Pages

Saturday, October 18, 2008

အရပ်ပျက်မကလေး

(၁)
ဒီဖြစ်ရပ်အကြောင်းကလေးက ကျနော့စိတ်ထဲ စွဲစွဲထင်ထင် ရှိနေတယ်။ တချိန်ချိန်တော့ အကြောင်းသင့်ရင် စာရေးဖြစ် မယ် တေးထားပေမယ့်လည်း မရေးဖြစ်ခဲ့ဘူး။ ဒါပေမယ့် အကြောင်းတိုက်ဆိုင်တော့ အခု စကားဝိုင်းမှာ ဒီဖြစ်ရပ်ကလေးကို ပြန်ပြော ပြမိတယ်။

စကားဝိုင်းက မထင်မှတ်ဘဲ စမိကြတယ်။ ဆယ်မီနာ အစည်းအဝေးတခုအပြီး ညစာစားပွဲဖြစ်ကြတယ်။ ချင်းမိုင်မြို့ တောင်ပေါ် မှာရှိတဲ့ စားသောက်ဆိုင်တခုမှာ အစည်းအဝေးကို ပျော်ပျော်ရွှင်ရွှင် ပိတ်ပွဲအနေနဲ့ သွားစားကြတာပဲ။ ၀ိုင်ကလေး တခွက် နှစ်ခွက်၊ ဘီယာလေး တခွက်နှစ်ခွက် အသောက်အစားကလေးလည်း ပါသပေါ့။ ထမင်းစားကြ စကား ပြောကြရင်း အကြောင်း အရာတည့်သူချင်း လေရှည်ဖြစ်ကြတယ်။ ကျနော့်မိတ်ဆွေ အမျိုးသမီးက မြန်မာပြည် အဲန်ဂျီအို လောကမှာ အမျိုးသမီး ပရောဂျက်တွေဆိုရင် စိစစ်အကဲဖြတ်ပေးရတာ၊ အကြံပေးရတာတွေ လုပ်ရလေ့ရှိတယ်။ အမျိုး သမီးရေးရာ ကိစ္စတွေဆိုရင် လည်း တက်တက်ကြွကြွ လုပ်နေသူတဦးပါ။ အခုလိုခေတ် နောက်ပိုင်းမှာကလည်း ဘာကိစ္စ လုပ်လုပ် ကျား-မတန်းတူရေး ပြောလာသလို၊ (gender streamlining) လို့ခေါ်တဲ့ အမျိုးသမီး-အမျိုးသား တန်းတူရေး ကိစ္စ ကို ထည့်သွင်းစဉ်းစားဖို့၊ ဘာ လုပ်လုပ် နေရာတကာမှာ အမျိုးသမီးတွေအရေးကို နေရာပေးစဉ်းစားဖို့ ဆိုတာမျိုး ပိုက်ဆံပေး တဲ့ အလှူရှင်တွေကရော တိုက်တွန်းကြ၊ အကောင်အထည်ဖော်သူ အဲန်ဂျီအိုတွေကပါ လိုက်လုပ်ကြရတဲ့ အခြေအနေဖြစ် လာခဲ့တယ်။

ဒီလိုနဲ့ စကားတွေက တောင်ရောက်၊ မြောက်ရောက်၊ အမျိုးသမီးတန်းတူအခွင့်အရေး ကိစ္စတွေပါသလို၊ မြန်မာ့ လူမှုအဖွဲ့ အစည်းအပေါ် ဘယ်လိုမြင်ကြသလဲ စသဖြင့် ရှည်ရှည်ဝေးဝေး ပြောဆိုဖြစ်ကြတယ်။

