ပထမတယောက်နဲ့ကတော့ သူကလည်း အင်းယားကန်အကြောင်း စိတ်ကူးလို့ တက္ကသိုလ်ကျောင်းသား ငယ်စဉ်ဘ၀ကို သတိရ နေတဲ့အချိန်၊ ကျနော်ကလည်း ထူးထူးခြားခြား အင်းယားကန်အကြောင်းကို စိတ်ဝင်စားနေချိန်မှာ ပြောဖြစ်ကြ တယ်။
နောက်မိတ်ဆွေတယောက်နဲ့ကတော့ မြန်မာပြည်မှာ ဘယ်လိုနေရာတွေက ပြတိုက်သဘောမျိုး ထိန်းသိမ်းထားသင့်သလဲ ဆိုတာ ပြောရင်း အင်းယားကန်အကြောင်း ရောက်သွားတာ။ အင်းယားကန်ကိုလည်း ကျနော်တို့က တချိန်ကျရင် ပြတိုက် တခုလို ထိန်းသိမ်းထားသင့်တယ် ဆိုတာမျိုး ပြောဖြစ်ကြတယ်။ အင်းယားကန်ဟာ ကျနော်တို့ မသိနိုင်တဲ့ စိတ်ကူးယဉ် ဆန်မှု၊ မှော်ဆန်မှုတွေ အပြည့်၊ လူတိုင်းအတွက်လည်း အမှတ်စရာတွေ အပြည့် ဖြစ်နေနိုင်တာကိုး။
တလောက နိုင်ငံခြားသူ မိတ်ဆွေတဦးက ကျနော့်ကို ဘာသာပြန်ဖို့ အကူအညီတောင်းတာနဲ့ ကူညီပေးရင်း အင်းယားကန် အကြောင်းကို ပိုလို့ စိတ်ဝင်စားလာခဲ့ရတယ်။ သူကလည်း နိုင်ငံခြားသူသာဆိုတယ်။ အင်းယားကန်အပေါ်မှာလည်း အတော် လေး ခင်တွယ်စိတ် ဖြစ်နေတဲ့သူ၊ စွဲလန်းသံယောဇဉ်တွယ်နေမိတဲ့သူ။ သူ ဘာသာပြန်ခိုင်းတဲ့ဟာကို ကူညီပေးရင်း ကနေ ကျနော်လည်း အတွေးတွေ ဆင့်ပွားခဲ့ရတယ်။
အင်းယားဟာ ကန်လား၊ ဆည်လား။
နှောင်းလူတွေ မသိနိုင်ကြတော့သလို၊ ကျနော်တို့ ကိုယ်တိုင် အင်းယားအကြောင်းကို မကြားဖူးကြတော့ဘူး။ အင်းယားကန် ဘောင်ရိုးပေါ် အခါခါ ဖြတ်ဖူးပါရဲ့။ ဘူးသီးကြော်ဆိုင်နဲ့ အာပူလျှာပူဆိုင်မှာ ထိုင်လို့လည်း အင်းယားနေ၀င်ကို ငေးဖူးပါရဲ့။ တချိန်ကျရင် ချစ်သူနဲ့ ဒီနေရာမှာ တွဲလျှောက်လိုက်မယ်ဆိုပြီးလည်း စိတ်ကူးယဉ်လို့ ကန်ဘောင်ပေါ် ဖြတ်ဖူးပါရဲ့။ စိတ် လေးလေးနဲ့လည်း ဖြေလှမ်းနှေးနှေး 'နေနိုင်သူလေး' ကို တွေးလို့ ဒီကန်ဘောင်ရိုးပေါ်မှာ ခြေရာထပ်ခဲ့ဖူးတယ်။
