Pages

Thursday, October 26, 2017

စကားချီး

ခရီးရှည် အိမ်အပြန်လမ်း

စကားချီး
"ကိုယ်ရေးမှတ်တမ်း အထုပ္ပတိတခုမှာ ပြန်ပြောင်းသတိရချက်တွေက ဘယ်နေရာမှာဆုံးပြီး၊ ဒဏ္ဍာရီတွေက ဘယ်နေရာမှာ စတင်ဝင်ရောက်လာတယ် ဆိုတာ ပြောရခက်တယ်" လို့ စာရေးဆရာ အာရင်ဘတ်က သူ့ရဲ့ကိုယ်ရေးမှတ်တမ်းမှာ ပြောခဲ့ဖူး တယ်။ ဒီစာရေးဆရာကြီး အီလျာအာရင်ဘတ်ရဲ့ စာတွေကို ကျနော်တို့ ကြိုက်နှစ်သက်ကြတယ်။ အထူးသဖြင့် သူရေးထား တဲ့ ပါရီကျဆုံးခန်းကို ကျနော်တို့ အသည်းစွဲပဲ။ ဒီလို ကျနော့်ဖြတ်သန်းခဲ့ရာ ဘဝအကြောင်း ရေးမယ်ကြံတော့ သူ့ရေးထား တဲ့ ပါရီကျဆုံးခန်းကို ပြန်ဖတ်ချင်လာတယ်။ ဒါနဲ့ ရန်ကုန်မြို့ထဲ ကြုံတုန်းမှာ စာအုပ်ဟောင်းတန်းက ရအောင် ရှာဝယ်ခဲ့ရတယ်။ ပါရီကျဆုံးခန်းစာအုပ်ဟာ ကျနော်ဖြတ်သန်းခဲ့ရာ အတွေ့အကြုံကို ပြန်ရေးဖြစ်ဖို့ တွန်းအားပေးတဲ့ စာတအုပ်ဆိုရင် မမှားဘူး။ အခု ကျနော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်ထဲက ဇာတ်ကောင်တွေနဲ့လည်း သိပ်တူတယ်လို့ ယူဆမိတယ်။


