Pages

Sunday, April 12, 2009

ခေတ်ပြိုင်အမြင်၊ မြန်မာပြည်အတွက် မေးခွန်းများနဲ့ ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (စာအုပ်ဝေဖန်ချက်)

အမေရိကန်ပြည် အနောက်ဖက်ကမ်းမှာ ထုတ်ဝေတဲ့ မန္တလေးဂေဇက် သတင်းစာ (www.mandalaygazette.com) က ဦးသန့်မြင့်ဦးရဲ့ The River of Lost Footsteps စာအုပ်ကို စာအုပ်ဝေဖန်ချက် သဘောမျိုးတောင်းလာခဲ့ပါတယ်။ သူတို့က ခပ်တိုတို အနှစ်ချုပ် ဖော်ပြပေးပါလို့ ပြောပါတယ်။ ခပ်တိုတို ဆိုတော့ သတင်းစာ ၂-စောင်စာ ဖြစ်သွားရပါသေးတယ်။ ကျနော်ကတော့ ဒီစာတအုပ်နဲ့ လုပ်စားနေတယ်လို့ ထင်ကြပါတော့မယ်။

အခုသတင်းစာမှာ ဖော်ပြထားတဲ့ စာမူကို ပြန်လည်ဖော်ပြပေးပါတယ်။ ဖော်ပြပေးတဲ့ မန္တလေးဂေဇက်သတင်းစာ အယ်ဒီတာ အဖွဲ့ သားတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြပါရစေ။ အားလုံး ပျော်ရွှင်ဖွယ်သင်္ကြန် ဖြစ်ပါစေဗျာ။


(၁)
RFA ရေဒီယို မြန်မာအစီအစဉ်မှာ "မိတ်ဆွေများအတွက် စာလက်ဆောင်" ဆိုပြီး ဦးသန့်မြင့်ဦးရဲ့ ပျောက်ဆုံးသွားတဲ့ ခြေရာ တွေရဲ့ မြစ်တစင်း (The River of Lost Footsteps: A Personal History of Burma, Farrar, Straus and Giroux, New York, 2006.) ဆိုတဲ့ စာအုပ်ကို မိတ်ဆက်ပေးနေခဲ့တယ်။ စာအုပ်ဝေဖန်ချက်ထက်စာရင် စာအုပ်ကို ပြန်ပြောပြနေတာနဲ့တော့ ပိုဆင်တူလိမ့်မယ်။ အလုပ်သဘောအရ ဖတ်ရတော့ ပိုလို့သေချာဖတ်ဖြစ်တယ် ဆိုရမယ်။ မန္တလေးဂေဇက် သတင်းစာက ဒီစာအုပ်အကြောင်း ခြုံပြီး ဝေဖန်ချက်ရေးပေးပါလို့ မေတ္တာရပ်ခံလာခဲ့ပါတယ်။ ဒီလိုနဲ့ ဦးသန့်မြင့်ဦးရဲ့ စာအုပ်အပေါ် ကျနော် အမြင်ကို ရေးဖြစ်ပါတယ်။

ဦးသန့်မြင့်ဦး စာအုပ်ဖတ်စဉ်မှာ အချို့စာအုပ်တွေကိုလည်း တိုက်ဆိုင်ဖတ်နေရသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချို့ သမိုင်း အရ အမည်တွေ၊ မြန်မာအသံထွက်တွေကို မလွဲစေချင်ဘူး။ နောက်တချက်က ကျနော်ကိုယ်တိုင်လည်း အချို့ကိစ္စ တွေကို ပိုပြီးသိချင်လာလို့ ဖြစ်ပါတယ်။ ကျနော်က သမိုင်းပညာရှင် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကြောင့် မြန်မာ့ သမိုင်းကို ပိုပြီး စိတ်ဝင်စားလာမိတယ်လို့ ပြောရပါလိမ့်မယ်။ ဒီစာအုပ်ဖတ်နေချိန်မှာပဲ ဗန်းမော်တင်အောင်ရဲ့ ကိုလိုနီခေတ် မြန်မာနိုင်ငံ သမိုင်း၊ စာရေးဆရာပေါင်းစုံ ရေးထားတဲ့ ပုဂံ၊ ဒေါက်တာသန်းထွန်းရဲ့ ထွေထွေရာရာ မြန်မာ့သမိုင်း၊ အသစ်မြင် မြန်မာ့သမိုင်း၊ မြန်မာမင်းများ အရေးတော်ပုံ (အရေးတော်ပုံ ၆-စောင်တွဲ)၊ ဦးခင်မောင်ရင် (မဟာဝိဇ္ဇာ) ရဲ့ ခေတ်မြန်မာ တည်ဟန်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီထုတ် အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း (၁၉၇၀)၊ ဦးညိုမြရဲ့ ကုန်းဘောင်ရှာပုံ တော်၊ အပါအ၀င်၊ ဆရာမြသန်းတင့်ရဲ့ "တောင်သမန် ရွှေအင်းက လေညှင်းဆော်တော့" စသဖြင့် သမိုင်းစာအုပ်တွေကိုပါ ဖတ်ဖြစ်ခဲ့တယ်။ ဒီဖက်ခေတ်ကျတဲ့ စာအုပ်တွေဆိုရင် ဦးနုရဲ့ တာတေစနေသား၊ ၅-နှစ်ရာသီ မြန်မာပြည်၊ စစ်အစိုးရ တက် လာပြီးမှ ထုတ်တဲ့ မြန်မာ့နိုင်ငံရေး (၁၉၅၈-၆၂) ၃- အုပ်တွဲ စတဲ့ စာအုပ်တွေကိုလည်း ပြန်လှန်ဖြစ်ပါတယ်။ တူတဲ့အချက် တွေ တွေ့သလို၊ ကွဲလွဲနေတာတွေလည်း ဖတ်ခဲ့ရတယ်။

(၂)
ခြုံပြောရရင် ကျနော်ဒီစာအုပ်ကို ကြိုက်ပါတယ်။
ပထမအချက်က စာအုပ်ကို ဖတ်ချင်စဖွယ်ဖြစ်အောင် ပုံပြင်တွေ၊ ကိုယ်ရေးဇာတ်ကြောင်း စသဖြင့်နဲ့ ရှေ့နောက် အဖြစ် အပျက် တွေ လွန်းထိုးချယ်လှယ်ထားတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ စာရေးသူရဲ့ အဖိုး ဦးသန့်၊ ဦးသန့်ရဲ့ ရှေးမျိုးရိုးစဉ်ဆက် မိသားစု အကြောင်းတွေနဲ့လည်း ယက်ဖောက်လို့ စာအုပ်ကို သယ်ယူသွားခဲ့တယ်။ လူတဦး အကြောင်းနဲ့ ချုပ်ရိုးသဖွယ် သီဆက်သွားပေမယ့်၊ မျိုးရိုးအဆက်ဆက် ဖြတ်သန်းခဲ့ရတဲ့ မြန်မာ့သမိုင်းကိုတော့ ပေါ်လွင်ထင် ရှားပါတယ်။

