Pages

Showing posts with label တွေးမိတွေးရာ. Show all posts
Showing posts with label တွေးမိတွေးရာ. Show all posts

Wednesday, February 7, 2018

နောက်ဆုံးအလံ လွှင့်လို့ (Last Flag Flying)


ခုတလော အမေရိကန်စစ်သား၊ သို့မဟုတ် စစ်နဲ့ ပတ်သက်တဲ့ကားတွေ ကြည့်ဖြစ်တယ်။ ခုကြည့်ရတဲ့ Last Flag Flying (2017) ကို တော်တော်သဘောကျမိတယ်။ ကြည့်ဖို့လည်း တိုက်တွန်းချင်တယ်။ စစ်ကားဆိုပေမယ့် တကားလုံး စစ်တပွဲ မှ တိုက်မသွားဘူး။ စစ်ပြန် စစ်သားဟောင်းကြီးတွေ အကြောင်းပဲ။ စစ်ပြန်တွေ ဘဝ အခြေမကျပုံတွေ၊ PTSD လို့ခေါ်တဲ့ ပဋိပက္ခလွန် စိတ်ဒဏ်ရာရ ခံစားနေကြပုံတွေ ပေါ်လွင်လှတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကားက ဝင်ငွေ အရနည်းတယ်။ USD ၁.၀၆ သန်းပဲရတယ်။ 

ဇာတ်လမ်းက ဒီလို။
ဒေါ့ခ်၊ ဆယ်လ် နဲ့ မြူလာ (ဗီယက်နမ်စစ်ပြန်-၃) ဦးအကြောင်းဆိုပါစို့။ ဒေါ့ခ် (ဒေါ့ခ် ရှက်ဖတ်) က ကိစ္စတခုကြောင့် ရေတပ် ထောင်မှာ ၂-နှစ် ကျတယ်။ နောက်တော့ ပြန်လွတ်လာတယ်။ မိန်းမက နို့ကင်ဆာနဲ့သေတယ်။ အခုပဲ သူ့သားက အီရတ် စစ်မြေပြင်မှာ တိုက်ပွဲကျကြောင်း အကြောင်းကြားစာ ရောက်လာတယ်။ ဆဲလ် (ဆဲလ် နီလွန်) ကတော့ ဘီယာဘားတခု ဖွင့် ပေပေတေတေနဲ့ ဘဝကို ရွက်လွှင့်နေသူ၊ အခုတိုင် လူဆိုးလူကြမ်းစတိုင် မပျောက်သေးသူ။ မြူလာ (ရစ်ချတ် မြူလာ) (Laurence Fishburne) ကတော့ လူမဲ၊ ခုအခါ ခရစ္စယာန်သင်းအုပ်ဆရာလုပ်နေပြီး နာမည်တောင် ရစ်ချတ်လို့ပဲ သိကြ တော့တယ်။ လုံးဝ သူတော်ကောင်း၊ ဘာသာရေးသမား ဖြစ်နေပြီ။ သူတို့ ဗီယက်နမ်တုန်းက ပေပေတေတေတွေပဲ။ လူနာဒဏ်ရာရရင်သုံးဖို့ ပေးထားတဲ့ မော်ဖိန်းတွေကို ခိုးပြီးထိုးကြတယ်။ သူတို့ရဲဘော် ဂျင်မီ ဒဏ်ရာရတော့ မော်ဖိန်းပေးဖို့ မရှိတော့ဘူး။ ဟိုတယောက်က အတော့်ကိုနာနာကျင်ကျင်နဲ့ သေဆုံးသွားရတယ်။ ဒီအတွက်လည်း သူတို့အပြစ်ရှိသလို ခံစားချက် မပျောက်ကြဘူး။

Wednesday, January 21, 2015

မြို့ကလေးရဲ့ စန်းထချိန်

ဒီမြို့ကလေးက စည်ကားနေတာ လအတော်ကြာပြီ။ နှစ်ဝက်ကျော် နီးပါးရှိတော့မယ်။ မြို့ကလေးဆိုတာက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နဲ့ နီးတဲ့ စံခပူရီမြို့ကလေးပါ။ နယ်စပ်ဆိုတော့ လူအများစုက ကရင်၊ မွန်လူမျိုးတွေများတယ်၊ ဗမာ၊ ထားဝယ် အနည်းအကျဉ်း၊ ထိုင်းလူမျိုးတွေ ရှိကြတယ်။ မြို့ကလေးနဲ့ မွန်ရွာကို ဖြတ်သွားတဲ့ ရေကန်ကြီးပေါ်မှာ သစ်သား တံတားကြီးတစ်ခုလည်း ရှိတယ်။ ကွယ်လွန်လေသူ ဝင်းကမွန်ဆရာတော် ဦးဥတ္တမဆောက်လုပ်ထားခဲ့တာ၊ တစ်ကီလို မီတာကျော် ရှည်တယ်။ ထိုင်းနိုင်ငံမှာ အရှည်ဆုံး သစ်သားတံတားလို့လည်း ဆိုကြတယ်။ ဒီလိုနဲ့ ၂၀၁၃ မှာ တောင်ကျ ရေတွေ ဆင်းလာတော့ သစ်သားတံတားကြီးကို တိုက်စားသွားခဲ့တယ်။ တံတားကြီး ထက်ပိုင်းကျိုး၊ တကယ်ကတော့ တံတားက မခိုင်လို့ မဟုတ်ဘဲ၊ တိုင်အောက်ခြေတွေ ရေထဲကျွတ်ပြီး မျောသွားတော့၊ တံတားကြီး ပြိုဆင်းသွားတာပေါ့။

အဲဒီကာလမှာ ဝါးဖောင်တွေနဲ့ တံတားယာယီ အစားထိုးတယ်။ ဝါးဖောင်တွေကို စုချည်ပြီး အပေါ်ကပြန်ခင်း တံတားထိုး ထားတာ အတော်ခိုင်တယ်။ (ကျနော် ဒီတံတားဓာတ်ပုံတင်တော့ ဆရာမကြီး ဒေါ်ကြည်မေကောင်း မှတ်ချက်ပေးတာ အမှတ်ရသေးတယ်။ အရင် မြန်မာဘုရင်တွေ စစ်ချီတက်တဲ့အခါ သုံးတာ ဒီလိုတံတားမျိုးထင်တယ်တဲ့။ ဖြစ်လည်း ဖြစ်နိုင်တယ်။ ဆင်၊ မြင်းတွေ ဖြတ်လျှောက်ပါစေဦး ရတယ်။) တံတားကျိုးတော့လည်း ဧည့်သည်များတယ်။ တံတား ဘယ်လိုကျိုးတယ် လာကြည့်ကြတာ။ ဝါးတံတားထိုးတော့လည်း ဆန်းလို့ လာကြည့်ကြပြန်တယ်။ နောက်ပိုင်းတော့ ထိုင်း အစိုးရက တံတားဆောက်ဖို့ ပရောဂျက်ချပေးတယ်။ အရင်ကတော့ ဒီသစ်သားတံတားဟာ မွန်ဆရာတော်ကြီး ဦးဥတ္တမ အပိုင်၊ သူတာဝန် ယူဆောက်တာ၊ ထိုင်းအစိုးရနဲ့ လားလားမျှမဆိုင်။ မွန်ဆရာတော်ကြီးကလည်း ထိုင်းဘုရင်က ကိုးကွယ် လို့ဆိုပြီး နာမည်ကျော်တယ်။ ခုတံတားကျိုးတဲ့ အချိန်မှာတော့ ပျံလွန်တော်မူသွားတာ ကြာလှပေါ့။ ၁၉၉၀ ဝန်းကျင်များ ကာလ တံတားဆွေးတော့ ပြန်ဆောက်ဖို့ လိုလာတယ်။ ဒီအချိန်မှာ မြန်မာစစ်အစိုးရမှာ အာဏာထက်နေသူ ဗိုလ်ချုပ် ခင်ညွန့်ကနေပြီး၊ စည်းရုံးတဲ့အနေနဲ့ ဆရာတော်ကို ဘွဲ့ကပ်၊ တံတားအတွက် သစ်တွေလည်း လှူတယ် ကြားရပြန်တယ်။ ဒီကြားထဲမှာ တစ်ခါပြန်ပြင်ကြရသေးတယ်။ တံတားပြင်ရင် ရွာမှာ အိမ်သစ်တွေ တိုးလာတတ်တယ်။ တံတားသစ်လည်း လူကြီးအိမ်အတွက် သစ်ဖြစ်တယ် ထင်ပါ့။ ခုတစ်ခါ တံတားကျိုးတော့ ထိုင်းအစိုးရက ပြင်လိုတယ်။ မြို့ကလေးအတွက် ဂုဏ်ဆောင်ဖြစ်နေတာကိုး။ ဒါပေမယ့် ကိစ္စအမျိုးမျိုးနဲ့ တံတားပြုပြင်ရေးက ကြန့်ကြာနေတယ်။ ဘတ်ဂျက်နှစ်ကုန်လို့ တောင် တံတားကို ကိုင်တွယ်တာ မရှိသေး။ ငွေအရှုပ်အရှင်းတွေလည်း ဖြစ်ပုံရတယ်။ နောက်တော့ အချိန်တွေလွန်၊ ဘတ်ဂျက်ကိစ္စ အရှုပ်အထွေးတွေက သတင်းမီဒီယာထဲ၊ တီဗွီထဲပါလာတယ်။ သတင်းဇာတ်ရှုပ် (Scandal) ဆိုတော့လည်း တံတားအကျိုးအပျက်ကို တီဗွီတွေလာရိုက်၊ လူတွေ လာကြည့်ကြပြန်ရော…။

ဒီတံတားက ကျနော်နဲ့လည်း ဇာတ်လမ်းတွေ ရှိခဲ့ပါရောလား။ ကျနော့်ဇနီးက တံတားနားမှာ နေတဲ့ မွန်လူမျိုးလေ။ တံတား ဆိုတဲ့ ကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့သေးတယ်။ 
တံတား
“ကောင်မလေးရေ ဒုက္ခသည်စခန်းဆိုတာ
ဘ၀ရဲ့ပန်းတိုင်လို့တော့ မထင်လိုက်လေနဲ့...၊”1
ငါက ရည်ရွယ်နေတာပါ
ငါက မင်းကို နိုင်ငံတော်ကို အပ်ချင်တယ်။
လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာ
သာယာတဲ့ကလေးတွေရဲ့
အနာဂတ် အကြွင်းမဲ့ ပေးအပ်ချင်လို့။

မင်းကတော့ ငါ့ကိုပဲ လိုတယ်တဲ့။
ချစ်ခြင်းမေတ္တာ
ကမ္ဘာဦးမီးဖို
သားသမီး တစ်ဦး၊ နှစ်ဦးဆို တော်ပြီတဲ့။

လပြည့်ညကို
အရှေ့ကမ်း၊ အနောက်ကမ်းကကြည့်
အိပ်မက်တွေကို ညှိဖို့ကြိုးစား
ကမ်းနှစ်ခုကြား ဆောက်ထားတဲ့တံထားပေါ်မှာ
တစ်ယောက်ကို တစ်ယောက်ကကူလို့
စောင့်ရလို့ ဖြူရော်နေတယ်။

သင်နဲ့ငါ မပြတ်သားမှုတစ်ရာ
ဆင်ခြေတစ်ရာ
ဘ၀အကြောင်းခဏပဲ ပြောပါတယ်။
မောတယ်၊
မောတယ်။
သူရော ငါရောညည်းလိုက်တယ်....။

ယောဟန်အောင် 
၁၉၉၁ နိုဝင်ဘာ (၁၁)
1 လှသန်းရဲ့ ခင်ဗျားတို့ပြောပြောနေတဲ့ဘ၀သရုပ်ဖော်ဝတ္ထုမှ။ စာပေဂျာနယ်၊ ဇန် ၁၉၉၅။

တံတားအကြောင်းကနေ ကဗျာအကြောင်း၊ ကိုယ်ရေးကိုယ်တာအကြောင်း ရောက်ကုန်တယ်။ ဒီလိုနဲ့ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းပါလေရော။ အာဏာသိမ်းဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာက "ထိုင်းလူထု အားလုံးကို ပျော်ရွှင်စေချင်သူ" ဆိုပြီး ကြွေးကြော်သံလုပ်တယ်။ အာဏာသိမ်းစစ်အစိုးရတွေရဲ့ ထုံးစံအတိုင်း လူထုထောက်ခံမှုရမယ့်ကိစ္စ တွေကို ရှာတယ်။ ဒီလိုနဲ့ သစ်သားတံတားကြီးပြင်ဖို့ သူက အင်ဂျင်နီယာ တပ်ဖွဲ့တစ်ခုကို လွှတ်လိုက်တယ်။ ဘတ်ဂျက်ငွေလည်း ချပေးလိုက်တယ်။ ဒီလိုနဲ့ တံတားကြီးပြုပြင်ရေးက မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာခဲ့တယ်။ ဘလော့ရေးတဲ့ ဓာတ်ပုံဆရာ ဂျက် ကာ့ဇ် (Jack Kurtz) က သူ့ဘလော့ မှာ တံတား ပြင်တဲ့အကြောင်းတွေ ရေးထားသေးတယ်။

ဒီတံတားကြီး စစ်တပ်က အင်နဲ့အားနဲ့ ပြင်လိုက်တော့ ဘယ်ကြာမလဲ။ ဒီတစ်ကြိမ်တော့ ရွာမှာလည်း အိမ်သစ်တွေ တိုးဖို့ ခက်သွားတယ်။ စစ်တပ်က ကြပ်မတ်လုပ်နေတာကိုး။ မဆီမဆိုင် စဉ်းစားမိသေးတယ်။ မြန်မာ့တပ်မတော်က လူထုထောက်ခံမှုအတွက်ဆိုရင် ဦးပိန်တံတားကြီးကိုလည်း အဲသလို အင်တိုက် အားတိုက်လုပ်လိုက်ရင် မကောင်းဘူးလားလို့ပေါ့။

ဒီလိုနဲ့ မနှစ် နှစ်ကုန်ပိုင်းလောက်မှာ တံတားကြီးပြီး၊ ဖွင့်ပွဲတွေလုပ်၊ ပြည်သူ-စစ်တပ် ပူးပေါင်းအင်အားနဲ့ဆိုတဲ့ ထိုးဇာတ် ကဇာတ်တွေလည်း ခင်းတာပေါ့။ တံတားဖွင့်ပွဲလည်း လူစည်တာပဲ။ တံတားကြီး ပြီးတော့လည်း တံတားအသစ်ကို လာကြည့်သူတွေက အများအပြား။ ကံကောင်းချင်တော့ ဒီနှစ်ဆောင်း ရာသီဥတုကလည်းအေး၊ မြူနှင်းတွေဆိုင်း ဆိုတော့ သဘာဝ အငွေ့အသက်ကို ရလိုတဲ့ မြို့ကြီးနေ ထိုင်းဧည့်သည်တွေက အများသား။ နောက်တစ်ခါ ထိုင်းနိုင်ငံထဲမှာ ဆိုင်ကယ်အုပ်ဖွဲ့ လည်ပတ်ကြတဲ့ ဓလေ့ကလည်း အားကောင်းလာတော့ ဆိုင်ကယ်အုပ်တွေလည်း တစ်ဗုံးဗုံး တစ်ဒိုင်းဒိုင်းနဲ့ ရောက်လာတယ်။ ဟိုတယ် နေရာမရကြဘူး။ ဟိုတယ်တွေကလည်း ဈေးမတန်တဆ တောင်းတယ်။ လူတွေက နေစရာမရှိတော့ လမ်းဓားပြ တိုက်ခံရသလို ပေးကြရတယ်။ ဝန်ဆောင်မှု မကောင်းဘဲ၊ အဆင့်မမြင့်ဘဲ ဟိုတယ်တခန်း ဘတ် ၃၀၀၀ (ဒေါ်လာ ၁၀၀ နီးပါး) တောင်းကြတယ်။ ယာယီတဲထိုးပြီး အအေးဒဏ်ခံ တစ်ည အိပ်ကြတဲ့သူတွေလည်း မနည်းလှဘူး။

နောက်ထပ် ပြောစရာရှိတဲ့ အချက်က သစ်သားတံတားကြီးနဲ့ အင်းက ရှုခင်းအတော်လှပတယ်။ ကျနော်တို့ ပုဂံလိုပဲ။ ဓာတ်ပုံ မရိုက်တတ်တဲ့သူတောင် ကြုံရာကင်မရာနဲ့ ရိုက်၊ လှတယ်လို့ ပြောလို့ရတယ်။

ဒီလိုနဲ့ ရွာကလေးမှာလည်း အပြောင်းအလဲ တွေ ဖြစ်လာခဲ့တယ်။ ကားတွေ သိပ်ကျပ်တယ်။ ရွာက လမ်းတွေက ကွန်ကရစ်လမ်းဆိုပေမယ့် မကျယ်လှဘူး။ ကားရပ်စရာနေရာ မရှိတော့ လောက်အောင် ဖြစ်လာတယ်။

ကားတွေများလွန်းတဲ့အခါ ရွာမှာ တစ်လမ်းသွားလမ်း ဆိုင်းအမှတ်အသားတွေ ဆွဲတယ်။ ဒါပေမယ့် ရွာက နေနေကြသူတွေက မလိုက်နာကြဘူး။ သွားနေကြ အတိုင်းသွားတယ်။ အဲသည်တော့ တစ်လမ်းသွား လိုက်နာတဲ့ကားတွေ၊ မလိုက်နာဘဲ အရင်လို မောင်းနေကြသူတွေနဲ့ ပိတ်ဆို့။

အိမ်တွေက Homestay လို အိမ်ကိုပြင်ဆင်၊ တည်းခိုဖို့တွေ လုပ်လာတယ်။ ရွာက အိမ်တော်တော်များများက ဈေးဆိုင် တွေ ဖွင့်ကြတယ်။

ရွာသားတော်တော်များများက ဈေးသည်တွေ ဖြစ်လာကြတယ်။ ရောင်းတာကတော့ လွယ်လွယ်စားဖို့ ဆိုရင် ကောက်ညှင်းနဲ့ ဝက်သားကင်၊ ဈေးရောင်းတာတော့ မြန်မာပြည်က လာတဲ့ သနပ်ခါး၊ မြေပဲယိုလိပ်၊ ထဘီ အထည်တွေ၊ ဧည့်သည်လက်ဆောင် ဝယ်ချင်ဖွယ် ပစ္စည်းတွေ။ အဲသည်တော့ ဈေးတွေ တက်လာတယ်။ အရင်က ကောက်ညှင်းပေါင်းတစ်ပုံ ၁၀ ဘတ်ဆိုရင် များသား၊ အခုက ဘတ် ၂၀ ဖြစ်၊ အပုံက သေးသွားတယ်။ အိမ်တွေက အိမ်ရှေ့ အဖီချ၊ ဆိုင်ဖွင့်ကြတော့ ညနေပိုင်း ဆိုင်သိမ်းတဲ့ အချိန်ဆိုရင် အိမ်တွေက ပွဲရုံ ဇာတ်ရုံကြီးလို၊ ပလတ်စတစ် ယာယီ အမိုးအကာတွေနဲ့ ရုပ်ဆိုးနေတယ်။ မတော်တဆ မီးဘေးလာလိုက်လို့ကတော့ ကြည့်မကောင်း ဖြစ်မယ်။ 


နံနက်စောစောဆိုရင် မွန်ဘုန်းကြီးကျောင်းက သံဃာတွေ ဆွမ်းခံကြွလာတတ်တယ်။ အရင်ကတော့ ပုံမှန်ဆွမ်းလောင်း သူတွေပဲ။ အခုတော့ ဈေးကွက်ထွင်သူတွေကြောင့် ရယ်ဒီမိတ် ဆွမ်းလောင်စရာ အထုပ်တွေ ပြင်ဆင်လာကြတယ်။ ဖျော်ရည်ဗူး၊ ခေါက်ဆွဲခြောက်၊ မုန့်.. ဆွမ်း စသည်ဖြင့် ကြည့်ကောင်းအောင် ပြင်ဆင်ပြီး ၉၉ ဘတ် စသည်ဖြင့် ရောင်းကြတယ်။ အရင်းက တစ်ဝက်လောက်ပဲရှိမယ်။ ဒီမှာတင် ပြဿနာတစ်ခုကလာပြန်တယ်။ အမြတ်ကများတော့ ဆွမ်းလောင်းသူချင်း နေရာလုတယ်။ ရန်ဖြစ်တယ်။ တစ်ခါ သံဃာချင်းလည်း ထိုးကြိတ်တာတွေ ကြားရတယ်။ ဆွမ်းလောင်းလိုသူများတော့ သံဃာတွေလည်း အချိန်ပိုဆင်းကြရတယ်။ ဆွမ်းခံ ၂-၃ ကျော့ လှည့်ကြရတယ်။ နေ့ဆွမ်း နောက်ကျတာတွေ ဖြစ်။ တစ်ခါ လောင်းလှူတဲ့ပစ္စည်းတွေက တကယ်စားစရာ ဆွမ်း၊ ဟင်းမဟုတ်၊ မုန့်ပဲသွားရေစာတွေ ဖြစ်နေတော့ တစ်ကယ်ဆွမ်းဟင်းအရေး ထပ်စီမံရပြန်တယ်။ အအေးဗူးတွေ၊ သွားရေစာတွေ Recycle ပြန်လှည့်တာမျိုး လည်း ရှိနိုင်တာပေါ့။

နောက်မှ ဆက်ဦးမယ်။

Monday, August 9, 2010

နေရာလွဲခဲ့တဲ့ သူရဲကောင်းတွေ


"ချေဟာ နိုင်ခဲ့တယ်။
ချေဟာ ရှုံးခဲ့တယ်။
ဒါပေမယ့် တကယ့်လူထုထောက်ခံမှု တခဲနက်ရတဲ့
ခေါင်းဆောင်ကြီးလို အစီအစဉ်တကျ ပြတယ်။
မဖြစ်နိုင်တဲ့ လုပ်ငန်းစဉ် မစ်ရှင်တခု၊
အလုပ်နဲ့ ရဲဘော်ရဲဘက် သဘာဝတွေရဲ့ ကြည်နူးဖွယ်တွေကို ပြတယ်"

"ချေ" ရုပ်ရှင်ကားနဲ့ ပတ်သက်လို့ ဝေဖန်သူတဦးက ရေးကြတယ်။ ကျနော်က မိတ်ဆွေတဦး ကြည့်နေတာနဲ့ 'ချေ' ရုပ်ရှင် ကားကို ကြည့်နေ ဖြစ်တယ်။ ဒါရိုက်တာ စတီဗင် ဆိုဒါဘာ့ဂ် (Steven Soderbergh) ရိုက်တဲ့ ချေ ဂွေဗားရားအကြောင်း ဇာတ်ကား၊ ၂- ကားတွဲထဲက ဒုတိယပိုင်းကားကို ကြည့်ဖြစ်ကြတယ်။ မှတ်မှတ်ရရ ဒီနေ့က (၈) လေးလုံး အရေးတော်ပုံကြီး ၂၂ ပြည့်နေ့ကို ၂-ရက် အလိုပေါ့။

ကျနော်တို့ ငယ်ငယ်က ချေဂွေဗားရားကို အရူးအမူး ဖြစ်ခဲ့ကြဖူးတာပေါ့။
သံပုရာခွံဦးထုပ် တစောင်းဆောင်းထားတဲ့ သူရဲ့ ပုံရိပ်က ကျနော်တို့ လူငယ်တွေ အသဲစွဲပေါ့။ ကျနော်တို့တင် မက ပါဘူး။ တော်လှန်လိုစိတ်သွေးကြွနေတဲ့ ကမ္ဘာတ၀ှမ်းက လူငယ်တော်တော်များများက သူ့ကို အားကျ လေးစားခဲ့ကြတယ်။ ဆရာဝန်ဖြစ်ပေမယ့် ဆေးထိုးအပ်မကိုင်.. ရိုင်ဖယ် သေနတ်ကိုင်ခဲ့တယ်။ "လူတယောက် ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်" .. ဒီပြောစကား ကိုလည်း ကျနော်တို့ အသည်းစွဲ ဖြစ်ခဲ့ဖူးတယ်။ လူ ၁၂- ဦးနဲ့ ကျူးဘား တော်လှန်ရေးကို စခဲ့တာဟာ ကျနော်တို့ စိတ်ကူး ယဉ်စရာ အကောင်းဆုံးပေါ့။ သူဟာ အရင်းရှင်ကမ္ဘာကြီး တခုလုံးကို ကိုင်လှုပ်ခဲ့တဲ့သူ၊ ကိုယ်ကျိုးစွန့်တဲ့ ရာသက်ပန် တော်လှန်ရေးသမား.. ဒီလို ကောင်းသတင်းတွေပဲ ဖတ်ခဲ့ရတယ်။ သူ့ရဲ့ နိဂုံးကို ဖတ်နေရတဲ့အချိန်မှာတောင် "ဒီ အရင်းရှင် တွေဟာ .. လူမဆန် ရက်စက်လိုက်လေ" ဆိုပြီး ဒေါမနဿတွေ ပွားနေခဲ့ရတယ်။ ဒီလောက်အထိ သူ့အကြောင်း ရဲခေါင် ပြောက်ကျားဇာတ်လမ်းက ကျနော်တို့ ဘ၀ကို ကြီးစိုးသြဇာလွှမ်းခဲ့တယ်။

'ချေ' ရုပ်ရှင်မှာ ပထမပိုင်းက ၁၉၅၆ ခုနှစ်မှာ ကျူးဘားတော်လှန်ရေး စတဲ့အပိုင်း။ အခု ကျနော်တို့ ကြည့်ဖြစ်တဲ့ ဒုတိယ ပိုင်းက ချေရဲ့ "ဘိုလစ်ဗီးယားဒိုင်ယာရီ" ကို အခြေခံ ရိုက်ထားတာ။ သူတို့ ဘိုလစ်ဗီးယားနိုင်ငံထဲကို တော်လှန်ရေးလုပ်ဖို့ ၀င်ခဲ့ကြတဲ့အကြောင်း.. ၁၉၆၆ ခုနှစ်မှာ ဘိုလစ်ဗီးယားက အာဏာရှင်အစိုးရကို တော်လှန်ဖို့ သူနဲ့ ရဲဘော်နည်းနည်း ၀င်ခဲ့ ကြတဲ့ အကြောင်းပဲ။ အခု ဒီရုပ်ရှင်ကိုကြည့်တော့ အရင်က သူ့ကိုမျက်ကန်း ကြည်ညိုနေတဲ့ အမြင်ထက်စာရင် ကျနော် မေးခွန်းတွေ ခေါင်းထဲမှာစီပြီး ရုပ်ရှင်ကို ကြည့်နေမိတယ်။ အရွယ်နဲ့ အတွေ့အကြုံလည်း ကျနော့်ကို ပြောင်းစေခဲ့ပြီပဲ။

