Pages

Wednesday, February 8, 2012

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၁၀)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ သူရဲ့ရှမ်းပြည်နယ်ဖက် ခရီးစဉ်၊ ဆက်စပ်ရာသမိုင်းတွေကို တင်ပြပေးထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက မေမြို့ကနေ သီပေါမြို့ကို ခရီးဆက်ထွက်ပါတယ်။ သီပေါမြို့ကို ရောက်တော့ အတော်အေးချမ်းတဲ့ မြို့ကလေးတမြို့ဆိုတာ တွေ့ရပါတယ်။ တကယ်တော့ အေးချမ်းတဲ့မြို့ကလေးလို့ သူထင်နေတာလည်း လှည့်ဖျားမှုတခု ဖြစ်ကောင်း ဖြစ်နိုင်ပါသေး တယ်။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဂျပန်၊ တရုတ်၊ ဗြိတိသျှ၊ အမေရိကန်စစ်သားတွေ ဒီမြို့ကလေးကို ဖြတ်သန်းသွားခဲ့ဖူးတဲ့ သမိုင်းကိုလည်း သူက ပြန်ဖော်ပြပါသေးတယ်။ မြို့ကလေးကနေ နည်းနည်း အပြင် ထွက်လိုက်တာနဲ့ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေရဲ့ ထိန်းချုပ်ရာရွာတွေ ရှိနေပါ သေးတယ်။ အခု အချိန်မှာ ဒီပြည်တွင်းစစ်ကရော နိဂုံးချုပ်တော့မှာလား။ ဒေသတွင်းမှာ ကြီးထွာလာတဲ့ တရုတ်ရဲ့သြဇာ လွှမ်းမိုးမှုတွေကြောင့် အခုလို ပြည်တွင်းစစ် တိုက်ပွဲတွေက နိဂုံးချုပ် ဇာတ်သိမ်းသွားမှာလား။ ဒါမှမဟုတ် အကြမ်းဖက်မှု တွေက လောင်စာဆီထိုးပေးလိုက်သလို တဖန်ပြန်လည်ထကြွလာလေမလား။ တိုင်းရင်း သားတွေက လိုချင်တဲ့ မိမိရဲ့ ကြန်အင်လက္ခဏာတွေကို ဖော်ပြခွင့်နဲ့ အမျိုးသားရေးကရော ဘယ်လို ရှိလေမလဲ။ ဒါတွေကို သူက မေးခွန်း ထုတ်ခဲ့ပါ သေးတယ်။

ဗြိတိသျှတွေကို မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့နေရာမှာ ဗမာအများစု ရှိတဲ့ဒေသကို (Burma Proper) လို့ ခေါ်တဲ့ ပြည်မဒေသနဲ့ တိုင်းရင်းသားတွေ အများစုရှိရာဒေသကို (Frontier area) တောင်တန်းဒေသဆိုပြီး ခွဲခြားအုပ်ချုပ်ခဲ့ ပါတယ်။ အိန္ဒိယမှာ ဗြိတိသျှတွေက အုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးတဲ့နောက်မှာ မြန်မာပြည်မမှာလည်း ဗမာ နိုင်ငံရေးပါတီ တွေ ပေါ်ပေါက်လာ၊ ပါလီမာန်တွေ၊ ရွေးကောက်ပွဲတွေနဲ့ ဆူဆူညံညံတော့ ရှိခဲ့ပါတယ်။ တောင်တန်းဒေသ တွေမှာတော့ ကွာခြားပါတယ်။ ရှမ်းပြည်နယ်မှာဆို ဒေသခံစော်ဘွားတွေကို ဒီအတိုင်း အာဏာဆက်ပေးထားခဲ့ပါတယ်။ ခရစ်ယာန် သာသနာပြု အဖွဲ့အစည်းတွေကလည်း ကျောင်းတွေ၊ ဆေးရုံတွေ တည်ထောင်ခဲ့ကြပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုလည်း အတော် နှေးကွေးခဲ့တဲ့ ဒေသတွေလို့ ဆိုနိုင် ပါတယ်။ ပြည်မနဲ့ ဆက်သွယ်ဖို့ဆိုရင် မန္တလေး၊ လားရှိုး ရထားလမ်း တကြောင်းသာပဲ ဖောက်ထားခဲ့ပါတယ်။ ဗြိတိသျှ အုပ်ချုပ်သူတွေကတော့ သူတို့အပေါ် သစ္စာခံဖို့နဲ့ ဘဏ္ဍာတော်အတွက် ငွေကြေးတချို့ ဒီပြည်နယ်တွေဆီကရဖို့လောက်ပဲ မျှော်လင့်ခဲ့ကြတာပါ။

၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခါနီးတော့ ဗြိတိသျှတွေက ရှမ်းပြည်နယ် အပါအ၀င်၊ တိုင်းရင်းသားတွေကို ဗမာတွေ လက်ထဲထားခဲ့ရမှာကို စိုးရိမ်ကြပါတယ်။ နှိုင်းယှဉ်ချက်အရ ပြောရရင် ရှမ်းပြည်နယ် အပါအ၀င် တောင်တန်း ဒေသတွေက အေးချမ်းနေပြီး၊ ဗမာကျောင်းသားတွေကနေ အမျိုးသားရေးဝါဒီ လွတ်လပ်ရေးလှုပ်ရှားသူတွေ ဖြစ်လာတဲ့ ပြည်ပမှာတော့ အခြေအနေက ပြောင်းလဲနေခဲ့ပါပြီ။ ဗမာ အမျိုးသားရေးဝါဒီတွေက ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန် တပ် တွေနဲ့ ပေါင်းလို့ ပိုလို့စစ်သွေးကြွ သဘောထားပြင်းထန်တဲ့ လူမှုအသိုက်အ၀န်းမျိုး ဖြစ်လာသလို၊ လွတ်လပ်ရေးရပြီး မကြာ ခင်မှာပဲ ဒီခေါင်းဆောင်တွေက ဗြိတိသျှ ဓနသဟာယနယ်ပယ်ထဲက မြန်မာပြည်ကို ဆွဲထုတ်ခဲ့ကြပါတယ်။ လွတ်လပ်ရေး မတိုင်မီကာလ ၁၉၄၆ ခုနှစ်မှာ ဗြိတိသျှတွေက ကော်မရှင်တခုဖွဲ့ပြီး ဗမာမဟုတ်တဲ့ တိုင်းရင်းသားဒေသတွေ အနာဂတ် အရေးကို လေ့လာခဲ့ကြပါသေးတယ်။ ၀လူရိုင်းလို့ ခေါ်ခဲ့ကြတဲ့ ၀ခေါင်းဆောင်နဲ့ မေးမြန်းခဲ့တဲ့ စာပိုဒ်တခုကိုတောင် ဦးသန့် မြင့်ဦးက ထည့် ဖော်ပြခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ လွတ်လပ်ရေးအတူ ယူကြမယ်ဆိုတဲ့ ပင်လုံစာချုပ်ကို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုးရတာတွေ ဖြစ်လာခဲ့ရတာပါ။ ဒီသဘောတူညီချက်မှာ တိုင်းရင်းသားတွေ တန်းတူရေးနဲ့ ပြည်တွင်းမှာ ဒီမိုကရေစီကျင့်သုံးရေးကို သဘောတူညီခဲ့ကြပါတယ်။

မြန်မာပြည် လွတ်လပ်ရေးရပြီး များမကြာမီမှာပဲ ပြည်တွင်းစစ်မီး တောက်လောင်လာပါတော့တယ်။ ပြည်တွင်းစစ်က အထူး သဖြင့် ယခင်က ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတဲ့ အစိုးရခေါင်းဆောင်တွေနဲ့ ကွန်မြူနစ်သူပုန်တွေအကြား၊ နောက်တော့ အရင်တချိန်က ဗြိတိသျှတို့ ပစားပေးခံခဲ့ရတဲ့ ကရင်တိုင်းရင်းသားစစ်တပ်တွေနဲ့ မြန်မာတွေအကြား၊ ရခိုင် ပြည်နယ်နဲ့ အဲဒီအချိန်က အရှေ့ပါကစ္စတန်နယ်စပ်မှာတော့ မူဂျာဟီဒင် အစ္စလမ်သူပုန်တွေအကြား ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှ တွေ ခွာပြီး လပိုင်းအကြာမှာပဲ မြန်မာပြည်က ချောက်ထဲကျဖို့ တည်းတည်းအခြေအနေ ကြုံလာရပါတော့တယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင် အဲဒီအချိန်က ရှမ်းပြည်နယ်တခုလုံးက ဒီပြည်တွင်းစစ်နဲ့ မပတ်သက်ခဲ့ပါဘူး။ သူ့ဘာသာ အေးအေးဆေးဆေး ရှိနေခဲ့ပါတယ်။ ရှမ်းပြည်နယ် စော်ဘွားတွေတောင် အစိုးရခေါင်းဆောင်ပိုင်းမှာ နေရာပေးတာ ခံခဲ့ကြရပါ တယ်။ ဥပမာ- ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်က မြန်မာပြည်ရဲ့ ပထမဦးဆုံးသမ္မတ ဖြစ်လာခဲ့သလို၊ ကက်ဘိနက်ဝန်ကြီး တွေထဲ၊ ပါလီမာန်လွှတ်တော်ထဲ၊ ပညာရှင်တွေထဲမှာ ရှမ်းတိုင်းရင်းသားတွေကို မြင်ခဲ့ကြရပါတယ်။

