မော်စကို၊ နံရံဖြူတွေကာထားတဲ့ မြို့တော်မှာ
သူခိုးတယောက်က ဘိန်းစေ့ဖြူး ပေါင်မုန့်တလုံးနဲ့ လမ်းပေါ်ပြေးလာတယ်၊
သူက ဒီနေ့လူအုပ်နဲ့ သေဒဏ်ပေးခံရမှာ ကြောက်တာမဟုတ်ဘူး၊
ပေါင်မုန့်များအတွက် အချိန်မရှိတော့ဘူး...
သူတို့က စတန်ကာရာဇင်ကို ခေါ်လာကြပြီ။
ဇာဘုရင်က မမ်ဇီ (malmsey) ချိုပြင်းဝိုင် ပုလင်းသေးသေးကို နို့လိုစို့နေတယ်
ဆွီဒင်မှန်ချပ် ရှေ့မှာ၊ ဝက်ခြံညှစ်လို့
ပြီးတော့ မြတံဆိပ်တော်လက်စွပ်ကို စမ်းဝတ်ကြည့်တယ်၊
ရင်ပြင်ထဲမှာတော့... သူတို့က စတန်ကာရာဇင်ကို ခေါ်လာကြပြီ၊
စည်အသေးတွေက စည်အကြီးထဲ စီးဆင်းကြသလို
ဘွိုင်ရာ (boyar) ကောင်လေးတယောက်က သူ့အမေနောက်က လိမ့်ပါလာတယ်။
သူ့ကလေးသွားတွေနဲ့ တော်ဖီကို ကိုက်လို့။
ဒီနေ့က အားလပ်ရက်ပဲ။ သူတို့က စတန်ကာရာဇင်ကို ခေါ်လာကြပြီ
ကုန်သည်တယောက်က သူ့ဝင်လမ်းအတွက် တိုးကြိတ်နေတယ်၊ ပဲတွေနဲ့ လေပွလို့
လူပြက်နှစ်ယောက်က ကဆုန်စိုင်းလာနေတယ်၊
ငမူးလူဆိုးတွေကတော့ ခပ်ဖြည်းဖြည်း ကညာစစ်လာတယ်...
သူတို့က စတန်ကာရာဇင်ကို ခေါ်လာကြပြီ။
ပွေးကွက်အပြည့်နဲ့ ခက်ခက်ခဲခဲ ရှင်နေသေးတဲ့ လူအိုတွေ
သူတို့လည်ပင်းများမှာ ကြိုးလုံးတုတ်တုတ်တွေကိုပတ်လို့
တခုခု ဗလုံးဗထွေး ရေရွတ်လို့၊ တုန်ချိချိလျှောက်လာ...
သူတို့က စတန်ကာရာဇင်ကို ခေါ်လာကြပြီ
အရှက်မဲ့တဲ့ မိန်းကလေးများလည်း
သူတို့အိပ်ရာ ဖျာများပေါ်က ခပ်ထွေထွေ ခုန်ထလာ
သူတို့မျက်နှာများမှာ သခွားရည် သုတ်လိမ်းလို့
ရွရွလှမ်းလာတယ်၊ ခြေတလှမ်းကုဋေတသန်းဟန်နဲ့...
သူတို့က စတန်ကာရာဇင်ကို ခေါ်လာကြပြီ။
တော်ဝင် နန်းအစောင့်ရဲ့ မိန်းမများက အော်ဟစ်သံနဲ့အတူ
ခနော်ခနဲ့လှည်းပေါ်
ဘေးဘယ်ညာ ဘက်ပေါင်းစုံက တံထွေးတွေ ထွေးကြတယ်၊
သူက ရှပ်အင်္ကျ ီဖြူနဲ့ ရွက်လွှင့်လာသလို။
သူက တိတ်ဆိတ်နေတယ်၊ လူအုပ်ရဲ့ တံထွေးတွေ တကိုယ်လုံး ပေကျံလို့နေလည်း
လုံးဝမသုတ်ပစ်ဘူး၊ ခနဲ့တဲ့တဲ့ အပြုံးနဲ့
သူ့ကိုယ်သူ ပြုံးတယ်၊ 'စတင်ကာ၊ စတင်ကာ၊ မင်းက အရွက်တွေကုန်သွားတဲ့
သစ်ကိုင်းတကိုင်းလိုပဲ၊
မင်းမော်စကို ကို ဘယ်လိုဝင်လာချင်ခဲ့သလဲ
ခုတော့ မင်းမော်စကို ဝင်လာနေပြီလေ ...