ချေက ၁၉၂၈ ဇွန် ၁၄ မှာ မွေးတယ်။ ဘိုလစ်ဗီးယားမှာ သူကျသွားတော့ ၁၉၆၇ အောက်တိုဘာလ ၉ ရက်။ အသက် ၄၀ နီးပါးအရွယ်။ သူက ရဲဘော် ၅၀ လောက်နဲ့ ဘိုလစ်ဗီးယားကို တော်လှန်ရေး စတင်ဖို့ ၀င်သွားခဲ့ တယ်။ အဲဒီကာလမှာ သူ မျှော်မှန်းခဲ့တာက အရည်အချင်း၊ လေ့ကျင့်မှု သိပ်မပြည့်ဝသေးတဲ့ ဘိုလစ်ဗီးယား တပ်မတော်ကို အလွယ်တကူပဲ အနိုင် ယူနိုင်လိမ့်မယ် ထင်ခဲ့တယ်။ ဒါပေမယ့် အမေရိကန်က နောက်ကွယ်က ကူညီနေတာ၊ ရိန်းဂျားတပ်ဖွဲ့တွေကို ပံ့ပိုးလေ့ကျင့် ပေးနေတာတွေ သူ သတိမထားမိခဲ့ဘူး။ သူက ဒေသခံ တွေဆီက ထောက်ခံပံ့ပိုးမှုရမယ် ထင်ထားပေမယ့်လည်း ထင်သလို ဖြစ်မလာခဲ့ဘူး။ သူကွယ်လွန်သွားတော့ နောက်ဆုံး တွေ့ခဲ့ရတဲ့ ဒိုင်ယာရီမှာ ဘိုလစ်ဗီးယားကွန်မြူနစ်ပါတီက အားကိုး မရဘူး၊ ယုံကြည်လောက်စရာ မရှိဘူး။ မိုက်မဲတယ် လို့ ဖော်ပြထားခဲ့တယ်။ ကျူးဘားနဲ့ ဆက်သွယ်ဖို့ ရေဒီယိုတွေ ကလည်း ကောင်းကောင်း အလုပ်မလုပ်ခဲ့ဘူး။ ဒီလိုနဲ့ ဘိုလစ်ဗီးယားတောထဲမှာ စစ်သား ၁၈၀၀ ကျော် ၀ိုင်းပတ်ချေမှုန်းဖို့ ကြိုးစားခဲ့တဲ့ အရေးက ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ရက်ပေါင်း ၃၃၀ ကျော် (၁၁-လတာ) မှာတော့ ဖမ်းခံရပြီး သုတ် သင် သတ်ဖြတ်ခံလိုက်ရတဲ့ ဇာတ်လမ်းပါပဲ။

တော်လှန်ရေးကို အိပ်စ်ပို့တ် (နိုင်ငံခြားတင်ပို့လို့ ရသလား၊ တင်သွင်းလို့ရသလား) ဒီမေးခွန်းကို ကျနော်မေး မိတယ်။ နောက်ထပ် ကျနော့်အတွေ့အကြုံနဲ့ ယှဉ်မေးနေမိတာက သူ.. ဘာမှားသွားသလဲ။ ဘယ်နေရာမှာ စပြီး မှားတာလဲ။ ဒီမစ်ရှင်ကိုယ်၌က အကောင်အထည် ဖော်သင့်တဲ့ မစ်ရှင်လား။ ကျူးဘားက ၀န်ကြီးအဆင့်အထိ တာဝန်ယူပြီးမှ စွန့်ပြီး ရဲခေါင်ပြောက်ကျား လာပြန်လုပ်တာဟာ ကျူးဘားနိုင်ငံရေးထဲမှာရော နောက်ကွယ်က အာဏာလုပွဲပြဿနာတွေ သူ ကြုံနေခဲ့ရပါသလား။ ဒီလို မေးခွန်းတွေဆင့်နေမိတယ်။

ရုပ်ရှင်ထဲမှာ ကမ်မီရီတောင်တန်းပေါ်က ချေတို့တပ်ဖွဲ့ကို တွေ့ရတယ်။ ချေရဲ့ မုတ်ဆိပ်ပသိုင်းတွေက ရှည်လျား လို့။ သူတို့ မျက်နှာတွေက ပင်ပန်းမှုအပြည့်နဲ့ ချောင်ကျ။ တခါတလေ ပင်ပန်းရင်၊ စိတ်လှုပ်ရှားရင် ချေရဲ့ ရင်ကျပ်ပန်းနာက တရွှီးရွှီး မြွေတကောင်အလား ပြန်ထတယ်။ ဘိုလစ်ဗီးယားရဲ့ အဲဒီဒေသရဲ့ တောက ခြောက် သွေ့တော။ သူတို့တပ်ဖွဲ့က ရွာတွေနား မကပ်နိုင်လို့ ရိက္ခာပြတ်နေကြပြီ။ ရွာသားတချို့ကို ဆက်သွယ်တော့လည်း သစ္စာဖောက်ခံရတယ်။ သူတို့ကို ထောင်ချောက် သွင်း အတိုက်ခံရတယ်။ ဒီလိုနဲ့ ချေရဲ့ နောက်ဆုံးနေ့တွေအနား နီးလာပေါ့။ ဘိုလစ်ဗီးယားတပ်တွေရဲ့ ၀ိုင်းပတ်မှုက စိတ် လာတယ်။ သူတို့ ထင်သလို ပြည်သူ့စစ်ပွဲ မဆင်နွှဲနိုင် တော့ဘူး။ သူ့ရဲ့ "ဘိုလစ်ဗီးယားဒိုင်ယာရီ" မှာ ရေးခဲ့တယ် "လယ် သမားတွေက ကျနော် တို့ကို ဘာအကူအညီမှ မပေးကြဘူး။ သူတို့က သတင်းပေးတွေ ဖြစ်ကုန်ကြတယ်။"

သူကယ်တင်ဖို့ ရည်ရွယ်ထားတဲ့ ပြည်သူတွေအတွက် သူရဲ့ခါးသီးတဲ့ မှတ်ချက်ပါပဲ။

ရုပ်ရှင်ထဲမှာတော့ သူက ပြောတယ်။

Che Guevara: The peasant is like a wild flower in the forest, and the revolutionary like a bee. Neither can survive or propagate without the other.

ချေ။ လယ်သမားတွေက တောထဲပ ပန်းရိုင်းတွေနဲ့တူတယ်။ တော်လှန်ရေးသမားကတော့ ပျားနဲ့တူတယ်တဲ့။ အပြန် အလှန် မှီတည်နေကြတဲ့ပုံကို ပြောတယ်။

Lisa Howard: What is the most important quality for a revolutionary to possess?
Ernesto Che Guevara: Lamor.
Cuban Diplomat #1: [translating] Love.
Lisa Howard: Love?
Cuban Diplomat #1: Love of humanity... of justice and truth. A real revolutionary goes where he is needed.

မေး။ တော်လှန်ရေးသမားတဦးအတွက် အရေးအကြီးဆုံး အရည်အချင်းက ဘာပါလဲ။
ချေ။ ချစ်ခြင်းမေတ္တာပါ။
မေး။ ချစ်ခြင်းမေတ္တာ ဟုတ်လား။
ချေ။ လူသားတွေကို ချစ်တဲ့ ချစ်ခြင်းမေတ္တာပါ။တရားမျှတမှုနဲ့ အမှန်တရားကို ချစ်မြတ်နိုးမှုပေါ့... တကယ့် တော်လှန်ရေး သမားအစစ်အမှန်တဦးဟာ သူ့ကို အလိုရှိတဲ့နေရာကို သွားနိုင်ရမယ်.. လို့ ဖြေခဲ့တယ်။

ဒါပေမယ့် သူ့ရဲ့ နောက်ဆုံးအချိန်မှာတော့ သတင်းပေးဖြစ်ကုန်ကြတဲ့ လယ်သမားတွေကို ဘယ်လို မြင်မိမယ် မသိပေဘူး။
ဒီရုပ်ရှင်ကြည့်ပြီးတဲ့အခါ ကျနော့်မိတ်ဆွေကို ပြောဖြစ်တယ်။ ကျနော်တာဝန်ယူခဲ့ဖူးတဲ့ ABSDF က တပ်မှူး တဦး အကြောင်းပါ။

ဆက်လက်ဖော်ပြပါမည်။

Saturday, June 20, 2009

ရက်စက်တဲ့ဟာသဖွဲ့မှု (သူရဲကောင်းကြီး ဒွန်ကွီးဇုတ်)

ကဗျာလည်း မရေးဖြစ်တာကြာပြီ။ ဒါပေမယ့် ဖတ်ရတဲ့ကဗျာလေးတပုဒ်ကတော့ စဉ်းစားခန်းရှည်ဖွယ် ကောင်းလွန်းလို့ မိတ်ဆက်ပေးချင်မိပါတယ်။ ဆရာကိုအောင်ပွင့်ရဲ့ အရင်လ ပိတောက်ပွင့်သစ်မဂ္ဂဇင်း (၂၀၀၉၊ မေ) မှာ ပါတဲ့ ကဗျာတပုဒ်ပါ။ သူက နိုင်ငံတကာ နာမည်ကြီးဝတ္ထုရှည်တပုဒ် က ဇာတ်ကောင်တယောက်အကြောင်းကို ပြန်ဖွဲ့ထားတာပါပဲ။ ဖတ်ကြည့်ပါဦး။

သူရဲကောင်းကြီး ဒွန်ကွီးဇုတ်
မောင်အောင်ပွင့်

စပိန်နိုင်ငံ လာမန်ချာဒေသ ရွာကလေးတရွာက လယ်သမားလူငယ်လေးဟာ
(၁၆) ရာစု ရောက်တာတောင်မှ (၁၄) ရာစု သူရဲကောင်းဝါဒ သူ့မှာ ဖိစီးခံနေရတုန်း
ဒုက္ခရောက်တဲ့ မိန်းမချောလေးတွေကို ကယ်တင်ချင်တယ်
ဘီလူးတစ္ဆေတွေနဲ့ တိုက်ခိုက်ချင်တယ်၊ နဂါးဂဠုန်တွေနဲ့ စစ်ခင်းချင်တယ်
ချပ်ဝတ်တန်ဆာဟောင်းနဲ့ သံချေးတက်ဓားတစင်းကို ရထားပြီ
ဆံပင်ညှပ်ဆိုင်က ခေါင်းလျှော်ဇလုံဟာ သံခမောက်ပေါ့
မြင်းပိန်တကောင်ကို တက်စီး စွန့်စားခန်းလို ခရီးထွက်ခဲ့
"သူရဲကောင်းကြီး" "သူရဲကောင်းကြီး" လို့ လူတွေပြောင်လှောင် ခေါ်ကြလေ
သူ့ကိုယ်သူ "သူရဲကောင်းကြီး" လို့ထင်လေ၊ စိတ်ကြီးဝင် ဘ၀င်မြင့်လေ
အိုးတိုးအတ လယ်သူမကလေးကို "တိုဆိုဗိုမင်းသမီး ဒူဆီးနီးယား" ဘွဲ့ပေးလက်ထပ်
လမ်းခရီးက ထမင်းဆိုင်ကို ရဲတိုက်ကြီးထင်၊ ဆိုင်ရှင်ကို လော့ဒ်မှတ်၊ သူ့ကို သူရဲကောင်းမြှောက်ခိုင်း
မြှောက်ပါပြီ သူရဲကောင်းကြီး၊ သူရဲကောင်းကြီး ၀ါးဟားဟား၊ ၀ိုင်းဟားကြ၊ ပျော်လိုက်ကြ
လယ်သမား နုံတုံတုံ၊ အတတ "ဆန်ချိုပန်ဇာ" က နောက်တော်ပါးလိုက်လုပ်
သူရဲကောင်းကြီး ဟုတ်သထက်ဟုတ်၊ ဘယ်မလဲ ဘီလူးတစ္ဆေတွေ၊ ဘယ်မလဲ ဂဠုန်နဂါးတွေ
လေဟရတ်ကြီးတွေ သရဲသဘက်ထင် တိုက်ခိုက်၊ ဒလက်တံတွေ တိုက်ချလို့
မြင်းပေါ်က ဒလိမ့်ခေါက်ကွေး ပြုတ်ကျ၊ ဒါမှ သူရဲကောင်းကြီးကွ
သိုးအုပ်ကို ရန်သူ့တပ်ထင်၊ ဓားရေးပြ၊ သိုးကျောင်းသားတွေရဲ့ တုတ်စာမိ
ပီဘိသူရဲကောင်းကြီးလေ
သိုးသားရေအိတ်ထဲက ၀ိုင်တွေကို သွေးဆိုးတွေထင် ဖောက်ထုတ်ပစ်
ဝိုင်တန်ဖိုးမသိ၊ ယဉ်ကျေးမှုကောင်း မသိ သူရဲကောင်းကြီးပ
သူရဲကောင်းကြီး ဒွန်ကွီးဇုတ်ကို မြို့စားဇနီးမောင်နှံက အရူးဘုံမြှောက်ကြပြန်ရော
နောက်တော်ပါး "ဆန်ချိုပန်ဇာ" ကို ဘုရင်ခံ ခန့်လိုက်သတဲ့၊
သူအပိုင်စားရ ရွာကလေးမှာ တရားရေးတွေ ကမောက်ကမဖြစ်၊ ရွာကလေး ပျက်ပါပြီ
ဒွန်ကီးဆုတ်နဲ့ တရွာတည်းသား "ဆန်ဆွန်ကာရက်စတို" ပေါ်လာပြီး စီးချင်းထိုးကြ
ဒွန်ကွီးဇုတ်ရှုံးလို့ ကတိအတိုင်း ရွာမှာကောင်းကောင်းပြန်နေတော့မှ အဖျားရောဂါနဲ့
သေဆုံးသွား
ဒီတော့မှ လာမန်ချာဒေသ ငြိမ်းချမ်းရေးရတော့တယ်။ ။

ပိတောက်ပွင့်သစ်မဂ္ဂဇင်း
အမှတ် ၂၄
၂၀၀၉ ခုနှစ်၊ မေလ။

ဒီနေရာမှာ စာဖတ်သူတွေအတွက် နောက်ခံလေး ရှင်းပြချင်တယ်။ ယခု ဒွန်ကွီးဇုတ်အကြောင်းရေးထားတဲ့ ၀တ္ထုက စပိန် ဘာသာနဲ့ မူရင်းစာတပုဒ်ပါ။ စပိန်စာပေရွှေခေတ်လို့ ခေါ်တဲ့ ၁၇ ရာစု (၁၆၀၄ ခု) မှာ ထွက်ပေါ်လာတဲ့ ဂန္ဓ၀င်ဝတ္ထုတပုဒ်ပါ။ ၂- ပိုင်းတွဲ ရှိတယ်ဆိုပါတယ်။ ၀တ္ထုနာမည်အပြည့်အစုံက El Ingenioso Hidalgo Don Quijote de la Mancha ("The Ingenious Hidalgo Don Quixote of La Mancha") ဖြစ်ပြီး ရေးတဲ့စာရေးသူကတော့ မင်းဂွယ် ဒီ ဆာဗန်တီးစ် Miguel de Cervantes ဖြစ်ပါတယ်။ ကဗျာထဲမှာလည်း သူ့ဇာတ်ကြောင်းပေါ်မယ် ထင်ပါတယ်။

ကျေးလက်တောက လူငယ်ကလေး၊ သူရဲကောင်းဖြစ်ချင်စိတ် စိတ်အားထက်သန်စွာနဲ့ တလွဲတွေချည်း လျောက်လုပ်နေ ပုံပါ။ ရူးရူးနှမ်းနှမ်းလိုတောင် ဖြစ်နေတယ်။ သူ့ရဲ့နောက်လိုက် သာဝက ဆန်ချိုပန်ဇာ ကလည်း ကြည်ညိုစိတ်နဲ့ထောက်ခံ နေလိုက်တာ တဖက်လူကို အရူးဘုံမြှောက်သလိုတောင် ဖြစ်စေခဲ့ပါတယ်။ ဒီဝတ္ထုကို မြန်မာဘာသာနဲ့လည်း ပြန်ဆိုထား ကြတာ ရှိတယ်ထင်ပါတယ်။

ဒီဇာတ်ကောင် ဒွန်ကွီးဇုတ်ကို အကြောင်းပြုလို့ quixotic ဆိုတဲ့ အင်္ဂလိပ်စကားလည်း ပေါ်ထွက်ခဲ့ပါတယ်။ ကျနော် ဒစ်ရှင် နာရီမှာကြည့်တော့ လေထဲတိုက်အိမ်ဆောက်သော၊ စိတ်ကူးယဉ်ဆန်သော၊ လက်တွေ့မကျသောလို့ ဖော်ပြထားပါတယ်။ ဒီထက်တော့ပိုပါတယ်။ စိတ်အားထက်သန်မှုနဲ့ တစူးစား တဇွတ်ထိုး လုပ်နေတတ်တဲ့သူမျိုးလို့လည်း ဆိုရမှာပါ။ ဒီဝတ္ထုက တော့ ဂန္ဓ၀င်ဝတ္ထုတအုပ်ဖြစ်ခဲ့ပြီး စာပေနယ်ပယ်၊ အတွေးအခေါ်နယ်ပယ်မှာပါ သြဇာလွှမ်း ထင်ရှားခဲ့ပါတယ်။ အဲသည် ခေတ်က အယူသည်းတဲ့ တရားသေ ဘာသာရေးအယူအဆ၊ အမှန်တရား သစ္စာ၊ တခုတည်းသော အမှန်တရား၊ ယုံကြည် မှုကို စိန်ခေါ်ပေါ်ထွက်ခဲ့တာပါ။ ရက်စက်တဲ့ ဟာသဖွဲ့မှု၊ လူနေမှုစနစ်အပေါ် လှောင်ပြောင်မှုလို့လည်း ယူဆခဲ့ကြပါတယ်။

ကဗျာ ဆရာက ဘာဖြစ်လို့ရေးတာလဲ။ ဒွန်ကွီးဇုတ်က ဘယ်သူဖြစ်နိုင်သလဲ။ ကိုယ်တိုင်ပဲလား...ဗိုလ်ချုပ်တွေလား... စဉ်းစားခန်း ရှည်မိကြောင်းပါ ခင်ဗျား။

Tuesday, April 28, 2009

Output နဲ့ Impact

ခုတလောမှာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုကိစ္စတွေကို ကျနော်ဖတ်ဖြစ်ပါတယ်။ အလားတူပဲ အချို့သူတွေက သင် ကြား တာ၊ ဆွေးနွေးတာတွေကိုလည်း ကျနော်လေ့လာခဲ့ရပါတယ်။ အဲသည်မှာ စိတ်ဝင်စားဖွယ်အချက်တခုကို ကျနော် လေးလေး နက်နက် စဉ်းစားလာမိတယ်။ တရက်မှာ Impact measurement (သက်ရောက်မှုကို တိုင်းတာခြင်း) ကိစ္စ သင်တဲ့ ဆရာတဦး က ဆွေးနွေးလာတယ်။ ထုတ်လုပ်မှု (Output) ဆိုတာနဲ့ (impact) ဆိုတာ ဘယ်လို ကွာခြားသလဲပေါ့။ သူက တော့ Impact ကို အရာထင်မှုလို့ ဘာသာပြန်ပါတယ်။ ဘာကွာသလဲဆိုတော့ output ဆိုတာက အခုချက်ချင်း သိသာနိုင်တဲ့ ကိစ္စတွေ၊ ဆိုပါစို့။ ကျနော်တို့က သင်တန်းတခုလုပ်တယ်။ ပြီးသွားတဲ့အခါ သင်တန်းသား ၃၀- သင်တန်း ဆင်းသွားလေသတည်းဆိုရင် output က သင်တန်းသား-၃၀ ပေါ့။ Impact ဆိုတာက ရေရှည်ကာလ အချိန်မှာမှ သိကြ ရပြီး၊ တိုင်းတာရ ခက်သလို၊ အချိန်လည်း စောင့်ကြရပါတယ်။ ဒီလူ ၃၀- က တကယ် အလုပ်လုပ်မှာလား။ သူတို့က ဘာမှ မလုပ်ကြတော့ဘဲ ပြီးပြီးပျောက်ပျောက် ဖြစ် သွားကြမှာလား။

ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ကြတဲ့အခါမှာ ဒေသတခုမှာ NGO သို့မဟုတ် အဖွဲ့တခုက ပရောဂျက်တခု ၀င်လုပ်တယ်ဆိုပါ တော့။ ပြီးတဲ့အခါ သူက ထွက်သွားမယ်။ ဒါမဟုတ် အခြား ပရောဂျက်တွေ ချဲ့ထွင်လုပ်လာမယ်။ စသဖြင့် ရေရှည်လာတဲ့ အခါ Impact (အရာထင်မှု) ကို မြင်လာကြရပါတယ်။ အောင်မြင်တာလည်း ရှိနိုင်သလို၊ မအောင်မြင်ဘဲ ဆုံးရှုံးတာတွေ လည်း တွေ့နိုင်ပါ တယ်။ အဲသည်တော့ လူမှုဝန်ထမ်းကိစ္စ လူသားချင်းစာနာမှု ကိစ္စ အကူအညီပေးကြသူတွေမှာ လိုက်နာ စောင့်ထိန်းကြရမယ့် မူအချို့ကို အချို့ပညာရှင်တွေကလည်း အကြံပြုလာကြပါတယ်။ အဲဒီမူကို သူတို့က (Do no harm) မူ လို့ ခေါ်ပါတယ်။ အဲန်ဂျီအို တွေက ၀င်လာမယ်၊ ထွက်သွားမယ်။ ပရောဂျက်တွေရောက်လာမယ်။ ပြီးသွားမယ်။ ဒါပေမယ့် ဒီလို အပြင်ကလာတဲ့ လုပ်ငန်း တွေကြောင့် ဒေသခံလူထု၊ ဒေသမှာ ကျန်ခဲ့တဲ့လူထုတွေအတွက် မထိခိုက် မနစ်နာရလေ အောင်၊ ဆိုးကျိုး အရာထင်မှုတွေ မကျန်ရလေအောင် လုပ်ဆောင်သင့်တယ်ဆိုတဲ့ မူပါပဲ။

ကျနော့်အဖို့တော့ ဆက်ပြီး စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ကျနော်တို့က အလုပ်တွေကို အားကျိုးမာန်တက် လုပ်ကြ တယ်။ ကောင်းမယ်ထင်တာတွေ လုပ်ကြတယ်။ နောက်တခါ စေတနာထားပြီး လုပ်ကြတာပါပဲ။ ဒါပေမယ့် ကျနော်တို့ မြန်မာလူမျိုးတွေ စဉ်းစားမှုက အလုပ်ရလဒ်ထက်စာရင်၊ လူတွေရဲ့ စေတနာဆိုတာတွေ၊ သူက ထည့်သွင်းအကျိုးစွန့် လုပ်ဆောင်မှုဆိုတာတွေ စဉ်းစားတတ်ကြပါတယ်။ တခါက မိတ်ဆွေတယောက်နဲ့ စကားပြောဖူးတယ်။ ကျနော်တို့ မြန်မာ လူမှုအသိုင်းအ၀ိုင်း ကိုယ်၌က လယ်ယာစိုက်ပျိုးရေးဆန်ဆန် လူမှုအသိုင်းအ၀ိုင်း၊ ခေတ်သစ် ထုတ်လုပ်မှု ယန္တယား စနစ် တွေလည်း သိပ်ပြီး မထွန်းကား နိုင်သေးတဲ့ လူမှု အဖွဲ့အစည်းမျိုးပါ။ ပြောရရင် မြန်မာနိုင်ငံမှာ စက်ရုံကြီးကြီး၊ ကုမ္ပဏီကြီး ကြီး၊ ခေတ်မီ အုပ်ချုပ်ရေး စနစ် ဆိုတာမျိုးက သိပ်မထွန်းကားလှသေးပါဘူး။ မိသားစု လုပ်ငန်း၊ လုပ်ငန်းခပ်သေးသေး နဲ့ အတိုင်းအတာ ခပ်သေးသေးနဲ့ သွားနေတုန်းပါ။ အဲသည်တော့ စဉ်းစားပုံလည်း ကွာလာပါတယ်။ ကျနော့်မိတ်ဆွေက ပြောပါတယ်။ "မြန်မာတွေက output (ရလဒ်) ထက်စာရင် (input) ထည့်သွင်းမှုကို ပိုလို့ အလေးပေး စဉ်းစားတတ်တယ်" လို့ သူက ပြောပါတယ်။

"ဆိုလိုတာက သူက ထောင်ကျ၊ အကျဉ်းကျ လုပ်ခဲ့တာ။ သူ့ဘ၀ တလျှောက်လုံးကို စွန့်လွှတ်ပေးဆပ်ခဲ့တာ။" " သူက စေတနာ အပြည့်နဲ့ လုပ်ခဲ့တာပဲလေ" "ကျုပ်တို့ တပ်မတော်သားတွေက အသက်သွေးချွေးနဲ့ တိုင်းပြည်ကို ကာကွယ် ထားရတာ" စသဖြင့် ထည့်သွင်းမှု (input) ကို ပိုအလေးပေး ကြည့်ပါတယ်။ အလုပ်ရလဒ် မကောင်းရင်တောင် ဖြေတွေး တွေးပါတယ်။ ရှိမယ်လေ။ သူက စေတနာနဲ့ လုပ်ခဲ့တာပဲ၊ မပြောပါနဲ့တော့ ဆိုတာမျိုး ဖြစ်လာပါတယ်။