ရာသီဥတုကလည်း သီတင်းကျွတ်ပြီးစ မိုးအကုန် ဆောင်းဝင်လာတယ် ဆိုပေမယ့် ပူနေတုန်းပဲ။ သစ်ရွက်ကြွေ မာခေါက် ခေါက် တွေ မြေပြင်ပေါ် ရှပ်ပြေးနေသံလည်း ကြားနေရတယ်။ အစုအစုလိုက် စကားဝိုင်းတွေ ဖြစ်နေကြတာ ကျနော်တချက် လှည့် ကြည့်မိတယ်။ ကျနော်တို့ ကိုယ်တိုင် အတော်ပြောင်းလဲသွားကြတယ်လို့ သတိထားမိလိုက်တယ်။ တကယ်တော့ လည်း သူ့ရေ၊ သူမြေနဲ့ ကြီးပြင်းဖြတ်သန်းမှုအရ ပြောင်းလဲသွားကြတာတော့ မဆန်းလှပါဘူး။ အခုဆိုရင် စဉ်းစားကြည့်လေ .. မြန်မာနိုင်ငံ အရေး ဘယ်လိုကောင်းအောင် လုပ်ကြမလဲ ဆွေးနွေးတာကိုက ထိုင်းနိုင်ငံ၊ ချင်းမိုင်လို နေရာမျိုးမှာ ဖြစ်နေ ကြရတယ်။ မြန်မာ ပြည်သူတွေက သူတို့အရေးကို ဒီမှာ ခေါင်းခြောက်ခံ စဉ်းစားပေးနေတာကို သိကြမှာ မဟုတ်သလို၊ ကျေးဇူးတင်ဖို့ဆိုတာ ဝေ လာဝေးတော့မယ်။ တခါ အဖွဲ့အစည်းတွေရဲ့ ကြီးပြင်းဖွံ့ဖြိုးပုံကလည်း အနောက်တိုင်းဆန်လာ တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းပဲ ပြောရမှာပ။ ကျနော်တို့ အဖွဲ့အစည်းတွေက နှစ်ကုန်လို့ မျက်နှာစုံညီ ဆွေးနွေးစရာရှိလာ ရင် retreat လုပ်လာကြတယ်။ အရင် လို နှစ်ပတ်လည် ညီလာခံတွေမဟုတ်။ တောတောင်ရိပ်သာယာတဲ့ ပျော်ပွဲစားဖွယ် အပန်းဖြေဖွယ်ကောင်းတဲ့ အရပ်တခုမှာ နားအေးပါးအေး အနားယူလို့ ဦးဏှောက်မုန်တိုင်းဆင်ကြတယ်။ ရှေ့ဗျူဟာဆွဲကြ တယ်။ ရေကူးရင်းလည်း စကားစမြီ တောင်တောင်အီအီ သူ့အကြောင်း ကိုယ့်အကြောင်း ဖလှယ်ကြတာလည်း ပါတာပေါ့။ နောက်တော့ ထမင်းစားပွဲတွေမှာလည်း ၀ိုင်ခွက်လေး တဆဆ၊ ဘီယာခွက်ကလေး တမမနဲ့ သံတမာန်ဂိုက် ဖမ်းတတ်လာ တယ်။ အခုလည်း ဒီလိုအစည်းအဝေး retreat တခုအပြီးမှာ ဖြစ်လာတဲ့ အလွတ်သဘော စကားဝိုင်းပါ။

လူတွေက သူသန်ရာ သန်ရာ ပြောနေကြလေရဲ့။ အစားအစာတွေ ကောင်းသလို၊ ၀ိုင်ကလေး ဘီယာကလေးကလည်း အာကို သွက်လာစေတယ်။ အခု ဆိုင်က အစားအစာ နာမည်ကြီးသလို လှပတယ်။ မြန်မာပြည်က ဘုရားတန်ဆောင်းတွေ ပုံစံမျိုး ကနုတ် ပန်းခက်တွေ၊ ရွှေပိန်းချတိုင်တွေ၊ ပြာသာဒ်တွေနဲ့ တောင်ကုန်းကလေးတခုအပေါ်မှာ ဆောက်ထားတာ။

စားသောက်ဆိုင်ထက် မသိရင် ဘုရားစောင်းတန်းလိုလို၊ ဘုရင့်နန်းတော်လိုလိုနဲ့ ပိုတူနေတယ်။ ဆိုင်ရောက်စမှာ ကျနော် တို့က ပြောဖြစ်ကြသေးတယ်။ မြန်မာပြည်မှာ ဒီဆိုင်လိုမျိုး ဆောက်ခွင့်ရဖို့တောင် ခပ်ခက်ခက်ရယ်လို့ ဆိုမိကြတယ်။ ဒီလို သာ ဆောက်မယ်ဆိုရင် ခွင့်ပြုချက်ယူလိုက်ကြရမယ့် ဖြစ်ခြင်း။ သာသနာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဌာနက စသဖြင့် ခွင့်ပြုချက် ရယူရဖို့တောင် ရှိနိုင်သလို၊ ဆောက်ခွင့်ရဖို့ ဖြစ်ချင်မှတောင် ဖြစ်လိမ့်မယ်။ အခုလို ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာတော့ ဒီလိုနေရာမျိုးဟာ နိုင်ငံခြား ခရီးသွားတွေအတွက် အဆန်းတပြား ရင်သပ်ရှုမော ဖြစ်နေစေတော့တယ်။

