Pages

Thursday, September 28, 2023

ဦးရဲထွဋ် စာအုပ်ဖတ်ဖြစ်တယ်။ ကျနော် Case study တခု ရေးချင်မိတယ်။

အောင်သူငြိမ်း

(ဦး) ရဲထွဋ်၊ [(ဦး) သက်ဆွေ မြန်မာပြန်]။ (၂၀၂၀ ဩဂုတ်လ)။ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် လက်လွတ် ဆုံးရှုံးခဲ့ရသော အခွင့်အလမ်း များ (၂၀၁၀-၂၀၁၆)။ ရန်ကုန်- Myanmar Heritage ။

တနေ့က ဦးရဲထွဋ်ရေးတဲ့ စာအုပ် ဖတ်ဖြစ်တယ်။ ကျနော်စိတ်ဝင်စားတဲ့ အကြောင်းအရာပဲ မို့လား မသိဘူး။ သွက်တယ်။ တရက်နဲ့ တနေ့မှာ စာအုပ်ကို သေချာ မျဉ်းသားဖတ်ပြီးသွားတယ်။ ပထမဦးဆုံး ပြောချင်တာက အချို့သော အကြောင်းအရာ တွေကို ငြင်းချင်စရာတွေ့တယ်။ ဒါပေမယ့် စာအုပ်ကို ဝေဖန်ဖို့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ဒီစာအုပ်မျိုး ရှိသင့်တယ်။ ရေးသူ ကိုလည်း တကယ်ရေးဖြစ်တာ ဝမ်းသာတယ်။ စူးရှတဲ့ သုံးသပ်ချက်တွေအတွက်လည်း ကျေးဇူးတင်မိတယ်။ မြန်မာ့ အစိုးရ အတွင်းက အကြောင်းအရာတွေဆိုတာ အတွင်းကျကျ ဆောင်ရွက်ခဲ့သူတွေ ရေးသားမှသာ အပြင်လူတွေ (အထူးသဖြင့် ကိုယ့် ကိုယ်ကို ပြည်သူ့ရေးရာမူဝါဒ ကျောင်းသားလို့ ခံယူထားသူ) အဖို့ သိရှိနိုင်မှာ ဖြစ်တယ်။ အစိုးရ အရင်ခေါင်းဆောင် အများက ပြန်လို့ ရေးသားမှု မရှိပေမယ့် နောက်ပိုင်းတော့ အရင်စစ်ဗိုလ်ချုပ်တွေ၊ အစိုးရဝန်ကြီးတွေ စာပြန်ရေးလာတာ တွေ့ရတယ်။ တွေ့မိသမျှလည်း ကျနော်ဝယ်စုထားတယ်။

အသွင်ကူးပြောင်းရေးဆိုင်ရာ ဗေဒ (Transitology)

ပညာရပ်နယ်ပယ်မှာ နောက်ပိုင်း အသွင်ကူးပြောင်းရေးဆိုင်ရာ ဗေဒ (Transitology) ဆိုပြီး လေ့လာလာကြတာ ရှိတယ်။ နိုင်ငံရေးသိပ္ပံ၊ ဥပဒေကြောင်း နှိုင်းယှဉ်လေ့လာမှု၊ စီးပွားရေးစတဲ့ နယ်ပယတွေမှာ နိုင်ငံရေးစနစ် (အစိုးရ) တခုကနေ နောက် စနစ် (အစိုးရ) တခု အပြောင်းအလဲ လုပ်ငန်းစဉ်တွေကို လေ့လာမှုပြုတဲ့ ပညာရပ်ပါ။ အထူးသဖြင့် အာဏာရှင်စနစ်တွေကနေ ဒီမိုကရေစီ စနစ်အကူးအပြောင်းတွေကို လေ့လာတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဆရာကျော်ဝင်းတို့က ‘အဖွင့်၊ အကူး၊ အခိုင်’ (Liberalization, Democratization, Consolidation) စတဲ့ သဘောတရားတွေကို ဆွေးနွေးခဲ့ကြတဲ့ ဖိလစ် ရှမစ်တာ က ဒီလို အသွင်ကူးပြောင်းရေးဆိုင်ရာ ဗေဒတွေအကြောင်း ဦးဆောင် ဆွေးနွေးခဲ့ဖူးတယ်။ ဒီဗေဒ သဘောကတော့ ဖြစ်ရတဲ့ အကြောင်းတရား (causality) တွေကို ရှင်းပြချင်တာ၊ စမ်းသပ်စစ်ဆေးထုတ်နိုင်လို့ရမယ့် အနုမာန မှန်းဆချက်တွေ (testable hypotheses) ကို ဖော်ထုတ်ချင်တာပါ။

ဒီလိုနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး အပြောင်းအလဲတွေကို ပြန်ကြည့်တဲ့အခါ ဖတ်ရမယ့်စာအုပ် အချို့ရှိတယ် ထင်မိတယ်။ အခု ဖတ်ရတဲ့ ဦးရဲထွဋ်စာအုပ်ရယ်၊ သမ္မတရုံး ဝန်ကြီး (ဦး) စိုးသိန်း၊ ၂၀၁၇၊ မြန်မာဒီမိုကရေစီ အသွင်ကူး ပြောင်းမှုနှင့် ဦးသိန်းစိန်၊ ၂၀၁၇ စက်တင်ဘာလ Yangon: Myanmar Consolidated Media. [Myanmar's Transformation & U Thein Sein: An Insider's Account] စာအုပ်ရယ်။ အင်္ဂလိပ်လိုပဲ ရှိသေးပြီး မြန်မာပြန် မရှိသေးတဲ့ ဦးသန့်မြင့်ဦး စာအုပ် ရယ်ပါ။  Myint-U, Thant. (2019). (မြန်မာနိုင်ငံ၏ မြုပ်ကွယ်နေသောသမိုင်း- လူမျိုးရေး၊ အရင်းရှင်စနစ် နှင့် ၂၁ ရာစုတွင် ဒီမို ကရေစီ အကျပ်အတည်း) The Hidden History of Burma: Race, Capitalism and The Crisis of Democracy in 21st Century. London: Atlantic Books.

အနည်းဆုံး ဒီစာအုပ် ၃-အုပ်လောက်ကို ယှဉ် ဖတ်ကြည့်ပြီး ကောက်ချက်ဆောင်းပါး တပုဒ်လောက် ရေးချင်မိတယ်။ ပညာရပ် ဆိုင်ရာမှာဆိုရင် Literature review (စာပေ သုတေသနဆိုင်ရာ သုံးသပ်ချက်) လို့ ဆိုနိုင်မယ်။ ဒီဖတ်ရှုရတဲ့ စာအုပ် ၃-အုပ်ထဲ က (ဒီထက်လည်း ပိုရှိချင် ရှိနိုင်တယ်) အသွင်ကူးပြောင်းရေးဆိုင်ရာ ဗေဒ (Transitology) တခုခု ဖော်ထုတ်နိုင်မလားလို့ လည်း ယူဆမိတယ်။

မူဝါဒ စွန့်ဉီးတီထွင်သူများ (Policy entrepreneurs)

ဦးရဲထွဋ် စာအုပ်ကို ဝေဖန်ဖို့ မဟုတ်ပေမယ့် ကျနော်ပြောချင်တဲ့ အချက်လေး ၂-၃ ခု တော့ ရှိတယ်။

ပထမအချက်ကတော့ သူ့စာအုပ် နိဒါန်းမှာရော၊ နိဂုံးမှာပါ ရေးထားတာ။ ၂၀၁၀ အပြောင်းအလဲမှာ လက်လွတ်ဆုံးရှုံးရတဲ့ အခွင့်အလမ်းဆိုတာ ပြည်ခိုင်ဖြိုး ရှုံးနိမ့်တဲ့ကိစ္စ မဟုတ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေက တက်လာတဲ့ အစိုးရ တည်တည်ငြိမ်ငြိမ် ခရီးဆက်နိုင်ဖို့ လိုအပ်တဲ့ အင်စတိကျူးရှင်းများ (institutions) ခိုင်မာရေး ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုထားတယ်။ စာတအုပ်လုံးမှာ အင်စတိကျူးရှင်းတွေ အခန်းကဏ္ဍ ဆွေးနွေးထားတာ နည်းသလား လို့ ထင်မိတယ်။

ဒုတိယ အချက်ကတော့ သူ့စာအုပ်မှာ ရေးထားတာ၊ ပြည်ခိုင်ဖြိုးက လူမှုရေးအသင်းအဖြစ် ဆက်နေမှာလား၊ ပါတီပြောင်းမှာ လားဆိုတာ ရွေးကောက်ပွဲကပ်တဲ့ အချိန်အထိ ခေါင်းဆောင် အတော်များများက မသိကြဘူးလို့ ဆိုတယ်။ ဒီတော့ ပြင်ဆင်ချိန် နည်းတယ်ပေါ့။ နောက်တခါ ပြည်ခိုင်ဖြိုးအတွက် ရွေးကောက်ပွဲ ကြေညာစာတမ်းကို အတွင်းရေးမှူး ဦးဌေးဦးက ရေးလာ တယ်။ တော်တော်ဆိုးဆိုးကြီး၊ ၃-မျက်နှာပဲ ရှိတယ်။ မကောင်းသေးပါဘူးဆိုပြီး ဦးကျော်ဆန်းနဲ့ အချို့သောသူများက ပြန်ရေး ရတယ်။ ဒီတော့မှ ကြည့်ပျော်ရှုပျော် ဖြစ်လာတယ်လို့ ဆိုတယ်။ ဒါဆိုရင် အပြောင်းအလဲတွေက စနစ်တကျ ဒီဇိုင်းချ ပြောင်း လဲခဲ့တာ မဟုတ်ဘူးပေါ့။ (designed transition) သင့်သလို လက်တန်းပြောင်းလဲခဲ့တဲ့ သဘော (default transition) သဘော ပိုဆန်နေသလားလို့ တွေးမိတယ်။

ဒီလို အပြောင်းအလဲတွေမှာ မူဝါဒဆိုင်ရာ အပွင့်တွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အပွင့်တွေကို နေရာဝင်ယူချင်ကြသူတွေလည်း အများအပြား ရှိနိုင်ပါတယ်။ ဒါကို ကျနော်ကတော့ မူဝါဒ စွန့်ဉီးတီထွင်သူများ (Policy entrepreneurs) လို့ သုံးချင်တယ်။ ဒီလို လူတွေဟာ အစိုးရထဲကလည်း ချံပီယံ လုပ်လိုသူတွေ ဖြစ်နိုင်သလို၊ အစိုးရ ပြင်ပကလည်း ဖြစ်နိုင်တယ်။ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေကလည်း ဖြစ်နိုင်ပါတယ်။ တခါက ဝန်ကြီးဦးအောင်မင်း ပြောတာ မှတ်မိပါတယ်။

“ကျနော်တို့ တပ်မှာ နေရတုန်းက မနက်တိုင်းမှာ ဆေးလုံး ၂-လုံး ဘယ်ဒါ သောက်ရမယ်ဆိုတာ စဉ်းစားရတယ်။ တခုက နာခံရေးဆေး (Obedience pill)၊ နောက်တလုံးက လက်ဦးမှုယူ လှုပ်ရှားဖို့ဆေး (Initiative pill)၊ တခုခုကို ရွေးသောက်ကြ ရတယ်” လို့ ဆိုတယ်။ အပွင့်ဖြစ်လာတဲ့အခါ အစိုးရအတွင်းပိုင်းက လက်ဦးမှုယူ လှုပ်ရှားဖို့ဆေး (Initiative pill) သောက်သူ တွေ ပိုများလာနိုင်ပါတယ်။

