Pages

Wednesday, August 2, 2017

မွန်မယောက်ျား ချော့ခြင်း (ဤကဗျာကို မွန်သံဝဲ၍ ဖတ်ပါ)

သတိရလွန်းလို့ပါ
သူဖတ်နိုင်မှာ မဟုတ်ပေမယ့်
ဒီကဗျာ ငါရေးတယ်၊ မိစွိုက်ဒဲ
ငါ့ပဌာန်းဆက်ငဲ့
ဒီကနဲ … လွမ်းပလပ်နေတယ်။

မဂဒူး ဟင်းရွက်စေ့နှိုက်တဲ့ အိပ်မက်နဲ့
မြို့ကြီး ဒဂုံ(း) ကို တက်လာတယ်
၃-ရက်နဲ့ ပြောင်းလဲပြီဆိုသကိုး
ဒီကနဲ ယုံ(း) မိတာပေါ့။  

ခုချိန်ထိ
ဒီမြို့ကြီးမှာ 
‌နေမထိ၊ စားမထိပါ
ကိစ္စအကုန် ပူထိတယ်၊
ဘယ်ကြေ့ကြေ့ (ကြည့်ကြည့်)
ကားတွေပိတ်တယ်၊ တက်လမ်းတွေ ပိတ်တယ်
စီးပွားပိတ်တယ်
လက်တလုံးခြား သွားတဲ့ကောင်ပဲ ရှေ့ကိုရောက်
သောက်နိုင်စားနိုင်သူတွေက ဂျင်းကောင်တွေ
စတစ်ကော်လာ တထောင်ထောင်နဲ့။

ရန်ဂုန်(း) မှာ စွမ်းအင်ကုန်(း) လာပြီ မိန်းမ
ဘယ်သူ့ကို ယုံ(း) လို့ ယုံ(း) ရမှန်းမသိ
အခုက လူတွေ မျက်နှာဖုံးတွေနဲ့ချည်း
ပြုံးလားမသိ၊ မဲ့လားမသိ
ကိုယ့်အသိတွေတောင် မမှတ်မိတော့ဘူး။

မြို့ကြီးသားတွေလို ဘယ်သူလာလာ  
"စိတ်ပျက်တယ်ဗျာ" လို့ စ နှုတ်ဆက်
ဒါက ခေတ်သစ်နှုတ်ဆက်ပုံ(း) ဖြစ်လာတယ်
ပညတ်သွားရာ ဓာတ်သက်ပါနေတာပေါ့။
  
ဒီလိုနဲ့
သိပ်သတိရလာရင်
ဒူးနှစ်ဖက်ကိုကွေး
ခေါင်းအုံးကြီးကို ပါးနဲ့ ငါ သွေးနေရတယ်၊
ဒုက္ခသည်တွေလို ခိုလှုံ(း)ရာငတ်နေတယ်
ဗိုလ်ကျခံရတဲ့ ကလေးလို
အိမ်ကို အပြေးပြန် တိုင်ချင်နေပြီ
ရာသီတုတ်တွေး ဆိုးပုံနဲ့
ငါတို့ ပြန်မဆုံ(း)ဘူး ဖြစ်သွားမယ်နော်… မိစွိုက်ဒဲ။  

ပြန်လာတော့မယ် မိန်းမ…
ဆည်းလည်းလှိုက်သံ ကြားချင်လှပြီ
နင့်ရယ်သံ ကြားချင်လှပြီ။

ငါတို့ ရယ်ကြမယ်
ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)* ၊ ငါတို့ ရယ်ကြမယ်
ပုဆိုးကို ပတ်ချာလည် လှည့်ဝတ်တဲ့
ရွှေဗမာ (ဟမယ်) တွေ လည်ပုံအကြောင်း
ကောင်းကောင်းပြောပြ ငါတို့ ရယ်ကြမယ်။

ဘွတ် ရွှတ်နဲ့ အကျအန
ဝတ်ကောင်းစားလှနဲ့ မြို့အထွက်
လမ်းမထက်မှာ ဗွက်စင်ရေနစ်
ရေဒူးဆစ်ထဲ ငါအရှက်ကွဲတာ ပြောပြီး ရယ်ကြမယ်
ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)၊ ငါတို့ ရယ်ကြမယ်။

ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)
တို့ရွေးထားတဲ့ အမတ်တွေကွယ်
သင်ပုန်းကြီး အပြိုင်အဆိုင်အော်ကျက်လို့
ဦးဒယ်ဂရိုင် (အဲဒးဂြိုင်)
လော်ဘီတွေကွယ်
မြိုင်မြိုင်ဆိုင်ဆိုင် ဖာလိုက်ကွဲလိုက်။

ငါပြန်လာတော့မယ်…
ဘယ်လိုမှ အစားထိုးမရပါ
မက်ဆင်ဂျာ တခါတလေနဲ့
အဆာမပြေပါဘူး မိစွိုက်ဒဲ…။

စျေးထဲ ငါးဥတွေ ပေါပြီပေါ့
ကဒတ်ဥ ပျော့ချွဲချွဲနဲ့ ပင်စိန်းဟင်း အနံ့ရလာ  
မျှစ်စိမ်း ဒညင်းသီး ဇင်ပြွန်းသီး
ငါ လျှာရည်လည်အောင် သတိရနေပါပြီ မိန်းမ။

အိမ်ပြန်လာတဲ့အခါ
ကြောင်လိမ္မာလေးလို
ခေါင်းဝှေ့ အသံပေး
သူ့နောက်က ပြေးလိုက်နေမှာပေါ့။

အိမ်ပြန်လာတဲ့အခါ
ခြုံတွေ ငါခုတ်ပါ့မယ်
ငရုတ်တွေ ငါခူးပါ့မယ်
နင်မောလာရင် တဖက်လှည့် ဇက်ကျောကို ကိုယ်တိုင်ဆွဲပါ့မယ်
မဟောသဓာ စိတ်နဲ့ အိုးပုတ်ဖုတ်၊ ဖျာယက်
ခေတ်ပျက်ထဲ ခဏနိမ့်နေချိန်
မိန်းမကို ဖက်အိပ်ပြီး အိမ်မှာနေတာက ပိုကောင်းပါရဲ့ကွယ်။    

သူရွက္တတ္တဲ့
သူ့ ချိုင်းချွေးနံ့ကို ငါအလစ်နမ်းမယ်
ကွန်ဝု ** တို့ စောစောအိပ်ကြစမ်းကွဲ့
ဖေဖေ ပင်ပန်းလာတယ်။

ယောဟန်အောင်
သြဂုတ် ၂၊ ၂၀၁၇။
* မွန်ဘာသာစကား၊ "ရယ်ရတယ်"
** မြန်မာဘာသာစကား၊ "သမီး"

No comments:

Recent Comments