ဒါပေမယ့် တရုတ်ပြည်မှာ မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ၁၉၄၉ ခုနှစ်မှာ အာဏာသိမ်းပိုက်နိုင်လိုက်တဲ့အခါ အမျိုးသားရေးဝါဒီ ချန်ကေရှိတ်တပ်တွေက မြန်မာပြည်ဖက်ကို ထွက်ပြေးလာကြ၊ တရုတ်ပြည်ကို ပြန်တိုက်မယ်လို့ အခြေပြု စခန်းချကြပါတယ်။ အမေရိကန် စီအိုင်အေနဲ့ ထိုင်းအစိုးရကလည်း ကွန်မြူနစ် ဆန့်ကျင်ရေးအဖြစ် ဒီအင်အားစုတွေကို ထောက်ပံ့နေကြပါတယ်။ မြန်မာစစ်တပ်က တရုတ်ကျူးကျော်သူတွေကို တိုက်ထုတ်ဖို့ စစ်ပြင်ဆင်၊ စစ်ဆင်ရေးတွေလုပ် တော့ ရှမ်းပြည်နယ်ထဲကို ဗမာစစ်တပ်တွေ အများအပြား ရောက်လာခဲ့ပါတယ်။ ၁၉၆၀ နှောင်းပိုင်းတွေအထိ တရုတ်ဖြူ တပ်တွေက ရှိနေခဲ့ကြပါတယ်။ အချို့တွေက နောက်ပိုင်းမှာ တိုင်ဝမ်ကို ထွက်သွားကြပေမယ့် ရှမ်းပြည်နယ်ထဲဒေသခံ တိုင်းရင်းသားတွေနဲ့ အိမ်ထောင်ကျ ကျန်နေခဲ့ကြတာလည်း ရှိပါတယ်။ ဘိန်းဘုရင်အဖြစ် နာမည်ကြီးတဲ့ ခွန်ဆာဆိုရင် လည်း တရုတ်-ရှမ်းကပြားပါ။ လော်စစ်ဟန်ဆိုရင်လည်း တရုတ်ပြည်နယ်စပ်က ကိုးကန့်အနွယ်တွေ ဖြစ်ပါတယ်။ တရုတ် ဖြူစစ်ပွဲနောက်ပိုင်းမှာတော့ မြန်မာပြည်မှာလည်း စစ်အာဏာသိမ်း၊ ရှမ်းအမျိုးသားရေး ၀ါဒီတချို့ကလည်း စတင်ပုန်ကန် တာတွေ ဖြစ်လာပါတော့တယ်။

နောက်ပိုင်းကာလတွေမှာတော့ တရုတ်ပြည်က အကူအညီနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ၁၉၇၀ ခုနှစ်များမှာ တရုတ် နယ်စပ် မှာ အခြေခံစခန်းကြီးတွေ ဆောက်ခဲ့ကြပြန်ပါတယ်။ စစ်ပွဲကြီးတွေလည်း အပြင်းအထန် ဖြစ်ခဲ့ပြီး၊ မြန်မာစစ်တပ် ဖက်ကရော၊ တိုင်းရင်းသားတွေဖက်ကပါ အကျအဆုံးတွေ များခဲ့ပါတယ်။ ရွာတွေလည်း ရွှေ့ပြောင်း ဖျက်ဆီးခံရ၊ ထွက်ပြေး ရတာတွေ ရှိခဲ့ပါတော့တယ်။ ကွန်မြူနစ်တွေကို တိုက်ဖို့ မြန်မာစစ်တပ်ကလည်း ဒေသခံပြည်သူ့စစ်တွေ လက်နက်တပ်ဆင် မွေးတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရှမ်းပြည်နယ်လည်း အရင်လို မအေးချမ်းနိုင်၊ စစ်ပွဲကြားကို နစ်ခဲ့ရပါတော့တယ်။ ၁၉၉၀ ခုနှစ်များ နောက်ပိုင်းမှာတော့ တရုတ်ပြည်က အထောက်အပံ့တွေ ဖြတ်ခဲ့လို့ ကွန်မြူနစ်ပါတီလည်း ပြိုကွဲခဲ့ရပါတယ်။ နောက်ပိုင်း တိုင်းရင်းသားအုပ်စုတွေနဲ့ အပစ်အခတ်ရပ်စဲရေးတွေ ဖြစ်လာသလို၊ တရုတ်နိုင်ငံနဲ့လည်း ရွှေလမ်းငွေလမ်းပေါက် နယ်စပ် ကုန်သွယ်ရေးတွေ ဖြစ်လာခဲ့ပါတယ်။ တချိန်က လားတန်းနဲ့ ကုန်တင်ရောင်းချကြသူ ကိုးကန့်တွေလည်း အခုတော့ ကုန် ကားတန်း၊ ယာဉ်တန်းကြီးတွေနဲ့ ရောင်းဝယ်တာတွေ ဖြစ်နေပါပြီ။

အပစ်အခတ်ရပ်တယ်ဆိုပေမယ့် ငြိမ်းချမ်းရေးလည်း မဟုတ်သေးပါဘူး။ စစ်လည်း မဟုတ်တော့ပါဘူး။ ကြားထဲက အခြေ အနေပါ။ တဖက်မှာလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် မြန်မာစစ်အစိုးရကို တရုတ်နဲ့ ပိုနီးစပ်အောင် တွန်းပို့သလို ဖြစ်နေစေပါတယ်။ ဒီအခြေအနေ နောက်ပိုင်းမှာ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားတွေအကြား တိုင်းရင်းသား အင်အားစုလေးတွေက ဘယ်လိုဖြစ်လာလေမလဲ။ မြန်မာပြည် ပြည်တွင်းစစ်ပွဲတွေက ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ စာရေးသူ ဦးသန့်မြင့်ဦးတင်ပြထားတာကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Sunday, January 29, 2012

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၉)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ သူရဲ့ရှမ်းပြည်နယ်ဖက် ခရီးစဉ်၊ ဆက်စပ်ရာသမိုင်းတွေကို တင်ပြပေးထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက ဒုတိယကမ္ဘာစစ်အတွင်းက မဟာဗျူဟာအရ တန်ဖိုးတက်ခဲ့ရတဲ့ မြန်မာပြည်အကြောင်း ဖော်ပြပြီး နောက်ပိုင်းမှာ မြန်မာပြည်က အထီးကျန်နေထိုင်ခဲ့တဲ့ အခြေအနေ၊ မဟာဗျူဟာအရ နိုင်ငံတကာရဲ့ စိတ်ဝင်စားဖွယ်အရ တန်ဖိုးကျဆင်းခဲ့ရတဲ့ အခြေအနေတွေကို ဆက်လက်ဖော်ပြပါတယ်။ အဲဒီနောက်တော့ မေမြို့သူရောက်စဉ် သူတွေ့ရတဲ့ စစ်တက္ကသိုလ်အကြောင်း၊ ပိတ်ရက် အားလပ်ရက်တွေမှာ ထွက်လည်တတ်တဲ့ ဗိုလ်လောင်းသင်တန်းသားတွေအကြောင်း ဖော်ပြရင်းနဲ့ မြန်မာသမိုင်းမှာ စစ်တပ်က ချုပ်ကိုင်လွှမ်းမိုးထားတဲ့ နေရာက ပါဝင်ခဲ့ပုံအကြောင်းကိုလည်း တို့ထိဖော်ပြခဲ့ပါ သေးတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းလို့ "တော်လှန်ရေးကောင်စီ" အဖြစ် ဦးဆောင်၊ နောက်တော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအဖြစ် ၂၆- နှစ်တာ တိုင်းပြည်ကို တံခါးပိတ် ဖြတ်သန်းခဲ့တဲ့ကာလ တွေအကြောင်းနဲ့၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး နောက်ပိုင်း ဒီကနေ့ ကျနော်တို့ သိကြသလို စစ်အစိုးရနဲ့ ဒီမို ကရေစီ အင်အားစုတွေအကြား အားပြိုင်မှု၊ အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပါအ၀င် မြန်မာပြည်နဲ့ နိုင်ငံတကာ ဆက်ဆံရေး အဆင့်လျောကျ နောက် ဆုတ်ခဲ့ရတဲ့ အခြေအနေတွေကိုလည်း တို့ထိ တင်ပြခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတဲ့အချိန်မှာ မြန်မာစစ်အစိုးရအဖို့ တရုတ်နိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ သံတမာန်ရေး အရ အားကိုးအားထားစရာ ဖြစ်လာပါတယ်။ တရုတ်က မြန်မာပြည်တွင်း ကိစ္စတွေဟာ ပြည်တွင်းရေးသာ ဖြစ်တယ်၊ ၀င်ရောက် မစွက်ဖက်ရေးဆိုတဲ့မူကို လက်ကိုင်ထားတဲ့အခါ စစ်အစိုးရအဖို့ ပိုလို့ သဘောကျစရာ ဖြစ်စေပါတယ်။ ဒါပေမယ့် မြန်မာလူမျိုး တွေရဲ့ စိတ်အဇ္ဈတ္တအတွင်းမှာ တရုတ်ကို ကြောက်ရွံ့တဲ့စိတ်က သိပ်ပြင်းထန်လွန်းတယ်လို့ သူက ဆိုပါတယ်။

တရုတ် တာတာ တပ်တွေလာတိုက်လို့ ပုဂံပျက်ရတဲ့အဖြစ်၊ တရုတ်ပြေးမင်း စတဲ့ သမိုင်းမှတ်ဉာဏ်တွေ ရှိခဲ့သလို၊ ၁၈-ရာစု မန်ချူးတပ်တွေလာတိုက်တော့ ခုခံခဲ့တဲ့အကြောင်း စာကဗျာဖွဲ့ခဲ့တာ အများလည်း ရှိခဲ့ကြပါတယ်။ အခု မြန်မာစစ်ဗိုလ်ချုပ် တွေ ကိုယ်၌က တချိန်က တရုတ်ပြည်က ကျောထောက်နောက်ခံပေးထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်တွေနဲ့ သူတင် ကိုယ်တင် ပွဲ နွဲခဲ့ရတဲ့ မှတ်ဉာဏ်က ကျန်ရှိနေပါသေးတယ်။ တဖက်က တရုတ်နိုင်ငံကို မှီခိုအားထားနေရတဲ့အချိန်မှာ သူ့ ချည်းပဲ စိတ်ချ မထားနိုင်ပါဘူး။ အိန္ဒိယကို ပြန်ချိန်ထိုးညှိဖို့ ကြိုးပမ်းခဲ့သလို၊ အာဆီယံအဖွဲ့ဝင်အဖြစ်လည်း ၀င်ဆန့်အောင် ကြိုးပမ်းခဲ့ပါ သေးတယ်။ အာဆီယံဆီက မြန်မာက ရင်းနှီးမြှုပ်နှံမှု အကူအညီတွေ လာခဲ့မယ် မျှော်လင့်ပေမယ့် မဖြစ်ခဲ့ပါဘူး၊ အကြောင်း ကတော့ ၁၉၉၇ အာရှငွေကြေးကပ်ကြောင့်ပါ။ အာဆီယံဖက်က အပြုသဘောဆောင် ချည်းကပ်မှုနဲ့ မြန်မာဖက်က ပြောင်းလဲ လာဖို့ ကြိုးပမ်းပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အကြောင်းကတော့ စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆွေး နွေးနိုင်လို့ပါ။ ဒေါ်စုနဲ့ ဆွေးနွေးခြင်းအားဖြင့် ပြေလည်ဖို့ အဲဒီအချိန်က မသေချာသလို၊ ပိုလို့ အန္တရာယ်များ ရှုပ်ထွေးမယ်လို့ စစ်ဗိုလ်ချုပ်တွေဖက်က တွက်ဆခဲ့နိုင်တယ်လို့ စာရေးသူက ဆိုပါတယ်။ ဒီလိုနဲ့ အပြောင်းအလဲတွေ နှောင့်နှေးကြန့်ကြာ နေခဲ့ တာပါ။