ဒုတိယအချက်က ခေတ်ပြိုင်အမြင်တွေကို ဆက်စပ်တင်ပြထားတယ်။ ကျနော်တို့ ငယ်စဉ်က သမိုင်းကို သင်ခဲ့ရာမှာ မြန်မာ့ သမိုင်းက သက်သက်၊ ဒေသနဲ့ ကမ္ဘာ့အခြေအနေ သမိုင်းတွေက သက်သက် ဖြစ်နေခဲ့တယ်။ မဆက်စပ်မိကြဘူး။ အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့တဲ့ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်သလို၊ အခြားယှဉ်ဖတ် စရာ သမိုင်းစာအုပ်တွေနည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မိတ်ဆွေတယောက်က သူ့အတွေ့အကြုံကို ပြောပြတာ သတိရမိသေးတယ်။ တခါမှာ သူက အင်္ဂလန်မှာရှိတဲ့ ဗြိတိသျှ စစ်သမိုင်း ပြတိုက်တခုကို သွားလေ့လာခဲ့တယ်လို့ ပြောတယ်။ အဲသည်ရောက်တဲ့အခါ ကျနော်တို့ သမိုင်းမှာ သိနေတဲ့ ပထမ၊ ဒုတိယ၊ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ ၃-ကြိမ်နဲ့ ဗြိတိသျှတွေ ကိုလိုနီပြုပြီးတဲ့နောက် ရဲရဲတောက် မြန်မာတွေခုခံ ခဲ့ကြတဲ့ စစ်ပွဲတွေကို မတွေ့ရတော့ သူက မကျေနပ်ဖြစ်မိတယ်လို့ ပြောပါတယ်။ ကျနော်တို့မှာတော့ သမိုင်းမှာ နာကျည်း လိုက်ရတာ၊ ကျနော်တို့ သူရဲကောင်းတွေကလည်း ရဲရဲတောက် ခုခံလိုက်ရတာ၊ ဗြိတိသျှတွေလည်း မြန်မာသူပုန်တွေကို နှိမ်နင်းဖို့ နှစ်အတန်ကြာ လုံးပမ်း လိုက်ရတာ။ ဘာဖြစ်လို့ ဒီစစ်သမိုင်းပြတိုက်မှာတော့ မရှိလေသလဲပေါ့။ တကယ်တော့ ပြန်လေ့လာ လိုက်တဲ့အခါ ကျနော်တို့ မြန်မာပြည်ကို ကျွန်လာပြုသွားတာက အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးရဲ့ တော်ဝင် စစ်တပ် မဟုတ်ပါဘူး။ ကျနော်တို့ တိုက်ခဲ့ရတာက ဗြိတိသျှ စစ်တပ်နဲ့မှ မဟုတ်ပဲကိုး။ ကျနော်တို့ တိုက်ခိုက်ခုခံခဲ့ရတာက အဲသည်အချိန်က ၀န်ထမ်း ၁ သိန်း ကျော်ရှိနေတဲ့ အရှေ့-အိန္ဒိယကုမ္ပဏီ (East Indies Co.) ရဲ့ စစ်တပ်တွေနဲ့ တိုက်ခိုက်ခဲ့ရ တာ ဖြစ်ပါတယ်။ ကျနော်တို့ ကုန်းဘောင်မင်းဆက်ကာလ ဘုန်းမီးနေလ တောက်ပနေစဉ်မှာ မင်းအပေါင်းကို အောင်နိုင် သူ၊ မိမိဘာသာ အင်ပိုင်ယာ ပြည့်ရှင်အဖြစ် အိမ်နီးချင်း မဏိပူ၊ အာသံ၊ ရခိုင်၊ ဆိုင်ယမ် စသဖြင့်ကို နယ်ချဲ့သိမ်းပိုက်လို့ ကျေနပ်နေခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့တ၀ှမ်း ဖြစ်နေတဲ့ အခြေအနေ၊ ကြီးထွားလာနေတဲ့ ကမ္ဘာ့နယ်ချဲ့ကုမ္ပဏီကြီးတွေ ကို မျက်ခြေပြတ်ခဲ့ကြတယ် မဟုတ်လား။

ဒီလိုသမိုင်းဖြစ်ရပ်တွေကို ဦးသန့်မြင့်ဦးက သူ့စာအုပ်မှာ မြင်လွယ်တဲ့ ဥပမာတွေနဲ့ တင်ပြခဲ့ပါတယ်။ မန္တလေးနန်းမြို့ကို မင်းတုန်းမင်းကြီးက ၁၈၅၇ ခုနှစ်မှာ တည်ခဲ့ပါတယ်။ ဗေဒင်ကိန်းခမ်းတွေကြောင့်ပဲဆိုဆို၊ အခြား အကြောင်းကြောင့်ပဲ ဆိုဆို မန္တလေးနန်းတော်တည်နေတဲ့ အချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ မေစီ (Macy) ကုန်တိုက်ကြီး စဖွင့်နေပြီ ဆိုတာမျိုး နှိုင်းယှဉ်တင်ပြခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ နေပြည်တော်မြို့သစ်တည်နေချိန်မှာလည်း နိုင်ငံတကာမှာ အထီးကျန် ပိတ်ဆို့ခံထားရတယ်ဆိုတဲ့ အီရန်၊ မြောက်ကိုရီးယားကတောင် ဂြိုဟ်တုလွှတ်တော့မယ့် အချိန်၊ အခြား နိုင်ငံ တွေကလည်း ဇီဝင်အင်ဂျင်နီယာ ပညာတွေ၊ နာနိုတက္ကနိုလိုဂျီ စသဖြင့် ပညာတွေနဲ့ တိုးတက်ဖို့ ကြိုးပမ်းနေကြတယ် မဟုတ်လား။ သင်ခန်းစာ ယူစရာပါပဲ။

အလားတူပဲ ကျနော်ငယ်ငယ်က သမိုင်းမှာ အမှတ်မှားခဲ့တာကို ပြန်တွေးလို့ ရှက်မိပါသေးရဲ့။ ကျနော်ထင်တာက သမိုင်းမှာ သင်ကြားခဲ့ရတဲ့အတိုင်း ရဲဘော်သုံးကျိပ်တွေက အင်္ဂလိပ်တွေကို တော်လှန်ထုတ်လိုက်တာ၊ တခါ ကျနော်တို့က မတ်လ ၂၇ ရက်မှာ ဗိုလ်ချုပ်က သူ့တပ်တွေကို "အနီးစပ်ဆုံး ရန်သူကို ရှာတိုက်ကြ" လို့ မိန့်ခွန်းပေးပြီး ဂျပန်တွေကို ပြန်တိုက်ထုတ် ပြီးခါမှ အင်္ဂလိပ်တွေက စက္ကူဖြူစီမံကိန်းနဲ့ အခန့်သားဝင်လာပြီး နေရာယူကြတာ ရိုင်းလိုက်တာလို့ ထင်ခဲ့ပါသေးတယ်။ ကျနော်တို့ သမိုင်းသင်ခန်းစာတွေကလည်း ဒီလိုပဲ သင်ခဲ့ကြရတယ် မဟုတ်လား။ တကယ်ကတော့ ဂျပန်အမှတ် ၁၅- တပ်မတော်ကြီးက ကျူးကျော်လာလို့ ဗြိတိသျှတွေ ဆုတ်ကြရတာပါ။ အဲသည်အချိန်က မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဗြိတိသျှ ကိုလိုနီအစိုးရက ဘယ် လောက်ပြင်ဆင်မှု မရှိသလဲဆိုရင် လာဗုံးကြဲနေတဲ့ ဂျပန်လေယာဉ်တွေကို ပစ်ဖို့ စက်သေနတ်ကြီး တောင် ရန်ကုန်မှာ ရှိမနေ ခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်က အဲသည်အချိန်က ဂျပန်ရဲ့ စစ်ဆင်ရေးမှာ တစိတ် တပိုင်းအနေနဲ့ ရှေ့တန်းတင် အသုံးချလာတာ၊ ကျန်တဲ့ နောက်ခံ ဒုတိယကမ္ဘာ့စစ် အခြေအနေနဲ့ မဆက်စပ်မိခဲ့ကြပါဘူး။

