Pages

Friday, October 24, 2008

အိပ်ရာဝင်ပုံပြင်

ဒါဖတ်ပြီးမှ ပုံပြောပါလို့ ပြောရမလို ဖြစ်နေတယ်။ အရင်ကတော့ ရုပ်ရှင်ဝေဖန်ရေးဆရာ ဦးစိန်ခင်မောင်ရီက "ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ" ဆိုတာမျိုး ရေးခဲ့ဖူးတယ်။ အခုက ရုပ်ရှင်ဝေဖန်ချက်မဟုတ်ဘဲ ပုံပြင်တခုကို အခြားအမြင်တခုက ပြန်ပြော ပြချင်တာပါပဲ။

သမီးငယ်ငယ်မှာ အဖေကို အိပ်ရာဝင်ပုံပြောဖို့ တောင်းဆိုလေ့ရှိတယ်။ အင်း... ဘာပြောရရင် ကောင်းမှာလဲ။ ကျနော်တို့ ငယ်ငယ်က ကြားခဲ့ရဖူးတဲ့ ပုံပြင်တွေ ပြန်စဉ်းစားကြည့်မိတယ်။ တချို့လည်း မေ့တေ့တေ့။ မယ်ထွေးလေးနဲ့ ဂုန်းမအိုပုံပြင် ကြားဖူးတယ်။ ရွှေယုံနဲ့ ရွှေကျား ကြားဖူးတယ်။ သုဝဏ္ဏသာမလိုမျိုး ၅၅၀ ဇာတ်တော်ထဲက ပုံပြင်မျိုးတွေလည်း ကြားခဲ့ဖူး ပါတယ်။ ပြောသူတွေက အဖိုး၊ အဖွားတွေ ဖြစ်ကြသလို၊ တခါတလေ အဖေ၊ အမေနဲ့ ကြီးဒေါ်တွေကလည်း ကြုံရင်ကြုံ သလို ပြောပြလေ့ရှိတယ်။ ဒါပေမယ့် အခုသမီးကို ပြောပြရမယ်ဆိုတော့ အကုန်က သိသလိုလို၊ မမှတ်တော့သလိုလို ဖြစ် နေတယ်။ ဒါနဲ့ တခါမှာကြုံတော့ ပုံပြင်စာအုပ်ကလေးတအုပ် ၀ယ်လာမိတယ်။ မင်္ဂလာဈင်အောင်ရေးတဲ့ သနားစရာမြွေ မင်းသားလေးနှင့် မြန်မာ့ရိုးရာပုံပြင်များ၊ [မြတ်ပန်းရဂုံ ပုံပြင်များ-၅ ၊ မြတ်ပန်းရဂုံစာပေ၊ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလ] ကိုရတော့ အတော် ၀မ်းသာ သွားတယ်။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ ပုံပြင်တွေကို ပြန်နွှေးရတယ်။

(၁)
"မယ်ထွေးလေးနှင့် ဥသျှစ်မယ်" ပုံပြင်ကို ဖတ်ရတယ်။
ရှေးရှေးတုန်းက ကျေးရွာတရွာတွင် တံငါသည် လင်မယားရှိ၏။ သူတို့တွင် တဦးတည်းသော သမီးလေးရှိရာ မယ်ထွေးဟု ခေါ်ကြသည်။

တနေ့သောအခါ တံငါသည်လင်မယားတို့သည် ပင်လယ်ထဲသို့ လှေတစင်းဖြင့် ငါးဖမ်းထွက်ကြသည်။ တံငါသည် မယား သည် ငါးတကောင်ရတိုင်း " ငါ့သမီးလေး မယ်ထွေး ဈေးတင်ဖို့" ဟု ၀မ်းသာအားရ အော်သည်။ အော်ဖန်များလျှင် တံငါသည်ကြီး နားညည်းလာကာ "တယ်စကား များလှတယ်" ဆိုကာ တက်ဖြင့် ရိုက်ချလိုက်လေသည်။ တံငါသည်မကြီး ခမျာမှာ ရေထဲ လိမ့် ကျပြီး ကြီးမားသော ကမ္ဘာ့လိပ်မကြီး ဖြစ်သွားလေ၏။

မယ်ထွေးလေးတို့ အိမ်နှင့် မနီးမဝေးတွင် ဒက်ချီးတို့ အိမ်တည်ရှိ၏။ သူ့တွင် သမီးများလည်း ရှိသည်။ တနေ့တွင် မယ်ထွေး လေးသည် ရွာထဲတွင် ဈေးလည်ရောင်း၏။ သူ့အဖေက သမီးလေး ပျော်ရွှင်စေရန် '၀ါဖတ်လေး' တွေ လုပ်ပေးသဖြင့် လည် ရောင်ခြင်း ဖြစ်၏။

