" တကယ်ပဲ ခြောက်ကပ်တဲ့မြို့ပါ။
ဘုရားကျောင်းတွေလည်း ခြောက်ကပ်
လမ်းမတွေလည်း ခြောက်ကပ်
ပြတိုက်တွေမှာလည်း ခြောက်ကပ်
အရက်ဆိုင်တွေလည်း ခြောက်ကပ်
ဘူတာရုံတွေလည်း ခြောက်ကပ်
ဒီခြောက်ကပ်ကပ် မြို့တော်မှာ
အသုံးမကျတဲ့ သမတ တယောက်ရှိတယ်။
(သူ့မိန်းမနဲ့ မိသားစုကလည်း အသုံးမကျဘူး။) "
ဖတ်ကြည့်ရင် "နေပြည်တော်" လို့ ထင်နေဦးမယ်။ သူဖွဲ့တာကတော့ ၀ါရှင်တန်ဒီစီ မြို့တော်ပါပဲ။ ဒီမြို့တော်မှာတော့ တခါ တလေ တိတ်ဆိတ်ခြောက်ကပ်နေတတ်သလို၊ တခါတလေလည်း စည်ကား ဆူညံနေတတ်တာမျိုးတွေရှိပါတယ်။ ဒီမြို့ကို အချို့တွေက "လူသေ လူဖြူယောက်ျားတွေရဲ့ မြို့" (Dead White Men City) လို့လည်း ခေါ်တတ်ကြပါသေးတယ်။ ဆိုလို တာက ဒီမြို့မှာ သူရဲကောင်းအဖြစ်၊ ဂုဏ်သရေရှိ လူကြီးတွေအဖြစ် ထုလုပ်ထားတဲ့ ရုပ်ထုတွေကလည်း များသကိုး။ အဲသည် ရုပ်ထုတွေ ကြည့်လိုက်တော့လည်း သူရဲကောင်းတွေ ဆိုတော့ သေပြီးသားလူတွေချည်း၊ လူဖြူ သူရဲကောင်းတွေ ချည်း၊ ယောက်ျားတွေ ချည်းပဲလေ။ ဒါပေမယ့် ၀ါရှင်တန်ဒီစီကို ခုံမင်စွာလာလည်ပတ်နေသူ အမေရိကန် ပြည်သူတွေလည်း အများချည်းပါ။ သူတို့ ကတော့ လေးလေးစားစား တို့နိုင်ငံရဲ့မြို့တော် (Our Nation's Capital) လို့ ခေါ်ကြပါတယ်။
မြို့တော် ဆိုတော့လည်း ချောက်ကပ်တယ် ဆိုတာက ရုံးတွေချည်း ရှိနေလို့ပါ။ မြို့ထဲမှာ လက်ညှိုးထိုးမလွဲတာက အစိုးရရုံး တွေ ရယ်၊ ကွန်ဂရက်က ချပေးတဲ့ ရန်ပုံငွေအတွက် လှုပ်ရှားနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs) တွေလည်း ရှိပါ သေး တယ်။ နောက်ပြီး မြန်မာလို ဘာသာပြန်ပြောဖို့ခက်တဲ့ (Lobbyists) တွေလည်း ရှိပါသေးတယ်။ သူတို့က ကုမ္ပဏီ တွေ၊ အခြား ကိစ္စ ပေါင်းစုံတွေအတွက် အမေရိကန် ကွန်ဂရက်က ဥပဒေတွေ ချပေးနိုင်ဖို့၊ အမေရိကန် အစိုးရက တခုခု လုပ်လာစေဖို့ တိုက်တွန်း စည်းရုံးနေတဲ့ သူတွေပါ။ နောက်ပြီး Beltway Politics လို့ခေါ်တဲ့ အမေရိကန် နိုင်ငံရေးလည်း ရှိပါသေးတယ်။ ၀ါရှင်တန်မြို့တော်ကို 495 လို့ခေါ်တဲ့ ဟိုက်ဝေးကြီးနဲ့ ခါးပတ်ကွင်းလို ၀ိုင်းပတ်ထားပါတယ်။ ဒီလမ်းကို မြို့ရဲ့ ခါးပတ်ကွင်းလမ်း (Beltway) လို့ ခေါ်ပြီး၊ ဒီအထဲမှာ လှုပ်ရှားနေတဲ့ နိုင်ငံရေးပါပဲ။ အဲသည်မှာလည်း နောက်ကျော ဒါးထိုး တာတွေ၊ ကတုန်း ကတိုက် လုပ်တာတွေက အများသားပေါ့။ ဆီးနိတ်အမတ်တဦးကတော့ ပြောဖူးပါသေးတယ်။ "၀ါရှင်တန်မှာ ယုံကြည်ချင်တယ် ဆိုရင်တော့ ခွေးမွေးပါတဲ့" ။ ခွေးက ပိုပြီး သစ္စာရှိလိမ့်မယ်လို့ သူဆိုလိုချင်ပုံပါပဲ။
