Pages

Tuesday, April 28, 2009

Output နဲ့ Impact

ခုတလောမှာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုကိစ္စတွေကို ကျနော်ဖတ်ဖြစ်ပါတယ်။ အလားတူပဲ အချို့သူတွေက သင် ကြား တာ၊ ဆွေးနွေးတာတွေကိုလည်း ကျနော်လေ့လာခဲ့ရပါတယ်။ အဲသည်မှာ စိတ်ဝင်စားဖွယ်အချက်တခုကို ကျနော် လေးလေး နက်နက် စဉ်းစားလာမိတယ်။ တရက်မှာ Impact measurement (သက်ရောက်မှုကို တိုင်းတာခြင်း) ကိစ္စ သင်တဲ့ ဆရာတဦး က ဆွေးနွေးလာတယ်။ ထုတ်လုပ်မှု (Output) ဆိုတာနဲ့ (impact) ဆိုတာ ဘယ်လို ကွာခြားသလဲပေါ့။ သူက တော့ Impact ကို အရာထင်မှုလို့ ဘာသာပြန်ပါတယ်။ ဘာကွာသလဲဆိုတော့ output ဆိုတာက အခုချက်ချင်း သိသာနိုင်တဲ့ ကိစ္စတွေ၊ ဆိုပါစို့။ ကျနော်တို့က သင်တန်းတခုလုပ်တယ်။ ပြီးသွားတဲ့အခါ သင်တန်းသား ၃၀- သင်တန်း ဆင်းသွားလေသတည်းဆိုရင် output က သင်တန်းသား-၃၀ ပေါ့။ Impact ဆိုတာက ရေရှည်ကာလ အချိန်မှာမှ သိကြ ရပြီး၊ တိုင်းတာရ ခက်သလို၊ အချိန်လည်း စောင့်ကြရပါတယ်။ ဒီလူ ၃၀- က တကယ် အလုပ်လုပ်မှာလား။ သူတို့က ဘာမှ မလုပ်ကြတော့ဘဲ ပြီးပြီးပျောက်ပျောက် ဖြစ် သွားကြမှာလား။

ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ကြတဲ့အခါမှာ ဒေသတခုမှာ NGO သို့မဟုတ် အဖွဲ့တခုက ပရောဂျက်တခု ၀င်လုပ်တယ်ဆိုပါ တော့။ ပြီးတဲ့အခါ သူက ထွက်သွားမယ်။ ဒါမဟုတ် အခြား ပရောဂျက်တွေ ချဲ့ထွင်လုပ်လာမယ်။ စသဖြင့် ရေရှည်လာတဲ့ အခါ Impact (အရာထင်မှု) ကို မြင်လာကြရပါတယ်။ အောင်မြင်တာလည်း ရှိနိုင်သလို၊ မအောင်မြင်ဘဲ ဆုံးရှုံးတာတွေ လည်း တွေ့နိုင်ပါ တယ်။ အဲသည်တော့ လူမှုဝန်ထမ်းကိစ္စ လူသားချင်းစာနာမှု ကိစ္စ အကူအညီပေးကြသူတွေမှာ လိုက်နာ စောင့်ထိန်းကြရမယ့် မူအချို့ကို အချို့ပညာရှင်တွေကလည်း အကြံပြုလာကြပါတယ်။ အဲဒီမူကို သူတို့က (Do no harm) မူ လို့ ခေါ်ပါတယ်။ အဲန်ဂျီအို တွေက ၀င်လာမယ်၊ ထွက်သွားမယ်။ ပရောဂျက်တွေရောက်လာမယ်။ ပြီးသွားမယ်။ ဒါပေမယ့် ဒီလို အပြင်ကလာတဲ့ လုပ်ငန်း တွေကြောင့် ဒေသခံလူထု၊ ဒေသမှာ ကျန်ခဲ့တဲ့လူထုတွေအတွက် မထိခိုက် မနစ်နာရလေ အောင်၊ ဆိုးကျိုး အရာထင်မှုတွေ မကျန်ရလေအောင် လုပ်ဆောင်သင့်တယ်ဆိုတဲ့ မူပါပဲ။