အခုလို စာအုပ်ရေးဖြစ်ဖို့ နောက်ထပ်စေ့ဆော်မှု တခုကတော့ ဆရာဦးကျော်ဝင်းရေးတဲ့ "ပျောက်ဆုံးသွားသော မျိုးဆက် တခု (ပထမပိုင်း)" တခု စာအုပ်ပါပဲ။ သူကတော့ စစ်ပြီးခေတ်ကာလ၊ သူတို့ကြီးပြင်းခဲ့ရတဲ့ကာလနဲ့ သူတို့မျိုးဆက်တွေ အကြောင်းကို စိတ်ဝင် စားဖွယ်ဖြစ်အောင် ဝတ္ထုပုံစံ ပြန်လည်တင်ပြထားတာပါပဲ။ ဆရာကျော်ဝင်းရေးတဲ့ စာအုပ်ကို ကျနော်က အကယ်၍ ကိုယ်ကိုယ်တိုင် ဒီလိုကိုယ်ရေးအထုပ္ပတိရေးဖြစ်ပြီ ဆိုပါတော့၊ ရေးရင်ဘယ်လိုရေးမှာလဲဆိုပြီး သင်ခန်းစာယူတဲ့ပုံစံမျိုးနဲ့ ကျကျနန ဖတ်ခဲ့ပါတယ်။ အဲသည်မှာ ကျနော့်အတွက် စာရေးဖို့ မေးခွန်းတွေလည်း ဖြစ်လာရ ပါတယ်။ ဘာဖြစ်လို့ ကျနော့် အကြောင်းကို ရေးချင်တာလဲ။ ကိုယ့်ဖြတ်သန်းမှုကို သူများတွေသိအောင် ကြွားချင်တာလား။ ကျနော့်အကြောင်းကရော သူများတကာ စိတ်ဝင်စားလောက်အောင် ဖြစ်ပါ့မလား။ ကျနော်က ဘယ်လောက်အရေးပါနေ လို့လဲ။ ဒါမှမဟုတ်ရင်လည်း ကျနော် ဖြတ်သန်းခဲ့ရတဲ့ သဲတပွင့်၊ အုပ်တချပ်သမိုင်းက ဘယ်လောက်အတိုင်းအတာအထိ သမိုင်းကို အထောက်အကူပြု တခန်းတကဏ္ဍက ဖြည့်စွက်ပေးမှာလဲ။ အခြားသူတွေက ဖတ်မိရင် ဘာသင်ခန်းစာပေး ချင်တာလဲ။ ဘယ်လို အချက်အလက်တွေကို ထုတ်ဖော်ရေးသားမှာလဲ။ ဘယ်လိုအချက်အလက်တွေကို ထိန်ချန်ထား မှာလဲ။ ကိုယ့်ကိုယ်ကိုကျတော့ ကြက်မွေးနဲ့သပ်၊ အခြားသူကိုကျတော့ ရစရာမရှိအောင် ဝေဖန်မိတာမျိုး ရှိသွားမှာလား။ စသည်ဖြင့် မေးခွန်းအတော်များ များ ဖြစ်ပေါ်လာပါတယ်။ အဲသလိုပဲ… သက်ရှိလူတွေရဲ့ သမိုင်းကို ပြန်ရေးသားရတာ ကျတော့ အတော်ခက်ပါတယ်။ တာဝန်ယူမှုလည်း လိုအပ်ပါတယ်။ ကိစ္စ အတော်များများမှာ တယောက်နဲ့ တယောက် အမြင်တူကြတယ် ဆိုတာမျိုးလည်း နည်းနိုင်ပါတယ်။ ကျနော်က အမြင်မတူတဲ့ ကိစ္စကို ရေးသားမိရင်၊ အခြားတယောက် ကို ဝေဖန်ခဲ့ရင် သူကလည်း သူ့ဖက်အမြင်ကို ပြန်တင်ပြနိုင်သေးတဲ့ အနေအထား ရှိပါတယ်။ အလားတူ မဟာမိတ်အဖွဲ့ အစည်းတွေရဲ့ လုပ်ရပ်၊ မူဝါဒတွေအပေါ်မှာလည်း ကောင်းကျိုးဆိုးပြစ် ပြန်ပြောဖို့ လိုအပ်ပါသေးတယ်။ ဒီလိုပြောဆိုတဲ့အခါ မှာလည်း အတော်ကလေး သတိထားပြောဆိုရပါလိမ့်ဦးမယ်။ ဒီလိုနဲ့ စာရေးဖို့ တွန့်နေခဲ့ပါတယ်။ အခုတော့ စာအုပ်ရေးချင် စိတ်က ထကြွလာပါတယ်။

