30, 2017

ပြည်ထွက်ခန်း (၃)

ပြည်ထွက်ခန်း (၃)
ကျနော်တို့ တောင်ကုန်းတခုကို ခက်ခက်ခဲခဲ တက်နေရတယ်။ ပုံမှန်လမ်းမဟုတ်ဘူး။ နွားကုန်သည်တွေ ဖြတ်သန်းသွားကြ လို့ ဗွက်ထူထူထနေတဲ့ လမ်းပဲ။ ကျနော်တို့ဆိုတာက ကျနော်ရယ်၊ ကိုမင်းလွင်ရယ်၊ ကျနော်တို့ ဆေးတက္ကသိုလ်-၂ ကနေ
နောက်ပိုင်း ဆေး-၁ ကို ပြောင်းသွားတဲ့ ကိုမင်းလွင်တို့အတန်းက ကိုဝင်းမင်းရယ်၊ ကိုသက်ဌေးနိုင်ရယ်၊ေ နာက်ထပ်လမ်းမှာ
ထပ်ပြီးတွေ့ကြလို့ မိတ်ဆွေဖြစ်၊ ပါလာကြတဲ့ မော်လမြိုင်က ကိုနန္ဒ၊ ရှေ့နေ ကိုမျိုးမြင့်၊ ပုသိမ်က ကျောင်းဆရာ ကို မင်းဆန်းမင်းပဲ။ ကိုမင်းဆန်းမင်းကတော့ နာမည်အရင်းဟုတ်ပုံ မရဘူး။ လျှို့ဝှက်နာမည်တခုခု ယူထားတာလည်း ဖြစ်နိုင်ပါတယ်။ သူက မုတ်ဆိတ်ပသိုင်းမွေးနဲ့၊ ပိန်ပိန်သွယ်သွယ်၊ ချေခွေဗားရား ဒီဇိုင်းမျိုးဖမ်းထားတယ်။ နောက်ပိုင်း တောထဲ ရောက်တော့လည်း ဘယ်ရီဟက်တလုံးကို ရှာပြီး ကျူးဘားပြောက်ကျားခေါင်းဆောင် ချေခွေဗားရားပုံ အပြည့် ဖမ်းတော့တယ်။ ပိုဆိုးတာကတော့ ကျနော့်ဖိနပ်ပြတ်သွားခဲ့တယ်။ ခြေပလာနဲ့ လျှောက်နေရတယ်။ သူများတွေက သူတို့ဖိနပ်ယူစီးဖို့ ပြောပါတယ်။ ကျနော် ယူစီးရင် သူတို့လည်း ခြေပလာ ဖြစ်လိမ့်မယ်။

ကျနော် မှားတာကလည်း ထွက်လာတော့ ပိန်းတန်းသားရေဖိနပ်နဲ့ ဒီတောတောင်ခရီးဆိုတော့ ဖိနပ်ပြတ်တော့တာပေါ့။ ကျနော်ထွက်လာတော့ အိမ်ကို ဘာမှမပြောဖြစ်ဘူး။ ဒီအတိုင်း အဝတ်တထည် ကိုယ်တခုထွက်ချလာတယ်။ သူငယ်ချင်းတွေ
စုပေးတဲ့ ကျောပိုးအိတ်ငယ်တလုံး အင်္ကျီ ၂ ထည်၊ ပုဆိုး ၂ ထည်လောက်ပါတယ်။ မှတ်ပုံတင်ကတော့ သူများမှတ်ပုံတင်တခုကို လိုရမယ်ရ ငှားပေးလိုက်တယ်။ ရုပ်ကလည်း မတူပါဘူး။ သိကြတဲ့အတိုင်း မှတ်ပုံတင်က ကလေးရုပ်တွေဆိုတော့ ဒီလိုပဲ ညာလို့ရနိုင်မယ် ထင်တာပေါ့။ ပြည်တော်ထွက်ခန်းစတော့ေ အာက်တိုဘာလလယ်။

Saturday, October 28, 2017

ပြည်ထွက်ခန်း (၂)

ပြည်ထွက်ခန်း (၂)

ကျောင်းပိတ်ထားတော့ စာဖတ်ရမလား၊ စာထဲလည်း စိတ်မထည့်နိုင်တော့ဘူး။ အဖြစ်တွေက လောလောလတ်လတ် ကြုံ တွေ့ခဲ့ရတယ်။ ရှော့ခ်ရ သွေးလန့်ဖွယ်ရာ အဖြစ်အပျက်များက ကျနော်တို့ မလွတ်မြောက်နိုင်သေးဘူး။ ရန်ကုန်မြို့ကြီးဟာ ခြောက်ခြားဆဲပဲ။ တခါတလေ ညညမှာ စစ်ကားတွေ ကင်းလှည့်သွားကြတယ်။ သိမ်းပိုက်ခံထားရတဲ့ မြို့ကြီးတမြို့လို၊ လူတွေက ရုံးတွေသာပြန်တက်ကြတယ်။ စစ်အစိုးရက ထုတ်ပြန်တဲ့ အမိန့်တွေအတိုင်း စက်ရုံတွေလိုသာ နာခံအလုပ်လုပ် နေကြတယ်၊ စစ်ရှုံးလိုက်လျောလိုက်ကြရတဲ့ မြို့က လူထုတွေလို။ ဟိုနားပေါ်တာဆွဲတယ်၊ ဒီနားပေါ်တာဆွဲတယ် သတင်း တွေကလည်း ရှိသေးတယ်။ တခါက ရပ်ကွက်ထဲတောင် လူတွေကိုပေါ်တာဆွဲတယ်ဆိုလို့ အိမ်နီးချင်းတွေ ရုတ်ရုတ်သဲသဲ ထွက်ပြေးကြတာ ကြုံရတယ်။ ဘယ်ဟာ အမှားအမှန်ယူရကောင်း မသိတဲ့ ကောလာဟလတွေက မြို့လေထုကိုသိုင်းဖွဲ့ထားတယ်။ ဒီလိုနဲ့ ကျနော့် ကဗျာမှတ်စုစာအုပ်လေးမှာ ဟိုခြစ်သည်ခြစ် လုပ်နေမိတယ်။    

" အသုဘ ချပြီးစအိမ်လို
ညရဲ့ကိုယ်ထဲ အသံမဲ့။
ပိုးကောင်ငယ်များ အသံ
စက္ကန့်တံလို လှုပ်လှုပ်
မိုးတိမ် ပုတ်စပ်စပ်
မလတ်မဆတ် လ နဲ့
ကြယ်တို့ရဲ့ ဖတ်စာမဲ့"
မြို့ထဲမှာတော့ နိုင်ငံရေးအရ ပြန်လှုပ်ရှားလာကြတာလည်း မြင်ရတယ်။ အာဏာသိမ်းပြီးတဲ့ စစ်အစိုးရက ပါတီစုံရွေး ကောက်ပွဲတွေ လုပ်ပေးမယ်လို့ ကတိပေးတယ်။ အရင် မဆလအစိုးရ ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲတွေကော်မရှင် ကိုလည်း မဖျက်သိမ်းဘူး။ ဒီလိုနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တတ်သိအစု၊ ဦးအောင်ကြီးအစု၊ သူရဦးတင်ဦးနဲ့ ဦးအောင်ရွှေဦးဆောင်တဲ့ မျိုးချစ်တပ်မှူး အစုတို့ စုပေါင်းကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပေါ်ထွက်လာတယ်။[1] ပါတီ ရုံးတွေ ဟိုနားသည်နားဖွင့် တွေ့နေရပြီ။ ၈၈၈၈ က လူငယ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမိုးသီးဇွန်အပါအဝင် လူငယ် တွေကလည်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ (DPNS) အဖြစ် စုစည်းပေါ်ထွက်လာတယ်။[2] အင်းစိန်မှာတောင် ရုံးလာ ဖွင့်ပြီးပြီ။ ဒါပေမယ့် ပြဿနာက ညဆိုရင် ညမထွက်ရအမိန့် တင်းတင်းကျပ်ကျပ် ရှိတယ်။ ညနေမှောင်လာရင် လူတွေက အပြေးအလွှားအိမ်ပြန်ကြရတယ်။ အိမ်ပြန်မရောက်ဘဲ လမ်းမှာ စစ်သားတွေက စစ်ဆေးရေးဂိတ်တွေမှာ ကြုံရရင် ပြဿနာရှိတယ်။ မထင်ရင် မထင်သလို ရိုက်နှက် ခံကြရတယ်။ အိမ်တွေမှာလည်း ဧည့်စာရင်းစစ်၊ လိုရင်လိုသလို ဝင် ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းလည်း ရှိနေတယ်။

Friday, October 27, 2017

ပြည်ထွက်ခန်း (၁)

ပြည်ထွက်ခန်း (၁)

အိမ်ကထွက် တောခိုခါနီးတော့ အိပ်ယာထဲချည်းလှည်းနေမိတယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး။ အဲဒီကာလက ကျနော် စောင်တထည်ကို သိပ်ကြိုက်နေတယ်။ စောင်တထည် ခြုံထားရတဲ့ နွေးထွေးမှုကို ကျနော်တပ်မက်နေတယ်။ စဉ်းစား မိတယ်။ အကယ်၍ ကျနော်တောထဲရောက်သွားရင် စောင်ရှိပါ့မလား။ လုံခြုံတဲ့ အမိုးအကာတခု ရနိုင်ပါ့မလား။ တောထဲ တောင်ထဲ ဖြစ်သလို စခန်းသွားကြရမှာလား။ မသိနိုင်ဘူး။ ကျနော်တို့ ကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဆိုရင်လည်း သူပုန်တွေရဲ့ ဘဝက မျှစ်စားပြီး၊ စုတ်စုတ်ပြတ်ပြတ်နဲ့ နေကြရတာ မဟုတ်လား။ မိဘတွေကတော့ ကျနော် အိပ်ယာပေါ် ချည်းလှဲနေ တာ ဘယ်အကြောင်းကြောင့်ဆိုတာ သိနိုင်မယ် မဟုတ်ပေဘူး။ တောခိုတော့မယ်လို့ ပြောပြလို့လည်း ဘယ် ဖြစ်ပါ့မလဲ၊ အခုလို အိပ်ယာပေါ်လှဲနေတာလည်း အိမ်ဓာတ်ကို ရသလောက်ယူနေတာလို့ ပြောနိုင်ပါတယ်။

ကျနော်တို့က အရင်တုန်းက အင်းစိန်မှာ နေကြတယ်။ အင်းစိန် ပိန္နဲကုန်းရပ်ကွက်မှာ နေကြတယ်။ နောက်တော့ မောင်နှမ တွေက အပြိုင်းအယိုင်းကြီးလာ၊ တက္ကသိုလ်တွေတက်ကြ၊ အိမ်က ငွေကျပ်တည်းလာလို့ ပိန္နဲကုန်းရပ်ကွက်က အိမ်ကို ထုတ်ရောင်းလိုက်ရတယ်။ အင်းစိန်နံ့သာကုန်းဘက်မှာ အိမ်တလုံးမှာ ငှားပြီးနေကြတယ်။ အိမ်က ခပ်သေးသေး သစ်ခွဲ စက်ဝင်း တခုထဲမှာ ရှိတယ်။ သစ်စက်တခုနဲ့ နောက်ဖက်မှာ ကပ်လျက်ဆောက်ထားတဲ့ အုတ်တိုက်ငယ်ကလေးပါပဲ။ အိမ်မှာ အိပ်ခန်း ၂ ခန်းရှိတယ်။ အဖေ၊ အမေက တခန်း၊ ညီမတွေက တခန်းအိပ်ကြတယ်။ ထပ်ခိုးလို အထပ်ကျဉ်းလေးမှာတော့ ကျနော့်ညီငယ်တွေအိပ်တယ်။ ကျနော်ကတော့ အိမ်ရှေ့အဖီလိုမျိုး ဘုရားစင်ထားတဲ့ အခန်းမှာ အိပ်တယ်။ အခန်းကို ရာဇမတ်လို လေးထောင့် စပ်ကြားသစ်ကွက်တွေနဲ့ ကာထားပြီး၊ ပြင်ပနဲ့ ဟင်းလင်းသဘော ဆက်စပ်နိုင်တယ်။ မိုးရွာရင်တော့ လိပ်ထားတဲ့ ပလပ်စတစ် လိုက်ကာစကို ချလိုက်နိုင်တယ်။ အိမ်ခြံတဖက်မှာတော့ မြေကွက်လပ်ခြားပြီး ရှိနေပြီး၊ ကျန်တဲ့အိမ်တွေနဲ့ နည်းနည်း လှမ်းတယ်။ ရေကန်လို ရေစပ်စပ်လည်း ရှိတာကြောင့် ညဆိုရင် ခြင်ကိုက်တယ်။ ဖားလက်တက်လေးတွေ၊ ပုရစ်လို အင်းဆက် ပိုးမွှားကောင်ကလေးတွေ အော်သံလည်း ညညဆို ကြားနေရတယ်။ လေးထောင့်ကွက်ကြား အကာတွေကနေ ကြည့်လိုက်ရင် အိမ်ပိုင်ရှင် (သစ်စက်ပိုင်ရှင်) က ကွန်ကရစ်ခွေလုပ်ငန်းကိုလည်း လုပ်တော့ ဆင့်ထားတဲ့ ကွန်ကရစ်အခွေ ဘောင်တွေကို တွေ့နေရတယ်။ ကျနော်က ခြင်ထောင်ဆိုရင် ပိတ်ခြင်ထောင်ကို ပိုကြိုက်တယ်။ အထဲကို မမြင်ရတော့ ပိုပြီး တကိုယ်ရေ လွတ်လပ်မှု ရှိတယ်လည်း ထင်မိတယ်။ အဲသည်တော့ မနက် မိုးလင်းရင်လည်း မထသေးဘဲ၊ ပျင်းကြောဆွဲ အိပ်ယာထဲ လှဲနေတယ်။ အမေကတော့ ဘေးမှာ ဆွမ်းတော်ကပ်၊ ဘုရား ရှိခိုး ပုရိတ်ရွတ် မေတ္တာပို့နေတာ ကြားနေရတယ်။

Thursday, October 26, 2017

အိမ်ပြန်အကြို

အိမ်ပြန်အကြို

ဗဟုဖွံ့ဖြိုးမှုအဖွဲ့အနေနဲ့ အိမ်ပြန်ခရီး စီစဉ်ကြတဲ့နေရာမှာ ပြန်မယ့်သူက ၄ ဦးပါ။ ကိုဇော်ဦးရယ် (သူကတော့ အရင်ကလည်း
ပြန်ရောက်ပြီးသား၊ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ)၊ ကိုအောင်နိုင်ဦး (ယခု JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မီတီ) နဲ့ ကျနော်ပါတယ်။
မြန်မာပြည် ပြန်ကြမယ့်အကြောင်း သတင်းထုတ်ပြန်ချက်လုပ်တယ်။ ထိုင်းအခြေစိုက် မြန်မာသတင်းမီဒီယာတွေကလည်း ကျနော်တို့ကို မေးမြန်းကြတယ်။ ပြန်ကြမယ်ဆိုတော့ 
သတင်းထုတ်ပြန်ရေးအတွက်လည်းဖြစ်၊ တဖက်က အမှတ်တရလည်း ဖြစ်အောင် ဓာတ်ပုံရိုက်ကြတယ်။ ဓာတ်ပုံကိုတော့ ဗဟုအဖွဲ့က မန်နေဂျာ ထိုင်းအမျိုးသမီး နတ္ထဝတီက ရိုက်ပေးတယ်။

အရင် ABSDF အဖွဲ့တုန်းက နိုင်ငံခြားရေးတာဝန်ယူခဲ့သူ၊ အခုတော့ ဗဟုအဖွဲ့ ဒု-ဒါရိုက်တာ တာဝန်ယူနေတဲ့ ကိုအောင်နိုင်ဦး
ကတော့ "ခု ကိစ္စဟာ ဆန်းကြယ်တဲ့အိပ်မက် စိတ်ကူးယဉ် (surreal) လိုပါပဲ" လို့ AFP သတင်းဌာနကို ပြောတယ်။ "အိမ်ပြန်
ရောက်ရင် ဘာများလုပ်ရမလဲဆိုတာ ဆုပ်မိကိုင်မိ မဖြစ်သေးဘူး၊ စဉ်းစားနေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်တို့ထွက်ခွာလာခဲ့တဲ့ ကမ္ဘာ (ထွက်လာခဲ့စဉ် အခြေအနေ) က မရှိတော့ဘူး" လို့ သူက ပြောတယ်။ သတင်းမီဒီယာ တွေကတော့ ဒါဟာ မြန်မာနိုင်ငံအတွက် အကောင်းဖက်သဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တခုပါပဲလို့ ရေးသားကြတယ်။ ပြည်ပကိုထွက်ပြေးနေကြရသူတွေ အိမ်ပြန်နိုင်ပြီ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲခဲ့ကြသူတွေအတွက် ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ရပ်တခုပါပဲလို့ ဖော်ပြ
ကြတယ်။

အိမ်အပြန်

အိမ်အပြန်

ပြည်တော်ပြန်ရဖို့ သေချာသလောက် ရှိသွားပြီဆိုတော့ ကျနော်ရင်ခုန် စိတ်လှုပ်ရှားနေတယ်။ အထူးသဖြင့် အိမ်ပြန်ခရီးဟာ 
ဘယ်လိုရှိမယ်ဆိုတာ မှန်းဆတွေးနေမိတယ်။ တကယ်တော့ အိမ်ကထွက်ပြေးလာခဲ့တာ ကြာပါပြီ။ ကြာဆို ၂၄-နှစ် တိုင်ရှိခဲ့ပြီပဲ။ တချိန်တည်းမှာပဲ (ကိုယ့်အိမ်ပြန်တယ်ဆိုပေမယ့်) မမြင်ရတဲ့ နယ်မြေစိမ်းတခုထဲကို သွားရမယ့် ခရီးစဉ်တခုလို အလုပ်တွေလည်း များလှတယ်။ အန္တရာယ်ကြုံလာနိုင်ဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် အထွေထွေ
ရွေးကောက်ပွဲပြီးလို့ အရပ်သားတပိုင်း အစိုးရတက်နေပါပြီ။ အရပ်သားအစိုးရသစ် သမ္မတဦးသိန်းစိန်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းတွေ ပြန်လာနိုင်ကြောင်းလည်း တရားဝင်ဖိတ်ထားပြီးပါပြီ။ ဒီအရင်က အချို့ပြန်ခဲ့ကြသူတွေလည်း ပြဿနာမတွေ့ခဲ့ ကြရသလောက်ပါပဲ။ နောက်ပြီး အစိုးရထဲက တာဝန်ရှိတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဘန်ကောက်ကို ငြိမ်းချမ်း
ရေးဆွေးနွေးပွဲတွေအဖြစ် လာရောက်ကြတဲ့ ခရီးစဉ်တွေမှာလည်း ကျနော်တို့နဲ့ ပြောထားဆိုထား၊ ဆက်ဆံမှုတွေကလည်း တစုံတရာ ရှိထားပြီးပါပြီ။ အကယ်၍ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတယ် ဆိုရင်ဖြင့် ပိုလို့ ခိုင်သွားပါပြီ။ တချိန်တည်းမှာပဲ ပြည်တွင်းက ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ မြန်မာအီးဂရက်စ် (Egress) ခေါင်းဆောင်တွေကလည်း ကျနော်တို့အပြန်ခရီးအတွက် ပြင်ဆင်ညှိနှိုင်းမှုတွေ လုပ်ထားကြပါတယ်။ သိပ်တော့စိတ်ပူစရာ မရှိလှဘူးပေါ့။ ဒါပေမယ့် 
မြန်မာပြည်ကို အပြန်ခရီးဟာ အပြီးအပိုင် အိမ်ပြန်ခရီးလား၊ ဒါမှမဟုတ်ရင် ခဏတဖြုတ် လှည့်လည်ကြည့်ရှု လေ့လာရေးခရီးေ
လောက်ပဲလား ဆိုတာ ကျနော်ကိုယ်တိုင် သေချာမဆုံးဖြတ်နိုင်သေးပါဘူး။

စကားချီး

ခရီးရှည် အိမ်အပြန်လမ်း

စကားချီး
"ကိုယ်ရေးမှတ်တမ်း အထုပ္ပတိတခုမှာ ပြန်ပြောင်းသတိရချက်တွေက ဘယ်နေရာမှာဆုံးပြီး၊ ဒဏ္ဍာရီတွေက ဘယ်နေရာမှာ စတင်ဝင်ရောက်လာတယ် ဆိုတာ ပြောရခက်တယ်" လို့ စာရေးဆရာ အာရင်ဘတ်က သူ့ရဲ့ကိုယ်ရေးမှတ်တမ်းမှာ ပြောခဲ့ဖူး တယ်။ ဒီစာရေးဆရာကြီး အီလျာအာရင်ဘတ်ရဲ့ စာတွေကို ကျနော်တို့ ကြိုက်နှစ်သက်ကြတယ်။ အထူးသဖြင့် သူရေးထား တဲ့ ပါရီကျဆုံးခန်းကို ကျနော်တို့ အသည်းစွဲပဲ။ ဒီလို ကျနော့်ဖြတ်သန်းခဲ့ရာ ဘဝအကြောင်း ရေးမယ်ကြံတော့ သူ့ရေးထား တဲ့ ပါရီကျဆုံးခန်းကို ပြန်ဖတ်ချင်လာတယ်။ ဒါနဲ့ ရန်ကုန်မြို့ထဲ ကြုံတုန်းမှာ စာအုပ်ဟောင်းတန်းက ရအောင် ရှာဝယ်ခဲ့ရတယ်။ ပါရီကျဆုံးခန်းစာအုပ်ဟာ ကျနော်ဖြတ်သန်းခဲ့ရာ အတွေ့အကြုံကို ပြန်ရေးဖြစ်ဖို့ တွန်းအားပေးတဲ့ စာတအုပ်ဆိုရင် မမှားဘူး။ အခု ကျနော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်ထဲက ဇာတ်ကောင်တွေနဲ့လည်း သိပ်တူတယ်လို့ ယူဆမိတယ်။

Wednesday, October 25, 2017

စတန်ကာရာဇင်ကို ကွပ်မျက်ခြင်း (The Execution Of Stenka Razin)

မော်စကို၊ နံရံဖြူတွေကာထားတဲ့ မြို့တော်မှာ 
သူခိုးတယောက်က ဘိန်းစေ့ဖြူး ပေါင်မုန့်တလုံးနဲ့ လမ်းပေါ်ပြေးလာတယ်၊
သူက ဒီနေ့လူအုပ်နဲ့ သေဒဏ်ပေးခံရမှာ ကြောက်တာမဟုတ်ဘူး၊
ပေါင်မုန့်များအတွက် အချိန်မရှိတော့ဘူး...
သူတို့က စတန်ကာရာဇင်ကို ခေါ်လာကြပြီ။
 
ဇာဘုရင်က မမ်ဇီ (malmsey) ချိုပြင်းဝိုင် ပုလင်းသေးသေးကို နို့လိုစို့နေတယ် 
ဆွီဒင်မှန်ချပ် ရှေ့မှာ၊ ဝက်ခြံညှစ်လို့ 
ပြီးတော့ မြတံဆိပ်တော်လက်စွပ်ကို စမ်းဝတ်ကြည့်တယ်၊
ရင်ပြင်ထဲမှာတော့... သူတို့က စတန်ကာရာဇင်ကို ခေါ်လာကြပြီ၊
စည်အသေးတွေက စည်အကြီးထဲ စီးဆင်းကြသလို
ဘွိုင်ရာ (boyar) ကောင်လေးတယောက်က သူ့အမေနောက်က လိမ့်ပါလာတယ်။ 
သူ့ကလေးသွားတွေနဲ့ တော်ဖီကို ကိုက်လို့။

Tuesday, October 24, 2017

ယာမကာသောက်ခြင်းအတွက် တေးချင်းကဗျာ (Ballad About Drinking)