ကျနော့်အဖို့တော့ ဆက်ပြီး စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ကျနော်တို့က အလုပ်တွေကို အားကျိုးမာန်တက် လုပ်ကြ တယ်။ ကောင်းမယ်ထင်တာတွေ လုပ်ကြတယ်။ နောက်တခါ စေတနာထားပြီး လုပ်ကြတာပါပဲ။ ဒါပေမယ့် ကျနော်တို့ မြန်မာလူမျိုးတွေ စဉ်းစားမှုက အလုပ်ရလဒ်ထက်စာရင်၊ လူတွေရဲ့ စေတနာဆိုတာတွေ၊ သူက ထည့်သွင်းအကျိုးစွန့် လုပ်ဆောင်မှုဆိုတာတွေ စဉ်းစားတတ်ကြပါတယ်။ တခါက မိတ်ဆွေတယောက်နဲ့ စကားပြောဖူးတယ်။ ကျနော်တို့ မြန်မာ လူမှုအသိုင်းအ၀ိုင်း ကိုယ်၌က လယ်ယာစိုက်ပျိုးရေးဆန်ဆန် လူမှုအသိုင်းအ၀ိုင်း၊ ခေတ်သစ် ထုတ်လုပ်မှု ယန္တယား စနစ် တွေလည်း သိပ်ပြီး မထွန်းကား နိုင်သေးတဲ့ လူမှု အဖွဲ့အစည်းမျိုးပါ။ ပြောရရင် မြန်မာနိုင်ငံမှာ စက်ရုံကြီးကြီး၊ ကုမ္ပဏီကြီး ကြီး၊ ခေတ်မီ အုပ်ချုပ်ရေး စနစ် ဆိုတာမျိုးက သိပ်မထွန်းကားလှသေးပါဘူး။ မိသားစု လုပ်ငန်း၊ လုပ်ငန်းခပ်သေးသေး နဲ့ အတိုင်းအတာ ခပ်သေးသေးနဲ့ သွားနေတုန်းပါ။ အဲသည်တော့ စဉ်းစားပုံလည်း ကွာလာပါတယ်။ ကျနော့်မိတ်ဆွေက ပြောပါတယ်။ "မြန်မာတွေက output (ရလဒ်) ထက်စာရင် (input) ထည့်သွင်းမှုကို ပိုလို့ အလေးပေး စဉ်းစားတတ်တယ်" လို့ သူက ပြောပါတယ်။

"ဆိုလိုတာက သူက ထောင်ကျ၊ အကျဉ်းကျ လုပ်ခဲ့တာ။ သူ့ဘ၀ တလျှောက်လုံးကို စွန့်လွှတ်ပေးဆပ်ခဲ့တာ။" " သူက စေတနာ အပြည့်နဲ့ လုပ်ခဲ့တာပဲလေ" "ကျုပ်တို့ တပ်မတော်သားတွေက အသက်သွေးချွေးနဲ့ တိုင်းပြည်ကို ကာကွယ် ထားရတာ" စသဖြင့် ထည့်သွင်းမှု (input) ကို ပိုအလေးပေး ကြည့်ပါတယ်။ အလုပ်ရလဒ် မကောင်းရင်တောင် ဖြေတွေး တွေးပါတယ်။ ရှိမယ်လေ။ သူက စေတနာနဲ့ လုပ်ခဲ့တာပဲ၊ မပြောပါနဲ့တော့ ဆိုတာမျိုး ဖြစ်လာပါတယ်။

အနောက်နိုင်ငံတွေမှာ ကျနော်ကြုံခဲ့ရတာက ရလဒ်၊ ထုတ်လုပ်နိုင်မှုကို ပိုကြည့်တဲ့ လူမှုအသိုင်းအ၀ိုင်း ဖြစ် လာပါတယ်။ (Performance) စွမ်းဆောင်နိုင်မှုကို ပိုမို တန်ဖိုးထားတဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာတယ်။ သူတို့မှာက ခင်ဗျားရဲ့ စေတနာ တွေ၊ ဘာတွေကို နားမလည်ပါဘူး။ အလုပ်ကောင်းရင် တက်၊ အလုပ်မကောင်းရင် နား၊ အကျိုးအမြတ်မရှိရင် မရှိတဲ့ အဲဒီ အပိုင်းကို ဖြတ်ချ၊ ဖြုတ်ပစ်၊ ဒီလို လူမှုအသိုင်းအ၀ိုင်းမျိုး ဖြစ်လာပါတယ်။ တကယ်တော့ input, output, outcome, impact တို့ ဆိုတာက စက်ရုံတွေက၊ စက်ရုံတွေ စီမံခန့်ခွဲမှုတွေဆီက လာတဲ့ ဝေါဟာရ၊ စကားလုံးတွေပါ။ ဒီကိစ္စတွေက နောက်ပိုင်းတော့ စီမံခန့်ခွဲမှု ဆိုင်ရာ သဘောတရား၊ စဉ်းစားပုံတွေ ဖြစ်လာပါတယ်။