"တောက်တီးတောက်တေး ၀ါဖလေးသည် တော်ရို့"
မယ်ထွေးလေးအား ဒက်ချီးတို့ သားအမိတတွေက အိမ်ပေါ်သို့ ခေါ်သည်။ မတန်တဆ ဈေးဆစ်သဖြင့် မယ်ထွေးလေးက မရောင်းပေ။ အိမ်ပေါ်မှဆင်းရန် ဈေးတောင်းကို ပင့်သည်။ ပင့်၍မရ။ အိမ်ရှင်အား ပင့်ပေးပါ ပြောသောအခါ ပင့်မပေးကြ။ သို့အတွက် အိမ်ပြန်ပြီး ဖအေကို ခေါ်ရသည်။ မယ်ထွေးလေး၏ အဖေလိုက်လာသည်တွင် သူတို့က အိမ်ပေါ်မှ ဆင်းခွင့် မပြုကြတော့ချေ။
တံငါသည်ကြီးနှင့် ဒက်ချီးတို့ ညားသွားသောအခါ မယ်ထွေးလေးအား ဒက်ချီး၏ သမီးများက အနိုင်ကျင့်ကြသည်။ အလုပ် တွေ မတန်တဆခိုင်းသော်လည်း ထမင်းကိုကား ၀အောင်မကျွေးချေ။ သို့ရာတွင် မယ်ထွေးမှာ ပိန်ပိန်ညှော်ညှော် စုတ်စုတ် နုတ်နုတ် မရှိပေ။ ထိုအခါ ဒက်ချီးနှင့် သမီးများက မယ်ထွေးနွားကျောင်းသည့် ပင်လယ်စပ်သို့ လိုက်လံချောင်းမြောင်းကြည့် ကြရာ ကမ္ဘာ လိပ်မကြီးကို မြင်ရ၏။ ထိုလိပ်မကြီးမှာ မယ်ထွေး၏ အမေဖြစ်ပေသည်။ သူက မယ်ထွေးကို စားစရာတွေ ကျွေးသည်။ သန်းရှာ ခေါင်းဖြီးပေးသည်။

ဒက်ချီးတို့ သားအမိတတွေမှာ မယ်ထွေးအား မနာလိုစိတ်တွေ ကြီးမားစွာ ဖြစ်ပေါ်လာသည်။ သို့အတွက် ဒက်ချီးသည် အိပ်ရာ အောက်တွင် မုန့်လေပွေတွေ ထိုးထည့်ထားပြီး မကျန်းမာဟန် ဆောင်နေသည်။ သူညည်းတွား လူးလှိမ့်လျှင် မုန့်လေပွေတွေက ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်ရာ အရိုးတွေ ကျိုးပါတော့မည်၊ နတ်မေးကြည့်ပါ ဆို၏။

ဒက်ချီး၏ သမီး ဒင်ကျည်းက သစ်ခေါင်းထဲဝင်ပြီး ရုက္ခစိုးယောင် ဆောင်နေသည်။ ထိုသူထံသို့လာမေးသောအခါ "ကမ္ဘာ လိပ်မ ရဲ့ အသားကို စားမှ ရောဂါပျောက်လိမ့်မယ်" ဟု မယ်ထွေးအမေ ပျက်စီးကြောင်း စကားဖြင့် ဟောလိုက်လေ၏။

တံငါသည်ကြီးမှာ လှေတစင်းဖြင့် ကမ္ဘာလိပ်အဖမ်းထွက်ရတော့သည်။ လှေပေါ်၌ ဒင်ကျည်းတို့ ညီအမတတွေနှင့် မယ်ထွေး ပါလာသည်။ သမီးကိုမျှော်နေသော ကမ္ဘာလိပ်မကြီးအား မြင်သည့်နေရာ၌ ကွန်ပစ်သည်။ မယ်ထွေးလေးက သူ့အမေ ရှောင် တိမ်းနိုင်ရန် အော်၍ သတိပေးသဖြင့် မမိချေ။ ဒင်ကျည်းတို့က ၀ိုင်းဝန်းရိုက်နှိပ်ပြီး ပါးစပ်ကို ပိတ်ထားသော အခါ မယ်ထွေးမှာ သတိမပေးနိုင်ပြီ။ ထိုအခါတွင်မှ ကမ္ဘာလိပ်မကြီးကို မိလေ၏။