တကယ်တော့ အင်းယားဟာ တောင်ကုန်းတောင်တန်းတွေကြားက စီးဆင်းလာတဲ့ ချောင်းငယ်လေးတွေကို ဆည်တုတ်လို့ ရန်ကုန်မြို့ရေပေးရေးအတွက် တည်ခဲ့တာလို့ ဆိုတယ်။ ဗြိတိသျှတွေက ၁၈၈၂-၁၈၈၃ ကြားမှာ ဆည်ဖို့ တည်ဆောက်ခဲ့ တာလို့ဆိုတယ်။ မြန်မာတနိုင်ငံလုံးကို အင်္ဂလိပ်သိမ်းတဲ့ အချိန်က ၁၈၈၅ ဆိုတော့ ဒုတိယအင်္ဂလိပ်-မြန်မာစစ်အပြီး၊ အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်က ရလိုက်တဲ့အချိန်မှာ တည်ခဲ့ပုံရတယ်။ အရင်ကတော့ 'ကုက္ကိုင်းကန်' လို့ ခေါ်သတဲ့။ နောက်တော့မှ အင်းယားကန်လို့ ခေါ်တယ် ဆိုကြတယ်။ (မယုံရင် ၀ီကီပီးဒီးယားမှာကြည့်)။
အင်းယားကန်ကို မြောက်ဖက်မှာ ပါရမီလမ်း၊ အနောက်ဖက်မှာ ပြည်လမ်း၊ အနောက်တောင်ဖက်မှာ အင်းယားလမ်း၊ တောင် ဖက်မှာ တက္ကသိုလ်ရိပ်သာလမ်း၊ အရှေ့ဖက်မှာ ကမ္ဘာအေး ဘုရားလမ်းတို့နဲ့ ၀န်းပတ်ထားတယ်။ ဒီကန်ဘောင် ဘေးမှာပဲ ဘုတ်ကလပ်လို့ခေါ်တဲ့ လှေလှော်အသင်း၊ ရန်ကုန်တက္ကသိုလ် စသဖြင့် မမေ့နိုင်စရာ သမိုင်းဝင် အဆောက်အဦး တွေရှိနေ တဲ့အပြင်၊ ရွှေတိဂုံဘုရားနဲ့လည်း သိပ်မဝေးလှဘူး။
ပုံကို ဒီနေရာက ရပါတယ်။
မှော်ဆန်တဲ့ အင်းယား
အင်းယားမှာ ရေသူရဲ ရှိသလား။ ဆြာယောကတော့ ပြောရော့မယ် ဆိုကြမယ်။
" တခါက ကန်ဘောင်အဝေး တဖက်မှကြည့်နေစဉ် ထူးဆန်းသည့် သတ္တ၀ါကြီး ရေထဲမှထွက်လာသည်ကို မြင်ခဲ့ကြရပါ သည်။ မိမိတို့အားလုံး မြင်တွေ့ခဲ့ကြရပြီး မိမိတို့မျက်စေ့များကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပါသည်။ မိုးမှုန်ဖွဲဖွဲလေး ကျဆင်းနေသော်လည်း မိမိတို့သေသေချာချာ မြင်လိုက်ရသည်မှာ သားပိုက်ကောင်လို၊ ပုတ်သင်လို အကောင်ကြီး ရေထဲမှ ထွက်လာသည်ကို မြင်ကြရပါသည်။ မိနစ်အနည်းငယ်အကြာတွင် ရေထဲသို့ ပြန်ဆင်းကာ ပျောက်ကွယ်သွားခဲ့ပါသည်။ ဤ သို့မြင်တွေ့လိုက်ရသည်မှာ စကော့တလန်တွင် ထူးဆန်းသည့် လော့ခ်နက်စ် (Lock Ness) ရေသတ္တ၀ါကြီးကို မမြင်ရမီ ကာလ ဖြစ်ပြီး ပုံသဏ္ဌာန်ချင်းလည်း ထပ်တူညီနေပါသည်။ မိမိတို့လည်း ကြောက်လွန်း၍ နောက်တကြိမ် ပြန်မသွားမိကြ တော့ပါ။"
