Pages

Sunday, October 19, 2008

အရပ်ပျက်မကလေး (၂)

" ရွာလူကြီးတွေက ကာကွယ်မပေးဖူးလား။ ကျန်တဲ့ သူတွေကရော သည်အတိုင်း ကြည့်နေကြတာလား။" ကျနော်က မေး မိတယ်။

"ရွာလူကြီးတွေဆိုတာကလည်း သူတို့ ပိုက်ဆံရမယ့် ကိစ္စလောက်ပဲ ကြည့်နေတာပါ" ကျနော့် အမျိုးသမီးက ပြန်ဖြေတယ်။ "ဒီကိစ္စကိုလည်း သူတို့က အလေးမထားကြပါဘူး။ နောက်တော့ ကောင်မလေးကြောင့်လည်း တို့ရပ်ရွာသိက္ခာကျရတယ် ဆိုတာမျိုး ထင်ထားကြတာကိုး" သူက လေးလေးပင်ပင် ဆက်ပြောပြတယ်။

နောက်ပိုင်းမှာ ၂-၃ ခါလောက် ကျနော်တို့ ဒီကောင်မကလေးကို ထပ်တွေ့ကြတယ်။ အသားမဲမဲ၊ မျက်လုံးပြူးပြူး၊ ဆံပင် ကောက်ကောက် ကလေးငယ်ကတော့ ဘ၀ကြီးအကြောင်း ဘာမှ သိပုံမပေါ်ပါဘူး။ ဆော့ကစားလို့ ပျော်နေတယ်။ တွေ့တိုင်း ကျနော်တို့ကလည်း ပိုက်ဆံ တရာ၊ နှစ်ရာ ပေးလေ့ရှိတယ်။ ဒီလောက်ပဲ။ ကျနော့် မိန်းမကတော့ ရိုးပါတယ်။ ဒီမိန်းကလေး ကံမကောင်းလို့ဆိုတာမျိုး ကံကြမ္မာအပေါ်ပဲ ပုံချထားလိုက်တယ်။ လူမှုအဖွဲ့အစည်းတို့၊ ဖိနှိပ်မှုတို့၊ စနစ်က မှားနေတာတို့ ကြီးကြီးကျယ်ကျယ် ပြောမနေပါဘူး။ သူနိုင်သမျှ ကူပေးတာပါပဲ။

တခါပြန်တွေ့တော့ အခြေအနေက ပိုဆိုးနေပြီ။ သူနေတဲ့ အိမ်ကလေးကို လူတချို့က အကြွေးနဲ့သိမ်းသလိုလို၊ အိမ်ပေါ်က နှင်ချ သလိုလို၊ အသေအချာတော့ မသိရဘူး။ ဘုန်းကြီးကျောင်းဇရပ်တခုဘေးမှာ ကပ်နေနေရတယ်။ ၀ါးထရံကလေး တချပ်ထောင် လို့ အခန်းဖွဲ့နေနေတယ်။ ဘုန်းကြီးကျောင်းအရိပ်အောက်မှာ တနည်းတဖုံ လုံခြုံမှုရှိတယ် ဆိုနိုင်သလို၊ အိုးအိမ်လို လုံခြုံမှုမရှိတဲ့ ဇရပ်မှာ နေနေရတဲ့အတွက် ပိုလို့ လုံခြုံရေးမကောင်းဘူးလည်း ပြောရင်ရနိုင်တယ်။

(၃)
"ဇတ်လမ်းကတော့ အဖြစ်မှန်ပဲ။ ဒီလောက်ပဲဗျ။ နောက်တော့ ကျနော်လည်း ခရီးသွားလိုက် လာလိုက် မတွေ့မိတော့ဘူး။ နောက်ပိုင်းတော့ ကောင်မလေးက မြန်မာပြည်ပဲ ပြန်သွားသလိုလို၊ တနေရာပဲ ထွက်သွားသလိုလို ကြားတယ်။ ကျနော်တို့ လည်း နောက်ပိုင်း မတွေ့မိတော့ဘူး"

ကျနော်က ညခင်းထမင်းဝိုင်းမှာ ကျနော်ကြုံဖူးတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြနေမိတယ်။ ဆက်ပြီးတော့လည်း မေးခွန်း တွေ ထုတ်နေမိတယ်။ အခုမှပဲ လေထုက နည်းနည်းပိုအေးသလို ရှိလာတယ်။ အပြင်က ပိုးကောင်ငယ်တွေရဲ့ တစီစီအသံ ကြားနေ ရသလို အခြားဝိုင်းတွေက ရယ်သံ၊ စကားသံတွေလည်း ကြားနေရတယ်။ ထမင်း၊ ဟင်းကျန်တွေက အေးစက်လို့ အရိုး၊ အရင်း လောက်ပဲ ကျန်တော့တယ်။ အချို့ကလည်း သစ်သီးအချိုစားလို့ ထမင်းဝိုင်း သိမ်းဖို့ ပြင်နေကြပြီ။ ကျနော် ပြောပြတဲ့ အဖြစ် အပျက်ကို ကြားရတဲ့ သူတွေကလည်း စိတ်မကောင်းကြဘူး။

ဟုတ်တယ်။ တကယ်တော့ အနောက်နိုင်ငံတွေမှာ မိစုံဖစုံမဟုတ်ဘဲ ကလေးမွေးပြီး ကလေးကို စောင့်ရှောက်နေကြရတဲ့ မိခင် တွေ အများကြီးပဲ။ (Single mom) လို့ခေါ်ကြတယ်။ သူတို့ကိုလည်း အစိုးရတွေက စောင့်ရှောက်မှုအပြည့်အ၀ပေး ထားတတ် ကြတယ်။ လူမှုဖူလုံရေးစရိတ်တွေ ရသလို၊ ကလေးဖွံ့ဖြိုးမှုအတွက်၊ ကလေးတွေ ကျောင်းနေနိုင်ဖို့အတွက်၊ အခြား အကူအညီ တွေလည်း ရကြတယ်။ ငယ်ငယ်ရွယ်ရွယ် မှားယွင်းမိကြလို့ဖြစ်စေ၊ သဘောထားချင်း မတိုက်ဆိုင်လို့ မပေါင်းမိကြသည်ဖြစ်စေ ကလေးတယောက်နဲ့ အမေဖြစ်လာရတဲ့ကိစ္စဟာ ပြဿနာကြီးကြီးမားမား မဟုတ်သလို လူမှု အသိုင်းအ၀ိုင်းမှာ ဘ၀ကြီး တခု လုံး ဇတ်သိမ်းသွားရမလို အပြီးဆုံးရှုံးသွားရမယ့် အခြေအနေလည်း မဟုတ်လေဘူး။