အဲသည်မှာပဲ ရေရှည်ဖြစ်လာတဲ့ အရာထင်မှုတွေကိုလည်း ကျနော်က စဉ်းစားကြည့်မိပြန်ပါတယ်။ ဆိုပါစို့ .... ကျနော်တို့ နိုင်ငံ က စစ်အစိုးရက အခုဆိုရင် အုပ်ချုပ်လာတာ နှစ် ၂၀ ကျော်လာပြီဆိုတော့ အရာထင်မှု (Impact) တွေကလည်း မြင် သင့် သလောက်တော့ မြင်ရလာပါပြီ။ အဲသည်မှာ စစ်အစိုးရရဲ့ (output) နဲ့ (Impact) ကို ကျနော် ချိန်ဆကြည့်မိပါတယ်။

မြန်မာစစ်အစိုးရက ပြောပါတယ်။ ဒီနေ့ကာလမှာ ဆေးရုံသစ် ၂၀၈ ခု တည်ဆောက်ခဲ့တယ်၊ စုစုပေါင်းဆေးရုံ ၈၃၉ ရှိလာ တယ် ဆိုပါတယ်။ ဆေးရုံ ၁၆၇ ခုကို အဆင့်မြှင့် တိုးချဲ့ခဲ့တယ် ပြောပါတယ်။ (၁၉၈၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ) အထက် တန်းကျောင်း ၁၉၀% တိုးတက်လာခဲ့တယ်။ အလယ်တန်းကျောင်း ၅၃. ၈% တိုးတက်လာခဲ့တယ်။ ဆရာ အရေအတွက် ၄၉. ၃% တိုးတက် လာခဲ့တယ်။ ကျောင်းအပ်မှု ၄၉. ၆ % တိုးတက်လာခဲ့တယ်။ စာတတ်မြောက်မှု ရာခိုင်နှုန်း ၉၄. ၇၅% မူလတန်း ကလေး ကျောင်းအပ်မှု ရာခိုင်နှုန်း ၉၈. ၀၁% တိုးတက်လာတယ်။

အဆင်မြင့် ပညာရေးကဏ္ဍမှာ တက္ကသိုလ်/ ကောလိပ် ၃၂ ခုမှ ၁၅၆ ခု ရှိလာခဲ့တယ်။ ကောလိပ် ၅၆ ခုကို တက္ကသိုလ် အဆင့် တိုးမြှင့်ပေးခဲ့တယ်။ တက္ကသိုလ်ကျောင်းသား အရေအတွက် အတိတ်က ၁၃၀,၀၀၀ ကနေ ယခုကာလ ၅၂၀,၀၀၀ အထိ ကျောင်းတက်နိုင်ခဲ့တယ် ပြောပါတယ်။

၁၉၈၈ ခုနှစ်မှ စတင်လျှင် တက္ကသိုလ် ကျောင်းသား ၁,၃၆၀,၀၀၀ ကို ဘွဲ့ရမွေး ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးရေးရာကိစ္စ ဆိုရင်လည်း အမျိုးသမီးရေးရာ အဖွဲ့ချုပ် (MNWCWA) ကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့တယ်။
Convenion on the Elimination of All Forms of Discrimination against Women (အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်ဆက်ဆံခြင်း အဆုံးသတ်စေရေး နိုင်ငံတကာ သဘောတူညီချက်) ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုး အဖွဲ့ ၀င်ခဲ့တယ် ဆိုပါတယ်။

ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း ကြည့်ဦး။ အထူးဖွံ့ဖြိုးရေးဒေသ ၂၄ ခုနှင့် နယ်စပ်နှင့် တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးရေးမူ များ ချမှတ်ကျင့်သုံးခဲ့။
ဆည် (၂၀၄) ခု
မြစ်ရေတင်စီမံကိန်း (၃၀၅) ခု
စက်ရေတွင်း (၇,၅၆၉) နှင့် ရေလှောင်ကန်
(၁,၀၂၃) ဆောက်လုပ်ခဲ့။

