Pages

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, March 12, 2018

မျက်စေ့နာလို့ ရေးတဲ့ကဗျာ

ပြောရရင်တော့ အရှည်ကြီးပဲဆရာ…
ဒီမိုး၊ ဒီရေ၊ ဒီလူတွေကြောင့် မျက်စေ့နာတာ၊
'တနေ့က ဂျိုးဖြူပိုက်ရေထဲ မသန့်ဘူး'ဆိုကတည်းက
မျက်သားတွေ ယားယံလာ
'လူမကြည့်ပါနဲ့ ပါတီကြည့်ပါ'ဆိုကတည်းက
မျက်သားတွေ ယားယံလာ
မြို့တော်နောက်ဖေးလမ်းကြားတွေ မြင်ကတည်းက
မျက်သားတွေ ယားယံလာ
ထရိုဂျင်မြင်းရုပ်ကြီး ဟီးနေတာကြားကတည်းက
မျက်သားတွေ ယားယံလာ                                                                   
ဖေ့ဘုတ်မှာ ကွန်မင့်တွေ လိုက်ဖတ်ပြီးတာနဲ့
မျက်စေ့ကိုက်လာ၊ နာတော့တာပါပဲ။


မျက်စေ့တစ်ဖက်သာ ကျန်မှ၊
စက္ခုနှစ်ကွင်း လင်းရတဲ့ ကျေးဇူးတော်ကို သတိရတယ်
မမြင်ရခြင်းမှာလည်း ကျေးဇူးတော် ရှိတာပါပဲ
ဖရုဿဝါစာများတဲ့
ထင်ရာစိုင်းဝါဒများတဲ့
ပေါချောင်ကောင်း ဆရာကြီးများတဲ့
ရှေ့နောက်စကားမညီ ဂျင်းသွင်းတဲ့
သတင်းများ မဖတ်ရတော့ဘူးပေါ့။

မျက်စေ့တစ်ဖက်သာ မြင်တော့
အရာရာကို တဝက်ပဲရတယ်၊
ညအိပ်တော့လည်း အိပ်တဝက်၊ နိုးတဝက်
ဘဝနေနည်းအတွက်လည်း
ရန်သူစစ်စစ်က တဝက်၊ ချစ်သူစစ်စစ်က တဝက်
ချောင်းဟန့်တော့လည်း သလိပ်ကတဝက်၊
ဥပဒေတွေ ဆိုတော့လည်း ဖားတဝက်၊ ငါးတဝက်
ဒီမြို့အကြောင်း ပြောပါတယ်
ဒီမိုကရေစီက တဝက်၊ အာဠာဝက တဝက်။
ဒီလောကီကို အလာဂျီ (allergy) ဖြစ်နေတာတော့ ကြာပါပြီ၊
မျက်စဉ်း ခတ်ပေးပါ၊
ဒါမှမဟုတ် မျက်စေ့ကို အုပ်ထားပေးပါ။
တဝက်တခြမ်း မြင်နေရတာကို
ပညာနဲ့ ရယ်မောနိုင်စွမ်းပေးပါ။

ယောဟန်အောင်
မတ် ၁၀၊ ၂၀၁၈။ 

Sunday, February 25, 2018

မထူးဇာတ်

ပလူကောင်လေးတွေလိုပေါ့
ပေါက်လဲပန်းတွေ အုပ်ဖွဲ့ပျံသန်းလာပြီး
တပွင့်ပြီးတပွင့် လှလှပပ ထိုးချ…  
သူတို့ဘဝတွေက တိုတောင်းလှတာ။


ရုပ်ရှင်တကားက
ဘဝကို ပြီးစလွယ်ရိုက်ပြတယ်
တွေ့ကြုံဆုံကွဲ ဖော်ဖြူလာနဲ့
ကံဇာတ်ဆရာက ခပ်ညံ့ညံ့ရယ်ပါ
မျက်ရည်ချူချင်တဲ့ ဇာတ်ကားလား..
ဆေးခါးကြီးနဲ့ လေရူးထဲ ဆန့်ငင်ဆန့်ငင်။