အနောက်နိုင်ငံတွေမှာ ကျနော်ကြုံခဲ့ရတာက ရလဒ်၊ ထုတ်လုပ်နိုင်မှုကို ပိုကြည့်တဲ့ လူမှုအသိုင်းအ၀ိုင်း ဖြစ် လာပါတယ်။ (Performance) စွမ်းဆောင်နိုင်မှုကို ပိုမို တန်ဖိုးထားတဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာတယ်။ သူတို့မှာက ခင်ဗျားရဲ့ စေတနာ တွေ၊ ဘာတွေကို နားမလည်ပါဘူး။ အလုပ်ကောင်းရင် တက်၊ အလုပ်မကောင်းရင် နား၊ အကျိုးအမြတ်မရှိရင် မရှိတဲ့ အဲဒီ အပိုင်းကို ဖြတ်ချ၊ ဖြုတ်ပစ်၊ ဒီလို လူမှုအသိုင်းအ၀ိုင်းမျိုး ဖြစ်လာပါတယ်။ တကယ်တော့ input, output, outcome, impact တို့ ဆိုတာက စက်ရုံတွေက၊ စက်ရုံတွေ စီမံခန့်ခွဲမှုတွေဆီက လာတဲ့ ဝေါဟာရ၊ စကားလုံးတွေပါ။ ဒီကိစ္စတွေက နောက်ပိုင်းတော့ စီမံခန့်ခွဲမှု ဆိုင်ရာ သဘောတရား၊ စဉ်းစားပုံတွေ ဖြစ်လာပါတယ်။

အဲသည်မှာပဲ ရေရှည်ဖြစ်လာတဲ့ အရာထင်မှုတွေကိုလည်း ကျနော်က စဉ်းစားကြည့်မိပြန်ပါတယ်။ ဆိုပါစို့ .... ကျနော်တို့ နိုင်ငံ က စစ်အစိုးရက အခုဆိုရင် အုပ်ချုပ်လာတာ နှစ် ၂၀ ကျော်လာပြီဆိုတော့ အရာထင်မှု (Impact) တွေကလည်း မြင် သင့် သလောက်တော့ မြင်ရလာပါပြီ။ အဲသည်မှာ စစ်အစိုးရရဲ့ (output) နဲ့ (Impact) ကို ကျနော် ချိန်ဆကြည့်မိပါတယ်။

မြန်မာစစ်အစိုးရက ပြောပါတယ်။ ဒီနေ့ကာလမှာ ဆေးရုံသစ် ၂၀၈ ခု တည်ဆောက်ခဲ့တယ်၊ စုစုပေါင်းဆေးရုံ ၈၃၉ ရှိလာ တယ် ဆိုပါတယ်။ ဆေးရုံ ၁၆၇ ခုကို အဆင့်မြှင့် တိုးချဲ့ခဲ့တယ် ပြောပါတယ်။ (၁၉၈၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ) အထက် တန်းကျောင်း ၁၉၀% တိုးတက်လာခဲ့တယ်။ အလယ်တန်းကျောင်း ၅၃. ၈% တိုးတက်လာခဲ့တယ်။ ဆရာ အရေအတွက် ၄၉. ၃% တိုးတက် လာခဲ့တယ်။ ကျောင်းအပ်မှု ၄၉. ၆ % တိုးတက်လာခဲ့တယ်။ စာတတ်မြောက်မှု ရာခိုင်နှုန်း ၉၄. ၇၅% မူလတန်း ကလေး ကျောင်းအပ်မှု ရာခိုင်နှုန်း ၉၈. ၀၁% တိုးတက်လာတယ်။

အဆင်မြင့် ပညာရေးကဏ္ဍမှာ တက္ကသိုလ်/ ကောလိပ် ၃၂ ခုမှ ၁၅၆ ခု ရှိလာခဲ့တယ်။ ကောလိပ် ၅၆ ခုကို တက္ကသိုလ် အဆင့် တိုးမြှင့်ပေးခဲ့တယ်။ တက္ကသိုလ်ကျောင်းသား အရေအတွက် အတိတ်က ၁၃၀,၀၀၀ ကနေ ယခုကာလ ၅၂၀,၀၀၀ အထိ ကျောင်းတက်နိုင်ခဲ့တယ် ပြောပါတယ်။

၁၉၈၈ ခုနှစ်မှ စတင်လျှင် တက္ကသိုလ် ကျောင်းသား ၁,၃၆၀,၀၀၀ ကို ဘွဲ့ရမွေး ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးရေးရာကိစ္စ ဆိုရင်လည်း အမျိုးသမီးရေးရာ အဖွဲ့ချုပ် (MNWCWA) ကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့တယ်။
Convenion on the Elimination of All Forms of Discrimination against Women (အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်ဆက်ဆံခြင်း အဆုံးသတ်စေရေး နိုင်ငံတကာ သဘောတူညီချက်) ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုး အဖွဲ့ ၀င်ခဲ့တယ် ဆိုပါတယ်။

ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း ကြည့်ဦး။ အထူးဖွံ့ဖြိုးရေးဒေသ ၂၄ ခုနှင့် နယ်စပ်နှင့် တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးရေးမူ များ ချမှတ်ကျင့်သုံးခဲ့။
ဆည် (၂၀၄) ခု
မြစ်ရေတင်စီမံကိန်း (၃၀၅) ခု
စက်ရေတွင်း (၇,၅၆၉) နှင့် ရေလှောင်ကန်
(၁,၀၂၃) ဆောက်လုပ်ခဲ့။

၁၉၈၈ တွင် ရေသွင်းစိုက်ဧက ၁. ၄၈၇ သန်းမှ ယခုအခါ ၄. ၉ သန်းရှိလာခဲ့။
၁၉၈၈-၈၉ မှာ စပါးစိုက်ဧက၁၁. ၈၁ သန်း၊ စပါးထွက် ၆၃၀ တင်းသန်းမှ ယခုအခါ တင်းသန်း ၈၀၀ ထွက်ရန် လျာထား။
စက်မှုကဏ္ဍ။ ၂၅% နှစ်စဉ် ဖွံ့ဖြိုးမှုနှင့် တိုးတက်ရန် လျာထား။
အမျိုးသားလမ်းမကြီး။ ၁၉၈၈ မှာ ကတ္တရာ ခင်းလမ်းအရှည် မိုင် ၂၁,၀၀၀ မှ ယခုအခါ ၇၀,၇၆၄ မိုင် ဖြစ်လာ။
လေကြောင်း။ အရှည် ပေ ၅၀၀၀ ရှည် လေယာဉ်ကွင်း ၂၁ ခုမှ ယခုအခါ ၃၈ ကွင်း ဖြစ်လာ။
လျှပ်စစ်။ အတိတ်က ၅၆၈ မဂ္ဂါဝပ်သာ ထုတ်ရာမှ ယခုအခါ ၁,၆၁၆ မဂ္ဂါဝပ် ထုတ်နိုင်။ ရေအားလျှပ်စစ်စက်ရုံ ၂၃ ခု တည်ဆောက်နေ။ လျာထား။ ၎င်းတို့မှ လျှပ်စစ် ၁၁,၀၀၀ မဂ္ဂါဝပ် ထုတ်နိုင်မည်။

ဒါတင်မကသေးပါဘူး။ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေကိုလည်း ကြည့်ပါ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တိုင်းရင်းသား ၁၇ ဖွဲ့နှင့် ရယူနိုင်ခဲ့။
လမ်းပြမြေပုံ တဆင့်ပြီးတဆင့် ပြီးမြောက်ခဲ့တယ် ဆိုပါတယ်။
ကျနော်ပြောတဲ့ အချက်တွေက ဗိုလ်ချုပ်သန်းရွှေ မိန့်ခွန်းတခုက ကောက်ယူထုတ်ထားတာပါ။ ဒါပေမယ့် ဖွံ့ဖြိုးရေး ရှင်းတမ်း ပြန်လုပ်ကြည့်ကြပါစို့။ HIV/ AIDS လူနာတွေက အများကြီး၊ အခြားကူးစက်ရောဂါတွေကလည်း ခြိမ်းခြောက် နေကြပြီ။ လူတွေကလည်း မွဲပြာကျနေပြီ။ ထိုင်းနိုင်ငံမှာ ထွက်ပြီး အလုပ်လုပ်နေကြတဲ့ လူတွေတောင် သန်းနဲ့ချီ ရှိနေပါပြီ။ မီးကလည်း ပျက်လိုက်တာ၊ လမ်းတွေကလည်း ပျက်လိုက်တာ။ ပညာရေးကလည်း ချွတ်ခြုံကျလို့။ မြန်မာနိုင်ငံမှာ မနေချင် ဘဲ နိုင်ငံခြားထွက်ခွင့်ရရေး နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေသူများကလည်း ဒုနဲ့ဒေးလို့ ပြောကြပါတယ်။ လာဘ်စားမှုတွေက လည်း ကြောက်ခမန်း၊ တရားဥပဒေစိုးမိုးမှုကလည်း ယိုယွင်းလာ။ ရန်ကုန် မြို့လည်ကောင်မှာတောင် ၄-၅ လောင်းပြိုင် လူသတ်မှုတွေ၊ လက်သည် ရှာမတွေ့တာတွေ ဖြစ်လာပါတယ်။ စစ်အစိုးရ အုပ်ချုပ်ရေးရဲ့ Impact (အရာထင်မှု) ကို နှစ် ၂၀ ကြာလာတဲ့အခါ သိသာလာပါပြီ။ ကိန်းဂဏန်းတွေ ဘယ်လိုပြပြ၊ ရေရှည်လာတဲ့အခါ သိသာလာပါပြီ။ ထင်ရှား မြင်သာလာ ပါတယ်။ ဖုံးမရ ဖိမရနိုင်လောက်အောင် ဖြစ်လာပါတယ်။

စစ်ပွဲတွေမှာလည်း ရှိပါတယ်။ တခါတလေ တိုက်ပွဲငယ်တခု နိုင်တယ်။ ၂-ခု နိုင်တယ်။ ဒါပေမယ့် စစ်ပွဲကြီး တခုလုံး ရှုံးသွား ရတယ်ဆိုတာမျိုး ပြောကြတဲ့ ဥပမာတွေလည်း ရှိပါတယ်။ အရာရောက်မှုဆိုတာ ချက်ချင်း မြင်သာဖို့ ခက်သား မဟုတ် လား။

ကဲ... ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကရော။ ကျနော် ဆက်စဉ်းစား ကြည့်နေမိတယ်။ တချို့လူတွေက စေတနာ ထားမှု၊ စွန့်လွှတ်မှုတွေနဲ့ တိုင်းတာနေကြတုန်းပါပဲ။ စွန့်လွှတ်သူတွေ မရှိရင်၊ အပြောင်းအလဲ ဖြစ်ဖို့ လုပ်မယ့်သူတွေ မရှိ ရင် အပြောင်း အလဲတွေက ပိုကြာတတ်တယ်ဆိုတာကို ကျနော် လက်ခံပါတယ်။ (Change maker) လို့ ခေါ်တဲ့ အပြောင်း အလဲ ဖြစ်ရေး ကြိုးပမ်းနေသူတွေက နည်းပေါင်းစုံနဲ့ ကြိုးပမ်းကြတဲ့အခါ လူမှု အဖွဲ့အစည်းကြီးတခုလုံး ပြောင်းလဲ တိုးတက် သွားကြတာလည်း သမိုင်းမှာ မြင်ခဲ့ကြရပါတယ်။ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ impact တွေကို ကျနော် စဉ်းစားမိတာ ဒီနေရာမှာ မဖော်ပြ လိုတော့ပါဘူး။ စာဖတ်သူတွေသာ စဉ်းစားပါတော့။ တကယ်ရော Impact တွေ စဉ်းစားမိနိုင်ကြပါ့ဦး မလား။ ကျနော် စဉ်းစားနေမိပါတယ်။ စက်ရုံတွေ ရှုံးရင် ပိတ်လိုက်လို့ရတယ်။ ဒုက္ခသည်စခန်းတွေက အကျိုးအမြတ် မထွက်ဘူးဆိုပြီး ပိတ်လိုက်လို့တော့ မရဘူးပေါ့။ ကွဲလွဲတဲ့ သဘော သဘာဝကိုလည်း ကျနော်စဉ်းစားမိပါတယ်။

တချိန်က တောထဲမှာ ကာလကြာရှည် ရုန်းကန်နေရင်း ကျနော် စာတအုပ်ကို ဖတ်မိရာက ရလာတဲ့ စာသားလေးကို ဒိုင်ယာရီရဲ့ ထိပ်မှာ ကူးရေးပြီး၊ ကိုယ့်ဘာသာ အားတင်းထားမိပါတယ်။ အကြောင်းက ဘုရားလောင်း မဟာဇနက္က ဇာတ်လမ်းကို ဥပမာယူ ရေးထားတာပါ။ ကျနော်မှတ်မိသေးတဲ့ စာသားလေးက "ကမ်းမမြင် လမ်းမမြင်မှာ ကူးခတ် ရုန်းကန်နေတဲ့ မဟာဇနက္ကက သွေးရူးသွေးတန်း လုပ်နေတာမဟုတ်။ သူလုပ်စရာရှိတဲ့ တခုတည်းသော လုပ်ငန်းကို အာရုံထား တစိုက်မတ်မတ် လုပ် ဆောင်နေခြင်းသာ" ဆိုတဲ့ စာသားလေးပါ။ ကံကောင်းချင်တော့ မဟာဇနက္ကဇာတ်မှာ တော့ ကယ်မယ့်သူ မေခလာ ရောက် လာခဲ့ပါတယ်။ တချိန်က ကြိုက်လွန်းလို့ ကျနော့်ဒိုင်ယာရီထဲမှာ ကူးရေးထားတဲ့ စာသားလေးကို ပြန်ပြောတာပါ။ ဇနက္က လို ဇွဲနဘဲနဲ့ ကူးခတ်နေသူတွေလည်း အများကြီး ရှိနိုင်ပါသေးတယ်။ အရာထင်မှု အတွက်ကို ဆုတောင်းမိပါရဲ့။

ယောဟန်အောင်
၂၈ ဧပြီ ၂၀၀၉။

Sunday, April 12, 2009

ခေတ်ပြိုင်အမြင်၊ မြန်မာပြည်အတွက် မေးခွန်းများနဲ့ ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (စာအုပ်ဝေဖန်ချက်)

အမေရိကန်ပြည် အနောက်ဖက်ကမ်းမှာ ထုတ်ဝေတဲ့ မန္တလေးဂေဇက် သတင်းစာ (www.mandalaygazette.com) က ဦးသန့်မြင့်ဦးရဲ့ The River of Lost Footsteps စာအုပ်ကို စာအုပ်ဝေဖန်ချက် သဘောမျိုးတောင်းလာခဲ့ပါတယ်။ သူတို့က ခပ်တိုတို အနှစ်ချုပ် ဖော်ပြပေးပါလို့ ပြောပါတယ်။ ခပ်တိုတို ဆိုတော့ သတင်းစာ ၂-စောင်စာ ဖြစ်သွားရပါသေးတယ်။ ကျနော်ကတော့ ဒီစာတအုပ်နဲ့ လုပ်စားနေတယ်လို့ ထင်ကြပါတော့မယ်။

အခုသတင်းစာမှာ ဖော်ပြထားတဲ့ စာမူကို ပြန်လည်ဖော်ပြပေးပါတယ်။ ဖော်ပြပေးတဲ့ မန္တလေးဂေဇက်သတင်းစာ အယ်ဒီတာ အဖွဲ့ သားတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြပါရစေ။ အားလုံး ပျော်ရွှင်ဖွယ်သင်္ကြန် ဖြစ်ပါစေဗျာ။


(၁)
RFA ရေဒီယို မြန်မာအစီအစဉ်မှာ "မိတ်ဆွေများအတွက် စာလက်ဆောင်" ဆိုပြီး ဦးသန့်မြင့်ဦးရဲ့ ပျောက်ဆုံးသွားတဲ့ ခြေရာ တွေရဲ့ မြစ်တစင်း (The River of Lost Footsteps: A Personal History of Burma, Farrar, Straus and Giroux, New York, 2006.) ဆိုတဲ့ စာအုပ်ကို မိတ်ဆက်ပေးနေခဲ့တယ်။ စာအုပ်ဝေဖန်ချက်ထက်စာရင် စာအုပ်ကို ပြန်ပြောပြနေတာနဲ့တော့ ပိုဆင်တူလိမ့်မယ်။ အလုပ်သဘောအရ ဖတ်ရတော့ ပိုလို့သေချာဖတ်ဖြစ်တယ် ဆိုရမယ်။ မန္တလေးဂေဇက် သတင်းစာက ဒီစာအုပ်အကြောင်း ခြုံပြီး ဝေဖန်ချက်ရေးပေးပါလို့ မေတ္တာရပ်ခံလာခဲ့ပါတယ်။ ဒီလိုနဲ့ ဦးသန့်မြင့်ဦးရဲ့ စာအုပ်အပေါ် ကျနော် အမြင်ကို ရေးဖြစ်ပါတယ်။

ဦးသန့်မြင့်ဦး စာအုပ်ဖတ်စဉ်မှာ အချို့စာအုပ်တွေကိုလည်း တိုက်ဆိုင်ဖတ်နေရသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချို့ သမိုင်း အရ အမည်တွေ၊ မြန်မာအသံထွက်တွေကို မလွဲစေချင်ဘူး။ နောက်တချက်က ကျနော်ကိုယ်တိုင်လည်း အချို့ကိစ္စ တွေကို ပိုပြီးသိချင်လာလို့ ဖြစ်ပါတယ်။ ကျနော်က သမိုင်းပညာရှင် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကြောင့် မြန်မာ့ သမိုင်းကို ပိုပြီး စိတ်ဝင်စားလာမိတယ်လို့ ပြောရပါလိမ့်မယ်။ ဒီစာအုပ်ဖတ်နေချိန်မှာပဲ ဗန်းမော်တင်အောင်ရဲ့ ကိုလိုနီခေတ် မြန်မာနိုင်ငံ သမိုင်း၊ စာရေးဆရာပေါင်းစုံ ရေးထားတဲ့ ပုဂံ၊ ဒေါက်တာသန်းထွန်းရဲ့ ထွေထွေရာရာ မြန်မာ့သမိုင်း၊ အသစ်မြင် မြန်မာ့သမိုင်း၊ မြန်မာမင်းများ အရေးတော်ပုံ (အရေးတော်ပုံ ၆-စောင်တွဲ)၊ ဦးခင်မောင်ရင် (မဟာဝိဇ္ဇာ) ရဲ့ ခေတ်မြန်မာ တည်ဟန်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီထုတ် အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း (၁၉၇၀)၊ ဦးညိုမြရဲ့ ကုန်းဘောင်ရှာပုံ တော်၊ အပါအ၀င်၊ ဆရာမြသန်းတင့်ရဲ့ "တောင်သမန် ရွှေအင်းက လေညှင်းဆော်တော့" စသဖြင့် သမိုင်းစာအုပ်တွေကိုပါ ဖတ်ဖြစ်ခဲ့တယ်။ ဒီဖက်ခေတ်ကျတဲ့ စာအုပ်တွေဆိုရင် ဦးနုရဲ့ တာတေစနေသား၊ ၅-နှစ်ရာသီ မြန်မာပြည်၊ စစ်အစိုးရ တက် လာပြီးမှ ထုတ်တဲ့ မြန်မာ့နိုင်ငံရေး (၁၉၅၈-၆၂) ၃- အုပ်တွဲ စတဲ့ စာအုပ်တွေကိုလည်း ပြန်လှန်ဖြစ်ပါတယ်။ တူတဲ့အချက် တွေ တွေ့သလို၊ ကွဲလွဲနေတာတွေလည်း ဖတ်ခဲ့ရတယ်။

(၂)
ခြုံပြောရရင် ကျနော်ဒီစာအုပ်ကို ကြိုက်ပါတယ်။
ပထမအချက်က စာအုပ်ကို ဖတ်ချင်စဖွယ်ဖြစ်အောင် ပုံပြင်တွေ၊ ကိုယ်ရေးဇာတ်ကြောင်း စသဖြင့်နဲ့ ရှေ့နောက် အဖြစ် အပျက် တွေ လွန်းထိုးချယ်လှယ်ထားတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ စာရေးသူရဲ့ အဖိုး ဦးသန့်၊ ဦးသန့်ရဲ့ ရှေးမျိုးရိုးစဉ်ဆက် မိသားစု အကြောင်းတွေနဲ့လည်း ယက်ဖောက်လို့ စာအုပ်ကို သယ်ယူသွားခဲ့တယ်။ လူတဦး အကြောင်းနဲ့ ချုပ်ရိုးသဖွယ် သီဆက်သွားပေမယ့်၊ မျိုးရိုးအဆက်ဆက် ဖြတ်သန်းခဲ့ရတဲ့ မြန်မာ့သမိုင်းကိုတော့ ပေါ်လွင်ထင် ရှားပါတယ်။

ဒုတိယအချက်က ခေတ်ပြိုင်အမြင်တွေကို ဆက်စပ်တင်ပြထားတယ်။ ကျနော်တို့ ငယ်စဉ်က သမိုင်းကို သင်ခဲ့ရာမှာ မြန်မာ့ သမိုင်းက သက်သက်၊ ဒေသနဲ့ ကမ္ဘာ့အခြေအနေ သမိုင်းတွေက သက်သက် ဖြစ်နေခဲ့တယ်။ မဆက်စပ်မိကြဘူး။ အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့တဲ့ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်သလို၊ အခြားယှဉ်ဖတ် စရာ သမိုင်းစာအုပ်တွေနည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မိတ်ဆွေတယောက်က သူ့အတွေ့အကြုံကို ပြောပြတာ သတိရမိသေးတယ်။ တခါမှာ သူက အင်္ဂလန်မှာရှိတဲ့ ဗြိတိသျှ စစ်သမိုင်း ပြတိုက်တခုကို သွားလေ့လာခဲ့တယ်လို့ ပြောတယ်။ အဲသည်ရောက်တဲ့အခါ ကျနော်တို့ သမိုင်းမှာ သိနေတဲ့ ပထမ၊ ဒုတိယ၊ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ ၃-ကြိမ်နဲ့ ဗြိတိသျှတွေ ကိုလိုနီပြုပြီးတဲ့နောက် ရဲရဲတောက် မြန်မာတွေခုခံ ခဲ့ကြတဲ့ စစ်ပွဲတွေကို မတွေ့ရတော့ သူက မကျေနပ်ဖြစ်မိတယ်လို့ ပြောပါတယ်။ ကျနော်တို့မှာတော့ သမိုင်းမှာ နာကျည်း လိုက်ရတာ၊ ကျနော်တို့ သူရဲကောင်းတွေကလည်း ရဲရဲတောက် ခုခံလိုက်ရတာ၊ ဗြိတိသျှတွေလည်း မြန်မာသူပုန်တွေကို နှိမ်နင်းဖို့ နှစ်အတန်ကြာ လုံးပမ်း လိုက်ရတာ။ ဘာဖြစ်လို့ ဒီစစ်သမိုင်းပြတိုက်မှာတော့ မရှိလေသလဲပေါ့။ တကယ်တော့ ပြန်လေ့လာ လိုက်တဲ့အခါ ကျနော်တို့ မြန်မာပြည်ကို ကျွန်လာပြုသွားတာက အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးရဲ့ တော်ဝင် စစ်တပ် မဟုတ်ပါဘူး။ ကျနော်တို့ တိုက်ခဲ့ရတာက ဗြိတိသျှ စစ်တပ်နဲ့မှ မဟုတ်ပဲကိုး။ ကျနော်တို့ တိုက်ခိုက်ခုခံခဲ့ရတာက အဲသည်အချိန်က ၀န်ထမ်း ၁ သိန်း ကျော်ရှိနေတဲ့ အရှေ့-အိန္ဒိယကုမ္ပဏီ (East Indies Co.) ရဲ့ စစ်တပ်တွေနဲ့ တိုက်ခိုက်ခဲ့ရ တာ ဖြစ်ပါတယ်။ ကျနော်တို့ ကုန်းဘောင်မင်းဆက်ကာလ ဘုန်းမီးနေလ တောက်ပနေစဉ်မှာ မင်းအပေါင်းကို အောင်နိုင် သူ၊ မိမိဘာသာ အင်ပိုင်ယာ ပြည့်ရှင်အဖြစ် အိမ်နီးချင်း မဏိပူ၊ အာသံ၊ ရခိုင်၊ ဆိုင်ယမ် စသဖြင့်ကို နယ်ချဲ့သိမ်းပိုက်လို့ ကျေနပ်နေခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့တ၀ှမ်း ဖြစ်နေတဲ့ အခြေအနေ၊ ကြီးထွားလာနေတဲ့ ကမ္ဘာ့နယ်ချဲ့ကုမ္ပဏီကြီးတွေ ကို မျက်ခြေပြတ်ခဲ့ကြတယ် မဟုတ်လား။

ဒီလိုသမိုင်းဖြစ်ရပ်တွေကို ဦးသန့်မြင့်ဦးက သူ့စာအုပ်မှာ မြင်လွယ်တဲ့ ဥပမာတွေနဲ့ တင်ပြခဲ့ပါတယ်။ မန္တလေးနန်းမြို့ကို မင်းတုန်းမင်းကြီးက ၁၈၅၇ ခုနှစ်မှာ တည်ခဲ့ပါတယ်။ ဗေဒင်ကိန်းခမ်းတွေကြောင့်ပဲဆိုဆို၊ အခြား အကြောင်းကြောင့်ပဲ ဆိုဆို မန္တလေးနန်းတော်တည်နေတဲ့ အချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ မေစီ (Macy) ကုန်တိုက်ကြီး စဖွင့်နေပြီ ဆိုတာမျိုး နှိုင်းယှဉ်တင်ပြခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ နေပြည်တော်မြို့သစ်တည်နေချိန်မှာလည်း နိုင်ငံတကာမှာ အထီးကျန် ပိတ်ဆို့ခံထားရတယ်ဆိုတဲ့ အီရန်၊ မြောက်ကိုရီးယားကတောင် ဂြိုဟ်တုလွှတ်တော့မယ့် အချိန်၊ အခြား နိုင်ငံ တွေကလည်း ဇီဝင်အင်ဂျင်နီယာ ပညာတွေ၊ နာနိုတက္ကနိုလိုဂျီ စသဖြင့် ပညာတွေနဲ့ တိုးတက်ဖို့ ကြိုးပမ်းနေကြတယ် မဟုတ်လား။ သင်ခန်းစာ ယူစရာပါပဲ။