အဲသည်အချိန်က မြန်မာနိုင်ငံကို လာရောက်သိမ်းပိုက်ခဲ့တဲ့ ဂျပန်တပ် က အင်အား ၃-သိန်းလောက် ရှိတယ် ဆိုပါတယ်။ ဒီဂျပန် တပ်တွေက နောက်ပိုင်း ၁၉၄၄ မတ်လမှာ အိန္ဒိယဖက်ကို ဆက်နယ်ချဲ့ပါတယ်။ မဏိပူ၊ အာသံ၊ နာဂလန်း ဒေသ ဖက်ကို ချဲ့ရတဲ့ အကြောင်းကလည်း ရှိပါသေးတယ်။ အမေရိကန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲခဲ့ပြီးနောက် စစ်ထဲဝင်လာပါပြီ။ ဥရောပမှာ လည်း ဂျာမဏီက စတင်ဆုတ်နေရပါပြီ။ ပစိဖိတ်ကျွန်းတွေမှာလည်း ဂျပန်တွေက တကျွန်းပြီးတကျွန်း ဆုတ်နေ ရပါပြီ။ သည်အချိန်မှာ တကယ်လို့ တချိန် အပစ်ရပ်ရရင်တောင် ဂျပန်က အိန္ဒိယကို သိမ်းထားပြီး၊ အသာစီးစင်ပေါ်က ဆွေးနွေးနိုင်ဖို့ အကြံနဲ့ စတင် ကျူးကျော်ခဲ့တာပါ။ အဲသည်မှာ ဂျပန်ဗိုလ်ချုပ် ရီညာ မူတာဂူချီ ဦးဆောင်ပြီး တပ်အင်အား ၂ သိန်း ကျော်နဲ့ ထိုးစစ်ဆင်ပါတယ်။ ဗြိတိသျှတွေက မဟာမိတ်တပ်သား ၅ သိန်းကျော်နဲ့၊ အကူလုပ်သား သန်းကျော်၊ ယာဉ် ယန္တယားပေါင်း ၅ သောင်းကျော်အပြင်၊ ဆင်တွေပါ စုဆောင်းလို့ ခုခံစစ် ဆင်ခဲ့ပါတယ်။ ဗြိတိသျှမဟာမိတ်တပ်တွေဖက်က တပ်မှူး ဆာ-ဝီလီယံ စလင်းက ကွပ်ကဲပါ တယ်။ ဗြိတိသျှ မဟာမိတ်တပ်တွေနဲ့ ဂျပန်တပ်တွေ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။

ဒီပွဲအပြီးမှာတော့ ဂျပန်က စစ်စလန်ပါတော့တယ်။ ဂျပန်ဖက်က ၈ သောင်းကျော်သေပြီး၊ အင်္ဂလိပ် မဟာမိတ်တပ်တွေဖက် က ၁၇,၀၀၀ သေဆုံးပါတယ်။ ဒီတိုက်ပွဲအပြီးမှာတော့ ဗြိတိသျှတပ်တွေက ဆုတ်လာတဲ့ ဂျပန်တပ်တွေနောက်ကို ဗြိတိသျှ တွေရဲ့ အမှတ် ၁၄ တပ်မတော်က လိုက်လာပါတော့တယ်။ မြန်မာပြည် ပြန်သိမ်းတဲ့ စစ်ပွဲမှာ အမှတ် ၁၉- အိန္ဒိယ တပ်မ၊ အမှတ် ၄- ဂေါ်ရခါးတပ်မ၊ ကနေဒါ၊ အမေရိကန် မဟာမိတ်တပ်တွေ စသဖြင့် ဒီဝီဇံ (division) တပ်ကြီးတွေ၊ တင့်ကား၊ လေယာဉ်တွေ၊ အမြောက်ကြီးတွေနဲ့ ထိုးစစ် ဆင်ခဲ့တာပါ။ အနောက် အာဖရိက ဒီဝီဇံတွေကလည်း ရခိုင်ဖက်က ထိုးစစ် ဆင်ပါတယ်။ မြန်မာပြည်မှာ ရောက်ခဲ့တဲ့ ဂျပန် စစ်သား ၃-သိန်းမှာ ၁၈၅, ၀၀၀ က မဟာမိတ်တပ်တွေ သတ်လို့ သေတယ် ဆိုပါတယ်။ ဂျပန် ၅,၀၀၀ လောက်က ငှက်ဖျား၊ အနာရောဂါနဲ့ သေဆုံးရပါတယ်။ ၅ သောင်းပဲ ဂျပန်ကို ပြန်ရောက်ပါတယ်။

မြန်မာပြောက်ကျားတွေ တိုက်လို့ သေတာက ၂၂,၀၀၀ ရှိတယ် ဆိုပါတယ်။ မြန်မာပြောက်ကျားတွေ ဆိုရာမှာ ဘီအိုင်အေ သာမက၊ ကရင်ပြောက်ကျားတွေ ရှိနေတာကိုပါ ထည့်တွက်ရမှာပါ။

ဒါပေမယ့်လည်း ယနေ့ကာလတိုင် အဖွဲ့အစည်းတွေက ဖက်ဆစ်တော်လှန်ရေးလို့ ပြောတဲ့အခါ ကွန်မြူနစ်ပါတီ၊ ဘီအိုင် အေ၊ မျိုးချစ်တွေက ယူဂျီတွေ စည်းရုံး၊ ဖဆပလကိုဖွဲ့၊ ဂျပန်ကို တိုက်ထုတ်နိုင်လိုက်တယ် ဆိုတာမျိုး ပြောနေတာမျိုး အကြိမ်ကြိမ် ကြားနေရပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလရဲ့ ကြိုးပမ်းချက်တွေကို အထင်မြင်သေး၊ လျှော့ချချင်လို့ ရေးတာ မဟုတ်ပါ။ ကျနော်တို့ သမိုင်းကို ပိုလို့ အမြင်ကျယ်သင့်တယ်ဆိုတာ တွေးလာမိလို့ ရေးမိတာပါ။

ဒီစာအုပ်ကို ကြိုက်တယ်လို့ ပြောရာမှာလည်း ဒီလို ခေတ်နဲ့ယှဉ် ဖော်ပြထားတဲ့ သမိုင်းတွေကို ဖတ်ရလို့ နှစ်သက်မိတာပါ။
ဒါပေမယ့် မှားနေတဲ့ အချက်၊ ကွဲလွဲချက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