၁၉၈၈ တွင် ရေသွင်းစိုက်ဧက ၁. ၄၈၇ သန်းမှ ယခုအခါ ၄. ၉ သန်းရှိလာခဲ့။
၁၉၈၈-၈၉ မှာ စပါးစိုက်ဧက၁၁. ၈၁ သန်း၊ စပါးထွက် ၆၃၀ တင်းသန်းမှ ယခုအခါ တင်းသန်း ၈၀၀ ထွက်ရန် လျာထား။
စက်မှုကဏ္ဍ။ ၂၅% နှစ်စဉ် ဖွံ့ဖြိုးမှုနှင့် တိုးတက်ရန် လျာထား။
အမျိုးသားလမ်းမကြီး။ ၁၉၈၈ မှာ ကတ္တရာ ခင်းလမ်းအရှည် မိုင် ၂၁,၀၀၀ မှ ယခုအခါ ၇၀,၇၆၄ မိုင် ဖြစ်လာ။
လေကြောင်း။ အရှည် ပေ ၅၀၀၀ ရှည် လေယာဉ်ကွင်း ၂၁ ခုမှ ယခုအခါ ၃၈ ကွင်း ဖြစ်လာ။
လျှပ်စစ်။ အတိတ်က ၅၆၈ မဂ္ဂါဝပ်သာ ထုတ်ရာမှ ယခုအခါ ၁,၆၁၆ မဂ္ဂါဝပ် ထုတ်နိုင်။ ရေအားလျှပ်စစ်စက်ရုံ ၂၃ ခု တည်ဆောက်နေ။ လျာထား။ ၎င်းတို့မှ လျှပ်စစ် ၁၁,၀၀၀ မဂ္ဂါဝပ် ထုတ်နိုင်မည်။

ဒါတင်မကသေးပါဘူး။ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေကိုလည်း ကြည့်ပါ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တိုင်းရင်းသား ၁၇ ဖွဲ့နှင့် ရယူနိုင်ခဲ့။
လမ်းပြမြေပုံ တဆင့်ပြီးတဆင့် ပြီးမြောက်ခဲ့တယ် ဆိုပါတယ်။
ကျနော်ပြောတဲ့ အချက်တွေက ဗိုလ်ချုပ်သန်းရွှေ မိန့်ခွန်းတခုက ကောက်ယူထုတ်ထားတာပါ။ ဒါပေမယ့် ဖွံ့ဖြိုးရေး ရှင်းတမ်း ပြန်လုပ်ကြည့်ကြပါစို့။ HIV/ AIDS လူနာတွေက အများကြီး၊ အခြားကူးစက်ရောဂါတွေကလည်း ခြိမ်းခြောက် နေကြပြီ။ လူတွေကလည်း မွဲပြာကျနေပြီ။ ထိုင်းနိုင်ငံမှာ ထွက်ပြီး အလုပ်လုပ်နေကြတဲ့ လူတွေတောင် သန်းနဲ့ချီ ရှိနေပါပြီ။ မီးကလည်း ပျက်လိုက်တာ၊ လမ်းတွေကလည်း ပျက်လိုက်တာ။ ပညာရေးကလည်း ချွတ်ခြုံကျလို့။ မြန်မာနိုင်ငံမှာ မနေချင် ဘဲ နိုင်ငံခြားထွက်ခွင့်ရရေး နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေသူများကလည်း ဒုနဲ့ဒေးလို့ ပြောကြပါတယ်။ လာဘ်စားမှုတွေက လည်း ကြောက်ခမန်း၊ တရားဥပဒေစိုးမိုးမှုကလည်း ယိုယွင်းလာ။ ရန်ကုန် မြို့လည်ကောင်မှာတောင် ၄-၅ လောင်းပြိုင် လူသတ်မှုတွေ၊ လက်သည် ရှာမတွေ့တာတွေ ဖြစ်လာပါတယ်။ စစ်အစိုးရ အုပ်ချုပ်ရေးရဲ့ Impact (အရာထင်မှု) ကို နှစ် ၂၀ ကြာလာတဲ့အခါ သိသာလာပါပြီ။ ကိန်းဂဏန်းတွေ ဘယ်လိုပြပြ၊ ရေရှည်လာတဲ့အခါ သိသာလာပါပြီ။ ထင်ရှား မြင်သာလာ ပါတယ်။ ဖုံးမရ ဖိမရနိုင်လောက်အောင် ဖြစ်လာပါတယ်။

စစ်ပွဲတွေမှာလည်း ရှိပါတယ်။ တခါတလေ တိုက်ပွဲငယ်တခု နိုင်တယ်။ ၂-ခု နိုင်တယ်။ ဒါပေမယ့် စစ်ပွဲကြီး တခုလုံး ရှုံးသွား ရတယ်ဆိုတာမျိုး ပြောကြတဲ့ ဥပမာတွေလည်း ရှိပါတယ်။ အရာရောက်မှုဆိုတာ ချက်ချင်း မြင်သာဖို့ ခက်သား မဟုတ် လား။