ဒါပေမယ့် အခုလို ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့၊ ယဉ်ကျေးပါတယ်ဆိုတဲ့ ကျနော်တို့ အသိုင်းအ၀ိုင်းမှာမှ ဘယ်လို ဖြစ်ကြရ တာလဲ။ ကျနော်က တွေးနေမိတယ်။ ကလေးမလေးကို အရပ်ပျက်မလေးလို ဆက်ဆံကြတယ်။ တကယ်တော့ ကောင်မလေး ကြောင့် အရပ်က နာမည်ပျက်၊ အရပ်ကသိက္ခာကျရတာလား။ ဒါမှမဟုတ် အရပ်ကိုယ်တိုင်က ပျက်နေလို့ ကောင်မလေးက ပျက်သွားရတာလား မေးခွန်းထုတ်စရာကောင်းလှတယ်။ သဘောထားသိမ်ဖျင်း အနိုင်ကျင့်လိုတဲ့ လူဆိုး တွေကတော့ အနည်း စု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့ ကျနော်တို့လူမှု အသိုင်းအ၀ိုင်းက ဘာဖြစ်လို့ ဒီလို အခြေအနေကို ပုံမှန်ုဖြစ်နေ သယောင် လက်ခံနေကြရတာလဲ။ ဘာဖြစ်လို့ မသိကျိုးကျွံနေကြတာလဲ... စဉ်းစားစရာ ဖြစ်နေပြန်တယ်။

"ကျနော်တို့ လူမှုအသိုင်းအ၀ိုင်းမှာကိုက ဖခင်ကြီးစိုးရေးဝါဒ၊ မဟာဖိုဝါဒတွေက အမြစ်စွဲ တည်ရှိနေသေးလို့၊ ကြီးနိုင် ငယ်ညှဉ်း စိတ်ဓါတ်တွေ ရှိနေသေးလို့ ဒီလိုဖြစ်ရတယ် ထင်တာပဲ..." ကျနော်က ထင်မြင်ချက်ကို ပြောမိတယ်။

"မဟုတ်သေးဘူး ဆရာ" .. ကျနော့်မိတ်ဆွေ အမျိုးသမီးက ပြန်ပြောတယ်။ "ကျမအမြင်ကတော့ လူမျိုးရေးလည်း ပါလိမ့် မယ် ထင်တယ်။ ကြည့်လေ... အကယ်၍ ကလေးက အဖြူကလေး၊ (ဘိုပေါက်စကလေး) ဖြစ်နေရင်ရော၊ လူတွေက ၀ိုင်းပြီး ချစ်နေ တာမျိုးလည်း ဖြစ်နိုင်တယ်။ အကယ်၍ ကလေးအမေက ရပ်ရွာထဲက တယောက်ယောက်နဲ့ မှားယွင်းပြီး ကလေး ရတယ် ထားဦး၊ ကလေးအမေကို ဒီလို ဆက်ဆံတာမျိုးလည်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကလေးက အမဲကလေးဖြစ်တော့ တို့နဲ့ အမျိုး မတူဘူး။ သူတို့က တခြား၊ မျိုးဖျက်တယ် ဆိုတဲ့ အခြားအုပ်စုတခုထဲ သွင်းလိုက်တာလည်း ဖြစ်နိုင်တာပေါ့။ ပြောရရင် တခြား သေတ္တာတခုထဲ stereotyping လုပ်ပြီး ထည့်လိုက်တာလည်း ဖြစ်နိုင်တာပဲ။"

ဒါလည်း ဖြစ်နိုင်တာပေါ့။ စစ်ပွဲအတွင်းမှာ မုဒိမ်းပြုကျင့်ကြတဲ့ကိစ္စတွေ အကြောင်းကိုလည်း ကျနော်ဖတ်ဖူးတယ်။ အခြား ရန်သူ လို့ သတ်မှတ်ထားတဲ့ အုပ်စုတခုကို ကျိုးနွံသွားအောင်၊ သိက္ခာကျစေအောင်၊ သူတို့ရဲ့ အမျိုးကို ဖျက်နိုင်အောင် ဆိုတဲ့ ရည်ရွယ် ချက်နဲ့ မုဒိမ်းကျင့်တာကို လူတွေရဲ့ သားရိုင်းဗီဇ စိတ်ဓါတ်နဲ့ တမင်လုပ်ဆောင်ကြ ကျူးလွန်ကြတယ် ဆိုတာမျိုး ဖတ်ခဲ့ရဖူးတယ်။ စစ်ပွဲတွေအတွင်းမှာ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ သားကောင်ဖြစ်ကြရ၊ ပိုလို့ ဒုက္ခခံကြရ၊ ဓါးစားခံဖြစ်ကြရတယ်။ ဒီလိုအဖြစ်ဆိုးတွေက ရာစုမက ထောင်စုနှစ်ချီ ကြာခဲ့ပြီလို့ ဆိုရမယ်။ လူ့သမိုင်းတလျောက်ပဲ။ ဒီလို ကိစ္စတွေက အဆုံးမသတ် နိုင်သေးဘူးလား... စဉ်းစားနေမိတယ်။

အခု ကလေးမလေးက လူမဲတယောက်နဲ့ ကိုယ်ဝန်ရလာတော့ ရပ်ရွာက ရှက်တာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားရေး အစွန်း ရောက်တဲ့ အနေအထားမှာတော့ သူက "မျိုးဖျက်မ"ဆိုတာမျိုးအထိ စွပ်စွဲတာ ရှိလာခဲ့။ နောက်ဆုံး ရပ်ရွာက၊ ဒါမှ မဟုတ် အမျိုး သားရေး အစွန်းရောက်တဲ့ လူတချို့က မကျေနပ် ဒေါသတွေကို သူ့ဆီပဲ ပြန်ပုံအောချလိုက်သလိုမျိုး၊ ဒုက္ခရောက်သူကို မကူညီ ဘဲ လက်စားချေသလို ပြန်ဖိနှိပ်တာမျိုး ဖြစ်စေတော့တယ်။ မြေနိမ့်ရာလှံစိုက် အခြေအနေ ရောက်စေတော့တယ်။