အစိုးရပြင်ပကလည်း အလားတူပါပဲ။ Egress လိုမျိုး လှုပ်ရှားကြသူတွေ ရှိနိုင်ပါတယ်။ ကျနော်တို့တောင် ပြည်ပက ပြန်လာ ကြသေးတာပဲ။ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယားရဲ့ ဘလဲယားဖောင်ဒေးရှင်းလည်း ရောက်လာတယ်။ အမေရိကန် သမ္မတ အိုဘားမားလည်း ၂-ခါ ရောက်လာတယ်။ ‌ဟေလာရီ ကလင်တန်လည်း ရောက်လာတယ်။ လူတိုင်းက အရွေ့ကို ရွှေ့ဖို့ ကြိုးစားကြတာပါပဲ။ ဒါကို အချို့နေရာတွေမှာ ဦးရဲထွဋ်က သိပ်မနှစ်မြို့သလို ရေးထားသလား ထင်မိတယ်။ နောက်ပိုင်း ပိုပွင့် လာတော့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေလည်း ကိစ္စပေါင်းစုံမှာ ဉပဒေပြုရေး၊ မူဝါဒ အရွေ့ပေါင်းစုံမှာ မူဝါဒ စွန့်ဉီးတီထွင်သူများ (Policy entrepreneurs) လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါကို ဒို့ဝန်ကြီးဌာနက ဒီဇိုင်းသေချာ စဉ်းစားထားတာ၊ စာနယ် ဇင်းကောင်စီ (Press council) က ဒါတွေ မသိဘူး။ သူတို့ ပြင်ချင်တဲ့ကိစ္စက ဘက်စုံ စဉ်းစားထားတာ မဟုတ်ဘူး။ အဲသလို တော့ မဟုတ်ဘူးထင်မိတယ်။ အရွေ့တွေမှာ သူနိုင်-ကိုယ်နိုင် အားစမ်း၊ အားပြိုင်တဲ့ကိစ္စ တွေ ရှိနိုင်ပါတယ်။

 ကျနော်က အဲဒီအချိန်က ဗဟုဖွံ့ဖြိုးမှုအဖွဲ့နဲ့။ နိုင်ငံ ပြန်လာမယ်ဆိုတော့ ဒေါက်တာဇော်ဦးက အကြံပေးတယ်။ Briefing လုပ်တယ်။

"ကျနော်တို့ အိမ်ပြန်ကြတဲ့အခါ မျှော်မှန်းထားဖို့ ကိစ္စ ၃-ခုကို ကျနော့်အတွေ့အကြုံအရ သတိပေးချင်ပါတယ်။ အတွေ့အကြုံ ဖလှယ်တာပေါ့ဗျာ" ကိုဇော်ဦးက ပြောတယ်။

ပထမတခုက … ခင်ဗျားတို့ အကြောင်းသင့်လို့ အစိုးရ အစည်းအဝေး စင်မြင့်ပေါ်ရောက်တဲ့အခါ အချို့ လူကြီးတွေ၊ အရာရှိ တွေက မြင်လိမ့်မယ်။ ဒီကောင်တွေက ဘာတွေလဲ၊ မိုးကျရွှေကိုယ်တွေလို့ မြင်တာခံရမယ်။ ဘာဖြစ်လို့ ဒီစင်မြင့်ပေါ်ရောက် နေရသလဲပေါ့။ တခါ ကျနော်တို့ ဒီမိုကရေစီ လုပ်ဖော်ကိုင်ဖက်တွေက ထောင်ထဲကနေ မလွတ်ကြသေးဘူးဗျ။ NLD ပါတီက လည်း ၂၀၁၀ ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။ အဲသည်တော့ ကျနော်တို့က အစိုးရနဲ့ ပေါင်းတာလား၊ အစိုးရ ဘက်တော်သား လူ တွေလားလို့ မြင်တာ ခံကြရမယ်။ ကိုယ့်ရဲဘော် ရဲဘက်ချင်းလည်း သံသယရှိတာ ခံရမယ်။ ပြည်တွင်းမှာကလည်း ၂၀၁၀ ရွေးကောက်ပွဲဝင်ကြတဲ့ ပါတီ၊ လူတွေကို အမြင်မကြည်ကြဘူးဗျ။ နောက်တခုကတော့ ပြည်တွင်းက ပညာရှင်တွေပဲ။ သူတို့က လက်တွေ့ကွင်းထဲမှာ သူတို့ရှိတယ်။ မြန်မာပြည်အခြေအနေကို သူတို့သာ ကွင်းထဲမှာ အသိဆုံးလို့ မြင်ကြတယ်။ ကျနော်တို့ ကတော့ ပြည်ပက လာတဲ့သူတွေ၊ ဘာမှ သိတာမဟုတ်ဘူး။ မြန်မာပြည်နဲ့ ဝေးတာကြာပြီ… အဲသလိုမျိုး ဆက်ဆံတာလည်း ခံရမယ်…ဒါတွေကို သတိပေးချင်တာပါကိုဇော်ဦးက ပြောပြတယ်။

 

ကျနော်တို့ ပြည်တော်ပြန်ခဲ့ကြတာလည်း သူသူကိုယ်ကိုယ် အခက်အခဲ၊ စွန့်စားရမှုတွေ ရှိပါတယ်။ မူဝါဒ စွန့်ဉီးတီထွင်သူများ (Policy entrepreneurs) လုပ်ချင်လို့သာ ပြန်လာခဲ့ကြတာပါ။ လုပ်နိုင်တာလည်းရှိ၊ မလုပ်နိုင်တာလည်း ရှိပေါ့။

ဒါပေမယ့် ကျနော်တို့ အိမ်ပြန်လာခဲ့ကြတာ လူထုတွေ စားအုန်းဆီတန်းစီတိုးစားရဖို့တော့ မဟုတ်ဘူး။

 

Case studies (ဖြစ်ရပ်လေ့လာချက်)

ကျနော် ဖြစ်ရပ်လေ့လာချက် (Case studies) တခု ရေးချင်တယ်ဆိုတာ ဦးရဲထွဋ်စာအုပ် ဖတ်ပြီး ပေါ်လာတဲ့ စိတ်ကူးတခုပဲ။ ကျနော်တို့ ဟားဗတ်တက္ကသိုလ်တက်တုန်းက Case study အတော်များများ ဖတ်ခဲ့ရပါတယ်။ ဟားဗတ်ကျောင်းတော် ကိုယ်၌ က ဒီလိုဖြစ်ရပ်လေ့လာမှုတွေနဲ့ သင်ကြားတာ နာမည်ကျော်တယ်။ ဖြစ်ရပ်တခုကို ဖက်စုံထောင့်စုံ ရေးသားတင်ပြထားတယ်။ ဖြစ်ရပ်တခုကို တင်ပြထားတာ စာမျက်နှာ ၂၀ ကျော်ကနေ၊ ၃၀ ကျော်လောက် ရှိတယ်။ ဒီကိစ္စတွေကို ဖတ်ပြီး ကျောင်းသား အချင်းချင်းအကြား ဖြစ်နိုင်ခြေ မူဝါဒ၊ အဖြေတွေကို ဆွေးနွေးကြရတယ်။ ဥပမာအားဖြင့် ဆိုရင် ဖိလစ်ပိုင်မှာ လောင်စာဆီဈေး နှုန်းတင်ဖို့ ဆွေးနွေးကြတဲ့ ကိစ္စမျိုး၊ စင်္ကာပူရဲ့ အကြံပေးချက်နဲ့ လူမျိုးလည်းတူ၊ ကွန်ဖြူးရှပ် ယဉ်ကျေးမှုချင်းလည်း တူတယ် လို့ ယူဆနိုင်တဲ့ တရုတ်ပြည် ဒေသတခု (ဆူချိုး- Suzhou city) မှာ စမ်းသပ်ကွက်သဘောမျိုး စင်္ကာပူမိုဒယ် အုပ်ချုပ်ရေးဒေသ တခု တည်ဖို့ ကြိုးစားတာမျိုးလည်း ဖတ်ခဲ့ရဖူးတယ်။ နောက်တော့ စမ်းသပ်အုပ်ချုပ်ရေး မြို့သစ်က ဂွမ်းတာပေါ့လေ။

Nitin Nohira (2021) ရေးထားတဲ့ ဆောင်းပါးအရဆိုရင် ဟားဗတ်တက္ကသိုလ်၊ စီးပွားရေးကျောင်း (Business school) မှာ ဖြစ်ရပ်လေ့လာချက် (Case studies) နည်းနဲ့ စာသင်တာ နှစ် ၁၀၀ ကျော်ပြီလို့ ဆိုတယ်။ ၁၉၂၁ ခုနှစ်ကတည်းက စပြီး သုံးခဲ့ တာပါလို့ ဆိုတယ်။ ဟားဗတ်ဆင်း MBA ကျောင်းသား တွေကို ဘယ်ဖြစ်ရပ်က ကျောင်းအတွက် အမှတ်အရဆုံး ဖြစ်မလဲ ဆိုတော့ Cast studies တွေနဲ့ စဉ်းစားခဲ့ကြ၊ ဆွေးနွေးခဲ့ကြ ရတာပါတဲ့။ သူတို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးစေတယ်။ ကိုယ့်အမြင် အယူအဆကို သူတပါးလက်ခံလာအောင် တိုက်တွန်း ပြောဆိုဖို့ စွမ်းရည် တက်လာတယ်လို့ ဆိုကြပါတယ်။ ဒီနည်းအားဖြင့် လက်တွေ့ ဘိဇနက်တွေထဲက ပြဿနာကို သိစေတယ်။ ဆုံးဖြတ်ချက် ချစေနိုင်တယ်။ ပြဿနာ ဝန်းကျင်က အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေ၊ လူမှုရေး နယ်ပယ်တွေကိုပါ အလျှင်အမြန် သုံးသပ် ထည့်စဉ်းစားမိ စေတယ်လို့ ဆိုပါတယ်။ သီအိုရီကို ဘယ်လိုသုံးနိုင်မလဲ။ လက်တွေ့ထဲက သီအိုရီ ဘယ်လို ထုတ်ယူနိုင်မလဲဆိုတာကိုပါ သင်ယူနိုင်တယ်လို့ ဆိုပါတယ်။ Case studies သင်ကြားနည်းက ကျောင်းသားတွေအတွက် meta-skills လို့ သူတို့ခေါ်တဲ့ အရည်အချင်း ၇- ခု ကိုပါ ဖွံ့ဖြိုးစေတယ်လို့ ဆိုပါတယ်။

Meta-skills ၇-ခုကတော့ ၁) ပြင်ဆင်မှု၊ ၂) ကောင်းစွာ ဆုံးဖြတ်နိုင်မှု (Discernment)၊ ၃) ကိုယ့်ဖက်လိုက်စိတ် ရှိနေတာကို အသိအမှတ်ပြုခြင်း (Bias Recognition)၊ ၄) ဆင်ခြင် ဆုံးဖြတ်မှု (judgement)၊ ၅) ပူးပေါင်းဆောင်ရွက်မှု၊ ၆) စပ်စု စူးစမ်းလိုစိတ် နဲ့ ၇) မိမိကိုယ်ကို ယုံကြည်မှု ရှိစေခြင်းတို့ ဖြစ်ပါတယ်။ [Nohria, Nitin. (Dec 21, 2021).What the Case Study Method Really Teaches. Harvard Business Review.]