(၃)
ဒါပေမယ့် မှားနေတဲ့ အချက်၊ ကွဲလွဲချက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။
ပုဂံခေတ်အကြောင်း ဖော်ပြချက်နဲ့ မြန်မာလူမျိုးတွေအကြောင်း အစောပိုင်း ဖော်ပြချက်တွေမှာ အခြား ပညာရှင်တွေနဲ့ ကွဲလွဲတာတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် ပုဂံသမိုင်းဟာ တုတ်ထမ်း၊ ဒါးထမ်းပြောရတယ် ဆိုတာမျိုး စကားပုံတောင် ရှိဖူးလေတော့ ဒီလိုကွဲလွဲချက်တွေအတွက် အပြစ်ဆိုရမှာ ခက်ပါတယ်။

နောက်တခါ ရခိုင်မင်းနေပြည်တော် မြောက်ဦးကို (Monkey-Egg) လို့ ဘာသာပြန်တာမျိုးတွေ့ရပါတယ်။ ဒါတွေကလည်း ရခိုင်သမိုင်းတွေနဲ့ ကွဲလွဲနေတယ်လို့ ဆိုကြပါတယ်။ တခါ တပင်ရွှေထီးဘုရင် လုပ်ကြံခံရပုံကလည်း အခြားသမိုင်းအချက် အလက်တွေနဲ့ ကွဲလွဲနေပါတယ်။ စာရေးသူ ဦးသန့်မြင့်ဦးကတော့ ဆင်ဖြူပေါ်တယ်လို့ သတင်းကြားတော့ ဘုရင်က ဆင်ဖြူထွက်ရှာရင်း လုပ်ကြံခံရတယ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ ဆင်ဖြူထွက်ရှာတာမဟုတ်ဘဲ မွန်အမတ်တွေ က လုပ်ကြံသတ်ဖြတ်တာခံရတယ်ဆိုတဲ့ သမိုင်းတွေလည်း ရှိပါတယ်။ အခြား ကျနော်သတိမထားမိတဲ့ သမိုင်းတွေလည်း ရှိနေနိုင်ပါသေးတယ်။

ဒါပေမယ့်လည်း ဒီလိုကွဲလွဲနေတဲ့ သမိုင်းအချက်မျှနဲ့တော့ ဒီစာအုပ်ကို မဖတ်သင့်ဘူး။ ပစ်ပယ်လိုက်သင့်တယ်လို့တော့ ကျနော် မယူဆပါဘူး။ ဒီစာအုပ်မှာ ထူးခြားချက်က မြန်မာ့သမိုင်းကို ဘေးမှာ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့သမိုင်း၊ ဒေသတွင်းက အခြေအနေတွေနဲ့ ယှဉ်တွဲတင်ပြထားတာပါပဲ။

အဲဒါအပြင် ဒီစာအုပ်က ဗမာလူမျိုးတွေရဲ့ သမိုင်းကိုသာ အမွှမ်းတင်ချီးကျူးထားတယ်။ အခြား တိုင်းရင်းသား လူမျိုးငယ် တွေရဲ့ သမိုင်းကို ပစ်ပယ်ထားတယ် ဆိုတာမျိုး စွပ်စွဲချက်တွေလည်း ရှိကြပါသေးတယ်။ ကျနော် နားလည်မိတာက ဒီကနေ့ မြန်မာ နိုင်ငံလို့ ခေါ်ဝေါ်သမုတ်နေကြတဲ့ မြေပေါ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ဖော်ပြရာမှာ အဓိကဇာတ်ကောင်ဖြစ်သူ၊ အင်အား ကြီးတဲ့ ဇာတ်ကောင်၊ အဓိကအာဏာပိုင်ရှင်ကို ဖော်ပြတာကတော့ သူပြောချင်တဲ့ သမိုင်းအတက်အကျ၊ သမိုင်း မှာ အရေး ပါခဲ့ပုံ၊ အရေးမပါ ဖြစ်ခဲ့ရတဲ့ကာလတွေကို ထောက်ပြရာမှာ အံဝင်ခွင်ကျဖြစ်တယ်လို့တော့ ယူဆမိပါတယ်။ အချို့ နေရာတွေမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပဋိပက္ခစတင် သန္ဓေတည်ရပုံကိုလည်း သူက မချွင်းမချန် တို့ထိပြသွားတာလေး တွေကို ကျနော် သတိထားမိခဲ့ပါတယ်။

စိတ်ဝင်စားဖွယ် အခန်းတခုမှာဆိုရင် သူက ဒီကနေ့ ကျနော်တို့ ပြောဆိုဆွေးနွေးနေကြတဲ့ ဗမာတွေက တိဘက်ဒေသက ဆင်းသက်လာတယ်၊ ဘယ်လူမျိုးတွေက ဘယ်အုပ်စုကနေ၊ ဘယ်လမ်းကြောင်းကနေ ဆင်းသက်လာတယ်ဆိုတဲ့ အယူ အဆတွေရဲ့ စတင်ပေါက်ဖွားလာပုံ အကြောင်းကိုလည်း စာရေးသူ ဦးသန့်မြင့်ဦးက ဖော်ပြခဲ့ပါသေးတယ်။ ဗြိတိသျှတွေ မြန်မာနိုင်ငံကို ကိုလိုနီပြုပြီးတဲ့နောက်မှာမှ ဗမာတွေဆိုတာက ဘယ်သို့၊ ဘယ်က ပေါက်ဖွားလာကြတယ်၊ မွန်တွေ ရှမ်းတွေ ဆိုတာက ဘယ်သို့ သုတေသနလုပ်ကြတယ် ဆိုပါတယ်။ သည့်အရင် မတိုင်မီက သေချာ ဆွေးနွေးစဉ်းစားကြတာ မရှိခဲ့ ပါဘူး။ ဒီကိစ္စမှာ ကျော်ကြားသူက ကလကတ္တားက တရားသူကြီးတာဝန်ယူရတဲ့ ဆာ ၀ီလီယံ ဂျုံးမ်းစ် (Sir William Jones) ပဲ ဖြစ်ပါတယ်။ သူက ဘာသာစကား ၁၃ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သလို၊ အခြား ဘာသာစကား ၂၇ ခုကို လည်း တီးခေါက်မိပါတယ်။ သူကပဲ ဦးဆောင်ပြီးတော့ ဒီလူမျိုးတွေက ဒီအုပ်စုထဲသွား၊ ဒီလူမျိုးတွေ ဒီဘာသာစကားတွေ က ဒီအုပ်စုထဲလာ စသဖြင့် အုပ်စုခွဲခဲ့ပါတယ်။ ဒီလူတွေက ဘယ်ကဆင်းသက်လာတာလို့လည်း သူက လမ်းကြောင်း မှန်းဆ ဖော်ပြခဲ့ပါတယ်။ အခုတော့ သူ့ရဲ့မှန်းဆချက်တွေကို လူတွေက ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြောဆိုနေကြပါပြီ။ စာရေးသူ ဦးသန့်မြင့်ဦးက ၁၉၈၉ ခုနှစ်မှာ မွန်သူပုန်တွေရဲ့ စခန်းတခုကို သွားလည်တော့ အဲသည်က မွန်ခေါင်းဆောင် တဦးကတောင် မွန်တွေက "မွန်-ခမာအနွယ်" ကနေ ဘယ်သို့ ဘယ်ပုံ ဆင်းသက်လာတယ်ဆိုတာ ပြန်ရှင်းပြလိုက်တာ တောင် သူက နားထောင်ခဲ့ရပါသေးတယ်။ တကယ်တော့ ကျနော်တို့ သမိုင်းမှာ ဒွေးရောယှက်တင် ဖြတ်သန်းလာကြတာ ပါ။ မွန်က သက်သက်နေ၊ ရှမ်းက သက်သက် ဟိုလမ်းကြောင်းက ဆင်းလာ၊ မထိမတွေ့ကြဘဲ သမိုင်းကိုဖြတ်သန်းလာကြ တာ မဟုတ်ပါဘူး။ ဒီတော့ လူမျိုးတွေရဲ့ သြဇာသက်ရောက်မှုကလည်း တဦးအပေါ် တဦး အနည်းနဲ့ အများ ရှိနေကြမှာ မလွဲပါဘူး။