"အင်းလေ.. လူမှုသိပ္ပံပညာရပ်မှာတော့ လူမှုဖွဲ့စည်းပုံအရ အကြမ်းဖက်မှု တည်ရှိနေတာမျိုး (structural violence) ကိုလည်း ဆွေးနွေးထားတာ ရှိတယ်။ သဘောကတော့ဗျာ။ အလုပ်မှာ ပင်ပန်း မကျေနပ်ဖြစ်လာတဲ့ ယောက်ျားက အိမ်ရောက်တော့ မိန်းမကို ရိုက်တာမျိုး၊ သူနိုင်ရာ လက်အောက်ငယ်သားကို ဖိနှိပ်တာမျိုး၊ အချင်းချင်း ပြန်အစွမ်းပြလို့ ရန်စောင်ကြ၊ ရန်ဖြစ် ကြတာမျိုးလည်း ရှိတတ်တယ်။" စကားဝိုင်းမှာ နားထောင်နေတဲ့ မိတ်ဆွေတယောက်က ၀င်ပြောတယ်။

"အင်းလေ... နောက်ဆုံးတော့ ကိစ္စအားလုံး ကောင်မလေးပေါ်မှာသာ အပြစ်ပုံချမိတာမျိုး ဖြစ်ရတာပေါ့"

"တကယ်တော့ဗျာ... ကျနော်တို့ အခု လူမှုသိပ္ပံတွေမှာလည်း ပြောဆို ဆွေးနွေးထားကြတာတွေ ရှိပါတယ်။ အကယ်၍ ကျနော် တို့ နေထိုင်တဲ့ လူမှုအဖွဲ့အစည်းရဲ့ဖိအား၊ လှိုင်းလုံးကြီးက သိပ်ကြီးနေရင် ငါးတကောင်က ဘယ်လို ဆန်ကူးမှာလဲ။ ကျနော်တို့ လူအများက ဒီလိုတွေးခေါ် လက်ခံနေကြရင် ဘယ်သူတဦးတယောက်က စည်းအပြင်ထွက်ပြီး (သေတ္တာ အပြင် ထွက်ပြီး) တွေးမှာလဲ။ Out of the box ဆိုတာမျိုး ပြုမူဖို့က လူတဦးတည်းအတွက် ခက်ပေလိမ့်မယ်" ကျနော်က ချိန်ဆ ပြောနေမိတယ်။

ကျနော့် မိတ်ဆွေဆရာမက ၀င်ပြောလာပြန်တယ်။ "ကျမတို့ ခုနက လူတွေကို အုပ်စုခွဲခြားပြီး (တနည်း သေတ္တာထဲ) ထည့် တာမျိုး stereotyping ကိစ္စ ပြောခဲ့တယ်နော်။ အခု out of the box (သေတ္တာအပြင်ဖက်က) ထွက်ပြီး စဉ်းစားတာမျိုး၊ ပြုမူတာမျိုး ပြောလာကြပြန်တယ်။ ဆိုပါစို့။ ရပ်ရွာက လူတွေက သေတ္တာအတွင်းထဲမှာပဲ နေပြီး တွေးနေတယ် ဆိုပါစို့။ ဒီ ကောင်မလေးကလည်း သေတ္တာထဲမှာပဲ နေပြီးတွေးနေတယ်။ သူကလည်း out of the box ဆိုတာမျိုး မစဉ်းစားဖူးလေ။ သူ ကိုယ်တိုင်က သူများတွေက သူ့ကို သတ်မှတ်ထားတဲ့ အရပ်ပျက်မလေးဆိုတဲ့ လက္ခဏာ သတ်မှတ်ချက်ကို လက်ခံနေသလို ဖြစ်မနေဖူးလား။ သူကိုယ်တိုင်က ငြင်းပယ်ရင် မရဖူးလား။"

ဟုတ်ပါတယ်။ ကောင်မလေးကလည်း သေတ္တာအပြင်ထွက်လို့ ဘယ်တွေးနိုင်ပါ့မလဲ။ ကျနော်တို့ ပြောနေကြတဲ့ စဉ်းစားချက်၊ ပညာ၊ အတွေ့အကြုံ၊ သတ္တိ၊ ကုန်ကုန်ပြောရရင် လူတဦးမှာ ခွန်အားရှိလာဖို့ empowerment ဆိုတာမျိုးတွေက ဖက် ပေါင်းစုံ လိုအပ်ပါတယ်။ လူမှုအဖွဲ့အစည်းတရပ် အပြောင်းအလဲ (change) ဖြစ်ဖို့၊ တော်လှန်ရေးတရပ်နဲ့ လူမှုအဖွဲ့ အစည်းကို ပြောင်းလဲ ပစ်ဖို့ ကြိုးစားနေသူတိုင်းက ဒီလို လူထုတွေကို ခွန်အားမြှင့်တင်ပေးဖို့ ကိစ္စကို ပြောလေ့ရှိကြတယ်။ ကျနော်တို့ လုပ်နေကြတဲ့ ရပ်ရွာဖွံ့ဖြိုးရေး (community development) သင်တန်းတွေမှာလည်း ဒီလိုစကားတွေကို အကြိမ်ကြိမ် ပြောခဲ့သပေါ့။

"ဒါနဲ့ နေပါဦး... ဆရာကရော သူ့အတွက် ပိုက်ဆံတရာ၊ နှစ်ရာ ပေးတာအပြင် တခုခု လုပ်မပေးဖူးလား။ ထိုင်းနိုင်ငံမှာ ဒီလို လူမှုရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးတဲ့ အဲန်ဂျီအိုတွေလည်း ရှိတတ်တာပဲဟာ" ကျနော့်မိတ်ဆွေ အမျိုးသမီးက မေး လာတယ်။

ညက အခုမှ ပိုအေးလာသလိုပဲ၊ ၀ိုင်တခွက် နှစ်ခွက်ဝင်ထားတာတောင် ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ မြောက်ပြန်လေရူးကလည်း တချက်တချက် ဝှေ့နေတယ်။ ချင်းမိုင်တောင်တန်းပေါ် မှာ မြူငွေ့တွေ သိုင်းဝိုင်းဖွဲ့လာလို့ ညနက်လာပြီဆိုတာ သတိပြုလာမိ တယ်။