အလားတူပဲ ကျနော်ငယ်ငယ်က သမိုင်းမှာ အမှတ်မှားခဲ့တာကို ပြန်တွေးလို့ ရှက်မိပါသေးရဲ့။ ကျနော်ထင်တာက သမိုင်းမှာ သင်ကြားခဲ့ရတဲ့အတိုင်း ရဲဘော်သုံးကျိပ်တွေက အင်္ဂလိပ်တွေကို တော်လှန်ထုတ်လိုက်တာ၊ တခါ ကျနော်တို့က မတ်လ ၂၇ ရက်မှာ ဗိုလ်ချုပ်က သူ့တပ်တွေကို "အနီးစပ်ဆုံး ရန်သူကို ရှာတိုက်ကြ" လို့ မိန့်ခွန်းပေးပြီး ဂျပန်တွေကို ပြန်တိုက်ထုတ် ပြီးခါမှ အင်္ဂလိပ်တွေက စက္ကူဖြူစီမံကိန်းနဲ့ အခန့်သားဝင်လာပြီး နေရာယူကြတာ ရိုင်းလိုက်တာလို့ ထင်ခဲ့ပါသေးတယ်။ ကျနော်တို့ သမိုင်းသင်ခန်းစာတွေကလည်း ဒီလိုပဲ သင်ခဲ့ကြရတယ် မဟုတ်လား။ တကယ်ကတော့ ဂျပန်အမှတ် ၁၅- တပ်မတော်ကြီးက ကျူးကျော်လာလို့ ဗြိတိသျှတွေ ဆုတ်ကြရတာပါ။ အဲသည်အချိန်က မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဗြိတိသျှ ကိုလိုနီအစိုးရက ဘယ် လောက်ပြင်ဆင်မှု မရှိသလဲဆိုရင် လာဗုံးကြဲနေတဲ့ ဂျပန်လေယာဉ်တွေကို ပစ်ဖို့ စက်သေနတ်ကြီး တောင် ရန်ကုန်မှာ ရှိမနေ ခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်က အဲသည်အချိန်က ဂျပန်ရဲ့ စစ်ဆင်ရေးမှာ တစိတ် တပိုင်းအနေနဲ့ ရှေ့တန်းတင် အသုံးချလာတာ၊ ကျန်တဲ့ နောက်ခံ ဒုတိယကမ္ဘာ့စစ် အခြေအနေနဲ့ မဆက်စပ်မိခဲ့ကြပါဘူး။

အဲသည်အချိန်က မြန်မာနိုင်ငံကို လာရောက်သိမ်းပိုက်ခဲ့တဲ့ ဂျပန်တပ် က အင်အား ၃-သိန်းလောက် ရှိတယ် ဆိုပါတယ်။ ဒီဂျပန် တပ်တွေက နောက်ပိုင်း ၁၉၄၄ မတ်လမှာ အိန္ဒိယဖက်ကို ဆက်နယ်ချဲ့ပါတယ်။ မဏိပူ၊ အာသံ၊ နာဂလန်း ဒေသ ဖက်ကို ချဲ့ရတဲ့ အကြောင်းကလည်း ရှိပါသေးတယ်။ အမေရိကန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲခဲ့ပြီးနောက် စစ်ထဲဝင်လာပါပြီ။ ဥရောပမှာ လည်း ဂျာမဏီက စတင်ဆုတ်နေရပါပြီ။ ပစိဖိတ်ကျွန်းတွေမှာလည်း ဂျပန်တွေက တကျွန်းပြီးတကျွန်း ဆုတ်နေ ရပါပြီ။ သည်အချိန်မှာ တကယ်လို့ တချိန် အပစ်ရပ်ရရင်တောင် ဂျပန်က အိန္ဒိယကို သိမ်းထားပြီး၊ အသာစီးစင်ပေါ်က ဆွေးနွေးနိုင်ဖို့ အကြံနဲ့ စတင် ကျူးကျော်ခဲ့တာပါ။ အဲသည်မှာ ဂျပန်ဗိုလ်ချုပ် ရီညာ မူတာဂူချီ ဦးဆောင်ပြီး တပ်အင်အား ၂ သိန်း ကျော်နဲ့ ထိုးစစ်ဆင်ပါတယ်။ ဗြိတိသျှတွေက မဟာမိတ်တပ်သား ၅ သိန်းကျော်နဲ့၊ အကူလုပ်သား သန်းကျော်၊ ယာဉ် ယန္တယားပေါင်း ၅ သောင်းကျော်အပြင်၊ ဆင်တွေပါ စုဆောင်းလို့ ခုခံစစ် ဆင်ခဲ့ပါတယ်။ ဗြိတိသျှမဟာမိတ်တပ်တွေဖက်က တပ်မှူး ဆာ-ဝီလီယံ စလင်းက ကွပ်ကဲပါ တယ်။ ဗြိတိသျှ မဟာမိတ်တပ်တွေနဲ့ ဂျပန်တပ်တွေ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။

ဒီပွဲအပြီးမှာတော့ ဂျပန်က စစ်စလန်ပါတော့တယ်။ ဂျပန်ဖက်က ၈ သောင်းကျော်သေပြီး၊ အင်္ဂလိပ် မဟာမိတ်တပ်တွေဖက် က ၁၇,၀၀၀ သေဆုံးပါတယ်။ ဒီတိုက်ပွဲအပြီးမှာတော့ ဗြိတိသျှတပ်တွေက ဆုတ်လာတဲ့ ဂျပန်တပ်တွေနောက်ကို ဗြိတိသျှ တွေရဲ့ အမှတ် ၁၄ တပ်မတော်က လိုက်လာပါတော့တယ်။ မြန်မာပြည် ပြန်သိမ်းတဲ့ စစ်ပွဲမှာ အမှတ် ၁၉- အိန္ဒိယ တပ်မ၊ အမှတ် ၄- ဂေါ်ရခါးတပ်မ၊ ကနေဒါ၊ အမေရိကန် မဟာမိတ်တပ်တွေ စသဖြင့် ဒီဝီဇံ (division) တပ်ကြီးတွေ၊ တင့်ကား၊ လေယာဉ်တွေ၊ အမြောက်ကြီးတွေနဲ့ ထိုးစစ် ဆင်ခဲ့တာပါ။ အနောက် အာဖရိက ဒီဝီဇံတွေကလည်း ရခိုင်ဖက်က ထိုးစစ် ဆင်ပါတယ်။ မြန်မာပြည်မှာ ရောက်ခဲ့တဲ့ ဂျပန် စစ်သား ၃-သိန်းမှာ ၁၈၅, ၀၀၀ က မဟာမိတ်တပ်တွေ သတ်လို့ သေတယ် ဆိုပါတယ်။ ဂျပန် ၅,၀၀၀ လောက်က ငှက်ဖျား၊ အနာရောဂါနဲ့ သေဆုံးရပါတယ်။ ၅ သောင်းပဲ ဂျပန်ကို ပြန်ရောက်ပါတယ်။

မြန်မာပြောက်ကျားတွေ တိုက်လို့ သေတာက ၂၂,၀၀၀ ရှိတယ် ဆိုပါတယ်။ မြန်မာပြောက်ကျားတွေ ဆိုရာမှာ ဘီအိုင်အေ သာမက၊ ကရင်ပြောက်ကျားတွေ ရှိနေတာကိုပါ ထည့်တွက်ရမှာပါ။

ဒါပေမယ့်လည်း ယနေ့ကာလတိုင် အဖွဲ့အစည်းတွေက ဖက်ဆစ်တော်လှန်ရေးလို့ ပြောတဲ့အခါ ကွန်မြူနစ်ပါတီ၊ ဘီအိုင် အေ၊ မျိုးချစ်တွေက ယူဂျီတွေ စည်းရုံး၊ ဖဆပလကိုဖွဲ့၊ ဂျပန်ကို တိုက်ထုတ်နိုင်လိုက်တယ် ဆိုတာမျိုး ပြောနေတာမျိုး အကြိမ်ကြိမ် ကြားနေရပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလရဲ့ ကြိုးပမ်းချက်တွေကို အထင်မြင်သေး၊ လျှော့ချချင်လို့ ရေးတာ မဟုတ်ပါ။ ကျနော်တို့ သမိုင်းကို ပိုလို့ အမြင်ကျယ်သင့်တယ်ဆိုတာ တွေးလာမိလို့ ရေးမိတာပါ။

ဒီစာအုပ်ကို ကြိုက်တယ်လို့ ပြောရာမှာလည်း ဒီလို ခေတ်နဲ့ယှဉ် ဖော်ပြထားတဲ့ သမိုင်းတွေကို ဖတ်ရလို့ နှစ်သက်မိတာပါ။
ဒါပေမယ့် မှားနေတဲ့ အချက်၊ ကွဲလွဲချက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

(၃)
ဒါပေမယ့် မှားနေတဲ့ အချက်၊ ကွဲလွဲချက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။
ပုဂံခေတ်အကြောင်း ဖော်ပြချက်နဲ့ မြန်မာလူမျိုးတွေအကြောင်း အစောပိုင်း ဖော်ပြချက်တွေမှာ အခြား ပညာရှင်တွေနဲ့ ကွဲလွဲတာတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် ပုဂံသမိုင်းဟာ တုတ်ထမ်း၊ ဒါးထမ်းပြောရတယ် ဆိုတာမျိုး စကားပုံတောင် ရှိဖူးလေတော့ ဒီလိုကွဲလွဲချက်တွေအတွက် အပြစ်ဆိုရမှာ ခက်ပါတယ်။

နောက်တခါ ရခိုင်မင်းနေပြည်တော် မြောက်ဦးကို (Monkey-Egg) လို့ ဘာသာပြန်တာမျိုးတွေ့ရပါတယ်။ ဒါတွေကလည်း ရခိုင်သမိုင်းတွေနဲ့ ကွဲလွဲနေတယ်လို့ ဆိုကြပါတယ်။ တခါ တပင်ရွှေထီးဘုရင် လုပ်ကြံခံရပုံကလည်း အခြားသမိုင်းအချက် အလက်တွေနဲ့ ကွဲလွဲနေပါတယ်။ စာရေးသူ ဦးသန့်မြင့်ဦးကတော့ ဆင်ဖြူပေါ်တယ်လို့ သတင်းကြားတော့ ဘုရင်က ဆင်ဖြူထွက်ရှာရင်း လုပ်ကြံခံရတယ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ ဆင်ဖြူထွက်ရှာတာမဟုတ်ဘဲ မွန်အမတ်တွေ က လုပ်ကြံသတ်ဖြတ်တာခံရတယ်ဆိုတဲ့ သမိုင်းတွေလည်း ရှိပါတယ်။ အခြား ကျနော်သတိမထားမိတဲ့ သမိုင်းတွေလည်း ရှိနေနိုင်ပါသေးတယ်။

ဒါပေမယ့်လည်း ဒီလိုကွဲလွဲနေတဲ့ သမိုင်းအချက်မျှနဲ့တော့ ဒီစာအုပ်ကို မဖတ်သင့်ဘူး။ ပစ်ပယ်လိုက်သင့်တယ်လို့တော့ ကျနော် မယူဆပါဘူး။ ဒီစာအုပ်မှာ ထူးခြားချက်က မြန်မာ့သမိုင်းကို ဘေးမှာ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့သမိုင်း၊ ဒေသတွင်းက အခြေအနေတွေနဲ့ ယှဉ်တွဲတင်ပြထားတာပါပဲ။

အဲဒါအပြင် ဒီစာအုပ်က ဗမာလူမျိုးတွေရဲ့ သမိုင်းကိုသာ အမွှမ်းတင်ချီးကျူးထားတယ်။ အခြား တိုင်းရင်းသား လူမျိုးငယ် တွေရဲ့ သမိုင်းကို ပစ်ပယ်ထားတယ် ဆိုတာမျိုး စွပ်စွဲချက်တွေလည်း ရှိကြပါသေးတယ်။ ကျနော် နားလည်မိတာက ဒီကနေ့ မြန်မာ နိုင်ငံလို့ ခေါ်ဝေါ်သမုတ်နေကြတဲ့ မြေပေါ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ဖော်ပြရာမှာ အဓိကဇာတ်ကောင်ဖြစ်သူ၊ အင်အား ကြီးတဲ့ ဇာတ်ကောင်၊ အဓိကအာဏာပိုင်ရှင်ကို ဖော်ပြတာကတော့ သူပြောချင်တဲ့ သမိုင်းအတက်အကျ၊ သမိုင်း မှာ အရေး ပါခဲ့ပုံ၊ အရေးမပါ ဖြစ်ခဲ့ရတဲ့ကာလတွေကို ထောက်ပြရာမှာ အံဝင်ခွင်ကျဖြစ်တယ်လို့တော့ ယူဆမိပါတယ်။ အချို့ နေရာတွေမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပဋိပက္ခစတင် သန္ဓေတည်ရပုံကိုလည်း သူက မချွင်းမချန် တို့ထိပြသွားတာလေး တွေကို ကျနော် သတိထားမိခဲ့ပါတယ်။

စိတ်ဝင်စားဖွယ် အခန်းတခုမှာဆိုရင် သူက ဒီကနေ့ ကျနော်တို့ ပြောဆိုဆွေးနွေးနေကြတဲ့ ဗမာတွေက တိဘက်ဒေသက ဆင်းသက်လာတယ်၊ ဘယ်လူမျိုးတွေက ဘယ်အုပ်စုကနေ၊ ဘယ်လမ်းကြောင်းကနေ ဆင်းသက်လာတယ်ဆိုတဲ့ အယူ အဆတွေရဲ့ စတင်ပေါက်ဖွားလာပုံ အကြောင်းကိုလည်း စာရေးသူ ဦးသန့်မြင့်ဦးက ဖော်ပြခဲ့ပါသေးတယ်။ ဗြိတိသျှတွေ မြန်မာနိုင်ငံကို ကိုလိုနီပြုပြီးတဲ့နောက်မှာမှ ဗမာတွေဆိုတာက ဘယ်သို့၊ ဘယ်က ပေါက်ဖွားလာကြတယ်၊ မွန်တွေ ရှမ်းတွေ ဆိုတာက ဘယ်သို့ သုတေသနလုပ်ကြတယ် ဆိုပါတယ်။ သည့်အရင် မတိုင်မီက သေချာ ဆွေးနွေးစဉ်းစားကြတာ မရှိခဲ့ ပါဘူး။ ဒီကိစ္စမှာ ကျော်ကြားသူက ကလကတ္တားက တရားသူကြီးတာဝန်ယူရတဲ့ ဆာ ၀ီလီယံ ဂျုံးမ်းစ် (Sir William Jones) ပဲ ဖြစ်ပါတယ်။ သူက ဘာသာစကား ၁၃ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သလို၊ အခြား ဘာသာစကား ၂၇ ခုကို လည်း တီးခေါက်မိပါတယ်။ သူကပဲ ဦးဆောင်ပြီးတော့ ဒီလူမျိုးတွေက ဒီအုပ်စုထဲသွား၊ ဒီလူမျိုးတွေ ဒီဘာသာစကားတွေ က ဒီအုပ်စုထဲလာ စသဖြင့် အုပ်စုခွဲခဲ့ပါတယ်။ ဒီလူတွေက ဘယ်ကဆင်းသက်လာတာလို့လည်း သူက လမ်းကြောင်း မှန်းဆ ဖော်ပြခဲ့ပါတယ်။ အခုတော့ သူ့ရဲ့မှန်းဆချက်တွေကို လူတွေက ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြောဆိုနေကြပါပြီ။ စာရေးသူ ဦးသန့်မြင့်ဦးက ၁၉၈၉ ခုနှစ်မှာ မွန်သူပုန်တွေရဲ့ စခန်းတခုကို သွားလည်တော့ အဲသည်က မွန်ခေါင်းဆောင် တဦးကတောင် မွန်တွေက "မွန်-ခမာအနွယ်" ကနေ ဘယ်သို့ ဘယ်ပုံ ဆင်းသက်လာတယ်ဆိုတာ ပြန်ရှင်းပြလိုက်တာ တောင် သူက နားထောင်ခဲ့ရပါသေးတယ်။ တကယ်တော့ ကျနော်တို့ သမိုင်းမှာ ဒွေးရောယှက်တင် ဖြတ်သန်းလာကြတာ ပါ။ မွန်က သက်သက်နေ၊ ရှမ်းက သက်သက် ဟိုလမ်းကြောင်းက ဆင်းလာ၊ မထိမတွေ့ကြဘဲ သမိုင်းကိုဖြတ်သန်းလာကြ တာ မဟုတ်ပါဘူး။ ဒီတော့ လူမျိုးတွေရဲ့ သြဇာသက်ရောက်မှုကလည်း တဦးအပေါ် တဦး အနည်းနဲ့ အများ ရှိနေကြမှာ မလွဲပါဘူး။

တကယ်တော့ ဒီစာအုပ်ကို ဖတ်လို့ ခြုံငုံသုံးသပ်မိတဲ့အခါ ကျနော်တို့နိုင်ငံက ကမ္ဘာ့မိသားစုဝင် တဦးအနေနဲ့ ထည်ထည်ဝါ၀ါ ခန့်ခန့်ညားညား ရပ်တည်နိုင်ခဲ့တဲ့အချိန်တွေ ရှိသလို၊ ကမ္ဘာ့မိသားစုအတွက်၊ ဒေသအတွက် ကောင်းကျိုးပြုနိုင်ခဲ့တဲ့ ကာလ တွေလည်း ရှိခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ ကျွန်းသစ်နဲ့ သင်္ဘောတည်ဆောက်တဲ့ အတတ်ပညာတွေ ရှိခဲ့ဖူးသလို၊ ကမ္ဘာကို ဆန်တွေ အမြောက်အများ တင်ပို့ရောင်းချရာ နိုင်ငံလည်း ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူမျိုးတွေက ကုန်သည် တွေလို ကုန်ကူးသန်းမှု အတတ်တွေကိုလည်း ကျွမ်းကျင်ခဲ့ကြသလို၊ လူမျိုးပေါင်းစုံနဲ့ သင့်မြတ်ပေါင်းသင်းခဲ့တဲ့ ကာလတွေ လည်း ရှိပါတယ်။ ခေတ်မီပြုပြင်ပြောင်းလဲရေးကိစ္စတွေ လုပ်ဖို့ စတင်စဉ်းစားခဲ့ကြတာလည်း ကနောင်မင်းသားနဲ့ မင်းတုန်း မင်းကြီး ကာလကတည်းက၊ ဂျပန်နဲ့ အီဂျစ် အခြားနိုင်ငံတွေထက် နောက်မကျခဲ့ပါဘူး။ ခေတ်ပြောင်းရမယ် ဆိုတာ မြင်ခဲ့ ကြပါတယ်။ ဒါပေမယ့်လည်း သူ့ကိုလည်း မကူနိုင်၊ ကိုယ့်ကိုယ်ကိုတောင် အနိုင်နိုင်ရပ်နေရတဲ့ကာလ၊ ကမ္ဘာ့မိသားစုအထဲ ညှိုးညှိုးငယ်ငယ် ကာလတွေလည်း ကြုံခဲ့ရဖူးပါတယ်။ နိုင်ငံခြားသားတွေက ဒဏ်ခတ်ပိတ်ဆို့ခံနေရတဲ့ကာလ၊ နိုင်ငံခြား သားဆိုရင် သံသယနဲ့မြင်၊ မယုံသင်္ကာ ဖြစ်နေကြရတာက မြန်မာလူမျိုး၊ မြန်မာခေါင်းဆောင်တွေရဲ့ ဓလေ့စရိုက်မဟုတ်ကြ ပါဘူး။ ပေါ်တူဂီ အမြောက်တပ်မှူး ဂါလီစီယံလို လူမျိုးတွေကို မြန်မာဘုရင်တွေက မြှောက်စားခဲ့ကြတာ ရှိသလို၊ မြန်မာ့ သမိုင်းကို ပြန်ကြည့်ရင် ဘုရင်ဂျီသေနတ်ထမ်း စစ်သားတွေရဲ့ အခန်းကဏ္ဍကိုလည်း ပြန်ကြည့်သင့်ပါသေးတယ်။ ပြင်သစ် အမြောက်ဗိုလ် ဖိလစ် ဒီ မေးလာဒ်ဆိုရင် တပေမြို့စားအဖြစ်အထိ မြန်မာဘုရင်တွေက ချီးမြှင့်မြောက်စားခဲ့ဖူးတာ ရှိပါတယ်။
တကယ်တော့ ဦးသန့်မြင့်ဦးထောက်ပြသလိုပါပဲ "မြန်မာ" ဆိုတဲ့ ပြန်ပြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုး၊ (stateness) ဆိုတဲ့ နိုင်ငံတခုရဲ့ ပြည့်ဝတဲ့အဓိပ္ပါယ်ဖော်ချက်မျိုး ယနေ့ထိတိုင် ပြီးပြည့်စုံအောင် ကျနော်တို့ မလုပ်ကြရသေးပါဘူး။

စာရေးသူက ဂျော်နီထူး၊ လူသာထူး ကလေး နှစ်ယောက်က ဦးဆောင်တဲ့ ဂေါ့ဒ်အာမီ (God's army) က ထိုင်းနိုင်ငံက ဆေးရုံတခုဝင်သိမ်း တဲ့အကြောင်း၊ ထိုင်းအစိုးရက ချက်ချင်းအရေးယူခဲ့ပြီး ဆေးရုံသိမ်းပိုက်စီး နင်းတဲ့သူတွေ အားလုံးကို ကွပ်မျက်ခဲ့တဲ့အကြောင်း ဖြစ်ရပ်တခုကို ဥပမာပေးလို့ နိုင်ငံတကာမှာ မြန်မာနိုင်ငံအရေးကို သိကြပုံက အတော်ဝေဝေ ဝါးဝါး နိုင်လှကြောင်း ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံသတင်းကို ပြည်ပက သိကြသူတွေမှာ တခါတလေ ကလေးစစ်သားကိစ္စ၊ တခါတလေ ဘိန်းကုန်ကူးနေသူ အကြောင်း၊ ဗီယက်နမ် စစ်ပွဲလိုမျိုး တောနက် မဲကြီးထဲ ဖြစ်နေတဲ့စစ်ပွဲတွေ၊ စသဖြင့် ဘယ်မှာစပြီး ဘယ်မှာဆုံးမယ် မသိတဲ့ အကြောင်းတွေ၊ မျှော်လင့်ချက် ကင်းမဲ့စရာ အခြေအနေတွေလည်း ရှိသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန် မြို့ပြက ဒီမို ကရေစီလှုပ်ရှားမှုဆိုတာလည်း စသဖြင့် ဘယ်လို ဆက်စပ်ရမှန်း မသိ အောင် ကြားသိနေရတယ် ဆိုပါ တယ်။ ဘယ်သူကမှ အခြေအနေတစုံလုံးကို နားလည် နိုင်ဖို့ ခက်တဲ့အခါ လှုပ်ရှားသူ၊ ကမ်ပိန်းလုပ်သူတွေက မြန်မာနိုင်ငံ အကြောင်းကို အဖြူ-အမဲ ခပ်လွယ်လွယ် တင်ပြနိုင်မယ့် နည်းမျိုးကို ရွေးချယ်ခဲ့ရတဲ့ အခြေအနေကိုလည်း ပြောပါတယ်။ အင်တာနက်၊ သတင်းနည်း ပညာတွေကို ကျယ်ကျယ် ပြန့်ပြန့်သုံးလာတဲ့ တက်ကြွ လှုပ်ရှားသူတွေကလည်း နိုင်ငံတကာ စည်းရုံးလှုပ်ရှားမှုတွေကြားမှာ စစ်အစိုးရဆိုရင် အကုန်ဆိုး၊ ဒေါ်အောင်ဆန်းစုကြည် အကုန်ကောင်းတယ် ဆိုတဲ့ သတင်းမျိုးကို သာ ရွေးထုတ် တင်ပြနိုင်ကြတော့တယ်လို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုတွေက မြန်မာနိုင်ငံပုံကို အဖြူ-အမဲ လွယ်လွယ်သဘောမျိုး တင်ပြပုံဖော်ခဲ့ကြတယ် ဆိုပါတယ်။

ဒါပေမယ့် စာရေးသူ ဦးသန့်မြင့်ဦးကတော့ မြန်မာနိုင်ငံရဲ့ ပုံကို မြင်ပုံက မတူထူးခြားတဲ့ ၀ိသေသတွေ ရှိသလို၊ ဖက်ပေါင်းစုံ ပဋိပက္ခ၊ အလွှာပေါင်းစုံ ပဋိပက္ခ စသဖြင့် မြင်ပါတယ်။ စစ်အစိုးရရဲ့ စဉ်းစားချက်၊ စစ်အစိုးရဖက်က မြင်တဲ့အခြေအနေကို လည်း သူက ရှေ့နေလိုက် ဆွေးနွေးပြခဲ့ပါတယ်။ စစ်အစိုးရကတော့ ဒီနေ့အခြေအနေကို သူတို့အတွက် အကောင်းဆုံးလို့ မြင်နိုင်ပါ တယ်။ ၁၉၈၈ ခုနှစ်မှာ စစ်သည် အင်အား ၁၈၀,၀၀၀ ကနေ ၁၉၉၆ ခုနှစ်မှာ စစ်အင်အား ၄ သိန်းအထိ အဆ မတန် တိုးတက် လာသလို၊ ပိုလို့ အဆင့်မြင့်လက်နက်တွေ တပ်ဆင်ထားတဲ့ စစ်တပ်ဖြစ်နေခဲ့ပါပြီ။ အဲဒါအပြင် အစိုးရ ယန္တယား၊ ဘဏ္ဍာဝင်ငွေ တွေကိုလည်း ထင်သလို သုံးနိုင်၊ ချယ်လှယ် နိုင်တဲ့ အခြေအနေပါ။ အရင်တိုင်းရင်းသား သူပုန် အင်အားစု အများကိုလည်း အပစ်အခတ် ရပ်စဲထားနိုင်ခဲ့ပါပြီ။ ဒီလိုအခြေအနေမျိုးကို စစ်တပ်က အိပ်မက်ကမ္ဘာ (Fantasy world) လို့ ယူဆလိမ့်မယ်လို့ သူက တင်ပြပါတယ်။ သမိုင်းကြောင်းအရလည်း တိုင်းပြည်ပြိုကွဲမယ့် အခြေအနေတိုင်း စစ် အင်အားနဲ့ စုစည်းခဲ့ရတာချည်း၊ စစ်တပ်ကပဲ ကယ်တင်ရှင် စသဖြင့် သူတို့သမိုင်းကို မြင်ထားနိုင်ပါတယ်။ ဒီလို အခြေအနေ ကနေ စစ်တပ်က နိုင်ငံရေးကနေ ပြန်လည်ဆုတ်ခွာအောင် ဘယ်လို လုပ်ကြမှာလည်း ဆိုတာလည်း သူက မေးခွန်းထုတ်ခဲ့ ပါတယ်။ နိုင်ငံတကာ ဖိအားပေးရုံ သက်သက်နဲ့တော့ မဖြစ်နိုင်ပါဘူး။