ချင်းမိုင်ကို ပတ်လည်ဝိုင်းထားတဲ့ တောင်တန်းကြီးပေါ်မှာကလည်း အခုလို လှပတဲ့ တည်းခိုခန်းတွေ၊ အပန်းဖြေစရာ နေရာ တွေက အပြည့်ဖြစ်နေတယ်။ ရှမ်းရိုးရာဗိသုကာဟန် (ထိုင်းမှာတော့ လန်းနယဉ်ကျေးမှုဟန်) နဲ့ ခေတ်သစ် ဗိသုကာပညာ ကို ပေါင်းစပ်လို့ ဆောက်ထားတဲ့ အဆောက်အဦတွေက ပုံစံဒီဇိုင်းအရ၊ အနုပညာအရ အံ့မခန်းရှိလှတယ်။ ထူးခြားတယ်လို့ ဆိုနိုင် တာက ချင်းမိုင်က ခေတ်ပေါ်မြို့ပြ ဖြစ်လာချိန်မှာ၊ တခဏထွက်လိုက်ရင် ရောက်လာတဲ့ တောင်ပေါ်စခန်းတွေက တောရိပ် တောင်ရိပ်၊ သဘာဝဓါတ်ကို ချက်ချင်းရစေတယ်။ မန္တလေးက တခဏထွက်ရင်ရောက်တဲ့ မန္တလေးတောင်မှာက ဘာဖြစ်လို့ သည်လို မဖြစ်ရတာလဲ၊ ကျနော်အဖြေမရှိသလို၊ ကျန်တဲ့သူတွေလည်း အဖြေမရှိကြဘူး။

တကယ်တော့ နိုင်ငံချင်း နယ်နိမိတ်နီးသော်လည်း စဉ်းစားပုံ၊ ယဉ်ကျေးမှု၊ ဖြတ်သန်းပုံက ကွာလာကြတယ်။ ကျနော်တို့ အပါ အ၀င်ပေါ့။

ပြောနေကြရင်း စကားဝိုင်းမှာ ကျနော်က သိချင်တာ စူးစမ်းသူလို ဖြစ်လာခဲ့တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေက အမှန် တကယ် အခွင့်အရေး ဆုံးရှုံးနေပါသလား။ ဒါမှမဟုတ်ရင် စစ်အစိုးရ ပြောနေသလို မြန်မာအမျိုးသမီးတွေဟာ ထုံးတမ်းစဉ် လာအရကို အခွင့်အရေး အပြည့်အ၀ ရရှိထားကြတဲ့သူတွေလား။ ဒီနေ့ ပြည်ပမှာရှိနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ပြော နေကြတာက သိပ်အနောက်တိုင်း ဆန်လွန်းနေသလား။ နိုင်ငံခြားက ပြောနေတာကို ဘာသာပြန် ပုံတူကူး ပြောနေတာ မျိုး ဖြစ်နေသလား။ စသဖြင့် မေးခွန်းတွေရှည်နေမိတယ်။