"ကျနော့်မှာလည်း ကျနော့်ဆင်ခြေတွေ ရှိနေတာပေါ့။ အကယ်၍ ကျနော်က ဒီကောင်မလေးကိစ္စကို အားတက်သရော ထဲထဲ ၀င်ဝင် ကူညီနေရင်တော့ ကျနော့်အမျိုးသမီးက ညိုညင်တာမျိုး၊ အထင်လွဲတာမျိုးလည်း ခံရနိုင်တယ်။ သိပ်စိတ်ဝင် စားနေ တယ်ဆိုတာမျိုးလည်း ထင်ခံရပြီး လင်မယားချင်းတောင် စကားများနိုင်သပေါ့။ နောက်ပြီး ကျနော်က ဒီဒေသမှာ နေထိုင်တယ် ဆိုပေမယ့် ဧည့်သည်သွား၊ ဧည့်သည်လာ ပုံစံမျိုး၊ ကျနော်က တခုခု ဆက်လုပ်ရင် ကျနော်နဲ့ ရပ်ရွာက လူတွေနဲ့လည်း နားလည် မှုလွဲတာတွေ၊ ပဋိပက္ခတွေ ရှိလာနိုင်တယ်။ တွန်းတွန်းတိုက်တိုက် လုပ်ရတာမျိုးလည်း ရှိလာ နိုင်တယ်။ နောက်တော့ ကျနော် ကလည်း အခြားအလုပ်တွေ များပါတယ်၊ မအားလှပါဘူး။"

တကယ်တော့ ဒီလို ဆင်ခြေတွေကို ပါးစပ်က ထုတ်ပြောပြီး ကျနော့်မိတ်ဆွေ အမျိုးသမီးကို ပြန်မရှင်းပြ ဖြစ်ပါဘူး။ "အင်းလေ.. ကျနော်လည်း အခြားအလုပ်တွေများနေတာနဲ့ တခါတခါ ခဏတဖြုတ်တွေ့မိတာလောက်ပဲ ရှိပါတယ်။ တွေ့တုန်းတော့လည်း နိုင်သမျှ ကူညီသလောက်ပါပဲ.... " ဗလုံးဗထွေး ပြန်ပြောနေမိတယ်။

ကျနော်က အစပိုင်း ကိုယ့်ကိုယ်ကို ပြည်ပမှာ၊ အမေရိကန် လူနေမှုအဖွဲ့အစည်းမှာ၊ ခေတ်သစ် လူမှုဆက်ဆံ ပေါင်းသင်းပုံကြား မှာ အတော်အနေကြာလာတော့ အတန်တော့ ပြောင်းလဲမှုရှိလာတယ်လို့ ထင်ခဲ့မိတယ်။ အခုမှ ဟုတ်ပါရဲ့လားလို့ ပြန်စဉ်းစား နေမိတယ်။
ကျနော်လည်း သေတ္တာထဲက တွေးနေတုန်းပဲလား... ဗလုံးဗထွေး ဆက်တွေးနေမိတယ်။

ယောဟန်အောင်
အောက်တိုဘာ ၁၉၊ ၂၀၀၈။

11 comments:

sawthanlwin said...

good post..
this post give me to think a lot..
thanks...

MaMa said...

မှန်တာပေါ့..
စာရေးသူ ဟာ သေတ္တာ ထဲက မထွက် ပဲ တွေးနေခဲ့တာ
ဒီဇာတ်လမ်းလေးသာ အမှန်ဆို ရင်...
အဲဒီကလေးမလေး က တစ်ကယ့် သနား စရာပဲ
Blog တစ်ခုရေး တင်နိုင်တဲ့ အနေအထားရှိနေတဲ့ လူတစ်ယောက်...
နိုင်ငံ အတွက် အကျိုး ရှိရာ ရှိကြောင်း လုပ်နေနိုင်တဲ့သူ တစ်ယောက် ဖြစ်ရဲ့သားနဲ့
သူ့ဇနီး လောက်တောင် အကြင်နာတရား မရှိတာ
ကျမ တစ်ကယ် စိတ်မကောင်းဘူး...
ကျမ အမြင်ကတော့ .နိုင်ငံရေး လုပ်တယ် ဆိုတာ
လူတွေ ရဲ့ အရေး .. ပိုမိုကောင်းမွန်တဲ့ ဘ၀တွေ အရေး
လုပ်တာမို့လို့ ... အခြေအနေ တစ်ခုမှာ... တစ်ယောက်တည်း အတွက် လုပ်ပေးနိုင်ခဲ့တယ် ဆိုရင်လည်း ... အကျိုး ရှိတယ်လို့ ထင်ပါတယ်..
....
ဒီ comment လေး ရေးရတာ.. အရမ်းဝေဖန် သလို ဖြစ်သွားရင် တောင်းပန်ပါတယ်..
ကျမက Gender နဲ့ပတ်သက်ရင် ထိခိုက်လွယ်သူ တစ်ဦးဖြစ်နေခဲ့ လို့ပါ...

pandora said...

လူ့အဖွဲ့အစည်းတခုရဲ့ နေသားကျနေတဲ့ သဘောထားတွေ ပြုမူနေထိုင်ပုံတွေကို ပြောင်းလဲဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့။ လူတွေရဲ့သဘာဝကိုက အပြောင်းအလဲကို ခုခံကြတယ် မဟုတ်လား။

