Pages

Saturday, October 21, 2017

အလာစကား သားမွေးခြံက ပိုလာမြေခွေးတကောင်ရဲ့ တကိုယ်ရေတမ်းချင်း (Monologue Of A Polar Fox On An Alaskan Fur Farm)

ငါက မီးခိုးရောင်ခြံထဲက အပြာရောင်မြေခွေးပါ 
ငါ့အရောင်ကြောင့် သတ်ဖြတ်ဖို့ ကျိန်စာတိုက်ခံထားရတဲ့ကောင်
ကိုက်ဖြတ်မရနိုင်တဲ့ အခု ဝိုင်ယာစည်းရိုးနောက်မှာ 
ငါ ဝမ်းနည်းကြေကွဲရုံက လွဲပြီး၊ စိတ်ချမ်းသာ မရှိပါဘူး။

သခင်၊ ဒါပေမယ့် ငါအမွေးတွေ ကျွတ်ချင်ပါတယ်။ ငါ့ကိုယ်တိုင် လောင်ကျွမ်း
သွေးရူးသွေးတန်းနဲ့ ကိုယ်တိုင် လုံးတီး ချွတ်ချချင်ပါတယ်။ 
ဒါပေမယ့် ထူထဲ၊ အပြာအမွေးကြမ်းတွေက
အရေပြားထဲ စိမ့်ဝင်နေ - တောက်ပလင်းလက်နေတဲ့ သစ္စာဖောက်ပေါ့။

ငါအူတာ - စိတ်ဂနာမငြိမ် ငါအူတယ်
ထာဝရဘုရားရဲ့ နောက်ဆုံးစီရင်မှုက တိရိစ္ဆာန်ဆန်တဲ့ တံပိုးသံလိုမျိုး 
ကြယ်တွေကို စိတ်အားထက်သန်ဆုတောင်းတယ်၊ ထာဝရလွတ်မြောက်မှုအတွက်
ဒါမှမဟုတ် အနည်းဆုံး အမွေးတွေထာဝရ ကျွတ်နေဖို့ပေါ့။

ဖြတ်သွားတဲ့ ဧည့်သည်က ငါ့အူသံကို 
တိပ်ရီကော်ဒါနဲ့ ဖမ်းထားခဲ့တယ်။ ဘယ်လောက်ရူးသွပ်ပါသလဲ၊ 
သူကိုယ်တိုင် အူတာ မဟုတ်ဘူး။ ဒါပေမယ့် သူကိုဒီမှာ ဖမ်းထားခဲ့ရင်
စပြီး အူကောင်း အူမှာပေါ့။ 

ငါ သေလုဇောနဲ့ ကြမ်းပြင်ပေါ် လှဲတယ်
ဒါပေမယ့် ခုတိုင် ငါမသေနိုင်သေး
ငါ့ကိုယ်ပိုင် ဒါချောင်း (Dachau) ကို စိတ်ဓာတ်ကျပြီး ငေးကြည့်တယ်
ပြီးတော့ ငါသိတယ်၊ ဘယ်တော့မှ ငါလွတ်မြောက်နိုင်မယ် မဟုတ်ဘူး။

နောက်တကြိမ်၊ ငါးပုတ်တကောင်ကို စားပြီးတော့ 
တံခါး သော့မပိတ်ဘဲ ရှိနေတာမြင်တယ်၊ 
ကြယ်ရောင်နဲ့ အသူတရာချောက်ထဲ၊ လွတ်မြောက်ဖို့ ငါခုန်ချတယ်
ခွေးပေါက်တကောင်ရဲ့ ရေရှည်ဖြစ်တတ်တဲ့ မဆင်ခြင်မှုနဲ့။

လရဲ့ကျောက်မျက်များက ငါ့မျက်လုံးကြားထဲ ဖြာကျနေတယ်။
လက စက်ဝိုင်းလို၊ ငါနားလည်တယ်
ကောင်းကင်က လှောင်အိမ်ထဲက မြင်ခဲ့ရသလို
လေးထောင့်ပုံများလို ကွဲအက်သွားမှာ မဟုတ်ဘူး။ 

အလာစကားရဲ့ နှင်းခဲပုံများက ပတ်ပတ်လည်မှာ မျှော်စင်တွေလို 
ပြီး၊ ငါ စိတ်ပျက်စွာ ခုန်ပေါက်မြူးတူးတယ်၊ နာမကျန်းဖြစ်တယ်၊ 
ပြီးတော့ လွတ်မြောက်မှုက ငါမြိုချမိတဲ့ ကြယ်များနဲ့အတူ
ငါ့အဆုပ်များထဲ တွန့်လိမ်နေခဲ့ကြတယ်။

ငါ နောက်ပြောင်ကျီစယ် ကစားတယ်၊ အဓိပ္ပါယ်မဲ့ သစ်ပင်တွေကို
ငါဟောင်တယ်၊ ငါ့ကိုယ်တိုင်က သန့်စင်နေတယ်။
ပြိုးပြက်တောက်ပတဲ့ နှင်းတွေကိုလည်း မကြောက်ခဲ့ဘူး
ငါက သိပ်ပြီး ပြာလွင်နေခဲ့ပြီ။