"ဒါကတော့ ဆရာရယ်... လူ့အခွင့်အရေးဆိုတာတောင်မှ မရှိတဲ့ ကျမတို့ နိုင်ငံမှာ အမျိုးသမီးအခွင့်အရေး ဆိုတာလည်း အတူ တူပါပဲ။ ဘယ်မှာ ရှိပါ့မလဲ" လို့ သူက ပြန်ဖြေပါတယ်။ ကျနော်က သူ့ကို လေးစားသမှုနဲ့ ဆရာမလို့ ခေါ်သလို သူက လည်း ကျနော့်ကို ဆရာလို့ ပြန်ခေါ်တယ်။ တက္ကသိုလ်တခုနဲ့ ပူးပေါင်းလုပ်နေတဲ့ ကျနော်တို့ အလုပ်သဘောသဘာဝ ကြောင့် သည်လိုခေါ်တာလည်း ဖြစ်နိုင်လေရဲ့။ ဆက်ပြောဖြစ်ကြတဲ့ မိုက်ကယ် ကော့မင်း (Michael Kaufman) ရဲ့ ပီ ၇ လုံး (7 Ps) ကိစ္စတွေလည်း ရောက်လာတယ်။ သဘောကတော့ အိမ်တွင်း အကြမ်း ဖက်မှုမှာ ယောက်ျားတွေသာယာနေတဲ့ အကြမ်းဖက်မှု က ဘယ်က မြစ်ဖျားခံလာသလဲ စူးစမ်းကြည့်ထားတဲ့ ကိစ္စတွေပါ။ ဖခင်ကြီးစိုးမှုအာဏာ (patriarchy power) လိုမျိုးကနေ အခွင့်ထူးခံလိုစိတ် (previlege)၊ အတိတ်အတွေ့အကြုံ (past experiences) စသဖြင့် ဇာစ်မြစ်တွေကို မိုက်ကယ် ကော့ဖ်မင်း ဆိုသူက ဆန်းစစ်ကြည့်ထားတယ်။

ဒီလိုနဲ့ ကျနော့်စိတ်ထဲ စွဲစွဲထင်ထင်ရှိနေတဲ့ ဖြစ်ရပ်ကလေးကို ပြန်ပြောပြမိတယ်။

(၂)

ကျနော် နေတဲ့အရပ်က မိန်းကလေးတယောက် အကြောင်းပဲ။
ကျနော်နေတဲ့ အရပ်ရဲ့ ထူးခြားချက်ကိုလည်း ထည့်သွင်းပြောမှ ပို ပြည့်စုံလိမ့်မယ်။ ကျနော်က ထိုင်း-မြန်မာ နယ်စပ်က မြို့ ကလေးတခုမှာ နေတယ်။ အိမ်ထောင်ကျတယ်။ ထိုင်း-မြန်မာနယ်စပ်က ဒေသတွေရဲ့ ဖြစ်တည်ပုံအတိုင်း နေထိုင်ကြတဲ့သူ တွေက မြန်မာနိုင်ငံဖက်က တချိန်က ရွှေ့ပြောင်းအခြေချလာတဲ့သူတွေ၊ လတ်တလော အခြေချလာသူတွေ၊ ရေကြည်ရာ မြက်နုရာ ရှာလာကြသူတွေ များတယ်။ ထိုင်းလူမျိုးဆိုတာက အုပ်ချုပ်ရေးအာဏာပိုင်ပိုင်းလောက်ပဲ ရှိတတ်ကြတယ်။ ပြောရရင် ဓလေ့စရိုက်တွေကလည်း ကျနော်တို့ လူမှုအဖွဲ့အစည်းနဲ့ အတော်တူတယ် ပြောရလိမ့်မယ်။ ထိုင်းတီဗွီဇာတ်လမ်း တွေကို စွဲစွဲလမ်းလမ်းကြည့်တာရယ်၊ နောက်ပေါက် ကလေးတွေက ထိုင်းစကားပြော၊ ထိုင်းတယောက်လို နေထိုင်ကြတာရယ် လောက်တော့ ကွာလာကြတယ်။ လမ်းမလျှောက်ချင်ပဲ တနေရာရာဆိုရင် မော်တော်ဆိုင်ကယ်နဲ့ သွားချင်တာ၊ မီး မလာရင် မနေတတ်တာမျိုးတော့ ကွာလာတယ်။

ဒီမြို့ကလေးမှာ လူတွေက မြန်မာနိုင်ငံမှာလိုပဲ ဟင်းနီနီတွေ ချက်စားကြတယ်။
ပုဆိုး၊ ထမီဝတ်သွားလာကြတယ်။ ချဲတွက်ကြပြီး ချဲလောင်းသလို၊ ဘော်လုံးပွဲလည်း အကြီးအကျယ်လောင်းကြတယ်။ ဘုရားအကျယ်ကြီး အော်ပြီး ရှိခိုးကြသူတွေလည်း ရှိတယ်။ ရပ်ရွာသာရေး နာရေးပွဲတွေကလည်း မြန်မာပြည်နဲ့ သိပ်မခြား လှ ဘူး။ မော်တော်ဆိုင်ကယ်ကို အသံတ၀ီးဝီး အကျယ်ကြီးဖြစ်အောင် စက်ကိုညှစ်လို့ စီးတတ်တဲ့ လူငယ်တွေလည်း ရှိတယ်။
ရွာအရှေ့နဲ့ အနောက် လူငယ်တွေကလည်း တခါတလေ ရိုက်ပွဲဖြစ်တာတွေ ရှိကြပြန်တယ်။
ဦးဇင်းနဲ့ ရွာက အမျိုးသမီးတဦး သမီးရည်းစား ဖြစ်နေတာကိုလည်း မသိချင်ယောင်ဆောင်ပြီး နေတတ်ကြတဲ့ ရွာသားတွေ လည်း ရှိတယ်။