ခွေးများလို လျှာတန်းလန်းနဲ့
မြို့ပြထဲ ငါ လမ်းသလားပြီး ထွက်လာ
ယပ်တောင်တခုလောက် ကမ်းပ…
နွေရောက်ပါပြီ။

ငါတို့လိပ်ပြာတောင်ပံတွေ ဖြတ်ခံထားရ
မနက်ခင်းဆီ မဖြတ်မပျံနိုင်တော့ဘူး
လမ်းပျောက်နေတော့လည်း
ဒီပြူတင်းပေါက်ကို
ဖွင့်ထားတာနဲ့
မဖွင့်ထားတာဟာ
ဒီနွေဦးအတွက် မထူးတော့ပါဘူး။  

ငါ့ဘဝ ခြောက်သွေ့နေပုံများ
ရော်ရွက်တွေလို မာခေါက်ခေါက်  
စိတ်နောက်ကို ကိုယ်ကမပါနိုင်တော့
အပြေးကလေးထွက်သွားတဲ့ စိတ်ကို
ကိုယ်က ဆွေးဆွေးမြေ့မြေ့ကြည့်….

နေကာမျက်မှန်တလက်တော့ ရှိရဲ့…
ငါ့မျက်လုံးတွေနဲ့ ခံစားချက်တွေကို
ဖုံးကွယ်ပေးပါလိမ့်မယ်…။

ယောဟန်အောင်
ဖေ ၂၅၊ ၂၀၁၈

Thursday, February 8, 2018

တစ်ဖက်ပိတ်

ဒီမြို့မှာ အမှန်တရားက တခုပဲရှိတယ်
အဲဒီတော့ သတင်းမီဒီယာတွေတောင် ပဲ့တင်ပြန်ပြန်ပြောကြ
အပိုစကား ဆွံ့အလို့။
ဒီမြို့မှာ ဇာတ်လမ်းတွေက တဖက်သတ်ပဲပြောတယ်
ရွေးချယ်စရာ အခြားဗားရှင်းဆိုတာ မရှိဘူး
ဟိုပရိသတ်က ဟိုဖက်အားပေး၊
ဒီပရိသတ်က ဒီဖက်အားပေး… ဒါပဲ။


ငါ့အိပ်မက်တွေလည်း
လမ်းတဝက်က လှည့်ပြန်လာရတယ်
ညသန်းခေါင်မှာ နေထွက်လာခဲ့၊
စမ်းချောင်းကလေးလည်း
တဝက်တပျက်မှာ သဲထဲထိုးဝင်လို့ ပျောက်ကွယ်
မြစ်ဟာ ပဲ့မပါတော့
ဘယ်ကိုစီးဆင်းနေမှန်း မသိနိုင်တော့ဘူး
ပင်လယ်တွေပျောက်လို့။
အင်အားကောင်းတဲ့ လှိုင်းခေါင်းဖြူတွေလည်း
ကျောက်ဆောင်တွေက အနားသတ်ပစ်လိုက်တယ်။
ငါက တောမီးတွေလို တောက်လောင်လိုက်ချင်တာ
တောင်တွေပြုန်း တောတွေသုဉ်းတော့ လှည့်ပြန်ခဲ့ရ 
‌လေမိထားတဲ့စွန်လို ခဏခဏ
ဇက်ကြိုးပြန်သတ်၊
ငယ်သံပါ တောင်းတမှုတွေလည်း
လည်ချောင်းထဲ တမံတုတ်
ပြန်ရုပ်သိမ်းခံရ၊
ငါ့နှလုံးသားဟာ ကျောက်ဂူထဲ
တဖက်ပိတ် ငလျင်လှုပ်နေရတော့တယ်။

လုပ်နိုင်တာဆိုလို့
ကြယ်ကြွေတာကို ငါလက်ထဲ ဆုပ်ထားပါရစေ
ငါ့ ရင်ခတ်လှိုင်းသံတွေကို သဲဖြူထဲ မြုပ်ထားပါရစေ
ငါ့ ခံစားမှုတွေကို မီးတောင်ထဲ အုပ်ထားပါရစေတော့။