မိန်းကလေး တစ်ယောက် ဒီလိုဖြစ်ရင် ဘာကြောင့်လဲ ဆိုတဲ့ တကယ့်အရင်းအမြစ်ကို ရှာဖွေ ကုသဖို့ ဘာလို့ မစဉ်းစားကြသလဲ။ သူကိုယ်တိုင်ရဲ့ အပြစ်ဖြစ်ခဲ့ရင်တောင်မှ ရှေ့လျှောက်ပြီး ကောင်းကောင်းမွန်မွန်ဖြစ်အောင် ဘာကြောင့် အခွင့်အရေး မပေးနိုင်ကြရသလဲ။ ခေါက်ကျိုးရိုးနေတဲ့ အတွေးအခေါ်တွေရဲ့ အပြင်ဘက်ကို ထွက်တွေးကြဖို့ဟာ လူတိုင်းနဲ့ ပတ်သက်တာ မှန်သော်လည်း စီမံအုပ်ချုပ်ခွင့် ရှိသူတွေကတော့ ပိုပြီး ဦးဆောင်ဦးရွက် လုပ်ပေးနိုင်သင့်တယ် ထင်ပါတယ်။ သို့သော်လည်း ဒီကိစ္စတွေဟာ သူတို့ရဲ့ ဦးစားပေး လုပ်ရမယ့် အလုပ်တွေထဲမှာ ပါမလာနိုင်သေးတာ ဒါမှမဟုတ် ပါသင့်တယ်လို့ မယူဆတာ ဖြစ်နိုင်နေပြန်တယ်။ ဒါကြောင့်လည်း အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ ပါဝင်လာကြရတာပေါ့။ ဒါပေမယ့် အဲဒီလို အဖွဲ့အစည်းတွေကို ရန်သူထင်နေတဲ့ အစိုးရမျိုးနဲ့ ကျတော့လည်း ခက်ပြန်ပါရော။

ဒီဇာတ်လမ်းထဲက အဖြစ်အပျက်နဲ့ ပတ်သက်လို့ပဲ ဆက်တွေးရရင်တော့ မိတ်ဆွေဆရာမ ပြောတာတွေအပြင် “တန်ဖိုး” ထားတာနဲ့ ပတ်သက်လို့ စဉ်းစားဖူးတာ ရှိပါတယ်။ ဇာတ်လမ်းထဲက လူမှုအဖွဲ့အစည်းတွေလို နေရာတွေမှာ (မြန်မာပြည်မှာရောပေါ့) အမျိုးသမီးတွေကို ဒီလိုကိစ္စတွေနဲ့ ပတ်သက်လာရင် ကျိုးကြောင်းမဆီလျော်တဲ့ ခွဲခြားမှု အနေအထားတခုမှာ တော်တော်ကို ရှိနေတယ်လို့ ထင်ပါတယ်။ လူ့အဖွဲ့အစည်း တခုလုံးရော အထူးသဖြင့် အမျိုးသားတွေရဲ့ ယေဘုယျ သဘောထားပေါ့။ တွေးမိတာတွေက ကွန်ထရိုဗာရှယ် ဖြစ်နေနိုင်တာမို့ ဒီနေရာမှာတော့ အသေးစိတ် မပြောတော့ပါဘူး။

စာရေးသူနဲ့ပတ်သက်လို့ ကျနော့်အမြင်ကတော့ သူလုပ်နိုင်ခဲ့သမျှအပြင် အခုလို အတွေးထဲမှာ ခံစားနေရာပေးပြီး အားလုံး သေတ္တာအပြင်ဘက် ရောက်နိုင်အောင် အားထုတ်ဝေမျှပေးခဲ့တာကိုပဲ ကျေးဇူးတင်ပါပြီ။

Yaw Han Aung said...

အခုလို တလေးတစား ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်။ မမကိုလည်း စိတ်မရှိပါ။ ကျနော့် ရည်ရွယ်ချက်ကိုယ်၌က ကျနော်တို့ လူ့အဖွဲ့အစည်းကို ဆန်းစစ်ကြည့်တဲ့ အမြင်နဲ့ ပြန်မေးခွန်းထုတ်ကြည့်တာ ဖြစ်သလို၊ ကိုယ့်ကိုယ်ကိုလည်း ပြန်ဆန်းစစ် မေးခွန်း ထုတ်ကြည့်တာပါ။ ကိုယ့်ဘာသာ သူရဲကောင်းကြီးလို ဒီနေရာမှာ ရေးမထားပါဘူး။ အရှိကို အရှိအတိုင်း တင်ပြ လိုတာပါပဲ။

လူလ said...

မင်္ဂလာပါ ကိုယောဟန်အောင်

အရပ်ပျက်မလေး အမှတ် ၁၊ အမှတ် ၂ ကို လာဖတ်သွားတယ်။
ဒီလို အမူအကျင့်တွေက အထူးသဖြင့် အရှေ့တိုင်းမှာပဲ တွေ့ရတယ်။ ဖခင်ကြီးစိုးတဲ့စနစ်ရဲ့ အားနည်းချက် တခုပဲ။

အင်း ကျွန်နော်တို့ လိုချင်တဲ့ ဒီမိုကရေစီနှင့်တော့ ဒီဓလေ့တခုက လုံးဝကို မလိုက်ဖက်တာပဲ။

အကျင့်တခုကို ဖြောက်ဖျက်ဖို့ဆိုတာ မျိုးဆက် သုံးဆက်လောက် အချိန်ယူရတယ်။ စုစုပေါင်း အနှစ် ၂၀၀ လောက်ပေါ့။ အမိမြန်မာပြည်မှာ ဒီမိုကရေစီရသော်ငြားလည်း ဒီအကျင့်တော့ ချက်ခြင်းကြီး မမြင်နိုင်ပါဘူးလေ။ ဒါတောင် အစိုးရက ပညာပေးမှ ဖြစ်နိုင်မှာပါ။ ပုံမှန်ဆိုရင်တော့ ဓလေ့တခုလို စွဲနေမယ်၊ ဘယ်စနစ်ဖြစ်ဖြစ်ပေါ့။

ရွှင်လန်းချမ်းမြေ့ပါစေ...

Kay said...

အပိုင်း (၁) က- မေးခွန်းကို ပြန် စဉ်းစားရင်- ဗမာပြည်မှာ- အမျိုးသမီး အခွင့်အရေး တွေ တကယ်ပဲ ဆုံးရှုံးနေသလား ဆိုတာပါ။ နားလည်မိသလောက်တော့..သိပ်ကို ဆိုးဝါးတဲ့ နိုင်ငံတွေ နဲ့ ယှဉ်ရင် ဗမာပြည် ဟာ၊ စိုးရိမ်စရာ အခြေအနေ တော့ ဖြစ်မလာသေးပါဘူး။ စာမှာရေးထားသလို- ပြည်တွင်းစစ် ဒဏ်ကြောင့် ..License to Rape ကိစ္စ နဲ့ စီးပွားရေး ခြွတ်ခြုံကျမူ က..ကပ်ပါလာတဲ့.. Sex Trade တွေလောက်သာ၊ စိုးရိမ်စရာ မို့၊ ဒီကိစ္စတွေဟာလည်း၊ အစိုးရ တခု ကောင်းမွန် တိုးတက်လာရင်၊ ပြုပြင် လို့ရကောင်းတယ်လို့ ယုံကြည် မိပါတယ်။