စာရေးသူ ဦးသန့်မြင့်ဦးက မေမြို့ကနေ ရှမ်းပြည်နယ်၊ သီပေါဖက်ကို ဆက်လို့ ခရီးထွက်ခဲ့ပါတယ်။ ဒီလမ်းတလျှောက် သူ မြင်တွေ့ရတဲ့ ထူးခြားချက်တွေကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ အထူးသဖြင့် ရိုမန်ကက်သလစ် ဘုရားကျောင်းတွေ၊ အိန္ဒိယမြောက်ပိုင်းနွယ်ဖွား အသွင်ရှိတဲ့သူတွေ၊ အရင် ကိုလိုနီစစ်တပ်လက်ကျန်သမိုင်းဖြစ်တဲ့ ဂေါရခါးလူမျိုးတွေ၊ နီပေါ ဘုရားကျောင်းတွေ၊ မူစလင် ရပ်ကွက်တွေအကြောင်း ရောင်စုံမြင်ကွင်းကိုလည်း ဖော်ပြခဲ့ပါတယ်။

သူက မြန်မာပြည် သမိုင်းကို ကောင်းကောင်း နားလည်ချင်တယ်ဆိုရင် မြန်မာနိုင်ငံ ပထ၀ီမြေပုံကို ကြည့်ရမယ်လို့ ပြောပါ တယ်။ နိုင်ငံရဲ့ ဗဟိုချက်မကို ပတ်ဝိုင်းထားတဲ့ နယ်ခြားဒေသတွေ၊ နိုင်ငံအကျယ်ရဲ့ တ၀က်ကျော်က တိုင်းရင်းသားလူမျိုးတွေ နေထိုင်နေကြတာပါ။ လူဦးရေအရ တိုင်းရင်းသားတွေက နိုင်ငံ့လူဦးရေရဲ့ (သုံးပုံနှစ်ပုံ) ရှိနေပါတယ်။ ဘာသာကိုးကွယ်မှုအရ လည်း ဗမာလူမျိုး အများစုက ဗုဒ္ဓဘာသာ ဖြစ်ပေမယ့်၊ တိုင်းရင်းသားတွေကြားမှာ ခရစ်ယာန်၊ မူစလင်၊ နတ်ကိုးကွယ်မှု စသဖြင့် ကွဲပြားရှိနေပါသေးတယ်။ ဗမာတွေက ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဒေသမှာ နေထိုင်ကြပြီး တိုင်းရင်းသားတွေကတော့ မြန်မာ ပြည် အလယ်ပိုင်းကို ပတ်ဝိုင်းထားတဲ့ တောင်တန်းဒေသတွေမှာ နေထိုင်ကြပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်အကြောင်းကို စာရေးသူဦးသန့်မြင့်ဦး ဖော်ပြရာမှာတော့ "နေ၀င်ဘုရင်များ" ဆိုပြီး အဲဒီအခန်း ကို ခေါင်းစဉ်ပေးခဲ့ပါတယ်။ တချိန် မြန်မာပြည် ကိုလိုနီဘ၀ မကျရောက်ခင်က ရှမ်းပြည်နယ်လို တောင်တန်းဒေသတွေမှာ ရှမ်း စော်ဘွားတွေ၊ ဒေသအကြီးအကဲတွေ ကိုယ့်ဘာသာအုပ်ချုပ် နေထိုင်ခဲ့ကြပါတယ်။ သူတို့က ဗမာဘုရင့်အပေါ် သစ္စာ ခံကြတာ မျိုး ရှိသလို၊ တရုတ်ပြည်နဲ့ နီးစပ်တဲ့ နယ်စပ်ဒေသက တိုင်းရင်းသားအကြီးအကဲတွေကလည်း နှစ်ဖက်စလုံးကို သစ္စာခံ ပဏ္ဏာဆက် နေထိုင်ခဲ့ကြတာမျိုး ရှိပါတယ်။ ဘာသာစကား ပြောဆိုပုံကလည်း ထွေပြားစုံလင်လှပါတယ်။ ဒါကြောင့် လည်း နောက်ပိုင်းမှာ လူမျိုးရေးအခြေခံ ပြည်တွင်းစစ်တွေ ဖြစ်လာခဲ့ရတာပါ။

သူက ရှမ်းလူမျိုးတွေရဲ့ ဒဏ္ဍာရီဆန်လှတဲ့ ခွန်လုံ နဲ့ ခွန်လိုင် ညီအစ်ကို ၂-ဦးက ဆင်းသက်လာတယ်ဆိုတဲ့ ရှမ်းလူမျိုးတွေရဲ့ အတိတ်သမိုင်းကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ တချိန်က မြန်မာပြည်သမိုင်းမှာသာမက ဒေသတွင်းမှာပါ ရှမ်းလူမျိုး စော်ဘွား၊ အကြီးအကဲတွေက တနည်းမဟုတ် တနည်း ပတ်သက် အရေးပါခဲ့ကြပါတယ်။ ထိုင်းနိုင်ငံဖက်ကို ဆင်းသက်လာ ကြသူ လူမျိုး တူတွေ ရှိသလို၊ ယူနန်ပြည်နယ်ဖက်မှာလည်း ဒိုင်လူမျိုးတွေရဲ့ ဘုရင်ထီးနန်းတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဗြိတိသျှတွေ လာရောက်သိမ်းပိုက်တဲ့ အချိန်မှာတော့ ရှမ်းစော်ဘွားတွေက ခွန်အားချိနဲ့နေတဲ့ကာလဖြစ်ပြီး အချို့စော်ဘွား အုပ်ချုပ်ရာ ပြည်နယ်တွေတော့ ရှိနေခဲ့ပါတယ်။ ဗြိတိသျှတွေက မြန်မာပြည်မကို သီးခြားခွဲခြားအုပ်ချုပ်ပြီး၊ ရှမ်းပြည်နယ်ကိုတော့ တောင် တန်းဒေသအဖြစ် ရှမ်းစော်ဘွားတွေရဲ့ အာဏာကို မတို့မထိထားခဲ့ပါတယ်။ ရှမ်းပြည်နယ်ကို စော်ဘွား ၃၄ ဦး နဲ့ စော်ဘွား များကောင်စီ (Order of Precedence) အဖြစ် ဖွဲ့စည်းလို့ အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီအချိန်က ရှမ်းပြည်နယ်က "အရှေ့တိုင်းရဲ့ ဆွစ်ဇာလန်" လို့ တောင်တင်စားခေါ်ဝေါ်ရလောက်အောင် တည်ငြိမ် အေးချမ်းခဲ့ပါတယ်။ အိမ်နီးချင်း တရုတ် ပြည်မှာတော့ အဲဒီအချိန်မှာ စစ်ပွဲတွေ၊ သူပုန်ထမှုတွေနဲ့ လူသန်းချီ သေဆုံးနေတဲ့ အချိန်ပါ။

နောက်ပိုင်း ဒုတိယကမ္ဘာစစ်ဖြစ်လာ၊ မြန်မာပြည် လွတ်လပ်ရေးရလာပြီးတော့ ရှမ်းပြည်နယ်မှာ ပြောင်းလဲလာခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း စာရေးသူ ဦးသန့်မြင့်ဦးက ဆက်လက်တင်ပြထားပါတယ်။ စာရေးသူရဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်းထင်ဟပ်ချက်၊ အမြင်တွေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Thursday, January 26, 2012

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၈)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ဒုတိယကမ္ဘာစစ်နဲ့ နောက်ပိုင်း မြန်မာပြည်ရဲ့ မဟာဗျူဟာ အရ အရေးပါမှုအတက်အကျကို တင်ပြပေးထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာပြည်က မဟာဗျူဟာအရ အချက်အခြာကျ၊ တန်ဖိုးတက်လာ တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျပန် တပ်တွေက တရုတ်နိုင်ငံ ပင်လယ်ဆိပ်ကမ်းတလျှောက်ကိုသိမ်း ပိုက်ထားပြီး၊ မဟာမိတ်တပ် တွေကလည်း ပစိဖိတ်သမုဒ္ဒရာတ၀ှမ်း ဂျပန်တွေကို ရင်ဆိုင်နေရတဲ့အချိန်ပါ။ နေမ၀င် အင်ပိုင်ယာပြည့်ရှင် အင်္ဂလိပ်ကိုယ်တိုင်လည်း၊ မရှုမလှ အရှက်တကွဲနဲ့ နေရာအများအပြားကို ဆုတ်ခွာပေးခဲ့ရပါတယ်။ အဲဒီအချိန် မှာ မဟာမိတ်တပ်တွေကို ဦးဆောင်ပြီး၊ ဂျပန်ကိုခုခံနေသူ အမေရိကန်အစိုးရကိုယ်တိုင်က မြန်မာပြည်ကိုစိတ်ဝင်တစား ကြည့်လာခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့စိတ်ဝင်စားမှုက မြန်မာပြည်ကို ဂျပန်လက်အောက် က လွတ်မြောက်အောင် ကူညီတိုက်ခိုက်ပေးဖို့ မဟုတ်ပါဘူး။ လူအင်အားများလှတဲ့ တရုတ်ပြည်ကြီးက ဒီစစ်ပွဲမှာ သူတို့ဖက်က ခံတိုက်နိုင်အောင်၊ တရုတ်ကို နောက်ဖေးလမ်းကနေ စစ်အကူအညီ အထောက်အပံ့တွေ ပေးနိုင်အောင် ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ အမေရိကန်က ကလကတ္တားကနေ လေယာဉ်ပျံတွေနဲ့ ယူနန်ပြည်နယ်ထဲကို လက်နက်ကျည်ဆံတွေ ပို့ပေးနေတယ် ဆိုပေမယ့်လည်း၊ လိုအပ်နေတာထက် မစို့မပို့သာ ရောက်ပါတယ်။ တကယ်လို့ ရန်ကုန်ကနေ ပို့မယ်ဆိုရင်ဖြင့် ရောက်နိုင်တဲ့ ပမာဏထက် အနည်းအကျဉ်းမျှပဲ ရောက်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့်လည်း ဒီအစီအစဉ်အတွက် ရန်ကုန်ကို ကမ်းတက်ပြန် သိမ်းပိုက်ဖို့လည်း မလိုအပ်သေးပါဘူး။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် လီဒိုကနေ မြန်မာပြည်မြောက်ဖျားကို ဖြတ်လို့ယူနန် ပြည်ထဲကို လမ်းပေါက်နိုင်ပါတယ်။ ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ကနေဒါနိုင်ငံ၊ ကွိဘက်ကွန်ဖရင့်မှာဖြင့် ၀န်ကြီးချုပ်ချာချီ က အမေရိကန်သမ္မတ ရုစဗဲ့လ်ကို Burma Road လို့ခေါ်တဲ့ မြန်မာပြည်ဖြတ်လမ်း ဖွင့်ဖို့ သဘောတူခွင့်ပေးခဲ့ပါတယ်။ နောက် ထပ် ၁၈ လအတွင်းမှာတော့ စစ်သား၊ အရပ်သား ထောင်သောင်းချီစုဆောင်းပြီး နေ့ရောညပါ Burma Road ကို ဖောက် ကြပါတော့ တယ်။ ဒီလမ်းကို လီဒိုလမ်းမကြီး၊ ဒါမှမဟုတ် ဗိုလ်ချုပ်စတီးဝဲလ်ကို အစွဲပြုလို့ စတီးဝဲလ် လမ်းမကြီးလို့လည်း ခေါ်ကြပါတယ်။ ဟိမ၀န္တာတောင်ခြေကနေ ပတ်ပြီး တရုတ်-အိန္ဒိယ တိုက်ရိုက်လမ်းပေါက်ခဲ့ပါတော့တယ်။ ဒီလမ်းဖောက် ရာမှာ လူ ၂ သောင်း လောက် သေဆုံးခဲ့ရကြောင်းလည်း အရင်အပတ်က တင်ပြခဲ့ပါတယ်။