ယောဟန်အောင်
ဖေ ၈၊ ၂၀၁၈။

Saturday, February 3, 2018

ဆွတ်ပျံ့ဒဏ်ရာ

အင်းစိန်ဘူတာရုံက ရထားဥသြသံကို
သူရော ငါရော ကြားခဲ့ကြရမှာ
ဂျုံး ဂျက်ဂျက်၊ ဂျုံးဂျက်ဂျက်
ရထားတွေ အစင်းစင်း ထွက်သွားခဲ့တယ်
ဥဩသံကို အတူတူ နားမထောင်နိုင်ခဲ့ကြဘူး။
ရထားတွေ အစင်းစင်းပြောင်းခဲ့တယ်
သူက သူကြားချင်သလိုကြားခဲ့ပြီး၊ ငါကလည်း ငါဖွင့်ချင်တဲ့အဓိပ္ပါယ်ဖွင့်ခဲ့တယ်
အပြိုင်သံလမ်းတွေ ခြားခဲ့သလိုမျိုး၊


သီချင်းတွေ၊ အခင်းအကျင်းတွေ ပြောင်းခဲ့တယ်
စုံတွဲအက ကဖို့ရာ သံစုံတီးဝိုင်းလည်း ငါတို့မကြုံခဲ့ပါဘူး။
ကြယ်တွေကို တူတူမကြည့်နိုင်ခဲ့
နေဝင်ချိန်တွေ တူတူမငေးနိုင်ခဲ့။  

ခုတော့လည်း ဘူတာလေးက ဒီအတိုင်း
ငါက အလွမ်းပြိုင်းပြိုင်းနဲ့ ပြန်လာတော့
ဒီမြို့ရဲ့ ပြက္ခဒိန်တွေထဲမှာ
သူကလည်း ရွှေငါးလေးလို သူ့ကန်ထဲ အထီးကျန်
ငါကလည်း ညနေအို ကိုယ့်ဘဝထဲ အလွမ်းတွေအန်လို့။ 

မြက်ပင်ကလေးတွေ ဆောင်းဦးလေမှာ ညင်းပြောင်းကိုင်းညွှတ်ရသလိုမျိုး
ချစ်ခြင်းဟာ လူတယောက်အတွက် ရူးသွပ်ဖို့ ကောင်းကောင်း
လုံလောက်ပေတယ်။

ယောဟန်အောင်

ဖေ ၃၊ ၂၀၁၈

Saturday, December 9, 2017

Happy New Year!

ဘယ်လိုမှန်းမသိဘဲ ၂၀၁၇ ကနေ၊ ၂၀၁၈ ရောက်သွား
ငါ့မှာတော့ ဖွယ်တယ်တယ်ရယ်နဲ့
ပြက္ခဒိန်ကို ဖြုတ်ချလိုက်ရ
ခင်ဗျားဗျာ… အိုစာသွားလိုက်တာ
ဟုတ်တာပေါ့…. ဆိုးတဲ့ရာသီနှယ်။

ဒီမြို့မှာ အဖြစ်သနစ်တွေကို နှုတ်ဆိတ်ရေငုံနေရတယ်
ငါတို့က ရွေးကောက်ပွဲပဲ ရလိုက်တာ
ဒီမိုကရေစီ မပါဘူး။
ငါလည်း ဆုပ်ဆုပ်ပိုင်ပိုင်ဆိုလို့ အိပ်မက်တွေပဲ
ဒီနွေဦးကတော့ နောက်ကျနေတာ မဟုတ် ရောက်မလာနိုင်တော့ဘူး။

ယောဟန်အောင်
ဒီ ၉၊ ၂၀၁၇

Saturday, August 19, 2017

Game of Thrones

'မာကင်တိုင်လစ်' (Mercantilist) တွေ 'ဆာ'ဖြစ်၊
'နိုက်' ဖြစ်ကြတယ်
ဒီသံထိုင်ခုံပေါ် ထိုင်သူ ဘုရင်ကြည်ဖြူရင်
ပခုံးပေါ် ဓားတင်ပေးနိုင်တဲ့ခေတ်။

မြောက်ပိုင်းမှာ၊
တောင်ပိုင်းမှာ၊
၇-ပြည်ထောင် မဟာမိတ်ဖွဲ့မှုတွေ
အကြိမ်ကြိမ်ကွဲတာ ပေါင်းတာမြင်ရ
နိုင်ငံတည်ဆောက်ရေးဆိုတာ သားပေးကြလို့ သမီးယူ။