ဦးသန့်မြင့်ဦးကတော့ မြန်မာနိုင်ငံအပေါ် သူ့ရဲ့အဓိက သုံးသပ်ချက် (၂) ခုကို အခုလို တင်ပြပါတယ်။ ပထမ တချက်က မြန်မာ နိုင်ငံမှာ "နိုင်ငံတော်တည်ဆောက်ရေး" လို့ခေါ်တဲ့ (state building) လုပ်ငန်းဟာ မအောင်မြင်ခဲ့ဘူး၊ မလုပ်နိုင်ခဲ့ဘူး လို့ ဆိုပါတယ်။ ခေတ်ပြိုင်ကမ္ဘာနဲ့အညီ ပြုပြင်ပြောင်းလဲမယ့် မင်းတုန်းမင်း၊ သီပေါမင်းကာလ ကြိုးပမ်းချက်တွေက ဗြိတိသျှ ကိုလိုနီနယ်ချဲ့ စနစ်အောက်မှာ အရာမရောက်ဖြစ်ခဲ့ရပါတယ်။ ရိုးရာဓလေ့ ထုံးတမ်းတွေလည်း ပျက်စီးကျဆုံးခဲ့ရပါတယ်။ ဗြိတိသျှ အုပ်ချုပ်သူတွေက လာရောက် အစပျိုးလာတဲ့ ခေတ်ပေါ် အစိုးရ အုပ်ချုပ်ရေးစနစ်တွေ၊ ခေတ်သစ်တရားရေးစနစ်၊ စနစ်ကျတဲ့ ရဲစနစ်၊ စစ်တပ်ဆိုင်ရာ ကိစ္စတွေ၊ နောက်ပိုင်း ရွေးချယ်တင်မြှောက်တဲ့ ပါလီမန်စနစ်တွေကိုလည်း နိုင်ငံရပ်ခြား က သဘောမတူဘဲ အတင်းအကျပ် သွတ်သွင်း လာချတဲ့စနစ်လို့ မြန်မာတွေက မြင်ကြပါတယ်။ မြန်မာ့ လူမှုအဖွဲ့အစည်းထဲ ဒီလို ဓလေ့အသစ်တွေက အရိုးပေါက်အောင် မစိမ့်ဝင်နိုင်ခဲ့ဘူးလို့လည်း သူက ဝေဖန်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှ အုပ်ချုပ်ရေးက ရုတ်ချည်းပြိုဆင်းခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဦးနုက ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ကြိုးပမ်းချက်တွေ မှာလည်း ပြည်တွင်းစစ်မီး၊ တရုတ်ဖြူ ကျူးကျော်စစ်နဲ့ လုံးပမ်းနေရတာတွေ၊ နောက်ပိုင်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု တွေ နဲ့ နိဂုံးချုပ်ခဲ့ရပြန်ပါတယ်။ ဒီနေ့ အခု အခြေအနေမှာတော့ တနိုင်ငံလုံးက စစ်အဖွဲ့အစည်း၊ စစ်နိုင်ငံတော် ဖြစ်နေခဲ့ပါ ပြီ။

စစ်တပ်ကတော့ မြင်မြင်ရာ ရန်သူလို့ ထင်လိုက်၊ အလုံးစုံကို သူကြေကိုယ်ကြေ ချေမှုန်းရေး စစ်ပွဲ၊ ပြည်ပ နိုင်ငံခြား ဆိုရင် လည်း သံသယနဲ့မြင်၊ နိုင်ငံခြား မုန်းတီးရေးကလည်း ကြီးထွားလာ၊ ပြည်သူလူထုတွေကတော့ သူတို့ စစ်ယန္တယားကို ထောက်ခံ ပံ့ပိုးဖို့ အင်အားစု အနေအထားမှာပဲ မြင်ထားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒုတိယ အချက်ကတော့ နိုင်ငံမှာရှိတဲ့ လူထုတွေရဲ့ အတွေးအခေါ်နဲ့ ဆိုင်တယ်လို့ သုံးသပ်ပါတယ်။ မြန်မာ့လူ့ အဖွဲ့အစည်း သမိုင်း တလျှောက်လုံး သယ်ဆောင်လာတဲ့ ဗုဒ္ဓဘာသာ၊ ရိုးရာတွေက ကိုလိုနီစနစ်အောက်မှာ ဖြည်းဖြည်းချင်း ဆိတ်သုဉ်း ခဲ့ရပါတယ်။ ယခင် မင်းနဲ့ပြည်သူ ယုံကြည်နားလည်မှုလည်း ပျောက်ခဲ့ရပြီး၊ ကိုလိုနီ လက်ထက်မှာ အစိုးရ-ပြည်သူ ဆက်ဆံရေးက မယုံသင်္ကာ သဘော၊ ရန် ကဏ္ဍကောစသဘော ပိုဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း လွတ်လပ်ရေး လှုပ်ရှားမှု ကာလတွေ နောက်ပိုင်းမှာတော့ စစ်သွေးကြွတဲ့ အမျိုးသားရေးဝါဒရယ်၊ အနာဂတ် မြန်မာနိုင်ငံ အပေါ် မတူကွဲပြားတဲ့ စိတ်ကူးတွေ ပေါ်ထွက်လာပါတယ်။ ၁၉၃ဝ-ခုနှစ်များ ကျောင်းသားသမဂ္ဂ ကာလတွေကတည်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီ စသဖြင့် အတောမသတ် ဆွေးနွေးပွဲ တွေနဲ့ မြန်မာ့အရေးကို တွေးဆခဲ့ကြပါတယ်။ ဒါပေမယ့် အားနည်းချက်က မြန်မာ့သမိုင်းမှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စသဖြင့် မူတွေအပေါ် လက်တွေ့ကျကျ-ပိုလို့ သက်ဝင်နက်နဲစွာ ဆွေးနွေးငြင်းခုန် တိုင်ပင်မှု တွေ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။ အလားတူပဲ လူနည်းစု တိုင်းရင်း သားတွေ အခွင့်အရေး၊ မြန်မာ့ လူအဖွဲ့အစည်းရဲ့ ဝိသေသ လက္ခဏာအသစ်၊ ဒါတွေကိုလည်း အကျေအလည် တိုင်ပင် ဆွေးနွေးနိုင်ခဲ့တာ မရှိခဲ့ပါဘူး။ စစ်အစိုးရဖက်မှာချည်း အားနည်းနေတာမဟုတ်၊ အတိုက်အခံတွေဖက်မှာလည်း ဒီလို အချက်တွေ အားနည်းနေခဲ့တယ်လို့ ထောက်ပြပါတယ်။

စာရေးသူ ဦးသန့်မြင့်ဦး အမြင်ကတော့ လမ်းမပေါ်ဆန္ဒပြပွဲတွေနဲ့တော့ စစ်အစိုးရကို ဖြုတ်ချနိုင်ခြေ မရှိဘူးလို့ သုံးသပ်ပါ တယ်။ သူက ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးအပြီး သတင်းမီဒီယာတွေပေါ်က မြန်မာသတင်းတွေ ဆုတ်သွားတာနဲ့ အမျှ မြန်မာနိုင်ငံ အခြေအနေကလည်း အရင်လို ခြောက်အိပ်မက်ဆိုးထဲ ပြန်ကျန်နေရတဲ့ အခြေအနေကို ထောက်ပြခဲ့ပါတယ်။ အစိုးရ ဖြုတ်ချပြောင်းလဲရေးဆိုတာလည်း စစ်တပ်အုပ်စုတစုက အာဏာသိမ်း၊ အစိုးရပြောင်းမှသာ ဖြစ်နိုင်ခြေ ရှိပါ တော့ မယ်တဲ့။ ဒါပေမယ့် ဒီလို စစ်တပ်ကွဲထွက်တာမျိုး မဖြစ်ရလေအောင် တမင်ကို စစ်တပ်ကို စနစ်တကျ စုစည်းပြင်ဆင်ထားခဲ့ တယ် ဆိုတာ သူက ပြောပါတယ်။ မြန်မာနိုင်ငံအတွက် နောက်ဖြစ်နိုင်ခြေ တခုကတော့ စစ်တပ်က အကြီးအကျယ်ဖိအား တွေ ကြုံလာမယ်၊ လမ်းမပေါ်အခြေအနေတွေက ထိန်းမနိုင် သိမ်းမရဖြစ်လာလို့ ဒေါ်အောင်ဆန်းစုကြည်ကို လမ်းဖွင့်ပေးပြီး ဒီမိုကရေစီအပြောင်းအလဲတွေ လုပ်လာစေဖို့ မျှော်လင့်ချက်ပါပဲ။ ဒီလိုဖြစ်နိုင်ခြေကလည်း လွန်ခဲ့တဲ့ နှစ်တွေမှာ မတွေ့ခဲ့ရ လေဘူးလို့ သူက သုံးသပ်ပါတယ်။

ဒါဆိုရင် မြန်မာနိုင်ငံအတွက် အဖြေက ဘယ်လိုဖြစ်မလဲပေါ့။ စာရေးသူ ဦးသန့်မြင့်ဦးကတော့ ဒီစာအုပ်မှာ သူ မြင်တာကို ရှုထောင့်ပေါင်းစုံက တင်ပြခဲ့ပါတယ်။ အကယ်၍ ကျနော်တို့က နိုင်ငံရေးကိစ္စကိုချည်း ရှေ့တန်းတင်၊ ဗဟိုပြုနေတဲ့အခါမှာ စစ်တပ်ကို ပြစ်တင်ရှုံ့ချတာ၊ စီးပွားရေး ပိတ်ဆို့တာ ဒီလိုနဲ့ပြောင်းလဲမှု ဖြစ်လာဖို့ စဉ်းစားကြမယ် ဆိုပါတယ်။ သူကတော့ ဒီလိုမြင်ကွင်းတွေကို နိုင်ငံရေးကိစ္စ သက်သက်သာမက ပိုလို့ ချဲ့ထွင်ကြည့်သင့်တယ်လို့ မြင်ပါတယ်။ နောက်တခုက တိုင်းရင်းသားအရေးပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားပေမယ့်လည်း ငြိမ်းချမ်းရေး က ဝေးနေပါသေးတယ်။ အကြမ်းဖက်မှုတွေ အချိန်မရွေး ပြန်ဖြစ် လာနိုင်ခြေလည်း ရှိနေပါသေးတယ်။

နောက်တချက်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေပါ။ မြန်မာနိုင်ငံက သဘာဝသယံဇာတ ဓါတ်ငွေ့သိုက်တွေအပေါ် ခွထိုင်ထားသော်လည်း ဒီအကျိုးဆက်တွေကို ပြည်သူတွေ မခံစားကြရပါဘူး။ ဒီအခြေအနေ မှာ ပြည်သူအများစုက ပိုဆင်းရဲလာ၊ ကျန်းမာရေး ပညာရေး အခြေအနေတွေကလည်း ယိုယွင်းလာနေပါတယ်။ တိုင်းပြည်အတွင်းမှာ နိုင်ငံတကာ အကူအညီတွေလည်း မရနိုင်ကြပါဘူး။ ဒီတော့ မြန်မာပြည်မှာ ဖြစ်လာနိုင်တဲ့ "အဆိုးဆုံး အနေအထား" ကို သူက တွက်ပြ ပါတယ်။ အခြေအနေတွေက မပြောင်းလဲဘဲ ပိုဆိုးလာတဲ့ အခြေအနေမှာ ကျနော်တို့ ဒီမိုကရေစီအရသာ ခံစားစေချင်တဲ့ ပြည်သူတွေက ပိုလို့မွဲပြာကျရမယ့် အခြေအနေပါ။

နိုင်ငံရေးရဲ့ အငြင်းပါမှုကို သူက ငြင်းပယ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေ နဲ့ ပြဿနာတွေရဲ့ ရှုပ်ထွေးပွေလီမှုကို သူက ဒီစာအုပ်မှာ မြင်အောင်တင်ပြခဲ့တယ်လို့ ပြောပါတယ်။ အဖြေကတော့ အလွယ် မရှိပါဘူး။ ဆေးမြီးတို ဖြတ်လမ်းလည်း မရှိပါဘူး။ ဒါပေမယ့် မျိုးဆက်တွေ ပြောင်းလဲမှုတွေက မလွဲမသွေ ကြုံကြ မယ်။ မြန်မာနိုင်ငံကို အထီးကျန်ဖြစ်အောင် ပိတ်ပင်မထားသင့်ဘူး။ ပိုလို့ ပွင့်လင်းလာခြင်းအားဖြင့်၊ ပိုလို့ ကုန်သွယ်ခြင်း အားဖြင့်၊ ပိုလို့ ပေါင်းသင်းဆက်ဆံခြင်းအားဖြင့်၊ စီးပွားရေး ပြုပြင်ပြောင်းလဲခြင်းအားဖြင့်၊ နိုင်ငံတော် ယန္တယားစနစ်တွေကို စနစ်တကျ ပြန်လည်တည်ဆောက်ခြင်း အားဖြင့်၊ အရပ်ဖက် လူမှုအဖွဲ့အစည်း ကလေးတွေ ဖွံ့ဖြိုးလာခြင်းအားဖြင့်သာ တဖြည်းဖြည်း ရေရှည်သွားရလိမ့်မယ်လို့ စာရေးသူက သုံးသပ်ခဲ့ပါတယ်။ ဒီလိုတင်ပြချက်တွေကြောင့်လည်း သဘောထား ကွဲလွဲတဲ့သူ အများက ဒီစာအုပ်ကို ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီစာအုပ်က အငြင်းထွက်ဖွယ် စာအုပ်တအုပ်အဖြစ် နာမည်ကြီး ခဲ့တာလည်း ရှိနေကြောင်းပါ ခင်ဗျား။

Thursday, February 5, 2009

ချစ်ရက်ရှည်ရှည် အင်းယားမြေ

ဒီတလောမှာ မိတ်ဆွေတချို့နဲ့ စကားစပ်မိတော့ အင်းယားကန်အကြောင်း ပြောဖြစ်ကြတယ်။
ပထမတယောက်နဲ့ကတော့ သူကလည်း အင်းယားကန်အကြောင်း စိတ်ကူးလို့ တက္ကသိုလ်ကျောင်းသား ငယ်စဉ်ဘ၀ကို သတိရ နေတဲ့အချိန်၊ ကျနော်ကလည်း ထူးထူးခြားခြား အင်းယားကန်အကြောင်းကို စိတ်ဝင်စားနေချိန်မှာ ပြောဖြစ်ကြ တယ်။

နောက်မိတ်ဆွေတယောက်နဲ့ကတော့ မြန်မာပြည်မှာ ဘယ်လိုနေရာတွေက ပြတိုက်သဘောမျိုး ထိန်းသိမ်းထားသင့်သလဲ ဆိုတာ ပြောရင်း အင်းယားကန်အကြောင်း ရောက်သွားတာ။ အင်းယားကန်ကိုလည်း ကျနော်တို့က တချိန်ကျရင် ပြတိုက် တခုလို ထိန်းသိမ်းထားသင့်တယ် ဆိုတာမျိုး ပြောဖြစ်ကြတယ်။ အင်းယားကန်ဟာ ကျနော်တို့ မသိနိုင်တဲ့ စိတ်ကူးယဉ် ဆန်မှု၊ မှော်ဆန်မှုတွေ အပြည့်၊ လူတိုင်းအတွက်လည်း အမှတ်စရာတွေ အပြည့် ဖြစ်နေနိုင်တာကိုး။

ပုံကို ဒီနေရာက ရပါတယ်။

တလောက နိုင်ငံခြားသူ မိတ်ဆွေတဦးက ကျနော့်ကို ဘာသာပြန်ဖို့ အကူအညီတောင်းတာနဲ့ ကူညီပေးရင်း အင်းယားကန် အကြောင်းကို ပိုလို့ စိတ်ဝင်စားလာခဲ့ရတယ်။ သူကလည်း နိုင်ငံခြားသူသာဆိုတယ်။ အင်းယားကန်အပေါ်မှာလည်း အတော် လေး ခင်တွယ်စိတ် ဖြစ်နေတဲ့သူ၊ စွဲလန်းသံယောဇဉ်တွယ်နေမိတဲ့သူ။ သူ ဘာသာပြန်ခိုင်းတဲ့ဟာကို ကူညီပေးရင်း ကနေ ကျနော်လည်း အတွေးတွေ ဆင့်ပွားခဲ့ရတယ်။

အင်းယားဟာ ကန်လား၊ ဆည်လား။
နှောင်းလူတွေ မသိနိုင်ကြတော့သလို၊ ကျနော်တို့ ကိုယ်တိုင် အင်းယားအကြောင်းကို မကြားဖူးကြတော့ဘူး။ အင်းယားကန် ဘောင်ရိုးပေါ် အခါခါ ဖြတ်ဖူးပါရဲ့။ ဘူးသီးကြော်ဆိုင်နဲ့ အာပူလျှာပူဆိုင်မှာ ထိုင်လို့လည်း အင်းယားနေ၀င်ကို ငေးဖူးပါရဲ့။ တချိန်ကျရင် ချစ်သူနဲ့ ဒီနေရာမှာ တွဲလျှောက်လိုက်မယ်ဆိုပြီးလည်း စိတ်ကူးယဉ်လို့ ကန်ဘောင်ပေါ် ဖြတ်ဖူးပါရဲ့။ စိတ် လေးလေးနဲ့လည်း ဖြေလှမ်းနှေးနှေး 'နေနိုင်သူလေး' ကို တွေးလို့ ဒီကန်ဘောင်ရိုးပေါ်မှာ ခြေရာထပ်ခဲ့ဖူးတယ်။

တကယ်တော့ အင်းယားဟာ တောင်ကုန်းတောင်တန်းတွေကြားက စီးဆင်းလာတဲ့ ချောင်းငယ်လေးတွေကို ဆည်တုတ်လို့ ရန်ကုန်မြို့ရေပေးရေးအတွက် တည်ခဲ့တာလို့ ဆိုတယ်။ ဗြိတိသျှတွေက ၁၈၈၂-၁၈၈၃ ကြားမှာ ဆည်ဖို့ တည်ဆောက်ခဲ့ တာလို့ဆိုတယ်။ မြန်မာတနိုင်ငံလုံးကို အင်္ဂလိပ်သိမ်းတဲ့ အချိန်က ၁၈၈၅ ဆိုတော့ ဒုတိယအင်္ဂလိပ်-မြန်မာစစ်အပြီး၊ အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်က ရလိုက်တဲ့အချိန်မှာ တည်ခဲ့ပုံရတယ်။ အရင်ကတော့ 'ကုက္ကိုင်းကန်' လို့ ခေါ်သတဲ့။ နောက်တော့မှ အင်းယားကန်လို့ ခေါ်တယ် ဆိုကြတယ်။ (မယုံရင် ၀ီကီပီးဒီးယားမှာကြည့်)။

အင်းယားကန်ကို မြောက်ဖက်မှာ ပါရမီလမ်း၊ အနောက်ဖက်မှာ ပြည်လမ်း၊ အနောက်တောင်ဖက်မှာ အင်းယားလမ်း၊ တောင် ဖက်မှာ တက္ကသိုလ်ရိပ်သာလမ်း၊ အရှေ့ဖက်မှာ ကမ္ဘာအေး ဘုရားလမ်းတို့နဲ့ ၀န်းပတ်ထားတယ်။ ဒီကန်ဘောင် ဘေးမှာပဲ ဘုတ်ကလပ်လို့ခေါ်တဲ့ လှေလှော်အသင်း၊ ရန်ကုန်တက္ကသိုလ် စသဖြင့် မမေ့နိုင်စရာ သမိုင်းဝင် အဆောက်အဦး တွေရှိနေ တဲ့အပြင်၊ ရွှေတိဂုံဘုရားနဲ့လည်း သိပ်မဝေးလှဘူး။


ပုံကို ဒီနေရာက ရပါတယ်။


မှော်ဆန်တဲ့ အင်းယား
အင်းယားမှာ ရေသူရဲ ရှိသလား။ ဆြာယောကတော့ ပြောရော့မယ် ဆိုကြမယ်။
" တခါက ကန်ဘောင်အဝေး တဖက်မှကြည့်နေစဉ် ထူးဆန်းသည့် သတ္တ၀ါကြီး ရေထဲမှထွက်လာသည်ကို မြင်ခဲ့ကြရပါ သည်။ မိမိတို့အားလုံး မြင်တွေ့ခဲ့ကြရပြီး မိမိတို့မျက်စေ့များကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပါသည်။ မိုးမှုန်ဖွဲဖွဲလေး ကျဆင်းနေသော်လည်း မိမိတို့သေသေချာချာ မြင်လိုက်ရသည်မှာ သားပိုက်ကောင်လို၊ ပုတ်သင်လို အကောင်ကြီး ရေထဲမှ ထွက်လာသည်ကို မြင်ကြရပါသည်။ မိနစ်အနည်းငယ်အကြာတွင် ရေထဲသို့ ပြန်ဆင်းကာ ပျောက်ကွယ်သွားခဲ့ပါသည်။ ဤ သို့မြင်တွေ့လိုက်ရသည်မှာ စကော့တလန်တွင် ထူးဆန်းသည့် လော့ခ်နက်စ် (Lock Ness) ရေသတ္တ၀ါကြီးကို မမြင်ရမီ ကာလ ဖြစ်ပြီး ပုံသဏ္ဌာန်ချင်းလည်း ထပ်တူညီနေပါသည်။ မိမိတို့လည်း ကြောက်လွန်း၍ နောက်တကြိမ် ပြန်မသွားမိကြ တော့ပါ။"

ဒီလိုမျိုးကိုယ်တွေ့ ကြုံရသူတွေက ရေးခဲ့ကြဖူးတယ်။ ဗြိတိသျှခေတ်ကာလက သတင်းစာတစောင်မှာ အခုလို ရေသူရဲ သတ္တ၀ါ ကြီး တွေ့ခဲ့ရတာကို ဖော်ပြခဲ့တယ်လို့ ဆိုတယ်။ (ကျနော်က နေ့ရက်၊ သတင်းစာအမည် အတိအကျ ရှာမရတော့ လည်း ညွှန်းဖို့ ခက်နေတယ်။) ဒါပေမယ့်လည်း အင်းယားမှာ အသက်ဆုံးခဲ့ရတဲ့ သူတွေက မနည်းလှဘူး။ ရေနစ်သေသူ တွေ ရှိတယ်။ ကိုယ့် ကိုကိုယ် သတ်သေခဲ့တဲ့သူတွေ ရှိတယ်။ ပျောက်ဆုံးသွားတဲ့သူတွေလည်း ရှိတယ်။ ရည်ရွယ်ချက်တခု အတွက် တိုက်ပွဲဝင်ရင်း အသက်စွန့်သွားခဲ့ရတဲ့သူတွေလည်း ရှိခဲ့တယ်။

အင်းယားကတော့ အားလုံးကို မျက်မြင်သက်သေကြုံနေခဲ့ရပေမယ့် နှုတ်ပိတ်လို့ သမိုင်းတွေကို သိမ်းထားခဲ့တယ်။

ချစ်သူတွေရဲ့ အင်းယား
အင်းယားက တက္ကသိုလ်မြေနဲ့ နီးခဲ့တော့ (အခုတော့ မဟုတ်လေတော့ဘူး) ချစ်သူတွေအတွက်လည်း စိတ်ကူးယဉ်ဖွယ် ဆွတ်ပျံ့ လွမ်းမောဖွယ် နေရာဖြစ်နေတယ်။ အင်းယားက နာမည်ကြီးဝတ္ထုတွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေလည်း မွေးဖွား ပေးခဲ့ဖူးတယ်။ လူအများကိုလည်း သူက ကဗျာဆရာဖြစ်အောင် ဖန်တီးပေးခဲ့တယ်။ အင်းယားကန်အကြောင်းကို ဖွဲ့နွဲ့ခဲ့ ကြတဲ့သူတွေက မနည်းဘူး။ အင်းယားကန်ကိုသာ ပြတိုက်ဖွင့်မယ်ဆိုရင်တော့ ဟက်တက်ကွဲသွားတဲ့ အသည်းတွေ၊ မျက်ရည် ကို ဂါလံပုံးနဲ့ ပြထားတာတွေ၊ စက်စက်ယိုစီးနေတဲ့ အလွမ်းတွေ၊ ဘာမှ မဖြစ်ချင်ယောင်ဆောင်နေကြတဲ့ ဇာတ်လမ်း တွေ၊ သူငယ်ချင်းလို ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေလည်း ထည့်ပြရလိမ့်မယ်။

အနီးမှာ လှေလှော်အသင်းလည်း ရှိတယ်။ (မကြည် လှေလှော်၊ မလှော်စာပြ၊ မပြ တောင်တက် ဆိုသလိုပေါ့)။ ကောင် မလေးနဲ့ မကြည်တဲ့သူတွေက လှေလှော်လို့ အစွန်ထုတ်ကြတယ်။ လှော်မလှော်ရင်လည်း စာပြပေး၊ စာမပြပေးရင်လည်း တောင်တက် အသင်းဝင်) တခုခုမှာတော့ ငြိနိုင်ကောင်းရဲ့ ဆိုသလို ဂေါ်မစွံတွေအတွက် ဖန်တီးထားပုံလည်း ရတယ်။

ဝမ်းနည်းဖွယ် အင်းယား
ဒါပေမယ့်လည်း အင်းယားကန်မှာ ၀မ်းနည်းဖွယ်ဖြစ်ရပ်များလည်း ဖွင့်ပြောပြဖို့ ရှိနေခဲ့တယ်။ ရေနစ်သေဆုံးသူတွေ၊ ပျောက်ဆုံးရသူတွေတင်မကပါဘူး။ ၁၉၈၈ ခုနှစ် မတ်လက အင်းယားကန်ရေဘောင်ဟာ အနီရောင်သမ်းခဲ့ရတယ်။ အင်းယား ကန်အနီးက တံတားဖြူဟာလည်း တံတားနီလို့ အမည်ပြောင်းခဲ့ရတဲ့ အထိပေါ့။ ဒီအကြောင်းတွေကို သူက နှုတ်ဆိတ် ကျိတ်မှိတ် သိမ်းထားတုန်းပဲ။ တခါ အင်းယားကန်က ဒွိဟတွေလည်း ပြည့်နေပြန်တယ်။ ကန်ဘောင်တဖက်ခြမ်း မှာ အာဏာရှင်ဆိုးကြီး ဦးနေ၀င်းနေတယ်။ ဒါပေမယ့်တဖက်မှာကျတော့ အိမ်အကျယ်ချုပ်မှာ မတရားချုပ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နေထိုင် နေတယ်။ ကဲ... ဘယ်လောက် ထူးဆန်းလှတဲ့ ပေါင်းစပ်မှုပါလဲ။
၁၉၈၈ မှာ တံတားဖြူကို တံတားနီ ခေါ်ဆိုသတ်မှတ်တဲ့ အခမ်းအနား ကျင်းပခဲ့သေးတယ်။
ဒါတွင် ဘယ်ဟုတ်မလဲ။ ကိုမင်းကိုနိုင်တို့ အဖမ်းမခံရခင်ကာလမှာလည်း အင်းယားကန်မှာ ငါးလွှတ်ပွဲတွေ လုပ်ခဲ့သေးတယ်။ အင်းယားက နိုင်ငံရေးတော့လည်း အပြည့်။