တကယ်တော့ ဒီစာအုပ်ကို ဖတ်လို့ ခြုံငုံသုံးသပ်မိတဲ့အခါ ကျနော်တို့နိုင်ငံက ကမ္ဘာ့မိသားစုဝင် တဦးအနေနဲ့ ထည်ထည်ဝါ၀ါ ခန့်ခန့်ညားညား ရပ်တည်နိုင်ခဲ့တဲ့အချိန်တွေ ရှိသလို၊ ကမ္ဘာ့မိသားစုအတွက်၊ ဒေသအတွက် ကောင်းကျိုးပြုနိုင်ခဲ့တဲ့ ကာလ တွေလည်း ရှိခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ ကျွန်းသစ်နဲ့ သင်္ဘောတည်ဆောက်တဲ့ အတတ်ပညာတွေ ရှိခဲ့ဖူးသလို၊ ကမ္ဘာကို ဆန်တွေ အမြောက်အများ တင်ပို့ရောင်းချရာ နိုင်ငံလည်း ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူမျိုးတွေက ကုန်သည် တွေလို ကုန်ကူးသန်းမှု အတတ်တွေကိုလည်း ကျွမ်းကျင်ခဲ့ကြသလို၊ လူမျိုးပေါင်းစုံနဲ့ သင့်မြတ်ပေါင်းသင်းခဲ့တဲ့ ကာလတွေ လည်း ရှိပါတယ်။ ခေတ်မီပြုပြင်ပြောင်းလဲရေးကိစ္စတွေ လုပ်ဖို့ စတင်စဉ်းစားခဲ့ကြတာလည်း ကနောင်မင်းသားနဲ့ မင်းတုန်း မင်းကြီး ကာလကတည်းက၊ ဂျပန်နဲ့ အီဂျစ် အခြားနိုင်ငံတွေထက် နောက်မကျခဲ့ပါဘူး။ ခေတ်ပြောင်းရမယ် ဆိုတာ မြင်ခဲ့ ကြပါတယ်။ ဒါပေမယ့်လည်း သူ့ကိုလည်း မကူနိုင်၊ ကိုယ့်ကိုယ်ကိုတောင် အနိုင်နိုင်ရပ်နေရတဲ့ကာလ၊ ကမ္ဘာ့မိသားစုအထဲ ညှိုးညှိုးငယ်ငယ် ကာလတွေလည်း ကြုံခဲ့ရဖူးပါတယ်။ နိုင်ငံခြားသားတွေက ဒဏ်ခတ်ပိတ်ဆို့ခံနေရတဲ့ကာလ၊ နိုင်ငံခြား သားဆိုရင် သံသယနဲ့မြင်၊ မယုံသင်္ကာ ဖြစ်နေကြရတာက မြန်မာလူမျိုး၊ မြန်မာခေါင်းဆောင်တွေရဲ့ ဓလေ့စရိုက်မဟုတ်ကြ ပါဘူး။ ပေါ်တူဂီ အမြောက်တပ်မှူး ဂါလီစီယံလို လူမျိုးတွေကို မြန်မာဘုရင်တွေက မြှောက်စားခဲ့ကြတာ ရှိသလို၊ မြန်မာ့ သမိုင်းကို ပြန်ကြည့်ရင် ဘုရင်ဂျီသေနတ်ထမ်း စစ်သားတွေရဲ့ အခန်းကဏ္ဍကိုလည်း ပြန်ကြည့်သင့်ပါသေးတယ်။ ပြင်သစ် အမြောက်ဗိုလ် ဖိလစ် ဒီ မေးလာဒ်ဆိုရင် တပေမြို့စားအဖြစ်အထိ မြန်မာဘုရင်တွေက ချီးမြှင့်မြောက်စားခဲ့ဖူးတာ ရှိပါတယ်။
တကယ်တော့ ဦးသန့်မြင့်ဦးထောက်ပြသလိုပါပဲ "မြန်မာ" ဆိုတဲ့ ပြန်ပြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုး၊ (stateness) ဆိုတဲ့ နိုင်ငံတခုရဲ့ ပြည့်ဝတဲ့အဓိပ္ပါယ်ဖော်ချက်မျိုး ယနေ့ထိတိုင် ပြီးပြည့်စုံအောင် ကျနော်တို့ မလုပ်ကြရသေးပါဘူး။

စာရေးသူက ဂျော်နီထူး၊ လူသာထူး ကလေး နှစ်ယောက်က ဦးဆောင်တဲ့ ဂေါ့ဒ်အာမီ (God's army) က ထိုင်းနိုင်ငံက ဆေးရုံတခုဝင်သိမ်း တဲ့အကြောင်း၊ ထိုင်းအစိုးရက ချက်ချင်းအရေးယူခဲ့ပြီး ဆေးရုံသိမ်းပိုက်စီး နင်းတဲ့သူတွေ အားလုံးကို ကွပ်မျက်ခဲ့တဲ့အကြောင်း ဖြစ်ရပ်တခုကို ဥပမာပေးလို့ နိုင်ငံတကာမှာ မြန်မာနိုင်ငံအရေးကို သိကြပုံက အတော်ဝေဝေ ဝါးဝါး နိုင်လှကြောင်း ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံသတင်းကို ပြည်ပက သိကြသူတွေမှာ တခါတလေ ကလေးစစ်သားကိစ္စ၊ တခါတလေ ဘိန်းကုန်ကူးနေသူ အကြောင်း၊ ဗီယက်နမ် စစ်ပွဲလိုမျိုး တောနက် မဲကြီးထဲ ဖြစ်နေတဲ့စစ်ပွဲတွေ၊ စသဖြင့် ဘယ်မှာစပြီး ဘယ်မှာဆုံးမယ် မသိတဲ့ အကြောင်းတွေ၊ မျှော်လင့်ချက် ကင်းမဲ့စရာ အခြေအနေတွေလည်း ရှိသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန် မြို့ပြက ဒီမို ကရေစီလှုပ်ရှားမှုဆိုတာလည်း စသဖြင့် ဘယ်လို ဆက်စပ်ရမှန်း မသိ အောင် ကြားသိနေရတယ် ဆိုပါ တယ်။ ဘယ်သူကမှ အခြေအနေတစုံလုံးကို နားလည် နိုင်ဖို့ ခက်တဲ့အခါ လှုပ်ရှားသူ၊ ကမ်ပိန်းလုပ်သူတွေက မြန်မာနိုင်ငံ အကြောင်းကို အဖြူ-အမဲ ခပ်လွယ်လွယ် တင်ပြနိုင်မယ့် နည်းမျိုးကို ရွေးချယ်ခဲ့ရတဲ့ အခြေအနေကိုလည်း ပြောပါတယ်။ အင်တာနက်၊ သတင်းနည်း ပညာတွေကို ကျယ်ကျယ် ပြန့်ပြန့်သုံးလာတဲ့ တက်ကြွ လှုပ်ရှားသူတွေကလည်း နိုင်ငံတကာ စည်းရုံးလှုပ်ရှားမှုတွေကြားမှာ စစ်အစိုးရဆိုရင် အကုန်ဆိုး၊ ဒေါ်အောင်ဆန်းစုကြည် အကုန်ကောင်းတယ် ဆိုတဲ့ သတင်းမျိုးကို သာ ရွေးထုတ် တင်ပြနိုင်ကြတော့တယ်လို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုတွေက မြန်မာနိုင်ငံပုံကို အဖြူ-အမဲ လွယ်လွယ်သဘောမျိုး တင်ပြပုံဖော်ခဲ့ကြတယ် ဆိုပါတယ်။