ဒါပေမယ့် သူတို့က မြန်မာနိုင်ငံကနေ ခွဲလာပြီးနေရတဲ့အခါကျတော့ လူမျိုးရေးအစွဲကလည်း သန်လွန်းလှတယ်။ သူတို့ အုပ်စုရဲ့ မျိုးရိုးဇာတိဂုဏ်၊ ယဉ်ကျေးမှု၊ ခေတ်စကားနဲ့ပြောရင်တော့ identity ကို အတတ်နိုင်ဆုံး ထိန်းနေတာလည်း ဖြစ်နိုင် သပေါ့။ ကျနော့်ကိုလည်း တခါတလေ "ဦးဗမာ" လို့ လူမျိုးခွဲလို့ ခေါ်တတ်ကြပြန်တယ်။

ကျနော့် အိုင်ဒင်တီတီ Identity က ဘာဖြစ်ပါသလဲ။ ဒါဟာလည်း ပြောင်းလဲတတ်တဲ့ သဘာဝရှိတာကို ကျနော်တွေ့နေရ ပြန် တယ်။ ကျနော်က မြန်မာနိုင်ငံက ထွက်လာတာကြာပြီ၊ မြန်မာလူမျိုးလို့ ခံယူထားတုန်းပဲ။ တခါတလေ ကျနော်က မြန်မာလို့ ကျယ်ကျယ်လောင်လောင် ခံယူတဲ့အခါ ရှိသလို၊ တခါတလေ မြန်မာတွေကို နှိမ်ချင်လွန်းသူတွေ ရှေ့မှာကျတော့ လည်း ကျနော်နိုင်ငံရေးခိုလှုံခွင့် ယူထားတဲ့ "အမေရိကန်က လာတာ" ဆိုတာမျိုး ပြောပြီး ပြန်ဒိုင်းလွှားကာမိပြန်တယ်။ ထိုင်းအစား အသောက်နဲ့ သူတို့ရဲ့ အချို့ဓလေ့ထုံးတမ်းလေးတွေကို သဘောကျမိပေမယ့်လည်း ကျနော်တို့က ထိုင်းမဖြစ်နိုင် ပြန်ဘူး။ ဒီနိုင်ငံမှာ မြန်မာပြည်ပြန်ဖို့ စောင့်ရင်း "အမြဲတမ်းဧည့်သည်ကြီး" တွေ ဖြစ်နေကြရပြန်တယ်။ ဒီလိုနဲ့ အမေရိကန်ကို ပြန်လိုက်၊ အလုပ်အတွက် ထိုင်းနိုင်ငံမှာ လာနေလိုက်၊ ကူးချည်သန်းချည်။ ဒါကြောင့်လည်း ဒီကောင်မကလေးအကြောင်း ကို အရင်က ကျနော် သတိမထားမိခဲ့တာ ဖြစ်မယ်။

" အစ်ကို... ခဏ ရပ်"
တနေ့မှာ ကျနော့်အမျိုးသမီးက တနေရာသွားတုန်း ကားခဏရပ်ဖို့ ပြောလာတယ်။ "သနားပါတယ်..." သူက ဆက်ပြော လာတယ်။ ခဏနေတော့ ကားပေါ်ကဆင်းပြီး အမျိုးသမီးငယ်တယောက်ဆီကို လျှောက်သွားတာ မြင်ရတယ်။ ပြီးတော့ ပိုက်ဆံ တရာလား၊ နှစ်ရာလား မသိဘူး ပေးတယ်။