ငါက သံဆူးကြိုးရဲ့ တဖက်မှာပါ
ကြည့်ရင်း ဗိုက်ဆာလာ
မိုးရွာတုန်း ထွန်ရေးငင်ဖို့ကို ခုမှသတိရ
ဆောင်းကတော့ လာနေပြီ။  

ယောဟန်အောင်

သြဂုတ် ၁၈၊ ၂၀၁၇ 

Wednesday, August 2, 2017

မွန်မယောက်ျား ချော့ခြင်း (ဤကဗျာကို မွန်သံဝဲ၍ ဖတ်ပါ)

သတိရလွန်းလို့ပါ
သူဖတ်နိုင်မှာ မဟုတ်ပေမယ့်
ဒီကဗျာ ငါရေးတယ်၊ မိစွိုက်ဒဲ
ငါ့ပဌာန်းဆက်ငဲ့
ဒီကနဲ … လွမ်းပလပ်နေတယ်။

မဂဒူး ဟင်းရွက်စေ့နှိုက်တဲ့ အိပ်မက်နဲ့
မြို့ကြီး ဒဂုံ(း) ကို တက်လာတယ်
၃-ရက်နဲ့ ပြောင်းလဲပြီဆိုသကိုး
ဒီကနဲ ယုံ(း) မိတာပေါ့။  

ခုချိန်ထိ
ဒီမြို့ကြီးမှာ 
‌နေမထိ၊ စားမထိပါ
ကိစ္စအကုန် ပူထိတယ်၊
ဘယ်ကြေ့ကြေ့ (ကြည့်ကြည့်)
ကားတွေပိတ်တယ်၊ တက်လမ်းတွေ ပိတ်တယ်
စီးပွားပိတ်တယ်
လက်တလုံးခြား သွားတဲ့ကောင်ပဲ ရှေ့ကိုရောက်
သောက်နိုင်စားနိုင်သူတွေက ဂျင်းကောင်တွေ
စတစ်ကော်လာ တထောင်ထောင်နဲ့။

ရန်ဂုန်(း) မှာ စွမ်းအင်ကုန်(း) လာပြီ မိန်းမ
ဘယ်သူ့ကို ယုံ(း) လို့ ယုံ(း) ရမှန်းမသိ
အခုက လူတွေ မျက်နှာဖုံးတွေနဲ့ချည်း
ပြုံးလားမသိ၊ မဲ့လားမသိ
ကိုယ့်အသိတွေတောင် မမှတ်မိတော့ဘူး။

မြို့ကြီးသားတွေလို ဘယ်သူလာလာ  
"စိတ်ပျက်တယ်ဗျာ" လို့ စ နှုတ်ဆက်
ဒါက ခေတ်သစ်နှုတ်ဆက်ပုံ(း) ဖြစ်လာတယ်
ပညတ်သွားရာ ဓာတ်သက်ပါနေတာပေါ့။
  
ဒီလိုနဲ့
သိပ်သတိရလာရင်
ဒူးနှစ်ဖက်ကိုကွေး
ခေါင်းအုံးကြီးကို ပါးနဲ့ ငါ သွေးနေရတယ်၊
ဒုက္ခသည်တွေလို ခိုလှုံ(း)ရာငတ်နေတယ်
ဗိုလ်ကျခံရတဲ့ ကလေးလို
အိမ်ကို အပြေးပြန် တိုင်ချင်နေပြီ
ရာသီတုတ်တွေး ဆိုးပုံနဲ့
ငါတို့ ပြန်မဆုံ(း)ဘူး ဖြစ်သွားမယ်နော်… မိစွိုက်ဒဲ။  

ပြန်လာတော့မယ် မိန်းမ…
ဆည်းလည်းလှိုက်သံ ကြားချင်လှပြီ
နင့်ရယ်သံ ကြားချင်လှပြီ။

ငါတို့ ရယ်ကြမယ်
ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)* ၊ ငါတို့ ရယ်ကြမယ်
ပုဆိုးကို ပတ်ချာလည် လှည့်ဝတ်တဲ့
ရွှေဗမာ (ဟမယ်) တွေ လည်ပုံအကြောင်း
ကောင်းကောင်းပြောပြ ငါတို့ ရယ်ကြမယ်။