ဒါပေမယ့် စာရေးသူ ဦးသန့်မြင့်ဦးကတော့ မြန်မာနိုင်ငံရဲ့ ပုံကို မြင်ပုံက မတူထူးခြားတဲ့ ၀ိသေသတွေ ရှိသလို၊ ဖက်ပေါင်းစုံ ပဋိပက္ခ၊ အလွှာပေါင်းစုံ ပဋိပက္ခ စသဖြင့် မြင်ပါတယ်။ စစ်အစိုးရရဲ့ စဉ်းစားချက်၊ စစ်အစိုးရဖက်က မြင်တဲ့အခြေအနေကို လည်း သူက ရှေ့နေလိုက် ဆွေးနွေးပြခဲ့ပါတယ်။ စစ်အစိုးရကတော့ ဒီနေ့အခြေအနေကို သူတို့အတွက် အကောင်းဆုံးလို့ မြင်နိုင်ပါ တယ်။ ၁၉၈၈ ခုနှစ်မှာ စစ်သည် အင်အား ၁၈၀,၀၀၀ ကနေ ၁၉၉၆ ခုနှစ်မှာ စစ်အင်အား ၄ သိန်းအထိ အဆ မတန် တိုးတက် လာသလို၊ ပိုလို့ အဆင့်မြင့်လက်နက်တွေ တပ်ဆင်ထားတဲ့ စစ်တပ်ဖြစ်နေခဲ့ပါပြီ။ အဲဒါအပြင် အစိုးရ ယန္တယား၊ ဘဏ္ဍာဝင်ငွေ တွေကိုလည်း ထင်သလို သုံးနိုင်၊ ချယ်လှယ် နိုင်တဲ့ အခြေအနေပါ။ အရင်တိုင်းရင်းသား သူပုန် အင်အားစု အများကိုလည်း အပစ်အခတ် ရပ်စဲထားနိုင်ခဲ့ပါပြီ။ ဒီလိုအခြေအနေမျိုးကို စစ်တပ်က အိပ်မက်ကမ္ဘာ (Fantasy world) လို့ ယူဆလိမ့်မယ်လို့ သူက တင်ပြပါတယ်။ သမိုင်းကြောင်းအရလည်း တိုင်းပြည်ပြိုကွဲမယ့် အခြေအနေတိုင်း စစ် အင်အားနဲ့ စုစည်းခဲ့ရတာချည်း၊ စစ်တပ်ကပဲ ကယ်တင်ရှင် စသဖြင့် သူတို့သမိုင်းကို မြင်ထားနိုင်ပါတယ်။ ဒီလို အခြေအနေ ကနေ စစ်တပ်က နိုင်ငံရေးကနေ ပြန်လည်ဆုတ်ခွာအောင် ဘယ်လို လုပ်ကြမှာလည်း ဆိုတာလည်း သူက မေးခွန်းထုတ်ခဲ့ ပါတယ်။ နိုင်ငံတကာ ဖိအားပေးရုံ သက်သက်နဲ့တော့ မဖြစ်နိုင်ပါဘူး။

ဦးသန့်မြင့်ဦးကတော့ မြန်မာနိုင်ငံအပေါ် သူ့ရဲ့အဓိက သုံးသပ်ချက် (၂) ခုကို အခုလို တင်ပြပါတယ်။ ပထမ တချက်က မြန်မာ နိုင်ငံမှာ "နိုင်ငံတော်တည်ဆောက်ရေး" လို့ခေါ်တဲ့ (state building) လုပ်ငန်းဟာ မအောင်မြင်ခဲ့ဘူး၊ မလုပ်နိုင်ခဲ့ဘူး လို့ ဆိုပါတယ်။ ခေတ်ပြိုင်ကမ္ဘာနဲ့အညီ ပြုပြင်ပြောင်းလဲမယ့် မင်းတုန်းမင်း၊ သီပေါမင်းကာလ ကြိုးပမ်းချက်တွေက ဗြိတိသျှ ကိုလိုနီနယ်ချဲ့ စနစ်အောက်မှာ အရာမရောက်ဖြစ်ခဲ့ရပါတယ်။ ရိုးရာဓလေ့ ထုံးတမ်းတွေလည်း ပျက်စီးကျဆုံးခဲ့ရပါတယ်။ ဗြိတိသျှ အုပ်ချုပ်သူတွေက လာရောက် အစပျိုးလာတဲ့ ခေတ်ပေါ် အစိုးရ အုပ်ချုပ်ရေးစနစ်တွေ၊ ခေတ်သစ်တရားရေးစနစ်၊ စနစ်ကျတဲ့ ရဲစနစ်၊ စစ်တပ်ဆိုင်ရာ ကိစ္စတွေ၊ နောက်ပိုင်း ရွေးချယ်တင်မြှောက်တဲ့ ပါလီမန်စနစ်တွေကိုလည်း နိုင်ငံရပ်ခြား က သဘောမတူဘဲ အတင်းအကျပ် သွတ်သွင်း လာချတဲ့စနစ်လို့ မြန်မာတွေက မြင်ကြပါတယ်။ မြန်မာ့ လူမှုအဖွဲ့အစည်းထဲ ဒီလို ဓလေ့အသစ်တွေက အရိုးပေါက်အောင် မစိမ့်ဝင်နိုင်ခဲ့ဘူးလို့လည်း သူက ဝေဖန်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှ အုပ်ချုပ်ရေးက ရုတ်ချည်းပြိုဆင်းခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဦးနုက ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ကြိုးပမ်းချက်တွေ မှာလည်း ပြည်တွင်းစစ်မီး၊ တရုတ်ဖြူ ကျူးကျော်စစ်နဲ့ လုံးပမ်းနေရတာတွေ၊ နောက်ပိုင်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု တွေ နဲ့ နိဂုံးချုပ်ခဲ့ရပြန်ပါတယ်။ ဒီနေ့ အခု အခြေအနေမှာတော့ တနိုင်ငံလုံးက စစ်အဖွဲ့အစည်း၊ စစ်နိုင်ငံတော် ဖြစ်နေခဲ့ပါ ပြီ။