ငါတို့က ဝေလငါးဖြူတွေကို ရာနဲ့ သတ်ဖြတ်ခဲ့ပြီ၊ 
လူ့ယဉ်ကျေးမှုဆိုတာတော့ အတန်မေ့လျော့ထားတာပေါ့
ငါတို့အဆုပ်တွေက ဓားလှီးဆေးတွေ ရှူရှိုက်လို့ လောင်ကျွမ်းခဲ့တယ်
ဒါပေမယ့် ဆိပ်ကမ်းကိုမြင်တာနဲ့ ငါဆို့ရင်ပတ်တွေကို စည်ပိုင်းများလို ဖွင့်ထုတ်တော့တာပဲ
ပြီးတော့ တယောက်ကိုတယောက် ယဉ်ကျေးစွာ စပြောဆိုလို့
ယာမကာသောက်ဖို့ မြင့်မြတ်တဲ့ ပန်းတိုင်အတွက်
အမ်ဒါမာ (Amderma) ရှိ လှေပေါ်ကနေ ကမ်းပေါ်တက်ခဲ့ကြတယ်။

အမ်ဒါမာမှာ တို့ နတ်ဘုရားတွေလို လျှောက်တယ်၊
ခါးပေါ်လက်ထောက်ပြီး၊ တကားကားနဲ့ လှည့်ပတ်
ဆိပ်ကမ်းတလျှောက်မှာ တို့ရဲ့ မုတ်ဆိတ်များနဲ့ ပါးသိုင်းမွေးများက
အရက်ဆိုင်များမှာ စတည်းချကြတယ်၊
ဖြတ်သွားဖြတ်လာ မိန်းမပျိုများနဲ့ သင်္ဘောသားများ၊
အဲသလိုပဲ ဒေသခံခွေးများက
တို့နောက်က ကိုယ်ရံတော်လို တကောက်ကောက်။

Monday, October 23, 2017

ဖော်မပြနိုင်လောက်အောင် (The Inexpressible)

ဖော်မပြနိုင်လောက်အောင် ဖြစ်ရတဲ့ကိစ္စမျိုး ငါလိုချင်တယ်၊ 
ရိုင်းရိုင်းပျပျပေါ့၊ ငါက ဘုရင်မတယောက် မရှိဘဲ မီးနဲ့ကစားတယ်။

ငါ့ဘုရင်မရဲ့ ကျိုးကြောင်းဆင်ခြေက၊ မြင်းစီးသူရဲ နိုက်ရဲ့ ခွာများ အောက်မှာပဲ
ဒီမီးကို လွှတ်ပေးလိုက်ရတာ ဘယ်လောက်များ ပျော်စရာ ကောင်းပါသလဲ။ 

မဖြီးမသင် ညမှာ ဘယ်လို မီးတောက်တွေလဲ
ဖယောင်းတိုင်ကလိုမျိုး၊ မင်းလို သွယ်သွယ်လျလျဆီက၊ 

ဒီလို အကုသိုလ် အိုင်ဒီယာမျိုးကို
မင်းက ဘယ်လို ထွန်းညှိခဲ့တာလဲ။

ငါ ထွန့်ထွန့်လူး၊ ဒါပေမယ့် ငါအော်ဟစ်တာက ငါ့အသားတွေ အတိသုခဖြစ်လို့။
သင်းကွဲယုံကြည်သူကို မီးတောက်က လွှတ်ပေးခဲ့ပါပြီ။

ဂူလ်ရစ်ရှီ (Gul'ripshi)
နယူးယောက်၊ ပါရီ၊ မဲဒရစ်တို့က မီးတောက်များထဲမှာ
ပြီး၊ ငါချစ်ခင်ရတဲ့သူက အဲဒီထဲမှာ လောင်ကျွမ်းလို့။

ဒါပေမယ့် အဲဒီ သင်းကွဲယုံကြည်သူတို့ရဲ့ မီးကနေ
မီးတောက်တွေက ဆင်းရဲသား တကောင်ရဲ့ ခေါင်မိုးဆီ ခုန်ကူးသွားတယ်၊

သင်းကွဲယုံကြည်သူ အားလုံးတို့က
ငရဲမှာ အမြဲထာဝရ ကျခံမှာမို့ လောင်ကျွမ်းလို့။  

အမှန်တရားဆိုရရင်တော့၊ အနီးအနားက တယောက်ယောက်ရဲ့ မြင်ကွင်းကို
မင်းက မီးတင်ရှို့ချိန်  
ဘယ်တော့မှ အမှန်တရားဖြစ်မှာ မဟုတ်ဘူး၊ လိမ်ညာမုသားပဲ ဖြစ်မှာ။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by Lawrence Ferlinghetti with Anthony Kahn 


ဂူလ်ရစ်ရှီ (Gul'ripshi)- ဂျော်ဂျီယာနိုင်ငံမှ ဒေသတခုအမည်။ 

Sunday, October 22, 2017

စတာလင်ကို ဆက်ခံသူများ (The Heirs Of Stalin)

နှုတ်ဆိတ်မှုဟာ စကျင်ကျောက်များမှာ၊ မှန်များက နှုတ်ဆိတ်စွာ မှိန်မှိန်လင်းနေခဲ့ 
အစောင့်များက ဆိတ်ငြိမ်စွာ ရပ်နေခဲ့ကြ၊ လေပြေညင်းကြောင့် နီညိုရောင်သန်းနေစေတယ်
ခပ်ပါးပါး မီးခိုးမျှင်များက ခေါင်းတလားပေါ် ဝေ့ဝဲနေ။

အသက်ရှူသံများက အက်ကြောင်းများထဲက စိမ့်ထွက်လာခဲ့
အာဇာနည်ဗိမ္မာန်တံခါးတွေကြားကနေပြီး သူ့ကို တိုးထွက်လာစေတယ်၊
ခပ်ဖြည်းဖြည်း ခေါင်းတလားက ပေါ်လောပေါ်လာတယ်၊ သိပ်လှတဲ့ ဘက်နက်များကို ပွတ်သပ်သွား
သူကလည်း နှုတ်ဆိတ်နေသလို - မပုတ်အောင် စီရင်ထားတဲ့ သူရဲ့လက်သီးများ၊  
သေချင်ယောင် ဆောင်နေရုံသာ၊ သူက အထဲကနေ စောင့်ကြည့်နေခဲ့တယ်။

သူက သူ့မှတ်ဉာဏ်ထဲမှာ ခေါင်းတလားထမ်းသူ အားလုံးကို ပြင်ဆင်ချင်ခဲ့တယ်
ရာဇန် (Ryazan) နဲ့ ကုစ် (Kursk) က ရဲဘော်သစ်များနဲ့၊  
ဒါမှနောက်ပိုင်း ထိုးစစ်တိုက်ခိုက်မှုတခုအတွက် လုံလောက်တဲ့ အင်အားတွေစုဆောင်းနိုင်မှာ 
အုတ်ဂူက ထပြီး၊ အဲဒီ မဆင်ခြင်နိုင်သေးတဲ့ လူငယ်များဆီ ရောက်နိုင်မှာ
သူက အစီအစဉ်ချနေတယ်၊ ခုက ငိုက်မျဉ်းနေရုံသာ။

ပြီးတော့၊ ငါ.. ငါတို့အစိုးရကို မေတ္တာရပ်ခံတယ်၊ သူတို့ကို နှစ်ဆ
သုံးဆ၊ ဒီကျောက်ပြားကို စောင့်နေတဲ့လုံခြုံရေးများ [တိုးပေးဖို့] 
ပြီးတော့ စတာလင်နောက်တကြိမ် ပြန်မထလာရလေအောင် တားပေးဖို့
ပြီးတော့ စတာလင်ကို အတိတ်မှာ ထားခဲ့ပါတော့။

ငါက အတိတ်ကို သိပ်ခမ်းနား၊ ရွှေခေတ်လို့ မရည်ညွှန်းချင်ပါဘူး 
တာ့ခ်ဆစ်ဘ် (Turksib) နဲ့ မက်နစ်တာ (Magnitka) နဲ့ အလံတွေက ဘာလင်ပေါ်လွင့်လို့၊
ဒီကိစ္စမှာ အတိတ်က၊ ငါဆိုလိုတာ ပြည်သူတွေရဲ့ ကောင်းကျိုးကို
လျစ်လျူရှုထားမှု၊ မှားယွင်းတဲ့စွပ်စွဲမှုနဲ့၊ အပြစ်မဲ့ပြည်သူတွေကို ထောင်ထဲထည့်ခဲ့တာတွေပဲ။

ငါတို့က သီးနှံတွေကို ရိုးသားစွာ စိုက်ခဲ့ကြတယ်၊
ငါတို့ ရိုးသားစွာ သံရိုင်းတွေ အရည်ကျိုခဲ့ကြတယ်၊ 
ပြီး ငါတို့ရိုးသားစွာ ချီတက်၊ ရာထူးအဆင့်တွေထဲ ပူးပေါင်းခဲ့ကြတယ်၊
ဒါပေမယ့် သူကငါတို့ကိုကြောက်တယ်၊ ပန်းတိုင်ကြီးအပေါ် ယုံကြည်လို့၊ 
နောက်ဆုံးပန်းတိုင်ရောက်ဖို့ ဘာပဲလုပ်ရလုပ်ရ နည်းလမ်းပေါင်းစုံကို သူဆုံးဖြတ်တယ်၊
သူက အရှည်ကိုမြင်တယ်၊ နိုင်ငံရေးစစ်ဆင်မှု အနုပညာကို ကျွမ်းကျင်တယ်။ 
ဒီကမ္ဘာပေါ်မှာ ဆက်ခံသူများစွာကို ချန်ထားရစ်တယ်။
အဲဒီ ခေါင်းတလားထဲ တယ်လီဖုန်းထားဖို့ ငါ စိတ်ကူးယဉ်မိသေး 
စတာလင်က အင်ဗဲ ဟောချာ (Enver Hoxha) ကို ညွှန်ကြားမှာပေါ့။
အဲဒီ ခေါင်းတလားကနေ၊ ကေဘယ်လ်ကြိုးတွေ ဘယ်ကိုဆက်သွားကြမလဲ။ 
မဟုတ်သေးဘူး၊ စတာလင်က လက်လျှော့မှာ မဟုတ်ဘူး။ သူသေနေရာက လိမ်လည်ရမယ် ထင်နေဦးမယ်၊
ငါတို့က သူ့ကို အာဇာနည်ဗိမာန်ထဲ သယ်ပို့ခဲ့ကြတယ်။

ဒါပေမယ့် စတာလင်ကို ဆက်ခံသူတို့ကို စတာလင်ဆီကနေ ဘယ်လိုဖယ်ရှားကြမလဲ၊
အချို့ဆက်ခံသူများက အငြိမ်းစားယူပြီး နှင်းဆီစိုက်ကြတယ် 
သူတို့ အာဏာတည်ထားတဲ့ အပန်းဖြေချိန်တွေ ဘယ်တော့မှ ကုန်ဆုံးမှာမဟုတ်ဘူးလို့ တိတ်တဆိတ်တွေးတယ်
အခြားသူများက ပလက်ဖောင်းများပေါ်ကနေ စတာလင်ကို ဆဲရေးစော်ကားနေကြပြီ
ဒါပေမယ့်၊ ညတွေမှာ ရွှေရောင်နေ့များကို ပြန်တမ်းတကြ။

စတာလင်ကို ဆက်ခံကြသူများက ဒီနေ့များမှာ နှလုံးပြဿနာရှိကြတာ
အံ့သြဖွယ်တော့ မဟုတ်ပေဘူး။ မူလက သစ္စာခံသူတို့ 
ခုလို အကျဉ်းစခန်းတွေ ပလာကျင်းနေတဲ့ခေတ်ကို၊
ဇာတ်ရုံတွေမှာ ကဗျာရွတ်တာ လူအပြည့် နားထောင်နေကြတာကို မုန်းကြတယ်။
ပါတီက ငါ့ကို ကိုယ့်ကိုယ်ကို ဘဝင်မခိုက်နေဖို့ ဟန့်တယ်၊
'ဘာလို့အရေးစိုက်ရမှာလဲ' တချို့ကပြောတယ်၊ ဒါပေမယ့် ငါက မလှုပ်ရှားဘဲ မနေနိုင်ဘူး၊
စတာလင်ကို ဆက်ခံသူတွေက ဒီမြေကမ္ဘာမှာ ဆက်လျှောက်ကြတဲ့အခါ 
ငါ့စိတ်ကြိုက်လူ စတာလင်က အာဇာနည်ဗိမာန်ထဲမှာ ခြုံခိုစောင့်နေတုန်းပဲ။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by George Reavey