ပုံကို ဒီနေရာက ရပါတယ်။

အင်းယားနဲ့ ပတ်သက်တဲ့ သီချင်းတွေကလည်း အများသားပါ။
တွံတေးတို့ခေတ် "ချစ်ရက်ရှည်ရှည် အင်းယားမြေ" သီချင်းတွေကနေ ခင်ဝမ်း၊ ခင်မောင်တိုးတို့ရဲ့ "ပန်းခရမ်းပြာ" အထိပဲ။ ကျနော်ကတော့ အမှတ်တရ ပန်းခရမ်းပြာသီချင်းကို ပြန်ညည်းနေမိတယ်။

" ......ပန်းခရမ်းပြာ ဗေဒါလေး ကမ်းစပ်နားမှာ ငြိတွယ်
နန်းတံတားဖြူ နေရာလေး တေးသံလွှမ်းစေကွယ်
ငြိမ်းအေးရာ ဖွေရှာရင်း မိန်းမောငေးကာကြည့်နေ
ပိန်းပိတ်အောင် မမှောင်ခင်လေး ဆည်းဆာအလှဖြာဝေ ... "

သဘောတူတယ်ဟုတ်... တချိန်ကျရင်... အင်းယားကန်ကို ပြတိုက်အဖြစ် သတ်မှတ်သင့်တယ်ဆိုတာ။ မိတ်ဆွေတွေရဲ့ အင်းယားမှာ ကွဲခဲ့တဲ့အသည်းတွေလည်း လာပြနိုင်တာပေါ့။

ယောဟန်အောင်
ဖေ ၄၊ ၂၀၀၉။

Friday, January 2, 2009

ဗွီးရှင်း (Vision)

တနှစ်ကူးပြန်ပေါ့။ ၂၀၀၉ ရောက်ခဲ့ပြန်တယ်။
လွန်ခဲ့တဲ့ ၉ နှစ်၊ သက္ကရာဇ် ၂၀၀၀ ပြည့်တုန်းက "ထောင်စုနှစ်အသစ်" ထဲကို ကျနော်တို့ နိုင်ငံက စိတ်သစ်လူသစ်နဲ့ ချီတက် ပူးပေါင်းနိုင်မလားလို့ စိတ်ကူးမိခဲ့သေးတယ်။ ဒီလိုနဲ့ တနှစ်ပြီးတနှစ် ဖြတ်လာ၊ ကျနော်တို့လည်း ၉ -နှစ် အိုလာ ခဲ့တယ်။
ခုနှစ်ကူးမှာတော့ မကေသွယ်ရဲ့ "ဆယ်လမွန်ငါးတို့အပြန်" ကို ထူးထူးခြားခြား ဖတ်လိုက်ရတယ်။ စိတ်ကြည်နူးပျော်ရွှင်စရာ မျှော်မြင်ချက်ကလေးပါပဲ။ ကျနော်လည်း ဘလော့မိသားစုနဲ့ ဝေးနေတာ၊ တာဝန်တွေ ပျက်နေတာ တော်တော်ကြာပေါ့။ မိတ်ဆွေတယောက်က "ဘလော့ခွင့်ရက်ရှည်ယူသွားတဲ့ ကို ယောဟန်အောင်" ဆိုပြီး ရေးခဲ့သေးတယ်။ နှစ်သစ်ကူး နှုတ်ဆက် ကြတဲ့ မိတ်ဆွေများအားလုံးလည်း ကျေးဇူးပါဗျာ။ တကယ်မအားလို့ စာမရေးဖြစ်ခဲ့တာပါ။ အခုတော့ အမေရိကန်မှာ ဆောင်း ပြန်ခိုနေရချိန်မို့ စာပြန်ရေးနိုင်မယ် ယူဆပါတယ်။

ဒီတလောထဲမှာ ကျနော်က ပရောဂျက်တွေ ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့ သင်တန်းတွေမှာ ကြားနာခဲ့ရတယ်။ ထူးထူးခြားခြား ဆရာတဦးက မြို့မငြိမ်းရဲ့ "လူချွန်လူကောင်း" သီချင်းကို မျှော်မြင်ချက် (Vision) နဲ့ ပတ်သက်လို့ ကိုးကားဖော်ပြလာခဲ့ တယ်။ သူက ပြောတယ်... "မြို့မငြိမ်းတို့များ လွန်ခဲ့တဲ့ နှစ် ၄၀-၅၀ လောက်ကတည်းက ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်တဲ့ မျှော်မြင်ချက် ကို ဖော်ပြခဲ့တယ်... ဘယ်လောက် အမျှော်အမြင်ကြီး လိုက်သလဲတဲ့"

"ကြည့် .... လျှပ်စစ်အား အသုံးများတဲ့အပြင် ... တဲ့ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်လာရင် လျှပ်စစ်အား အသုံးများရမယ် ဆိုတာ ဟိုအချိန်ကတည်းက ကြိုပြောထားခဲ့တယ်တဲ့" ဟုတ်ပါရဲ့။ ကျနော်တို့ နိုင်ငံခေါင်းဆောင်တွေလည်း သူ့လို စဉ်းစား မိသင့်ပါရဲ့။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးက မီးမလာတော့လည်း မသင့်လှပေဘူး။ ဒါနဲ့ ဒီသီချင်းကို အကြိမ်ကြိမ် ပြန်နားထောင်မိ။ မြို့မငြိမ်းကို ပိုလေးစားမိ ဖြစ်လာတယ်။ အခုလို နှစ်သစ်ကူး အချိန်မျိုးမှာ မိတ်ဆွေတွေကို ပြန်ဝေငှ ဖလှယ်နားထောင် စေချင် တာမျိုး ဖြစ်လာခဲ့တယ်။

ဒီသီချင်းကို ကျနော် ငယ်ငယ်ကတည်းက ကြိုက်မိတယ်။ ကျနော် ဆေးတက္ကသိုလ် (၂) မှာ တက်နေတုန်းက စိတ်ကူး ယဉ်ခဲ့ဖူး တယ်။ တချိန် ကျနော်က ဆရာဝန်ပေါက်စလေးဖြစ်လာရင် နယ်ကို သွားမယ်။ ဆေးခန်းကလေးတခု ဖွင့်မယ်။ ဆင်းရဲတဲ့ လူနာတွေကိုလည်း အလကား ကုသပေးမှာပေါ့။ ကျနော်က မြို့မငြိမ်းရဲ့ ခုသီချင်းထဲက စာသားအတိုင်း ဆေးခန်း နာမည်ကို လည်း "ကိုယ်နဲ့ထပ်တူ" ဆေးခန်း နာမည်ပေးဖို့ စဉ်းစားထားသေးတယ်။ အခုတော့ "ကိုယ်နဲ့ထပ်တူ" ဆေးခန်း ကလေးလည်း လက်တွေ့ မဖြစ်မြောက်နိုင်တော့ပါဘူး။ ကျနော်လည်း ကျောင်းနဲ့ ၁၉၈၈ ကတည်းက ဝေးခဲ့ရတယ်။ ဒါပေမယ့် ဒီသီချင်းက တကယ်တန်ဖိုးရှိတဲ့ သီချင်းလို့ ထင်မိတယ်။

ကျန်တဲ့သူ အများကလည်း ဒီသီချင်းနဲ့ ပတ်သက်လို့ ဆောင်းပါးအများအပြား ပြန်ရေးခဲ့ဖူးပါတယ်။ ကျနော်ကတော့ ဒီတခါ အမြင် အသစ်နဲ့ ပြန်နားထောင်မိပါရဲ့။

ကိုသုမောင် ပြန်ဆိုထားတဲ့ "လူချွန်လူကောင်း" သီချင်းကို ဒီနေရာမှာ ဒေါင်းလုပ် ရနိုင်ပါတယ်။


လူချွန်လူကောင်း
ရေး။ ။ မြို့မငြိမ်း

(ရှုမဆုံးတော့သည် စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ်စိုပြည်လွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေ သန်မြန်အောင်မြင်….။

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံသွဲ့ နာပျော်ဖွယ်ကြည်ကြည်လင်
လုပ်ငန်းကို ကိုယ်စီဝင် စက်ရုံ ကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတခွင်က အရောင်းအ၀ယ် စုံဆန်သာသည်ပင်….။

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်
မြို့မ မိတ်ဆွေတွေကို
ကြည်ညိုစွာ မြင်လိုက်ချင်
ဗမာ့သားကောင်းများကို အဆိုအတီးအမှုတ်နဲ့ပင်
ရိုသေခင်မင် အားတက် အလေးပြုလျှက်ပဲ အစဉ်…။)၂

ကစားခုန်စား စွမ်းအားဘက်တွင်
စံချိန်ရင်ဘောင်တန်းလိုက်လို့ယှဉ်
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်
သန်မြန်ယောက်ျားဘသားပင်...

လျှပ်စစ်အားအသုံးများတဲ့ အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက် မြေတခွင်
သစ်ပင်တွေ မြေတွင်းဓာတ်တွေ
ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်

ကမ္ဘာမြေပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င်
သုံးသပ်လေ့လာယှဉ်
အကြံဉာဏ်ဝေဖန် မျှော်လို့မြင်
ငါတို့ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းရင်
မြေပြင်လေပြင်နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တယောက်ဆို တအားပင်…။


((ဆရာဝန် ပညာတွေကိုသင်
ခေတ်ရောရှေ့မီ သမားကျော်များပင်
လူထုကို ကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်ထား ညွန်ကြားညွန်ကြား
သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်)၂

(ကလေးလေးတွေ ပညာရရှိဖို့တော့
အဖအမိပုံသွင် အာစရိတွေပင်)၂
လူချွန်လူကောင်းလေးတွေ ဖြစ်အောင်
မြေတောင်မြှောက်ကာ မြှင့်တင်...

ကမ္ဘာ့ရေကြောင်းသင်္ဘောမောင်းရင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တယောက်ဆို တအားပင်) ၂

ဒီသီချင်းကို ပြန်နားထောင်မိတဲ့အခါ ... သူပြောတဲ့ လူချွန်လူကောင်းဆိုတာ အခုခေတ် ကျနော်တို့ ပြောနေတဲ့ Human resources လို့ ပြန်နားလည်လာတယ်။ တကယ်က စီးပွားရေးစနစ်တခု ဖွံ့ဖြိုးဖို့ မြေ၊ လုပ်အား၊ အရင်းအနှီး (Land, labor, capital) လိုတယ် ဆိုရာမှာ လူသားအရင်းအမြစ်ကိုပါ ပြောလာကြတယ်။ ဒါကို ဖွဲ့ဆိုခဲ့တာလို့ သဘောပေါက်လာတယ်။
အဲသည်မှာ လူချွန်လူကောင်းဆိုတာကလည်း ဘက်ပေါင်းစုံ ကဏ္ဍက လူတွေ ပါနေတယ်။

သူက လယ်သမားတွေ၊ စက်ရုံလုပ်သားတွေသာမက ကုန်သည်တွေကိုလည်း ထည့်စဉ်းစားထားသေးတယ်။ "ကြည်းရေ တခွင်က အရောင်းအ၀ယ် စုံဆန်သာသည်ပင်…." မဟုတ်လား။ နောက်တော့ တိုင်းပြည်တခု ဖွံ့ဖြိုးဖို့က လျှပ်စစ်အား အသုံးများဖို့ လိုတယ်လည်း ပြောခဲ့သေးတယ်။

ဒါတင်မဟုတ်ဘူး။ "တွင်တွင်ကျယ်ကျယ် ထက်အောက် မြေတခွင်... သစ်ပင်တွေ မြေတွင်းဓာတ်တွေ ... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်" တဲ့ သစ်ထုတ်တာတွေ၊ ဓါတ်သတ္တုထုတ်တာတွေကို ကိုယ့် အမျိုးသားတွေက တတ်ကျွမ်းကျင်ရမယ် ဆိုတာလည်း ပြောခဲ့သေးတယ်။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေကိုလည်း ချန်မထားခဲ့ဖူး။ အားကစားသမားတွေက လည်း တကယ်တော့ နိုင်ငံဂုဏ်ဆောင်တွေထဲ ပါသင့်သေးတယ်။

အုပ်ချုပ်ရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပညာတွေကိုလည်း ထည့်ပြောခဲ့သေးတယ်။
"ကမ္ဘာမြေပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င် သုံးသပ်လေ့လာယှဉ်... " တဲ့။ Comparative studies ကို ပြောတာလို့ ကျနော် နားလည်လာတယ်။ ဒါတင်မက " အကြံဉာဏ်ဝေဖန် မျှော်လို့မြင်..ငါတို့ပြည်ထောင်စုတွင်" တဲ့။ Vision ရှိရမယ် ဆိုတာပါ ပြောခဲ့သေးရဲ့။ "ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းရင် ... မြေပြင်လေပြင်နှံ့ စပ်စုံလင်" လို့လည်း ပြောခဲ့သေးတယ်။ ပင်လယ်ကူး သင်္ဘောအတတ်တွေ၊ လေယာဉ်ပျံမောင်း အတတ်တွေကိုလည်း ပြောခဲ့သေးတယ်။ နိုင်ငံအလံတင် သင်္ဘော ကုမ္ပဏီအဖြစ် ရည်ရွယ်ခဲ့တဲ့ ကြယ်ငါးပွင့်သင်္ဘောကုမ္ပဏီက (၁၉၅၉) မှာထောင်တာ။ အခု ၂၀၀၉ မှာ နှစ် (၅၀) ပြည့်လာ တဲ့ အချိန်မှာ ကမ်းရိုးတန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေသာ ပြေးတဲ့သင်္ဘော အဆင့်ကနေ မတက်သေးဘူး။ မြန်မာ့လေကြောင်း ကတော့ အားလုံးသိကြတဲ့ အတိုင်းပေါ့။

ဒါတင်မကဘူး။
" စံချိန်ရင်ဘောင်တန်းလိုက်လို့ယှဉ်
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်
သန်မြန်ယောက်ျားဘသားပင်..." လို့ ပြောခဲ့သေးတယ်။ (International standardization, physical fitness) တွေကို ဆိုလိုတာလို့ ကျနော်နားလည်တယ်။ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ဆိုတာကတော့ ဒီကနေ့ (Globalization) ကမ္ဘာ လွှမ်းပတ် ဆက်သွယ်မှုကို ကြိုပြောထားခဲ့တယ်လို့ ဆရာ ချစ်ဦးညိုကလည်း ဒီသီချင်းနဲ့ ပတ်သက်လို့ ရေးထားတာ ဖတ်ဖူး တယ်။

ဆရာမြို့မငြိမ်းရဲ့ မျှော်မြင်ချက် (vision) က ကြီးလှတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀-၅၀ ကတည်းက ကြိုတွေးလာတဲ့ အခြေအနေ။ တကယ်တိုင်းပြည်ကို ဦးဆောင်နေတဲ့ လူတွေက ဒီလိုမျှော်မြင်ကြရင်လည်း ကောင်းတာပေါ့။ မျှော်မြင်ချက်က တကယ် အကောင်အထည် မဖော်ဖြစ်ရင် စိတ်ကူးယဉ်အိပ်မက်နဲ့ သိပ်မထူးလှဘူး ဆိုတာလည်း တွေးမိသေးရဲ့။

၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းတက်လာတော့ ဗိုလ်ချုပ်ခင်ညွန့်တို့က "မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည်" တဲ့။ မျှော်မြင်ချက်ထားခဲ့ကြတယ်။ အာဏာသိမ်း နှစ် (၂၀) ပြီးခဲ့တဲ့ ဘေဂျင်းအိုလံပစ်မှာ မြန်မာနိုင်ငံက အားကစားသမားတွေ သွားယှဉ်ကြတော့ ၆ ယောက်လား သွားနိုင်တာကို တွေ့ရတယ်။ ကမ္ဘာလွှမ်းဖို့ ဆိုရင်တော့ နှစ် ၂၀၀-၂၀၀၀ လောက် စောင့်ရဦးမယ် ထင်မိတယ်။

အင်း... နှစ်သစ်ကူးမှာ ထူးထူးခြားခြား ဆိုရမလား။ ထိုင်း-မြန်မာနယ်စပ်က အတိုက်အခံတွေရဲ့ တပ်ပေါင်းစု NCUB က အစိုးရတရပ် စင်ပြိုင်ဖွဲ့တော့မယ်လို့ ကြေညာတာကို ကြားလိုက်ရတယ်။ အင်း... ကျနော်ကတော့ ဘာမှ မပြောချင်တော့ပါ ဘူး။ မျှော်မြင်ချက်တွေ ကြီးကြပါစေ။ လက်တွေ့လည်း အကောင်အထည် ဖော်နိုင်ကြပါစေဗျာ။

ယောဟန်အောင်
၂ ဇန် ၂၀၀၉

Friday, October 24, 2008

အိပ်ရာဝင်ပုံပြင်

ဒါဖတ်ပြီးမှ ပုံပြောပါလို့ ပြောရမလို ဖြစ်နေတယ်။ အရင်ကတော့ ရုပ်ရှင်ဝေဖန်ရေးဆရာ ဦးစိန်ခင်မောင်ရီက "ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ" ဆိုတာမျိုး ရေးခဲ့ဖူးတယ်။ အခုက ရုပ်ရှင်ဝေဖန်ချက်မဟုတ်ဘဲ ပုံပြင်တခုကို အခြားအမြင်တခုက ပြန်ပြော ပြချင်တာပါပဲ။

သမီးငယ်ငယ်မှာ အဖေကို အိပ်ရာဝင်ပုံပြောဖို့ တောင်းဆိုလေ့ရှိတယ်။ အင်း... ဘာပြောရရင် ကောင်းမှာလဲ။ ကျနော်တို့ ငယ်ငယ်က ကြားခဲ့ရဖူးတဲ့ ပုံပြင်တွေ ပြန်စဉ်းစားကြည့်မိတယ်။ တချို့လည်း မေ့တေ့တေ့။ မယ်ထွေးလေးနဲ့ ဂုန်းမအိုပုံပြင် ကြားဖူးတယ်။ ရွှေယုံနဲ့ ရွှေကျား ကြားဖူးတယ်။ သုဝဏ္ဏသာမလိုမျိုး ၅၅၀ ဇာတ်တော်ထဲက ပုံပြင်မျိုးတွေလည်း ကြားခဲ့ဖူး ပါတယ်။ ပြောသူတွေက အဖိုး၊ အဖွားတွေ ဖြစ်ကြသလို၊ တခါတလေ အဖေ၊ အမေနဲ့ ကြီးဒေါ်တွေကလည်း ကြုံရင်ကြုံ သလို ပြောပြလေ့ရှိတယ်။ ဒါပေမယ့် အခုသမီးကို ပြောပြရမယ်ဆိုတော့ အကုန်က သိသလိုလို၊ မမှတ်တော့သလိုလို ဖြစ် နေတယ်။ ဒါနဲ့ တခါမှာကြုံတော့ ပုံပြင်စာအုပ်ကလေးတအုပ် ၀ယ်လာမိတယ်။ မင်္ဂလာဈင်အောင်ရေးတဲ့ သနားစရာမြွေ မင်းသားလေးနှင့် မြန်မာ့ရိုးရာပုံပြင်များ၊ [မြတ်ပန်းရဂုံ ပုံပြင်များ-၅ ၊ မြတ်ပန်းရဂုံစာပေ၊ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလ] ကိုရတော့ အတော် ၀မ်းသာ သွားတယ်။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ ပုံပြင်တွေကို ပြန်နွှေးရတယ်။

(၁)
"မယ်ထွေးလေးနှင့် ဥသျှစ်မယ်" ပုံပြင်ကို ဖတ်ရတယ်။
ရှေးရှေးတုန်းက ကျေးရွာတရွာတွင် တံငါသည် လင်မယားရှိ၏။ သူတို့တွင် တဦးတည်းသော သမီးလေးရှိရာ မယ်ထွေးဟု ခေါ်ကြသည်။

တနေ့သောအခါ တံငါသည်လင်မယားတို့သည် ပင်လယ်ထဲသို့ လှေတစင်းဖြင့် ငါးဖမ်းထွက်ကြသည်။ တံငါသည် မယား သည် ငါးတကောင်ရတိုင်း " ငါ့သမီးလေး မယ်ထွေး ဈေးတင်ဖို့" ဟု ၀မ်းသာအားရ အော်သည်။ အော်ဖန်များလျှင် တံငါသည်ကြီး နားညည်းလာကာ "တယ်စကား များလှတယ်" ဆိုကာ တက်ဖြင့် ရိုက်ချလိုက်လေသည်။ တံငါသည်မကြီး ခမျာမှာ ရေထဲ လိမ့် ကျပြီး ကြီးမားသော ကမ္ဘာ့လိပ်မကြီး ဖြစ်သွားလေ၏။

မယ်ထွေးလေးတို့ အိမ်နှင့် မနီးမဝေးတွင် ဒက်ချီးတို့ အိမ်တည်ရှိ၏။ သူ့တွင် သမီးများလည်း ရှိသည်။ တနေ့တွင် မယ်ထွေး လေးသည် ရွာထဲတွင် ဈေးလည်ရောင်း၏။ သူ့အဖေက သမီးလေး ပျော်ရွှင်စေရန် '၀ါဖတ်လေး' တွေ လုပ်ပေးသဖြင့် လည် ရောင်ခြင်း ဖြစ်၏။

"တောက်တီးတောက်တေး ၀ါဖလေးသည် တော်ရို့"
မယ်ထွေးလေးအား ဒက်ချီးတို့ သားအမိတတွေက အိမ်ပေါ်သို့ ခေါ်သည်။ မတန်တဆ ဈေးဆစ်သဖြင့် မယ်ထွေးလေးက မရောင်းပေ။ အိမ်ပေါ်မှဆင်းရန် ဈေးတောင်းကို ပင့်သည်။ ပင့်၍မရ။ အိမ်ရှင်အား ပင့်ပေးပါ ပြောသောအခါ ပင့်မပေးကြ။ သို့အတွက် အိမ်ပြန်ပြီး ဖအေကို ခေါ်ရသည်။ မယ်ထွေးလေး၏ အဖေလိုက်လာသည်တွင် သူတို့က အိမ်ပေါ်မှ ဆင်းခွင့် မပြုကြတော့ချေ။
တံငါသည်ကြီးနှင့် ဒက်ချီးတို့ ညားသွားသောအခါ မယ်ထွေးလေးအား ဒက်ချီး၏ သမီးများက အနိုင်ကျင့်ကြသည်။ အလုပ် တွေ မတန်တဆခိုင်းသော်လည်း ထမင်းကိုကား ၀အောင်မကျွေးချေ။ သို့ရာတွင် မယ်ထွေးမှာ ပိန်ပိန်ညှော်ညှော် စုတ်စုတ် နုတ်နုတ် မရှိပေ။ ထိုအခါ ဒက်ချီးနှင့် သမီးများက မယ်ထွေးနွားကျောင်းသည့် ပင်လယ်စပ်သို့ လိုက်လံချောင်းမြောင်းကြည့် ကြရာ ကမ္ဘာ လိပ်မကြီးကို မြင်ရ၏။ ထိုလိပ်မကြီးမှာ မယ်ထွေး၏ အမေဖြစ်ပေသည်။ သူက မယ်ထွေးကို စားစရာတွေ ကျွေးသည်။ သန်းရှာ ခေါင်းဖြီးပေးသည်။

ဒက်ချီးတို့ သားအမိတတွေမှာ မယ်ထွေးအား မနာလိုစိတ်တွေ ကြီးမားစွာ ဖြစ်ပေါ်လာသည်။ သို့အတွက် ဒက်ချီးသည် အိပ်ရာ အောက်တွင် မုန့်လေပွေတွေ ထိုးထည့်ထားပြီး မကျန်းမာဟန် ဆောင်နေသည်။ သူညည်းတွား လူးလှိမ့်လျှင် မုန့်လေပွေတွေက ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်ရာ အရိုးတွေ ကျိုးပါတော့မည်၊ နတ်မေးကြည့်ပါ ဆို၏။

ဒက်ချီး၏ သမီး ဒင်ကျည်းက သစ်ခေါင်းထဲဝင်ပြီး ရုက္ခစိုးယောင် ဆောင်နေသည်။ ထိုသူထံသို့လာမေးသောအခါ "ကမ္ဘာ လိပ်မ ရဲ့ အသားကို စားမှ ရောဂါပျောက်လိမ့်မယ်" ဟု မယ်ထွေးအမေ ပျက်စီးကြောင်း စကားဖြင့် ဟောလိုက်လေ၏။

တံငါသည်ကြီးမှာ လှေတစင်းဖြင့် ကမ္ဘာလိပ်အဖမ်းထွက်ရတော့သည်။ လှေပေါ်၌ ဒင်ကျည်းတို့ ညီအမတတွေနှင့် မယ်ထွေး ပါလာသည်။ သမီးကိုမျှော်နေသော ကမ္ဘာလိပ်မကြီးအား မြင်သည့်နေရာ၌ ကွန်ပစ်သည်။ မယ်ထွေးလေးက သူ့အမေ ရှောင် တိမ်းနိုင်ရန် အော်၍ သတိပေးသဖြင့် မမိချေ။ ဒင်ကျည်းတို့က ၀ိုင်းဝန်းရိုက်နှိပ်ပြီး ပါးစပ်ကို ပိတ်ထားသော အခါ မယ်ထွေးမှာ သတိမပေးနိုင်ပြီ။ ထိုအခါတွင်မှ ကမ္ဘာလိပ်မကြီးကို မိလေ၏။

လိပ်မကြီးကို ဟင်းချက်ရာတွင် ဒင်ကျည်းကတအိုး၊ မယ်ထွေးက တအိုး မီးထိုးရသည်။ ဟင်းအိုးက အသံမြည်တိုင်း မယ်ထွေးက မီးလျှော့ပေးရာ တော်တော်နှင့် မကျက်ပေ။ သို့အတွက် မယ်ထွေးခမျာ အကန်အကျောက် အဆဲအဆို ခံရ ပြန်သည်။