ထိုင်းနိုင်ငံမှာ ကျနော် NIDA တက္ကသိုလ် တက်တော့လည်း အဲဒီကျောင်းမှာ ဟားဗတ်တက္ကသိုလ် ပုံစံကို အတုယူလို့ ထိုင်း နိုင်ငံ ရေး၊ အုပ်ချုပ်ရေး ဖြစ်ရပ်တွေကို Case studies တွေအဖြစ် ရေးဖို့ သင်တန်းတွေတောင် ရှိနေတာ သိခဲ့ရတယ်။

ကျနော်ရေးချင်တဲ့ Case study (ဖြစ်ရပ်လေ့လာချက်)

ကျနော်ရေးချင်တဲ့ Case study (ဖြစ်ရပ်လေ့လာချက်) ကတော့ ဦးရဲထွဋ် စာအုပ်ထဲက ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသား ပညာရေးဥပဒေ ကိစ္စပါပဲ။ ဦးရဲထွဋ် ရေးထားတာ ကိုယ်တိုင်ကတောင် လူတွေကို တွေ့ဆုံမေးမြန်းပြီး အတော့်ကို ဖက်စုံထောင့်စုံ ဖြစ်အောင် တင်ပြထားတာကို တွေ့ရတယ်။ ဒါပေမယ့် အချို့သော ဇာတ်ကောင် (Actors) တွေကို စရိုက်ပိုပြီ ပြင်အောင် ဖော်ပြနိုင်ရင်တော့ အတော့်ကို ဖတ်လို့ ကောင်းမယ့် Case study တခု ဖြစ်မယ်လို့ ထင်မြင်မိတယ်။

ကျနော်တို့ သိရသလောက်ကလည်း ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲမှုတွေက ကနဦးပိုင်းမှာ အတော်လေး ထောက်ခံမှုရ တယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ စီးပွားရေး တံခါးဖွင့်တာတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ အတော်လေး အမှတ်ရတယ်။ Quick wins လို့ခေါ်တဲ့ ခပ်မြန်မြန် ရလဒ်ပေါ်နိုင်တဲ့ ကိစ္စမျိုးတွေကိုလည်း ရွေးပြီး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ခဲ့ကြတယ်။ ဒါပေမယ့် အချို့ကိစ္စတွေက ရလဒ် ချက်ချင်းမပေါ်ပါဘူး။ ဥပမာ- ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လိုမျိုးမှာ ချက်ချင်း အမိန့်ပေးပြီး ရလဒ်ပေါ်အောင် လုပ်လို့ ရတာမျိုး မဟုတ်ပါဘူး။ အဲဒီတော့ ကျန်းမာရေး မှာ ဝန်ကြီး အပြောင်းအလဲ ဖြစ်တယ်။ ပညာရေးမှာလည်း ဝန်ကြီးအသစ်တက်တယ်။ ဒီ အခြေအနေကို အခွင့်ကောင်းယူလို့ ပညာရေး- ကျန်းမာရေးကဏ္ဍတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ သမ္မတရုံးဝန်ကြီး (၅) ဦးတင်နိုင်သိန်း ကို တာဝန်ပေးလိုက် တယ်လို့ သိခဲ့ရတယ်။ ဒီနောက်တော့ အမျိုးသား ပညာရေးဥပဒေကို တွန်းဖို့ ဖြစ်လာတယ်။  

အပြိုင် အမျိုးသား ပညာရေး ဥပဒေကြမ်း ၃-ခု

ဒီဖြစ်ရပ်ကို ပြောမယ်ဆိုရင် အဲဒီ ဦးသိန်းစိန် အစိုးရကာလမှာ အပြိုင် အမျိုးသား ပညာရေး ဥပဒေကြမ်း ၃-ခု ရှိနေတာကို ဖော်ပြရလိမ့်မယ်။

၁။ ပညာရေး ဝန်ကြီးဌာနမူ နဲ့ EPIC

ပညာရေး ဝန်ကြီးဌာနက ၂၀၁၂ လောက် ကတည်းက သူတို့ဘာသာ နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီနဲ့ ပညာရေး ကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့ကြတယ်။ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း (Comprehensive Education Sector Review (CESR)) လို့ခေါ်တယ်။ တွေ့ရှိချက်- အကြံပြုချက်တွေ ကို ၂၀၁၃ ခုနှစ် အစောပိုင်းမှာ ထုတ်ပြန်ခဲ့တယ်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ညီလာခံကို နေပြည်တော်မှာ ၂၀၁၃ အောက်တိုဘာလ ၇ ရက်မှာ လုပ်တယ်။ အမျိုးသား ပညာရေးမူဝါဒ နဲ့ အမျိုးသား ပညာရေးဥပဒေ (မူကြမ်း) ရေးဆွဲဖို့ ကော်မီတီ တရပ် ဖွဲ့ခဲ့တယ်။ အဖွဲ့ဝင် ၂၇ ဦးပါတဲ့ ပညာရေးမြှင့်တင်ရေး နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မီတီ (Education Promotion and Implementation Committee (EPIC)) ဖွဲ့တယ်။ EPIC မှာ ဝန်ထမ်းတွေပါတဲ့ အထူးလုပ်ငန်း အဖွဲ့၊ ပညာရှင်/ ကျွမ်းကျင်သူများအဖွဲ့၊ အကြံပေးအဖွဲ့တွေ ရှိကြတယ်။

EPIC ဥက္ကဋ္ဌ ဦးတင်နိုင်သိန်းက ပြည်သူလူထုတွေ အကြံပြုချက်ကို ဖိတ်ခေါ်တယ်။ EPIC က တနှစ်ပတ်လုံး ပညာရေးလောက သားတွေနဲ့ ဖိတ်ခေါ်၊ တွေ့ဆုံတယ်။ အချက်အလက် စုဆောင်းတယ်။ အထူးလုပ်ငန်း အဖွဲ့တခုချင်းကလည်း လူတွေနဲ့ တွေ့တယ်။ (ထွဋ်၊ စာ-၂၁၅)

 

၂။ လွှတ်တော်မူ


အမျိုးသားအဆင့် ပညာရေးညီလာခံကို ၂၀၁၃၊ မတ်လ ၅-၇ မှာ ကျင်းပတယ်။ [ဒီညီလာခံနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို နောက်မှ ရေးပါ့မယ်။] ဒီညီလာခံက အမျိုးသား ပညာရေးမူဝါဒကို အတည်ပြုတယ်။ ပြည်သူ့လွှတ်တော် ပညာရေးမူကြမ်းကော်မီတီ ကလည်း အမျိုးသား ပညာရေးဥပဒေမူကြမ်းတခုကို ရေးနေတာရှိတယ်။ အရင် ပညာရေးဝန်ကြီး (ဟောင်း) ဒေါ်တာချမ်းငြိမ်း က ဦးဆောင်တယ်။ (ထွဋ်၊ စာ-၂၁၇၊ ၂၂၀)

 

၃။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) မူ

 

တပြိုင်ထဲမှာ NNER ကလည်း ပညာရေးမူတခု ပြုစုနေတယ်။ ဆွေးနွေးပွဲတွေ ဆက်တိုက်ကျင်းပနေတယ်။ ၂၀၁၂ အောက်တို ဘာလကနေ ၂၀၁၃ မေလအတွင်း တပြည်လုံးမှာ ပညာရေးဆွေးနွေးပွဲ ၂၅ ကြိမ် လုပ်ခဲ့တယ်။ ပြည်သူလူထု အဖွဲ့အစည်းတွေ ဆီကနေ အကြံပြုချက်တွေ ရယူခဲ့တယ်။ ၂၀၁၃ ဇွန် ၈-၉ မှာ ရန်ကုန်မှာ အမျိုးသား ပညာရေးညီလာခံ ကျင်းပတော့ ပြည်နယ် တိုင်းတွေက ကိုယ်စားလှယ် ၁,၂၇၄ ဦး တက်ရောက်ခဲ့တယ်။ ပညာရေးကဏ္ဍ ၁၃ ခုအတွက် ပညာရေးမူဝါဒတွေကို အတည်ပြု ကြတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်မှာ ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ ကူညီဆောင်ရွက်ပေးလို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ခွင့်ရ၊ တင်ပြခွင့်ရတယ်။ ဦးတင်နိုင်သိန်း၊ ပညာရေးဝန်ကြီး ဒေါက်တာမြအေးလည်း တက်တယ်။ သမ္မတ ဦးသိန်းစိန်က NNER စာတမ်းကို ဖတ်ရှုပြီး၊ ဝေဖန်အကြံပြုချက်တွေကို လက်ခံတယ်၊ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းညှိနှိုင်းပါ။ လွှတ်တော်ကို တင်ပါလို့ ဆိုခဲ့တယ်။ (ထွဋ်၊ စာ-၂၁၆၊ ၂၁၇) ဒေါ်အောင်ဆန်းစုကြည် စီစဉ်ပေးမှုနဲ့ ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မီတီနဲ့ ၂၀၁၃ နိုဝင်ဘာလမှာ တွေ့တယ်။ ဒေါ်စုနဲ့ ဦးရွှေမန်းတို့က အဖွင့်အမှာစကားပဲ ပြောပြီး ဆက်နားမထောင်ဘူး၊ ထွက်သွားကြတယ်။ ကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းက NNER အကြံပြုချက်တွေက ကောင်းသော်လည်း၊ အကောင်း လွန်နေကြောင်း ဆိုတယ်။ NNER ဒေါက်တာသိန်းလွင်ကတော့ ဒေါက်တာချမ်းငြိမ်း ပြောဆိုတာဟာ သာမာန်သဘော ပြောတာလား၊ လက်ရှိအချိန်မှာ အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်လို့ ဆိုလိုတာလား မသဲကွဲဘူးလို့ ပြောခဲ့တယ်။ (ထွဋ်၊ စာ-၂၁၇)

 

ဒီ မူ ၃-ခုကို ဘယ်လိုညှိနှိုင်း ပေါင်းစပ်ကြမလဲ ဆိုတာ စဉ်းစားစရာ ရှိလာပါတယ်။

 

တကယ် Case study ရေးဖြစ်ရင်တော့ စီကာပတ်ကုန်း ရေးဖြစ်မှာပေါ့။ အခုတော့ ရေးချင်တဲ့ကိစ္စတွေကို မျိုးတူစု ပုံချထား သလိုမျိုး လုပ်ကြည့်တာပါ။ ဒီတော့ ဆက်ဆံရေးကိစ္စတွေကလည်း အရေးကြီးမယ်လို့ ထင်တယ်။ ဘယ်သူနဲ့ ဘယ်ဝါနဲ့က ဘယ်လိုသဘောထား ရှိကြလဲ။ ဘယ်သူနဲ့ ဘယ်သူနဲ့က ပြဿနာ ရှိနေလဲဆိုတာမျိုးပါ။

 ၁။ ပညာရေးဝန်ကြီးဌာန နဲ့ NNER

ပညာရေးဝန်ကြီးဌာနက EPIC ဖွဲ့ပြီး တနှစ်ပတ်လုံး ပညာရေးလောကသားတွေနဲ့ တွေ့ဆုံ မေးမြန်း အချက်အလက်တွေ စုဆောင်းနေတယ်။ အထူးလုပ်ငန်းတခုချင်းကလည်း ပညာရှင်၊ နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ တွေ့နေတာ ရှိနေတယ်။ အစီရင်ခံစာ၊ အကြံပြုချက်တွေ ပြုစု၊ ဘုတ်အဖွဲ့က လက်ခံရင် EPIC ကို ဆက်လက်တင်ပြတယ်။ ဒါဆိုရင် မေးစရာက EPIC ပုဂ္ဂိုလ်တွေကရော NNER နဲ့ မတွေ့ကြဘူးလား ဆိုတာပါပဲ။ ဦးအောင်မင်းက ဦးတင်နိုင်သိန်းကို ကျောင်းသားခေါင်းဆောင် တွေနဲ့ တွေ့ဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် ဦးတင်နိုင်သိန်းက ကျောင်းသားခေါင်းဆောင်တွေနဲ့ အစောပိုင်းမှာ တွေ့လိုက်ရင် ပညာရေး ပြုပြင်ပြောင်းလဲမှုထက်၊ ‘နိုင်ငံရေး’ ဖြစ်သွားမှာကို စိုးရိမ်တယ်။ နောက်ပိုင်း ပါဝင်ပတ်သက်သူအားလုံး ပါဝင်တဲ့ ညှိနှိုင်းမှုတွေမှသာ ဖိတ်ဖို့ ဆုံးဖြတ်တယ်။ (ထွဋ်၊ စာ- ၂၁၅၊ ၂၁၆)

၂၀၁၃ ဒီဇင်ဘာလမှာ ပါဝင်သူများအစည်းအဝေး (stakeholders meeting ?) မတိုင်မီ နှစ်ပတ်အလိုမှာ ဦးတင်နိုင်သိန်းက NNER အဖွဲ့ဝင်တွေ၊ ကျောင်းသား-ဆရာ သမဂ္ဂတွေနဲ့ တွေ့တယ်။ အစည်းအဝေး အစီအစဉ်တွေ ရှင်းပြတယ်။ အစည်းအဝေး ပြီးတော့ ကျောင်းသားတွေက ပူးတွဲကြေညာချက်ထုတ်ဖို့ ပြောတယ်။ ဦးတင်နိုင်သိန်းက ငြင်းတယ်။ အရင်ကလည်း EPIC က အဖွဲ့ပေါင်းစုံနဲ့ တွေ့နေခဲ့တာပဲ။ ပူးတွဲကြေညာချက်ထုတ်တာ တကြိမ်မျှ မရှိခဲ့ဘူးလို့ ပြောတယ်။ ဦးတင်နိုင်သိန်းက ကျောင်းသားတွေဟာ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို နိုင်ငံရေးအတွက် သုံးတယ်လို့ အခိုင်အမာ ယူဆသွားတယ်။ (ထွဋ်၊ စာ- ၂၁၇၊ ၂၁၈)