Enver Halil Hoxha အင်ဗဲ ဟော်ချာ (၁၉၀၈-၁၉၈၅) က အယ်လ်ဘေးနီယားက ၂၂ ဦးမြောက် ဝန်ကြီးချုပ်တာဝန်၊ နိုင်ငံ ခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်များယူခဲ့ဖူးသူပါ။ 

ကိုပေဟေဂင်က တွေ့ဆုံမှုတခု (A Meeting In Copenhagen)

ငါတို့က ကိုပေဟေဂင် လေဆိပ်တခုထဲ ထိုင်နေကြရင်း
ကော်ဖီ အတော်များများ သောက်နေကြတယ်
အဲဒီမှာ အထူး သပ်ရပ်ကျနစွာ၊ ပြီး သက်တောင့်သက်သာ၊ 
အားအင်ကုန်ခန်းလောက်တဲ့ အထိ ယဉ်ကျေးဖွယ်ရာ၊

ပြီးတော့ ချက်ချင်းဆိုသလို သူပေါက်ချလာတယ် - အဖိုးအိုတယောက် -
ခေါင်းစွပ်ပါတဲ့ အစိမ်းပြောင် သားမွေးကုတ်အင်္ကျီနဲ့ 
သူ့မျက်နှာက ဆားဒဏ်၊ လေဒဏ်နဲ့ ညိုလောင်ကျွမ်း
တဖြည်းဖြည်းပေါ်လာမျိုး မဟုတ်ဘဲ၊ ဘွားကနဲပေါ်ထွက်လာ။

ခရီးသည်လူအုပ်ကြား ထယ်ကြောင်းထိုးသလို သူလျှောက်လာ 
သူက သင်္ဘောတခုကို ရွက်လွှင့်လာခဲ့သလို၊ 
ပြီးတော့၊ ပင်လယ်ရေမြုပ်များလို သူ့မုတ်ဆိတ်ကျင်စွယ်တွေ 
ဖြူလို့၊ မျက်နှာကို ဘောင်အနားသတ်ထားတယ်။

အောင်မြင်သူတို့ရဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ မဆုတ်မနစ်
သူလျှောက်တယ်၊ လှိုင်းကြီးကိုထလို့ 
ဒါတွေက ခေတ်ဆန်အောင်လုပ်ထားတဲ့ ရှေးဟောင်းပစ္စည်းတွေကြား လှည်းကျင်းသလို [လျှောက်လာ] 
ရှေးပဝဏသီ ခေတ်ပေါ်ဆန်မှုတွေတိုင်းကို ဖြတ်ပြီးတော့။

သူ့ရှပ်အင်္ကျီရဲ့ ကြမ်းထော်တဲ့ ကော်လာကိုလည်း လည်ပင်းဖွင့်ထားတယ် 
သူက၊ ဗားမောင့်ဝိုင် နဲ့ ပါနောအရက်ကို ငြင်းပယ်လို့  
ဘားဆိုင်မှာ ရုရှားဗော်ဒကာ တခွက်ကို မှာတယ်
တောနစ်ဖျော်ရည်ကို လက်နဲ့ ပြန်တွန်းပို့လိုက်တယ်။ 'မလိုဘူး'

ကြမ်းရှတဲ့ လက်တွေနဲ့၊ အားလုံးက အမာရွတ်များ၊ အပွန်းအပဲ့များနဲ့ 
ဖိနပ်မှာ ခွန်အားကြီးတဲ့ ဂေါက်ဂက်သံနဲ့ 
ဘောင်းဘီတွေက မယုံနိုင်လောက်စရာ စွန်းထင်း၊ ဆီချေးပေကျံ၊ 
အနီးအနားရှိ အရာတိုင်းထက်
သူက ကြည့်ရတာပိုပြီး သပ်ယပ်သန့်စင်တယ်။

မြေကမ္ဘာက သူ့အောက်မှာ ကိုင်းညွတ်နေရသလို
ဖြစ်ရအောင် သူက လေးလေးလံလံ နင်းချေခဲ့လေသလား။
ငါတို့ထဲက တယောက်က အပြုံးနဲ့ငါ့ကိုပြောတယ် 
'ကြည့်စမ်း၊ တကယ့် ဟဲမင်းဝေး ပေါက်ကွဲပုံမျိုးပဲ '

ခဏတာ အပြုအမူတိုင်းက ဖော်ပြနေခဲ့၊ သူက တံငါတယောက်ရဲ့ လေးလံနှေးကွေးတဲ့ ခြေလှမ်းနဲ့
လျှောက်ခဲ့တယ်။ 
နှမ်းဖတ်ကျောက်များနဲ့ သဘာဝအတိုင်း အရိုင်းပုံသွင်းထားတဲ့ 
ခေတ်များကို ဖြတ်သန်းလို့
သေနတ်တွေ ပစ်နေတဲ့ကြား ဖြတ်သွားတဲ့ ယောက်ျားများရဲ့ ခြေလှမ်းကျဲကျဲ [နဲ့လျှောက်ခဲ့တယ်]   
လျှောက်မြောင်းထဲကလို ကိုင်းညွှတ်ပြီး လျှောက်ခဲ့တယ်၊ 
ကုလားထိုင်များနဲ့ လူများကို တွန်းထိုးပြီး လျှောက်ခဲ့တယ်...
သူက ဟဲမင်းဝေးနဲ့
တူလိုက်တာ၊ 
နောက်တော့ ငါသိလိုက်ရတာ
အဲဒီလူက တကယ့်အမှန် ဟဲမင်းဝေးပဲ။     ။ 

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by George Reavey 

Vermouth ဗားမောင့်က အနံ့တခုခု (သစ်ခေါက်၊ သစ်မြစ်၊ ပန်းနဲ့၊ သစ်စေ့နဲ့၊ ပရဆေး၊ သို့မဟုတ် အမွှေးအကြိုင်) ထည့် ထားတဲ့ ဝိုင်တမျိုးပါ။
Pernod Ricard  ပါနောက ပြင်သစ်အရက်ကုမ္ပဏီတခုက ချက်တဲ့ယာမကာ ဖြစ်ပါတယ်။ 

Saturday, October 21, 2017

ခေတ်လူငယ် မိန်းကလေး (Girl Beatnik)

ဒီကလေးမလေးက နယူးယောက်ကလာတာ၊ 
ဒါပေမယ့် သူပိုင်ဆိုင်တဲ့မြို့တော့ မဟုတ်ဘူး၊
နီယွန်မီးရောင်များတလျှောက်မှာ ဒီကလေးမ
သူမကိုယ်တိုင်ဆီက ထွက်ပြေးခဲ့တာ။

ဒီကလေးမအတွက် ကမ္ဘာကြီးက စက်ဆုပ်ဖွယ်
ကျင့်ဝတ်အလေးထား ဝါဒီတယောက်က ဆွဲငင်အူနေတယ်
ဒါကလည်း ဒီကလေးမအတွက် အမှန်တရား ရှိမနေဘူး
ခုတော့ 'လိမ်လည်လှည့်ပတ်မှု' တခုတည်းကပဲ မှန်တော့တယ်။

ဖိုးရိုးဖားရား နဲ့ ခပ်ရိုင်းရိုင်း ဆံပင်တွေ 
မျက်မှန်နဲ့ ကြမ်းထော်တဲ့ ဆွယ်တာတခုထဲ 
ဒေါက်ဆူးချွန်ဖိနပ်နဲ့ သူကတယ်
အပါးလွှာဆုံး ငြင်းဆိုမှုနဲ့။

အရာကိစ္စတိုင်းက သူမကို အမှားပေးတယ်၊ 
အရာကိစ္စတိုင်း - သမ္မာကျမ်းစာကနေ သတင်းမီဒီယာတွေအထိ၊
မွန်တေဂူ နဲ့ ကာပူလက် ရှိနေတယ်၊ 
ဒါပေမယ့် ရိုမီရိုနဲ့ ဂျူးလီယက်တော့ ရှိမနေဘူး။

သစ်ပင်များက စိတ်ထိုင်းမှိုင်းဖွယ်ရာ ကိုင်းညွတ် 
ပြီးတော့ လရောင်မှာ မူးယစ်စွာ ရှိရမယ့်အစား
စိတ်ကောက်သုန်မှုန်နေတဲ့ ခေတ်လူငယ်တယောက်လို ဒယီးဒယိုင် လျှောက်သွားတယ်။
နို့ရည်ဆမ်း ရိပ်သာလမ်းတလျှောက်၊

ဘားဆိုင် တဆိုင်ကနေ တဆိုင်၊ ဦးတည်ရာမဲ့ 
အတွေးတွေ ရစ်ပတ်လို့၊ လူမှုရေး ခပ်နည်းနည်း
ပြီးတော့ မြို့တော်က သူ့ရဲ့ နှလုံးသားမာလှတဲ့ အလှအားလုံးကို
အောက်မှာ ဖြန့်ထားတယ်။

အရာကိစ္စတိုင်း ကြည့်ရတာ မာကျောနေ၊ ခေါင်မိုးများ၊ နံရံများ၊ 
ပြီးတော့၊ ဒါက တိုက်ဆိုင်မှု မဟုတ်ဘူး၊ မြို့တော်ပေါ်မှာ 
တယ်လီဗေးရှင်း ကောင်းကင်တိုင်များ ထိုးထောင်နေတာ
ခရစ်တော်မရှိဘဲ ကားကျက်တိုင်များလို။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by George Reavey 

Beatnik - (၁၉၅၀-၆၀) ခုနှစ်ကာလများက အစဉ်အလာ ဝတ်စားပြုမူပုံများကို ပစ်ပယ်တဲ့ ခေတ်လူငယ်ကို ရည်ညွှန်းခေါ် ဆိုတာ ဖြစ်တယ်။ ဘိ (တ်) ကို အခြေခံတဲ့ မျိုးဆက်၊ ဆေးချတယ်၊ ကာတွန်းပုံတွေ အတုခိုးတယ်။


Montagues and Capulets  က ရိုမီရို- ဂျူးလိယက် ဇာတ်လမ်းတွဲမှာပါတဲ့ မွန်တေဂူ- ကာပူလက် မြေရှင်မိသားစုကြီး နှစ်ခုကို ဆိုလိုတာပါ။ 

အလာစကား သားမွေးခြံက ပိုလာမြေခွေးတကောင်ရဲ့ တကိုယ်ရေတမ်းချင်း (Monologue Of A Polar Fox On An Alaskan Fur Farm)

ငါက မီးခိုးရောင်ခြံထဲက အပြာရောင်မြေခွေးပါ 
ငါ့အရောင်ကြောင့် သတ်ဖြတ်ဖို့ ကျိန်စာတိုက်ခံထားရတဲ့ကောင်
ကိုက်ဖြတ်မရနိုင်တဲ့ အခု ဝိုင်ယာစည်းရိုးနောက်မှာ 
ငါ ဝမ်းနည်းကြေကွဲရုံက လွဲပြီး၊ စိတ်ချမ်းသာ မရှိပါဘူး။

သခင်၊ ဒါပေမယ့် ငါအမွေးတွေ ကျွတ်ချင်ပါတယ်။ ငါ့ကိုယ်တိုင် လောင်ကျွမ်း
သွေးရူးသွေးတန်းနဲ့ ကိုယ်တိုင် လုံးတီး ချွတ်ချချင်ပါတယ်။ 
ဒါပေမယ့် ထူထဲ၊ အပြာအမွေးကြမ်းတွေက
အရေပြားထဲ စိမ့်ဝင်နေ - တောက်ပလင်းလက်နေတဲ့ သစ္စာဖောက်ပေါ့။

ငါအူတာ - စိတ်ဂနာမငြိမ် ငါအူတယ်
ထာဝရဘုရားရဲ့ နောက်ဆုံးစီရင်မှုက တိရိစ္ဆာန်ဆန်တဲ့ တံပိုးသံလိုမျိုး 
ကြယ်တွေကို စိတ်အားထက်သန်ဆုတောင်းတယ်၊ ထာဝရလွတ်မြောက်မှုအတွက်
ဒါမှမဟုတ် အနည်းဆုံး အမွေးတွေထာဝရ ကျွတ်နေဖို့ပေါ့။