အဲဒီအချိန်က အမေရိကန်တပ်မှာ ပါလာတဲ့ စစ်သားအများစုက အာဖရိကတိုက်က စစ်သားတွေ၊ အမေရိကန်က လူမဲတွေ ပါ။ သူတို့က အင်းဆက်ပိုးမွှား၊ ကြမ်းတမ်းတဲ့ရာသီဥတု၊ ရောဂါဘယ၊ ရက်စက်တဲ့ မိုးဥတုဒဏ်တွေ ခံခဲ့ကြရပါတယ်။ သူတို့ကို ဘယ်သူမှလည်း တခုတ်တရ ကျေးဇူးတင်တယ်လို့ ပြောတာမကြားခဲ့ရပါဘူး။ အခု အမေရိကန်သမ္မတ အိုဘားမားရဲ့အဖိုး တောင် အမေရိကန်စစ်တပ်နဲ့အတူ မြန်မာပြည်ကို ရောက်လာခဲ့ဖူးပါသေးတယ်။

ဒီလိုနဲ့ ၁၉၄၄ ခုနှစ်မှာတော့ ဂျပန်က မြန်မာ-အိန္ဒိယနယ်စပ်ဒေသတွေကနေတဆင့် ထိုးစစ်အကြီးအကျယ် ဆင်နွှဲခဲ့ပါတော့ တယ်။ အိန္ဒိယစစ်မျက်နှာမှာ ဦးဆောင်နေသူ ဗြိတိသျှဗိုလ်ချုပ်ကြီး စလင်းက ဒီထိုးစစ်ကို ရိုက်ချိုးလို့၊ အကျပ်အတည်းကို ပြောင်းပြန်လှန် အခွင့်အရေးအဖြစ် ပြောင်းယူခဲ့ပါတယ်။ ထောက်ပံ့ရေးလမ်းကြောင်း သိပ်ရှည်နေတဲ့ ဂျပန်တွေကို နောက် ကျောက ခြင်္သေ့တပ်တွေနဲ့ ရိက္ခာလူသူ ဖြတ်တောက်ပါတယ်။ ဂျပန်ကလည်း စစ်အင်အားဆုတ်ယုတ်လာချိန်ဆိုတော့ ထောက်ပံ့ရေး ကောင်းကောင်း မလိုက်နိုင်တော့ပါဘူး။ ပြန်လန်ဆင်းလာတဲ့ ဂျပန်တပ်တွေနောက်ကို ဗြိတိသျှနဲ့ မဟာမိတ် တပ်တွေက လိုက်လာပါတယ်။ ချင်းတွင်းမြစ်ကို ဖြတ်၊ ဧရာဝတီကိုဖြတ်လို့ ရန်ကုန်-မန္တလေးကြားက မိတ္ထီလာကို ၁၉၄၄ ဒီဇင်ဘာလလယ်မှာ သိမ်းပိုက်လိုက်ပြီး ဆက် ချီတက်လာကြပါတယ်။ ၁၉၄၅ မတ်လ ၂၀ ရက်နေ့မှာတော့ ဗိုလ်ချုပ်စလင်း ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက မန္တလေးကိုပတ်ဝိုင်းလို့ နောက်ဆုံးသိမ်းပိုက်ခဲ့ပါတယ်။ ဂေါ်ရခါးတပ်တွေနဲ့ ဝေလနယ် ရဲဂျီမင့် တပ်ရင်းတို့က အရင်ဗြိတိသျှတွေ နွေရာသီရုံးစိုက်ရာ မေမြို့ကို ပြန်သိမ်းပိုက်နိုင်လိုက်ပါတယ်။ ၁၉၄၅ ခုနှစ်၊ မေလမှာ အိန္ဒိယ တပ်မအမှတ် ၁၇ က သိပ်ကြီးကြီးမားမား ခုခံမှုမရှိဘဲ ရန်ကုန်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက် ၃ လ အကြာမှာ တော့ ဂျပန်မှာ အဏုမြူဗုံးကျပြီး စစ်ကြီးလည်း နိဂုံးချုပ်ဇာတ်သိမ်းခဲ့ပါတော့တယ်။

ဒီနေရာမှာ သမိုင်းကိုဖတ်ရင်း ကျနော်အတွေးရှည်နေမိပါသေးတယ်။ အကြောင်းကတော့ အခုတလောဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရုပ်ရှင်ရိုက်မယ်ဆိုတဲ့ကိစ္စတွေနဲ့လည်း ဆက်စပ်နေပါတယ်။ အခုလို ဂျပန်စစ်အလန်၊ နောက်ကလိုက်လာတဲ့ ဗြိတိသျှဒီဝီဇံ တပ်မကြီးတွေက မန္တလေးကို ၁၉၄၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ရောက်လာပါပြီ။ မန္တလေးကို ဗြိတိသျှ တွေ ပြန်သိမ်း ပိုက်နိုင်တာက ၁၉၄၅ ခုနှစ်၊ မတ်လ ၂၀ မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်တော်လှန်ရေးစတင် ကြေညာတာက မတ်လ ၂၇ ရက်မှာမှ ဖြစ်ပါတယ်။ ကျနော်တို့ သင်ခဲ့ရတဲ့သမိုင်းတွေမှာ မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကပဲ ဂျပန်ကို တိုက်ထုတ်လိုက်သမျိုး သင်ကြားခဲ့ရပြီး၊ အခုလို ဒီဝီဇံလိုက် ၀င်လာတဲ့ မဟာမိတ်တပ်မကြီးတွေကိုတော့ ဖော့ထား ပါတယ်။ တခုချီးကျူးမိတာကတော့ ဗိုလ်ချုပ်တို့ အချိန်ကိုက်ဆုံးဖြတ်ချက် ချနိုင်မှုပါ။ ဒီထက်နည်း နည်းနောက်ကျရင် ဗိုလ်ချုပ်တို့ကိုယ်တိုင် ဂျပန်နဲ့အတူ ရောပြေးရတဲ့ကိန်းမျိုး ဆိုက်သွားနိုင်ပါတယ်။ ကျနော်ပြောချင်တာ မျိုးချိတ်မြန်မာ့ တော်လှန်ရေးသမားတွေကို နှိမ်ချချင်လို့ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်တဲ့အခါ စိတ်ပူမိတာကတော့ အခုလိုနောက်ခံ အခင်းအကျင်းကြီးတွေအတွက် လူသူအင်အား ငွေကြေးတတ်နိုင်ပါ့မလားဆိုတာပဲ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ၃ နှစ်အကြာမှာတော့ ဗြိတိသျှတွေလည်း အာရှကဆုတ်ခွာခဲ့ပါတယ်။ ပထမအိန္ဒိယကို လွတ်လပ်ရေး ပေးပြီး၊ ၁၉၄၈ ခုနှစ်မှာ မြန်မာက လွတ်လပ်ရေးရခဲ့ပါတယ်။ စစ်ကြီးပြီးတဲ့အခါ မြန်မာပြည်က အရင်ကအရေးပါခဲ့တဲ့၊ မဟာ ဗျူဟာတန်ဖိုးက ကျသွားပါတယ်။ စစ်ကြောင့် မြန်မာပြည်က လမ်းပန်း အခြေခံအဆောက်အဦ ပြာပုံဖြစ်နေပါတယ်။ စီးပွားရေး ပြန်နာလံထူရအောင် လုပ်ဖို့လည်း ဗြိတိသျှတွေက စိတ်မ၀င်စားတော့သလို၊ အရင်းအနှီးလည်း မစိုက်နိုင် တော့ပါ။ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်တို့က ဗြိတိသျှတွေအတွက် မဟာဗျူဟာအရ ပိုလို့အရေးပါလာပါတယ်။ အဲဒီ အချိန်မှာ အမျိုးသားရေး စိတ်ဓာတ်ပြင်းပြ ထက်သန်နေကြတဲ့ မြန်မာမျိုးချစ်တွေကလည်း ဗြိတိသျှတွေ ထွက်သွားဖို့ ဘယ် လောက်ပဲတန်ဖိုးပေးရ၊ ပေးရ လုပ်ကြမယ် ဖြစ်နေတဲ့အချိန်ပါ။ လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပဲ မြန်မာပြည်မှာ ပြည်တွင်းစစ်မီး တောက်လောင်လာ ခဲ့ပါတယ်။ လွတ်လပ်ရေးအပြီး ၁၂-နှစ် အကြာမှာတော့ မြန်မာပြည်က စစ်အာဏာသိမ်း အုပ်ချုပ်မှုတွေနဲ့ ကြုံခဲ့ရသလို၊ နောက်ပိုင်းမှာလည်း အထီးကျန် တံခါးပိတ် မူဝါဒကို ကျင့်သုံးခဲ့ပါတော့တယ်။ မြန်မာပြည် ရဲ့ မဟာဗျူဟာအရ အရေးပါမှု၊ တန်ဖိုးလည်း ပျောက်ကွယ်ခဲ့ရတဲ့ကာလ ဖြစ်လာခဲ့ပါတော့တယ်။ တပြိုင်နက်တည်းမှာ ၁၉၆၀ ခုနှစ်များမှာတော့ တရုတ်-အိန္ဒိယ နယ်စပ်စစ်ပွဲတွေ ဖြစ်ပါတယ်။ တရုတ်-အန္ဒိယ၊ မြန်မာ ၃-နိုင်ငံလုံးကလည်း ပြည်တွင်း ရေးကိုသာ ဦးစားပေး၊ တံခါး ပိတ်မူဝါဒ ကျင့်သုံးခဲ့တဲ့ကာလတွေ ဖြစ်နေခဲ့ပြီး၊ လီဒို လမ်းမကြီးလို့ခေါ်တဲ့ မြန်မာလမ်းမကြီး လည်း နောက်ထပ်ရာစုနှစ် တ၀က်တိုင်၊ နှစ် ၅၀ ကျော် ခြုံနွယ်ပိတ်ပေါင်းတွေ ထူခဲ့ရကြောင်းပါ ခင်ဗျား။