ကောင်းပြီ။ တံထွေးနဲ့ ထွေးကြ၊ ထွေးကြ၊ ထွေးကြ၊
ဘာပဲဖြစ်ဖြစ်၊ ဒါဟာ အခမဲ့ ပြပွဲပဲ။
လူကောင်းတွေ၊ မင်းတို့က မင်းတို့အပေါ်
ကောင်းစေချင်သူကို တံထွေးနဲ့ အမြဲထွေးကြတယ်၊
ငါက မင်းတို့ကို ပါရှားကမ်းခြေများမှာ
ကောင်းမွန်စေချင်ခဲ့တာ၊
ပြီးတော့ နောက်တခါ လှေအပေါ်
ဗော်လ်ဂါမြစ်ပေါ် ပျံကျလာတယ်။
ငါ ဘာသိခဲ့သလဲ။ တစုံတယောက်ရဲ့ မျက်စေ့များထဲ
ဓားကောက်ကိုင်စစ်သည်တဦး၊ သင်္ဘောခရီးတခု၊ မြင်းကုန်းနှီး...
ငါက ပညာရှင်မဟုတ်ခဲ့ပါဘူး...
ဒါကပဲ ငါ့ကို ရှုံးနိမ့်စေခဲ့သလား။
ဇာဘုရင်ရဲ့ စာရေးများက ငါ့သွားတွေကို မတင်ရည်ရွယ် ထိုးကြိတ်တယ်
အကြိမ်ကြိမ်၊ စိတ်ထက်သန်စွာ၊
' မင်းလား၊ လူထုတွေကို ဆန့်ကျင်ဖို့ ဆုံးဖြတ်တာ
ဆန့်ကျင်ကြတာ မင်းပြန်တွေ့ရမယ် '
ငါက မျက်လွှာမချဘဲ၊ ငါကိုယ်တိုင် ထိန်းမတ်ထားတယ်၊
ငါ့သွေးတွေကို ထွေးထုတ်လို့ အဖြေပေးလိုက်တယ်။
' ဘွိုင်ရာတွေကို ဆန့်ကျင်သလား - မှန်တယ်၊
လူထုကို ဆန့်ကျင်သလား - မဟုတ်ဘူး'
ငါ့ကိုယ်ငါ မှားတယ်မပြောနိုင်ဘူး၊
ငါ့ကံကြမ္မာကို ငါကိုယ်တိုင် ရွေးချယ်ခဲ့တာ၊
မင်းတို့ရှေ့မှာ၊ လူထုတွေရှေ့မှာ၊ ငါတောင်းပန်တယ်။
ဒါပေမယ့် ဇာဘုရင်စာရေးတွေ ပြောစေချင်လို့ မဟုတ်ဘူး။
အပြစ်တင်စရာက ငါ့ခေါင်းပဲ၊
ငါ့ကို အပြစ်ချတာ ငါကိုယ်တိုင် မြင်ရတယ်၊
ကိစ္စတွေအတွက် အခုလမ်းတဝက်မှာ
ငါက နိဂုံးကိုသွားခဲ့ရမှာ။
မဟုတ်ဘူး၊ ငါ့ပြည်သူတို့၊ ငါလုပ်ခဲ့တာ အပြစ်မရှိဘူး။
ဘွိုင်ရာတွေကို မျှော်စင်ပေါ်ကနေ ကြိုးဆွဲချခဲ့တာ၊
ဒီကိစ္စမှာ ငါ့မျက်လုံးတွေ အပြစ်ရှိတယ်ဆိုရင်တော့
ငါ သူတို့နည်းနည်းလောက်ကို ကြိုးဆွဲချမိလို့ပဲ
ဒီကိစ္စမှာ ငါအပြစ်ရှိတယ်ဆိုရင်တော့ မိစ္ဆာတွေရှိနေတဲ့ ကမ္ဘာမှာ
ငါက လူကောင်းငတုံးပဲ။
ဒီကိစ္စမှာ ငါအပြစ်ရှိတယ်ဆိုရင်တော့ ကျေးကျွန်စနစ်ရဲ့ ရန်သူတယောက်ဖြစ်ရတာ
ငါကိုယ်တိုင်က ကျေးကျွန်တယောက် ဖြစ်နေလို့ပဲ။
ဒီကိစ္စမှာ ငါအပြစ်ရှိတယ်ဆိုရင်တော့ ငါက ဇာဘုရင်ကောင်းတယောက်အတွက်
စဉ်းစားပြီး တိုက်ပွဲဆင်ခဲ့လို့ပဲ။
ဇာဘုရင်ကောင်းဆိုတာ မရှိဘူး၊ အရူးတွေပဲ...