ဖြတ်သွားတဲ့ ဧည့်သည်က ငါ့အူသံကို 
တိပ်ရီကော်ဒါနဲ့ ဖမ်းထားခဲ့တယ်။ ဘယ်လောက်ရူးသွပ်ပါသလဲ၊ 
သူကိုယ်တိုင် အူတာ မဟုတ်ဘူး။ ဒါပေမယ့် သူကိုဒီမှာ ဖမ်းထားခဲ့ရင်
စပြီး အူကောင်း အူမှာပေါ့။ 

ငါ သေလုဇောနဲ့ ကြမ်းပြင်ပေါ် လှဲတယ်
ဒါပေမယ့် ခုတိုင် ငါမသေနိုင်သေး
ငါ့ကိုယ်ပိုင် ဒါချောင်း (Dachau) ကို စိတ်ဓာတ်ကျပြီး ငေးကြည့်တယ်
ပြီးတော့ ငါသိတယ်၊ ဘယ်တော့မှ ငါလွတ်မြောက်နိုင်မယ် မဟုတ်ဘူး။

နောက်တကြိမ်၊ ငါးပုတ်တကောင်ကို စားပြီးတော့ 
တံခါး သော့မပိတ်ဘဲ ရှိနေတာမြင်တယ်၊ 
ကြယ်ရောင်နဲ့ အသူတရာချောက်ထဲ၊ လွတ်မြောက်ဖို့ ငါခုန်ချတယ်
ခွေးပေါက်တကောင်ရဲ့ ရေရှည်ဖြစ်တတ်တဲ့ မဆင်ခြင်မှုနဲ့။

လရဲ့ကျောက်မျက်များက ငါ့မျက်လုံးကြားထဲ ဖြာကျနေတယ်။
လက စက်ဝိုင်းလို၊ ငါနားလည်တယ်
ကောင်းကင်က လှောင်အိမ်ထဲက မြင်ခဲ့ရသလို
လေးထောင့်ပုံများလို ကွဲအက်သွားမှာ မဟုတ်ဘူး။ 

အလာစကားရဲ့ နှင်းခဲပုံများက ပတ်ပတ်လည်မှာ မျှော်စင်တွေလို 
ပြီး၊ ငါ စိတ်ပျက်စွာ ခုန်ပေါက်မြူးတူးတယ်၊ နာမကျန်းဖြစ်တယ်၊ 
ပြီးတော့ လွတ်မြောက်မှုက ငါမြိုချမိတဲ့ ကြယ်များနဲ့အတူ
ငါ့အဆုပ်များထဲ တွန့်လိမ်နေခဲ့ကြတယ်။

ငါ နောက်ပြောင်ကျီစယ် ကစားတယ်၊ အဓိပ္ပါယ်မဲ့ သစ်ပင်တွေကို
ငါဟောင်တယ်၊ ငါ့ကိုယ်တိုင်က သန့်စင်နေတယ်။
ပြိုးပြက်တောက်ပတဲ့ နှင်းတွေကိုလည်း မကြောက်ခဲ့ဘူး
ငါက သိပ်ပြီး ပြာလွင်နေခဲ့ပြီ။

ငါ့အမေနဲ့ အဖေ တကောင်နဲ့တကောင် မချစ်ကြဘူး၊ 
ဒါပေမယ့် သူတို့မိတ်လိုက်ခဲ့ကြတယ်။ ငါက မြေခွေးပျိုမလေးကို
ဘယ်လိုရှာရပါ့၊ ဒါမှ ခုလိုခမ်းနားဆန်းကြယ်လှတဲ့ အမှုန်များထဲ
သူနဲ့အတူ ကျွမ်းထိုး၊ ပျံသန်းနိုင်မှာ။

ဒါပေမယ့် နောက်တော့ ငါပင်ပန်းသွားပြီ။ နှင်းတွေက သိပ်ကျလွန်းနေ
ကပ်နေတဲ့ ငါ့ခြေသည်းတွေ မမြှောက်နိုင်တော့ဘူး၊
မိတ်ဆွေတွေလည်း ငါမတွေ့၊ ရည်းစားလည်း ငါ့မှာမရှိ
လှောင်ချိုင့်ထဲက ကလေးတယောက်ဟာ လွတ်မြောက်မှုအတွက် သိပ်ကို ချိနဲ့နေတာပေါ့။

လှောင်အိမ်တခုလို့ ထင်မြင်နေသူအတွက်တော့ လှောင်အိမ်တခုအတွက် ငိုကြွေးပေါ့
ကြောက်လန့်ပေါ့။ ငါနားလည်ပါတယ် ဒီလှောင်အိမ်ကို
ငါ ဘယ်လောက်ချစ်တယ်ဆိုတာ၊ သံဆန်ခါနောက်မှာ ငါ့ကိုဝှက်ထားခဲ့တာ 
ပြီးတော့ သားမွေးခြံက၊ ငါ့ အမိမြေပဲ။

ပြီးတော့ ငါပြန်လာခဲ့တယ်၊ ခြေကုန်လက်ပန်းကျလို့၊ ပြီး ရိုက်နှက်ခံရ၊
မကြာခင် လှောင်အိမ်ကို ဂျိုင်းကနဲ ပိတ်လိုက်တယ်၊ 
နောက်တော့ အပြစ်ရှိတယ်ထင်တဲ့ ငါ့ခံစားရမှုက မကျေနပ်မှုဖြစ်လာ
ပြီးတော့ အချစ်က အမုန်းအဖြစ် ဆန်းကြယ်စွာ ပြောင်းသွားခဲ့တယ်။

အလာစကား၊ မင်းဆီမှာ ငါ စိတ်ပျက်အားလျော့မှုနဲ့ အူတယ်
ခုထောင်ထဲမှာ၊ ငါ စိတ်ပျက်အားလျော့စွာ အူတယ်၊
ငါ့ အမေရိက၊ ငါ ပျောက်ဆုံးနေပါပြီ 
ဒါပေမယ့် မင်းဆီမှာ ခုတိုင်မပျောက်ဆုံး ရှိနေကြပါသေးသလဲ။

မှန်တယ်။ ဒီသားမွေးခြံမှာ အပြောင်းအလဲတွေရှိတယ်
အရင်က ငါတို့ကိုအိပ်ထဲထည့် လေအလုံပိတ် သတ်ခဲ့တာ
အခုတော့ ခေတ်မီနည်းနဲ့ ငါတို့ကို  သတ်တယ်၊
လျှပ်စစ်နဲ့ စီရင်တယ်။ ထူးကဲစွာ သေသပ်မှုပေါ့။

ခြံစောင့် အက်စကီးမိုး ကလေးမလေးကို ငါမျှော်လင့်မိတယ်
သူမလက်တွေက ငါ့အပေါ်ချစ်ခင်မှုနဲ့ တရွှမ်းရွှမ်းရှိခဲ့
သူမလက်တွေက ငါ့လည်ပင်းကို ကုတ်ပေးခဲ့တယ်
ဒါပေမယ့် ယုဒရဲ့ဝမ်းနည်းမှုမျိုးနဲ့ သူမမျက်ဝန်းထောင့်မှာ ရေလွှမ်းစေခဲ့။

သူမက ငါ့ကိုရောဂါဘယ အားလုံးက ကယ်တင်ပေးခဲ့
ငါ့ကို ငတ်မွတ်ဆာလောင် မသေစေခဲ့ 
ဒါပေမယ့် ငါသိတယ်၊ အချိန်ကျရင် ခြံကို ခိုင်ခန့်စေမယ်၊ 
ရောက်လာပြီး၊ သူမက ငါ့ကိုသစ္စာဖောက်မှာ၊ ဒါက သူ့တာဝန်ပဲ။

သူမ မျက်လုံးထဲက စိုစွတ်မှု အထိတွေ့နဲ့ ပွတ်သပ်တယ်။ 
ငါ့လည်ပင်းက ကြိုးကို ဖြေလျော့စေတယ်၊ တိုးတိုးသက်သာပြောလို့။
အလုပ်သမားတွေအပေါ် လူသားဆန်ပါ။ ငါတို့သားမွေးခြံများက
လျှပ်စစ်နဲ့ အဆုံးစီရင်မှုဆိုင်ရာရုံးကို ဖွဲ့စည်းထားပေါ့။

ငါ့အဖေလို၊ ငါလည်း နုံအချင်တယ်။ 
ဒါပေမယ့် ငါက သူမဟုတ်ဘူး၊ ငါက လှောင်အိမ်မှာ မွေးဖွားလာခဲ့ရသူပါ။
ငါ့ကို ကျွေးမွေးတဲ့သူကပဲ ပြန်ပြီးသစ္စာဖောက်ဦးမှာ
ငါ့ကို ပွတ်သပ်စောင့်ရှောက်သူကပဲ ပြန်ပြီးသတ်ဦးမှာ။     ။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by John Updike with Albert C. Todd 


Dachau ဒါချောင်း အကျဉ်းစခန်း က ဂျာမနီနိုင်ငံက ပထမဦးဆုံး နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်ရွယ်တဲ့ နာဇီ အကျဉ်းစခန်း ဖြစ်ပါတယ်။ ၁၉၃၃ မှာ လက်နက်ရုံဟောင်းကြီးထဲ ဟိန်းနရစ် ဟင်းမလားက စဖွင့်ပြီးတော့၊ ဂျာမာန် သိမ်းပိုက်ခဲ့တဲ့ နိုင်ငံတွေက အကျဉ်းသားတွေ၊ ဂျူးတွေ ထိန်းသိမ်းထားခဲ့တယ်။ ၁၉၄၅ အမေရိကန်တွေ ဝင်လာမှ အကျဉ်း စခန်း နိဂုံးတိုင်သွားတယ်။ စာရင်းတွေအရ လူ ၃၂,၀၀၀ သေခဲ့တယ်ဆိုတယ်။ 

Friday, October 20, 2017

သက်မွေးမှုလုပ်ငန်း (Career)

ခရစ်ယာန် ဘုန်းတော်ကြီးတွေ ထိန်းသိမ်းထားတဲ့ ဂယ်လီလီယို (Galileo) က 
ဖျက်လိုဖျက်ဆီးလုပ်တဲ့ ခေါင်းမာတဲ့သူပဲ။
ဒါပေမယ့် အချိန်မှာ ပြသနိုင်ခဲ့တဲ့ နည်းလမ်းတခုရှိတယ်
ခေါင်းအမာဆုံးသူက ဉာဏ်အကြီးဆုံး ဖြစ်နေတယ်။

ဂယ်လီလီယိုရဲ့နေ့မှာ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်တယောက်က
ဂယ်လီလီယို လောက် ဘယ်တယောက်မှ မမိုက်မဲခဲ့ဘူး။
သူက ကမ္ဘာကြီးကလှည့်ပတ်နေတာကို ကောင်းကောင်း သတိထားမိမှာပဲ
ဒါပေမယ့် သူ့မှာ ကျွေးမွေးစရာ မိသားစုကြီး ရှိနေခဲ့တယ်။

သစ္စာဖောက်ခံရပြီးနောက်
သူ့မိန်းမနဲ့အတူ မြင်းလှည်းပေါ်အတက်
သူက သက်မွေးမှုလုပ်ငန်း တခုအပေါ်မှာ စလိုက်ပြီလို့ သူယုံကြည်ခဲ့တယ်
ဒါပေမယ့် လက်တွေ့တရားထဲမှာ လှိုက်စားခံခဲ့ရတယ်။

ဂယ်လီလီယို တယောက်တည်းက ငါတို့ဂြိုဟ်ကမ္ဘာရဲ့ အမှန်တရားကို
စွန့်စား ပြတ်ပြတ်သားသား ပြောခဲ့တယ်
ပြီးတော့ ဒီကိစ္စကြောင့် သူ့ကို ကြီးမြတ်တဲ့လူသားဖြစ်စေခဲ့တယ်... သူက
ငါနားလည်သလောက်ဆိုရင် တကယ့်သက်မွေးမှုလုပ်ငန်းပေပဲ။

သက်မွေးမှုလုပ်ငန်းကိစ္စတခုကို ငါ အလေးပြုပါရဲ့
အဲဒီ သက်မွေးမှုလုပ်ငန်းက
ရှိတ်စပီးယား ဒါမှမဟုတ် ပါစတာ (Pasteur) တို့နဲ့ တူတဲ့အခါ
နယူတန် ဒါမှမဟုတ် တော်လ်စတွိုင်း- လီယို တို့လို။