အမျိုးသမီးငယ်က ဖြူဖြူ ကြည့်လို့ကောင်းတဲ့ ရုပ်ရည်မျိုးပါပဲ၊ မျက်နှာကတော့ ခပ်နွမ်းနွမ်းရှိတယ်။ ကလေးတယောက် လည်း သူနဲ့အတူ တွေ့ရတယ်။ ကျနော်ကတော့ အင်းလေ... သူ့ကိစ္စ သူရှိမှာပေါ့ ဆိုတာမျိုးပဲ သဘောထားမိပါတယ်။
နောက်တော့ ပြန်လာတော့မှ ဒီမိန်းကလေးအကြောင်းကို မိန်းမက ပြောပြလာတယ်။

ဒီမိန်းကလေးက အရင်က မြို့ကလေးမှာရှိတဲ့ မြို့လယ်ဟော်တယ်တခုမှာ အလုပ်လုပ်တယ်လို့ သိရတယ်။ စားပွဲထိုးလည်း ဖြစ် ချင်ဖြစ်မယ်။ သို့မဟုတ် အခန်းသန့်ရှင်းရေးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ တနေ့မှာ မြို့ကလေးကို လာလည်တဲ့ နိုင်ငံခြားသား တယောက်နဲ့ ညိစွန်း မိကြတယ်။ ငွေပေးဆက်ဆံတာမျိုး ဖြစ်နိုင်သလို၊ တညတာ လွန်ကျူးကြတဲ့ ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကပဲ သူ့ဘ၀ကို ဇောက်ထိုးပြောင်းပြန် ပြောင်းသွားစေခဲ့တယ်။ နောက်တော့ ကိုယ်ဝန်ရှိလာခဲ့တယ်။ ချုပ်ရရင်တော့ ကလေးတယောက် မွေးလာခဲ့တယ်။

ကလေးက လူမဲကလေးဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ ဟော်တယ်က သူအလုပ်ပြုတ်တယ်။ ကလေးတယောက်နဲ့ သူ့ဘ၀ကို သူ့ဖာသာ ကျောင်းရဖို့ ဖြစ်လာတော့တယ်။ တကယ်တော့ ကလေးအဖေက သိချင်မှတောင် သိပါလိမ့်မယ်။ တညတာ ကိစ္စဖြေရှင်းလိုက် တာမျိုးလည်း ဖြစ်နိုင်သလို၊ ပြီးပြီးပျောက်ပျောက် အပျော်သွား စိတ်ဖြေတဲ့ကိစ္စမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိန်း ကလေးအတွက် ကိစ္စက မပြီးမစီးနိုင် ဖြစ်လာရတယ်။

ရွာကလေးထဲမှာ မျက်နှာငယ်ရတယ်။ လူတိုင်းက နှိမ်ချင်ကြတယ်။ ဆေးဖော်ကြောဖက် မလုပ်ချင်သလို ဖြစ်လာတယ်။ အလုပ် ရဖို့လည်း ခက်လာခဲ့တယ်။ ကလေးက လူမဲကလေးဆိုတော့ အမေကိုယ်၌က ပျက်စီးဖောက်ပြန်နေလို့ ဆိုတာမျိုး လူတွေက သဘောထားကြတယ်။

ကျနော်တွေ့တော့ ကလေးက အခါလည်သားကလေးပဲ ရှိလိမ့်ဦးမယ်။ ကျနော့်အမျိုးသမီးက ကလေးကို သနားသလို၊ အမျိုး သမီးငယ်ကိုလည်း အမျိုးသမီးချင်း ကိုယ်ချင်းစာ သနားပုံရပါတယ်။ ကျနော် ဆက်ကြားရတဲ့ ဇာတ်လမ်းကလည်း ရင်နင့်စရာ ကောင်းလှတယ်။ ဒီလိုနဲ့ ကောင်မလေးက ရွာထဲမှာ အရပ်ပျက်မလေးလို ဖြစ်လာတယ်။ လူတွေက အနိုင်ကျင့်ကြတယ်။

သူနေတဲ့ ကွက်သစ်က အိမ်ကလေးကို ညညဆိုရင် ကျောရရုံကြံချင်တဲ့ လူတွေရောက်လာတတ်တယ် ဆိုတယ်။ သူ့အဖို့ ည တွေဟာ မှောင်အတိပြီးနေခဲ့မှာပေါ့။ ခြောက်အိပ်မက်တွေ ကြီးစိုးနေခဲ့မှာပေါ့။ အသားမဲတဲ့၊ ဆံပင်ကောက်တဲ့ ကလေး ငယ်က ညညဆိုရင် ကြောက်ပြီး ငိုနေမှာလား။ ကျနော် မသိနိုင်ဘူး။

