Saturday, April 25, 2009
မြန်မာပြည်က ဆည်းဆာချိန် (၆) (နောက်ဆုံးပိုင်း)
ရှမ်းပြည်နယ် သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးဖြစ်ခဲ့သူ စောသုစန္ဒီ ခေါ် အင်ဂါ ဆာဂျင့် (Inge Sargent) ရေး သားတဲ့ "မြန်မာပြည်က ဆည်းဆာချိန်၊ ရှမ်းစော်ဘွား မဟေသီတဦးဖြစ်ခဲ့ရတဲ့ ကျမရဲ့ ဘဝ" ဆိုတဲ့ စာအုပ်ကို တင်ပြနေပါတယ်။ စာအုပ်ရဲ့ နောက်ဆုံးအခန်းတွေမှာ စဝ်ကြာဆိုင် ရဲ့နောက်ဆုံး သတင်းကြားရပုံတွေ၊ စာရေး သူ အင်ဂါ ခေါ် စောသုစန္ဒီနဲ့ သမီးငယ် ၂ ဦး မြန်မာနိုင်ငံ က လွတ်မြောက်ဖို့ ထွက်ပြေးကြရတဲ့ အကြောင်းတွေ ကို တင်ပြထားပါတယ်။
သောတရှင် မိတ်ဆွေများခင်ဗျား။
စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီးမောင်လွင်က သီပေါစော်ဘွား စဝ်ကြာဆိုင်ကို ဒုတိယအကြိမ် လာတွေ့ပြီး အာဏာသိမ်း တော်လှန်ရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လာထပ်ပြီး မေးမြန်းပါတယ်။ စဝ်ကြာဆိုင်က ငြင်းပယ်လိုက်ပြီးတဲ့နောက်မှာတော့ လက်သာမက၊ ခြေထောက်ပါ ခြေကျင်းခတ်ပြီး ညစ်ပတ် ပေကျံနေတဲ့ အချုပ်တိုက် ခန်းထဲ ပိတ်ထားလိုက်ပါတယ်။ သိပ်မကြာခင်မှာဘဲ အပြင်ကိုခေါ်ထုတ် ပစ်သတ်ခဲ့ တယ်လို့ ယူဆနိုင်ပါတယ်။ ဒါမှမဟုတ် နှိပ်စက်ညှဉ်းပမ်းခံရပြီး သေဆုံးရလေသလား၊ ဘယ်သူမှ သေသေချာချာ မသိနိုင်ပါဘူး။ စဝ်ကြာဆိုင် အသတ်ခံရတယ် ဆိုတဲ့ သတင်းဆိုးကို နောက်ပိုင်းမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အစ်ကို ဦးခန့်တို့က အင်ဂါ ဆာဂျင့်ကို ပြန်ပြော ပြခဲ့ကြပါ တယ်။ ဗိုလ်စကြာပြောတာက သူနဲ့နီးစပ်တဲ့ စစ်တပ် အတွင်းက အရာရှိအချို့ရဲ့ အတည်ပြုပြောပြ ချက်အရ စဝ်ကြာဆိုင်ကို စစ်အစိုးရက အကျဉ်းရုံးသတ်ဖြတ်ခဲ့တာ သေချာ ကြောင်း ပြောပြပါတယ်။
ဘာပဲဖြစ်ဖြစ် စဝ်ကြာဆိုင်ရဲ့ဇနီး အင်ဂါ ဆားဂျင့်ကတော့ လက်မရှော့ချင်သေးပါဘူး။ အင်ဂါနဲ့ သမီး ၂-ဦး ရန်ကုန် ရောက်ပြီးတဲ့ အခါမှာလည်း အခက်အခဲတွေပေါင်းစုံကြားက သူ့ခင်ပွန်း စဝ်ကြာဆိုင်လွတ်မြောက်ရေး၊ ဘယ်မှာ ရှိနေတယ်ဆိုတာ သတင်း အတိအကျ သိနိုင်ရေးအတွက် ကြိုးပမ်းခဲ့ပါသေးတယ်။ စဝ်ကြာဆိုင်နဲ့ အင်ဂါတို့ရဲ့အိမ်က အင်းလျားကန်နားမှာ ရှိပါတယ်။ ရန်ကုန်ရောက်တဲ့အခါ သူတို့နဲ့အတူ အခြားရှမ်းလူမျိုး ဝန်ထမ်းအချို့လည်း အိမ်မှာ အတူနေထိုင်ကြပါတယ်။ ရန်ကုန်ရောက်ပြီး ချက်ချင်းဆိုသလိုပဲ စစ်ထောက်လှမ်း ရေးတွေ ရောက်လာကြပြီး၊ အင်ဂါသွားလေရာ နောက်က တကောက်ကောက် လိုက်ကြသလို၊ အခြားနိုင်ငံခြား သားတွေနဲ့ မတွေ့ဆုံဖို့၊ လူများများဆုံရာ ပွဲလမ်းတွေ မသွားဖို့လည်း တားမြစ်ခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေ ကြားကပဲ ခင်ပွန်းဖြစ်သူ စဝ်ကြာဆိုင်အကြောင်း ဦးနေဝင်းထံ တိုက်ရိုက်စာရေးစုံစမ်းနိုင်ဖို့ သူကြိုးပမ်း ရပါတယ်။ စာမိတ္တူ ၅ စောင်ရေးပြီး အဆက်အသွယ်၊ လမ်းကြောင်း ပေါင်းစုံက အရောက်ပေးပို့နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ တခါတရံ စိတ်ပေါက်ပြီး ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်အရဲစွန့်လို့ ဦးနေဝင်းကို သွားတွေ့တော့မယ်ဆိုပြီး ကြံစည်ခဲ့ ဖူးတာလည်း ရှိပါတယ်။ ဒါပေမယ့် ဦးနေဝင်းရဲ့ဒေါသကို သိကြတဲ့ မိတ်ဆွေတွေက မလုပ်ဖို့ ဖြောင်းဖြတားမြစ်ခဲ့ ကြပါတယ်။ ဒီလို အရဲကိုး လုပ်လို့ အကျိုးမရှိတဲ့အပြင် ပြဿနာ ပိုကြီး ထွားလာနိုင်တာကို ပြောပြလို့ ဖြောင်းဖြ ခဲ့ကြပါတယ်။
ဒီအချိန်မှာလည်း အင်ဂါကြားနေခဲ့ရတဲ့ ကောလာဟလသတင်းက ပေါင်းစုံပါ။ သူ့ခင်ပွန်းစဝ်ကြာဆိုင်ကို အင်းစိန်ထောင် မှာပဲ ချုပ်ထားသလို၊ အခြားနေရာမှာပဲ တွေ့ခဲ့ရသလိုလို၊ သတ်ခံလိုက်ရပြီလိုလို ကြားနေ ရပါတယ်။ သူ့အဖို့ စိတ်ဖိစီးမှု ကလည်းများ၊ အိပ်မပျော်နိုင်တဲ့ ညတွေလည်းများတော့ နောက်ဆုံး အင်ဂါက ဗုဒ္ဓြွဘာသာဝင်တဦး မဟုတ်သည့်တိုင် စိတ်ငြိမ်အောင် တရားထိုင်တာတွေ လုပ်ခဲ့ရပါသေးတယ်။ ဒီအချိန်မှာ တော်လှန်ရေး ကောင်စီ အစိုးရက တိုင်းပြည်ထဲက နိုင်ငံခြားသားတွေကို ကန့်သတ်ချုပ်ချယ်တာတွေ၊ ပြန်နှင် ထုတ်တာတွေ စတင်နေပါပြီ။ တိုင်းပြည်ကိုလည်း စတင်လို့ တံခါးပိတ်လာတဲ့ အချိန်လို့ ပြောရင်လည်း ရနိုင်ပါ တယ်။ အင်ဂါက သိတဲ့ ရှမ်းပြည်က နိုင်ငံခြားသားဆရာဝန်တွေကို နှင်ထုတ်တာတွေ ကြားနေရတဲ့ အပြင်၊ သူထူထောင်ခဲ့တဲ့ ကျောင်းအပါအဝင် မစ်ရှင်ကျောင်းတွေ၊ ပုဂ္ဂလိက စာသင် ကျောင်းတွေ၊ ခရစ်ယာန် ဘာသာ ရေးမစ်ရှင် အဖွဲ့တွေကိုလည်း တစစ နှင်ထုတ်တာတွေ စိတ်မချမ်းမြေ့ဖွယ် ကြားနေ ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ အင်ဂါ က မြန်မာ နိုင်ငံမှာ ၂-နှစ် လောက်နေခဲ့ရပါသေးတယ်။