ဘာဖြစ်လို့ လူတွေက သူတို့ကို ရွှံ့နဲ့ပစ်ပေါက်ခဲ့ကြတာလဲ၊
ပါရမီက ဘယ်လိုစွပ်စွဲစွပ်စွဲ၊ သူ့ဘာသာစကားပြောတယ်၊
ငါတို့က သူတို့ကို နှိပ်စက်ညှဉ်းပမ်းခဲ့သူတွေကို မေ့ပစ်ခဲ့တယ်
အသရေဖျက်ခံရသူ သားကောင်တွေကိုသာ အမှတ်ရကြတယ်။

အထက်လေထုလွှာထဲ အပြေးအလွှားဝင်ခဲ့ကြသူတွေ
ကာလဝမ်းကို တိုက်ပွဲဝင်ရင်း ဆုံးရှုံးခဲ့ကြရတဲ့ ဆရာဝန်တွေဟာ
သူတို့အားလုံး၊ သက်မွေးမှုလုပ်ငန်း ဆောင်ရွက်ခဲ့ကြသူချည်းပါ၊
သူတို့ သက်မွေးမှုလုပ်ငန်းကို ငါနမူနာ ယူတယ်၊

သူတို့ရဲ့ မြင့်မြတ်တဲ့ သစ္စာတရားကို ငါယုံကြည်တယ်
သူတို့ရဲ့ သစ္စာက ငါ့အတွက် တကယ့်လူသားဆန်လွန်းလှ
ဒါကြောင့် ငါ့သက်မွေးမှုလုပ်ငန်းကိုလည်း ငါဆက်လုပ်မယ်၊
တယောက်ထဲအတွက် မလိုက်စားဘဲပေါ့။  


ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)

အဖွားအတွက် ပန်းများ (Flowers For Grandmother)

ဆောင်းဦးရဲ့ မှုန်မှိုင်းမှိုင်း ပူလောင်မှုထဲမှာ 
လက်ဝါးကပ်တိုင်များက အက်ကွဲနေကြသလို၊ တကျွီကျွီပွတ်ကြိတ်နေတဲ့
သုသာန်ကို ငါလာခဲ့တယ်၊ 
ငါ့အဖွား၊ မာရီယာ အိုင်အိုဆီဖော့ဘ်နာ (Maria Iosefovna) ဆီ
ဂိတ်ဝက ပန်းအချို့လည်း ယူလာခဲ့တယ်၊

အသံတိတ်ရုပ်ရှင်တွေခေတ် အဖွားရဲ့ ကျစ်ဆံမြီးများက
တင်းကျပ်ကျပ် ပန်းကုန်းတခုသဖွယ်ဖြစ်ခဲ့တာပေါ့။ 
ပြီးတော့ မီးခိုးတွေပြည့်နေတဲ့ မီးဖိုချောင်ထဲ အိမ်နီးချင်း မိန်းမပျိုများက
သူ့ကို ကော်မစ်ဆာ* လို့ ခေါ်ကြတယ်။

ငါ့အဖွားက ငါ့ကို ရိုက်ခဲတယ်။
သူ့လက်တွေ ရိုက်နှက်ဖို့ စိတ်ကုန်ပြီး ကြီးပြင်းလာတာ ရှက်စရာ
ရေချိုးအိမ်အကူတယောက်ရဲ့ အမြင်မှာတော့ 
ငါဆိုတာ ရေနွေးပူနဲ့လောင်းလိုက်ဖို့ပဲ ကောင်းသေးတော့။

ငါက ပျော်ရွှင်ခြင်းအတိနဲ့ သူ့ကြောင်ကို စတယ်၊
သေချာတာက ဘယ်သူကမှ ငါ့ကို မိန်းမရှာလို့ မခေါ်ကြဘူး၊
သူ့ရဲ့ သမိုင်း ၈ တွဲကို
ယောက်ျားနဲ့ မိန်းမတွေအကြောင်း ၃ တွဲနဲ့ ပြောင်းလဲထားလိုက်သေးတယ်။  

ဘောလုံးပွဲကြီးပွဲကောင်းက ကျင်းပနေ
ယူဂိုဆလားဗီးယားနဲ့ ယူအက်စ်အက်စ်အာ (USSR) ပွဲ၊
ဒါနဲ့ ငါက သူ့ရဲ့ လက်ထပ်ရွှေလက်စွပ်ကို
ပိုးထည်ဝတ်ရုံအောက်မှာ တိတ်တိတ်ဝှက်ပြီး တိုခဲ့တယ်။

အဲဒီ အဖွားရဲ့ လက်ချောင်းထဲက လေးလံ နီရဲတဲ့ လက်စွပ် 
နောက် မရှိတော့ဘူး၊ 
ရပ်ကြည့်ရတဲ့ ပွဲကြည့်စင် လက်မှတ်တစောင်အတွက်နဲ့
လောင်းကြေးသမားတွေလက်ထဲ ရောက်သွားခဲ့ပြီ။  

ငါ့အဖွား၊ မာရီယာ အိုင်အိုဆီဖော့ဘ်နာ (Maria Iosefovna) 
သူ့နှုတ်ခမ်းစွန်းကို ကိုက်ခဲလို့နေ 
စားပွဲပေါ်က စွပ်ပြုတ်က သိပ်အေးခဲနေတာ
ဆိုဘေးရီးယား ရေခဲတွေတောင် ဖုံးနေခဲ့တယ်။

ရာရှင်ကဒ်နဲ့ နေကြရတဲ့ အရင်ကာလတုန်းက 
ရောဘတ်တေလာ ပိုစတာရှေ့မှာ 
မုန့်ဖုတ်ဆိုင်ဘေး သူချော်လဲခဲ့ပြီး
သတိလစ်သွားခဲ့တယ်။

လက်ချောင်းနှစ်ချောင်းကို ထောင်လို့ 
ရှေးဟောင်းယုံကြည်သူ မိုရိုဇိုဗာ (Morozova) * လို ဖြူဖျော့တဲ့ မျက်နှာနဲ့
သူက တခုပဲ ထပ်ထပ်ပြောတယ် 
'ငရဲကျမယ့်ဟာတွေ' - အဲဒါ ငါပါပဲ။

လေထိုး မီးဖိုနောက်မှာ ပုန်းအောင်းလို့၊ ငါတွေးနေခဲ့တယ်
အဲဒီ အဖွားက သေချာတယ်၊ မလိုမုန်းထားစိတ်နဲ့
သေချင်ယောင် ဆောင်နေခဲ့တာ...
သူက ငါ့ကို အပြစ်ပေးခဲ့တယ်။ ပြီးတော့ သေသွားခဲ့တယ်။

အိမ်နီးချင်းတွေရဲ့ ရိုင်ယိုရီတာ (Rio Rita) မှတ်တမ်းမှာတော့
သူမက မျက်လုံးကို တည့်တည့်ကြည့်လို့ 
ဆွေမျိုးအားလုံးကလည်း ငါ့ကို တောင်းပန်ကြတယ် 
' ဝန်ခံလိုက်ပါ... ဝန်ခံလိုက်ပါ... ဝန်ခံလိုက်ပါ...'

သူတို့က မရပ်မနား ဆက်ပြီး ကျိန်ဆဲကြတယ်၊ 
ဘယ်ကနေ ညာ၊ ငါ စိတ်ကုန်လာပြီ၊ 
ဒါပေမယ့် အဖွားရဲ့ ကျိန်ဆိုသံကသာ
ငါ့နှလုံးသားကို တည့်တည့်ထိတယ်။

အဲသည်လက်စွပ်က နုံးဆန်တဲ့မြေကနေ စိုက်ကြည့်နေ 
ညှဉ်းပန်းမှုဒဏ်များ၊ လက်စားချေမှုများနဲ့ အရိုးထဲကနေ ပြောင်လက်တောက်ပမှုများ...
ကျိန်စာတွေကို ငါ့အပေါ်က ဖယ်ပေးပါတော့၊ အဖွားရယ် 
ငါ့အတွက် ဝမ်းမနည်းပါနဲ့၊ ဒါပေမယ့် ငါ့ကလေးတွေအတွက်တော့ [ဝမ်းနည်းပေးပါ။]

အပြစ်ရှိသူ၊ ငါ အုတ်ဂူပေါ် တိတ်ဆိတ်ငြင်ငြင်သာသာ
ပန်းတွေကို တင်လိုက်တယ်၊
သူတို့ရိုးတံတွေဟာ သင်္ကာမကင်းစရာ တိုလှချည့်ဆိုတာ
ငါ့အတွေးထဲ မဝင်လာမိခဲ့ဘူး။

မီးခိုးရောင် အုတ်ဂူငယ်နံဘေး 
လူတွေနဲ့ အရာအားလုံး ဖြစ်နေတာကို သိနေတယ်၊ 
အဖွားက ကြားနိုင်မှာမဟုတ်ပေမယ့်၊ အမေက တီးတိုးပြောတယ်၊ 
"ဒီမှာ ပြန်ရောင်းဖို့ သူတို့ခိုးလာတဲ့ပန်းတွေ...အရိုးတွေ ချိုးလာကြတယ်..."

ငါတို့ အားလုံးဟာ လက်ဆင့်ကမ်းပြန်ရောင်းကြတာမျိုး မိတတ်ကြတာပါပဲ၊
ငါက အခုလို ယဉ်ကျေးသမှုနဲ့ ပန်းတွေ ဝယ်လာခဲ့တာမျိုးပေါ့၊
သူတို့ရိုးတံတွေက နောက်တကြိမ်တခါ ထပ်ချိုးခံရ 
ဒါပေမယ့် အဲဒီချိုးထားတဲ့နေရာကို ပြန်သန့်စင်ထားကြတယ်။

မြေအောက်ရထားထဲမှာ၊ ဒါမှမဟုတ် ထရော်လီဘတ်စကားမှာ
စုံတွဲတတွဲကို မြင်ရင်၊ ပါးချင်းအပ်လို့၊  
ဒါက လူတယောက်ကို ခိုက်ခိုက်တုန်စေတယ်
မိန်းမပျိုကလေးလက်ထဲက ရိုးတံတွေအားလုံးက
သချုင်္ိင်းကုန်းက ရွှံ့မြေတွေနဲ့ ပေကျံလို့။

ကျိုးနေတဲ့ ရိုးတံတွေ အားလုံးဖြတ်ပစ် 
ပြီးတော့ ထွက်ခွာသွားလေကြတဲ့ အရိပ်များရဲ့ အရိပ်တွေထဲမှာ
ဝန်းနည်းကြေကွဲဖွယ်ရာက နာကျဉ်ခံစားရမှုတွေကို ချရောင်းနေတာပဲ 
ဒါကို ထပ်ပြီးထပ်ပြီးရောင်းနေကြတာက ပိုကြေကွဲရတယ်။

အကယ်၍ ငါ့ကိုယ်ထဲမှာ ကြေးစားစစ်သား သွေးနည်းနည်းရှိတယ်ဆိုရင်တောင်မှ
ငါက ငါ့မိသားစုဝင် မဖြစ်နိုင်ပေဘူး
ငါ့အပေါ် နောက်တကြိမ် ထပ်ကျိန်ဆဲပါ၊ အဖွားရေ 
ဒီကျိန်စာကို ထပ်ပြီး သယ်မသွားပါနဲ့တော့။    ။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
------------

ကော်မစ်ဆာ (Commissar) *  ကွန်မြူနစ် နိုင်ငံရေးအရာရှိ၊

Robert Taylor (ရောဘတ်တေလာ၊၁၉၁၁-၁၉၆၉)  ၁၉၄၀၊ ၅၀ ခုနှစ်များက ထင်ရှားသည့် အမေရိကန် ရုပ်ရှင်မင်းသား၊