လိပ်မကြီးကို ဟင်းချက်ရာတွင် ဒင်ကျည်းကတအိုး၊ မယ်ထွေးက တအိုး မီးထိုးရသည်။ ဟင်းအိုးက အသံမြည်တိုင်း မယ်ထွေးက မီးလျှော့ပေးရာ တော်တော်နှင့် မကျက်ပေ။ သို့အတွက် မယ်ထွေးခမျာ အကန်အကျောက် အဆဲအဆို ခံရ ပြန်သည်။

ကမ္ဘာလိပ်သားကို ဒက်ချီးတို့ သားအမိ ပျော်ရွှင်စွာ စားစဉ် မယ်ထွေးမှာ မျက်ရည်စက်လက်ဖြင့် အိမ်စဉ်လျှောက်၍ ဟင်း ဝေရ သည်။ လိပ်သားစားပြီးသူများထံမှ အရိုးများတောင်းကာ မယ်ထွေးသည် သံန္နိဌာန်ပြုလျှက် မြေမှာစိုက်ရာ ညဉ့်တွင်း ချင်း ရွှေပင်ငွေပင်များ ပေါက်လာလေ၏။

ရွှေပင် ငွေပင်မှ ရွှေငွေတွေ သီးသည်။ တောကစားထွက်လာသော မင်းသားတပါးသည် ထိုသတင်းကို ကြားသဖြင့် ဒက်ချီး အိမ်သို့ ရောက်လာသည်။ ရွှေပင်ငွေပင်များ၏ ပိုင်ရှင်ကို စုံစမ်းရာ ဒင်ကျည်းတို့ ညီအမတတွေက သူတို့အပင်ဟု ပြောသည်။ သို့သော် ရွှေသီးငွေသီး ဆက်စေဆိုသောအခါ ဒင်ကျည်းတို့ရအောင် မခူးနိုင်ချေ။ မယ်ထွေးကို အခူးခိုင်းတော့ မှသာ အလွယ် တကူ ယူ၍ ရသည်။ သို့အတွက် မင်းသားကလေးသည် မယ်ထွေးကို နန်းတော်သို့ခေါ်သွားကာ မိဘုရား အဖြစ် မြှောက်စားလေ ၏။

လအနည်းငယ်ကြာသောအခါ ဒက်ချီးသည် လူတယောက်အား မိဘုရားမယ်ထွေးထံ လွှတ်လိုက်၏။ အဖေ မမာသော ကြောင့် လာကြည့်လှည့်ပါဟု အမှာစကား ပါးလိုက်သည်။ မယ်ထွေးယုံကြည်ပြီး လိုက်သွားရာ အိမ်တွင် အဖေ့ကို မတွေ့ရ ပေ။

ဒင်ကျည်းတို့ ညီအမတတွေသည် မယ်ထွေး၏ လည်ဆွဲတန်ဆာများ၊ လက်ဝတ်ရတနာများကို ဖြုတ်ယူပြီး ကြည့်ကြသည်။ ထို့နောက် ကြမ်းပေါက်မှ ချပစ်ကြသည်။ မယ်ထွေးပြန်မည်ပြုသောအခါ ရတနာတန်ဆာများ အိမ်အောက် ရောက်ကုန်ပြီ။ ကောက်၍လည်း မပေးကြချေ။ မယ်ထွေး ကိုယ်တိုင် ၀င်ကောက်သည်။ အသင့်ကျိုထားသော ရေနွေးဖြင့် လောင်းချလိုက် ရာ မယ်ထွေးမှာ ဗျိုင်းဖြစ်ပြီး နန်းတော်သို့ ပျံသန်းသွားရရှာတော့သည်။

ဒင်ကျည်းသည် မယ်ထွေး၏ မိဘုရား အ၀တ်များကို ၀တ်ပြီး နန်းတော်သို့ ပြန်သွားသည်။ မင်းသားကလေးမှာ ဒင်ကျည်း အား မယ်ထွေးပင်ထင်ပြီး အမှတ်မဲ့နေလိုက်သည်။