နောက်တပတ်မှာတော့ စာရေးသူ ဦးသန့်မြင့်ဦးရဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်းထင်ဟပ်ချက်၊ အမြင်တွေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Thursday, January 19, 2012

စစ်ပွဲကြီးတွေ ပြီးတဲ့ခါ















ကောင်လေးရေ..
ဒီရွာကို ပြန်ရောက်သေးတယ်နော်..
နင့်ဗိုက်က အတော်ထွက်လာပေါ့

မြို့သားတရုတ်ပုံ ဖြူဖြူ ၀တုတ်တုတ်နဲ့
အရင်လို ၀ါးခြမ်းဖျား ငှက်ဖျားရုပ် မဟုတ်တော့ဘူး။
အမိုး ပြောတယ်ဟုတ်
ငါတို့ တောင်ပေါ်ကလူတွေအတွက်တော့
ဒုက္ခ ခံမနေပါနဲ့..
သင့်ရာတော်ရာမှာ
'နင့်ဘ၀ နင်ကျောင်းတော့' ဆိုတာ။

ကောင်လေးရေ..
မင်းတို့ ကျောင်းသားသူပုန်တွေ အရင် ၃-ရက်လမ်းလျှောက်လာရတဲ့
ငါတို့ရွာ
အခု ဆိုင်ကယ်လမ်းပေါက်ပါပကော...
ဒါပေသိ .. တောတွေပြုန်းလာလို့
နေတော့ကျောကုန်းကော့အောင် ပူသနော့။

စစ်ပွဲကြီးတွေ ပြီးကတည်းက ဆိုပါတော့...
တို့ရွာမှာ ကုမ္ပဏီတွေ ရောက်လာ..
ရွှေတွေရှာ.. သစ်တွေခုတ်ကြ
မြစ်ကြီးလည်း ပိတ်ပစ်မယ် ပြောတာပ
သူတို့ သိမ်းသွားကြတဲ့ ငါ့ကွမ်းသီးခြံထဲလည်း
ရုံးတွေ၊ တန်းလျားတွေ၊ အလုပ်သမားတွေနဲ့ စည်စည်ပင်ပင်။

စစ်ပွဲကြီးက တို့ဖိုးခွား၊ တို့ ဖိုးဒိုမူတွေကို စားခဲ့တယ်။
စစ်ပွဲကြီးက ရွာတွေ၊ သစ်တောတွေကိုစားတယ်။
စစ်ပွဲကြီးက ငါတို့တောင်ယာ၊ ငါတို့ ဘုရားကျောင်းတွေကို စားတယ်။
စစ်ပွဲကြီးက ငါ့ယောက်ျားခြေတစ်ဖက်ကိုတောင် စားလိုက်သေး
စစ်ပွဲမီးတောက်ကြီးက တောင်တန်းတွေကိုပါ စားပစ်ခဲ့တာပေါ့။

ရွာဟောင်းတော့ကွယ် ... မှတ်မိစရာ ဘယ်ရှိမလဲ
လူတွေလည်းပြောင်း၊ အိမ်သစ်တွေလည်းပေါင်း
မီးစက်တဂျောင်းဂျောင်း မောင်းလို့ ဗီဒီယိုကြည့်ကြ
အရက် ဘီယာချောင်းစီးကြ
ကမ္ဘာ့ဘောပွဲကြီးကို လောင်းကြ
ချဲသမားတွေလည်း တယ် နေရာကျသကွဲ့။

အရင်တုန်းက အမိုးတို့ တောင်ယာခုတ်တော့
ရေဆုတ် တောပြုန်းတယ် နင်တို့ပဲပြောကြ
အခုစစ်ပွဲပြီးတော့မှ တောင်တွေက ကတုံးတွေချည်း
စီမံကိန်းကြီးတွေလည်း ရောက်လာတယ်
ပြောင်သလင်းခါအောင် တောတွေခုတ်
ငါတို့ စပါးနဲ့ငြုတ်စိုက်ခဲ့တဲ့နေရာမှာ
အခုတော့ ရာဘာနဲ့ ၀ါခင်းတွေချည်း
စက်မှုသီးနှံဆိုပြီး စိုက်ကြတာပ
တရုတ်ဆီက အတော်အ၀ယ်လိုက်ဆိုလား။

အရင်က သောက်ရေခပ်တဲ့ စမ်းတွေ
ချောက်သွားပြီလေ
မြစ်ရေတွေတောင် နောက်ကျိနေပါပေါ့
ငါတို့ဘ၀ကတော့ ပင်ပန်းတုန်း၊ ပင်ပန်းဆဲပါပဲ
တချို့လည်း ရှမ်းပြည်သွား
တချို့လည်း မြို့များမှာ အိမ်ဖော်လုပ်
တောပန်းအလှလေးတွေတောင်
ရွာကိုနှုတ်ဆက် ထွက်သွားကြတာကြာပေါ့။

အဖိုးကြီး၊ အဖွားကြီးနဲ့ ကလေးတွေပဲ များနေတဲ့ရွာ
မြို့က သူတို့ ပို့စာလည်းစား
ကလေးကလောင်လည်း ထိန်း
မိသားစု ကောက်သိမ်းပွဲတွေလည်း လွမ်းစရာဖြစ်ကုန်ပြီကွဲ့။

မင်းတို့ တပ်မှူးကျလို့
မြှုပ်ခဲ့တဲ့နေရာလား
အဲသည်မှာ မတွေ့လား
အခု ဘူဒိုဇာ ရပ်ထားတဲ့နေရာလေ....။

ယောဟန်အောင်
၂၀၁၂ ခုနှစ်၊ ဇန် ၁၉။

တိုက်ဆိုင်မှုရှိလျှင် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မှ မရည်ရွယ်ပါ။ စိတ်ကူးယဉ်ရေးဖွဲ့ထားသည့် စစ်ပွဲအကြောင်း ဖြစ်ပါသည်။

Saturday, January 7, 2012

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၇)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ်တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ Burma Road လို့ ခေါ်တဲ့ ဒုတိယကမ္ဘာစစ်က အရေးပါ ခဲ့တဲ့ "မြန်မာပြည်လမ်း" အကြောင်းသမိုင်းနောက်ခံကို တင်ပြပေးထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက မန္တလေးကနေ အခုပြင်ဦးလွင်လို့ ခေါ်နေတဲ့ မေမြို့ကို ခရီးဆက် ထွက်ပါတယ်။ ဗမာဘုရင်တွေ တချိန်က နန်းစိုက်ခဲ့ရာ မန္တလေးက အနောက်ဖက်မှာ ဧရာ ၀တီမြစ်၊ အရှေ့ဖက်မှာတော့ ထုံးကျောက်တောင် မြေပြန့်လွင် ပြင်ဖြစ်တဲ့ ရှမ်းကုန်းမြေမြင့်နဲ့ ထိစပ်နေပါတယ်။ အဲဒီရှမ်းကုန်းမြေမြင့်က မြင့်တက်သွားလိုက်တဲ့ မြေမြင့်ဟာ မိုင်ထောင် ပေါင်းများစွာ ဝေးတဲ့ ယန်းဇီးမြစ်ဝှမ်း၊ တရုတ်နိုင်ငံ အလယ်ပိုင်းပြည်နယ်တွေအထိ တိုင်အောင်ပါပဲ။