စစ်တပ်ကတော့ မြင်မြင်ရာ ရန်သူလို့ ထင်လိုက်၊ အလုံးစုံကို သူကြေကိုယ်ကြေ ချေမှုန်းရေး စစ်ပွဲ၊ ပြည်ပ နိုင်ငံခြား ဆိုရင် လည်း သံသယနဲ့မြင်၊ နိုင်ငံခြား မုန်းတီးရေးကလည်း ကြီးထွားလာ၊ ပြည်သူလူထုတွေကတော့ သူတို့ စစ်ယန္တယားကို ထောက်ခံ ပံ့ပိုးဖို့ အင်အားစု အနေအထားမှာပဲ မြင်ထားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒုတိယ အချက်ကတော့ နိုင်ငံမှာရှိတဲ့ လူထုတွေရဲ့ အတွေးအခေါ်နဲ့ ဆိုင်တယ်လို့ သုံးသပ်ပါတယ်။ မြန်မာ့လူ့ အဖွဲ့အစည်း သမိုင်း တလျှောက်လုံး သယ်ဆောင်လာတဲ့ ဗုဒ္ဓဘာသာ၊ ရိုးရာတွေက ကိုလိုနီစနစ်အောက်မှာ ဖြည်းဖြည်းချင်း ဆိတ်သုဉ်း ခဲ့ရပါတယ်။ ယခင် မင်းနဲ့ပြည်သူ ယုံကြည်နားလည်မှုလည်း ပျောက်ခဲ့ရပြီး၊ ကိုလိုနီ လက်ထက်မှာ အစိုးရ-ပြည်သူ ဆက်ဆံရေးက မယုံသင်္ကာ သဘော၊ ရန် ကဏ္ဍကောစသဘော ပိုဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း လွတ်လပ်ရေး လှုပ်ရှားမှု ကာလတွေ နောက်ပိုင်းမှာတော့ စစ်သွေးကြွတဲ့ အမျိုးသားရေးဝါဒရယ်၊ အနာဂတ် မြန်မာနိုင်ငံ အပေါ် မတူကွဲပြားတဲ့ စိတ်ကူးတွေ ပေါ်ထွက်လာပါတယ်။ ၁၉၃ဝ-ခုနှစ်များ ကျောင်းသားသမဂ္ဂ ကာလတွေကတည်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီ စသဖြင့် အတောမသတ် ဆွေးနွေးပွဲ တွေနဲ့ မြန်မာ့အရေးကို တွေးဆခဲ့ကြပါတယ်။ ဒါပေမယ့် အားနည်းချက်က မြန်မာ့သမိုင်းမှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စသဖြင့် မူတွေအပေါ် လက်တွေ့ကျကျ-ပိုလို့ သက်ဝင်နက်နဲစွာ ဆွေးနွေးငြင်းခုန် တိုင်ပင်မှု တွေ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။ အလားတူပဲ လူနည်းစု တိုင်းရင်း သားတွေ အခွင့်အရေး၊ မြန်မာ့ လူအဖွဲ့အစည်းရဲ့ ဝိသေသ လက္ခဏာအသစ်၊ ဒါတွေကိုလည်း အကျေအလည် တိုင်ပင် ဆွေးနွေးနိုင်ခဲ့တာ မရှိခဲ့ပါဘူး။ စစ်အစိုးရဖက်မှာချည်း အားနည်းနေတာမဟုတ်၊ အတိုက်အခံတွေဖက်မှာလည်း ဒီလို အချက်တွေ အားနည်းနေခဲ့တယ်လို့ ထောက်ပြပါတယ်။

စာရေးသူ ဦးသန့်မြင့်ဦး အမြင်ကတော့ လမ်းမပေါ်ဆန္ဒပြပွဲတွေနဲ့တော့ စစ်အစိုးရကို ဖြုတ်ချနိုင်ခြေ မရှိဘူးလို့ သုံးသပ်ပါ တယ်။ သူက ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးအပြီး သတင်းမီဒီယာတွေပေါ်က မြန်မာသတင်းတွေ ဆုတ်သွားတာနဲ့ အမျှ မြန်မာနိုင်ငံ အခြေအနေကလည်း အရင်လို ခြောက်အိပ်မက်ဆိုးထဲ ပြန်ကျန်နေရတဲ့ အခြေအနေကို ထောက်ပြခဲ့ပါတယ်။ အစိုးရ ဖြုတ်ချပြောင်းလဲရေးဆိုတာလည်း စစ်တပ်အုပ်စုတစုက အာဏာသိမ်း၊ အစိုးရပြောင်းမှသာ ဖြစ်နိုင်ခြေ ရှိပါ တော့ မယ်တဲ့။ ဒါပေမယ့် ဒီလို စစ်တပ်ကွဲထွက်တာမျိုး မဖြစ်ရလေအောင် တမင်ကို စစ်တပ်ကို စနစ်တကျ စုစည်းပြင်ဆင်ထားခဲ့ တယ် ဆိုတာ သူက ပြောပါတယ်။ မြန်မာနိုင်ငံအတွက် နောက်ဖြစ်နိုင်ခြေ တခုကတော့ စစ်တပ်က အကြီးအကျယ်ဖိအား တွေ ကြုံလာမယ်၊ လမ်းမပေါ်အခြေအနေတွေက ထိန်းမနိုင် သိမ်းမရဖြစ်လာလို့ ဒေါ်အောင်ဆန်းစုကြည်ကို လမ်းဖွင့်ပေးပြီး ဒီမိုကရေစီအပြောင်းအလဲတွေ လုပ်လာစေဖို့ မျှော်လင့်ချက်ပါပဲ။ ဒီလိုဖြစ်နိုင်ခြေကလည်း လွန်ခဲ့တဲ့ နှစ်တွေမှာ မတွေ့ခဲ့ရ လေဘူးလို့ သူက သုံးသပ်ပါတယ်။

ဒါဆိုရင် မြန်မာနိုင်ငံအတွက် အဖြေက ဘယ်လိုဖြစ်မလဲပေါ့။ စာရေးသူ ဦးသန့်မြင့်ဦးကတော့ ဒီစာအုပ်မှာ သူ မြင်တာကို ရှုထောင့်ပေါင်းစုံက တင်ပြခဲ့ပါတယ်။ အကယ်၍ ကျနော်တို့က နိုင်ငံရေးကိစ္စကိုချည်း ရှေ့တန်းတင်၊ ဗဟိုပြုနေတဲ့အခါမှာ စစ်တပ်ကို ပြစ်တင်ရှုံ့ချတာ၊ စီးပွားရေး ပိတ်ဆို့တာ ဒီလိုနဲ့ပြောင်းလဲမှု ဖြစ်လာဖို့ စဉ်းစားကြမယ် ဆိုပါတယ်။ သူကတော့ ဒီလိုမြင်ကွင်းတွေကို နိုင်ငံရေးကိစ္စ သက်သက်သာမက ပိုလို့ ချဲ့ထွင်ကြည့်သင့်တယ်လို့ မြင်ပါတယ်။ နောက်တခုက တိုင်းရင်းသားအရေးပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားပေမယ့်လည်း ငြိမ်းချမ်းရေး က ဝေးနေပါသေးတယ်။ အကြမ်းဖက်မှုတွေ အချိန်မရွေး ပြန်ဖြစ် လာနိုင်ခြေလည်း ရှိနေပါသေးတယ်။

