ခုတလော အမေရိကန်စစ်သား၊ သို့မဟုတ် စစ်နဲ့ ပတ်သက်တဲ့ကားတွေ ကြည့်ဖြစ်တယ်။ ခုကြည့်ရတဲ့ Last Flag Flying (2017) ကို တော်တော်သဘောကျမိတယ်။ ကြည့်ဖို့လည်း တိုက်တွန်းချင်တယ်။ စစ်ကားဆိုပေမယ့် တကားလုံး စစ်တပွဲ မှ တိုက်မသွားဘူး။ စစ်ပြန် စစ်သားဟောင်းကြီးတွေ အကြောင်းပဲ။ စစ်ပြန်တွေ ဘဝ အခြေမကျပုံတွေ၊ PTSD လို့ခေါ်တဲ့ ပဋိပက္ခလွန် စိတ်ဒဏ်ရာရ ခံစားနေကြပုံတွေ ပေါ်လွင်လှတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကားက ဝင်ငွေ အရနည်းတယ်။ USD ၁.၀၆ သန်းပဲရတယ်။
ဇာတ်လမ်းက ဒီလို။
ဒေါ့ခ်၊ ဆယ်လ် နဲ့ မြူလာ (ဗီယက်နမ်စစ်ပြန်-၃) ဦးအကြောင်းဆိုပါစို့။ ဒေါ့ခ် (ဒေါ့ခ် ရှက်ဖတ်) က ကိစ္စတခုကြောင့် ရေတပ် ထောင်မှာ ၂-နှစ် ကျတယ်။ နောက်တော့ ပြန်လွတ်လာတယ်။ မိန်းမက နို့ကင်ဆာနဲ့သေတယ်။ အခုပဲ သူ့သားက အီရတ် စစ်မြေပြင်မှာ တိုက်ပွဲကျကြောင်း အကြောင်းကြားစာ ရောက်လာတယ်။ ဆဲလ် (ဆဲလ် နီလွန်) ကတော့ ဘီယာဘားတခု ဖွင့် ပေပေတေတေနဲ့ ဘဝကို ရွက်လွှင့်နေသူ၊ အခုတိုင် လူဆိုးလူကြမ်းစတိုင် မပျောက်သေးသူ။ မြူလာ (ရစ်ချတ် မြူလာ) (Laurence Fishburne) ကတော့ လူမဲ၊ ခုအခါ ခရစ္စယာန်သင်းအုပ်ဆရာလုပ်နေပြီး နာမည်တောင် ရစ်ချတ်လို့ပဲ သိကြ တော့တယ်။ လုံးဝ သူတော်ကောင်း၊ ဘာသာရေးသမား ဖြစ်နေပြီ။ သူတို့ ဗီယက်နမ်တုန်းက ပေပေတေတေတွေပဲ။ လူနာဒဏ်ရာရရင်သုံးဖို့ ပေးထားတဲ့ မော်ဖိန်းတွေကို ခိုးပြီးထိုးကြတယ်။ သူတို့ရဲဘော် ဂျင်မီ ဒဏ်ရာရတော့ မော်ဖိန်းပေးဖို့ မရှိတော့ဘူး။ ဟိုတယောက်က အတော့်ကိုနာနာကျင်ကျင်နဲ့ သေဆုံးသွားရတယ်။ ဒီအတွက်လည်း သူတို့အပြစ်ရှိသလို ခံစားချက် မပျောက်ကြဘူး။
အခု ပြန်ဆုံကြတာက ဒေါ့ခ်က လိုက်ရှာပြီး အကူအညီတောင်းတယ်။ နက်ဖြန်မှာ သူ့သားရုပ်အလောင်းကို အီရတ်ကနေ ပြန်သယ်လာပြီး၊ အာလင်တန်းစစ်သင်္ချိုင်းမှာ သူရဲကောင်းဆန်ဆန် ဂုဏ်ပြုသဂြိုၤဟ်မှာ။ ဒီအတွက် သူ့ကိုအားဖြည့်လိုက် ပေးဖို့ အကူအညီတောင်းတယ်။ ဒီလိုနဲ့ သူတို့လည်း ထွက်လာကြတယ်။ သူတို့က ဝါရှင်တန်ဒီစီကို