Pages

Tuesday, October 24, 2017

ယာမကာသောက်ခြင်းအတွက် တေးချင်းကဗျာ (Ballad About Drinking)

ငါတို့က ဝေလငါးဖြူတွေကို ရာနဲ့ သတ်ဖြတ်ခဲ့ပြီ၊ 
လူ့ယဉ်ကျေးမှုဆိုတာတော့ အတန်မေ့လျော့ထားတာပေါ့
ငါတို့အဆုပ်တွေက ဓားလှီးဆေးတွေ ရှူရှိုက်လို့ လောင်ကျွမ်းခဲ့တယ်
ဒါပေမယ့် ဆိပ်ကမ်းကိုမြင်တာနဲ့ ငါဆို့ရင်ပတ်တွေကို စည်ပိုင်းများလို ဖွင့်ထုတ်တော့တာပဲ
ပြီးတော့ တယောက်ကိုတယောက် ယဉ်ကျေးစွာ စပြောဆိုလို့
ယာမကာသောက်ဖို့ မြင့်မြတ်တဲ့ ပန်းတိုင်အတွက်
အမ်ဒါမာ (Amderma) ရှိ လှေပေါ်ကနေ ကမ်းပေါ်တက်ခဲ့ကြတယ်။

အမ်ဒါမာမှာ တို့ နတ်ဘုရားတွေလို လျှောက်တယ်၊
ခါးပေါ်လက်ထောက်ပြီး၊ တကားကားနဲ့ လှည့်ပတ်
ဆိပ်ကမ်းတလျှောက်မှာ တို့ရဲ့ မုတ်ဆိတ်များနဲ့ ပါးသိုင်းမွေးများက
အရက်ဆိုင်များမှာ စတည်းချကြတယ်၊
ဖြတ်သွားဖြတ်လာ မိန်းမပျိုများနဲ့ သင်္ဘောသားများ၊
အဲသလိုပဲ ဒေသခံခွေးများက
တို့နောက်က ကိုယ်ရံတော်လို တကောက်ကောက်။


ဒါပေမယ့်၊ ဂြိုဟ်ကမ္ဘာတခုလုံး တိမ်ဖုံးလို့
ဆိုင်မှာ သတိပေးစာချိတ်ရတယ်။ 'အရက် မရှိပါ'
ငါတို့က ဒွန် ဆီကနေ ချိုရှိန်းဝိုင်ကို ရှာကြတယ်
ဆို… ဒါက ခပ်ပျော့ပျော့ သစ်သီးဖျော်ရည်ပဲ၊
ပြီးတော့ ငါတို့ရဲ့ မချိတင်ကဲ တမ်းတလွမ်းဆွတ်မှုတွေအတွက်
ငါတို့သဘောပေါက်တယ်… ဒါက အလုပ်မဖြစ်ပါဘူး။

အခု ငါတို့အရက်၊ ငါတို့ ဗော့ဒကာတွေနဲ့ ဘယ်သူမူးနိုင်သလဲ
လူတွေ သောက်နေပုံက ကြောက်စရာ၊ ပျက်ကိန်းဆိုက်လောက်အောင် [သောက်နေကြ]
ဒါပေမယ့် အရိုးစုလို ပိန်လှီလှတဲ့ အိုဒက်ဆာက ပက်ကာ မာကော့ဗ်စကီ (Petka Markovsky) က
သူ့မှာဖြစ်နေကျအတိုင်းပဲ
တနေရာကနေ ရုတ်တရက် ပျောက်သွားမယ်၊
လျှို့ဝှက် 'ရှူး- ရှူး' အသံပြုလို့။