ပိုဆိုးတာက..ကိုးကွယ်ယုံကြည်တဲ့ ဘာသာ ကြောင့်.. အရိုးစွဲ နေ တဲ့ စွန့်မပစ်ဝံ့ တဲ့ အစဉ်အလာ တွေ ကြောင့်၊ ဖြစ်ပေါ်နေတဲ့ အမျိုးသမီးပြသာနာတွေက ပို ၀မ်းနည်းစရာ ကောင်းနေတယ်။ အာဖရိက တချို့ဒေသ တွေက.. Women circumcision တွေကြောင့်...ကျန်းမာရေး ဆိုးကျိုးတွေဖြစ်နေတာတွေ၊ အိန္ဒိယ တချို့ဒေသ တွေက..လင်သား-သားသမီးတွေက ပြစ်ထားတဲ့..မုဆိုးမ ရွာကြီးတွေ၊ နောက်..ခေါင်းမြီးခြုံရုံ တင်မက..ကျောင်းမှာ ရည်းစားထားမိလို့..မိသားစု အရှက်ရစေတယ်ဆိုပြီး..သက်သေပြစ် ကြတဲ့ အရှေ့အလယ်ပိုင်းက..ဆယ်ကျော်သက် တချို့၊ စသဖြင့် ပြသာနာတွေကတော့..များပြားလှပါတယ်။ အနီးဆုံး ထိုင်းနိုင်ငံမှာတောင်.. လည်ပင်းကြေးကွင်းစွပ်တဲ့ ဓလေ့တခုကို ထိန်းသိန်းရင်း..လူစင်စစ်က..မျောက်ဖြစ်ရတဲ့ ပဒေါင်အမျိုးသမီးတွေ၊ လူကြားထဲ သွားလာ ပညာသင်ချင်လွန်းလို့..ပြစားဖို့ ထားတဲ့ ရွာစခန်းတွေ ကနေ..ထွက်ပြေးကြတဲ့..ပဒေါင် မငယ်လေးတွေ၊ အင်း-- ပြောရင်း တော်တော်များလာနေပြီ။

ခု-စာထဲက..အရပ်ပျက်မလေး ပြသာနာကတော့.. အမျိုးသမီးငယ်က..သေတ္တာထဲက..ဖောက်ထွက် မတွေးတက်သလို၊ အရပ်ကလည်း၊ မဖောက် ထွက် ကြတာပါ။ တကယ်တော့..သိပ်ခဲယဉ်းလွန်းတဲ့ ပြသာနာ ကြီးလို့ မထင်ပါဘူး။ ဗမာ ယဉ်ကျေးမူ အစဉ်အလာတွေမှာလည်း..ချစ်ခင် နှစ်သက်စရာ တွေ များပြားသလို၊ မလိုအပ်တဲ့ ကျဉ်းမြောင်းမူ၊ အားနည်းချက်တွေ..ရှိနေ တာကလည်း တချက်ပါ။

စာရေးသူ နဲ့ ပတ်သတ်လို့ကတော့- ခုလို အတွေးနဲ့ယှဉ်ပြီး ဖော်ထုပ်ပြပေးတာလည်း၊ လုပ်ဆောင်မူ အပိုင်းတခု လို့ပဲ ထင်ပါတယ်။ အစိုးရ မဟုတ်သော..အဖွဲ့များရဲ့ အခန်းကဏ္ဌ တွေ သိပ်မြင့်မားလာတဲ့ ယနေ့ခေတ်မှာ- စာရေးသူ ရဲ့ မိတ်ဆွေ..ဆရာမ တို့လို လူမျိုးတွေ ကို အများကြီး အားကိုး မျှော်လင့် နိုင်ပါတယ်။ အခု- အဲဒီ စကားဝိုင်းမှ တဆင့်- ဒီပို့စ်လေး တခု က ကိုပဲ၊ လူမူ စီးပွား ပြုပြင်ပြောင်းလဲရေး- အတွေးအညောင့် လေးတွေ..ပြန့်ပွားစေ ပြီမို့၊ လက်တွေ့ ကို ကူးပြောင်းနိုင်ဖို့ပဲ လိုပါတော့တယ်။

ခင်မင်စွာဖြင့်-

mayrose14 said...

လူတွေဖြစ်လေ့ဖြစ်ထရှိတဲ့..တွေဝေမှု..စိုးရိမ်မှု..ကိုယ့်
ကိုထိပါးမှာစိုးမှု..စတဲ့ ကာရိုက်တာလေးတွေရောနှော
ထားတဲ့ ၀တ္ထုလေးတစ်ပုဒ်လို့ပဲမှတ်ယူချင်လိုက်တာ...
လောကမှာ..တကယ့်အဖြစ်အပျက်တွေကပိုပြီးဆန်းကြယ်
ရှုပ်ထွေးတာတော့အသေအချာပါပဲ...

Nyein Chan Aung said...

“အရပ်ပျက်မကလေး” ကိုအပိုင်း (၁) နဲ့ (၂) ကိုဖတ်သွားပါတယ်။ Gender ကိစ္စအမြင်တစွန်းတစ်စကို ဆွေးနွေးပေးသွားတာ ကျေးဇူးပဲ။ အစစအရာရာ အဆင်ပြေပါစေ ကိုအောင်သူ။

ဂျစ်တူး - gyit_tu said...

ကိုယော ... ကိုယ့်ဘာသာ ပြန်ကြည့်ပြီး အရှိကို အရှိအတိုင်း ကိုယ့်ဘာသာ ပြန်ဝေဖန်ထားတာကို လေးစားပါတယ် ။ ကျေးဇူးလည်း တင်တယ် ။

ချင်းမိုင်က အဖွဲ့အစည်းက လူတွေရဲ့ retreat ဆန်ဆန် စကားဝိုင်းတွေအကြောင်းရဲ့ detailed description ကို ဖတ်ပြီး ၊ ကျမ ချင်းမိုင်တုန်းက ကြုံခဲ့ရတာကို သွား တွေးလိုက်မိတယ် ။ ကိုယော ပြောထားတဲ့အတိုင်းတွေပါပဲ ။

Frankly speaking, have you ever wondered how ironic it seems that here we are, sitting in a nice ambience; be it at a nice restaurant or in the comfort of our home, and engaging in long discussions about how we can improve the lives of our people while the situation in Burma remains the same?