Feodosia Prokopiyevna Morozova (မိုရိုဇိုဗာ) (၁၆၃၂-၁၆၇၅) ယုံကြည်သူဟောင်းများ (Old Believer movement) လှုပ်ရှားမှုမှ ထင်ရှားသည့်အမျိုးသမီးကြီး ဖြစ်ပြီး၊ ဖမ်းဆီးခံရ၍ ထောင်တွင်းကွယ်လွန်သည်။ သူတို့က ရုရှားရှေးဟောင်း အော်သိုဒေါက်စ် ဂိုဏ်းဝင်များဖြစ်ကြပြီး၊ နိုင်ငံတော်က လက်ခံသည့် ဂရိအော်သိုဒေါက်စ် ဝတ်ပြုရှိခိုးပုံမျိုးကို ဆန့်ကျင် သည်။ သူမကို ဖမ်းသည့်အခါ အာခံသည့်အနေဖြင့် လက်ဝါးကပ်တိုင် အမှတ်အသားအဖြစ် လက်နှစ်ချောင်းကို ထောင်ပြခဲ့သည်။ 

Wednesday, October 18, 2017

ရေကပ်ကြီးခေတ်ဦး (Antedeluvian)

အဲဒီအမျိုးသမီးက ရင်ပြင်နီ
ကွပ်မျက်တဲ့ အကွက်ကို ဖြတ်လျှောက်လာတယ်၊
အနည်းဆုံး နှစ်ဆယ်လောက်
အိမ်သာသုံးစက္ကူလိပ်များကို သယ်ဆောင်လို့  
သူ့လက်ထဲ မဟုတ်ဘူး၊ 
လည်မှာ ကြိုးနဲ့ဆွဲလို့၊
ဒါဟာ ဒီနေ့ မယ်တော် ရုရှားရဲ့ လည်ဆွဲပါပဲ။                      
ပြီးတော့ ဒီအမျိုးသမီး -
ငါ့နတ်ဘုရားက - လုံးဝဂုဏ်ယူစွာ 
ငါ့ဦးခေါင်းတခုလုံးက လမ်းခင်းကျောက်တုံးတွေနဲ့
ထုနှက်ခံခဲ့ရ၊
ရုရှားမှာ ရှက်စရာ
ဂါဂါရင် (Gagarin) နဲ့ ရှိုစတာကော့ဗစ်ခ်ျ (Shostakovich) ဆီက
လိုအပ်ချက်များ ရရှိဖို့
တရားခွင်များ နဲ့ နှိပ်စက်ညှဉ်းပန်းမှုများက
အလွန်အမင်း ဂုဏ်သိက္ခာမဲ့လိုက်တာ။
 
ဦးဏှောက်များနဲ့ သတ္တိတို့က ဘာကြောင့်မို့
စကြာဝဠာအတွက် အလုံအလောက်ရှိရတာလဲ၊ 
ဒါပေမယ့် ဘာဖြစ်လို့
အိမ်သာသုံးစက္ကူက အလုံအလောက် မရှိရတာလဲ၊
ငါတို့က သူရဲကောင်းဆန်စွာ ခက်ခဲမှုများကို တည်ဆောက်ခဲ့ကြတယ်။
ရေကပ်ကြီးခေတ်ဦးပေါ့ -
ငါ့မှာ တခြားပြောစရာမရှိနိုင်ဘူး -
ရေကပ်ကြီးခေတ်ဦးပေါ့
 
လူသတ်ကွပ်မျက်တဲ့ကုန်းကနေ
အံ့သြတုန်လှုပ်ခြင်းတွေနဲ့
စတန်ကာ ရာဇင် (Stenka Razin) အဖြတ်ခံထားရတဲ့ ဦးခေါင်းခွံက စောင့်ကြည့်နေတယ်
မော်စကို မောလ်ရင်ပြင်ထဲက
လမ်းလျှောက်ဖိနပ်တခုရဲ့ ရန်ပွဲကို။
 
သူ့ရဲ့ ဖောက်ထုတ်ထားတဲ့ မျက်လုံးများက
အတွင်းက အပြင်ကိုငေးကြည့်နေတယ်၊
မွန်ဂိုးလ် အကျဉ်းသားတဦးလို၊
ရေကပ်ကြီးခေတ်ဦး-ထမ်းပိုးကို သယ်ဆောင်လာတဲ့
အဲဒီ ရုရှားအမျိုးသမီးကို။

ကရင်မလင်နန်းတော်ရှေ့မှာပဲ
တစုံတဦးက အပ်ချုပ်စက်ခြေနင်းတခုကို ဆွဲငင်လို့ 
အခြားတယောက်က၊ 
ပါရှန်ကော်ဇောတခု၊ 
သေချာတာက ပါရှန် မင်းသမီးရှိမနေဘူး။
အကယ်၍ နေ့စဉ်
ခုလို
ရေကပ်ကြီးခေတ်ဦး ပေါ်ပေါက်တယ်၊ 
စတင်ကာရဲ့ ဖြတ်ထားတဲ့ ဦးခေါင်းက ဆုပ်ကိုင်ဖို့ ခက်ခဲ
သူတို့က မင်းစိုးမြေပိုင်ရှင်နွယ်တွေ၊ သူတို့က မြေကျွန်တွေ၊
ငါတို့နေတဲ့မြေ
သက်တောင့်သက်သာ မရှိလှတဲ့မြေတခု 
ကိစ္စအချို့ထဲက ပထမ 
ဒါပေမယ့် အခြားသော ရေလွှမ်းမိုးမှုအကြိုတွေမှာ 
နဲ့ ငါတို့ရဲ့
ရေကပ်ကြီးခေတ်ဦးဝါဒ [အလွန်ခေတ်နောက်ကျတဲ့ဝါဒ] တွေမှာ
အော်ဂလီဆန်စရာ စိတ်ဓာတ်တခု ရှိနေတယ်။ တဝက်တပျက် မင်းစိုးမြေပိုင်ရှင်-
တဝက်တပျက် မြေကျွန်။

ငါတို့ရဲ့ ရွှဲစိုညစ်ပတ်နေတဲ့ တဝက်တပျက် မင်းစိုးမြေပိုင်ရှင်များ
က ဆွေးမြေ့နေတဲ့အမိုးနဲ့ ကုန်လှောင်ရုံမှာ
သီးနှံတွေစုဆောင်း
ပြီးတော့၊ ကွန်ပြူတာများကို နှင်းထဲ
ပျက်စီးရအောင် ပစ်ထုတ်လိုက်တယ် -
သူ့အနံ့တွေက ဂျင်ဂျစ်ခန်ရဲ့ စီးနင်းသိမ်းပိုက်မှုတခုလိုပဲ။
တစိတ်တပိုင်း မင်းစိုးမြေပိုင်ရှင်များက မောက်မာဝင့်ကြွား ကြည့်နေတယ်၊ 
ရိုင်းစိုင်းစွာ၊  
ဒါပေမယ့် မင်းကသူတို့ကို တူးဆွကြည့်ရင်
ခယရိုကျိုးမှုနဲ့
ဝါဂွမ်းမှို့သိပ်ထားတယ်။
သူတို့ပဲ၊ ပန်းခြံများထဲ 
ပလာကျင်း၊ လိင်မဲ့ ထည့်ခဲ့ကြတာ၊ 
ရေကြီးမှုအကြိုမှာ သံပြားဝိုင်းပစ်သူများနဲ့ သရိုးကိုင်ဆေးသုတ်တယ်။
သူတို့ရဲ့ သံပြားဝိုင်းပစ်သူများက နည်းနည်းတို့ထိလိုက်ရုံနဲ့ ပြိုလဲပျက်စီးသွားကြတယ်။
သူတို့ရဲ့ နာရီနှိုးစက်တွေက နာရီနှိုးစက်တလုံး မရှိဘဲ
နိုးထကြမှာ မဟုတ်ဘူး။
သူတို့ စတိုးဆိုင်များမှာ
မဝတ်ဆင်သကြပါနဲ့
အဲဒီမှာ ဝတ်စုံတွေမရှိဘူး ကျိန်စာ ဖရုသဝါစာတွေပဲရှိတယ်၊ 
ရှူးဖိနပ်တွေ မရှိဘူး၊ ကျူးလွန်နှိပ်စက်မှုတွေပဲ ရှိတယ်၊
သူတို့ရဲ့ ဟင်းရွက်ခြင်းတောင်းများက
သေမျိုးလူတွေရဲ့ ကျင်းများပဲ၊
ဘုရားကျောင်းတွေကို ဈေးဆိုင်စတိုးအဖြစ် ပြောင်းလဲခဲ့သူတွေအတွက်
ဈေးဆိုင်စတိုးတခုက ဘုရားကျောင်း မဖြစ်နိုင်ပေဘူး။
အဲဒါ သူတို့ရဲ့လည်ပင်းတွေပဲ
အိမ်သားသုံးစက္ကူ ဆွဲကြိုးများနဲ့
ငါတို့ရဲ့ နစ်နာရတဲ့ အမျိုးသမီးဝတ်ဆင်ထားသလို၊ 
သေချာတာက ပုလဲတွေ မဟုတ်ကြဘူး၊
ငါ ဘယ်လိုယုံကြည်ချင်ပါသလဲ -
မဆိုကြတဲ့တေးကို ဆိုကြလိမ့်မယ်၊
ဆောင်းဦးရာသီရဲ့ ရေလွှမ်းမှုတွေလို၊
ရေကပ်ကြီးခေတ်ဦး ဝါဒီတွေအားလုံးကို ငါတို့ ဆေးကြောပစ်လိုက်မယ်၊ 
ပြီးတော့ ငါတို့ချစ်ရသူများရဲ့ လည်ပင်းများမှာ 
သူတို့နဲ့ ထိုက်တန်စွာ
တကယ့် အစစ်အမှန်လည်ဆွဲတွေကို
တို့ဆင်မယ်။ 

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၈၆ ခုနှစ်။
Translated by Albert C. Todd and James Ragan 

Antediluvian (ရေကပ်ကြီးခေတ်ဦး) ဆိုတာ သမ္မာကျမ်းစာ (ကမ္ဘာဦးကျမ်းပါ) ကာလဖြစ်တယ်။ ဒီဝေါဟာရကို တနည်း အားဖြင့် အလွန်ခေတ်နောက်ကျတဲ့၊ အလွန်ရှေးဆန်တဲ့ သဘောမျိုးလည်း သုံးနှုန်းကြတယ်။