ကမ္ဘာလိပ်သားကို ဒက်ချီးတို့ သားအမိ ပျော်ရွှင်စွာ စားစဉ် မယ်ထွေးမှာ မျက်ရည်စက်လက်ဖြင့် အိမ်စဉ်လျှောက်၍ ဟင်း ဝေရ သည်။ လိပ်သားစားပြီးသူများထံမှ အရိုးများတောင်းကာ မယ်ထွေးသည် သံန္နိဌာန်ပြုလျှက် မြေမှာစိုက်ရာ ညဉ့်တွင်း ချင်း ရွှေပင်ငွေပင်များ ပေါက်လာလေ၏။

ရွှေပင် ငွေပင်မှ ရွှေငွေတွေ သီးသည်။ တောကစားထွက်လာသော မင်းသားတပါးသည် ထိုသတင်းကို ကြားသဖြင့် ဒက်ချီး အိမ်သို့ ရောက်လာသည်။ ရွှေပင်ငွေပင်များ၏ ပိုင်ရှင်ကို စုံစမ်းရာ ဒင်ကျည်းတို့ ညီအမတတွေက သူတို့အပင်ဟု ပြောသည်။ သို့သော် ရွှေသီးငွေသီး ဆက်စေဆိုသောအခါ ဒင်ကျည်းတို့ရအောင် မခူးနိုင်ချေ။ မယ်ထွေးကို အခူးခိုင်းတော့ မှသာ အလွယ် တကူ ယူ၍ ရသည်။ သို့အတွက် မင်းသားကလေးသည် မယ်ထွေးကို နန်းတော်သို့ခေါ်သွားကာ မိဘုရား အဖြစ် မြှောက်စားလေ ၏။

လအနည်းငယ်ကြာသောအခါ ဒက်ချီးသည် လူတယောက်အား မိဘုရားမယ်ထွေးထံ လွှတ်လိုက်၏။ အဖေ မမာသော ကြောင့် လာကြည့်လှည့်ပါဟု အမှာစကား ပါးလိုက်သည်။ မယ်ထွေးယုံကြည်ပြီး လိုက်သွားရာ အိမ်တွင် အဖေ့ကို မတွေ့ရ ပေ။

ဒင်ကျည်းတို့ ညီအမတတွေသည် မယ်ထွေး၏ လည်ဆွဲတန်ဆာများ၊ လက်ဝတ်ရတနာများကို ဖြုတ်ယူပြီး ကြည့်ကြသည်။ ထို့နောက် ကြမ်းပေါက်မှ ချပစ်ကြသည်။ မယ်ထွေးပြန်မည်ပြုသောအခါ ရတနာတန်ဆာများ အိမ်အောက် ရောက်ကုန်ပြီ။ ကောက်၍လည်း မပေးကြချေ။ မယ်ထွေး ကိုယ်တိုင် ၀င်ကောက်သည်။ အသင့်ကျိုထားသော ရေနွေးဖြင့် လောင်းချလိုက် ရာ မယ်ထွေးမှာ ဗျိုင်းဖြစ်ပြီး နန်းတော်သို့ ပျံသန်းသွားရရှာတော့သည်။

ဒင်ကျည်းသည် မယ်ထွေး၏ မိဘုရား အ၀တ်များကို ၀တ်ပြီး နန်းတော်သို့ ပြန်သွားသည်။ မင်းသားကလေးမှာ ဒင်ကျည်း အား မယ်ထွေးပင်ထင်ပြီး အမှတ်မဲ့နေလိုက်သည်။

မင်းသား၏ အိမ်တော်တွင် မယ်ထွေး၏ ခတ်လက်စ ရက်ကန်းစင် ရှိသည်။ ဒင်ကျည်းဝင်ခတ်ငြား နေရာမကျချေ။ ဗျိုင်းမ ကလေးက "သည်နေရာ သည်အ၀င် ဟိုနေရာ ဟိုအ၀င်" ဟု ၀င်၍ ၀င်၍ ပြသပေးသည်။ သို့အတွက် မင်းသားကလေးက ဗျိုင်းကို ချစ်သည်။ သို့သော်ဒင်ကျည်းက မုန်းသည်။ မုန်းသည့်အတွက် မင်းသားအလစ်တွင် လက်ခတ်ဖြင့် ရိုက်ပစ်လိုက် လေ၏။ ဒင်ကျည်းသည် ဗျိုင်းမကလေးကို ဟင်းချက်ပြီး မင်းသားထံ ဆက်သသည်။ မင်းသားမှာ စိတ်မကောင်းစွာဖြင့် ဗျိုင်းသားဟင်းကို ဥယျာဉ်ထဲ၌ သွန်ပစ်ခိုင်းလိုက်ရာ ထိုနေရာမှ ဥသျှစ်ပင်ကြီးတပင် ပေါက်လာသည်။ နေ့ချင်းညချင်း ကြီး ထွားလာသည်။ မကြာမီ ဥသျှစ်သီးတွေ သီးလာသည်။ ထိုအထဲတွင် အလွန်ကြီးသော ဥသျှစ်သီးကြီး တလုံးပါလာသည်။ ဥယျာဉ်စောင့် လင်မယားသည် ဥသျှစ်သီးကြီး ကြွေကျလာလျှင် မကွဲစေရန် မြေပေါ်၌ ဖွဲတွေပုံထားသည်။ ဥသျှစ်သီး ကြွေ ကျလာသောအခါ တဲထဲ၌ သိမ်းထည်းထားကြသည်။

တဲထဲသို့ ဥသျှစ်သီး ရောက်လာချိန်မှစပြီး အဘိုးကြီး အမယ်ကြီး မချက်ပြုတ်ရဘဲ ထမင်းဟင်းတွေ ကျက်နေသည်။ အ၀တ် တွေ လျှော်ပြီးသား၊ အမှိုက်တွေ လှဲကျင်းပြီးသား ဖြစ်နေတော့သည်။ သို့အတွက် အဘိုးအိုနှင့် အမယ်အိုတို့ ချောင်းမြောင်း ကြည့်ရာ ဥသျှစ်သီးထဲမှ လှပသော မိန်းကလေးတယောက် ထွက်လာပြီး အိမ်မှုကိစ္စများ ဆောင်ရွက်နေသည်ကို မြင်ကြရ လေ၏။ သို့ဖြင့် ဥသျှစ်သီးကြီးကို ရိုက်ခွဲလိုက်ရာ သန္ဓေသူကလေးမှာ အဘိုးကြီး အမယ်ကြီးတို့နှင့်အတူ နေရတော့သည်။

မည်မျှပင် သိုသိပ်လျှို့ဝှက်သော်လည်း သန္ဓေသူကလေး၏ သတင်းသည် တယောက်စကား၊ တယောက်နားဖြင့် ပေါက်ကြားသွားတော့၏။ မကြာမီပင် ဗျိုင်းသားဟင်း သွန်ပစ်သော မင်းသားသည် ဥယျာဉ်စောင့် လင်မယား၏ တဲထဲသို့ ရောက်လာသည်။ ရေကြည်တော်ဆက်စမ်းဟု အမိန့်ရှိသဖြင့် အဘိုးအို တလှည့် အမယ်အို တလှည့် ဆက်သသည်။ ဆက်သမျှကို လူအိုစော်နံသည်ဟု ဆိုကာ သွန်ပစ်သည်။ သန္ဓေသူကလေး ထွက်ပြီး ဆက်သသောအခါတွင်ကား မြင်းပေါ် သို့ တင်ယူခေါ်ဆောင်သွားလေ၏။

မကြာမီ မိဘုရားဒင်ကျည်း မျက်နှာမြင်ရာ နန်းတော်သူဖြစ်လာသော ဥသျှစ်မယ်လည်း မီးနေစောင့်ရ၏။ မီးနေစောင့်သူတွေ မပျင်းရိစေရန် တယောက်တလှည့် ရှေးစကားပြောကြသည်။ ဥသျှစ်မယ်အလှည့်တွင် ကမ္ဘာလိပ်ကြီး မယ်ထွေးဘ၀မှ ယခု ဥသျှစ်မယ်ဘ၀အထိ ပြောင်းလဲလာပုံများကို ဖွဲ့နွဲ့ပြောပြလေသည်။

မင်းသားသည် မိမိအား လှည့်စားသော ဒင်ကျည်းကို ဒေါသလည်းထွက်၊ ရှက်လည်း ရှက်သည်။ သို့အတွက်ကြောင့် ဒင်ကျည်းကို ရိုက်ပုတ်ထုထောင်းပြီး ဒက်ချီးထံပို့လိုက်ပြီး သန္ဓေသူကလေးအား မိဘုရားအရာ ပေးသနားတော် မူလိုက် လေ၏။

(၂)
ပုံပြင်ကလေးကတော့ ဒါပါပဲ။
ပြန်လည်စုဆောင်း ဖော်ပြပေးတဲ့ မင်္ဂလာဈင်အောင်ကိုလည်း ကျေးဇူးတင်ပါရဲ့။ ကျနော်တို့ ကြားခဲ့ဖူးတာက အနည်းငယ် ကွဲလွဲတာမျိုး ရှိသော်လည်း အတော်များများတူတဲ့ မယ်ထွေးလေး ပုံပြင်တွေ ကြားခဲ့ကြဖူးပါတယ်။ ဒီနေရာမှာ ကျနော် မေးခွန်း ဖြစ်လာတာက သမီးငယ်ကို ပြောပြဖို့၊ မပြောပြဖို့ ဆိုတာပါပဲ။

ယုတ္တိယုတ္တာ ရှိမှုကထားတော့၊ တွမ်နဲ့ ဂျယ်ရီမှာလည်း အကြိမ်ကြိမ်ခံရလည်း မသေတဲ့ကြောင်၊ မသေတဲ့ ကြွက်တွေ ရှိသေးတာပဲ။ အခုသေ၊ အခု ၀င်စား ဖြစ်နိုင်သပေါ့။ ဒါပေမယ့် အိမ်တွင်းအကြမ်းဖက်မှုတွေ များလှချည့်လို့ ထင်နေမိတယ်။ မယ်ထွေးကို ပိုလို့သနားစရာဖြစ်အောင်၊ ဂုန်းရုပ်ကို ပိုပီပြင်အောင်၊ နောက်ဆုံးတော့ အမှန်တရားဟာ အနိုင်ရတာပဲလို့ ပြောချင်တာလားတော့ မသိဘူး။

ဒါပေမယ့် အဖေက အမေကို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ရေထဲ အသေရိုက်ချလိုက်တာမျိုး၊ တခုခုဆိုရင် သတ်ဖြတ်၊ ရိုက်နှက်နေကြတာမျိုးတော့ ကျနော် မနှစ်လိုလှဘူး။

ကျနော်တို့ ကလေးဘ၀ အိပ်ယာဝင် ပုံပြင်တွေကရော ကျနော်တို့ လူမှုအဖွဲ့အစည်းရဲ့ ဖောင်ဒေးရှင်း အခြေခံ တွေပဲ မဟုတ်ဘူးလား။ အခုမှ ကျနော်က လူကြီးဖြစ်လာတော့မှ ပုံပြင်တွေကို ပြန် ဆန်းစစ်ကြည့်နေမိတယ်။ ဘယ်လို ကိစ္စ တွေကို ကျနော်တို့က သမားရိုးကျဖြစ်နေသယောင် လက်ခံနေကြသလဲ။ လူမှုအဖွဲ့အစည်းက ကျနော်တို့ကို ဘာတွေ သင်ကြားခဲ့သလဲဆိုတာ ပြန်ကြည့်နေမိတယ်။ အမျိုးသမီးတွေကို ခွဲခြား အထင်အမြင်သေးထားတဲ့ ဇာတ်လမ်းတွေက (၅၅၀) ဇာတ်တော်မှာလည်း တွေ့ရတာတွေ ရှိနေသေးတယ်။
မိန်းမဆိုတာ ကွယ်ရာမှာ မကောင်းမှုလုပ်စမြဲ၊ အဏ္ဍဘူတဇာတ် (၆၂)
မိန်းမတိုင်း အကျင့်ပျက်၊ အနဘိရတဇာတ် (၆၅)
မိန်းမဆိုရင် ကိုယ့်အမေ ဖြစ်ပါစေ မယုံနဲ့၊ အသာတမန္တဇာတ် (၆၁)
အဖေ့နဖူးက ယင်ကို ကျည်ပွေ့နဲ့ ရိုက်တဲ့သမီး၊ ရောဟိဏီဇာတ် (၄၅)

အိပ်ရာဝင် ပုံပြင်တွေ ရှားနေသလိုပဲလေ... ။

ယောဟန်အောင်
အောက်တိုဘာ ၂၄၊ ၂၀၀၈။

Saturday, March 29, 2008

ချယ်ရီတွေ ပွင့်ဖူးတဲ့ ပွဲတော် (ကျနုပ်တို့၏ သတင်းထောက်ထံမှ)

ကျနော့မိတ်ဆွေ Blue sky forest က "ခြောက်ကပ်ကပ်မြို့တော်" ဆိုပြီး ကဗျာဖွဲ့တယ်။

" တကယ်ပဲ ခြောက်ကပ်တဲ့မြို့ပါ။
ဘုရားကျောင်းတွေလည်း ခြောက်ကပ်
လမ်းမတွေလည်း ခြောက်ကပ်
ပြတိုက်တွေမှာလည်း ခြောက်ကပ်
အရက်ဆိုင်တွေလည်း ခြောက်ကပ်
ဘူတာရုံတွေလည်း ခြောက်ကပ်
ဒီခြောက်ကပ်ကပ် မြို့တော်မှာ
အသုံးမကျတဲ့ သမတ တယောက်ရှိတယ်။
(သူ့မိန်းမနဲ့ မိသားစုကလည်း အသုံးမကျဘူး။) "
ဖတ်ကြည့်ရင် "နေပြည်တော်" လို့ ထင်နေဦးမယ်။ သူဖွဲ့တာကတော့ ၀ါရှင်တန်ဒီစီ မြို့တော်ပါပဲ။ ဒီမြို့တော်မှာတော့ တခါ တလေ တိတ်ဆိတ်ခြောက်ကပ်နေတတ်သလို၊ တခါတလေလည်း စည်ကား ဆူညံနေတတ်တာမျိုးတွေရှိပါတယ်။ ဒီမြို့ကို အချို့တွေက "လူသေ လူဖြူယောက်ျားတွေရဲ့ မြို့" (Dead White Men City) လို့လည်း ခေါ်တတ်ကြပါသေးတယ်။ ဆိုလို တာက ဒီမြို့မှာ သူရဲကောင်းအဖြစ်၊ ဂုဏ်သရေရှိ လူကြီးတွေအဖြစ် ထုလုပ်ထားတဲ့ ရုပ်ထုတွေကလည်း များသကိုး။ အဲသည် ရုပ်ထုတွေ ကြည့်လိုက်တော့လည်း သူရဲကောင်းတွေ ဆိုတော့ သေပြီးသားလူတွေချည်း၊ လူဖြူ သူရဲကောင်းတွေ ချည်း၊ ယောက်ျားတွေ ချည်းပဲလေ။ ဒါပေမယ့် ၀ါရှင်တန်ဒီစီကို ခုံမင်စွာလာလည်ပတ်နေသူ အမေရိကန် ပြည်သူတွေလည်း အများချည်းပါ။ သူတို့ ကတော့ လေးလေးစားစား တို့နိုင်ငံရဲ့မြို့တော် (Our Nation's Capital) လို့ ခေါ်ကြပါတယ်။

မြို့တော် ဆိုတော့လည်း ချောက်ကပ်တယ် ဆိုတာက ရုံးတွေချည်း ရှိနေလို့ပါ။ မြို့ထဲမှာ လက်ညှိုးထိုးမလွဲတာက အစိုးရရုံး တွေ ရယ်၊ ကွန်ဂရက်က ချပေးတဲ့ ရန်ပုံငွေအတွက် လှုပ်ရှားနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs) တွေလည်း ရှိပါ သေး တယ်။ နောက်ပြီး မြန်မာလို ဘာသာပြန်ပြောဖို့ခက်တဲ့ (Lobbyists) တွေလည်း ရှိပါသေးတယ်။ သူတို့က ကုမ္ပဏီ တွေ၊ အခြား ကိစ္စ ပေါင်းစုံတွေအတွက် အမေရိကန် ကွန်ဂရက်က ဥပဒေတွေ ချပေးနိုင်ဖို့၊ အမေရိကန် အစိုးရက တခုခု လုပ်လာစေဖို့ တိုက်တွန်း စည်းရုံးနေတဲ့ သူတွေပါ။ နောက်ပြီး Beltway Politics လို့ခေါ်တဲ့ အမေရိကန် နိုင်ငံရေးလည်း ရှိပါသေးတယ်။ ၀ါရှင်တန်မြို့တော်ကို 495 လို့ခေါ်တဲ့ ဟိုက်ဝေးကြီးနဲ့ ခါးပတ်ကွင်းလို ၀ိုင်းပတ်ထားပါတယ်။ ဒီလမ်းကို မြို့ရဲ့ ခါးပတ်ကွင်းလမ်း (Beltway) လို့ ခေါ်ပြီး၊ ဒီအထဲမှာ လှုပ်ရှားနေတဲ့ နိုင်ငံရေးပါပဲ။ အဲသည်မှာလည်း နောက်ကျော ဒါးထိုး တာတွေ၊ ကတုန်း ကတိုက် လုပ်တာတွေက အများသားပေါ့။ ဆီးနိတ်အမတ်တဦးကတော့ ပြောဖူးပါသေးတယ်။ "၀ါရှင်တန်မှာ ယုံကြည်ချင်တယ် ဆိုရင်တော့ ခွေးမွေးပါတဲ့" ။ ခွေးက ပိုပြီး သစ္စာရှိလိမ့်မယ်လို့ သူဆိုလိုချင်ပုံပါပဲ။

တခါတလေတော့လည်း မြို့ကဆူညံနေတတ်ပါတယ်။ တလောက အီရတ်စစ် (၅) နှစ်ပြည့် စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လုပ် တော့လည်း မြို့က ဆူညံ လှုပ်ရှားနေတတ်ပါတယ်။ တခါတလေလည်း ရာသီအလိုက် ပျော်ပွဲရွှင်ပွဲတွေ ရှိတဲ့အခါမှာ တော့ မြို့က ဆူညံသက်ဝင်နေတတ်ပါတယ်။

နိဒါန်းကတော့ မဆိုင်တာတွေနဲ့ ရှည်နေပါပြီ။ ကျနော် ပြောချင်တာက ချယ်ရီတွေ ပွင့်ဖူးတဲ့ ပွဲတော် (Cherry Blossom Festival) အကြောင်းပါ။ ဒီနေ့ မတ် ၂၈ ကနေပြီး၊ ဧပြီလ ၁၃ ရက်နေ့အထိ ကျင်းပပါလိမ့်မယ်။ ဒီဓါတ်ပုံမှတ်တမ်းတွေကို ဘလော့ သတင်းထောက်လုပ်ပြီး တင်ပေးလိုက်ပါတယ်။ [ရေးစရာ နည်းလာတော့ အကြံကုန် ဂဠုန်ဆားချက်ပေါ့လေ]

ဒီပွဲတော်အတွင်းမှာ မြို့တော်မှာ ချယ်ရီတွေနဲ့ လှပနေပါလိမ့်မယ်။ ချယ်ရီတွေ တကယ့်ကို ဝေေ၀ဆာဆာပါ။ သူ့ပွဲတော်ရဲ့ သမိုင်း က ဒီလိုစပါတယ်။ တနည်း နွေဦးရာသီကို ကြိုတဲ့ပွဲလို့ ပြောရင်ရသလို၊ ဂျပန်-အမေရိကန် ချစ်ကြည်ရေး အသွင် လည်း ဆောင် ပါတယ်။ ၁၉၁၂ ခုနှစ်က ဂျပန် တိုကျို မြို့တော်ဝန် ယူကီအို အိုဇာကီက အမေရိကန်နိုင်ငံကို ချယ်ရီပင်၊ ၃၀၂၀ ပင် လက်ဆောင် ပေးခဲ့ပါတယ်။ ချစ်ကြည်ရေးအတွက်ပါ။ အဲသည် အချိန်က အမေရိကန် သမတ ကတော် Helen Herron Taft နဲ့ ဂျပန် သံ အမတ် ကတော် Viscountess Chinda တို့က စိုက်ပေးခဲ့ကြပါတယ်။ ပထမအကြိမ် ချယ်ရီတွေ ပွင့်ဖူးလာတဲ့ အကြိမ်ပွဲတော်ကို ၁၉၃၅ မှာ စခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာတော့ ဆိုင်းငံ့ထားခဲ့တယ် ဆိုပါတယ်။ မကျင်းပခဲ့ပါဘူး။ ၁၉၆၅ ခုနှစ်မှာလည်း အပင် ၃၈၀၀ ကို ဂျပန်ကနေ သမတ ဂျွန်ဆင်လက်ထက်မှာ ထပ်ပြီး လက်ဆောင် ပေးခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ ပွဲတော်ကို ၂-ပတ်လောက် ကျင်းပပြီး လှုပ်ရှားမှုတွေကတော့ အစုံပါ။ အားကစားပွဲတွေက စလို့၊ ဂျပန် အစား အသောက်၊ ယဉ်ကျေးမှု၊ ဓါတ်ပုံ ပြပွဲတွေ၊ သိုင်း ပြပွဲတွေ၊ ဆူရှီ/ဆာကေး ပြပွဲတွေ၊ အဆို-အကတွေ အစုံရှိပါလိမ့်
မယ်။ ၁၉၁၂ ခုနှစ်ကနေ ပို့ထားတဲ့ အပင်တွေရဲ့ မျိုးရိုးဗီဇကိုလည်း ဆက်လက်ထိန်းသိမ်းထားပြီး အခုအပင်တွေကိုလည်း
စနစ်တကျ စောင့်ရှောက်ထားတယ်လို့ ဆိုကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဓါတ်ပုံရိုက်ချင်သူတွေအတွက် အကြိုက်ပေါ့ဗျာ။ ဒီလိုဆိုတော့လည်း မြို့တော်က ချောက်ကပ်ကပ်တော့ မဟုတ်လှ ပါဘူး။

လွတ်လပ်ရေးကျောက်တိုင်နဲ့ ချယ်ရီပင်အချို့


ခြေသွားလမ်းဘေးက ချယ်ရီပင်တွေ၊ အနံ့မွှေးသင်းသင်းလေး ရပါတယ်။




ချယ်ရီ ပွင့်ဖူးတဲ့ ပွဲတော် ဖွင့်ပွဲ


သောမတ်စ် ဂျက်ဖာဆင် အထိမ်းအမှတ်ကျောက်ရုပ်နဲ့ လမ်းဘေးက ချယ်ရီပင်တွေ




Monday, March 24, 2008

VOA တိုက်ရိုက်လေလှိုင်း အစီအစဉ် (မတ် ၂၂၊ ၂၀၀၈)

မြန်မာစစ်အစိုးရက ကြေညာထားတဲ့ အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။ မေလမှာ ကျင်းပမယ့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိပါ့မလားဆိုတဲ့ မေးခွန်းက အခုချိန်မှာ အများက သံသယထားပြီး မေးနေကြတဲ့ အကျယ်လောင်ဆုံး မေးခွန်းတခု ဖြစ်နေခဲ့ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မရှိတဲ့ ဆန္ဒခံယူပွဲဟာ မြန်မာပြည်သူတွေ အတွက်ရော၊ နိုင်ငံတကာကပါ လွတ်လပ်ပြီးတော့ တရားမျှတပါတယ်လို့ စိတ်ချလက်ချ ဖြစ်နိုင်ပါ့မလား စသည် ဆွေးနွေးခဲ့ကြပါတယ်။

ပါဝင်ဆွေးနွေးမေးမြန်းကြသူတွေနဲ့အတူ ရှေ့နေ ဦးခွန်ဥက္ကာ၊ ကျနော်လည်း ပါဝင်ဆွေးနွေးထားပါတယ်။
နားထောင်ရန် လင့်ခ်
http://www.voanews.com/burmese/upload/burmese_CallinKL_22Mar08.mp3

Monday, March 17, 2008

နွေဦး

"တပေါင်းငယ်မှညှာကျင်
နွေဦးဆန်းသစ် ရွက်ယော်လှစ်လို့
ပုရစ်ကယ်ရွေဥ ပင်တိုင်းစုကြသည်
နုညိုစင်ငယ်တဲ့လေ..."