ဘွတ် ရွှတ်နဲ့ အကျအန
ဝတ်ကောင်းစားလှနဲ့ မြို့အထွက်
လမ်းမထက်မှာ ဗွက်စင်ရေနစ်
ရေဒူးဆစ်ထဲ ငါအရှက်ကွဲတာ ပြောပြီး ရယ်ကြမယ်
ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)၊ ငါတို့ ရယ်ကြမယ်။

ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)
တို့ရွေးထားတဲ့ အမတ်တွေကွယ်
သင်ပုန်းကြီး အပြိုင်အဆိုင်အော်ကျက်လို့
ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)
လော်ဘီတွေကွယ်
မြိုင်မြိုင်ဆိုင်ဆိုင် ဖာလိုက်ကွဲလိုက်။

ငါပြန်လာတော့မယ်…
ဘယ်လိုမှ အစားထိုးမရပါ
မက်ဆင်ဂျာ တခါတလေနဲ့
အဆာမပြေပါဘူး မိစွိုက်ဒဲ…။

စျေးထဲ ငါးဥတွေ ပေါပြီပေါ့
ကဒတ်ဥ ပျော့ချွဲချွဲနဲ့ ပင်စိန်းဟင်း အနံ့ရလာ  
မျှစ်စိမ်း ဒညင်းသီး ဇင်ပြွန်းသီး
ငါ လျှာရည်လည်အောင် သတိရနေပါပြီ မိန်းမ။

အိမ်ပြန်လာတဲ့အခါ
ကြောင်လိမ္မာလေးလို
ခေါင်းဝှေ့ အသံပေး
သူ့နောက်က ပြေးလိုက်နေမှာပေါ့။

အိမ်ပြန်လာတဲ့အခါ
ခြုံတွေ ငါခုတ်ပါ့မယ်
ငရုတ်တွေ ငါခူးပါ့မယ်
နင်မောလာရင် တဖက်လှည့် ဇက်ကျောကို ကိုယ်တိုင်ဆွဲပါ့မယ်
မဟောသဓာ စိတ်နဲ့ အိုးပုတ်ဖုတ်၊ ဖျာယက်
ခေတ်ပျက်ထဲ ခဏနိမ့်နေချိန်
မိန်းမကို ဖက်အိပ်ပြီး အိမ်မှာနေတာက ပိုကောင်းပါရဲ့ကွယ်။    

သူရွက္တတ္တဲ့
သူ့ ချိုင်းချွေးနံ့ကို ငါအလစ်နမ်းမယ်
ကွန်ဝု ** တို့ စောစောအိပ်ကြစမ်းကွဲ့
ဖေဖေ ပင်ပန်းလာတယ်။

ယောဟန်အောင်
သြဂုတ် ၂၊ ၂၀၁၇။
* မွန်ဘာသာစကား၊ "ရယ်ရတယ်"
** မြန်မာဘာသာစကား၊ "သမီး"

Wednesday, July 19, 2017

ဘွန်ဇိုင်း

မျိုသိပ်ချိုးနှိမ်ထားလို့
ပုံပျက်နေတဲ့ အိပ်မက်များအပေါ်
ရွက်နုညွန့်ခက်တွေ ဖားယားဝေတုန်း
စောင့်နေတာလည်း ရင်တခုလုံးကျောက်တည်နေ… မဋေ (မဒေ)။

ယောဟန်အောင်
ဇူလိုင် ၁၉၊ ၂၀၁၇

Sunday, July 16, 2017

မိုးဖွဲ့

ငါ့မှာရွှဲနင့်နေတဲ့ အလွမ်းတွေ
ဟန်ဆောင်နေနိုင်အောင် မဖြစ်နိုင်တော့တဲ့အခါ
ငွေ့ရည်ဖွဲ့လို့
သူ့မြို့ကြီးပေါ် ရွာချပေးလိုက်တယ်
တထောင့်တညလောက်နဲ့ ဘယ်စဲနိုင်ပါ့မလဲ။

ယောဟန်အောင်
ဇူလိုင် ၁၅၊ ၂၀၁၇

Recent Comments