ကဲ... ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကရော။ ကျနော် ဆက်စဉ်းစား ကြည့်နေမိတယ်။ တချို့လူတွေက စေတနာ ထားမှု၊ စွန့်လွှတ်မှုတွေနဲ့ တိုင်းတာနေကြတုန်းပါပဲ။ စွန့်လွှတ်သူတွေ မရှိရင်၊ အပြောင်းအလဲ ဖြစ်ဖို့ လုပ်မယ့်သူတွေ မရှိ ရင် အပြောင်း အလဲတွေက ပိုကြာတတ်တယ်ဆိုတာကို ကျနော် လက်ခံပါတယ်။ (Change maker) လို့ ခေါ်တဲ့ အပြောင်း အလဲ ဖြစ်ရေး ကြိုးပမ်းနေသူတွေက နည်းပေါင်းစုံနဲ့ ကြိုးပမ်းကြတဲ့အခါ လူမှု အဖွဲ့အစည်းကြီးတခုလုံး ပြောင်းလဲ တိုးတက် သွားကြတာလည်း သမိုင်းမှာ မြင်ခဲ့ကြရပါတယ်။ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ impact တွေကို ကျနော် စဉ်းစားမိတာ ဒီနေရာမှာ မဖော်ပြ လိုတော့ပါဘူး။ စာဖတ်သူတွေသာ စဉ်းစားပါတော့။ တကယ်ရော Impact တွေ စဉ်းစားမိနိုင်ကြပါ့ဦး မလား။ ကျနော် စဉ်းစားနေမိပါတယ်။ စက်ရုံတွေ ရှုံးရင် ပိတ်လိုက်လို့ရတယ်။ ဒုက္ခသည်စခန်းတွေက အကျိုးအမြတ် မထွက်ဘူးဆိုပြီး ပိတ်လိုက်လို့တော့ မရဘူးပေါ့။ ကွဲလွဲတဲ့ သဘော သဘာဝကိုလည်း ကျနော်စဉ်းစားမိပါတယ်။

တချိန်က တောထဲမှာ ကာလကြာရှည် ရုန်းကန်နေရင်း ကျနော် စာတအုပ်ကို ဖတ်မိရာက ရလာတဲ့ စာသားလေးကို ဒိုင်ယာရီရဲ့ ထိပ်မှာ ကူးရေးပြီး၊ ကိုယ့်ဘာသာ အားတင်းထားမိပါတယ်။ အကြောင်းက ဘုရားလောင်း မဟာဇနက္က ဇာတ်လမ်းကို ဥပမာယူ ရေးထားတာပါ။ ကျနော်မှတ်မိသေးတဲ့ စာသားလေးက "ကမ်းမမြင် လမ်းမမြင်မှာ ကူးခတ် ရုန်းကန်နေတဲ့ မဟာဇနက္ကက သွေးရူးသွေးတန်း လုပ်နေတာမဟုတ်။ သူလုပ်စရာရှိတဲ့ တခုတည်းသော လုပ်ငန်းကို အာရုံထား တစိုက်မတ်မတ် လုပ် ဆောင်နေခြင်းသာ" ဆိုတဲ့ စာသားလေးပါ။ ကံကောင်းချင်တော့ မဟာဇနက္ကဇာတ်မှာ တော့ ကယ်မယ့်သူ မေခလာ ရောက် လာခဲ့ပါတယ်။ တချိန်က ကြိုက်လွန်းလို့ ကျနော့်ဒိုင်ယာရီထဲမှာ ကူးရေးထားတဲ့ စာသားလေးကို ပြန်ပြောတာပါ။ ဇနက္က လို ဇွဲနဘဲနဲ့ ကူးခတ်နေသူတွေလည်း အများကြီး ရှိနိုင်ပါသေးတယ်။ အရာထင်မှု အတွက်ကို ဆုတောင်းမိပါရဲ့။

ယောဟန်အောင်
၂၈ ဧပြီ ၂၀၀၉။

10 comments:

အောင်သာငယ် said...

ပန်းချီတချပ်ကို ဖတ်ရှုနေရသလိုမျိုး...
ကဗျာတပုဒ်ကို အနှစ်ချုပ်နေသလိုမျိုး...
အားလုံးလွတ်လပ်စွာ ခံစားကြပါစေ...