နောက်တချက်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေပါ။ မြန်မာနိုင်ငံက သဘာဝသယံဇာတ ဓါတ်ငွေ့သိုက်တွေအပေါ် ခွထိုင်ထားသော်လည်း ဒီအကျိုးဆက်တွေကို ပြည်သူတွေ မခံစားကြရပါဘူး။ ဒီအခြေအနေ မှာ ပြည်သူအများစုက ပိုဆင်းရဲလာ၊ ကျန်းမာရေး ပညာရေး အခြေအနေတွေကလည်း ယိုယွင်းလာနေပါတယ်။ တိုင်းပြည်အတွင်းမှာ နိုင်ငံတကာ အကူအညီတွေလည်း မရနိုင်ကြပါဘူး။ ဒီတော့ မြန်မာပြည်မှာ ဖြစ်လာနိုင်တဲ့ "အဆိုးဆုံး အနေအထား" ကို သူက တွက်ပြ ပါတယ်။ အခြေအနေတွေက မပြောင်းလဲဘဲ ပိုဆိုးလာတဲ့ အခြေအနေမှာ ကျနော်တို့ ဒီမိုကရေစီအရသာ ခံစားစေချင်တဲ့ ပြည်သူတွေက ပိုလို့မွဲပြာကျရမယ့် အခြေအနေပါ။

နိုင်ငံရေးရဲ့ အငြင်းပါမှုကို သူက ငြင်းပယ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေ နဲ့ ပြဿနာတွေရဲ့ ရှုပ်ထွေးပွေလီမှုကို သူက ဒီစာအုပ်မှာ မြင်အောင်တင်ပြခဲ့တယ်လို့ ပြောပါတယ်။ အဖြေကတော့ အလွယ် မရှိပါဘူး။ ဆေးမြီးတို ဖြတ်လမ်းလည်း မရှိပါဘူး။ ဒါပေမယ့် မျိုးဆက်တွေ ပြောင်းလဲမှုတွေက မလွဲမသွေ ကြုံကြ မယ်။ မြန်မာနိုင်ငံကို အထီးကျန်ဖြစ်အောင် ပိတ်ပင်မထားသင့်ဘူး။ ပိုလို့ ပွင့်လင်းလာခြင်းအားဖြင့်၊ ပိုလို့ ကုန်သွယ်ခြင်း အားဖြင့်၊ ပိုလို့ ပေါင်းသင်းဆက်ဆံခြင်းအားဖြင့်၊ စီးပွားရေး ပြုပြင်ပြောင်းလဲခြင်းအားဖြင့်၊ နိုင်ငံတော် ယန္တယားစနစ်တွေကို စနစ်တကျ ပြန်လည်တည်ဆောက်ခြင်း အားဖြင့်၊ အရပ်ဖက် လူမှုအဖွဲ့အစည်း ကလေးတွေ ဖွံ့ဖြိုးလာခြင်းအားဖြင့်သာ တဖြည်းဖြည်း ရေရှည်သွားရလိမ့်မယ်လို့ စာရေးသူက သုံးသပ်ခဲ့ပါတယ်။ ဒီလိုတင်ပြချက်တွေကြောင့်လည်း သဘောထား ကွဲလွဲတဲ့သူ အများက ဒီစာအုပ်ကို ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီစာအုပ်က အငြင်းထွက်ဖွယ် စာအုပ်တအုပ်အဖြစ် နာမည်ကြီး ခဲ့တာလည်း ရှိနေကြောင်းပါ ခင်ဗျား။

2 comments:

ကလိုစေးထူး said...

အကိုရေ...
စဖတ်မိကတည်းကနေ ဆုံးတဲ့အထိ စိတ်ဝင်စားတကြီးနဲ့ ဖတ်ရသလို ဆုံးသွားပြန်တော့လဲ နောက်ထပ်တခေါက် ထပ်ဖတ်ဖြစ်တဲ့ ပို့စ်ပါ။ ရှုထောင့်ပေါင်းစုံကနေ တင်ပြထားတဲ့ အဲဒီစာအုပ်အကြောင်းကို အကိုသာ အခုလို ပြန်လည်မဖော်ပြပေးခဲ့ရင် ဒီလောက်ထိ စေ့စေ့ငင သိနိုင်ဖို့ (ကျနော့်အတွက်တော့) မလွယ်ကူပါဘူး။

ဒီဆောင်းပါးကနေ ကျနော် မသိသေးတဲ့ အချက်အလက်တွေ အများကြီး ထပ်သိလိုက်ရသလို၊ သိထားတဲ့ အလွဲတွေလဲ ဖြည့်စွက် ပြင်ဆင်ခွင့်ရလိုက်တယ်။ အကို ရေးထားသလိုပဲ ကျနော်တို့ သင်ခဲ့ရတဲ့ သမိုင်းသင်ခန်းစာတွေကလဲ အဲဒီလိုပဲ ရေးခဲ့ကြတာကိုး...။

မြန်မာနိုင်ငံကို အထီးကျန်ဖြစ်အောင် ပိတ်ပင်မထားသင့်ဘူး ဆိုတဲ့ ဦးသန်းမြင့်ဦးရဲ့ အယူအဆကိုတော့ ကျနော့်အနေနဲ့ကတော့ အကန့်အသတ်တခု အားဖြင့်သာ သဘောတူပါတယ်။ ဟိုဘက်ဒီဘက် အပြန်အလှန် အလေးထားမှုရှိမှသာလျှင် ပိုပြီး ပေါင်းသင်းဆက်ဆံတာတို့၊ ပိုပွင့်လင်းတာတို့ ဖြစ်လာနိုင်စရာ ရှိတယ်လို့ ကျနော့်ရဲ့ မမှီတမှီ ဉာဏ်နဲ့ စဉ်းစားမိတာပါပဲ။

kay said...

စာရေးသူ ပြောသလို- မြန်မာ လူ့အဖွဲ့အစည်းအတွက်.. ကျန်းမာရေး ဘာသာရေး..လူမူရေး နဲ့ တခြားတခြားသော စံနှုံးတွေ..တည်ဆောက်ပြုပြင်မူတွေ အရေးတကြီးလိုအပ်နေတယ် ဆိုတာ လက်ခံပါတယ်။ ဒါတွေ အားလုံးက..နိုင်ငံရေး ကို အားဖြည့်ပေးရမဲ့ အရာတွေ မဟုတ်လား။ ဒါပေမဲ့..နောက်ထပ် အရေးကြီးတဲ့မေးခွန်းတခုက.. နိုင်ငံရေး နဲ့ တခြား အရေးတွေ ကို အတူ သွားသင့်သလား။ နိုင်ငံရေးက..ေ၇ှ့က..အရင် လမ်းခင်း ပေးမှ ပိုမို အဆင်ပြေနိုင် မှာလား.. ဆိုတာ ကိုလည်း..တွေးနေမိပါတယ်။

Recent Comments