"လူတွေက ဆိုးတယ်။" ကျနော့် မိန်းမက ကောင်မလေးအကြောင်း ပြောပြတယ်။
"ညညဆို ကောင်မလေးကို လာအိပ်ကြတယ်။ ပိုက်ဆံ ၁၀၊ ၂၀ ပေးသွားတဲ့လူလည်း ရှိတယ်။ ပိုက်ဆံ မပေးဘဲ ဒီအတိုင်း လာ အိပ် အနိုင်ကျင့်တဲ့သူလည်း ရှိတယ်။ အုပ်စုလိုက်လာတဲ့သူတွေလည်း ရှိတယ်"

" ရွာလူကြီးတွေက ကာကွယ်မပေးဖူးလား။ ကျန်တဲ့ သူတွေကရော သည်အတိုင်း ကြည့်နေကြတာလား။" ကျနော်က မေး မိတယ်။

ဆက်လက်ဖော်ပြပါမည်။ မျှော်.......

9 comments:

pandora said...

အပြီးရေးပြီးမှပဲ မှတ်ချက်ပေးတော့မယ်။
စိတ်ဝင်စားစရာ ကောင်းတယ်။

အောင်သာငယ် said...

ဆက်မဖတ်ချင်တော့ဘူးဗျာ။ အဲဒါပဲ ပြောချင်တော့တယ်။

MANORHARY said...

ဟုတ်တယ်
ဆက်မဖတ်ရဲတော့ဘူး

ဒူကဘာ said...

ဆက်ဖတ်ရယင်လဲ အဟိတ် တိရိစ္ဆာန်တွေလို အုပ်ဖွဲ့ညှင်းပမ်း ကြဦးမယ် ထင်ပါရဲ့၊ အဲလို အဖြစ်တွေ များလာတော့ ထုသား ပေသား ကျသွားမလား စိုးရိမ်ပါရဲ့ တို့ လူမှုအဖွဲ့အစည်း....?

Moe Cho Thinn said...

မျှော်..ဆိုလို့ မျှော်နေသည်။ ရင်နာနာ နဲ့..

Anonymous said...

We Burmese are not civic dealing with business ladies. Once, a group of youth made up of some engineering and medical students brought a business lady to their friend, a street thug's flat in the outskirts of Yangon. What happen next was that the street thug, who is the auxi fire brigade corporal (he is jobless, high school drop out guy), tried to get money back from that girl. Most of those college chaps did not intervene and the girl nearly lost her hard earned money after serving a group of horny young men. Later one of chaps intervened and that poor girl was allowed to go back home with her earned money. I was there, I saw that and this is not the first one, another time, I heard the business lady was negotiating with a bunch of illegal immigrant south asian youths as she scared to go with them for similar accidents. In Thailand, one business lady will not allow two customers at one day, that is more civic than our Burmese. To be honest, I am proud to be Burmese but I feel shame to be Burmese too for above accidents. I dont think visiting business girls, or making a living in that profession is a sin, what is a sin is not feeling shameful for abusing those poor chaps. Sometimes mother f..king police even involve in such acts. I want to cut their d..ks and ask them to work like those poor girls and they will feel emphalthy.

Anonymous said...

I mean "what is sin is abusing those poor chicks. "

Phone Kyaw said...

သနားဖို့အရမ်းကောင်းပါတယ်။ အရေးအသားကလည်းကောင်းဆိုတော့ ဖတ်ရင်းငိုချင်လာပါတယ်။အဲဒိအမျိုးသမီးသာ တတိယနိုင်ငံတခုခုမှာသာဖြစ်ရင် သိတ်ကောင်းမှာပါ။ မြန်မာလူမျိုးတွေအများစုက အကူအညီပေးဖို့ထက်ကဲ့ရဲ့တာများပါတယ်ဗျာ.......
ဘုန်းကျော်(လူ့ဘောင်သစ်)

sandar said...

တခါတလေဘ၀ကဆိုးတယ်

Recent Comments