ဒီလိုမျိုးကိုယ်တွေ့ ကြုံရသူတွေက ရေးခဲ့ကြဖူးတယ်။ ဗြိတိသျှခေတ်ကာလက သတင်းစာတစောင်မှာ အခုလို ရေသူရဲ သတ္တ၀ါ ကြီး တွေ့ခဲ့ရတာကို ဖော်ပြခဲ့တယ်လို့ ဆိုတယ်။ (ကျနော်က နေ့ရက်၊ သတင်းစာအမည် အတိအကျ ရှာမရတော့ လည်း ညွှန်းဖို့ ခက်နေတယ်။) ဒါပေမယ့်လည်း အင်းယားမှာ အသက်ဆုံးခဲ့ရတဲ့ သူတွေက မနည်းလှဘူး။ ရေနစ်သေသူ တွေ ရှိတယ်။ ကိုယ့် ကိုကိုယ် သတ်သေခဲ့တဲ့သူတွေ ရှိတယ်။ ပျောက်ဆုံးသွားတဲ့သူတွေလည်း ရှိတယ်။ ရည်ရွယ်ချက်တခု အတွက် တိုက်ပွဲဝင်ရင်း အသက်စွန့်သွားခဲ့ရတဲ့သူတွေလည်း ရှိခဲ့တယ်။
အင်းယားကတော့ အားလုံးကို မျက်မြင်သက်သေကြုံနေခဲ့ရပေမယ့် နှုတ်ပိတ်လို့ သမိုင်းတွေကို သိမ်းထားခဲ့တယ်။
ချစ်သူတွေရဲ့ အင်းယား
အင်းယားက တက္ကသိုလ်မြေနဲ့ နီးခဲ့တော့ (အခုတော့ မဟုတ်လေတော့ဘူး) ချစ်သူတွေအတွက်လည်း စိတ်ကူးယဉ်ဖွယ် ဆွတ်ပျံ့ လွမ်းမောဖွယ် နေရာဖြစ်နေတယ်။ အင်းယားက နာမည်ကြီးဝတ္ထုတွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေလည်း မွေးဖွား ပေးခဲ့ဖူးတယ်။ လူအများကိုလည်း သူက ကဗျာဆရာဖြစ်အောင် ဖန်တီးပေးခဲ့တယ်။ အင်းယားကန်အကြောင်းကို ဖွဲ့နွဲ့ခဲ့ ကြတဲ့သူတွေက မနည်းဘူး။ အင်းယားကန်ကိုသာ ပြတိုက်ဖွင့်မယ်ဆိုရင်တော့ ဟက်တက်ကွဲသွားတဲ့ အသည်းတွေ၊ မျက်ရည် ကို ဂါလံပုံးနဲ့ ပြထားတာတွေ၊ စက်စက်ယိုစီးနေတဲ့ အလွမ်းတွေ၊ ဘာမှ မဖြစ်ချင်ယောင်ဆောင်နေကြတဲ့ ဇာတ်လမ်း တွေ၊ သူငယ်ချင်းလို ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေလည်း ထည့်ပြရလိမ့်မယ်။
အနီးမှာ လှေလှော်အသင်းလည်း ရှိတယ်။ (မကြည် လှေလှော်၊ မလှော်စာပြ၊ မပြ တောင်တက် ဆိုသလိုပေါ့)။ ကောင် မလေးနဲ့ မကြည်တဲ့သူတွေက လှေလှော်လို့ အစွန်ထုတ်ကြတယ်။ လှော်မလှော်ရင်လည်း စာပြပေး၊ စာမပြပေးရင်လည်း တောင်တက် အသင်းဝင်) တခုခုမှာတော့ ငြိနိုင်ကောင်းရဲ့ ဆိုသလို ဂေါ်မစွံတွေအတွက် ဖန်တီးထားပုံလည်း ရတယ်။
ဝမ်းနည်းဖွယ် အင်းယား