 ရန်ကုန်တိုင်း ပါဝင်သူများအဆင့် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃၁ မှာ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ လုပ်တယ်။ ကျင်းပ တော့ ကျောင်းသား-ဆရာသမဂ္ဂ ကိုယ်စားလှယ်တွေ၊ NNER ခေါင်းဆောင်တွေ တက်ကြတယ်။ ဇန်နဝါရီလ ၆ ရက်မှာတော့ ကိုယ်စားလှယ် အရေအတွက်၊ အဆင့်နေရာနဲ့ ပတ်သက်လို့ အငြင်းပွားတယ်။ နောက်တော့ ဆွေးနွေးပွဲ ဆက်လက်မတက် တော့ဘဲ ထွက်ခွာသွားတယ်။ လုပ်ငန်းအစုအဖွဲ့ ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေက ကျောင်းသားတွေရဲ့ ယဉ်ကျေးမှု နည်းပါး ရိုင်းပျမှုကို ဗီဒီယိုရိုက်ကူးထားပြီး တိုင်ကြားတယ်။ ဒေါက်တာ ရင်ရင်နွယ်က ကျောင်းသားသမဂ္ဂတွေကို ဖိတ်ကြား ရပါ့မလားဆိုပြီး ဦးတင်နိုင်သိန်းကို အပြစ်တင်တယ်။ ဒေါက်တာသိန်းလွင်ကတော့ ကျောင်းသားတွေက ငယ်သေးတယ်၊ ပြုမူဆက်ဆံပုံ မသင့်မလျော် ဖြစ်ရတာကို ဝန်ခံပေမယ့်၊ မရင့်ကျက်သေးလို့ ရည်ရွယ်ချက် မရှိဘဲ ဖြစ်ရတာလို့ ကာကွယ်ပြော ဆိုတယ်။ (ထွဋ်၊ စာ- ၂၁၈)

NNER နဲ့ EPIC ကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်။ NNER ဘက်က မြင်တာက ခုအစည်းအဝေးဟာ EPIC လုပ်ငန်း ကော်မီတီရဲ့ တင်ပြချက် သက်သက်လို့ မြင်တယ်။ သူတို့ကြား ကွဲလွဲမှုတွေက ပညာရေးလွတ်လပ်ခွင့်၊ ကျောင်းသားတွေ တက္ကသိုလ်မှာ စိတ်ကြိုက်ရွေးချယ် သင်ကြားခွင့်၊ တိုင်းရင်းသား ဘာသာစကား ယဉ်ကျေးမှု ထည့်သွင်း သင်ကြားရေး ကိစ္စ တွေ ဖြစ်တယ်။ ဒေါက်တာသိန်းလွင် ပြောတာက EPIC က သူတို့မူကြမ်းပါ အချက်တွေကို မလျှော့တမ်းခုခံ ကာကွယ်နေ တယ်။ NNER တင်ပြချက်မှန်သမျှကို ပယ်ချတယ်။ ခု ဆွေးနွေးပွဲ ပုံစံကိုလည်း ဗဟိုဦးစီး ဆွေးနွေးပွဲမျိုးလို့ မြင်တယ်၊ NNER လိုလားတဲ့ အောက်ခြေက ပါဝင်တဲ့ မူဝါဒရေးဆွဲမှု မဟုတ်ဘူးလို့ မြင်တယ်။ (ထွဋ်၊ စာ- ၂၁၈၊ ၂၁၉)

ပညာရေးဝန်ကြီးဌာန EPIC ဘက်ကတော့ သူတို့ဟာ လုပ်ငန်းအစု ၁၈ ဖွဲ့နဲ့ လူ ၈,၀၀၀ ကျော် နိုင်ငံရေးသမား၊ ဝန်ထမ်း၊ ကျောင်းသားမိဘ၊ တိုင်းရင်းသား အဖွဲ့တွေ၊ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့တွေ၊ လူမှုဝန်ထမ်းအဖွဲ့တွေနဲ့ ၂၀၁၃ အောက်တိုဘာကနေ ၂၀၁၄ ဖေဖေါ်ဝါရီ အကြားတွေ့ထားပြီးပြီ။ အချို့ဆွေးနွေးပွဲတွေ ပါဝင်တက်ရောက်သူတွေ ပေါင်းရင် ၅,၆၀၀ လောက်ရှိမယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်။ (ထွဋ်၊ စာ- ၂၁၉)

NNER က သမ္မတ အပါအဝင် အခြားဝန်ကြီးတွေနဲ့ ဆက်ဆံရေးမှာ အပြန်အလှန် လေးစားဖော်ရွေ ရှိကြတယ်။ ဒါပေမယ့် ပညာရေးက ညွှန်ချုပ် ဦးဇော်ဌေး၊ ဒေါက်တာခိုင်မြဲ၊ ဒေါက်တာ အောင်မင်း၊ ဦးသန်းဦးတို့ကတော့ အဲသလို မဟုတ်ဘူးလို့ ဆိုတယ်။ အမြဲတမ်း NNER အဆိုပြုချက်တွေကို ဆန့်ကျင်နေကြပြီး လက်တွေ့မကျဘဲ အပျော်တမ်း အဆင့်ပဲ ရှိနေတယ်လို့ စွပ်စွဲကြတယ်။ (ထွဋ်၊ စာ- ၂၁၉) ဒေါ်စုကတော့ EPIC ဟာ အမျိုးသားပညာရေး မူဝါဒအတွက် အောက်ခြေအဆင့် ဆွေးနွေးပွဲ တွေက အချိန်သက်သက် ဖြုန်းနေတာလို့ မြင်တယ်။ (ထွဋ်၊ စာ- ၂၂၁)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ NNER

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ NNER က အစောပိုင်းမှာ နီးစပ်တယ်လို့ ယူဆနိုင်တယ်။ NNER ခေါင်းဆောင်တဦး ဖြစ်တဲ့ ဒေါက်တာသိန်းလွင်က NLD ဗဟိုကော်မီတီဝင် တဦးဖြစ်သလို၊ NLD ပညာရေးကွန်ရက်အဖွဲ့ကို ဦးဆောင်တာက နောင်သမ္မတဖြစ်လာမယ့် ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် ဖြစ်နေတယ်။ NLD က NNER အတွက် လူ၊ အရင်းအမြစ်တွေ ပံ့ပိုး ပေးထားတယ်လို့ ယူဆနိုင်ပြီး၊ ဒေါက်တာသိန်းလွင်က ဒေါ်စုနဲ့ NLD ဗဟိုအလုပ်အမှုဆောင်တွေကို ပုံမှန် အစီရင်ခံစာတင်ပြရ တာတွေ ရှိတယ်။ ဒေါ်စုကလည်း NNER ပညာရေးမူဝါဒတွေကို ထောက်ခံအားပေးခဲ့တယ်။ (ထွဋ်၊ စာ- ၂၁၆)

ဒေါ်စုက NNER အနေနဲ့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မီတီနဲ့ တွေ့နိုင်ဖို့လည်း စီစဉ်ပေးခဲ့တယ်။ ဒေါက်တာ ချမ်းငြိမ်း ဦးဆောင်တဲ့ ကော်မီတီနဲ့ ဆွေးနွေးတယ်။ ဒါပေမယ့် ဒေါက်တာသိန်းလွင်ကို အစည်းအဝေး ၃ ကြိမ်ဖိတ်ကြားပြီး နောက်တော့ မဖိတ်တော့ဘူး။ ဒေါက်တာချမ်းငြိမ်းက နောက်လုပ်မယ့် အစည်းအဝေးတွေမှာ တက်ဖို့ မလိုတော့ဘူးလို့ ပြောတယ်။ ဒေါ်စုက မသိဘူး။ သူ အကုန်စီစဉ်ထားပေးရက်နဲ့ ဒေါက်တာသိန်းလွင်က လွှတ်တော်ကော်မီတီ အစည်းအဝေး တွေ ပျက်ကွက်နေတယ်လို့ ယူဆတယ်။ နောက်ပိုင်းမှာ NNER အဖွဲ့ဝင်တွေကို စိတ်ဆိုးမာန်ဆိုး ပြန်ပြောခဲ့တယ်။ (ထွဋ်၊ စာ- ၂၁၇) နောက်ပိုင်းမှာတော့ NNER က လေးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်တာ [နောက်ပိုင်း ဖော်ပြပါမယ်] အကြောင်းပြုလို့ ဒေါက်တာသိန်းလွင်ကို ဗဟိုကော်မီတီက ထုတ်ပယ်တယ်။ ပါတီအကျိုးနဲ့ NNER အကျိုးကို မခွဲခြားတတ်သူလို့ မှတ်ချက်ပေး တယ်။ (ထွဋ်၊ စာ- ၂၂၄)

NNER နဲ့ လွှတ်တော်

အစောက ဖော်ပြထားသလိုပဲ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မီတီ အစည်းအဝေးအချို့ (၃-ကြိမ်) မှာ ဒေါက်တာ သိန်းလွင် တက်ရောက်တယ်။ နောက်ပိုင်း ဖိတ်ကြားမှု မရှိတော့ဘူး။ အစည်းအဝေး ဆက်မတက်ရောက်တော့တာကို ဒေါ်စုက သူ အကုန်စီစဉ်ထားပေးရက်နဲ့ ဒေါက်တာသိန်းလွင်က လွှတ်တော်ကော်မီတီ အစည်းအဝေးတွေ ပျက်ကွက်နေတယ် လို့ ယူဆတယ်။ စိတ်ဆိုးတယ်။

အမျိုးသား ပညာရေးညီလာခံ

ဒေသအလိုက် ပါဝင်သင့်သူများအဆင့် ဆွေးနွေးပွဲတွေ ပြီးပြီ။ အဲသည်တော့ နိုင်ငံအဆင့် အမျိုးသားပညာရေးညီလာခံ (အမျိုး သားအဆင့် နှီးနှောဖလှယ်ပွဲ) ကို နေပြည်တော်မှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၅-၇ မှာ ကျင်းပဖို့ ဖြစ်လာတယ်။ မူလက ဦးတင်နိုင် သိန်းအနေနဲ့ အမျိုးသားအဆင့် ပညာရေးနှီးနှောဖလှယ်ပွဲကို လူ ၇၀၀ နဲ့ ကျင်းပဖို့ လျာထားတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် က ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေဆီက မတူကွဲပြားတဲ့ အကြံတွေစုံလင်အောင် ရယူလိုလို့ ဒီလို လူ များများ ဖိတ်ကြားဖို့ ဖြစ်တယ်။ ဒီကိစ္စ ဖိတ်ကြားရေး လွှတ်တော်ကော်မီတီနဲ့ ညှိနှိုင်းဖို့ ဒေါက်တာမျိုးသိန်းကြီး (နောက်ပိုင်း NLD ကာလ ပညာရေးဝန်ကြီး) ကို တာဝန်ပေးတယ်။ EPIC ကနေ NNER ကို တရားဝင်စာနဲ့ အကြောင်းကြားတယ်။ (ထွဋ်၊ စာ- ၂၂၀)

ဒီနေရာမှာ မိတ်ဆွေ (လုပ်ဖော်ကိုင်ဖက်) တွေဆီကနေ ကျနော်သိထားတာ တခု ရှိတယ်။ လူ ၇၀၀ ဖိတ်ကြားမယ်ဆိုတဲ့ နေရာမှာ အစိုးရက ၃၅၀ တာဝန်ယူ၊ လွှတ်တော်က ၃၅၀ တာဝန်ယူဖို့ပဲ။ အစိုးရက ကိုယ်စားလှယ် ၃၅၀ ဆိုတာကလည်း မြန်မာနိုင်ငံမှာ တက္ကသိုလ်/ကောလိပ် ၁၆၈ ခုရှိတော့ ပါချုပ်တွေချည်း ရွေးဖိတ်တယ်ထားဦး၊ ၁၆၈ ဦး ကုန်ပြီ။ ကျန်အစိုးရ ပညာရေး အရာရှိ၊ အကြံပေးတွေလည်း ရှိနိုင်သေးတယ်။ လွှတ်တော်ဖက်က ဖိတ်ရမယ့် ကိုတာ ၃၅၀ ဦးမှာတော့ NNER က ကိုယ်စားလှယ်တွေ ထည့်သွင်းဖိတ်ကြားဖို့ပဲ။