သိပ်မကြာခင်၊ တချွင်ချွင် မြည်သံများနဲ့
ကတ္တူပုံးကြီးနဲ့ ပေါက်ချလာ
အနည်းငယ် ရွှင်ပျပျ ဖြစ်ပြီးသား၊
ပုံးထဲက တချွင်ချွင်အသံများ မြည်နေတာကို ချိုမြိန်စရာ
နောက်တော့ အချက်မှန်တွေနဲ့ နိုးထရ 'အဲဒီမှာ ဒီကောင်မလေးပေါ့၊ သူက ပန်းသီးလိုပဲ'
မာကော့ဗ်စကီက မျက်စတချက်ပြစ်ပြတယ်။ 'ဒီမိန်းမက မှန်ပ'

လူတိုင်းကို အချက်ပြလို့၊ တို့တွေ ဖြန့်ခွဲကြတယ်၊
ဟိုတယ်မှာ အဆင့်မြင့်ခန်းကို ငှားလို့
ငါတို့က အိပ်ယာပေါ်မှာလို ထိုင်ချကြတယ်။
ကတ္တူပုံးက ကြိုးတွေ ပျံလွင့်ထွက်သွားတယ်
အဲဒီမှာ ပြောင်လက်ဝင်းပနေတဲ့ ပုလင်းတွေတန်းစီ
ဖောင်းထွက်၊ ခပ်တင်းတင်း၊ ဇိမ်ကျကျ
တကယ့်ကို ကျန်းမာရေးနဲ့ညီညွတ် -
သုံးကြိမ်တိုင်တိုင် ပေါင်းခံထားတဲ့ အော်ဒီကလုန်း (eau de cologne) တွေက တို့အတွက်ပဲ။

မာကော့ဗ်စကီက ထရပ်တယ်၊ သူ့ဖန်ခွက်ကိုမြှောက်လို့
သင်္ဘောသားဂျက်ကက်ကို ဆွဲချလို့
စပြောတယ်၊ 'ငါတခုခု ပြောချင်တယ်...'
'ဒါဆို ပြောကွာ' လူတိုင်းက ထအော်တယ်။
ဒါပေမယ့် ဘာတခုမှ မဖြစ်ခင်
သူတို့ ဝီစီတွေကို စိုအောင်မှုတ်ချင်ကြတယ်။

မာကော့ဗ်စကီက ပြောတယ်၊ 'လာကြ၊ တကျိုက်ထဲ ချကွ…
ဆရာဝန် ငါ့ကို ပြောတာကတော့ အော်ဒီကလုန်းက
ပါးရေနားရေတွန့်တာ ပျောက်သွားအောင် အကောင်းဆုံးဆေးပဲ
တို့ စမ်းသပ်ဆုံးဖြတ်ကြစို့ - ဘာမှ … ကရုစိုက်မနေကြနဲ့
ငါတို့ ဝိုင်ပေါင်းစုံသောက်ခဲ့ကြပြီ
တို့ ဂျာမဏီမှာ ရှိတုန်းက
ငါတို့ တိုင်ကီ ရေဒီယေတာ (အင်ဂျင်အအေးပေး ကရိယာ) များထဲ ထည့်ခဲ့ကြတယ်။
မိုဆဲလ် (Mosel) က ဝိုင်တွေနဲ့။

ငါတို့ လူသုံးကုန်တွေ မလိုဘူး
ငါတို့ လေလိုတယ်။ ကောင်းကင်လိုတယ်။
မိတ်ဟောင်းတို့၊ နားထောင်ကြ
ငါတို့ ဝိဉာဉ်လိပ်ပြာများထဲမှာ၊ အလုံခြုံဆုံး အာမခံသေတ္တာထဲ ရှိနေသလို
ငါတို့မှာ ပင်လယ်ရှိတယ်၊ ငါတို့မိခင်များနဲ့ ညီငယ်များ ဒါပဲ…
ကျန်တာအားလုံးက...အမှိုက်တွေချည်း'