မင်းသား၏ အိမ်တော်တွင် မယ်ထွေး၏ ခတ်လက်စ ရက်ကန်းစင် ရှိသည်။ ဒင်ကျည်းဝင်ခတ်ငြား နေရာမကျချေ။ ဗျိုင်းမ ကလေးက "သည်နေရာ သည်အ၀င် ဟိုနေရာ ဟိုအ၀င်" ဟု ၀င်၍ ၀င်၍ ပြသပေးသည်။ သို့အတွက် မင်းသားကလေးက ဗျိုင်းကို ချစ်သည်။ သို့သော်ဒင်ကျည်းက မုန်းသည်။ မုန်းသည့်အတွက် မင်းသားအလစ်တွင် လက်ခတ်ဖြင့် ရိုက်ပစ်လိုက် လေ၏။ ဒင်ကျည်းသည် ဗျိုင်းမကလေးကို ဟင်းချက်ပြီး မင်းသားထံ ဆက်သသည်။ မင်းသားမှာ စိတ်မကောင်းစွာဖြင့် ဗျိုင်းသားဟင်းကို ဥယျာဉ်ထဲ၌ သွန်ပစ်ခိုင်းလိုက်ရာ ထိုနေရာမှ ဥသျှစ်ပင်ကြီးတပင် ပေါက်လာသည်။ နေ့ချင်းညချင်း ကြီး ထွားလာသည်။ မကြာမီ ဥသျှစ်သီးတွေ သီးလာသည်။ ထိုအထဲတွင် အလွန်ကြီးသော ဥသျှစ်သီးကြီး တလုံးပါလာသည်။ ဥယျာဉ်စောင့် လင်မယားသည် ဥသျှစ်သီးကြီး ကြွေကျလာလျှင် မကွဲစေရန် မြေပေါ်၌ ဖွဲတွေပုံထားသည်။ ဥသျှစ်သီး ကြွေ ကျလာသောအခါ တဲထဲ၌ သိမ်းထည်းထားကြသည်။

တဲထဲသို့ ဥသျှစ်သီး ရောက်လာချိန်မှစပြီး အဘိုးကြီး အမယ်ကြီး မချက်ပြုတ်ရဘဲ ထမင်းဟင်းတွေ ကျက်နေသည်။ အ၀တ် တွေ လျှော်ပြီးသား၊ အမှိုက်တွေ လှဲကျင်းပြီးသား ဖြစ်နေတော့သည်။ သို့အတွက် အဘိုးအိုနှင့် အမယ်အိုတို့ ချောင်းမြောင်း ကြည့်ရာ ဥသျှစ်သီးထဲမှ လှပသော မိန်းကလေးတယောက် ထွက်လာပြီး အိမ်မှုကိစ္စများ ဆောင်ရွက်နေသည်ကို မြင်ကြရ လေ၏။ သို့ဖြင့် ဥသျှစ်သီးကြီးကို ရိုက်ခွဲလိုက်ရာ သန္ဓေသူကလေးမှာ အဘိုးကြီး အမယ်ကြီးတို့နှင့်အတူ နေရတော့သည်။

မည်မျှပင် သိုသိပ်လျှို့ဝှက်သော်လည်း သန္ဓေသူကလေး၏ သတင်းသည် တယောက်စကား၊ တယောက်နားဖြင့် ပေါက်ကြားသွားတော့၏။ မကြာမီပင် ဗျိုင်းသားဟင်း သွန်ပစ်သော မင်းသားသည် ဥယျာဉ်စောင့် လင်မယား၏ တဲထဲသို့ ရောက်လာသည်။ ရေကြည်တော်ဆက်စမ်းဟု အမိန့်ရှိသဖြင့် အဘိုးအို တလှည့် အမယ်အို တလှည့် ဆက်သသည်။ ဆက်သမျှကို လူအိုစော်နံသည်ဟု ဆိုကာ သွန်ပစ်သည်။ သန္ဓေသူကလေး ထွက်ပြီး ဆက်သသောအခါတွင်ကား မြင်းပေါ် သို့ တင်ယူခေါ်ဆောင်သွားလေ၏။

မကြာမီ မိဘုရားဒင်ကျည်း မျက်နှာမြင်ရာ နန်းတော်သူဖြစ်လာသော ဥသျှစ်မယ်လည်း မီးနေစောင့်ရ၏။ မီးနေစောင့်သူတွေ မပျင်းရိစေရန် တယောက်တလှည့် ရှေးစကားပြောကြသည်။ ဥသျှစ်မယ်အလှည့်တွင် ကမ္ဘာလိပ်ကြီး မယ်ထွေးဘ၀မှ ယခု ဥသျှစ်မယ်ဘ၀အထိ ပြောင်းလဲလာပုံများကို ဖွဲ့နွဲ့ပြောပြလေသည်။

မင်းသားသည် မိမိအား လှည့်စားသော ဒင်ကျည်းကို ဒေါသလည်းထွက်၊ ရှက်လည်း ရှက်သည်။ သို့အတွက်ကြောင့် ဒင်ကျည်းကို ရိုက်ပုတ်ထုထောင်းပြီး ဒက်ချီးထံပို့လိုက်ပြီး သန္ဓေသူကလေးအား မိဘုရားအရာ ပေးသနားတော် မူလိုက် လေ၏။