ဒေါက်တာမျိုးသိမ်းကြီး (ပညာရေး သုတေသနညွှန်ချုပ်) က NNER ခေါင်းဆောင် ဒေါက်တာသိန်းလွင်နဲ့ ကြားမှ ဆက်သွယ် ပေးသူကတဆင့် ဆက်သွယ် တွေ့ဆုံတယ်။ မတ် ၅-၆ မှာ နိုင်ငံအဆင့် အမျိုးသားပညာရေးညီလာခံ ကျင်းပမယ်။ NNER အနေနဲ့ ကိုယ်စားလှယ် ၁၅၀ ခန့် တက်ရောက်ဖို့ အကြံပြုတယ်။ ပညာရေးဝန်ကြီးဌာနက ပို့ဆောင်ရေး၊ တည်းခိုရေး၊ အုပ်ချုပ် ရေးတာဝန်ယူ လုပ်ပေးမယ်လို့ ဆိုတယ်။ (ထွဋ်၊ စာ- ၂၁၉) အဲဒီအချိန်မှာ ကျနော့်မိတ်ဆွေ (လုပ်ဖော်ကိုင်ဖက်) လည်း ဘေးမှာ ရှိနေခဲ့တယ်။ NNER က မတ်လ ၁ ရက်မှာ လုပ်ငန်းကော်မီတီ အစည်းအဝေးလုပ်ပြီး ပညာရေးညီလာခံတက်ဖို့ ဆုံးဖြတ်တယ်။ ဒေသအသီးသီးက ကွန်ရက်အဖွဲ့ဝင်တွေကို အကြောင်းကြားတယ်။

ဒါပေမယ့် မတ်လ ၃ ရက်နေ့မှာ ဒေါက်တာမျိုးသိမ်းကြီးက NNER ကို တယ်လီဖုန်းဆက်ပြီး ဖိတ်ကြားချက်များကို ပယ်ဖျက်ကြောင်း ပြောတယ်။ ဖိတ်ကြားတယ်လို့ ပြောဆိုချက်တွေက နားလည်မှုလွဲတာသာ ဖြစ်ကြောင်းဆိုတယ်။ (ထွဋ်၊ စာ- ၂၁၉) ဒီအချိန်မှာ NNER ကိုယ်စားလှယ်တွေက ထွက်လာကြတာ လမ်းပေါ်ရောက်နေကြပြီ။ NNER ဖက်က ဒေါသထွက်တယ်။ EPIC ဟာ ပေးထားတဲ့ ကတိတွေကို အကြိမ်ကြိမ်ချိုးဖောက်တယ်၊ ကြိုတင်သဘောတူညီချက်တွေကို ပယ်ဖျက်တယ်လို့ မြင်တယ်။ မမှန်သတင်းဖြန့်တယ်။ သူတို့ ပညာရေးပြုပြင်ပြောင်းလဲမှုကို အယုံအကြည်မဲ့လာတယ်လို့ ဆိုတယ်။ (ထွဋ်၊ စာ- ၂၁၉)

ဒီလို ဒေါက်တာမျိုးသိမ်းကြီး ဖျက်သိမ်းလိုက်ရတဲ့ နောက်ကွယ်မှာ ဖြစ်ရပ်တခု ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ ချမ်းငြိမ်းတို့ ဦးတင်နိုင်သိန်းရုံးကို ရောက်လာပြီး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အုပ်ချုပ်ရေး- ဥပဒေပြုရေးကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ညှိနှိုင်းခဲ့ကြတယ်။ ဒေါ်စုက နှီးနှောဖလှယ်ပွဲမှာ လူ ၁၅၀ ခန့်သာ အများဆုံး ပါဝင်စေလို တယ်။ ငွေကုန်တယ်။ လူများ ပွဲမစည်ဖြစ်မယ်လို့ ဆိုတယ်။ ဆွေးနွေးချက်တွေကို ဦးတင်နိုင်သိန်းက သမ္မတကို ပြန်တင်ပြ တယ်။ သမ္မတက သဘောတူကြောင်း ပြည်ထောင်စုနေ့ ညစာစားပွဲမှာ ဒေါ်စုကို ပြန်အသိပေးခဲ့တယ်။ (ထွဋ်၊ စာ- ၂၂၀)

အဲဒီမှာ ပြဿနာ စတာပါပဲ။ မတ်လ ၄ ရက်နေ့မှာ ဒေါက်တာသိန်းလွင်က ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီနဲ့ ဒေါက်တာမျိုး သိမ်းကြီးတို့က NNER ကိုယ်စားလှယ်တွေ နေပြည်တော်ရောက်ပြီလို့ ဦးတင်နိုင်သိန်းကို သတင်းပို့ကြတယ်။ အဲသည်မှာ ခုံနေရာ ပြန်လည်စီစဉ်ပေးဖို့ စဉ်းစားကြတယ်။ NNER အတွက် ခုံနေရာ ၁၅ ခုပဲ ရတယ်။ အဲဒီမှာ NNER က ညီလာခံ မတက် တော့ဘဲ ထွက်ခွာသွားကြတော့တယ်။ EPIC ကတော့ ခုပြဿနာဟာ သူတို့နဲ့ မဆိုင်ဘူး။ ဖိတ်ကြားရမယ့် လွှတ်တော် ကော်မီတီနဲ့ NNER နားလည်မှု လွဲကြတဲ့ပြဿနာပဲလို့ ဆိုတယ်။ ဒေါက်တာသိန်းလွင်ကလည်း လွှတ်တော်ကော်မီတီက ညီလာခံနဲ့ ပတ်သက်ပြီး သူတို့ကို ဆက်သွယ်တာ တခါမျှ မရှိခဲ့ဘူးလို့ ဆိုတယ်။ (ထွဋ်၊ စာ- ၂၂၀)

ပညာရေးညီလာခံ ရလဒ်

NNER မပါတော့တဲ့ အမျိုးသား ပညာရေးညီလာခံကို ၂၀၁၄ မတ် ၅-၇ မှာ လုပ်တယ်။ အမျိုးသားပညာရေး မူဝါဒကို အတည် ပြုတယ်။ နောက်တော့ ပညာရေးဝန်ကြီးဌာနက အဲဒီမူဝါဒကို အခြေပြုပြီး အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို ရေးဆွဲတယ်။ တချိန်တည်းမှာ ပြည်သူ့လွှတ်တော် ပညာရေးကော်မီတီကလည်း အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို သီးခြားရေးဆွဲနေတယ်။ ပညာရေးဝန်ကြီ းဌာန ဥပဒေမူကြမ်းက အခန်း ၁၄ ခန်း၊ ပုဒ်မ ၈၀ ပါဝင်တယ်။ ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်းက အခန်း ၁၄ ခန်း၊ ပုဒ်မ ၇၁ ခု ပါရှိတယ်။ အဲဒီ မူကြမ်း ၂ ခုကိုပေါင်းပြီး မူကြမ်းတခု ၂၀၁၄ ခုနှစ် မတ်လ ၂၃ ရက်မှာ အတည်ပြုတယ်။ (ပြောရရင် အမျိုးသား ပညာရေးညီလာခံပြီးလို့ နောက် ၂ ပတ်ပဲ)။ (ထွဋ်၊ စာ- ၂၂၀)

NNER နဲ့ ကျောင်းသားတွေကတော့ အစိုးရနဲ့ လွှတ်တော်ဟာ ဘယ်တော့မှ သူတို့လိုလားချက် ဆန္ဒတွေကို နားထောင်တာ မရှိဘူးလို့ ထုတ်ဖော်ပြောလာတယ်။ ထွက်ပေါ်လာတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို သဘောမတူဘူး။ သူတို့တောင်းဆို ချက်တွေ ရရှိတဲ့အထိ ဆန့်ကျင်တဲ့လှုပ်ရှားမှုများကို ငြိမ်းချမ်းစွာ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာတယ်။ (မတ် ၂၇၊ ၂၀၁၄ NNER ထုတ်ပြန်ကြေညာချက်) (ထွဋ်၊ စာ- ၂၂၁)

အမျိုးသား ပညာရေးဥပဒေ (၂၀၁၄)

အမျိုးသား ပညာရေးဥပဒေ (မူကြမ်း) အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) ရောက်လာတော့ သူတို့က NNER ကို မေလ ၃၀ ရက်နေ့မှာ ဖိတ်ကြားဆွေးနွေးတယ်။ ဒါပေမယ့် သဘောတူညီမှု မရဘူး။ အထူးသဖြင့် တက္ကသိုလ်တွေရဲ့ ပညာရေး နဲ့ အုပ်ချုပ်ရေး လွတ်လပ်ခွင့်၊ ကျောင်းသားသမဂ္ဂများ၊ တက္ကသိုလ်ဝင်ခွင့် စနစ်၊ တိုင်းရင်းသား ဘာသာစကားနဲ့ ယဉ်ကျေးမှု တွေကို ပညာရေးမှာ ထည့်သွင်းသင်ကြားရေးကိစ္စတွေမှာ သဘောကွဲကြတယ်။ ဒီအချိန်မှာ ကျောင်းသားဆန္ဒပြပွဲငယ်တွေ စတင်လာပြီ။ NNER က သူတို့အကြံပြုချက်တွေကို လွှတ်တော် နှစ်ရပ်လုံးကို ပေးပို့တယ်။ ပယ်ချခံရတယ်။ (ထွဋ်၊ စာ- ၂၂၁)

အမျိုးသား ပညာရေးဥပဒေ (မူကြမ်း) ကို ပြည်သူ့လွှတ်တော် ပြင်ဆင်ချက်တွေနဲ့ အတည်ပြုတယ်။ ပြည်ထောင်စုလွှတ်တော် (လွှတ်တော် နှစ်ရပ်ပေါင်း) က ဆွေးနွေးပြီး နောက်ဆုံးမူကြမ်းကို စက်တင်ဘာ ၃၀ မှာ အတည်ပြုတယ်။ ဒီအခါမှာဝန်ကြီးဌာန က မူလ ရေးဆွဲထားတဲ့မူနဲ့ အတော်ကွာခြားသွားပြီလို့ ဆိုတယ်။ ဝန်ကြီးဌာနက အောက်ခြေမှာ လုပ်ခဲ့တဲ့ဆွေးနွေး အကြံပြု ချက်တွေ၊ အမျိုးသား ပညာရေးညီလာခံမှာ ဆွေးနွေးအကြံပြုချက်တွေထဲက ၅၆% ပဲ ဥပဒေမှာ ကျန်ခဲ့တယ်။ ကျန် ၄၆% က လွှတ်တော်က ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်လိုက်တယ်။ (ထွဋ်၊ စာ- ၂၂၁)

ကျောင်းသားဆန္ဒပြပွဲများ

ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နိုဝင်ဘာလဆန်းပိုင်းမှာ စလာတယ်။ နိုဝင် ဘာ ၁၂-၁၃ မှာ ရန်ကုန်မှာအစည်းအဝေးလုပ်တယ်။ တက္ကသိုလ်အသီးသီးက လူ ၅၀၀ လောက်တက်တယ်။ အဖွဲ့ဝင် ၁၅ ဦးပါ ဝင်တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မီတီကို ဖွဲ့တယ်။ Action Committee for Democracy Education (ACED) လို့ခေါ်တယ်။ သူတို့က ပညာရေးဥပဒေကို ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုတယ်။ ရက် ၆၀ အတွင်း အစိုးရဖက်က ပြန်ကြားမှု မရှိပါရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆင်နွှဲတောင်းဆိုမယ်လို့ ဆိုတယ်။ (ထွဋ်၊ စာ- ၂၂၂)