ဒါပေမယ့်လည်း အင်းယားကန်မှာ ၀မ်းနည်းဖွယ်ဖြစ်ရပ်များလည်း ဖွင့်ပြောပြဖို့ ရှိနေခဲ့တယ်။ ရေနစ်သေဆုံးသူတွေ၊ ပျောက်ဆုံးရသူတွေတင်မကပါဘူး။ ၁၉၈၈ ခုနှစ် မတ်လက အင်းယားကန်ရေဘောင်ဟာ အနီရောင်သမ်းခဲ့ရတယ်။ အင်းယား ကန်အနီးက တံတားဖြူဟာလည်း တံတားနီလို့ အမည်ပြောင်းခဲ့ရတဲ့ အထိပေါ့။ ဒီအကြောင်းတွေကို သူက နှုတ်ဆိတ် ကျိတ်မှိတ် သိမ်းထားတုန်းပဲ။ တခါ အင်းယားကန်က ဒွိဟတွေလည်း ပြည့်နေပြန်တယ်။ ကန်ဘောင်တဖက်ခြမ်း မှာ အာဏာရှင်ဆိုးကြီး ဦးနေ၀င်းနေတယ်။ ဒါပေမယ့်တဖက်မှာကျတော့ အိမ်အကျယ်ချုပ်မှာ မတရားချုပ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နေထိုင် နေတယ်။ ကဲ... ဘယ်လောက် ထူးဆန်းလှတဲ့ ပေါင်းစပ်မှုပါလဲ။
၁၉၈၈ မှာ တံတားဖြူကို တံတားနီ ခေါ်ဆိုသတ်မှတ်တဲ့ အခမ်းအနား ကျင်းပခဲ့သေးတယ်။
ဒါတွင် ဘယ်ဟုတ်မလဲ။ ကိုမင်းကိုနိုင်တို့ အဖမ်းမခံရခင်ကာလမှာလည်း အင်းယားကန်မှာ ငါးလွှတ်ပွဲတွေ လုပ်ခဲ့သေးတယ်။ အင်းယားက နိုင်ငံရေးတော့လည်း အပြည့်။
အင်းယားနဲ့ ပတ်သက်တဲ့ သီချင်းတွေကလည်း အများသားပါ။
တွံတေးတို့ခေတ် "ချစ်ရက်ရှည်ရှည် အင်းယားမြေ" သီချင်းတွေကနေ ခင်ဝမ်း၊ ခင်မောင်တိုးတို့ရဲ့ "ပန်းခရမ်းပြာ" အထိပဲ။ ကျနော်ကတော့ အမှတ်တရ ပန်းခရမ်းပြာသီချင်းကို ပြန်ညည်းနေမိတယ်။
" ......ပန်းခရမ်းပြာ ဗေဒါလေး ကမ်းစပ်နားမှာ ငြိတွယ်
နန်းတံတားဖြူ နေရာလေး တေးသံလွှမ်းစေကွယ်
ငြိမ်းအေးရာ ဖွေရှာရင်း မိန်းမောငေးကာကြည့်နေ
ပိန်းပိတ်အောင် မမှောင်ခင်လေး ဆည်းဆာအလှဖြာဝေ ... "
သဘောတူတယ်ဟုတ်... တချိန်ကျရင်... အင်းယားကန်ကို ပြတိုက်အဖြစ် သတ်မှတ်သင့်တယ်ဆိုတာ။ မိတ်ဆွေတွေရဲ့ အင်းယားမှာ ကွဲခဲ့တဲ့အသည်းတွေလည်း လာပြနိုင်တာပေါ့။
ယောဟန်အောင်
ဖေ ၄၊ ၂၀၀၉။
8 comments:
ဘာမှ မပြောနိုင်အောင် နှုတ်ဆိတ်သွားတယ်...း(
ပြတိုက်လုပ်ဖို့ လုံးဝ သဘောတူပါကြောင်း...
အောင်သာငယ်
ပြစရာမရှိပေမယ့်..ပြတိုက်လုပ်မယ်ဆိုရင်တော့လာကြည့်
မယ်နော်.............