(၂)
ပုံပြင်ကလေးကတော့ ဒါပါပဲ။
ပြန်လည်စုဆောင်း ဖော်ပြပေးတဲ့ မင်္ဂလာဈင်အောင်ကိုလည်း ကျေးဇူးတင်ပါရဲ့။ ကျနော်တို့ ကြားခဲ့ဖူးတာက အနည်းငယ် ကွဲလွဲတာမျိုး ရှိသော်လည်း အတော်များများတူတဲ့ မယ်ထွေးလေး ပုံပြင်တွေ ကြားခဲ့ကြဖူးပါတယ်။ ဒီနေရာမှာ ကျနော် မေးခွန်း ဖြစ်လာတာက သမီးငယ်ကို ပြောပြဖို့၊ မပြောပြဖို့ ဆိုတာပါပဲ။

ယုတ္တိယုတ္တာ ရှိမှုကထားတော့၊ တွမ်နဲ့ ဂျယ်ရီမှာလည်း အကြိမ်ကြိမ်ခံရလည်း မသေတဲ့ကြောင်၊ မသေတဲ့ ကြွက်တွေ ရှိသေးတာပဲ။ အခုသေ၊ အခု ၀င်စား ဖြစ်နိုင်သပေါ့။ ဒါပေမယ့် အိမ်တွင်းအကြမ်းဖက်မှုတွေ များလှချည့်လို့ ထင်နေမိတယ်။ မယ်ထွေးကို ပိုလို့သနားစရာဖြစ်အောင်၊ ဂုန်းရုပ်ကို ပိုပီပြင်အောင်၊ နောက်ဆုံးတော့ အမှန်တရားဟာ အနိုင်ရတာပဲလို့ ပြောချင်တာလားတော့ မသိဘူး။

ဒါပေမယ့် အဖေက အမေကို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ရေထဲ အသေရိုက်ချလိုက်တာမျိုး၊ တခုခုဆိုရင် သတ်ဖြတ်၊ ရိုက်နှက်နေကြတာမျိုးတော့ ကျနော် မနှစ်လိုလှဘူး။

ကျနော်တို့ ကလေးဘ၀ အိပ်ယာဝင် ပုံပြင်တွေကရော ကျနော်တို့ လူမှုအဖွဲ့အစည်းရဲ့ ဖောင်ဒေးရှင်း အခြေခံ တွေပဲ မဟုတ်ဘူးလား။ အခုမှ ကျနော်က လူကြီးဖြစ်လာတော့မှ ပုံပြင်တွေကို ပြန် ဆန်းစစ်ကြည့်နေမိတယ်။ ဘယ်လို ကိစ္စ တွေကို ကျနော်တို့က သမားရိုးကျဖြစ်နေသယောင် လက်ခံနေကြသလဲ။ လူမှုအဖွဲ့အစည်းက ကျနော်တို့ကို ဘာတွေ သင်ကြားခဲ့သလဲဆိုတာ ပြန်ကြည့်နေမိတယ်။ အမျိုးသမီးတွေကို ခွဲခြား အထင်အမြင်သေးထားတဲ့ ဇာတ်လမ်းတွေက (၅၅၀) ဇာတ်တော်မှာလည်း တွေ့ရတာတွေ ရှိနေသေးတယ်။
မိန်းမဆိုတာ ကွယ်ရာမှာ မကောင်းမှုလုပ်စမြဲ၊ အဏ္ဍဘူတဇာတ် (၆၂)
မိန်းမတိုင်း အကျင့်ပျက်၊ အနဘိရတဇာတ် (၆၅)
မိန်းမဆိုရင် ကိုယ့်အမေ ဖြစ်ပါစေ မယုံနဲ့၊ အသာတမန္တဇာတ် (၆၁)
အဖေ့နဖူးက ယင်ကို ကျည်ပွေ့နဲ့ ရိုက်တဲ့သမီး၊ ရောဟိဏီဇာတ် (၄၅)

အိပ်ရာဝင် ပုံပြင်တွေ ရှားနေသလိုပဲလေ... ။

ယောဟန်အောင်
အောက်တိုဘာ ၂၄၊ ၂၀၀၈။

6 comments:

Kay said...

ဟုတ်တယ်- ပုံပြင်တွေ တင်မက..စကားပုံတွေ.. အစဉ်အလာတွေ- ထုံးစံတွေ-
့ စာပေ တွေ -ယဉ်ကျေးမူတွေ မှာလည်း လိုအပ်ချက် အရ- ပြုပြင်ပြောင်းလဲမူ တွေ လုပ်သင့် တယ်လို့ ထင်ပါတယ်။ ရေးထားသလို- ဒီနေ့ လူ့အဆောက်အအုံ ကြီးကို- ဖြစ်ပေါ်လာစေတဲ့ အုတ်မြစ်တွေ ဆိုတော့။ ဆန်းစစ် ဖို့- အထူးသဖြင့်.. နှလုံးသားကြီးကြီးထားပြီး ဆန်းစစ်တတ်ဖို့ လိုအပ်တာ..အမှန်ပါ။

ဂျူနို said...