Dmitri Shostakovich ဒီမီထရီ ရှိုစတာကိုဗစ်ခ်ျ (၁၉၀၆-၁၉၇၅) က ဆိုဗီယက်ယူနီယံကာလ အထင်ရှားဆုံး ပါရမီရှင်၊ တေးဂီတ ရေးဖွဲ့သူလို့ အသိအမှတ်ပြုခံရတယ်။ ၁၉၃၆ ခုနှစ်မှာ စတာလင်နဲ့ ပေါ်လစ်ဗျူရိုရှေ့မှောက်မှာ ဖျော်ဖြေဖို့ ဆင့် ခေါ်ခံရတယ်။ "လေဒီ မက္ကဘက်သ်" (Lady Macbeth of the Mtsensk District) အော်ပရာကို ဖျော်ဖြေပေးရတယ်။ စတာလင်နဲ့ ခေါင်းဆောင်တွေက ပိတ်ကားမချခင် ထပြန်သွားကြတယ်။ နောက်နှစ်ရက်အကြာမှာ ပရာဗဒါသတင်းစာ က ဒါဟာ ဂီတမဟုတ်ဘူး၊ ရွှံ့ထဲလူးလိမ့်နေတာပဲ (Muddle instead of Music) လို့ အယ်ဒီတာအာဘော်ရေးတယ်။ ပြင်းပြင်း ထန်ထန် ဝေဖန်တယ်။ လေဒီမက္ကဘက်သ် အော်ပရာကို အကျင့်ပျက်၊ ဘူဇွာလူကုန်ထံသြဇာ မကင်းဘူးလို့ သမုတ်တယ်။ ပါတီဆန့်ကျင်ရေး အမြင်ရှိတယ်လို့ စွပ်စွဲတာကြောင့် လုပ်ဖော်ကိုင်ဖက်အများက ရှောင်ဖယ်တဲ့အထိ ဖြစ်ခဲ့တယ်။ သူက ပြန်လည်စိစစ်ရေး အစည်းအဝေးတွေတော့ မတက်ခဲ့ရပါဘူး။ ဒါပေမယ့် ဝင်ငွေသိသိသာသာကျသွားတယ်။ တလကို ရူဘဲ ငွေ ၁၀,၀၀၀-၁၂,၀၀၀ ရနေရာကနေ ၂၀၀၀-၃၀၀၀ လောက်ပဲ ဝင်တော့တယ်။ သူက စတုတ္ထမြောက်ဆင်ဖိုနီ တေးသွားကို ရေးတယ်။ ၁၉၃၆ ဒီဇင်ဘာမှာ ဖျော်ဖြေဖို့ပြင်ဆင်နေတုန်း အုပ်ချုပ်ရေးအာဏာနဲ့ မဖျော်ဖြေဖို့ ဖိအားပေးခံရတယ်။ အရှက် ခွဲ ဒဏ်ငွေရိုက်ခံရတယ်။ အဲဒီကာလ (၁၉၃၆-၃၉) မှာ လူတွေ ရှင်သန်ရေးအတွက်ပါ ခက်ကြတယ်။ စတာလင်လက်ထက် လူပေါင်း ၇ သန်းလောက်ဖမ်းဆီးခံရချိန်၊ သူ့ယောက်ဖ အဖမ်းခံရတယ်။ သူ့ညီမ ပြည်ပြေးဖြစ်ရတယ်။ သူ့ ယောက္ခမကို အလုပ်ကြမ်းစခန်း ပို့ခံရတယ်။ ၁၉၃၆ မှာ သူ့အတွက် ရပ်တည်ပေးခဲ့ကြသူတွေ အခုတော့သေပြီ။ ပရာပဒါသတင်းစာ ခေါင်းကြီးပိုင်းက ရှိုစတာကိုဗစ်ခ်ျကို အရေးယူဖို့ ရေးတာကို စာရေးဆရာကြီး မက္ကဇင် ဂေါ်ကီက စတာလင်ဆီစာရေးလို့ ကန့်ကွက်ခဲ့ဖူးတယ်။ ပဉ္စမမြောက် ဆင်ဖိုနီတေးသွားကို သူ့ဇက်ပေါ်ဓားဝဲနေစဉ်ကာလမှာပဲ သူရေးဖွဲ့ခဲ့တယ်။ ဒီနောက်ပိုင်း သတိထားဝေဖန်မှုတွေ ကြားက နာမည်ပြန်ရလာခဲ့တယ်။ ဆင်ဖိုနီ ၁၅-ခုနဲ့ ကွန်ဆတ်တီ ၆ ခု ရေးဖွဲ့ခဲ့တယ်။ ၁၉၆၂ ခုနှစ် မှာ ဆိုဗီယက်ယူနီယံရဲ့ အကြီးမြတ်ဆုံးဆိုဗီယက်အဖြစ် (၁၉၆၂ ကနေ ကွယ်လွန်ချိန်အထိ) အသိအမှတ်ပြုခံရတယ်။  

Yuri Alekseyevich Gagarin ယူရီ ဂါဂါရင် (၁၉၃၄-၁၉၆၈) က နာမည်ကျော်ဆိုဗီယက် အာကာသယာဉ်မှူး၊ အာကာသထဲ ကို ၁၉၆၁ ခုနှစ်မှာ ပထမဦးဆုံးထွက်ခဲ့သူပါ။ သူက ဆုတွေ၊ ချီးမြှင့်မှုတွေ အများအပြားရပြီး၊ ဆိုဗီယက်ယူနီယံရဲ့ သူရဲကောင်းဆု ရခဲ့သူပါ။ နောက်ပိုင်းမှာ အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးသူ ဖြစ်လာပါတယ်။ ဒါပေမယ့် သူ့ကို ပျံသန်းခွင့် ရပ်ထားတဲ့ကာလတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာ မစ်-၁၅ လေယာဉ်ပျက်ကျပြီး သူသေဆုံးရပါတယ်။ သူ သေဆုံးရတဲ့အကြောင်းကလည်း လျှို့ဝှက်ဆန်းကြယ် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

Stenka Razin စတင်ကာ ရာဇင် (၁၆၃၀-၁၆၇၁) ကော့ဆက် လယ်သမားသူပုန်ခေါင်းဆောင်။

boyar ၁၀-ရာစုမှ ၁၇ ရာစုကြားကာလ မင်းညီမင်းသားတွေပြီးရင် အာဏာအရှိဆုံး မြေရှင်များ ဖြစ်တယ်။ ဒီလို ဆာ အမည်တွေကို ရုရှား၊ ယူကရိန်း၊ ရိုမေးနီးယား၊ ဖင်လန်နိုင်ငံတွေမှာ တွေ့ရတယ်။ 

Monday, October 16, 2017

ဒီမှာ ဒါပဲ (Here is what)

ဒီမှာ ငါဖြစ်နေပုံ၊  
ငါ့မိတ်ဆွေဟောင်းတွေ လာမလည်ကြတော့ဘူး
ပြီး၊ လာသင့်သူတွေကမလာ၊ အသုံးမကျတဲ့ ဝင့်ဝါမော်ကြွားခြင်းတွေက
အဖော်အပေါင်း အထွေထွေနဲ့လာတယ်။

ပြီးတော့ သူ
မသွားသင့်တဲ့ သူတွေနဲ့ တနေရာရာကိုသွားတယ်၊
သူကလည်း ဒါကိုနားလည်၊
ငါတို့ကြား သဘောထားကွဲပြားမှုတွေက မရှင်းကြရသေးဘူး၊
ဒါကြောင့် တို့နှစ်ယောက်လုံး ခံစားနေရတာပေါ့။

ဒီမှာ ငါဖြစ်နေရပုံ၊
လာသင့်တဲ့ မိန်းကလေးများအားလုံး ရောက်မလာကြဘူး
သူမက ငါ့ပခုံးပေါ်လက်တွေကိုတင်လို့
အခြား[တယောက်] ဆီကနေ ငါ့ကို လုယူသွားခဲ့တယ်။

ပြီးတော့ သူကပဲ၊ တစုံတယောက် ပခုံးပေါ် သူမလက်များတင်ထားရတာ
ဘုရားသခင် အလိုတော်အရလို့ ငါ့ကိုပြောတယ်၊ 
အဲဒီ သူမကပဲ
လက်စားချေတဲ့အနေနဲ့
ငါ့ကို ခိုးယူခံရသူဆီကနေ
စတင်ခိုးယူရမှာပဲ။

သူမက ဒီလိုမျိုး ချက်ချင်း မတုံ့ပြန်ဘူး
သူ့ကိုယ်တိုင်ထဲ ရုန်းကန်ရင်ဆိုင် နေလိမ့်မယ်
ပြီးတော့ သိစိတ်မဲ့စွာပဲ ရွေးချယ်
သူ့ကို အပေါ်ယံကြံသူ တယောက်ကို။

အို… ဘယ်လောက်များ စိတ်ပင်ပန်းရပါသလဲ၊
မကျန်းမာ ချူချာလိုက်ပါသလဲ
မလိုလားအပ်တဲ့ ပတ်သက်ရမှုများ
မလိုလားအပ်တဲ့ မိတ်ဆွေဖြစ်မှုများ။
တစုံတရာက တဖက်စွန်းရောက်စွာ ငါ့ကိုယ်တွင်း စိတ်ဓာတ်ကျစေ။

အို… တစုံတယောက်
လာပါ၊
တယောက်နဲ့ တယောက်
တစိမ်းတရံဆန်ဖြစ်နေသူတို့ရဲ့
သမ္ဗန္ဓ ပေါင်းစပ်မှုကို
ခွဲပေးပါ။
နီးကပ် တော်စပ်နေပေမယ့်
ခွာပြဲနေကြတဲ့ ဝိဉာဉ်လိပ်ပြာတို့ကို
[ခွဲပေးပါ]။  

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)

၁၉၅၇ ခုနှစ်။
Translated by Albert C. Todd

Sunday, October 15, 2017

မလုပ်ဘဲနေလိုက်ကြပါစို့ရဲ့ (Let’s not)

မလုပ်ဘဲနေလိုက်ကြပါစို့ရဲ့...
အရာရာတိုင်းက သရဲတစ္ဆေဆန်၊
ပလာကျင်းပြူတင်းတွေက စောင့်ကြည့်နေ၊
ကားရပ်ဖို့မီးရောင် နောက်မှာ နှင်းတွေက နီကျင်၊

မလုပ်ဘဲနေလိုက်ကြပါစို့ရဲ့...
အရာရာတိုင်းက သရဲတစ္ဆေဆန်၊
ယောက်ျား-မိန်းမတွေ မရှိကြတဲ့ မတ်လ ဥယျာဉ်တခုလိုပဲ၊
မြူနှင်းထဲပျောက်ကွယ်
အရိပ်တွေကပဲ စီတန်းချီတက်။

မလုပ်ဘဲနေလိုက်ကြပါစို့ရဲ့...
ငါ သစ်တပင်ဘေးရပ်နေ၊
စကားမဆို၊ လှည့်စားမခံ၊
ရှေ့မီးရောင်တွေရဲ့ တောက်ပမှုဒွိစုံကို ရင်ဆိုင်လို့၊
တိတ်ဆိတ်တဲ့ လက်ရဲ့ ထိတွေ့မှုနဲ့၊
ဒါပေမယ့် မချိုးဖဲ့လိုက်ပါနဲ့
နုတဲ့ ရေခဲပန်းဆွဲတွေက သစ်ခက်တွေကို အကျဉ်းချထားတယ်။
 
မလုပ်ဘဲနေလိုက်ကြပါစို့ရဲ့...
အိပ်ငိုက်မူးတူး၊ လှိမ့်သွားတဲ့ ထရော်လီပေါ်မှာ မင်းကိုငါမြင်တယ်၊
ပြူတင်းမှာ မော်စကိုရဲ့ လှုပ်ရှားမှုရောင်စဉ်တွေနဲ့
မင်းရဲ့ပါးပြင်က ကလေးတယောက်ရဲ့ သိုးမွေးလက်အိပ်အပေါ် ဖောင်းအိ
အမျိုးသမီးတယောက်ရဲ့ ညှိုးမာန်ဖွဲ့မှုတွေနဲ့ ငါ့ကို တွေးနေတယ်။

မလုပ်ဘဲနေလိုက်ကြပါစို့ရဲ့...
မင်းက မကြာမီ မိန်းမကြီးလုံးလုံး ဖြစ်တော့မှာ၊ သိမ်မွေ့ ပြီးတော့၊ နွမ်းဖတ်
ချီးမြှောက်မှုတွေကို ဆာလောင်လို့၊ ကြင်နာမှုတွေရဲ့ ညံ့သက်နွေးထွေးမှုတွေအတွက်
မတ်လ နောက်တကြိမ်လာဦးမယ်၊
အတွေ့အကြုံနုတဲ့ လူငယ်လေးက မင်းနားထဲ လေချွန်လာလိမ့်မယ်
မင်းရဲ့ခေါင်းက မထိန်းသိမ်းနိုင်ဘဲ ချာကနဲလှည့်ကြည့်မိ။

မလုပ်ဘဲနေလိုက်ကြပါစို့ရဲ့...
မင်းတို့နှစ်ယောက်လုံး အတွက်ရယ်ပါ
ချောတဲ့လမ်းပေါ် သူနဲ့အေးအေးလူလူ မလျှောက်ပါနဲ့လား၊
မင်းရဲ့ အာခံတတ်တဲ့ လက်တွေကို
သူ့ပခုံးများပေါ် မတင်ပါနဲ့လား၊
ဒီနေ့ ငါ မတင်ထားခဲ့သလိုပေါ့။

မလုပ်ဘဲနေလိုက်ကြပါစို့ရဲ့...
အို… ငါ့လိုပဲ၊ သရဲတစ္ဆေမြို့တော်မှာ မယုံကြည်စွာ၊
မြေကောထဲ၊ ကြောက်လန့်စွာ
နိုးထလာရမှုကို ကင်းလွတ်ခွင့်ရဖို့၊
ပြောပါ။ 'မလုပ်ဘဲနေလိုက်ကြပါစို့...'
ဒီလိုအချိန်မျိုးနဲ့

မင်းခေါင်းကို မညွတ်လိုက်ပါနဲ့၊
ပြောပါ။ မင်းကို ' မလုပ်ဘဲနေလိုက်ကြပါစို့... ' လို့။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၆၀ ခုနှစ်။
Translated by Stanley Kunitz with Anthony Kahn

Recent Comments