As I see that year after year, the number of Burmese people struggling to make ends meet increases and the gap between the wealthy and the poor keeps widening, I truly begin to wonder whether all of our discussions have been too idealistic. Amidst our so-called intelligent discussions, have we missed out the importance of practicality?

I always believe that how valuable an idea is, depends highly on how implementable it is in reality. If we only have ideas which are not implementable, then we are not making any effective progress for our society. As such, no contribution has been done and our lengthy discussions end up hanging precariously on the border of almost becoming "redundant".

My very frank and direct opinion is that many organizations sometimes or even most of the times fall prey to such form of redundancy even with their well-planned retreats and highly energised brainstorming sessions for future strategies. When our discussions do not produce effective and tangible outcome upon being carried out, it is time for us to re-look into where we have gone wrong and start being practical.

Look at what happened in the case of the young girl in the story. You have learnt extensively about the social theories and has had so many such reflective discussions with other intellectual people. And yet, when faced with the real case of the young girl, you were not able to do more than just feeling pitiful and recounting about her in your current post. You were not able to do something substantial to change her life.

Many of us, with our big ideas, fall into such categories. Many a times, I feel guilty about having walked past the beggers on the streets of Burma during my trips there. Apart from giving them money, I was not able to do more. That moment of truth keeps nagging at me and I sincerely hope in my heart that, one day, I would be able to do something about such truth.

pandora said...

ဂျစ်တူးကို ရေးထားတဲ့ မှတ်ချက်ကို ဒီနေရာမှာလည်း ပြန်တင်လိုက်ပါတယ်။


တစ်ဦးချင်းကို တစ်ဦးချင်းက အပြီးတိုင်ကူညီနိုင်လိုက်ဖို့ကတော့ မဖြစ်နိုင်စရာ မရှိဘူး။ လက်တွေ့လည်းသိပ်ကျတယ်။ ဒါပေမယ့် အဲဒီတဦးချင်းတွေက အများကြီးဖြစ်နေတဲ့အခါ ဘယ်နှစ်ယောက်ကို ဒီလိုလိုက်ပြီး ကူညီနိုင်မလဲ။ အားကုန်လာလိမ့်မယ်။ ဒါဟာ လှု့အဖွဲ့အစည်းရဲ့ ပြသနာဖြစ်လာပြီ။ ဒါကို လူ့အဖွဲ့အစည်း တခုလုံး ကိုယ်တိုင်က ပြုပြင်ပြောင်းလဲ ယူမှပဲ ရနိုင်ပါတယ်။ အဲလို လူအများရဲ့ ပြသနာတွေ ကိုဖြေရှင်းချင်တဲ့အခါ စုပေါင်းတိုင်ပင်ဆွေးနွေးမှုတွေ ဖြစ်လာပါတယ်။ စာအုပ်ကြီးကြီးတွေ ရှာဖွေဖတ်ရှုပြီး အဖြေရှာကြပါတယ်။

ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူးလို့ ထင်စရာတွေက အဆင့်ဆင့်မှာ ရှိနေပါတယ.်။

အိမ်တအိမ်မှာ အိမ်ထောင်ဦးစီးတယောက်ဟာ အိမ်ရဲ့ ကိစ်စ အ၀၀ ကိုအာရုံမပြတ်ပူပန် စဉ်းစားလုပ်နေရတဲ့အခါ သမီးအငယ် ဒီနေ့ကျောင်းမှာ ခဲတံပျောက်နေတာကို လိုက်မဖြေရှင်းနိုင်ဘူး ဖြစ်သွားနိုင်တယ်။ ကလေးအတွက်ကတော့ သူ့အတိုင်းအတာနဲ့သူ အရေးကြီးနေမှာပဲ။

နိုင်ငံတနိုင်ငံအတွက် ရေရှည်ကောင်းသွားစေချင်လို့ အဖက်ဖက်က ပြောင်းလဲဖို့တွေကို အာရုံထားပြီး ကြီးကြီးကျယ်ကျယ် ကြံကြတဲ့အခါ တဦးချင်းရဲ့ ပြသနာတွေကိုကျတော့ အသေးစိတ် မလုပ်နိုင်တာရှိမယ။် အဲဒီတဦးချင်းခမျာမှာတော့ ဘ၀တခုပါပဲ။

ကမ္ဘာပေါ်မှာ နေရာအသီးသီးက ဆင်းရဲဒုကခ တွေ ပြသနာမျိုးစုံတွေကို ငြိမ်းမယ်ဆိုပြီး နိုင်ငံတကာကြားမှာ ဆွေးနွေးကြတဲ့အခါ ကိုယ့်နိုင်ငံရဲ့ အာဂျန်ဒါကို အချိန်ဘယ်လောက်ပေးနိုင်မလဲ။ အဲဒီနိုင်ငံမှာတော့ သေရေးရှင်ရေး ဖြစ်နေပြီ။

စာထဲက စကားတခုနဲ့ပဲ ပြောပါရစေဦး။ ငတ်နေတဲ့လူကို ငါးတကောင်ပေးရင် တနေ့စာဖူလုံမယ်။ ငါးဖမ်းနည်း သင်ပေးရင် တသက်စာဖူလုံမယ်.. တဲ့။ ကိုယ်က ဆက်တွေးချင်ပါတယ်။ ဒါပေမယ့် ငါးဖမ်းနည်း ပညာတွေကို ရှာဖွေနေတုန်း လူတွေအားလုံးကို ဘယ်လိုသင်ပေးရမလဲ တိုင်ပင်ဆွေးနွေးနေတုန်း အချိန်တွေကြာနေရင်တော့ ငတ်နေတဲ့လူခမျာ မစောင့်နိုင်တော့ဘူး သေသွားမှာပဲ။ ရေရှည်ပြသနာ အားလုံးအတွက် ပြသနာကို ဖြေရှင်းဖို့ ကြံစည်ကြတာ အရေးကြီးသလို တယောက်ချင်းရဲ့ လောလောလတ်လတ် အခက်အခဲတွေကို ပစ်မထားပဲ လက်တွေ့ကျကျလုပ်ဖို့ နှစ်ခုစလုံးက အရေးကြီးပါတယ်။ ချက်ချင်း အကောင်အထည်မဖော်နိုင်တာနဲ့ ဆွေးနွေးကြတဲ့ ဖြစ်စဉ်တခုလုံးကိုတော့ မှားယွင်းတယ်လို့ ပြောရခက်ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပဲ ပြန်ဆွေးနွေးပြီး ဘာမှားသလဲံ ထပ်ထပ်အဖြေရှာနေရဦးမှာပဲ။