မန္တလေးကနေ မေမြို့ကို ၄၃ မိုင်ပဲ ဝေးပါတယ်။ ဒါပေမယ့်ရာသီဥတုနဲ့ မြေမျက်နှာသွင်ပြင်က အတော်ခြားသွားပါပြီ။ သူ ငှားစီး သွားတဲ့ကားပေါ်မှာ မြန်မာခေတ်ပေါ် ရက်ပ်သီချင်းတွေ ဖွင့်နေတော့ သူနားမလည်၊ မခံစားနိုင်ပုံဖြစ်ရတဲ့အကြောင်း လည်း ခေတ်သရုပ်ကို စာရေးသူက ထည့်ရေးထားပါသေးတယ်။ မေမြို့ရောက်တော့ သူ ကန်ဒါကရိတ် (Candacraig) ဟိုတယ်မှာ တည်းပါတယ်။ ဒီမှာ စာရေးသူက တချိန်အတိတ်က ဗြိတိသျှတွေ မြန်မာပြည်ကို အုပ်စိုးခဲ့စဉ်က စီမံဆောင် ရွက်ခဲ့ပုံတွေကို ပြန်ပြောင်းဖော်ပြပါတယ်။ သူတည်းခိုတဲ့ ကန်ဒါကရိတ်ဟိုတယ်ဆိုတာက တချိန်တုန်းက ဟိုတယ် မဟုတ်ပါဘူး။ မြန်မာပြည်ကို ဦးဆောင်သိမ်းပိုက်ခဲ့တဲ့ ဘုံဘေ-ဘားမားသစ်ကုမ္ပဏီက လူပျိုလူလွတ်ဝန်ထမ်းတွေ တည်းခိုရအောင် တချိန်က ဆောက်ထား ခဲ့တာပါ။ ကရက်ဒေါ့ကုတ် (Craddock court)၊ ကရောက်တွန် (Croxton) ဟိုတယ်တို့ ဆိုရင် တချိန်တုန်းက ဘုံဘေ-ဘားမား ကုမ္ပဏီက မိသားစုလိုက်လာရင် အပန်းဖြေဖို့ ဆောက်ထားကြတဲ့ တည်းခိုဆောင် တွေ ဖြစ်ပါတယ်။ ဗြိတိသျှတွေက ဘယ် နေရာရောက်ရောက် သူတို့နေထိုင်ခဲ့တဲ့ ဗြိတိန်ရဲ့အငွေ့အသက်၊ ဓာတ်ကိုပြန်ရ အောင် ဖန်တီးထားပြီး နေထိုင်တတ်ကြတဲ့ အကြောင်းကိုလည်း ဦးသန့်မြင့်ဦးက ဖော်ပြပါတယ်။ မေမြို့ဆိုတာလည်း တချိန် တုန်းက အဲသည်လိုဖန်တီးထားခဲ့တဲ့ အပန်း ဖြေမြို့ ဖြစ်ပါတယ်။ ဒါပေမယ့် မေမြို့ကနေ တရုတ်ပြည်ကို ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းက တချိန်တုန်းက အင်မတန်ခက်ခဲ အကြောင်းဝေးခဲ့ရပါတယ်။ တရုတ်ပြည်အလယ်ခေတ်မင်းတွေကာလက မြန်မာပြည်မှာ သူတို့စိတ်ဝင်စားစရာတွေ ရှိခဲ့ပါ တယ်။ အထူးသဖြင့် တန်ဖိုးကြီးတဲ့ကျောက်စိမ်း၊ ပယင်းတွေအပြင်၊ မြန်မာပြည်မှာ ၀ါနဲ့ လက်ဖက်ထွက်ရှိတာကိုလည်း သူတို့ သိကြပါတယ်။ မေမြို့မြောက်ပိုင်း ရှမ်းပြည်နယ်ထဲမှာ လက်ဖက်ကို အကြီးအကျယ် စိုက်ပျိုးပြီး တဖက်နိုင်ငံထဲကို တင်ပို့ ရောင်းချကြပါတယ်။ ဒါပေမယ့် တချိန်တုန်းက မြန်မာပြည်ကိုကျူး ကျော်လာသူတွေဟာလည်း ဒီလမ်းကြောင်းကပဲ ၀င်လာ ခဲ့ကြတယ်လို့ သူကရေးပါတယ်။ ၁၃ ရာစုမှာ မွန်ဂိုစစ်သည်တွေ လာတိုက်ခိုက်ခဲ့ဘူးပါတယ်။ ၁၇ ရာစုမှာတော့ တရုတ်နဲ့ မန်ချူး တပ်တွေ လာပြီး သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ကြဖူးပါတယ်။ ၁၇၀၀ ခုနှစ်များတွေမှာ မန်ချူးတရုတ်တွေက ကျူးကျော်ဖို့ ကြိုးပမ်းခဲ့တာ တကြိမ်မဟုတ်၊ ၄ ကြိမ်တောင် ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ်ဓာတ်ထက်သန်ပြင်းပြတဲ့ မြန်မာတွေက တွန်းလှန်နိုင်ခဲ့တယ်လို့ ဦးသန့်မြင့်ဦးက ရေးပါတယ်။

မြန်မာပြည် ဗြိတိသျှတွေလက်အောက် ကိုလိုနီဖြစ်ရချိန်မှာတော့ တရုတ်ပြည်က မြန်မာပြည်အရေးဖက်လှည့်ပြီး စိတ်မ၀င်စား နိုင်တော့ပါဘူး။ အဲသည်အချိန်က လူမမာကြီးလို့ တင်စားခေါ်ရလောက်အောင် တရုတ်ပြည်က ချိနဲ့နေချိန်ပါ။ တရုတ်ပြည် တွင်းမှာ လည်း ပြည်တွင်းစစ်ရယ်၊ စစ်ဘုရင်တွေရယ် သူတလူ ငါတမင်းဖြစ်နေကြချိန်ပါ။ မြန်မာပြည်ကို ကိုလိုနီပြု သိမ်းပိုက် ထားတဲ့ ဗြိတိသျှတွေအနေနဲ့လည်း အဲဒီအချိန်က မြန်မာပြည်ဟာ သိပ်ပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့ ဒေသတခုအဖြစ် မြင်ခဲ့ ကြတာ မဟုတ်ဘူး၊ သူတို့အိန္ဒိယအင်ပိုင်ယာရဲ့ အရှေ့ဖက် မျက်နှာစာ ကာကွယ်ရေးအတွက်လောက်သာ ကြည့်ခဲ့ကြ တာလို့ သူက ဖော်ပြပါတယ်။ ၁၈၂၀ ခုနှစ်တွေမှာ ဗမာဘုရင်တပ်တွေက အင်ပိုင်ယာချဲ့ထွင်လို့ အိန္ဒိယအရှေ့ဖက်နယ်စပ် အာသံ၊ မဏိပူကို ကျူးကျော်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒီစစ်ပွဲထဲကို ဗြိတိသျှတွေက မပါချင်ပါချင်နဲ့ ၀င်လာခဲ့ရတယ်လို့ ဆို ပါတယ်။ နောက်ပိုင်းမှ ဧရာဝတီမြစ်ဝှမ်းတလျှောက် လုံခြုံရေး၊ စိုးမိုးနိုင်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့ကြတယ် ဆိုပါတယ်။ တချိန်ထဲ မှာပဲ မြန်မာပြည်ကို ရထားရင်၊ တရုတ်နဲ့ နယ်ခြား ကြားခံဇုန်ဖြစ်နိုင်သလို၊ မဲခေါင်မြစ်ဝှမ်းဒေသကို သိမ်းပိုက်ကိုလိုနီလုပ်ထား တဲ့ ပြင်သစ်တွေနဲ့လည်း နယ်ခြား ကြားခံဇုန်ဖြစ်နိုင်တယ်ဆိုတာလောက် သဘောရခဲ့ကြပါတယ်။ တပြိုင်ထဲမှာတော့ ဗြိတိသျှ တွေအတွက် မြန်မာပြည်က ငွေတွင်းကြီးပါ။ ဆန်စပါး၊ ကျွန်းသစ်၊ ရေနံ စတဲ့ထွက်ကုန်တွေရှိ သလို၊ တန်စတင်၊ ငွေ၊ ခဲ၊ ကြေးနီ၊ သတ္တုစတဲ့ သယံဇာတတွင်းထွက်တွေလည်း ရှိနေပါသေးတယ်။

ဒါပေမယ့် ၁၉၃၀ ခုနှစ်တွေမှာ ဂျပန်အင်ပိုင်ယာပြည့်ရှင်ရဲ့ တပ်တွေက တရုတ်ပြည်အရှေ့ဖက်ကမ်းခြေဒေသတွေကို ကျူးကျော် သိမ်းပိုက်လာပြီး၊ အာရှတခွင်လုံးကို ခြိမ်းခြောက်လာတဲ့အခါ မြန်မာပြည်က မဟာဗျူဟာ စစ်ရေးအရပါ အရေးပါတဲ့ အနေ အထားရောက် လာပါတော့တယ်။ ဂျပန်တွေက မန်ချူးကနေ၊ ဟောင်ကောင်အထိ တရုတ်ပြည်ဆိပ်ကမ်းဒေသတွေကို သိမ်း ပိုက်ထားပါပြီ။ ဂျပန်တပ်အင်အား ၂ သိန်းကျော်၊ ရေတပ်၊ လေတပ်တွေနဲ့ ရှန်ဟိုင်းကိုလည်း ၁၉၃၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပါ တယ်။ ချန်ကေရှိတ်က သူ့မြို့တော်ကိုတောင် ချုံကင်းကို ဆုတ်ခွာခုခံနေရတဲ့အချိန်ပါ။ ဗြိတိသျှတွေအတွက် မြန်မာပြည်ဆိုတာ အိန္ဒိယကို ဂျပန်မကျူးကျော်လာနိုင်စေ ရေး ခုခံရမယ့် ရှေ့တန်းစစ်မျက်နှာ ဖြစ်လာပါတယ်။ အမေရိကန်တွေ အတွက်ကတော့ တရုတ်ပြည်ကို မဟာမိတ်တပ်တွေ ဖက်က စစ်ထဲပါလာစေချင်သလို၊ တရုတ်ပြည်က ချန်ကေရှိတ်ရဲ့ တပ်တွေကို ဆက်လက် ထောက်ပံ့နိုင်ဖို့ မြန်မာပြည်ကို ဖြတ်ပြီး နောက်ဖေးလမ်းဖွင့်ဖို့ အရေးပေါ်လိုအပ်လာပါတယ်။

အမေရိကန်စစ်ပစ္စည်းတွေကို ရန်ကုန်ကတဆင့် မန္တလေးအထိ ထရပ်ကားတွေနဲ့ တင်ပို့ပါတယ်။ အဲဒီကနေ မေမြို့၊ လားရှိုး အထိ ရထားနဲ့ ပို့ပါတယ်။ လားရှိုးကနေ တရုတ်ပြည် ကူမင်းမြို့အထိကို အဲဒီအချိန်မှာ ကားလမ်းပေါက်အောင် ဖောက်ယူပါ တယ်။ တရုတ်ပြည်ဖက်အခြမ်းမှာ တရုတ်လုပ်သား ၂ သိန်းကျော်နဲ့ မိုင် ၅၀၀ ကျော်လမ်းကို အချိန်တိုအတွင်း အပြီး ဖောက် လုပ်ခဲ့ကြပါတယ်။ ဒီလမ်းဖောက်လုပ်ရေးတွေမှာ လူ ၂ ထောင်ကျော်အထိ သေဆုံးခဲ့တယ်လို့လည်း သမိုင်းတွေက ဖော်ပြ ကြပါတယ်။