ကိုယောဟန်အောင်ရဲ့ သုံးသပ်ချက်ကို သဘောကျပါတယ်။ ကျမတို့ ငယ်ငယ်က ပညာရှိ ယုံလိုပေါ့။ မှန်ပေမဲ့ သူဒုက္ခ ရောက်မှာစိုးလို့ နာစေးနေတယ် အနံ့ မရဘူးပြောခဲ့တယ်။ သူ့ ကို ကျမတို့ က ပညာရှိဘွဲ့ ပေးထားတယ်လေ။
ကလေးတွေကို မင်းတို့ မှန်တိုင်းမပြောရဘူး အသတ်ခံရမယ်။ လိမ်ပြီးလှည့်ပတ်ပြော ဒါဆို ဒုက္ခလည်းမရောက်ဘူး။ ပညာရှိဆိုပြီး လူတွေကကိုးတောင် ကိုးကွယ်အုန်းမယ်လို့ သင်ပေးသလိုဖြစ်နေတယ်။
အယ်ဇီ

pandora said...

ဒီပို့စ်လေးကို ဖတ်ပြီးကတည်းက မှတ်ချက်ရေးမလို့ ချိန်နေတာ.. ဟိုဘက်က issue ကို အရင်ရှင်းနေတာနဲ့ (ကိုယ့်ကိုယ်ကို ဘာလိုလို)။

သူငယ်ချင်းဆရာဝန်တယောက်က ပြောဖူးတာကို သတိရတယ်။ သူကလူနောက်၊ နည်းနည်းလည်း ဂွကျတယ်။ ရပ်ကွက်ထဲမှာ သူ့ကို ဆရာဝန်လေး စာတော်တယ် ဆိုပြီး ထင်ယောင်ထင်မှားနဲ့ မိဘတွေက ကလေးတွေအတွက် ဘာစာတွေဖတ်ဖို့ recommend လုပ်မလဲ လာလာမေးတယ်တဲ့။ ဒီတော့ ကလေးတွေအတွက်ဆိုရင် သိုင်းစာအုပ်က အကောင်းဆုံးပဲလို့ ပြောလိုက်တယ်တဲ့။ မိဘတွေက နောက်စရာလား လို့ စိတ်ဆိုးသူက ဆိုးကြသတဲ့..။ သူကပြောတယ် သိုင်းစာအုပ်ဆိုတာ လူဆိုးတွေကချည်း နိုင်နေတော့ ဇာတ်လိုက်က တချိန်လုံး ခံနေရတာ ဇာတ်သိမ်းပိုင်းကျမှ ပြန်နိုင်တော့တယ်ပေါ့။ လူ့ဘ၀မှာလည်း ဒီလိုပဲ လူကောင်းတွေက အမြဲ ခံနေရတာပဲလေ တဲ့။ ဒီလို အမှန်တရား ဖြစ်လေ့ဖြစ်ထရှိတာကို ကလေးတွေက ငယ်ငယ်ကတည်းက သဘောပေါက် လက်ခံထားပြီး ဘ၀ကိုရင်ဆိုင်နိုင်ဖို့လိုတယ်တဲ့။ ပြီးတော့ သိုင်းစာအုပ်တွေက စွန့်စားခန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတယ်။ သိုင်းကျမ်းဖြစ်ဖြစ် ဆေးလုံးဖြစ်ဖြစ် တခုခုကို အမြဲရှာနေတာချည်းပဲ။ ဘ၀မှာ သာမန်မဟုတ်တဲ့ ကြီးကြီးမားမား အပြောင်းအလဲ တွေအတွက် မျှော်လင့်ချက် ရှိနိုင်တာကို ပေးတယ်။ နောက်တခုကတော့ အချစ်ဝတ္ထုတွေလိုမဟုတ်ပဲ (များသောအားဖြင့်) ချတာပုတ်တာပဲရှိပြီး အညှီအဟောက်တွေလည်း ကင်းတယ်ပေါ့လေ။ ကလေးတွေအတွက် သင့်တော်တယ်ပေါ့။ သူပြောတော့ ဟုတ်သလိုလိုပဲ။ ကျနော်တို့လည်း သိုင်းလောကသားတွေဆိုတော့ သဘောကျပြီး ရယ်လိုက်ရသေးတယ်။