မသက်ဇင် said...

ကျနော်မှတ်မိသေးတဲ့ စာသားလေးက "ကမ်းမမြင် လမ်းမမြင်မှာ ကူးခတ် ရုန်းကန်နေတဲ့ မဟာဇနက္ကက သွေးရူးသွေးတန်း လုပ်နေတာမဟုတ်။ သူလုပ်စရာရှိတဲ့ တခုတည်းသော လုပ်ငန်းကို အာရုံထား တစိုက်မတ်မတ် လုပ် ဆောင်နေခြင်းသာ" ဆိုတဲ့ စာသားလေးပါ။ ကံကောင်းချင်တော့ မဟာဇနက္ကဇာတ်မှာ တော့ ကယ်မယ့်သူ မေခလာ ရောက် လာခဲ့ပါတယ်။

ကိုယောဟန်အောင်ရေ
ပန်းတိုင်ရောက်ဖို့ အတွက် အဲဒီလူဟာ ၊ မရေမတွက်နိုင်တဲ့ လက်ညှိုးထိုးမှုတွေနဲ့ ကဲ့ရဲ့မှုတွေ
ခံကြရမှာ မလွဲ မသွေပါပဲ။
ဒါပေမယ့် အဲဒီလူကတော့
ဒိုင်လူကြီး ပြောတာကို နားပိတ်ထားတယ်။

Nge Naing said...

ဆရာ
မရောက်ဖြစ်တာ ကြာသွားတာတော့မဟုတ်ဘူး။ ဆရာ့ဘလော့ဂ်ကို ကျွန်မ အမြဲရောက်ပါတယ်။ မဖတ်ဖြစ်ပဲ ပြန်တာလည်း ရှိတယ်။ ဖတ်ပြီးမှတ်ချက်မရေးဖြစ် နှုတ်မဆက်ဖြစ်တာလည်း ရှိပါတယ်။ မဖတ်ဖြစ်တာက ဆရာ့ပို့စ်တွေကို ဖတ်တိုင်း မဆုံးပဲနဲ့ ရပ်လို့မရဘူး။ ပြီးသွားရင်လည်း ကျွန်မ အတွေးတွေက အဲးဒီအကြောင်းရာထဲမှာပဲ ကျန်နေတာများတော့ ကျွန်မတင်ရမယ့် Assignment တွေ အချိန်မီမတင်နိုင်မှာ စိုးရိမ်တာလည်း ပါတယ်။ အရင်က ဘလော့ဂ်လိုက်ဖတ်တာကို အရေမရ အဖတ်မရ အချိန်ဖြုန်းတယ်လို့ ကျွန်မကို အမြဲတမ်း ပြောခဲ့တဲ့ ကျွန်မအမျိုးသားကိုယ်တိုင်က အခု ဘလော့ဂ် တချို့ကို လိုက်ဖတ်နေပြီး ဆရာ့ပို့စ်တွေ ဆိုရင် အသည်းစွဲ ဖြစ်နေပြီ။ အခု ဒီိပို့စ်ကိုလည်း သူက ညွှန်းနေတာနဲ့ ကျွန်မ ဖတ်ဖြစ်သွားတယ်။ Input, Output, Impact, outcome တွေအကြောင်း စဖတ်ရတော့ Quantitative နှင့် Qualitative research တွေအတွက် Sampling model တွေResult တွေကို တင်ပြထားတာလားလို့ ဆက်ဖတ်လာတာ အဆုံးမှပဲ ဆရာဘာဆိုလိုချင်တယ်ဆိုတာ သိတော့တယ်။ ဆရာစဉ်းစားမိတဲ့ Impact တွေကို ကျွန်မလည်း စဉ်းစားမိပါတယ်။ လူတိုင်းက ဇနက္ကမင်းသားလို ကမ္ဘာပေါင်း လေးအသင်္ချေနဲ့ တသိန်းစာ ကာလကို ပါရမီဖြည့်ထားသူတွေ မဖြစ်နိုင်တော့ Outcome အတွက် ဆရာပေးတဲ့ ဥပမာက နည်းနည်း အားနည်းနေတယ်လို့ ကျွန်မထင်တယ်။ ဥပမာ ဆေး ဒါမှ မဟုတ် ရောဂါတခုခုကို ကုသမှုအတွက် သုတေသန ပြုရင် Sample တခုကို လူတရာနဲ့ စလုပ်တယ်ဆိုပါစို့ ဒီသုတေသနပြုမှု အောင်မြင်၊မအောင်မြင်ကို ဆုံးဖြတ်တဲ့ နေရာမှာ အဲဒီတရာလုံးလုံး ပြီးတဲ့အထိ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ outcome ကို ယူရင် ကျန်နေတဲ့ အရေအတွက်နဲ့ ပဲတွက်တာ မဟုတ်ပဲ Impact လို့ ပြောလို့ရတဲ့ Sampling bias, Sampling error ဖြစ်သွားတဲ့ အကြောင်းအမျိုးမျိုး ကြောင့် ဒီ Experiment ကို ဆက်မလုပ်ပဲ ဘေးရောက်သွားတဲ့အရေအတွက်ကိုပါ ထည့်တွက်ရပါတယ်။ ဒါကြောင့်မို့ ဆရာပြောတဲ့ အကြောင်းအရာမှာလည်း အခုကျွန်မပြောတဲ့ Sample ဥပမာအတိုင်းပဲ ကျွန်မ ယူဆတယ် ဆရာ။ Experiment တခု မအောင်မြင်လို့ နောက်တကြိမ်ပြန်လုပ်ဖို့ဆိုရင် ခုနက Sampling bias နဲ့ sampling error တွေ မဖြစ်ရအောင် ဒါတွေ ဘာကြောင့် ဖြစ်သွားတယ်ဆိုတာကိုကောင်းကောင်း ပြန်လေ့လာပြီး ဘယ်လိုကာကွယ်မလဲဆိုတာကို အစီစဉ်လုပ်ထားမှ ဖြစ်လိမ့်မယ်။ ကျွန်မက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျောင်းတက်နေတယ်ဆိုတော့ အဲဒီဧရိယာက ဥပမာပဲ ပေးတတ်လို့ မှားရင်လည်းမှားနိုင်ပါတယ်။ ဆရာ့ပို့စ်ကို ဖတ်တာ ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်ဆရာ။