ဂျပန်တပ်တွေက ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ မြန်မာပြည်ကို ရောက်လာခဲ့ပါပြီ။ အာရှတခွင် ဂျာကာတာ၊ စင်္ကာပူ၊ ဖိလစ်ပိုင်တို့တတွေကိုလည်း ဂျပန်က သိမ်းပိုက်ထားပြီးပါပြီ။ ဂျပန်တွေက Burma road လို့ခေါ်တဲ့ မြန်မာပြည် ဖြတ် တင်ပို့ နေတဲ့လမ်းကို ဖြတ်တောက်ချင်နေတာ အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံက ဗြိတိသျှကိုလိုနီ အုပ်ချုပ် ရေးပါ မရှုမလှဆုတ်ပြေးခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်တွေ မတိုင်မီ ၁၉၄၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှာ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဖ် စတီးဝဲလ်နဲ့ တရုတ်ပြည်က ခေါင်းဆောင်ချန်ကေရှိတ်တို့ မေမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။ ဗြိတိသျှ အရာရှိတွေ ကလည်း စကော့ပုလွေတပ်ဖွဲ့တွေနဲ့ တရုတ်ခေါင်းဆောင်နဲ့ သူ့ဇနီးကို ကြိုဆိုခဲ့ကြပါသေးတယ်။ တရုတ်က သူတို့ဆီက တပ်မ အမှတ် ၅၊ ၆ နဲ့ ၆၆ ကို မြန်မာပြည်စစ်မျက်နှာမှာ ဂျပန်တပ်ကို ကူတိုက်ပေးမယ်လို့ ကတိပေးပါတယ်။ တရုတ်တပ်တွေကိုလည်း မြန်မာပြည်ကို စေလွှတ်ခဲ့ပြီး၊ မြန်မာပြည်တိုက်ပွဲတွေမှာ စစ်သား ၅ သောင်းလောက် အသက် ဆုံးရှုံးခဲ့ကြရပါတယ်။ အဲဒီ ဗိုလ်ချုပ် စတီးဝဲလ်ပဲ နောက်ပိုင်းမှာ အိန္ဒိယအရှေ့မြောက် နယ်စပ်ကနေ မြန်မာပြည်ကို ဖြတ်လို့ ဒုတိယကမ္ဘာစစ်အတွင်းမှာ တရုတ်ပြည်ဖက် လမ်းတခု ထပ်ဖောက်လုပ်ခဲ့ပြန်ပါတယ်။ အဲဒီလမ်းကိုတော့ သူနံမည်နဲ့ စတီး ၀ဲလ်လမ်း အဖြစ်လည်း လူသိ များကြပါတယ်။ အဲဒီ Burma road လို့ခေါ်တဲ့ မြန်မာလမ်းဟာလည်း စစ်ကာလတလျှောက် မဟာဗျူဟာအချက်အခြာ တခု အဖြစ် အရေးပါခဲ့ကြောင်းပါခင်ဗျား။

နောက်တပတ်မှာတော့ စာရေးသူ ဦးသန့်မြင့်ဦးရဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်းထင်ဟပ်ချက်၊ အမြင်တွေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Saturday, December 31, 2011

ရေနစ်နေတဲ့ နတ်




















ဘုရင့်ကို မုန်းလို့သာ
ပန်းပဲမောင်တင့်တယ် နတ် ဘုန်းကြီးခဲ့ရ..
တကယ်သာ မောင်တင့်တယ် 'မင်း' ဖြစ်ခဲ့တယ်ဆိုပါစို့။
သူတို့ပဲ ပြန်ဆွဲချကြမှာ...
အဲဒီ ကိုးကွယ်နေတဲ့ လူတွေပဲပေါ့။

ရပ်နိုင်ပေ့... ရပ်နိုင်ပေ့နဲ့
ကြီးခဲ့တဲ့ကောင်လေး
မြှောက်ပေးရင် ကြိုက်တဲ့သူ
ကြီးတော့လည်း သူတို့အကြိုက်တွေချည်း လုပ်ပြပါ
ချီးယားလီဒါတွေနဲ့ပဲ တွေ့ခဲ့ရ။

သူတို့က လက်ဖက်ရည်ဆိုင်မှာ
လေထန်နေတုန်း
ငါက တောင်ကုန်းတွေပေါ်
ခြေထန် ချွေးထန်ခဲ့ရ
မောလွန်းလို့ ခဏနားပါတယ်
ဓါးအိမ်ထဲ ဓါးထည့်မိရုံ ရှိသေး
ထွက်ပြေးတော့မယ့်ကောင်..
အတွေးအခေါ်အရ ခပ်ကြောင်ကြောင်
လက်နက်ချတော့မယ့်မောင် ပြောလို့နေ။

သူတို့က ငွေရှာ အိမ်ပြန်ပို့
သံရုံးကိုဖို့ အခွန်ဆောင်နေချိန်မှာ
ငါတို့ကိုတော့ ပရောဂျက်စား
တိုင်းတပါးမှာ ဇိမ်ကျ
စားခွက်လုနေကြပြီး
ဖောက်ပြန်ဝဖီး နေသတဲ့။

ငါတို့က ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတွေအတွက်
နတ်တွေ မွေးကြစို့ရဲ့
သူများ ရင်ပတ်တွေငှား ကြစို့ရဲ့
ငကြောက်တွေက လူတချို့ကို သူရဲကောင်းတင်ပြီး ရေထဲကန်ချ
ငါတို့က အနူကုဆရာဝန်ကို နူခိုင်းကြစို့။

"ဒါလေး ပြောလိုက်ပါလားကွာ
ဒီလို လုပ်လိုက်ပါလား၊
ဒီကောင်တွေက လူ့အန္ဓတွေ၊
ဟိုဖက်နဲ့ ဘာမှမထူးဘူး
ငမူး ငရူး
လောက်တွင်း လူးလူးလိမ့်လိမ့်ကောင်တွေ..."

သူတို့က အာသာပြေ 'စစ်' တွေတိုက်တယ်
လေတွေနဲ့ ဒုံးပျံတွေလွှတ်တယ်
ရဲရဲတောက် အီး-မေးလ်တွေရေးတယ်
ဖေ့ဘုတ်ထဲ ဗုံးတွေခွဲတယ်။

အဲသည်လူတွေကပဲ
မပြောမဆို ..
ငါ့သမိုင်းကိုလှောင်ပြောင် ငါ့ဖောင်ကို ၀ိုင်းဖျက်လိုက်ကြတယ်။
အဲဒီလိုနဲ့
ရေနစ်နေတဲ့သူဟာ
အဲသည်ရေကိုပဲ 'ဂလု' 'ဂလု' နဲ့ ထပ်သောက်နေရတယ်
အနှစ် ၂၀...။

ယောဟန်အောင်
၈ မေ၊ ၂၀၀၈ ခုနှစ်။

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၆)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အခုကာလမန္တလေးမှာ တရုတ် လူမျိုးတွေ သြဇာကြီးထွား လာနေပုံနဲ့ တရုတ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးနောက်ခံသမိုင်း ကြောင်းကို တင်ပြပေးမှာ ဖြစ်ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက မန္တလေးမှာ တရုတ်လူမျိုးတွေ သိသိသာသာများပြားလာနေပုံကို ပြောပြပါတယ်။ တရုတ်လူမျိုး တွေနဲ့ မြန်မာတွေက အသွင်အပြင်အရ ကွဲပြားသိသာပါတယ်။ မြန်မာတွေက အသားညိုကြပြီး နှာတံပိုပေါ်ကြပါတယ်။ ခုချိန်ထိ ပုဆိုးကိုလည်း စွဲစွဲမြဲမြဲ ၀တ်ဆင်နေကြတုန်းပါ။ မြန်မာပြည်ဖွားတရုတ်လူမျိုးတွေကတောင် ပုဆိုးကိုစွဲမြဲဝတ်ဆင် ကြပါတယ်။ အခုအသစ်ရောက်လာကြတဲ့ တရုတ်လူမျိုးတွေကတော့ အနောက်တိုင်းဝတ်စုံနဲ့ ဘောင်းဘီခပ်ပွပွကို ၀တ်ဆင်ကြ တယ်လို့ သူကရေးပါတယ်။ အခုအသစ်ရောက်လာတဲ့ တရုတ်တွေက ပြောရရင် စွန့်စားပြီး စီးပွားရှာလာကြတဲ့သူတွေပါ။ အသစ် ပွင့်လင်းလာတဲ့ အနေအထားတရပ်မှာ အခွင့်ကောင်းယူဖို့ ရောက်လာကြသူတွေပါလို့ ဆိုပါတယ်။ သူတို့က နိုင်ငံရေး သမားတွေမဟုတ်သလို၊ မဟာဗျူဟာပညာရှင်တွေ လည်း မဟုတ်ကြပါဘူး။ ပေးလာတဲ့အခြေအနေသစ်အောက်မှာ အခွင့် အခါကောင်းကို အရယူနေကြသူတွေလည်း ဖြစ်ပါတယ်။

အခုလို ၂၁-ရာစုအဆန်းပိုင်းမှာ တရုတ်တွေ အလုံးအရင်းရောက်လာတဲ့ ဖြစ်ရပ်မျိုးက ၂၀-ရာစုအဆန်းပိုင်းမှာ အိန္ဒိယတိုက် သားတွေ မြန်မာပြည်ကို ရောက်လာကြပုံမျိုးနဲ့ နှိုင်းယှဉ်ကြည့်လို့ရတယ်လို့လည်း သူက ဆိုပါတယ်။ တချိန်တုန်းကတော့ အိန္ဒိယလူမျိုးတွေ က ဗြိတိသျှကိုလိုနီ အကာအကွယ်အောက်မှာ ရောက်လာကြတာပါ။ ဒီကနေ့တရုတ်တွေကတော့ နိုင်ငံ ရေးအရ မလွတ်လပ်တဲ့ နိုင်ငံထဲကိုမှ အခြေချစီးပွားရှာလာကြတာ ဖြစ်ပါတယ်။ ရောက်လာကြသူအများစုက ချမ်းသာဖို့ ဝေးစွ၊ သူတို့သိသမျှ နည်းလမ်းနဲ့ ဘ၀တိုးတက်ရာတိုးတက်ကြောင်း ၀မ်းကျောင်းရအောင် ရောက်လာသူတွေ ဖြစ်ပါတယ်။ ဦးသန့်မြင့် ဦးက အဲဒီတရုတ်တွေထဲက တယောက်နဲ့လည်း စကားပြောခွင့်ရခဲ့ပါသေးတယ်။ သူက မန္တလေးက သွင်းကုန်-ထုတ်ကုန် လုပ်ငန်း လုပ်နေတဲ့ မိတ်ဆွေတယောက်ရဲ့ရုံးခန်းကို အသွားမှာ တွေ့ခွင့်ရခဲ့တာပါ။ သူက မန္တလေးကို ရောက်တာ လအနည်း ငယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် မြင်ရတဲ့အလားအလာတွေအပေါ် စိတ်လှုပ်ရှားအားတက်နေပါတယ်။ လမ်းမ သစ်ကြီးတွေ၊ ရထားလမ်းကြီးတွေ တရုတ်နဲ့ဆက်သွယ်ပြီးတဲ့အခါ နှစ်နိုင်ငံ ပိုလို့နီးစပ်လာမယ်လို့ သူကပြောပါတယ်။ စီးပွားရေးပိုလို့ ဆက်ဆံနိုင်မယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုခိုင်မာလာမယ်။ သူက အခုကျွန်းသစ်နဲ့ ကျောက်မြက်တွေ ၀ယ်ပြီး တရုတ်ပြည်ဖက် တင်ပို့နေပေမယ့်၊ စက်ရုံတခု ဆောက်ဖို့လည်း ကြည့်နေတယ်လို့ ပြောပါတယ်။ ဘာစက်ရုံ ဆိုတာတော့ မပြောပြပါဘူး။ သူ ကပဲ "အခုအချိန်က တရုတ်-မြန်မာဆက်ဆံရေးမှာ ရွှေခေတ်ပဲ" လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