တခါတလေတော့လည်း မြို့ကဆူညံနေတတ်ပါတယ်။ တလောက အီရတ်စစ် (၅) နှစ်ပြည့် စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လုပ် တော့လည်း မြို့က ဆူညံ လှုပ်ရှားနေတတ်ပါတယ်။ တခါတလေလည်း ရာသီအလိုက် ပျော်ပွဲရွှင်ပွဲတွေ ရှိတဲ့အခါမှာ တော့ မြို့က ဆူညံသက်ဝင်နေတတ်ပါတယ်။
နိဒါန်းကတော့ မဆိုင်တာတွေနဲ့ ရှည်နေပါပြီ။ ကျနော် ပြောချင်တာက ချယ်ရီတွေ ပွင့်ဖူးတဲ့ ပွဲတော် (Cherry Blossom Festival) အကြောင်းပါ။ ဒီနေ့ မတ် ၂၈ ကနေပြီး၊ ဧပြီလ ၁၃ ရက်နေ့အထိ ကျင်းပပါလိမ့်မယ်။ ဒီဓါတ်ပုံမှတ်တမ်းတွေကို ဘလော့ သတင်းထောက်လုပ်ပြီး တင်ပေးလိုက်ပါတယ်။ [ရေးစရာ နည်းလာတော့ အကြံကုန် ဂဠုန်ဆားချက်ပေါ့လေ]
ဒီပွဲတော်အတွင်းမှာ မြို့တော်မှာ ချယ်ရီတွေနဲ့ လှပနေပါလိမ့်မယ်။ ချယ်ရီတွေ တကယ့်ကို ဝေေ၀ဆာဆာပါ။ သူ့ပွဲတော်ရဲ့ သမိုင်း က ဒီလိုစပါတယ်။ တနည်း နွေဦးရာသီကို ကြိုတဲ့ပွဲလို့ ပြောရင်ရသလို၊ ဂျပန်-အမေရိကန် ချစ်ကြည်ရေး အသွင် လည်း ဆောင် ပါတယ်။ ၁၉၁၂ ခုနှစ်က ဂျပန် တိုကျို မြို့တော်ဝန် ယူကီအို အိုဇာကီက အမေရိကန်နိုင်ငံကို ချယ်ရီပင်၊ ၃၀၂၀ ပင် လက်ဆောင် ပေးခဲ့ပါတယ်။ ချစ်ကြည်ရေးအတွက်ပါ။ အဲသည် အချိန်က အမေရိကန် သမတ ကတော် Helen Herron Taft နဲ့ ဂျပန် သံ အမတ် ကတော် Viscountess Chinda တို့က စိုက်ပေးခဲ့ကြပါတယ်။ ပထမအကြိမ် ချယ်ရီတွေ ပွင့်ဖူးလာတဲ့ အကြိမ်ပွဲတော်ကို ၁၉၃၅ မှာ စခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာတော့ ဆိုင်းငံ့ထားခဲ့တယ် ဆိုပါတယ်။ မကျင်းပခဲ့ပါဘူး။ ၁၉၆၅ ခုနှစ်မှာလည်း အပင် ၃၈၀၀ ကို ဂျပန်ကနေ သမတ ဂျွန်ဆင်လက်ထက်မှာ ထပ်ပြီး လက်ဆောင် ပေးခဲ့ပါသေးတယ်။
အခုအချိန်မှာတော့ ပွဲတော်ကို ၂-ပတ်လောက် ကျင်းပပြီး လှုပ်ရှားမှုတွေကတော့ အစုံပါ။ အားကစားပွဲတွေက စလို့၊ ဂျပန် အစား အသောက်၊ ယဉ်ကျေးမှု၊ ဓါတ်ပုံ ပြပွဲတွေ၊ သိုင်း ပြပွဲတွေ၊ ဆူရှီ/ဆာကေး ပြပွဲတွေ၊ အဆို-အကတွေ အစုံရှိပါလိမ့်
မယ်။ ၁၉၁၂ ခုနှစ်ကနေ ပို့ထားတဲ့ အပင်တွေရဲ့ မျိုးရိုးဗီဇကိုလည်း ဆက်လက်ထိန်းသိမ်းထားပြီး အခုအပင်တွေကိုလည်း
စနစ်တကျ စောင့်ရှောက်ထားတယ်လို့ ဆိုကြပါတယ်။
ဘာပဲဖြစ်ဖြစ် ဓါတ်ပုံရိုက်ချင်သူတွေအတွက် အကြိုက်ပေါ့ဗျာ။ ဒီလိုဆိုတော့လည်း မြို့တော်က ချောက်ကပ်ကပ်တော့ မဟုတ်လှ ပါဘူး။
လွတ်လပ်ရေးကျောက်တိုင်နဲ့ ချယ်ရီပင်အချို့

ခြေသွားလမ်းဘေးက ချယ်ရီပင်တွေ၊ အနံ့မွှေးသင်းသင်းလေး ရပါတယ်။


ချယ်ရီ ပွင့်ဖူးတဲ့ ပွဲတော် ဖွင့်ပွဲ

သောမတ်စ် ဂျက်ဖာဆင် အထိမ်းအမှတ်ကျောက်ရုပ်နဲ့ လမ်းဘေးက ချယ်ရီပင်တွေ
1 comment:
လှတယ်
Post a Comment