PhoeWunna said...

"Doing the right thing" is everything to me when I was young. Now, to me, doing the right thing is no longer enough. I have to do the right thing in a productive way.

ဆောင်းယွန်းလ said...

တနည်းတနည်းနဲ့ ချီတက်နေသူတွေအားလုံးမှာ
ပန်းတိုင်တခုမလွဲမသွေရှိနေပါတယ် ဆြာယောရေ..
နားလည်စွာခံစားသွားပါတယ်ခင်ဗျာ

နေညိုရင့် said...

အကိုရေ.. output နဲ့  impact ကွာခြားမှုကို သေသေချာချာ မှတ်သားသွားပါတယ်ဗျာ။ တကယ်ကို စဉ်းစားသင့်တဲ့ အချက်ပါပဲ။ အကို့ စာတွေ အမြဲ လာဖတ်ဖြစ်ပါတယ်။ တချို့  post တွေဆို အရမ်းသဘောကျလို့  ကျွန်တော့် blog မှာ " ကျွန်တော်ကြိုက်သော ပို့ စ်များ" ဆိုပြီး ဒီကို ပြန်ညွှန်းထားတာတွေလဲ ရှိပါတယ်။ တလက်စတည်း ခွင့်ပြုပါလို့  တောင်းဆိုချင်ပါတယ်ဗျာ။
အကို့ စာတွေမှာ ကိန်းဂဏန်းအများစု ထည့်ရေးထားတဲ့အတွက် စာတမ်းဆန်ဆန် ဖြစ်ပေမယ့် အရေးပါတဲ့ ပို့ စ်တွေ ဖြစ်လို့  အားပေးနေပါတယ်။

နေညိုရင့် said...

အကိုရေ.. output နဲ့  impact ကွာခြားမှုကို သေသေချာချာ မှတ်သားသွားပါတယ်ဗျာ။ တကယ်ကို စဉ်းစားသင့်တဲ့ အချက်ပါပဲ။ အကို့ စာတွေ အမြဲ လာဖတ်ဖြစ်ပါတယ်။ တချို့  post တွေဆို အရမ်းသဘောကျလို့  ကျွန်တော့် blog မှာ " ကျွန်တော်ကြိုက်သော ပို့ စ်များ" ဆိုပြီး ဒီကို ပြန်ညွှန်းထားတာတွေလဲ ရှိပါတယ်။ တလက်စတည်း ခွင့်ပြုပါလို့  တောင်းဆိုချင်ပါတယ်ဗျာ။
အကို့ စာတွေမှာ ကိန်းဂဏန်းအများစု ထည့်ရေးထားတဲ့အတွက် စာတမ်းဆန်ဆန် ဖြစ်ပေမယ့် အရေးပါတဲ့ ပို့ စ်တွေ ဖြစ်လို့  အားပေးနေပါတယ်။

Kay said...