ဒါပေမယ့်လည်း အဲဒီလိုဆွေးနွေးတဲ့အခါ ကိုယ်တကယ်ရှာဖွေနေသလား စေတနာပါရဲ့လား စကားလုံးတွေထဲပဲ နစ်မြုပ်နေမိသလား ဆိုတာကိုတော့ အသီးသီး ကိုယ့်ဘာသာပဲ သိကြမှာပဲလေ။ ဒါကြောင့် ဆန်းစစ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို မညာဖို့လိုပါတယ။်

လူဆိုတာ rational animal ပါ။ ကိုယ်က သက်တောင့်သက်သာ ဖြစ်သွားတဲ့အခါ အရေပြားတွေ ထူလာတတ်ကြတယ်။ ကိုပုထုဇဉ် တခါကပြောခဲ့တဲ့ ပူဖောင်းလေးတွေရဲ့ အပြင်ဘက် ဆိုတဲ့ ပို့စ်ကို သတိရမိတယ်။ ကိုယ်ပိုင်ဘ၀ အသီးသီးရဲ့ ပူဖောင်းလေးတွေ အပြင်ဘက်မှာ ငိုသံယိုသံ အော်ဟစ်သံတွေကတော့ ဆူနေမှာပဲ၊ အတ်တ တွေများလွန်းပြီး ဘာမှ မကြားနိုင်လောက်အောင် ပုဖောင်းလေးတွေ သိပ်မထူဖို့လိုတယ်။ သိပ်ပါးလွန်းရင်လည်း ကိုယ်ပိုင်ဘ၀တွေမှာ ဘယ်လိုမှ နေပျော်မှာ မဟုတ်တော့ဘူးလေ.။ ကိုယ့်ဘ၀မှာ ကိုယ်နေပြီး အမြဲအပြစ်ရှိသလို ခံစားနေရမယ် ဆိုရင်တော့ မဟုတ်သေးဘူးထင်တယ်။ ဖန်ဆင်းရှင်လည်း မဟုတ်တဲ့အတွက် အားလုံးကို ကိုယ်တယောက်ထဲက လိုက်ဖြေရှင်းနေနိုင်မှာမဟုတ်ဘူး။ တရားအပြည့်အ၀ ရနေတဲ့ သူတော်စင်မဟုတ်သေးတဲ့အတွက်လည်း စိတ်ကိုထားတတ်မှာမဟုတ်သေးဘူး ။ ဒီလိုပဲ ပူတဲ့အခါ ပူလိုက် ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီး လုပ်နိုင်သမျှ လုပ်လိုက်နဲ့ ဆက်ပြီး ရှင်သန်နေကြရဦးမှာပဲ။ ဒါလည်း လက်တွေ့အမှန်တရားတခုပဲ မဟုတ်ဘူးလား။

ခင်မင်းဇော် said...

အင်း အရပ်ကိုချည်းအပြစ်ပြောလို့ မရနိုင်သေးဘူးထင်တယ်။ ဒီအဖြစ်အပျက်မှာ အဓိက ဇာတ်ကောင်က ကောင်မလေးဆိုရင် သူကိုယ်တိုင်မှာ ရုန်းကန်ရဲဖို့ သတ္တိရှိဖို့လဲ လိုမယ်။ သူ့ဆီညဖက်လာသူတွေကို သူ လက်မခံနိုင်ဖူး ဆိုတာကိုလဲ တရားဝင် တုန့်ပြန်ရမယ်။ ဒီလိုလုပ်မယ်ဆိုရင် အရပ်ကနေနိုင်မယ် မဟုတ်ဘူးထင်ပါတယ်။ တခါမှားတာမှားတာပေါ့။ ဒီတော့ ဒီကောင်မလေးသတ္တိတွေ ၊ အသိပညာတွေ ရှိနေဖို့မှာတော့ သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ် မူတည်မယ်။ ဟော်တယ်တခုမှာ အလုပ်ရထားတယ် ဆိုတော့ သိပ်လဲ အရည်အချင်းနည်းမယ် မထင်ဘူး။ သူကိုယ်တိုင် ဒီနွံမှာ အနစ်ခံချင်သူဖြစ်နေရင်တော့ အရပ်က ၀င်ဆွဲလဲ လွယ်မယ်မထင်ပါဘူး။
အရပ်ကိုရော သူကိုယ်တိုင်ကိုရော ဝေဖန်နိုင်ဖို့ ဆိုတာက တကယ့်ဖြစ်ရပ် အသေးစိတ်တွေ အခြေအနေတွေ သိမှဖြစ်မယ်ထင်တယ်။ ဖိုဝါဒတွေကြီးစိုးလို့ ဆိုတာမျိုးကတော့ မဟုတ်နိုင်သေးဘူး ထင်ပါတယ်။
ကေပြောခဲ့သလိုပါပဲ ။ အစိုးရတခု ပြောင်းလဲ လာခဲ့ရင် ဒီလိုဖြစ်ရပ်မျိုးတွေ ဖြေရှင်းဖို့ သိပ်ခက်မယ် မထင်ပါဘူး။
ကောင်မလေးကိုယ်တိုင် တွန်းလှန်ရဲတဲ့ သတ္တိရှိဖို့ အလိုအပ်ဆုံးပါပဲ။ ကိုယ်တိုင်သာ အခရာပါ။
ဒီတော့ အမျိုးသမီးအခွင့်အရေး လိုချင်သူတွေအနေနဲ့လဲ ကိုယ့်အမျိုးသမီးတွေကို အရည်အချင်းစွမ်းအင် မြှင့်တင်ပေးနေဖို့ လိုအပ်နေတယ်ဆိုတာလဲ ဒီပို့စ်ကနေတဆင့် ခံစားရလိုက်တယ်။ ဆိုင်မဆိုင်မသိ ၀င်ပွားကြည့်တာပါ။

Recent Comments