 ၁၅ ဦး ကော်မီတီမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ) ဖက်က

၁။ ကိုအောင်မှိုင်းဆန်း

၂။ မဖြိုးဖြိုးအောင်

၃။ ကိုနန္ဒစစ်အောင်

၄။ ကိုမင်းသွေးသစ်

၅။ ကိုအောင်နေပိုင်

၆။ ကိုစိုးလှိုင်

တကသ ဖက်က

၇။ ကိုမင်းလွင်ဦး

၈။ ကိုဇေယျာလွင်

၉။ ကိုနန်းလင်း

၁၀။ ကိုရဲဇာနည်ထွန်း

၁၁။ ကိုပိုင်ရဲသူ

၁၂။ ကိုဝေမိုးနိုင် တို့ ပါတယ်။

မြေလတ်ဒေသ ကျောင်းသားသမဂ္ဂအဖွဲ့တွေထဲက

၁၃။ ကိုသန့်ဇင်ထွန်း

၁၄။ ကိုပြည့်ဖြိုးကျော်

၁၅။ ကိုချစ်ဝင်းမောင်တို့ ပါဝင်ကြတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကျောင်းသားတွေက အရင်သမဂ္ဂ အဆောက်အဦ နေရာမှာ အတင်းဝင်ပြီး ဆန္ဒပြမိန့်ခွန်းတွေ ပြောကြတယ်။ နိုဝင်ဘာ ၁၆ မှာ ရွှေတိဂုံဘုရားကို ချီတက် အမျိုးသားနေ့ အထိမ်းအမှတ်ကျောက်တိုင်မှာ ‘အမျိုးသားနေ့’ ဆိုပြီး ကျင်းပတယ်။ အဲဒီနေ့မှာပဲ ပညာရေးညွှန်ချုပ် ဦးဇော်ဌေးက ကျောင်းသားတွေနဲ့ ညှိနှိုင်းပေမယ့် အဖြေမရဘူး။ ကျောင်းသားတွေက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ရုံးဝင်ပေါက်ရှေ့ ချီတက်ပြီး ဆန္ဒပြကြတယ်။ (ထွဋ်၊ စာ- ၂၂၂)

ရက် ၆၀ ပြည့်သွားတယ်။ အစိုးရဖက်က မတုံ့ပြန်ဘူး။ အစိုးရဖက်မှာလည်း သဘောထား ကွဲနေတယ် ယူဆလို့ ရတယ်။ ဦးတင်နိုင်သိန်းတို့ဖက်က အတည်ပြုထားတဲ့ ဥပဒေကို ပြန်ပြင်ဖို့ ပြည်ထောင်စု လွှတ်တော်ကသာ ဆောင်ရွက်နိုင်မယ်လို့ မြင်တယ်။ ဦးအောင်မင်းကတော့ ‘နိုင်ငံရေး’လို့ မြင်တယ်။ ညှိစေချင်တယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုကတော့ အရေးယူသင့်တယ်လို့ မြင်တယ်။ သမ္မတက အမြင်မတူတဲ့ လုံးဝဆန့်ကျင်နေတဲ့ သဘောထားတွေအကြား ချောင်ပိတ်မိ နေတယ်။ (ထွဋ်၊ စာ- ၂၂၂)

 

ကျောင်းသားတွေက ရက် ၆၀ ပြည့်သွားတော့ AECD က တနိုင်ငံလုံး ဆန္ဒပြတော့မယ်လို့ ကြေညာတယ်။ အဲဒါနဲ့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းဆီကို ပြန်စဉ်းစား သုံးသပ်ဖို့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စာပို့တယ်။ ဦးရွှေမန်းက ပညာရေး ဝန်ကြီးဌာနဖက်က ပြင်ဆင်ချက်ကို စာရေးပို့ဖို့၊ လွှတ်တော်ဖက်က စပြီး ပြင်ဆင်မှာ မဟုတ်ဘူးလို့ အကြောင်းကြား တယ်။ (ထွဋ်၊ စာ- ၂၂၃) ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျောင်းသားသပိတ်အဖွဲ့တွေက မန္တလေးက စလို့ ထွက်ခွာတယ်။ ဇန်နဝါရီလ ၂၄ ရက်မှာ AECD က ကြေညာချက် ထုတ်ပြန်ရာမှာ တောင်းဆိုချက် ၁၁ ချက် ပါဝင်တယ်။

 ၁။ ပညာရေး မူဝါဒ နဲ့ ဥပဒေများ၊ နည်းဉပဒေများနှင့် အခြားဆက်စပ်နေသော ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားများနှင့် ဆရာများ ပါဝင်ခွင့်ရရေး။

၂။ ကျောင်းသားသမဂ္ဂ နှင့် ဆရာသမဂ္ဂတို့အား လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး နှင့် သမဂ္ဂများ တည်ရှိမှုကို တရားဝင် အသိအမှတ် ပြုရေး။

၃။ အမျိုးသား ပညာရေးကော်မရှင် နှင့် တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီတို့ကို အတည်ပြုထားသည့် အမျိုးသား ပညာရေး ဥပဒေအတိုင်း ဖွဲ့စည်းပေးရေး။

၄။ တိုင်းဒေသကြီး နှင့် ပြည်နယ်တခုချင်းစီ၏ ပညာရေးကိစ္စများနှင့် ပတ်သက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ်ပိုင် စီမံ ခန့်ခွဲ ခွင့် ပေးအပ်ပေးရေး။

၅။ လက်ရှိစာမေးပွဲ စနစ်များနှင့် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲစနစ်များကို ပြုပြင် မွမ်းမံပေးရေး။

၆။ သင်ကြားမှုစနစ်ကို ကျောင်းသားများ လွတ်လပ်စွာ တွေးခေါ်မှုနှင့် ကိုယ်တိုင် လေ့လာသင်ယူမှုကို အားပေးသည့်စနစ် အဖြစ် ပြုပြင်ပြောင်းလဲပေးရေး။

၇။ တိုင်းရင်းသားလူမျိုးများအတွက် သူတို့၏ ကိုယ်ပိုင်ဘာသာစကားဖြင့် သင်ကြားနိုင်သည့် ဘာသာစုံ ပညာရေးနှင့် တိုင်းရင်း သား ဘာသာစကားများကို လွတ်လပ်စွာ အသုံးပြုနိုင်ရေးတို့ကို အမျိုးသား ပညာရေးဥပဒေတွင် ထည့်သွင်း ပြဌာန်းပေးရေး။

၈။ မသန်စွမ်းသည့် ကလေးငယ်များ အပါအဝင် ကလေးများအားလုံး သင်ကြားနိုင်သည့် ပညာရေး ဖြစ်ရေး။

၉။ ကျောင်းသားများ ဆူပူမှုကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်းသားများအား ပြန်လည် လက်ခံပေးရေး။

၁၀။ ပညာရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၂၀ ရာခိုင်နှုန်းကို ခွဲဝေသတ်မှတ်ပေးရေး။

၁၁။ အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအစား အလယ်တန်းအထိ တိုးမြှင့် သတ်မှတ်ပေးရေး… တို့ ပါဝင်ပါတယ်။ (AECD ထုတ်ပြန်ချက်၊ ဇန် ၂၄၊ ၂၀၁၅? ဦးရဲထွဋ်စာအုပ်မှာ ၂၀၁၇ ဖြစ်နေတယ်။ (ထွဋ်၊ စာ- ၂၂၃၊ ၂၂၄)

 

ဆန္ဒပြ သပိတ်စစ်ကြောင်းက မန္တလေးက စထွက်တယ်။ လူနည်းတယ်။ ဦးရဲထွဋ်စာအုပ်မှာ ၆၀ လောက်နဲ့ စတယ်လို့ ဆို တယ်။ လမ်းခရီးတလျှောက်မှာ အာဏာပိုင်တွေရဲ့ ပုံစံမျိုးစုံနဲ့ ဖိအားပေးတားဆီးတာ ခံရသလို ဒေသခံတွေကတော့ ကြိုဆို ထောက်ခံမှုတွေ ပေးခဲ့ကြပါတယ်။ အစိုးရက ‘ဝန်းရံသူ’ အမည်တပ်ပြီး အချို့သူတွေပါ အရေးယူနေလို့ ‘ဝန်းရံသူ’ ဆိုတဲ့ စကားရပ်က ခေတ်စားလာတယ်။

 

ကျောင်းသားဆန္ဒပြ စစ်ကြောင်းကို တောင်သာမှာ ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတဲ့ အချိန် ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၅ ခုနှစ်မှာ ဝန်ကြီးဦးအောင် မင်းကို ကျောင်းသားတွေနဲ့ တွေ့ခွင့်ပြုတယ်။ သမ္မတဦးသိန်းစိန်ကတော့ အခုဆန္ဒပြပွဲတွေဟာ နိုင်ငံရေး တိုက်ကွက်တွေလို့ သိနေတယ်။ ဒါပေမယ့် ကျောင်းသားဆန္ဒပြပွဲတွေကို အင်အားသုံး အကြမ်းဖက်သူနောက်တဦးလို့ တိုင်းပြည်က သတိရနေတာမျိုး မလိုချင်ဘူး။ ဇန်နဝါရီလ ၂၈ ရက်နေ့ နေပြည်တော်မှာ ကျောင်းသားခေါင်းဆောင် ၁၀ ဦးနဲ့ ဦးအောင်မင်းတွေ့တယ်။ အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ACDE လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ရန်ကုန်မှာ ကျင်းပဖို့ သဘောတူညီ မှု ရတယ်။ ကျောင်းသား တွေဖက်ကလည်း ဆွေးနွေးပွဲစတင်တဲ့အခါ သူတို့ချီတက်မှု သပိတ်ရပ်ထားဖို့ သဘောတူတယ်။ ကျောင်းသားတွေ ACDE ဖက်က မီဒီယာများ လွတ်လပ်စွာ သတင်းယူနိုင်ရေး အပါအဝင် ကြိုတင်တောင်းဆိုချက်တွေ လုပ်တယ်။ ဦးအောင်မင်းက တောင်းဆိုချက် အားလုံးကို သဘောတူတယ်။ (ထွဋ်၊ စာ- ၂၂၄)

 

လေးပွင့်ဆိုင် ဆွေးနွေးပွဲ

 

ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာသိန်းလွင်ကို NNER ကို ကိုယ်စားပြုလို့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ မတက်ဖို့ တားတယ်။ NNER ကွန်ရက်ကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ် ၂၀ တက်ရောက်ဖို့ အစိုးရက ဖိတ်ကြားတယ်။ အစည်းအဝေးကျင်းပဖို့  နှစ်ရက်အလိုမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ဒေါက်တာသိန်းလွင်ကို တွေ့ဆုံပြီး လေးပွင့် ဆိုင် အစည်းအဝေးကိုမတက်ဖို့ ပြောတယ်။ အစ်မက မတက်စေချင်ဘူးလို့ ဆိုပါတယ်။” ဒေါက်တာသိန်းလွင် ယူဆတာက လေးပွင့်ဆိုင်ကို လိုက်မသွားခဲ့ရင် ကျောင်းသားတွေဖက်က အားနည်းသွားနိုင်တယ်။ အင်အားကြီးသူနဲ့အင်အားနည်းသူ ရွေးချယ်စရာရှိရင် အင်အားနည်းတဲ့လူတွေဘက်က ကျွန်တော်ရပ်တည်လေ့ရှိပါတယ်။ နောက်တနေ့ လေးပွင့်ဆိုင်အစည်း အဝေးကို ကျွန်တော်တက်ရောက်ပါတယ်။” လို့ နောက်ပိုင်းမှာ သူ့ဖေ့ဘုတ်စာမျက်နှာမှာ ဒေါက်တာသိန်းလွင်က ပြန်ရေး ခဲ့တယ်။ [Dr. သိန်းလွင် Facebook, အောက်တိုဘာ ၁၀၊ ၂၀၂၀ ခုနှစ်။ မိတ်ဆွေ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၁၆)] ဒီနောက်ပိုင်းတော့ ဒေါက်တာသိန်းလွင်ကို NLD ပါတီက ထုတ်ပယ်တာ ခံရတယ်။ အကြောင်းပြချက်က ပါတီအကျိုး နဲ့ NNER အကျိုး မဝေခွဲတတ်သူလို့ ဆိုတယ်။

 

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲလုပ်တော့ ကျောင်းသားတွေက မီဒီယာကို ကောင်းကောင်း အသုံးချတယ်။ ကျောင်းသား ၅၀ ခန့်တက်ပြီး သူတို့စကားပြောရင် ကျန်သူတွေက လက်ခုပ်တီးတာ၊ အားပေးတာ၊ ကြွေးကြော်သံတိုင်တာ တွေ လုပ်ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးပွဲတွေကို အောင်အောင်မြင်မြင် စီမံနိုင်တဲ့ ဦးအောင်မင်း ကျောင်းသားတွေနဲ့မှ အခက်တွေ့ရတယ်။ တိုင်းရင်းသားတွေက သူတို့ဘာလိုချင်တာ သိတယ်။ စုစည်းမှုရှိတယ်။ ကျောင်းသား တွေက တယောက်တပေါက်လို ဖြစ်နေတယ်။ လုပ်ပိုင်ခွင့်၊ တောင်းဆိုချက်တွေ ရှင်းမနေဘူး။ ဆွေးနွေးပွဲသဘောတူညီရင် လည်း သပိတ်ရပ်တန့်ပါမယ်လို့ ဘယ်သူကမှ အာမမခံနိုင်ဘူး။ (ထွဋ်၊ စာ- ၂၂၄၊ ၂၂၅)