စတင်ကာ၊ မင်းက ဘာမှမဟုတ်တာအတွက် ဘဝပျက်ခံခဲ့တာ၊ '
မော်စကိုပေါ်မှာ ခေါင်းလောင်းများ ဆူညံထိုးပြီ၊
သူတို့က စတင်ကာကို ကွပ်မျက်ဖို့ ခေါ်သွားကြပြီ၊
လေထန်ထဲ စတင်ကာရဲ့ ရှေ့မှာ
ခေါင်းဆောင်လူသတ်သမားရဲ့ ခါးခြုံလွှာက တဖျပ်ဖျပ်ရိုက်နေတယ်၊
လူအုပ်ရဲ့အပေါ်က သူ့လက်ထဲမှာ
အပြာရောင် ရဲဒင်း၊ ဗော်လ်ဂါမြစ်လိုအပြာ၊
ဒါးသွားတလျှောက်၊ စီးကျနေ၊ ငွေရောင်လက်လက်ထ၊
မနက်ခင်း ပင်လယ်စင်ရော်များလို လှေများလို၊ လှေများက ပျံသန်း...
သေနတ်ပြောင်းတွေအပေါ်မှာ ဝက်မျက်နှာများ၊ ရုပ်ဆိုးတဲ့
အခွန်ကောက်သူများနဲ့ ငွေလဲသူများရဲ့ ကိုင်းခွက်များ
မြူထဲက အလင်းထွက်ပေါ်လာသလို၊
စတင်ကာက မျက်နှာတွေကို မြင်တယ်။
သူတို့မျက်နှာများမှာ အကွာအဝေးနဲ့ ဟင်းလင်းပြင်ကိုမြင်ရ
သူတို့မျက်လုံးများထဲ ချိုပြားသမင်ကြီးလို လွတ်လပ်
အကယ်၍ ပိုသေးငယ်တဲ့၊ လျှို့ဝှက်ဗော်လ်ဂါများထဲ ဆိုရင်
စတင်ကာရဲ့ လှေများက စပြီး ရွက်လွှင့်နေကြပြီ။
မျက်ရည်တစက် ကျစရာမလိုဘဲ
ကွပ်မျက်မယ့် စင်မြင့်နဲ့ ဘီးတွေပေါ်မှာ ခံလိုက်ဖို့ ထိုက်တန်ပါတယ်
များမကြာမီ၊ ဒါမှမဟုတ် နောက်ပိုင်းမှာ
မျက်နှာများက စားဝါးမလို ပေါ်ထွက်လာကြတယ်
မျက်နှာမရှိသူများရဲ့ မျက်နှာပေါ်မှာ...
ပြီးတော့ တည်ငြိမ်စွာ (ဘာတခုအတွက်မှ နေထိုင်ခဲ့တာ မဟုတ်တဲ့ပုံမျိုး ထင်ရှားစွာ)
စတင်ကာက သူ့ခေါင်းကို တုံးပေါ်လှဲချလိုက်တယ်
ချိုင့်ခွက် ဟောင်းလောင်းထဲ မေးတင်လိုက်တယ်
ပြီးတော့ သူ့ခေါင်းနောက်က အမိန့်ပေးသံထွက်လာခဲ့
'ပုဆိန်… ခုတ်ပေတာ့...'
ခေါင်းစ စတင်လိမ့်ထွက်သွား၊ သွေးတွေမီးတောက်လို့
ခေါင်းက အသံကွဲအက်အက်နဲ့ ပြောလိုက်သေး 'ဘာတခုအတွက်မှ မဟုတ်ဘူး...'
ပုဆိန်ဘေးနားမှာတော့ သင်္ဘောများ ရှိမနေတော့ဘူး
စမ်းချောင်းငယ်များသာ၊ စမ်းချောင်းငယ်များသာ...