ရှေးရှေးကပုံပြင်တွေ နဲ့ ပတ်သက်လို့တော့ တဖက်ကလည်း ဒီလိုတွေးမိတယ်။ ကျနော်တို့က ဒီခေတ်မှာ ခေတ်သစ်အမြင်ဆိုတာတွေနဲ့ ဒီလိုဖြစ်သင့် ဟိုလိုဖြစ်သင့်ဆိုတာတွေ တွေးတယ်။ သမားရိုးကျဖြစ်တာတွေ ဖောက်ထွက်တာတွေ ယှဉ်စဉ်းစားတယ်။ လူ့အဖွဲ့အစည်းကတော့ ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်။ သူတို့ဘာသာလည်း အေးချမ်းရိုးသားတဲ့ နေချင်စရာကောင်းတဲ့ ဘ၀တွေကို အဲဒီ အတွေးအခေါ်တွေ အဆုံးအမတွေနဲ့ နေလာခဲ့ကြတာပဲ။ ဒါတွေနဲ့ပဲ ကြီးပြင်းလာခဲ့ကြတာပဲ။ ဒါကြောင့် တချို့အရာတွေကျတော့ ရည်ရွယ်ချက်ရှိရှိနဲ့များ ပြောခဲ့လေသလားလို့ စဉ်းစားမိတယ်။

အိပ်ရာဝင်ပုံပြင်တွေမှာ ဇာတ်နာတာတွေ ပါနေတာဟာ စောစောက သူငယ်ချင်းပြောခဲ့သလို လူ့လောကရဲ့ ခါးသီးတဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်တဲ့ analogy တွေကို ဟိုခေတ်ကလူတွေက တမင်ထည့်သွင်းခဲ့သလား လို့ထင်မိတယ်။ နောက်တခုက ကလေးက မခံချင်ဖြစ်ပြီး သနားစိတ် ဂရုဏာစိတ် အမှန်တရားဘက်က ရပ်တည်လိုစိတ် တဖွားဖွားဖြစ်လာအောင် တမင်ထည့်တယ်လို့လည်း ထင်နေမိတယ်။ ဒါပေမယ့် ပုံပြင်အဆုံးတွေမှာ happy ending နဲ့ အမြဲအဆုံးသတ် အနိုင်ပေးထားတာကတော့ ကလေးတွေကို မျှော်လင့်ချက် မသေသွားစေဖို့လို့ ထင်တယ်။ ကိုယောပြောသလို အမှန်တရားက အမြဲအနိုင်ရတယ် ဆိုတာမျိုးပေါ့။

ကလေးစိတ်ပညာကို မလေ့လာဖူးပါဘူး။ ဒါပေမယ့် ကလေးတွေကို သတိထားမိသလောက်တော့ ပုံပြင်ပြောတဲ့အခါ ယုတ္တိတို့ အပြင်မှာ တကယ်ရှိမရှိဆိုတာ သိပ်စဉ်းစားစရာမလိုဘူး ထင်တယ်။ ကလေးတွေက တကယ့်တကယ်ကျရင် (သာမန်အားဖြင့်) ခွဲခြား သိတယ်ဗျ။ ဥပမာ ဆူပါဟီးရိုးတွေကို ကလေးတိုင်း ကြိုက်တယ်။ နတ်သမီးပုံပြင်တွေကို ကြိုက်တယ်။ ဒါပေမယ့် သူတို့ဟာ စိတ်ကူးယဉ်တာဆို ယဉ်မှန်းသိတယ်။ တခါက ကလေးတယောက်ကို သူ့ပုံပြင်ထဲက နတ်သမီးကို အပြင်မှာတွေ့မယ်ဆိုတာမျိုး စ လိုက်တော့ အရူးလား လို့ကြည့်တာခံရတယ်။
နောက်ပြီး အတုံးလိုက် ပညာပေးတာမျိုးကိုလည်း ဒီခေတ်ကလေးတွေက လက်မခံတာကို သတိထားမိတယ်။ ဟုတ်လားတော့မသိဘူး.။ ကလေးရှိတဲ့လူတွေက ပိုသိမှာပါ။