 

ဆွေးနွေးပွဲကို ရပ်လိုက်ပြီး နေပြည်တော်မှာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ဆက်ဖို့လုပ်တယ်။ ဦးအောင်မင်းက စည်ပင်ရိပ်သာ မှာ တည်းခိုရေး စီစဉ်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် နေပြည်တော် မြို့တော်ဝန်နဲ့ သမ္မတရုံးဝန်ကြီးတဦးဖြစ်တဲ့ ဦးသိန်းညွန့်က သူ့ခွင့်ပြုချက်မရဘဲ ဘယ်သူကမှ စည်ပင်ရိပ်သာမှာ တည်းခိုခွင့်မပြုဖို့ တင်းတင်းကျပ်ကျပ် အမိန့်ထုတ်တယ်။ သူက နဂိုကတည်းက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို သံသယ ရှိနေတတ်သူ။ ဦးအောင်မင်းက လည်း ဦးသိန်းညွန့်နဲ့ ကြိုတင်ညှိနှိုင်းထားတာ မရှိဘူး။ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျောင်းသား၊ NNER အဖွဲ့တွေ ရောက်လာ တော့ တည်းခိုခွင့်မရကြဘူး။ ကားတွေထဲမှာပဲ ဖြစ်သလို အိပ်ကြရတယ်။ တမင်အနှောက်အယှက်ပေးတာလို့ ထင်တယ်။ (ထွဋ်၊ စာ- ၂၂၅)

 

ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ဆွေးနွေးပွဲစတော့ ကျောင်းသားတွေက ပိုတင်းမာလာတယ်။ အဖွဲ့စုံ ကိုယ်စားလှယ် ၁၅ ဦးအစား ၄၅ ဦး တက်ဖို့တောင်းတယ်။ ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ ၁၂ ကို ရွှေ့လိုက်တယ်။ ကျောင်းသားတွေက ဆန္ဒပြပွဲတွေ ဆက်လုပ်မယ်။ ရန်ကုန်အထိ ချီတက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သမ္မတကလည်း ဦးအောင်မင်းက ဆန္ဒပြ သပိတ်တွေကို တားဆီးဖို့ မဆောင်ရွက်နိုင်ဘူး။ စေ့စပ်ဆွေးနွေးရေး နည်းလမ်းအပေါ်မှာ အယုံအကြည်မရှိတော့ဘူး။ (ထွဋ်၊ စာ- ၂၂၅)

 

ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာတော့ အစိုးရက လွှတ်တော်နဲ့အတူ အမျိုးသားပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင်မယ်လို့ ကြေညာတယ်။ ဒီကြေညာချက်မှာ ကျောင်းသားဆန္ဒပြပွဲတွေဟာ ဉပဒေနဲ့ မညီကြောင်း၊ နိုင်ငံရေး ပယောဂတွေ ပါဝင်လာပြီ။ မိဘတွေက ကျောင်းသားတွေကို ပြန်ခေါ်ကြပါ တိုက်တွန်းတယ်။ ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ ကြေညာချက် ထပ်ထုတ်တယ်။ ဇန်နဝါရီ ၂၈ ရက်က သဘောတူထားတဲ့အတိုင်း ဆန္ဒပြသပိတ်တွေ ရပ်တန့်ဖို့ သတိပေးတယ်။ ပညာရေးဥပဒေဟာ လွှတ်တော်က စခဲ့တာ ဖြစ်ပေမယ့် လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက နှုတ်ဆိတ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း နှုတ်ဆိတ်နေတာ တွေ့ရတယ်။ လာတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကိစ္စကို ပိုလို့ ကြည့်နေပုံရတယ်။ (ထွဋ်၊ စာ- ၂၂၆)

 

ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ရှင်းက ACDE ကျောင်းသားကိုယ်စားလှယ်တွေနဲ့ တွေ့တယ်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ထပ်ဆွေးနွေးဖို့ လျာထားချက်တွေကို သဘောတူတယ်။ အစိုးရဖက်က ဆွေးနွေးရေး ခေါင်းဆောင်ပြောင်းလိုက်တယ်။ သမ္မတရုံးဝန်ကြီး နောက်တဦး ဦးလှထွန်း ဖြစ်လာတယ်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်ကျင်းပတော့ ACDE တောင်းဆိုချက် ၁၀ ချက်ကို သဘောတူတယ်။ ပညာရေးဥပဒေကို ကျောင်းသားတွေ တောင်းဆိုချက်နဲ့အညီ ပြန်လည်ပြင်ဆင်ဖို့လည်း သဘောတူတယ်။ ဒါပေမယ့် ကျောင်းသားတွေဖက်က သပိတ်ရပ်ဖို့ သဘောမတူခဲ့ဘူး။ ကျန်ကျောင်းသား ဆန္ဒပြနေသူတွေကို အခု သဘောတူညီချက်တွေကို သွားရောက်ရှင်းပြ ပေးဖို့ပဲ တာဝန်ခံတယ်။ ဒီလိုနဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ထပ်ဆွေးနွေးရဖို့ ဖြစ်လာတယ်။ (ထွဋ်၊ စာ- ၂၂၆)

 

ကျောင်းသား ကိုယ်စားလှယ်အချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်မှာတွေ့ပြီး အမျိုးသားပညာရေး ဥပဒေ ကို ပြင်ဆင်ပေးရေး ထောက်ခံဖို့ တိုက်တွန်းတယ်။ ဒေါ်စုက တောင်းဆိုချက်တွေအတိုင်း ဆောင်ရွက်ပေးမယ် ကတိမပေးတဲ့ အပြင်၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ပြန်ရှင်းပြလိုက်တယ်။ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာတော့ ACDE က အစိုးရနဲ့ ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ သဘောတူညီမှုရပေမယ့်လည်း ရန်ကုန်အထိ သပိတ်ကို ဆက်လက် ချီတက်မယ်လို့ ထုတ်ပြန်ကြေညာတယ်။ အစိုးရက သတင်းထုတ်ပြန်ရေးကော်မီတီကို နောက်ထပ် ကြေညာချက်တစောင် ထုတ်ခိုင်းတယ်။ ရန်ကုန်ကို ချီတက်တာတွေ မလုပ်ဖို့၊ ရန်ကုန်မြို့ လုံခြုံရေး၊ တည်ငြိမ်ရေး ထိခိုက်လာရင် ဥပဒေအတိုင်း အရေးယူဆောင် ရွက်မယ်လို့ ဖော်ပြတယ်။ (ထွဋ်၊ စာ- ၂၂၇)

 

ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး နဲ့ လုံခြုံရေး

 

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ လေးပွင့်ဆိုင်မှာ အစိုးရက ACDE တောင်းဆိုချက် ၁၀ ချက်ကို သဘောတူထားတယ်။ လွှတ်တော် နဲ့ ညှိနှိုင်းလုပ်ငန်းစဉ် ဆက်ဖို့ပဲ ကျန်တော့တယ်။ ကျောင်းသားတွေရဲ့ ဆန္ဒပြ တောင်းဆိုမှုက ပညာရေး ပြုပြင်ပြောင်းလဲမှု မဟုတ်တော့ဘူး။ လုံခြုံရေး ပြဿနာလို့ မြင်လာတယ်။ အဲဒီအချိန်မှာ ကျနော့်မိတ်ဆွေ (လုပ်ဖော်ကိုင်ဖက်) တဦးက နေပြည် တော်မှာ ကြားနိုင်လောက်တဲ့အဝေးမှာ ရှိနေခဲ့တယ်။ အဲဒီကာလ နေပြည်တော်မှာ အသစ်စတင် အသုံးပြုမယ့် အမြဲတန်း ရာထူးဝန် (Permanent secretary) အတွက် အရာရှိကြီးတွေကို သင်တန်းပေးတာ ရှိနေတော့ သူက အဲဒီမှာ ဝိုင်းဝန်းကူညီ နေတယ်။ ပြောရရင် ကျောင်းသားဆန္ဒပြပွဲတွေ ဘယ်လိုနိဂုံးချုပ်နိုင်တယ်ဆိုတာ မှန်းလို့ရသလို ရှိနေခဲ့ပြီ။

 

အစိုးရက ရန်ကုန်ကို ချီတက်တာတွေ မလုပ်ဖို့၊ ရန်ကုန်မြို့ လုံခြုံရေး၊ တည်ငြိမ်ရေး ထိခိုက်လာရင် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မယ်လို့ ကြေညာတာဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) သဘောထားကို ထင်ဟပ်တယ်လို့ ဦးရဲထွဋ်က ဖော်ပြတယ်။ ဒေါက်တာသိန်းလွင်ကတော့ မန္တလေးစစ်ကြောင်းက ကျောင်းသားတွေက တောင်းဆိုချက်အပေါ် အလွန်ကျေနပ်ကြတယ်၊ ဒါကြောင့် ရည်မှန်းချက်ကို မရောက်ဘဲ ဆန္ဒပြမှုကို ရပ်တန့်တာဟာ အရှုံး၊ ရန်ကုန်ရောက်အောင် ချီတက် အောင်ပွဲခံမယ်လို့ သံန္နိဌာန်ပြုထားလိုက်တယ်။ ဒေါက်တာသိန်းလွင်က နိုင်ငံရောပယောဂ ရှိသူကျောင်းသားတွေက အချို့ပဲ၊ ရန်ကုန်ကို ချီတက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မှန်ကန်စွာ မသုံးသပ်နိုင်တာ ဖြစ်မယ်လို့ သူယုံကြည်တယ် လို့ ဆိုတယ်။ (ထွဋ်၊ စာ- ၂၂၇) နောက်ပိုင်းမှာ ဆန္ဒပြကျောင်းသား ACDE ကော်မီတီနဲ့ အစိုးရကြား ညှိနှိုင်းရတာတွေက ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး မဟုတ်တော့ ဘူး။ ရန်ကုန်ချီတက်ရေး- မတက်ရေးကိစ္စတွေ ဖြစ်သွားပြီ။ (ထွဋ်၊ စာ- ၂၂၇)

 

ဖေဖေါ်ဝါရီလ ၁၄-၁၅ မှာ အစိုးရပညာရေးလုပ်ငန်းအဖွဲ့တွေ၊ လွှတ်တော်၊ NNER နဲ့ ACDE တို့က ပြင်ဆင်ထားတဲ့ ပညာရေး ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီ ၁၆ မှာ တင်ပြတယ်။ ကြားနာဖို့ မတ် ၅-၇ မှာ ချိန်းတယ်။ နှစ်ဖွဲ့စလုံး က မတက်ရောက်ဖို့ ငြင်းဆိုတယ်။ (ထွဋ်၊ စာ- ၂၂၈)

 

ကျောင်းသား ဆန္ဒပြသူတွေက ဆက်ချီတက်တယ်။ မတ်လ ၈ ရက်နေ့မှာ ACDE က ပိတ်ဆို့ထားတဲ့ အတားဆီးတွေကို မတ် လ ၁၀ ရက် နံနက် ၁၀ နာရီမတိုင်ခင် ဖယ်ရှားပေးဖို့၊ ရန်ကုန်အထိ ချီတက်ခွင့်ပြုဖို့ ကြေညာချက် ထုတ်တယ်။ (ထွဋ်၊ စာ- ၂၂၈) အဲဒီနေ့က တနိုင်ငံလုံး ၁၀ တန်းစာမေးပွဲတွေ ဖြေတဲ့နေ့။ အစိုးရက ရန်ကုန်ကို သပိတ်စစ်ကြောင်း ဝင်ခွင့်ပေးဖို့ မဖြစ် နိုင်တော့ဘူး။

 