စောရောက်လာတယ်။ ဒါနဲ့ အလောင်းဆိုက်လာမယ့်လေယာဉ်ရှိရာ ဒီလာဝဲယား၊ ဒိုဗာလေတပ်စခန်းဌာနချုပ်ကို သူတို့ ရောက်လာမယ်။ ဝါရှင် တန်ဒီစီကို မရောက်သေးဘူး။ ဒီလိုနဲ့ ဒိုဗာလေတပ်စခန်းကို မောင်းလာကြပြန်တယ်။ ဒေါ့ခ်ရဲ့သား ချာလီက သူရဲကောင်း ဆန်စွာ ခြုံခွဲတိုက်ပွဲတခုမှာ ခုခံရင်းကျဆုံးရတယ်လို့ အစိုးရဖက်က ပြောတယ်။ ဒီအတွက် သူရဲကောင်းပီသစွာ မြုပ်နှံပေး မယ်လို့ ဆိုတယ်။ ဒိုဗာလေတပ်စခန်းမှာ မတော်တဆဆုံရတဲ့၊ ချာလီနဲ့ တိုက်ဖော်တိုက်ဖက် သူငယ်ချင်းဆီကနေ အဖြစ် မှန်ကို နောက်တော့ သိလာရတယ်။ ချာလီသေဆုံးရတာက တပ်ဖွဲ့အတွက် Coke အအေးသွားဝယ်စဉ် မူစလင် တယောက်က အလစ်အငိုက် သေနတ်တိုနဲ့ နောက်ကနေ ပစ်ချလိုက်တာ။ ဒီတော့ အဲဒီတပ်ဖွဲ့ကလည်း ဒေါသ ထွက်ထွက် နဲ့ တလမ်းလုံး ပစ်ပြီး ထွက်လာခဲ့တဲ့ ဇာတ်လမ်း။
အဖြစ်မှန်ကို သိတော့ ဒေါခ်က အစိုးရကို စိတ်ဆိုးတယ်။ လိမ်တယ်ပေါ့။ သူ့သားသေဆုံးရတာလည်း သူရဲကောင်းလို မဟုတ်ခဲ့ဘူး။ ဒီတော့ အခေါင်းကို အိမ်ပြန်သယ်ပြီး ဈာပနလုပ်မယ်လို့ စစ်တပ်အာဏာပိုင်တွေကို အကြောက်အကန် ငြင်းတယ်။ စစ်တပ်ကတော့ သူတို့ရဲ့ မရင်းတပ်ဖွဲ့ဂုဏ်သိက္ခာကို မငြိုးကွယ်ရအောင် ကာကွယ်မယ်၊ သူတို့ပြင်ဆင်ထား တဲ့အတိုင်း အာလင်တန်စစ်သချိုၤင်းမှာပဲ ဈာပနကိုလုပ်ဖို့ တိုက်တွန်းတယ်။ ဒီမှာ တင်းမာမှုတွေဖြစ်ကြတယ်။ နောက်တော့ သူ့သားရဲ့ ရုပ်ကလပ်ကို ရထားနဲ့သယ်ပြီး သူတို့မြို့မှာပဲ မြေချဖို့ ဒေါ့ခ်ဆန္ဒနဲ့ ဖြစ်ခဲ့တယ်။ စစ်ယူနီဖောင်းနဲ့ မဟုတ်ဘဲ၊ သာမန်အရပ်သားလို ဘွဲ့ယူတုန်းက ဝတ်စုံနဲ့ပဲ မြေချမယ်လို့ ဒေါ့ခ်က ဆုံးဖြတ်တယ်။ စစ်တပ်ဖက်ကတော့ မဖြစ်စေချင် ဘူး။ ဒီကြားထဲ ဖြစ်ခဲ့တဲ့ ဇာတ်လမ်း အလှည့်အပြောင်းတွေကို သယ်ဆောင်သွားပုံက သိပ်လှတယ်လို့ မြင်မိတယ်။