တရုတ်-မြန်မာ ၂-နိုင်ငံ ဆက်ဆံရေးက ယေဘုယျပြောရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် အပေါ်ယံကြည့်ရင်ပေါ့လို့ စာရေးသူဦးသန့်မြင့်ဦးက ထပ်ကွန့်ပါတယ်။ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးနောက်ခံသမိုင်း အကျဉ်းကိုလည်း သူက ပြန်ကောက်ပြီး ဖော်ပြပါတယ်။ တကယ်တော့ တချိန်လုံးချောမွေ့နေခဲ့တာ မဟုတ်ပါဘူး။ ၁၉၄၉ တရုတ်နိုင်ငံမှာ တပ်နီတော် က အာဏာသိမ်းအပြီး ပြည်သူ့တရုတ်ပြည်ထူထောင်တော့ စဦးဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါပါတယ်။ ဆိုဗီယက်အုပ်စုမဟုတ်တဲ့ ပြင်ပနိုင်ငံတွေထဲက စဦးဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာခေါင်း ဆောင် အများစုက လက်ဝဲယိမ်းကြလို့ မဟုတ်ဘူး။ အင်အားကြီးတဲ့နိုင်ငံကြီးနဲ့ ယှဉ်ပြီး နေထိုင်နေရတဲ့ မွေးရာပါဗီဇ တရားစိတ်ကြောင့်လို့ စာရေး သူက ဆိုပါတယ်။ သိပ်မကြာခင်ပဲ အမျိုးသားရေးဝါဒီ ချန်ကေရှိတ်ကူမင်တန် တရုပ်ဖြူတပ်ဖွဲ့ တွေက မြန်မာ့မြေထဲမှာ အခြေ ပြုပြီး တရုတ်ပြည်ကို ပြန်တော်လှန်ကြမယ်ဆိုတဲ့ အစီအစဉ်နဲ့ လာရောက်စခန်းချကြပါ တယ်။ ၁၉၆၀ မှာတော့ မြန်မာစစ်တပ်နဲ့ တရုတ် အစိုးရတပ်တွေက အခု အမျိုးသားရေးဝါဒီ ကူမင်တန်သူပုန်တွေကို နှစ်ဖက်ညှပ်လို့ စစ်ဆင်ရေးလုပ်ခဲ့ကြပါတယ်။ တရုတ်ဖြူ အမျိုးသားရေးဝါဒီတပ်ဖွဲ့တွေ တစ်ရန်တော့ ငြိမ်းနိုင်ခဲ့ပါတယ်။

၁၉၆၀ နောက်ပိုင်းမှာ တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားဖို့ အကြောင်းတွေလည်း ဖြစ်ခဲ့ပြန်ပါတယ်။ တရုတ်ပြည်မှာ ယဉ် ကျေးမှုတော်လှန်ရေးဖြစ်ပြီး အစွန်းရောက်တဲ့ ကွန်မြူနစ်ဝါဒီတွေက ကွန်မြူနစ်တော်လှန်ရေးတွေကို ကမ္ဘာတလွှားတင်ပို့ရ မယ်လို့ ယူဆကြပါတယ်။ ရန်ကုန်မှာရှိတဲ့ တရုတ်အစိုးရသံရုံးကလည်း တရုတ်ဘာသာသင်ကျောင်းတွေမှာ မော်ဝါဒီ သင်ရိုး ညွှန်းတန်းတွေ ထည့်သွင်းပို့ချစေသလို၊ မြန်မာပြည်ထဲမှာလည်း မော်စီတုန်းရဲ့ လက်စွဲစာအုပ်ငယ်တွေကို ပြောင်ပြောင် တင်း တင်း ဖြန့်ချိခဲ့ပါတယ်။ တရုတ်ပြည်နယ်စပ်မှာ အခြေစိုက်တဲ့ ကွန်မြူနစ်ပါတီ (ဗမာပြည်) ကလည်း သူတို့ကိုယ် သူတို့ မော် ၀ါဒ ကိုင်စွဲတဲ့ ပါတီတရပ်အဖြစ်ခံယူခဲ့သလို၊ တရုတ်ပြည်မှာ သဘောတရားရေးရာ လေ့ကျင့်သင်ကြားထားတဲ့ ကေဒါတွေကလည်း မြန်မာပြည်ပြန်ဖို့ စောင်းဆိုင်းနေခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာတော့ တရုတ်ကျောင်းသားတွေက မြန်မာဆရာတွေကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဖြစ်လာပြီး၊ တရုတ်-မြန်မာလူမျိုးရေး အဓိကရုဏ်းဖြစ်လာပါတယ်။ ၃-ရက်လောက်အတွင်း လူမျိုးရေးအဓိကရုဏ်းတွေမှာ တရုတ် လူမျိုး တွေ တိုက်ခိုက်ခံရသလို၊ သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ၊ တရုတ်သံရုံး၊ ပြန်ကြားရေးရုံးတွေ ဖျက်ဆီး ခံရပါတယ်။ တရုပ်ပြည်ဖက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ပါတယ်။ ဘေဂျင်းက မြန်မာသံရုံးရှေ့မှာ လူ ၃-သိန်းကျော်ဆန္ဒ ပြပြီး၊ မြန်မာ "ဖက်ဆစ်" အစိုးရကို ဖြုတ်ချပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြတောင်းဆိုရုံမဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဗမာကွန်မြူနစ် တွေကို လူသူအင်အား၊ လက်နက်အလုံးအရင်းနဲ့ နောက်ထပ် နှစ်-၂၀ လောက် ကူညီခဲ့ကြပါတယ်။ ဗမာ ကွန်မြူနစ်တွေ ကလည်း မန္တလေးကို သိမ်းနိုင်ဖို့ လက်တကမ်းလောက်ရောက်အောင် အင်အားကောင်းလာခဲ့ပါတယ်။ နောက်ပိုင်း ၁၉၇၀ ခုနှစ်များ နှောင်းပိုင်းကာလတွေမှာတော့ အခြေအနေတွေက ပြောင်းလာခဲ့ပါတယ်။ တရုတ်-မြန်မာ ၂-နိုင်ငံလုံးက လက်တွေ့ ကျတဲ့ မူဝါဒတွေကို ပြန်ကိုင်စွဲကြပြီး၊ အစိုးရချင်း ဆက်ဆံရေးပြန်ထူထောင်လာခဲ့ကြပါတယ်။ အခု တော့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေအဆင့်ကိုတောင် တက်လှမ်းခဲ့ကြပါပြီ။ ပြေလည်လိုက်ပုံများကလည်း အများ မြင်သိပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှုနဲ့ လွဲချော်နေတဲ့ စီမံခန့်ခွဲမှု အလွဲတွေအတွက် အနောက်နိုင်ငံတွေကလည်း သူတို့ဘာသာ အဖြေ ရှိထားကြသလို၊ တရုတ်တွေဖက်ကလည်း သူတို့နည်းဟန်နဲ့ အဖြေရှိနေနိုင်တယ်လို့ ဦးသန့်မြင့်ဦးက ဆိုပါတယ်။ မန္တလေးမှာ ကွန်ဖြူရှပ်ကျောင်း (Confucius Institute) ဖွင့်နေတာ သူတွေ့ခဲ့ရပါသေးတယ်။ မြန်မာပြည်ထဲက အခြား နေရာတွေ မှာလည်း ဒီလိုကွန်ဖြူးရှပ်ကျောင်းမျိုး ရှိနေသေးတယ်လို့ သူက ပြောပါတယ်။ ဒီကျောင်းတွေမှာ တရုတ်ဘာသာ စကားအပြင်၊ တရုတ် ပြည်အကြောင်း သင်ရိုးညွှန်းတန်းတွေလည်း ပို့ချနေကြပါတယ်။ "ဘာဘေးရီးယန်း သားစားလူရိုင်းတွေ ရှိတဲ့နေရာ မျိုးကို တောင် ဉာဏ်ပညာအလင်းက လမ်းရှာပြီး ရောက်လာတယ်" ဆိုတဲ့ စာသားတခုကို မန္တလေးမြို့ပြင် ၁၉-ရာစုက တရုတ် ဘုရား ကျောင်းတခု မုခ်ဝမှာ ရေးထားတာ သူဖတ်ခဲ့ရသေးတာကို ပြန်ဖော်ပြပြီး၊ တရုတ်တွေက ရင်းနှီး မြှုပ်နှံမှု၊ သူတို့ ကျွမ်းကျင်ရာ အရည်အချင်း၊ လူအင်အားသာမက ဉာဏ်ကိုစေစားမယ့် ကျောင်းတွေပါ ရောက်လာခဲ့ပုံကို ဖော်ပြခဲ့ကြောင်းပါ ခင်ဗျား။

နောက်တပတ်မှာတော့ စာရေးသူရဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်းထင်ဟပ်ချက်၊ အမြင်တွေအကြောင်း ဆက်လက် တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Recent Comments