ဦးကြင်ဥ

ဆောင်းကုန်သွားပြီဆိုတဲ့ အရိပ်အယောင်တွေ ပြနေတယ်။ မနက်ခင်း နည်းနည်းအေးပြီး နေ့လည်ဆိုရင် ပူလာပြီ။ သစ်ပင် တွေ က ရွက်နုကလေးတွေ စထွက်လာတယ်။ ဦးကျင်ဥ ကဗျာမှာတော့ ခုလို ထွက်လာတဲ့ ရွက်နုကလေးတွေကို ပုရစ်လို့ ခေါ်ထားတာ တွေ့ရတယ်။ မြေမှာလည်း မြေပေါက်ပန်းကလေးတွေ၊ ဆောင်းတလျှောက်လုံး ဥတွေမှာ သိမ်းထားရတဲ့ ပန်း ကလေးတွေ ပြန်ထွက်လာကြတယ်။ ငှက်တွေက ကောင်းကင်အနှံ့ ပျံသန်းနေတာတွေ့ရပြီး၊ အကောင်လေးတွေလည်း ပိုထွက်လာကြတယ်။ ဆောင်းခိုချိန်ပြီးလို့ နိုးထပြီး အစာရှာကြချိန် ထင်ပါရဲ့။ နှင်းခဲတွေပျော်တဲ့ ကာလပေါ့။

နှင်းခဲတွေမျှသာ မဟုတ်ပါဘူး လူတွေလည်း စိတ်လက်တွေ ပေါ့ပါးသွားကြတယ်။ ကုတ်အင်္ကျီ အနွေးထည် နက်နက် မှောင် မှောင်တွေကို ခွါချလို့ လူတွေလည်း တောက်ပစွာ ဆင်ယင်လာကြတယ်။ ကောင်မလေးတွေကလည်း ဘောင်းဘီ အတိုနဲ့ လမ်းလျှောက်ကြ၊ ခွေးကျောင်းကြ၊ အားလပ်ရက် အလည်အပတ်သွားသူတွေလည်း ပိုစည်ကားလာကြပေါ့။ မှောင်နဲ့ မည်း မည်းရက်တွေ ကုန်သွားပြီး၊ နေသာတဲ့ နေ့တွေရောက်လာခဲ့ပြီ။ တဆောင်းတော့ ကုန်သွားပါပြီ။

ဒီလိုနဲ့ မနေ့ကတော့ ဖိုတိုဆက်ရှင်ပေါ့ဗျာ။ ၀ါရှင်တန်ဒီစီထည်း သွားလို့ ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်။ နွေဦးကို ၀မ်းသာအားရ မှတ်တမ်းတင်ဖြစ်တယ်။ ဓါတ်ပုံတွေ ဝေငှလိုက်ပါတယ်။

ယော

ဓါတ်ပုံတွေ အောက်မှာ ဖော်ပြထားပါတယ်။

ကျနော့အခန်းကနေ မြင်ရတဲ့ ဆောင်းတုန်းကပုံ



ဒီမြင်ကွင်းပဲ၊ အခု နွေဦးမှာ ရိုက်ထားတဲ့ပုံ



အပင်မှာ တိုးထွက်လာတဲ့ ပုရစ်ဖူးလေးတွေပုံ



မြေမှာပေါက်တဲ့ တူးလစ်ပန်းတွေပုံ





ချယ်ရီတွေလည်း ပွင့်ကြပြီ။ ၀ါရှင်တန်ဒီစီမှာ ချယ်ရီပန်းတွေပွင့်တဲ့ ပွဲတော်က မတ် ၂၉ ကနေ ဧပြီလ ၁၃ အထိ ကျင်းပဖို့ ရှိတယ်။




ဒါကတော့ Capitol လွှတ်တော် အဆောက်အဦးနဲ့ လွတ်လပ်ရေး ကျောက်တိုင်




ဓါတ်ပုံရိုက်တဲ့သူကိုတော့ မဖော်ပြတော့ပါဘူး။ သည်းခံပါ ခင်ဗျ။

VOA တိုက်ရိုက်လေလှိုင်း အစီအစဉ် (မတ် ၁၅၊ ၂၀၀၈) မှာ စကားပြောဖြစ်တယ်။

မတ် ၁၅၊ ၂၀၀၈ (စနေနေ့)
VOA (မြန်မာပိုင်း အစီအစဉ်) တိုက်ရိုက်လေလှိုင်း ဆွေးနွေးပွဲ အစီအစဉ် (Call-in Show)

မြန်မာစစ်အစိုးရကရေးဆွဲထားတဲ့ လမ်းညွှန်မြေပုံ ၇ ချက်အတိုင်း တဆင့်ပြီးတဆင့် ရှေ့ကိုဆက်သွားဖို့ ပြင်နေချိန်မှာပဲ တဘက်မှာလည်း ဒါကိုမကျေနပ်လို့ ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတဲ့ကိစ္စ၊ အဲဒီလိုကန့်ကွက်မှုကြောင့် ဖမ်းဆီးမှုနဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို စစ်အစိုးရဘက်က မရပ်တဲ့သဘော ရှိနေတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကာလတွေမှာ မြန်မာပြည်တွင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နိုင်ပါ့မလား၊ မငြိမ်းမချမ်းနဲ့ ရှေ့ကိုဆက်သွားမယ်ဆိုရင် ဘယ်လိုအခြေအနေတွေနဲ့ ထပ်ကြုံရပါမလဲဆိုတာ အပါအ၀င် အခြားကိစ္စတွေကို မေးမြန်းလာသူတွေနဲ့ ဆွေးနွေးခဲ့ကြပါ တယ်။

Asian Human Rights Commission က ရှေ့နေ ဦးမင်လွင်ဦးနဲ့ ကျနော်အပါဝင် မေးမြန်းဆွေးနွေးသူတွေ ပြောဆိုထားတဲ့ အကြောင်းတွေပါ။

Sunday, March 2, 2008

VOA (မြန်မာပိုင်းအစီအစဉ်) ဒီမိုကရေစီ ခရီးစဉ် -၎

VOA (မြန်မာပိုင်းအစီအစဉ်) မတ်လ ၂-ရက်နေ့ (တနင်္ဂနွေ) အပတ်စဉ် ညနေပိုင်း ၆း ၀၀ နာရီမှာ ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီ ခရီးစဉ်မှာ ဗဟုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (Vahu Development Institute) အနေနဲ့ ကျနော်က ဒီမိုကရေစီနဲ့ ပတ်သက်လို့ စတုတ္ထအပတ် ဆက်လက် ဆွေးနွေးတင်ပြဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဖြစ်လာစေဖို့ လိုအပ်တဲ့ အခြေအနေတွေကို ပြောဖြစ်ပါ တယ်။



Monday, February 25, 2008

ဖေဖော်ဝါရီ ၂၃၊ ၂၀၀၈ ဘီဘီစီ (မြန်မာပိုင်း) မှာ ပြောခဲ့တဲ့ မှတ်ချက်

ဘီဘီစီ တပတ်အတွင်း မြန်မာနိုင်ငံသတင်း သုံးသပ်ချက် (ဒေါ်ရီရီအောင်)
ဖေဖော်ဝါရီ ၂၃၊ ၂၀၀၈

သောတရှင်များရှင် ဒီသတင်းပတ်ထဲမှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲပြီးစီးသွားပြီလို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလိုပြောဆိုကြေညာမှုထွက်ပေါ်ပြီးပြီးချင်းမှာပဲ မြန်မာနိုင်ငံရေး လုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့်ရှိတဲ့ အခြေအနေ ဖြစ်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ မယ်ရီ အိုဂါဘီ က ပြောဆိုထုတ်ပြန်လိုက်ပါတယ်။

“ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံကို သွားခွင့်ရရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာ လုပ်ငန်းစဉ်ကိစ္စကို ပထမဦးစားပေးအနေနဲ့ အာဏာပိုင်တွေနဲ့ကော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား သက်ဆိုင်သူ အားလုံးနဲ့ပါ ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ဟာ ဘယ်လောက်အထိ ယုံကြည် စိတ်ချရမလဲ ဆို တာ ဒီလုပ်ငန်းစဉ်ထဲ အားလုံးပါဝင်ပတ်သက်နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”

အမေရိကန် ပြည်ထောင်စုကတော့ အစိုးရစိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို လက်မခံနိုင်တဲ့ အကြောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ဖို့ ကြေညာထားတာကိုလည်း ကန့်ကွက်တဲ့အကြောင်း ထုတ်ဖော်ပြော ခဲ့ပါ တယ်။ မြန်မာအစိုးရ အပေါ် အစဉ်အမြဲ ပြတ်ပြတ်သားသား ပြောလေ့ရှိတဲ့ အမေရိကန်ဘက်က ဒီလိုပြောတာဟာ မထူးခြား လှပေမယ့် အမြဲတမ်း ဖေးဖေးမမရှိလှတဲ့ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာစီယံဘက်ကတောင်မှ စစ်အစိုးရ က ဆန္ဒခံယူပွဲ ခေါ်ယူမယ့်ကိစ္စ၊ ရွေးကောက်ပွဲ ပြုလုပ်မယ့်ကိစ္စတွေဟာ သမာသမတ်မှ ရှိပါ့မလားဆိုတာ စိုးရိမ်မကင်း ဖြစ်မိတယ်လို့ အတိ အလင်း ထုတ်ဖော်ပြောလာ ခဲ့တာကတော့ ထူးခြားလှပါတယ်။ အလှည့်ကျ လက်ရှိ အာစီယံ ဥက္ကဋ္ဌ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံခြား ရေးဝန်ကြီး ဂျော့ရှ်ရိုး ပြောသွားတာက ....

“နအဖ အနေနဲ့ နိုင်ငံတကာရဲ့စိုးရိမ်ပူပန်မှုတွေကိုလည်း လစ်လျူရှုလို့ မရပါဘူး၊ ဘာကြောင့်လည်းဆိုတော့ မြန်မာ နိုင်ငံဟာ အာစီယံအဖွဲ့ထဲမှာ ပါနေပါတယ်။ အဲဒီအတွက်ကြောင့်မို့လို ဒီဆန္ဒခံယူပွဲတွေကို ကိုယ့်ပြည်တွင်းကိစ္စပဲဆိုပြီး တော့ ကိုယ်လုပ် ချင်သလိုလုပ် အကာအကွယ်ယူလို့ မရပါဘူး”

ဆန္ဒခံယူပွဲကိစ္စဟာ ပြည်တွင်းကိစ္စ သက်သက် သဘောမထားသင့်ဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသွား သလို အင်ဒိုနီးရှားနိုင်ငံ ဘက်ကလည်း ဒီလုပ်ငန်းစဉ်မှာ အများယုံကြည်မှု ရှိရမယ့်အပြင် အဖွဲ့ပေါင်းစုံပါဝင်ခွင့်ရတဲ့ လုပ်ငန်းစဉ် ဖြစ်သင့်တယ်လို့ အခိုင်အမာ ပြောလာပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ခရစ်တီရာတို လက်ဂို ကို က....

“ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေအားလုံးနဲ့ လူမျိုးစုအဖွဲ့တွေအားလုံး ပါဝင်ဆွေးနွေးခွင့် ရဖို့ ကျနော်တို့က ဆက်ပြီး တိုက်တွန်းသွားမှာပါ။ အာစီယံအဖွဲ့အနေနဲ့ မြန်မာအစိုးရကို ဆက်ပြီးဖြောင်းဖြစည်းရုံး သွားမှာပါ”

ဒီပြောဆိုမှုတွေကိုကြည့်ရင် မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒေသတွင်းမှာ စိုးရိမ်ကြောင့်ကြမှုတွေ ဘယ်လောက်ရှိနေ တယ်ဆို တာ မြင်သာပါတယ်။ ဒီလိုဖြစ်နေတဲ့ တချိန်တည်းမှာပဲ လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် ပြုမှာ မဟုတ်ဘူးလို့ စစ်အစိုးရဘက်က လေသံထွက်ပေါ်လာပြန်လေတော့ အာစီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီကိစ္စရပ်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြရပါတယ်။ အခုလောလောဆယ် အာရှဒေသတွင်း လှည့် လည်ပြီး မြန်မာ့အရေး ဆွေးနွေးနေတဲ့ ကုလသမဂ္ဂအထူးအကြံပေးအရာရှိ အီဗရာဟင် ဂမ်ဘာရီကလည်း အစိုးရက ရက်သတ်မှတ် ပေးထားတဲ့ ဧပြီလထက်စောပြီး လာမယ့်မတ်လဆန်း မြန်မာနိုင်ငံကိုသွားတဲ့အခါ ဒေါ်အောင်ဆန်းစု ကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့် မပေးဘူးဆိုတဲ့ကိစ္စကို ဆွေးနွေးမယ်လို့ သိရပါတယ်။ မြန်မာအစိုးရရဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ ကြေညာချက်တို့အပေါ် နိုင်ငံ တကာက ဒီလိုတုံ့ပြန်နေတဲ့အချိန်မှာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက ပြည်တွင်းက NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တုန့်ပြန်မှုပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က NLD က ထုတ်ပြန်ခဲ့တဲ့ အထူး ကြေညာချက်မှာ လူထုဆန္ဒခံယူမယ့် စစ်အစိုးရရဲ့ အခြေခံ ဥပဒေမူကြမ်းဟာ ၁၉၉၀ ရွေးကောက်ပွဲ က ပေါ်ပေါက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရေးတာ မဟုတ်တဲ့အတွက် တရားမ၀င်ဘူးလို့ ပြောလာပါတယ်။ NLD အထူး ပြန်ကြားရေး တာဝန်ခံ ဦးသိန်းညွန့်ထောက်ပြတာက ...

“ဒီ အခြေခံဥပဒေကို ရေးဆွဲတဲ့အခါမှာ ၁/၉၀ အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ရေးဆွဲရပါလိမ့်မယ်။ ဒါ ကျနော်တို့ ဥပဒေအပေါ်မှာ ရပ်တည်ထားတဲ့အချက်ပါ။ ရပ်တည်တာလည်း တခြားမဟုတ်ဘူး။ ဒီ ဥပဒေဟာ သက်ဆိုင်ရာ အာဏာပိုင် တွေ ထုတ်ပြန်ထားတဲ့အတွက် အာဏာပိုင်တွေဘက်ကလည်း ဒီဥပဒေအတိုင်းလိုက်နာရဖို့ တာဝန်ရှိပါတယ်။ ကြေညာချက် အမှတ် ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ မှာ ပြည်သူ့လွှတ်တော်ဥပဒေ ရွေးကောက်ပွဲနဲ့ကော ကြေညာချက် အမှတ် ၁/၉၀ နဲ့ကော လုံးဝကိုက်ညီခြင်း မရှိဘဲ ဖြစ်နေတယ်။ အဲဒီလို ကိုက်ညီခြင်းမရှိတဲ့အတွက်၊ ပေးထားတဲ့ ကတိက၀တ် တွေနဲ့လည်း ကွဲလွဲနေ တဲ့အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ကျနော်တို့ မီးမောင်း ထိုးပြထားပြီးဖြစ်ပါတယ်”

အရင်တုန်းက မြန်မာစစ်အစိုးရ ထုတ်ပြန်ပြောဆိုခဲ့တာတွေအပေါ် NLD ဘက်က ပထမဆုံးအကြိမ် ယှဉ်ပြီးချပြခဲ့တဲ့ ကြေညာ ချက်ကို ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ထောက်ခံကြပါတယ်။ NLD က ဒီကြေညာချက်ကို ထုတ်ပြန်ပြီး နောက်တနေ့မှာပဲ (KIO) ကချင်လွတ်မြောက်ရေးအဖွဲ့က စစ်အစိုးရရဲ့ကြေညာချက်ကို ထောက်ခံလိုက်ပါတယ်။ လက်ရှိအနေအထားမှာ စစ်အစိုးရ ကကြေညာခဲ့တဲ့ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲလမ်းကြောင်းက ဖြစ်နိုင်ချေအရှိဆုံးလို့ ယူဆတဲ့အတွက် ထောက်ခံရ တာလို့ KIO ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိန်းလွန်းဒေါင် က ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် အခုဦးဆောင်သွားနေတဲ့ဥစ္စာကို ဒါ အခုလက်တွေ့ရှိနေတဲ့ဟာတွေကို ဒါကတော့ ထောက်ခံတဲ့ပုံစံ အနေနဲ့ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့အမြင်ကတော့ ၁၉၆၂ ခုနှစ်ကနေ ဒီနေ့အထိ ဘယ်တခုမှ ၀ိုင်းအော်တာပဲ ရှိတယ်၊ တခုမှ လက်တွေ့ကျမလာဘူး။ အဲ့တော့ ဒါတွေဟာ လက်တွေ့ကျတဲ့ တခုခုပုံစံနဲ့စဖို့ကောင်းတယ်ဆိုတဲ့ ခံယူချက်ရှိတယ်”

စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားရှိတဲ့ KIO အဖွဲ့က NLD ရဲ့ ကြေညာချက်ထွက်လာအပြီး နောက်တရက်မှာ အစိုးရဘက်ကို ထောက်ခံလိုက်တာဟာလည်း ထူးခြားလှပါတယ်။ ဒီလို အခြေအနေမျိုးမှာပဲ NLD ပါတီအနေနဲ့ အခုထက်ပိုပြီး လူထုကို ပြတ်ပြတ်သားသား ဦးဆောင်ပြဖို့ လိုတယ်လို့ မြင်နေကြသူ တွေလည်း အများအပြားရှိပါတယ်။ အဲဒီအထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပါပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းရဲ့အမြင်က ...

“ဒီတကွေ့ဟာ ဗမာပြည်ပြည်သူလူထုကြီးအတွက်ကော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ရော အင်မတန် အရေးကြီး တဲ့ အကွေ့အချိုးကြီးဖြစ်ပါတယ်။ ဒီအကွေ့အချိုးကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ခုနှစ် တုန်းက ပြည်သူလူထုကြီး တရပ်လုံးက ပုံအောပြီး မဲပေးခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ထားပြီးတော့ သူတို့ဟာ ရှေ့ကထွက်ပြီးတော့ ဦးဆောင်ရတော့ မယ့် အချိန်ဖြစ်တယ်လို့ ထင်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ဒါဟာ Do or Die အခြေအနေပါ။ အဲ့တော့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို အားကိုးရမယ်၊ ကျန်တဲ့ အမျိုးသား နိုင်ငံရေး အင်အားစုတွေအားလုံးကို စည်းရုံးပြီးတော့ အတူချီတက်ပြီးတော့ ရင်ဆိုင်ဖို့လိုတယ်လို့ ထင်ပါတယ်။ ခေါင်းရှောင်လို့ မရတော့ပါဘူး”

ရဲဘော်ဖိုးသံချောင်းက ဒီလိုမြင်သလိုပဲ NLD ရွေးကောက်ခံအမတ်တယောက်ဖြစ်ပြီး MPU ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များအဖွဲ့က တွဲဖက်အတွင်းရေးမှူး ခွန်မြင့်ထွန်းကလည်း NLD ဟာ မူအားဖြင့်သာမက လှုပ်ရှားမှုအပိုင်းကိုပါ ပြတ်ပြတ် သားသား ပိုပြီးဦးဆောင်မှုပေးစေချင်တယ်လို့ ဆိုပါတယ်။

“အဖွဲ့ချုပ်အနေနဲ့က ပြည်သူလူထုကို ဒီထက်ကို ပိုမိုရှင်းလင်းတဲ့ဟာကို ပြောစေချင်တယ်၊ မူပိုင်းဆိုင်ရာကို ပြတ်ပြတ် သား သား ဦးဆောင်မှုပေးသလို လှုပ်ရှားမှုအပိုင်းကိုလည်းပဲ အဖွဲ့ချုပ်အနေနဲ့က ပြတ်ပြတ်သားသား ဦးဆောင်မှုပေး စေချင်ပါ တယ်။ ဒီထက်ပိုမိုပြီး ပေးစေချင်တာပါ”

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို သပိတ်မှောက်မလား။ ကန့်ကွက်မဲထည့် ကြ မလားဆိုတာနဲ့ပတ်သက်လို့လည်း အမြင်တွေအမျိုးမျိုးရှိနေကြပါတယ်။ ဒီတော့ ဘယ်လမ်းကိုရွေးရင် ဘယ်လို ရိုက်ခတ်မှု တွေ ရှိလာနိုင်ပါသလဲ။ သူ သတိထားမိတဲ့ အချက်တချက်ပေါ် မူတည်ပြီး ခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။

“ကျနော်တဦးတည်းအမြင်အရပြောရမယ်ဆိုရင်တော့ နအဖရေးတဲ့ ဖွဲ့စည်းပုံ အသွင်ကူးပြောင်းရေးကာလဆိုတဲ့ အချက်ထဲမှာ အချက်တချက်က ဘာပါလဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်မဲနဲ့ အတည်ပြု ပြဋ္ဌာန်းမယ်လို့ ပါတယ်၊ ဟို မဲလာပေးတဲ့လူ ထက်ဝက်ကျော် မဟုတ်ဘူးနော်၊ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်လို့ ပြောတဲ့အတွက် ကျနော့် တဦးတည်းရဲ့ သဘောထားကတော့ ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပြည်သူ လူထုအနေနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်မှု မလုပ်ဖို့အတွက်ကို ကျနော့်တဦးတည်းသဘောထား အဲဒီလိုရှိပါတယ်။ ဒါပေမယ့်လို့ ပြည်သူလူထုကတော့ သူ့ ဘ၀ လက်တွေ့အခြေအနေမှာတော့ရင် သေနတ်နဲ့ထောက်ပြီးတော့ မဲထည့်ခိုင်းရင် သူက ဒါ ဆန့်ကျင်ကန့်ကွက်တဲ့မဲ ပေး သွားမှာပါပဲ။ အဲဒီအခြေအနေကို လူထုက ဆုံးဖြတ်သွားမယ်လို့ ကျနော်တို့ မြင်ပါတယ်”

ဗဟုဖွံ့ဖြိုးရေးအဖွဲ့က ဦးအောင်သူငြိမ်းကတော့ လူထုက ဆန္ဒမဲမပေးဘဲ နေကြမယ်ဆိုရင်လည်း စစ်အစိုးရက သူ့နည်း သူ့ဟန် နဲ့ ထောက်ခံမှုရအောင်လုပ်နိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။

“စစ်အစိုးရမှာပေါ့နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကလည်း အင်အား ၁၁ သန်းလောက်ရှိပါတယ်။ (အမှား ပြင်ဆင်ချက်။ ကြံ့ဖွံ့မှာ အင်အား ၂၄ သန်း ရှိတယ်လို့ သိရပါတယ်။ သို့သော်လည်း ကျောင်းသားအရွယ် ကလေးငယ်များပါ ပါဝင်တဲ့အတွက် မဲပေး နိုင်သူ ဦးရေ တ၀က်ခန့် ခန့်မှန်းတွက်ချက်ပြောခဲ့ခြင်း ဖြစ်ပါတယ်။) နောက်တခါ သူ့ဝန်ထမ်း တွေလည်း ရှိတယ်၊ စစ်တပ် လည်းရှိတယ်ပေါ့၊ ဆိုတော့ အဲ့ဒီအနေအထားမှာ တခုက ကျနော်တို့ပြည်သူအားလုံးက သပိတ်မှောက်တယ်ထားဦး၊ သူ့လူနဲ့သူ မဲထည့်ခိုင်းပြီးတော့ အတည်ðပလိုက်နိုင်တဲ့အနေအထားရှိပါတယ်။ ဆိုတော့ နောက်တခုက ဒါက ကျနော် အားနည်းချက်လို့ မြင်တာပေါ့နော်၊ တခုက ကျနော်တို့က မဲရုံကိုသွားပြီးတော့ ကန့်ကွက်မဲပေးမယ် ဆိုပါစို့၊ ဒါပေမယ့် အခုအချိန်ကြတော့လည်း ပြောရခက်တာက ပြည်သူ့ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး တော့ ဥပဒေတွေက ဘယ်လိုထွက်လာ မလဲဆိုတာလည်း တိတိကျကျ မသိရသေးတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် လူတွေက ကိုယ်ဖာသာကိုယ် မဲရုံထဲသွားပြီးတော့ လျို့ဝှက်ဆန္ဒမဲနဲ့ ကန့်ကွက် မဲ ပေးခွင့်ရမယ်ဆိုရင်တော့ ကျနော် ထင်တယ်၊ ကျနော်တို့ပြည်သူတွေက လုပ်ရဲတယ်လို့ ယူဆပါတယ်။ ညစ်နိုင်တာတော့ ညစ်နိုင်တာပေါ့ခင်ဗျ၊ အဲဒီအနေအထားမှာလည်း ဖြစ်နိုင်ရင်တော့ နိုင်ငံတကာက စောင့်ကြည့်လေ့လာမှု စသည်ဖြင့် ရမယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ”

ဘယ်နည်းနဲ့ပဲမဆို ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာအစိုးရဘက်က အတည်ပြုနိုင်မယ်ဆိုရင် အဓိက ဘယ်သူတွေ ထိခိုက် နစ်နာ နိုင်ဖွယ်ရှိပါသလဲ။ ဦးအောင်သူငြိမ်းသုံးသပ်တာက ....

“အဓိက နစ်နာမှာတော့ ကျနော်တို့ပြည်သူတွေပဲ ခင်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်း အကျပ် အတည်ပြုခိုင်းလိုက်တယ်ဆိုရင် နောက်တခါကျတော့ ဖွဲ့စည်းပုံရဲ့သဘောမှာ သူတို့လုပ်ထားတာက လည်း ပြန်ပြင် ဆင်ဖို့ ခက်တဲ့အနေအထား လုပ်ထားတော့ ဒီလိုပုံစံမျိုးနဲ့ရေရှည်သွားလို့ရှိရင် တိုင်းပြည်ပြဿနာတွေ က ပိုကြီးပြီးတော့ ကျနော်တို့ တိုင်းပြည် ပြည်သူလူထုတွေပဲ ပိုနစ်နာဖို့ရှိပါတယ်”

မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် ဒီလိုအမြင်တွေရှိနေကြတဲ့အချိန်မှာ ပြည်တွင်းက ၀ါရင့်နိုင်ငံသမားကြီးများအဖွဲ့ ကတော့ အဆိုးဆုံးကိုတွက်ထားတဲ့ လက္ခဏာဆောင်တဲ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအဖွဲ့က မြန်မာနိုင်ငံမှာ ဖြစ် နေတဲ့ လက်ရှိနိုင်ငံရေးပြဿနာကို သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနည်းနဲ့သာ ဖြေရှင်းနိုင်လိမ့်မယ် လို့ အခိုင်အမာ စွဲကိုင် ထားပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က နိုင်ငံတကာနဲ့ ဒီမိုကရေစီအင်အားစုတွေ တောင်း ဆိုနေကြတာတွေကို ထည့်သွင်း မစဉ်းစားဘဲ ဆန္ဒခံယူပွဲကို ဆက်လုပ်မယ်ဆိုရင်လည်း နည်းမှန်လမ်းမှန်နဲ့ လုပ်ဆောင် ဖို့လိုတယ်လို့ ထောက်ပြ တောင်းဆို လိုက်တာပါ။ အခြေခံဥပဒေမူကြမ်းကို လူထုလေ့လာနိုင်လောက်တဲ့ အချိန်ပေးဖို့၊ လွတ်လွတ်လပ်လပ် မဲပေးနိုင်ရေး အတွက် စနစ်တကျ ကူညီဆောင်ရွက်ပေးဖို့၊ ဆန္ဒခံယူပွဲပြုလုပ်တာကို ကုလသမဂ္ဂ အဖွဲ့ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာလေ့လာသူ တွေနဲ့ သတင်းသမားတွေကို လေ့လာခွင့်ပြုဖို့ စတဲ့အချက်တွေ အပါအ၀င် အချက် ၇ ချက်ကို ထောက်ပြ ပန်ကြားထားတာပါ။ ဒါကြောင့် ဒီတပတ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက ထုတ်ဖော် ပြောလာတဲ့ အချက်တွေအားလုံးကို ပြန် ကြည့်ရရင် မြန်မာစစ်အစိုးရအနေနဲ့ ပြည်သူ လူထုရဲ့ဆန္ဒအစစ်အမှန်ကို ပစ်ပယ် ထားဖို့မသင့်ဘူး၊ မိမိရဲ့ဆန္ဒသဘောအတိုင်း ဇွတ်ရှေ့တိုး မလုပ်ဆောင်ဘဲ လူထုဆန္ဒ ကိုလည်း ထည့်သွင်းဖို့အတွက် ပြန်လည် သုံးသပ်သင့်ပါတယ်လို့ အားလုံးက ထောက်ပြ နေတာကို တွေ့ရပါတယ်ရှင်။

Recent Comments