အင်ဂါ ရန်ကုန်မှာ ရှိနေတဲ့အချိန်မှာ ပါကစ္စတန်နိုင်ငံ အခြေစိုက်၊ သြစတြီးယားသံရုံးက သံအမတ်ကိုယ်တိုင် လာရောက် တွေ့ဆုံပြီး သူ့ကို နိုင်ငံပြန်ဖို့ နားချခဲ့ပါသေးတယ်။ အဲသည် အချိန်အထိ အာဏာသိမ်းစစ်အစိုးရ က စဝ်ကြာဆိုင်ကို ထိန်းသိမ်း ချုပ်နှောင်ထားတာ မရှိဘူးဆိုပြီး ဆက်လက်ငြင်းဆိုနေဆဲပဲ ဖြစ်ပါတယ်။ ကံကောင်းချင်တော့ အင်ဂါတို့ လင်မယားနဲ့ ခင်မင် ရင်းနှီးသူလည်းဖြစ်၊ ဦးနေဝင်းရဲ့ စိတ်ရောဂါကု ဆရာဝန် လည်းဖြစ်သူ သြစတြီးယားနိုင်ငံက ဆရာဝန်ကြီး ဒေါက်တာဟန်းစ် ဟော့ဖ် ကိုယ်တိုင် မြန်မာနိုင်ငံလာလည် တာနဲ့ ကြုံကြိုက်ခဲ့ပါသေးတယ်။ ဆရာဝန်ကြီး ကတဆင့် အင်ဂါက ဦးနေဝင်းထံ သူ့ခင်ပွန်းကိစ္စကို ကူညီစုံစမ်း ပေးဖို့လည်း အကူအညီတောင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးနေဝင်းက သူ့ကို ကုသပေးနေတဲ့ ဆရာဝန်ကြီး ကိုယ်တိုင်ကို ပြန်လိမ်ညာခဲ့ပါတယ်။ စဝ်ကြာဆိုင်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်၊ ကျန်းမာရေး ကောင်းမွန်ပါတယ်ဆိုပြီး စစ်ဗိုလ်ဆရာဝန်တဦးကိုယ်တောင် စဝ်ကြာဆိုင်ကို ပြုစု ကြည့်ရှုပေးနေတဲ့ ဆရာဝန် ဆိုပြီး လိမ်ညာ မိတ်ဆက်ပေးခဲ့ပါသေးတယ်။
နောက်ပိုင်း အခြေအနေတွေ ပိုကျပ်တည်းလာတာနဲ့အမျှ အင်ဂါ ဆားဂျင့်လည်း မြန်မာပြည်က ခွာဖို့စဉ်းစား ရပါတော့ တယ်။ ဒီအခြေအနေမှာလည်း အခက်အခဲ ကြုံရပြန်ပါတယ်။ သူက သြစတြီးယားနိုင်ငံသူဖြစ်သော် လည်း၊ သမီး ၂-ယောက်က သြစတြီးယားနိုင်ငံသားတွေ မဟုတ်တဲ့အတွက် ပြဿနာဖြစ်ရပြန်ပါတယ်။ နောက်ဆုံး မိတ်ဆွေတယောက်ရဲ့ အကူအညီနဲ့ပဲ ကလေး ၂-ဦးကိုလည်း သူ့ ပတ်စ်ပို့မှာ ပေါင်းထည့်ပေးနိုင်ဖို့၊ မြန်မာနိုင်ငံက ထွက်ခွါခွင့်ရဖို့ သဲထိတ်ရင်ဖို ကြိုးပမ်းရပုံတွေကို ဖော်ပြခဲ့ပါတယ်။ သူထွက်ခွာလာတဲ့ လေယာဉ် ပျံ မြန်မာလေပိုင်နက်က ထွက်ခွာမှပဲ သက်ပြင်းချ နိုင်တော့တဲ့ အကြောင်း ဖော်ပြလို့ စာအုပ်ကို နိဂုံးချုပ်ခဲ့ပါတယ်။