ဆရာဦးကျော်ဝင်းက သူ့စာအုပ်မှာ ဇာတ်ကောင် ကိုအောင်ဝင်း အနေနဲ့ ဆွေးနွေးထားပါတယ်။ ၁၉၃၆ ကျောင်းသား လှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ "သပိတ်မှောက်ကျောင်းသား" စာအုပ်၊ ၁၉၃၈ ကို ကိုယ်စားပြုတဲ့ "အရှေ့က နေဝန်းထွက် သည့် ပမာ" စာအုပ်တွေကို စာဖတ်ဝိုင်းမှာ သူတို့တက္ကသိုလ်ကျောင်းသား လူငယ်တွေ ဆွေးနွေးကြတဲ့ အနေအထားနဲ့ ဖော်ပြထားတာပါ။ သပိတ်မှောက်ကျောင်းသားထဲက ကိုညိုထွန်းက သိပ်ပြီး 'စံပြ (ideal)' ဖြစ်လွန်းပါ တယ်။ ဒီလို ဖြစ် အောင် ရေးသားနိုင်တာလည်း သပိတ်ကာလ တိုတောင်းတယ်။ "သပိတ်မှောက်ကျောင်းသား" က သပိတ်ကာလတခု တည်းကိုပဲ ကွက်ပြီး သရုပ်ဖော်ထားတာ၊ သပိတ်ကာလဆိုတော့ အားလုံးသန့်စင်နေတာပဲလေ၊ မောင်နှမစိတ်၊ ရဲဘော် စိတ်နဲ့ပဲ အချင်းချင်း ဆက်ဆံကြတာ၊ စွန့်လွှတ်စွန့်စားလိုစိတ်ပဲ ရှိတယ်။ အရိုင်း စိတ်တွေဝင်မလာဘူး၊ ဝင်လို့လည်း မရ ဘူး၊ တိုက်ပွဲကာလကိုး" စာရေးသူက ကိုအောင်ဝင်းနေရာက ဝင်ပြောထားတယ်။ ဦးသိန်းဖေမြင့်ရေးတဲ့ "အရှေ့က နေဝန်း ထွက်သည့်ပမာ" ကျတော့ ကာလရှည်ကြီး၊ စစ်ကြိုခေတ်ကနေ ဒုတိယကမ္ဘာစစ်ကြီးအစလောက် ထိကြာသွားတယ်။ ဒီလောက်ကာလ အရှည်ကြီးမှာ လူ့စိတ်ဟာ တိုက်ပွဲကာလလို သန့်ချင်မှ သန့်နိုင်လိမ့်မယ်။ သာယာစရာရှိ သာယာမှာပဲ။ တိမ်းမူးစရာရှိ တိမ်းမူးမှာပဲ။ ဒါကို အပြစ်ပြောဖို့တော့ ခက်မယ်ထင်တယ်။ စာရေးသူ ဆရာကျော်ဝင်းက ကိုအောင်ဝင်းကို ကိုယ်စား ပြောခိုင်းထားတာ။ အဲသည်တော့ ဇာတ်လိုက်ကိုတင်ထွန်းလည်း ဖောက်ပြန်မှုကလေးတွေ ဖတ်ရတာပေါ့။ အခု ကျနော်ရေးချင်တာလည်း နှစ် ၂၀ ကျော်၊ ၂၅ နီးပါး ကာလရှည်ကြီးကို ဖြတ်လာခဲ့တာ၊ သူရဲကောင်းဇာတ်လမ်း မဖြစ်နိုင် ဘူး၊ လူသာမန် သဘော အတက်အကျတွေ ရှိလာနိုင်ပါတယ်။ ဒီစာအုပ်မှာ ကိုယ့်အကြောင်း ကိုယ်ရေးတယ်ဆိုပေမယ့် ကိုယ့်ဘာသာဖော်၊ ကိုယ့်ဘာသာတင် သူရဲကောင်းကြီးလည်း မလုပ်ချင်ပါဘူး။ ဒီလို အထင်ကြီးရအောင် ကောင်းကွက် တွေချည်း ရှာရေးပြတာမျိုးလည်း မလုပ်ချင်ပါဘူး။ အရှိကို အရှိအတိုင်း တင်ပြချင်ရုံသာ၊ ဒါ့အပြင် ဖြတ်သန်း ခဲ့ရတဲ့ ခေတ်တခုကို ပြန်လည်ဖွင့်လှစ် သုံးသပ်ကြည့်ရုံ၊ ပြန်လည်ရှင်းပြမှုတခု လုပ်ချင်ရုံမျှသာပါ။

ဆရာမောင်ချောနွယ် ပိုင်းခြားထားသလို 'ခေတ်ဆိုးကြီး' နဲ့ 'ခေတ်ဆိုးကြီးတပိုင်း' ကို ဖြတ်သန်းခဲ့ရတဲ့၊ ဖြတ်သန်းနေဆဲ သာမာန်လူငယ် တယောက်ရဲ့ ဇာတ်လမ်းပါပဲ။ 

No comments:

Recent Comments