မြေကမ္ဘာပေါ် လူထွားကြီးလို ခြေကားယားခွလို့
မာကော့ဗ်စကီက လက်ထဲဖန်ခွက်နဲ့ ထရပ်တယ်၊
[ဖန်ခွက်ထဲ] အမြုပ်တစီစီ ပင်လယ်လို၊
မာလိန်မှူးက စောင့်ကြည့်နေတယ် 'အရာရာတိုင်းက သင်္ဘောပုံပဲ'
သင်္ဘောသားပျိုတယောက်က ကလေးတယောက်ကို တရှိုက်ရှိုက်ငိုလို့
'ဒါပေမယ့် ငါ့အမေက သေသွားပြီ...' ဆိုတယ်။

ပြီးတော့ ငါတို့အားလုံး မျက်ရည်တွေ ထွေထွေဆင်းလာတယ်၊
ခပ်လွယ်လွယ်ပဲ၊ ရှက်စရာမလိုဘဲ
ငါတို့ ကိုယ်ပိုင်မိသားစုဝင်တွေ ကြားမှာလိုမျိုး
ခါးသည်းတဲ့ မျက်ရည်တွေနဲ့ ပူဆွေးကြေကွဲလို့
ပထမဆုံး သင်္ဘောသားပျိုရဲ့ အမေအတွက်
နောက်တော့ ငါတို့ကိုယ်တိုင်အတွက်။

ဆေးစပ်ဆရာဆိုင်မှာတော့ နောင်တရစရာ သတိပေးစာ ချိတ်ထားပြီးပြီ
'သုံးကြိမ်ပေါင်းရည် အော်ဒီကလုန်း မရောင်းပါ'
ဒါပေမယ့် ပင်လယ်ဝံပုလွေ ငါတို့ ၈ ကောင်
ရုရှားအားလုံးအတွက် ရှိုက်ငိုပြန်တယ်၊
ငါတို့ ငိုရှိုက်မှုထဲတော့ ဆံသဆိုင် ၈ ဆိုင်လိုမျိုး
အနံ့တွေ နံဟောင်နေတယ်။

မျက်ရည်များ၊ နှင်းမုန်တိုင်းလိုမျိုး
ဖောသွပ်သွပ် နာမများရဲ့၊ မှားယွင်းတဲ့ တန်ဖိုးထားမှုအပုံကို
တိုက်စားသွားခဲ့ပြီ။
ငါတို့ရင်ထဲ တိတ်တဆိတ်ကျန်နေတာက
ပင်လယ်၊ ငါတို့မိခင်များနဲ့ ညီငယ်များသာပဲ
ဒါတောင်မှ အမေက သေခဲ့ပြီ...

ငါ့ကို လွတ်လပ်လွှတ်လိုက်သလိုမျိုး ငါငိုကြွေးခဲ့
ငါဖြစ်ခဲ့တဲ့ငါနဲ့ ကွာခြားတဲ့ လူတယောက်၊
ငါ့ကိုယ်ငါ လူသစ်တယောက် ပြန်မွေးလာခဲ့သလို ငါငိုကြွေး
ပြီးတော့ ကိုယ်တော်ရှေ့မှာ၊ ငါကိုယ်တိုင်ရှေ့မှာ
ငမူး ဝေလငါးဖမ်းသမားတွေရဲ့ မျက်ရည်တွေလို
ငါ့ဝိဉာဉ်လိပ်ပြာက သန့်စင်နေတော့တယ်။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)

Amderma (အမ်ဒါမာ) ရုရှားမြောက်ပိုင်း ကာရာပင်လယ်အနီး ကျေးတောရွာတခု၊
eau de cologne အီသနောပါတဲ့ အရက်အစားထိုး သောက်ကြတဲ့ အရက်တမျိုးပဲ။ ရုရှားမှာ ဆင်းရဲတဲ့ အရက်သမားတွေ သောက်ကြတယ်။

Mosel ဂျာမဏီက ဝိုင်ထွက်တဲ့ဒေသတခု

No comments:

Recent Comments