ဒီစာအုပ်ကို ကျနော့်အမြင် သုံးသပ်ရမယ်ဆိုရင် ဖတ်ဖို့ သင့်တဲ့၊ လူတယောက်ရဲ့ ကျေကွဲခြောက်ခြားဖွယ် ဖိနှိပ်ခံရတဲ့ကိစ္စ၊ ဆွတ်ပျံ့ကြည်နူးဖွယ် မေတ္တာဖွဲ့၊ မိသားစုတခုရဲ့ အချစ်မေတ္တာ အကြောင်းတွေကို စိတ်ဝင် စားဖွယ် တင်ပြထားတဲ့ စာအုပ် တအုပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြောရမယ်ဆိုရင်တော့ စာရေးသူ အင်ဂါ ဆားဂျင့်က ရှမ်းပြည်သမိုင်း၊ မြန်မာ ပြည်သမိုင်းကို မှတ်တမ်းတင်အဖြစ် သမိုင်းရေးနေသူ မဟုတ်လေ တော့ အချို့အားနည်း ချို့ယွင်းချက်တွေလည်း ရှိနိုင်ပါတယ်။ ဥပမာ ဖော်ပြရမယ်ဆိုရင်- အင်ဂါ ဆားဂျင့်က မြန်မာပြည်က ပြန်ထွက်သွားတဲ့အချိန်ဟာ စစ်အာဏာသိမ်းပြီး ၂-နှစ်အကြာ ၁၉၆၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ဖြစ်ပါတယ်။ ဦးနေဝင်းက တခါမှာ ဆူညံတယ်ဆိုပြီး အင်းလျားလိက် ဟော်တယ်က တီးဝိုင်းတခုက ဒရမ်တွေ၊ တီးဝိုင်းပစ္စည်းတွေကို ရိုက်ဖျက်ချိုးဖဲ့ခဲ့တဲ့အကြောင်း၊ စစ်သံရုံး ဝန်ထမ်းတဦး ကိုလည်း ထိုးကြိတ်တဲ့ အကြောင်း သူရှိနေစဉ် ဖြစ်ပျက်သယောင် ဖော်ပြခဲ့ပါတယ်။ အမှန်မှာ ဒီအဖြစ်အပျက်က ၁၉၇၆ ခုနှစ်မှ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ စာရေးသူ အမှတ်မှားတာ ဖြစ်နိုင်သလို၊ ပိုလို့ဇာတ်နာအောင် ဦးနေဝင်းရဲ့ လူကြမ်းကြီး စရိုက်ပေါ်အောင် ထည့် သွင်းဖော်ပြလေသလားလို့လည်း စဉ်းစားမိပါတယ်။ အလားတူပဲ ရှမ်းပြည်ရဲ့ နောက်ခံအခြေ အနေကို ဖော်ပြတဲ့နေရာမှာလည်း စော်ဘွားများကို အာဏာစွန့်ရေးကိစ္စ လုပ်ဆောင်ခဲ့တာတွေ၊ တရုတ်ဖြူ ကျူးကျော်စစ်နဲ့ အခြားနောက်ခံ နိုင်ငံရေး အခြေအနေ တွေက သိပ်မပီပြင်လှဘူးလားလို့ ကျနော်ထင်မိပါသေး တယ်။ ဘာပဲဖြစ်ဖြစ် ဖတ်ဖို့ကောင်းတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ မိတ်ဆက်ပေးသူ စာရေးဆရာ ဘာတေးလ် လင့်တနာဖော်ပြထားတာကတော့ အခုအချိန်တိုင် စဝ် ကြာဆိုင်ရဲ့ သမီး ၂-ဦးဖြစ်တဲ့ မာယာရီနဲ့ ကိန္နရီတို့က သူတို့ဖခင် စဝ်ကြာဆိုင် ဘယ်သို့ဖြစ်ပျက်ခဲ့တဲ့ အကြောင်း တရားဝင် ရှင်းပြချက် ရဖို့ မြန်မာအစိုးရထံ နှစ်စဉ် စာရေးပေးပို့ တောင်းဆိုနေဆဲပဲလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း နှစ်တွေသာ ကြာလာတယ်။ ယခုအချိန်တိုင် မြန်မာအစိုးရဖက်က ဘာတခုမှ ပြန်ကြားဖြေဆို ခြင်း မရှိသေးတဲ့အကြောင်းလည်း သိရပါတယ်။ ဒီလောက်နဲ့ပဲ ဒီစာအုပ်ကို နိဂုံးချုပ်ပါရစေ။ နောက်တပတ်မှာ တော့ စာအုပ်သစ်နောက်တအုပ်ကို မိတ်ဆက်ပေးဖို့ စဉ်းစားထားပါတယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
4 comments:
ဥပမာ ဖော်ပြရမယ်ဆိုရင်- အင်ဂါ ဆားဂျင့်က မြန်မာပြည်က ပြန်ထွက်သွားတဲ့အချိန်ဟာ စစ်အာဏာသိမ်းပြီး ၂-နှစ်အကြာ ၁၉၆၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ဖြစ်ပါတယ်။ ဦးနေဝင်းက တခါမှာ ဆူညံတယ်ဆိုပြီး အင်းလျားလိက် ဟော်တယ်က တီးဝိုင်းတခုက ဒရမ်တွေ၊ တီးဝိုင်းပစ္စည်းတွေကို ရိုက်ဖျက်ချိုးဖဲ့ခဲ့တဲ့အကြောင်း၊ စစ်သံရုံး ဝန်ထမ်းတဦး ကိုလည်း ထိုးကြိတ်တဲ့ အကြောင်း သူရှိနေစဉ် ဖြစ်ပျက်သယောင် ဖော်ပြခဲ့ပါတယ်။ အမှန်မှာ ဒီအဖြစ်အပျက်က ၁၉၇၆ ခုနှစ်မှ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ စာရေးသူ အမှတ်မှားတာ ဖြစ်နိုင်သလို၊ ပိုလို့ဇာတ်နာအောင် ဦးနေဝင်းရဲ့ လူကြမ်းကြီး စရိုက်ပေါ်အောင် ထည့် သွင်းဖော်ပြလေသလားလို့လည်း စဉ်းစားမိပါတယ်။ အလားတူပဲ ရှမ်းပြည်ရဲ့ နောက်ခံအခြေ အနေကို ဖော်ပြတဲ့နေရာမှာလည်း စော်ဘွားများကို အာဏာစွန့်ရေးကိစ္စ လုပ်ဆောင်ခဲ့တာတွေ၊ တရုတ်ဖြူ ကျူးကျော်စစ်နဲ့ အခြားနောက်ခံ နိုင်ငံရေး အခြေအနေ တွေက သိပ်မပီပြင်လှဘူးလားလို့ ကျနော်ထင်မိပါသေး တယ်။
အဲဒီဝေဖန်ချက် ကောင်းပါတယ် သမိုင်းဆိုတာ ဇာတ်နာ
အောင် လုပ်လို့မရပါဘူး
ဇနီးနဲ့ မိသားစုလေးရဲ့ ပူပင်သောက တွေကတော့ ကြေကွဲစရာပါပဲ
အခုလိုဖေါ်ပြပေးတာကျေးဇူးပါ
စိတ်ဝင်စားစွာအကုန်လုံးဖတ်သွားပါတယ်ရှင့်
စာအုပ်တွေကို ဝေဖန်ထားတာလည်းအရမ်း
ကောင်းပါတယ်ရှင့်
စာအုပ် ကို ခုမှ ပြန် ရုပ်လုံးပေါ်သွားပါတယ်... ။ နားထောင်လို့လည်း ကောင်းပါတယ်။ ဖတ်လို့လည်း ကောင်းပါတယ်။
မှော်နန်းကြီးထဲ လေ့လာဖူးလို့ စိတ်ဝင်တစားဖတ်သွားတယ်နော်။
အခုလိုသိရတဲ့ ကျေးဇူးတင်ပါတယ်။
မဟာဒေဝီနဲ့ ထပ်တူစိတ်မကောင်းဖြစ်မိပါရဲ့။
Post a Comment