နိုင်ငံတကာက ကလေးကာတွန်းရုပ်ရှင်တွေ ပုံပြင်တွေမှာ ကလေးတွေ အလွန်အကျွံ ၀မ်းနည်းသွားမယ့် ပြကွက်တွေကို မထည့်ရဘူးလို့ ကြားဖူးပါတယ်။ အကြမ်းဖက်တာတွေ ခွဲခြားတာတွေကို နမူနာပြသလို မဖြစ်အောင်တော့ သတိထားသင့်တယ်။ လူ့အဖွဲ့အစည်းတွေဟာ ပိုပြီး တိုးတက်ပွင့်လင်းလာဖို့ကိုပဲ ဦးတည်နေတယ်မဟုတ်လား။ ဒီခေတ်အနေအထားနဲ့ လိုက်လျောညီထွေဖြစ်မယ့် ပုံပြင်အသစ်တွေ ရှိသင်တယ်ဆိုတာ သဘောတူပါတယ်။ အဲဒီလိုပုံပြင်တွေ နိုင်ငံတကာမှာ ရှိပြီးသားဖြစ်ပြီး ကိုယ်ကမသိသေးတာလည်း ဖြစ်နိုင်တယ်။ ကိုယ်ဖော်ဆောင်ချင်တဲ့ လူ့အဖွဲ့အစည်းကို ဦးတည်နိုင်ဖို့ ဘယ်လို သမားရိုးကျ တွေကို ဖျက်သိမ်းပြီး ဘာတွေကိုအသစ်တည်ထောင်ရမလဲ။ ကလေးတွေအတွက် ဒီကဏ္ဍမှာ ဘာလုပ်နိုင်မလဲ ဆက်စဉ်းစားကြတာပေါ့။

မေငြိမ်း said...

ဟုတ်တယ်.. ကျမကတော့ များသောအားဖြင့် ကိုယ့်ဘာသာထွင်ပြီး ပုံပြောတယ်။ ကျမဖြစ်စေချင်တဲ့ ကလေးမျိုးလေးတွေကို ဇာတ်လိုက်လုပ်ပြီးတော့ပေါ့..။
နောက် ဒဏ္ဍာရီဆန်ဆန်တွေကို ရွေးတယ်။ ဘာ message မှ မပေးဘဲ ထူးထူးဆန်းဆန်းတွေပြောရတာ ကောင်းတယ်ထင်လို့လေ။

Anonymous said...

ငယ်ငယ်တုန်းက ဖေဖေ့ကို ပုံပြင်ပြောပြပါဆိုရင် ဖေဖေက အဲဒိ မယ်ထွေးလေးပုံပြင်ကို ပြောပြလေ့ရှိတယ်။ အဲဒိ ပုံပြင်ကို ဖေဖေ ပထမဆုံးအကြိမ်ပြောပြတုန်းကတော့ ဇာတ်လမ်းကို မသိသေးလို့ အဆုံးထိ နားထောင်မိတယ်။ နောက်တစ်ခါ ဖေဖေ့ကို ပုံပြောပြပါဆိုတော့ ဖေဖေက အဲပုံပြင်ကိုပဲ ထပ်ပြောလို့ နားမထောင်ချင်ဘူးလို့ပြောမိတယ်။ ဘာလို့လဲဆိုတော့ မယ်ထွေးလေးရဲ့ မေမေကို သနားလို့။

ဖေဖေက အငယ်ဆုံးသမီးလေးမို့လို့ တခါတလေ မယ်ထွေးလေးရေလို့ ချစ်စနိုးခေါ်တတ်သေးတယ်။ အဲအခါကျရင်လည်း မခေါ်နဲ့လို့ပြောမိတယ်။ အဲလိုပြောမိတာဟာ မကောင်းဘူးဆိုတာသိပေမယ့် အဲဒါဟာ ပုံပြင်တစ်ပုဒ်ဆိုတာ သိနေပေမယ့် ကိုယ့်စိတ်ကို ပြုပြင်လို့မရသေးပါဘူး။ ခုချိန်ထိ အဲပုံပြင်အကြောင်းကို တွေးလိုက်တိုင်း စိတ်ထဲမှာ ခံစားနေရတုန်းပဲ။ခုချိန်ထိ ပုံပြင်တစ်ပုဒ်လို သဘောမထားနိုင်သေးပါဘူး။

Linn Nay said...

အများကြီးတော့မပြောနိုင်ပါဘူး ..တစ်ခုပါပဲ ...ကလေးငယ်တွေဟာ ..ပုံပြင်နားတောင်တဲ့အခါ (အများစု)က ပထမ (first party )လူနေရာကနားထောင်လေ့ရှိပါတယ် ။ ဇာတ်လမ်းထဲမှာဖြစ်ပျက်တာတွေအားလုံးဟာ သူတို့ရဲ့ အတွေးပုံရိပ် စိတ်ကူးပုံဖော်မှုတွေအပေါ်တိုက်ရိုက် လွှမ်းမိုးသက်ရောက်တယ် ဆိုတဲ့အချက်က ကျွှန်တော်တို့ ဘယ်ပုံပြင်မျိုးပြောသင့်တယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးနိုင်ဖို့ပဲလိုပါတယ် ။

Recent Comments