ဆဲလ်က ဘုရားသခင်ကို အမြဲတမ်းမေးခွန်းထုတ်ချင်တယ်။ သူ့သူငယ်ချင်း ရစ်ချတ်မြူလာကို လှောင်ချင်တာလည်း ပါတာပေါ့။ ဒါပေမယ့် သူတို့အားလုံးက အစိုးရကို ဒေါသထွက်နေကြတယ်။ လိမ်ရပါ့မလားပေါ့။ ဒီဇာတ်ဝင်ခန်းထဲမှာ ပြောဆိုတဲ့ စကားတွေကလည်း နိုင်ငံရေးအရ စူးရှတယ်။ "စစ်ပွဲဆိုတာကတော့ကွာ မျိုးဆက်တိုင်း ရှိနေမှာပါပဲ။ အစိုးရ တွေက မင်းတို့ကို ရည်ရွယ်ချက်တခုပေးမယ်။ တိုက်ခိုင်းမယ်။ ပြီးတော့ လူငယ်တွေက သေကြရတယ်" ဆိုတာမျိုးပေါ့။ သူတို့ကာလ ဗီယက်နမ်စစ်ပွဲမှာလည်း အကယ်၍ ဗီယက်နမ်မှာ သွားမတိုက်ရင်၊ ကွန်မြူနစ်တွေက အမေရိကန်တံခါးဝကို ရောက်လာ မယ်ဆိုတာမျိုး အပြောနဲ့ သွားတိုက်ခဲ့ကြရတယ်။ အခုအီရတ်မှာလည်း မရှိတဲ့ အင်အားပြင်း လူအစုအပြုံလိုက် သေစေ နိုင်တဲ့ လက်နက်တွေ (Weapon of mass destruction) ကို အကြောင်းပြလို့ သွားတိုက်ခိုင်းနေပြန်တယ်။ ဒါတွေကို ဝေဖန်ပြောတယ်။ စစ်ပြန်တွေရဲ့ လူမှုဖူလုံရေးကို အစိုးရက သေချာမဖြည့်ဆည်းပေးနိုင်တာ၊ စစ်ပြန်တွေကြားထဲ ယခုတိုင် ဘဝတွေ ရော်ရွက်ဝါတွေလို လေလွင့် မတည်ငြိမ်ဖြစ်နေရတာ၊ စိတ်ဒဏ်ရာ ခံစားနေရတာတွေကို ပြသခဲ့တယ်။ ဗီယက်နမ်စစ်ကာလက ဆောင်ကြာမြိုင်တွေကိစ္စ ပြန်ပြောကြရင်း၊ လူငယ်ဘဝ အချိန်ကောင်းတွေကို ပြန်အမှတ်ရကြ၊ ဟက်ဟက်ပက်ပက် ရယ်မောကြပုံတွေ ကြည့်ရတာ သရုပ်ဆောင်တွေကလည်း ကောင်းလှတယ်။
ဂျင်မီနာကျင် သေဆုံးရပုံတွေက သူတို့အတွက် အပြစ်ရှိနေတယ်လို့ ခံစားနေရတယ်။ ဒါနဲ့ ဂျင်မီရဲ့ အမေကြီးကို အဖြစ်မှန် အတိုင်း ပြောပြမယ်လို့ သူတို့ကဆုံးဖြတ်ကြတယ်။ သွားရှာကြတယ်။ ဂျင်မီရဲ့ အမေကတော့ သူ့သား သူရဲကောင်းဆန်စွာ ကျသွားတယ်။ အချို့လူတွေကိုလည်း တိုက်ပွဲထဲက ကယ်ထုတ်ခဲ့တယ်ဆိုတဲ့ အစိုးရအပြောကို ယုံကြည်နေတုန်းပဲ။ ဂုဏ် ယူနေတုန်းပဲ။ ဒီတော့ သူတို့လည်း ဖြစ်ရပ်မှန်ကို မပြောသာဘဲ ပြန်လာခဲ့ကြရတယ်။
ဒေါ့ခ်က သူ့သားကို အရပ်ဝတ်နဲ့ မြေမြုပ်မယ်ဆိုပေမယ့်၊ နောက်ဆုံးတော့ သူ့သားကို သူ့ဇနီးအုတ်ဂူဘေးမှာပဲ စစ်ယူနီ ဖောင်းနဲ့ မြေမြုပ်ပေးနိုင်ခဲ့တယ်။ ဆဲလ်နဲ့ မြူလာတို့ နှစ်ယောက်ကလည်း မရင်း စစ်ယူနီဖောင်းဝတ်လို့ အလေးပြု ဂုဏ်ပြု ခဲ့ကြတယ်။
မြန်မာပြည်မှာတော့ ဒီလိုဇာတ်ကားမျိုးတွေ၊ စစ်ပြန်တွေရဲ့ ဒုက္ခသုက္ခတွေ မတွေ့ရသေးပါဘူး။

No comments:
Post a Comment