နိဂိုး နဲ့ ကိုးကား ချက်လေးကို နှစ်သက်သွားပါတယ်။ စဉ်းစားစရာလေးတွေပါပဲ။ တကယ်ကတော့..output ပဲ ကြည့်ကြည့် input ပဲ ကြည့်ကြည့်.. ဖြစ်စဉ်ကိုလည်း အထင်အရှားမြင်နေရမှာပဲလေ။

သင်းသင်း said...

တွေဝေမှုကိုယ်စီရှိကြပါတယ်ဆရာ။ မNgeNaing ပြောတာ အမှန်ပေမယ့် ရင်းရမှာက လူ့အသက်တင်မကဘူး ဘ၀တွေ ဘ၀တွေ အများကြီးမဟုတ်ပါလား။ ကျွန်မကတော့ အမြဲတွေဝေတတ်ပါတယ်။ ကျွန်မတို့မှာ ပန်းတိုင်ရှိပါတယ်။ မအောင်မြင်သော လမ်းတွေလဲ လျှောက်ခဲ့ကြပါတယ်။ နောက်ထပ် ဘယ်လောက်ထပ်ရင်း ကြရပါဦးမလဲ။ လမ်းမရှိဘူးဖြစ်နေတယ်ဆရာရေ။ အားလုံး ၀ိုင်းဝန်းစဉ်းစားရမယ့် လမ်းပါ။ ခုအချိန်မှာတော့ မိုးမိုး(အင်းလျား)၀ထ္ထုခေါင်းစဉ်တစ်ခုလိုပါပဲ “ပျောက်သောလမ်းမှာ စမ်းတ၀ါးနဲ့”

Anonymous said...

ကျနော်မှတ်မိသေးတဲ့ စာသားလေးက "ကမ်းမမြင် လမ်းမမြင်မှာ ကူးခတ် ရုန်းကန်နေတဲ့ မဟာဇနက္ကက သွေးရူးသွေးတန်း လုပ်နေတာမဟုတ်။ သူလုပ်စရာရှိတဲ့ တခုတည်းသော လုပ်ငန်းကို အာရုံထား တစိုက်မတ်မတ် လုပ် ဆောင်နေခြင်းသာ" ဆိုတဲ့ စာသားလေးပါ။
ှဆရာရေ လာပြီးဖတ်သွားတယ် လာပြီးခံစားသွားတယ်ပေါ့။ နောက်တော့ site လေးတစ်ခုမှာ ပျော်စရာ ကဗျာလေးတွေ ရေးရင်း ကဗျာတစ်ပုဒ်ထဲမှာ ဆရာ့post ရဲ့ ဝေဒနာတွေကူးစက်သွားတယ်။ ဆရာ့ကိုလည်း ရွတ်ပြချင်လိုက်တာ။
“ကူးခတ်ဆဲလမ်းများ”
လမ်းတွေက ခြေထောက်တွေကို သယ်သလား
ခြေထောက်တွေက လမ်းတွေကို ဆောင်သလား
လမ်းလျှောက်ရင်း လမ်းပျောက်သူ

အောင်မြင်ခြင်းရေ...
လက်နက်သံတ၀ုန်းဝုန်းနဲ့ တိုက်ပွဲဆင်လို့လဲမရ
အလံဖြူ တလူလူလွှင့်လို့ ကြေအေးလို့လဲမရ
နင်မရောက်လာလဲ
ငါ့မှာ တိုက်ပြီးရင်းတိုက်နေရ

လျှောက်လည်းလျှောက်နေဆဲ
တိုက်လည်း တိုက်နေဆဲ
“ပန်းတိုင်”ဆိုတာမှ မရှိတော့ ...
ဘယ်ခရီးရောက်ပါ့မလဲ

ပန်းတိုင်ရေ
ရွေးချယ်ခွင့်မှ မရတော့
ဦးတည်ရာ မဲ့ ရပေါ့

မနစ်မြုပ်ခြင်းကိုသာ ရည်ရွယ်
လမ်းတွေထဲကူးခတ်

ရွေးချယ်ခွင့်မရှိတဲ့အခါ
ကူးခတ်မှုသာ ရှင်သန်ရာ ။။

Recent Comments