ပဲခူးတိုင်း၊ လက်ပံတန်းမြို့ကိုအရောက် သပိတ်စစ်ကြောင်းကို ရဲအင်အားနဲ့ ပိတ်ဆို့ခံထားရတယ်။ အစိုးရနဲ့ သပိတ်မှောက် ကျောင်းသားတွေ တွေ့ဆုံညှိနှိုင်းကြပြီး ရန်ကုန်မှာ သပိတ်ကိုရပ်ဖို့ လုပ်တယ်။ အဲဒီကာလမှာ ကျောင်းသားတွေဖက်က ရဲတွေ ကို ရေသန့်ဗူးနဲ့ စတင်ပေါက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်ဖြိုခွဲဖို့ ဖြစ်လာတယ်။ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းပြီး ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။ နောက်ပိုင်းမှာ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေ အပါ အဝင် လူ ၆၀ ဦးကို ဥပဒေနဲ့ ဆန့်ကျင်သော လူစုလူဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးကို လူစုခွဲ ရန် အမိန့်ပေးသော်လည်း မလိုက်နာမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) စတာတွေနဲ့ စွပ်စွဲ အရေးယူတယ်။

 

လက်ပံတန်းမြို့ချေမှုန်းမှုမှာ အတော့်ကို အမြင်မတော်တဲ့ အကြမ်းဖက်ဖြိုခွဲမှု ပုံတွေ တက်လာခဲ့တယ်။ ဆန္ဒပြသူ ၁၂၇ ဦး၊ သတင်းထောက်တွေနဲ့ အခြားရပ်ကြည့်သူများကိုလည်း ရဲက ဖမ်းတယ်။ အဲဒီ အထဲကမှ ၇၇ ဦးဟာ ထောင်ဒဏ် ကိုးနှစ်ခွဲအထိ ပြစ်ဒဏ်ကျခံရနိုင်တဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights က ထုတ်ပြန်ထား တယ်။ (Frontier Myanmar)။ ဒီ အကြမ်းဖက်နှိမ်နင်းမှုကို နိုင်ငံတကာကလည်း ဝိုင်းဝန်းပြစ်တင်ခဲ့ကြတယ်။ ပြည်ခိုင်ဖြိုး ပါတီကလည်း သမ္မတကို သူတို့ပါတီက မဟုတ်သလို အပြစ်တင်ရှုံ့ချမှုမှာ ပါတယ်။ (ထွဋ်၊ စာ- ၂၂၈)

 

ဒေါ်အောင်ဆန်းစုကြည်ကတော့ အထူးသဖြင့် အခုချိန်မှာဆိုလို့ရှိရင် ဥရောပသမဂ္ဂ ကနေပြီးတော့ ဒီကမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တွေကို ဘယ်လို ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းတို့ နောက်ပြီးတော့ လူစုလူဝေးကို ဘယ်လိုထိန်းသိမ်းဖို့ ဘာတို့ဆိုတာ သင် ပေးတဲ့အချိန်မှာ ဒီလိုမလိုအပ်တဲ့ ကိစ္စတွေဖြစ်တာတော့ ဒါလုံးဝမကောင်းဘူး၊ လုံလောက်တဲ့အင်အားပဲသုံးရမယ်ဆိုတာ ဒီ ဗမာ ဥပဒေထဲမှာတောင် ပါတယ်” လို့ RFA နဲ့ မတ်လ ၁၂ ရက် အင်တာဗျူးမှာ ပြောခဲ့တယ်။ ဒီမိုကရေစီ အတိုက်အခံပါတီကြီး ဖြစ်တဲ့ NLD ကတော့ “လက်ပံတန်း ကျောင်းသားသပိတ်စခန်းကို ရိုက်နှက်ဖြိုခွင်းတာဟာ ဥပဒေနဲ့မညီကြောင်း အဲ့ဒီအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး တွေ့ရှိချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့ကြေညာချက် ထုတ်ရုံကလွဲလို့ ခပ်ဝေးဝေးနေခဲ့တယ်။

 

နိဂုံး

 

အမျိုးသားပညာရေး ဥပဒေ ပြုပြင်ရေးလှုပ်ရှားမှုအတွက် ဆိုရင် ဆရာကျော်ဝင်း ပြန်ရေးထားတဲ့ “ကျော်ဝင်း၊ (မေလ ၂၀၁၆)။ အမျိုးသား ပညာရေးအရေးတော်ပုံ၊ ရွေးကောက်ပွဲနှစ် နှင့် NLD ခေတ်သို့- Plastic Rainbow Book Publication” ကိုလည်း ရှာ ဖတ်သင့်တယ်။ ဆရာကျော်ဝင်းကတော့ စာအုပ်အညွှန်းမှာ “၂၀၁၄-၁၅ ကျောင်းသားအရေးသည်၊ ၁၉၆၂ ဇူလိုင် ၇ ရက် အရေးခင်း၏ အဆက်ဖြစ်သည်။ ၁၉၆၂ နောက်ပိုင်း ဆုံးရှုံးပျောက်ကွယ်သွားခဲ့ရသော ကျောင်းသားသမဂ္ဂ အပါအဝင် ကျောင်းသား အခွင့်အရေးများအတွက် မပြီးဆုံးသေးသော တိုက်ပွဲ ဖြစ်သည်။” လို့ ရေးထားတယ်။

 

ဒါပေမယ့် အမျိုးသားပညာရေး အရေးတော်ပုံ အနှစ်ချုပ်ဆိုပြီး ဖော်ပြတော့ နိဂုံးမှာ “သို့ဖြင့် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ခဲ့ပါသည်။ ဤအတွင်း လက်ပံတန်းမြို့တွင် ပိတ်မိနေသော ကျောင်းသားပင်မစစ်ကြောင်းမှာလည်း အကြမ်းဖက်ဖြိုခွဲ ခံလိုက်ရသည်။ ဤသို့ဖြင့် ကျောင်းသားထု၏ လိုလားချက်အများစုမှာ ဘာတခုမှ မရဘဲ၊ အမျိုးသားပညာရေး အရေးတော်ပုံ ယာယီပြီးဆုံးသွားခဲ့ရသည်” လို့‌ ရေးထားတယ်။ (ဝင်း၊ စာ ၁၃) သူ့စာအုပ်မှာလည်း အမျိုးသားပညာရေး အရေးတော်ပုံကို Case study လို့ ဖော်ပြထား တယ်။ ဆရာကျော်ဝင်း စာအုပ်က ပိုလို့ပြည့်စုံတယ်။ အချို့ ထုတ်ပြန်ကြေညာချက်၊ ရက်စွဲမှတ်တမ်း၊ အချို့ ဥပဒေကြမ်းတွေ ကို မူရင်းအတိုင်း ပြန်ဖော်ပြထားတာ တွေ့ရတယ်။

 

မူဝါဒ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်တိုင်းမှာ Winers and losers တွေ ရှိတတ်ပါတယ်။ ဆရာကျော်ဝင်းကတော့ ‘ပေါက်သူနှင့် ကွဲသူ’ လို့ ခေါ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ မူဝါဒကြောင့် အကျိုးကျေးဇူးရသူတွေ ရှိသလို၊ မူဝါဒသစ်ကြောင့် နစ်နာရသူတွေလည်း ရှိတတ်ပါတယ်။ ဒီကိစ္စဟာ ပြည်သူ့ရေးရာ မူဝါဒ အပြောင်းအလဲတွေမှာ ကရုစိုက်စဉ်းစား ကြရမယ့် ကိစ္စပါပဲ။ ပြည်သူ့ရေးရာ မူဝါဒ အပြောင်းအလဲကို စဉ်းစားကြတဲ့နေရာမှာ ဇာတ်ကောင်တွေ (Agency)၊ အခြေခံမူများ (Principles)၊ လုပ်ငန်းစဉ် (Process) နဲ့ ဝန်းကျင်အခြေအနေ (Context) ကိုပါ ထည့်သွင်း စဉ်းစားကြဖို့ လိုပါတယ်။

 

အစိုးရဖက်က ကြည့်ရင် အမျိုးသား ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ချင်တယ်။ လူထုထောက်ခံမှု ရချင်တယ်။ ကျောင်းသား သပိတ်တွေကို အကြမ်းဖက်ချေမှုန်းသူလို့ အမှတ်ရမနေစေချင်ဘူး။ ဒါပေမယ့် ဆုတောင်း မပြည့်ပါဘူး။ ကျောင်းသားတွေဖက် ကရော ကျောင်းသားအခွင့်အရေးတွေ ရစေချင်တယ်။ သူတို့ လိုလားတောင်းဆိုချက်တွေ ရှိတယ်။ မပြည့်ခဲ့ပါဘူး။ ဒါဆိုရင် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ဖက်ကရော။ NLD ရွေးကောက်ပွဲကြေညာစာတမ်းပါ ပညာရေး ရည်မှန်းချက်တွေ ပြည့်မီခဲ့ သလား ပြန်ကြည့်ဖို့ လိုပါမယ်။ NNER အနေနဲ့ရော၊ အောက်ခြေထုကစ စည်းရုံးသိမ်းသွင်း ကြိုးပမ်းခဲ့တာတွေဟာ မအောင် မြင်ခဲ့ပါဘူး။ အားလုံးအတွက် Lose-lose (ဆုံးရှုံး- ဆုံးရှုံး) အခြေဆိုက်ခဲ့ရပါတယ်။ နောက် ၅ နှစ်မှာ NLD ဦးဆောင်တဲ့ အစိုးရ နဲ့ NLD လွှမ်းမိုးတဲ့ လွှတ်တော် တက်လာခဲ့ပါတယ်။ အမျိုးသား ပညာရေးဥပဒေကို လုံးဝပြန်လည် ပြင်ဆင်တာ၊ ပြန်ထိတာ မလုပ်တော့ပါဘူး။ ၂၀၂၁ စစ်အာဏာသိမ်းပြီးတော့ စစ်အစိုးရက ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှာ အမျိုးသား ပညာ ရေးဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဝေဖန်မှုတွေ ရှိပေမယ့် အရင်တကြိမ်လို ဆန္ဒပြသူတွေ၊ ပြဿနာ မများနေခဲ့ပါဘူး။

 

ဆရာကျော်ဝင်းကတော့ သူ့စာအုပ်မှာ မေတ္တာရပ်ခံ ပန်ကြားချက် ၃- ခု လုပ်ခဲ့တာ ဖတ်ရပါတယ်။ တခုကတော့ ကျောင်းသား လူငယ်တွေကိုပါ။ နိုင်ငံအတွက် တာဝန်ယူချင်တာကို အားကျဂုဏ်ယူတယ်။ အသည်းလှိုက်ထောက်ခံတယ်၊ ဒါပေမယ့် နုနယ် သော ဘဝများ (ပညာရေးဘဝ) ကို မစတေးပစ်ဖို့ပါ။ ဒုတိယ မေတ္တာရပ်ခံချက်ကတော့ ခေတ်ပြိုင်မိတ်ဆွေများနဲ့ တချိန်က လုပ်ဖော်ကိုင်ဖက်တွေကိုပါ။ လူငယ်တွေကို အတိတ်အကျဉ်းသား မဖြစ်စေဖို့၊ ဒေါသဆူဝေ ထားရစ်ခဲ့ဖို့ မကောင်း။ တတိယ မေတ္တာရပ်ခံချက်ကတော့ အစိုးရ၊ လွှတ်တော်နဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေကိုပါ။ အပ်နဲ့ ထွင်းရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့ မပေါက်စေဖို့၊ အရုပ်ဆိုး အကျည်းတန် မဖြစ်စေဖို့ပါပဲ။ (ဝင်း၊ စာ ၂၉၄၊ ၂၉၅)

 

ကျနော်ရေးတဲ့ Case study ကို ဖတ်ဖြစ်ရင်ဖြင့် လူကြီးမင်းတို့အနေနဲ့ တာဝန်ရှိကြသူဆိုရင် ဘယ်လို ဆုံးဖြတ်ကြမှာပါလဲ။ တခုတည်းသော အဖြေ မရှိနိုင်သလို၊ အဖြေ အများကြီးလည်း ရှိနိုင်ပါတယ်။ ဆွေးနွေးငြင်းခုန်စရာတွေလည်း ရှိမယ်လို့ ယူဆပါတယ်။ အခု Case study အတွက် သုံးသပ်ဖို့ Guiding questions များဆိုရင် ဘာများ ဖြစ်မှာပါလိမ့်။ လူကြီးမင်းတို့ ဆီပဲ ဒီမေးခွန်းကို ထားခဲ့ပါရစေ။

 

ပြီး။

 

Ref: Philippe C. Schmitter, "Reflections on "transitology": before and after," pp. 71-86, in Daniel M. BRINKS, Marcelo LEIRAS and Scott MAINWARING (eds), Reflections on uneven democracies: the legacy of Guillermo O'Donnell. Baltimore: Johns Hopkins University Press, 2014.  

No comments:

Recent Comments