လူကောင်းတို့၊ မင်းတို့ဘာကြောင့် ရပ်နေကြတာလဲ၊ ဘာကြောင့် ပွဲချီးမကျင်းပကြတာလဲ
ဦးထုပ်တွေ ကောင်းကင်ထဲမြှောက်၊ ကခုန်ပြီးတော့။
ရင်ပြင်နီက အေးခဲတောင့်မာနေခဲ့
နှစ်ဖက်သွားပုဆိန်လက်နက်များတောင် ရှားရှားပါးပါး ယိမ်းထိုးလှုပ်ယမ်းနေကြ
လူပြက်တွေတောင် တိတ်ဆိတ်နေကြတယ်၊
သေလောက်ဖွယ် တိတ်ဆိတ်မှုထဲမှာ
လယ်သမားတို့ရဲ့ ဂျက်ကက်များထဲက သန်းများက
အမျိုးသမီးများရဲ့ ဝတ်ရုံထဲ ခုန်ထလာတယ်။
ဒီရင်ပြင်က တခုခုကို နားလည်လိုက်ပြီ
ဒီရင်ပြင်က သူတို့ဦးထုပ်တွေကို ချွတ်လိုက်ကြပြီ
ခေါင်းလောင်းများက ဒေါသနဲ့ပွက်ထလို့ သုံးကြိမ်ရိုက်ထိုးတယ်။
သွေးစွန်းပေနေတဲ့ ဦးစွန်းဖုတ်ဆံစများက လေးလံနေပေမယ့်
ဦးခေါင်းကတော့ လှုပ်ယမ်းနေဆဲ၊ ရှင်နေဆဲ၊
သွေးတွေစိုရွှဲနေတဲ့ လူသတ်ကုန်းကနေ
အဲဒီမှာ လူဆင်းရဲတွေဟာ
လူမသိသူမသိ စာများလိုပဲ သူတို့ခေါင်းတွေ ပစ်ကျလာ...
ပျားပန်းခပ်ဆူညံနေချိန်၊ သနားဖွယ် တုန်လှုပ်နေတဲ့ ဘုန်းကြီးက ပြေးပြီး
စတင်ကာရဲ့ မျက်ခွံတွေကို ပိတ်ပေးချင်နေခဲ့တယ်။
ဒါပေမယ့် သားရဲတကောင်လို ကြောက်ရွံ့ဖွယ်၊ အားစိုက်လို့
မျက်စေ့ သူငယ်အိမ်များက သူ့လက်တွေကို တွန်းထုတ်တယ်၊
ဇာဘုရင်ရဲ့ ခေါင်းထဲမှာတော့ ဒီလို တစ္ဆေသူရဲဆန်ဆန် မျက်စေ့တွေကြောင့် စိမ့်ကြောက်နေပြီ
မင်းညီမင်းသား ဦးထုပ်တွေ စပြီး တုန်လှုပ်လာတယ်၊
ပြီး၊ ရိုင်းစိုင်းကြမ်းကြုတ်စွာ.. သူ့ရဲ့အောင်မြင်မှုကို မဖုံးကွယ်တော့ဘဲ
စတင်ကာရဲ့ ဦးခေါင်းက ဇာဘုရင်ကို ရယ်တဲ့အသံကြီး လျှမ်းထွက်လာခဲ့တယ်။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၆၄ ခုနှစ်။
Translated by Tina Tupikina-Glaessner, Geoffrey Dutton, and Igor Mezhakoff-Koriakin (revised)
Stenka Razin စတင်ကာ ရာဇင် (၁၆၃၀-၁၆၇၁) ကော့ဆက် လယ်သမားသူပုန်ခေါင်းဆောင်။
စတန်ကာရာဇင်ကို ကွပ်မျက်ခြင်း (The Execution Of Stenka Razin) အမည်နဲ့ပဲ ယက်ဗ်တူရှင်ကို ကဗျာရေးသလို ဒီမီထရီ ရှိုစတာကိုဗစ်ချ်ကလည်း တေးဂီတတပုဒ် ရေးဖွဲ့ဖူးတယ်။
boyar ၁၀-ရာစုမှ ၁၇ ရာစုကြားကာလ မင်းညီမင်းသားတွေပြီးရင် အာဏာအရှိဆုံး မြေရှင်များ ဖြစ်တယ်။ ဒီလို ဆာ အမည်တွေကို ရုရှား၊ ယူကရိန်း၊ ရိုမေးနီးယား၊ ဖင်လန်နိုင်ငံတွေမှာ တွေ့ရတယ်။
No comments:
Post a Comment