Pages

Showing posts with label ဦးဝင်းတင် (ဟံသာဝတီ). Show all posts
Showing posts with label ဦးဝင်းတင် (ဟံသာဝတီ). Show all posts

Thursday, November 8, 2007

ကျားရဲ

နေပြင်းလျှင်

နှင်းမှုန်လည်း

စွေ့စွေ့ခုန် အိုက်လိုအိုက်

ခိုက်ခိုက်တုန် ချမ်းလိုချမ်း

အခန်းကျဉ်ကျဉ်း

အလင်းမ၀င်…..လေမ၀င်

နေမမြင်…..လမမြင်

လူမမြင်…..သူမမြင်မှာ

ထိုင်လျှင်ထိုင်…..မထိုင်လျှင်ငေး

အိပ်လျှင်အိပ်…..မအိပ်လျှင်တွေး

သတင်းမေးဖို့ဝေးရော…..သီချင်းလေးမှ မဆိုရ

စါဖတ်ဖို့ ဝေးရော…..ကဗျာလေးမှ မစပ်ရ

တရားဟောဖို့ ဝေးရော…..စကားလေးမှ မပြောရ

အဟောသိက…..သံသရာ

ငါ့ကမ္ဘာ ပိစိကွေး

အခန်းကျဉ်းကလေး…..ပတ်လျှောက်လိုက်

သံတခါးဝ…..ရပ်လိုက်

တမတ်တပ်တပ်…..တနေကုန်။

မနေ့ ကလည်း…..တနေကုန်

ဒီနေ့ လည်း…..တနေကုန်

မနက်ဖြန်လည်း…..ကုန်အုံးမယ်

ကုန်…..ကုန်…..ကုန်….

ကုန်ချင်သလောက်ကုန်စမ်း..

တရက်ကုန်မလား…..တသက်ကုန်မလား

တလကုန်မလား…..တဘ၀ကုန် မလား

တနှစ်ကုန်မလား…..တခေတ်ကုန်မလား

အားမလျှော့ဘူး…..မပျော့ဘူး

ပေဖြစ်တော့ခံမယ်..…တူုဖြစ်တော့ နှံမယ်

အမှန်တရား…..တို့ဖက်မှာရှိတယ်

ပြည်သူအများ…..တို့ဖက်မှာရှိတယ်

ကာလယန္တား…..တို့ဖက်မှာရှိတယ်

ရှင်တော်ဘုရား…..တို့ဖက်မှာရှိတယ်

သိကြရဲ့လား။

တိရစ္ဆာန်ရုံ က ကျားလို..…လှောင်အိမ်ထဲမှာ

တလွန့်လွန့်နဲ့ 

ကျားညွန့် တုံးမယ် ထင်နေသလား…

မှားလိုက်တဲ့အမြင်..…ဟားတိုက်လို့ ရီချင် စရာ။

မှတ်ထားဟေ့….

အ၀ါပေါ်မှာ…အနက်စင်း…

မပျက်မယွင်း….ကွက်ကွက်ကွင်း…

အရှင်းသား မလွဲသ၍

အထင်းသားစွဲ သ၍

ကျားရဲဟာ ကျားရဲ

ငါလည်း….

အဲဒီလိုပဲကွ…..ဟေ။

ဦးဝင်းတင် (ဟံသာဝတီ) ၏ ထောင်တွင်းမှကဗျာ

Recent Comments