သေချာတာက လွမ်းပါတယ်ဆိုမှ
တစ်နေရထပ်တိုးပေးသလိုပဲ...း(
ဲဆြာယောက အင်းအိုင်လက်ဖွဲ့ အစီအရင်တွေနဲ့ လွမ်းအောင် လုပ်နေပြန်ပြီ... လှူရမှာပေါ့
အဟောင်းတွေ ပြန်ရှာလိုက်တော့
မပြောဖြစ်ခဲ့တဲ့စကား
မထားဖြစ်ခဲ့တဲ့ကတိ
မလှော်ဖြစ်ခဲ့တဲ့လှေ
မပြဖြစ်ခဲ့တဲ့စာတွေ နဲ့
မတက်ဖြစ်ခဲ့တဲ့တောင်တွေပဲတွေ့တယ်။ :)
(ဘန်နာကလည်း လန်းတယ်ဗျို့။ ဒီဘလော့ကို လာရင် ဂါထာမန္တရားတွေ ရွတ်ထားရမယ့်သဘောရှိတယ်။)
ပထမဆုံး ဘန်နာကိုတွေ့တော့ ဟာ..ငါတော့ တလွဲနှိပ်မိပြန်ပြီ ထင်လိုက်တာ။ တလွဲက လုပ်နေကျ ဆိုတော့။ ဗေဒင် ဘလော့ဂ်လို့ ထင်မိတာကိုး။ ကြိုးစား လုပ်ထားတာဆိုရင်တော့ ဆောဒီး..:)
အင်းယားကတော့ သမိုင်းဝင်နေရာပါ။ တက္ကသိုလ်ထဲမှာပဲ မွေးခဲ့တာမို့ ငယ်ငယ်လေးကနေ ကြီးတဲ့အထိ ပတ်သက်ခဲ့တာတွေ အများကြီး ရှိခဲ့တယ်။ မနက်အစောကြီး လမ်းလျှောက်ထွက်တော့ အ၀ါရောင် အကျီ င်္နဲ့ မိန်းမတယောက် ကန်စပ်မှာ ထိုင်နေတာ သတိထားမိတယ်၊ နောက်၂ရက်လောက်ကြာတော့ လမ်းလျှောက်ချိန်ပဲ ငါးမျှားချိတ်မှာ လာငြိလို့ ကြည့်တော့ အဲဒီအကျီ င်္အ၀ါရောင်နဲ့ အမျိုးသမီးပါပဲ။ အဲဒါလဲ စွဲနေတယ်။
အင်းယားမှာ အာပူလျှာပူသောက်၊ ဗူးသီးကြော်စားဖူးသလို အရေးအခင်းမှာလဲ ချီတက် ဖူးပါရဲ့၊ နေပူကြဲတောက်တောက်မှာ လသာတယ်ထင်ပြီး ချစ်သူနဲ့လဲ ထိုင်ဖူးပါရဲ့လေ.. :) လွမ်းစရာတွေ ဖြစ်ကုန်ပြီ။
သဘောတူပါ၏လို့ပဲပြောတော့မယ်....
ကျမ အထင်ကတော့...
ဘယ်သူမှ..အထူးတလည်..ပြတိုက်ရယ် လို့မကြေငြာပေမဲ့...
အင်းလျား..ကိုယ်တိုင် က ပြတိုက် ဖြစ်နေပြီးသား ပါ...
မျိုးဆက်သစ်တွေ ကို...ကံ့ကော်ရိပ်နဲ့ ဝေးတဲ့နေရာ..
သစ်ပုပ်ပင်ကြီးနဲ့ ဝေးတဲ့ နေရာ...
အင်လျားလေပြေ နဲ့ ဝေးတဲ့ နေရာတွေ...
တစ်စစီ ခွဲ...လွှင့်ပြစ်ခဲ့ ပေမဲ့....
ကျမတို့ နှလုံးသား ထဲ မှာ...တော့..
ပြတိုက်အဖြစ်ရှိနေခဲ့ ကြတယ်.....
လူအတော်များများ လဲ..ဒီလိုပဲ ရှိမှာ ပါ.....
..............
အားလုံးလိုလို ဟာ အင်းလျားနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြဖူးသူတွေ ချည်းပါပဲလေ။
ဒါပေမဲ့လည်း..
၈၈ ရဲ့ မတ်လမှာ..အင်းလျား ရာဇ၀င် ပြောင်းခဲ့ပြီ..
စိမ်းမြတဲ့ရေလှိုင်းတွေ.. အရောင်ပြောင်းခဲ့...
ဆိုတဲ့.. ရင်နာစရာ အဖြစ်သနစ်တွေလည်း.. ဆိုညည်းမိသွားတယ်။
တကယ်တော့..ရန်ကုန်မြို့ကြီးတခုလုံးကို ပြတိုက်လုပ်ရလိမ့်မယ်ထင်တယ်။
ဒါနဲ့.. ဒီဆရာတွေ..ဘန်နာတွေ ပြောင်းလှချည်လား။ ဘာတွေဖြစ်နေကြပါလိမ့်။း)
Ko yaw,
Before I read your story, I know that you are academic but after reading your story,I came to know you are both.
Hla Shwe
Post a Comment