ငါ့အမေနဲ့ အဖေ တကောင်နဲ့တကောင် မချစ်ကြဘူး၊ 
ဒါပေမယ့် သူတို့မိတ်လိုက်ခဲ့ကြတယ်။ ငါက မြေခွေးပျိုမလေးကို
ဘယ်လိုရှာရပါ့၊ ဒါမှ ခုလိုခမ်းနားဆန်းကြယ်လှတဲ့ အမှုန်များထဲ
သူနဲ့အတူ ကျွမ်းထိုး၊ ပျံသန်းနိုင်မှာ။

ဒါပေမယ့် နောက်တော့ ငါပင်ပန်းသွားပြီ။ နှင်းတွေက သိပ်ကျလွန်းနေ
ကပ်နေတဲ့ ငါ့ခြေသည်းတွေ မမြှောက်နိုင်တော့ဘူး၊
မိတ်ဆွေတွေလည်း ငါမတွေ့၊ ရည်းစားလည်း ငါ့မှာမရှိ
လှောင်ချိုင့်ထဲက ကလေးတယောက်ဟာ လွတ်မြောက်မှုအတွက် သိပ်ကို ချိနဲ့နေတာပေါ့။

လှောင်အိမ်တခုလို့ ထင်မြင်နေသူအတွက်တော့ လှောင်အိမ်တခုအတွက် ငိုကြွေးပေါ့
ကြောက်လန့်ပေါ့။ ငါနားလည်ပါတယ် ဒီလှောင်အိမ်ကို
ငါ ဘယ်လောက်ချစ်တယ်ဆိုတာ၊ သံဆန်ခါနောက်မှာ ငါ့ကိုဝှက်ထားခဲ့တာ 
ပြီးတော့ သားမွေးခြံက၊ ငါ့ အမိမြေပဲ။

ပြီးတော့ ငါပြန်လာခဲ့တယ်၊ ခြေကုန်လက်ပန်းကျလို့၊ ပြီး ရိုက်နှက်ခံရ၊
မကြာခင် လှောင်အိမ်ကို ဂျိုင်းကနဲ ပိတ်လိုက်တယ်၊ 
နောက်တော့ အပြစ်ရှိတယ်ထင်တဲ့ ငါ့ခံစားရမှုက မကျေနပ်မှုဖြစ်လာ
ပြီးတော့ အချစ်က အမုန်းအဖြစ် ဆန်းကြယ်စွာ ပြောင်းသွားခဲ့တယ်။

အလာစကား၊ မင်းဆီမှာ ငါ စိတ်ပျက်အားလျော့မှုနဲ့ အူတယ်
ခုထောင်ထဲမှာ၊ ငါ စိတ်ပျက်အားလျော့စွာ အူတယ်၊
ငါ့ အမေရိက၊ ငါ ပျောက်ဆုံးနေပါပြီ 
ဒါပေမယ့် မင်းဆီမှာ ခုတိုင်မပျောက်ဆုံး ရှိနေကြပါသေးသလဲ။

မှန်တယ်။ ဒီသားမွေးခြံမှာ အပြောင်းအလဲတွေရှိတယ်
အရင်က ငါတို့ကိုအိပ်ထဲထည့် လေအလုံပိတ် သတ်ခဲ့တာ
အခုတော့ ခေတ်မီနည်းနဲ့ ငါတို့ကို  သတ်တယ်၊
လျှပ်စစ်နဲ့ စီရင်တယ်။ ထူးကဲစွာ သေသပ်မှုပေါ့။

ခြံစောင့် အက်စကီးမိုး ကလေးမလေးကို ငါမျှော်လင့်မိတယ်
သူမလက်တွေက ငါ့အပေါ်ချစ်ခင်မှုနဲ့ တရွှမ်းရွှမ်းရှိခဲ့
သူမလက်တွေက ငါ့လည်ပင်းကို ကုတ်ပေးခဲ့တယ်
ဒါပေမယ့် ယုဒရဲ့ဝမ်းနည်းမှုမျိုးနဲ့ သူမမျက်ဝန်းထောင့်မှာ ရေလွှမ်းစေခဲ့။

သူမက ငါ့ကိုရောဂါဘယ အားလုံးက ကယ်တင်ပေးခဲ့
ငါ့ကို ငတ်မွတ်ဆာလောင် မသေစေခဲ့ 
ဒါပေမယ့် ငါသိတယ်၊ အချိန်ကျရင် ခြံကို ခိုင်ခန့်စေမယ်၊ 
ရောက်လာပြီး၊ သူမက ငါ့ကိုသစ္စာဖောက်မှာ၊ ဒါက သူ့တာဝန်ပဲ။

သူမ မျက်လုံးထဲက စိုစွတ်မှု အထိတွေ့နဲ့ ပွတ်သပ်တယ်။ 
ငါ့လည်ပင်းက ကြိုးကို ဖြေလျော့စေတယ်၊ တိုးတိုးသက်သာပြောလို့။
အလုပ်သမားတွေအပေါ် လူသားဆန်ပါ။ ငါတို့သားမွေးခြံများက
လျှပ်စစ်နဲ့ အဆုံးစီရင်မှုဆိုင်ရာရုံးကို ဖွဲ့စည်းထားပေါ့။

ငါ့အဖေလို၊ ငါလည်း နုံအချင်တယ်။ 
ဒါပေမယ့် ငါက သူမဟုတ်ဘူး၊ ငါက လှောင်အိမ်မှာ မွေးဖွားလာခဲ့ရသူပါ။
ငါ့ကို ကျွေးမွေးတဲ့သူကပဲ ပြန်ပြီးသစ္စာဖောက်ဦးမှာ
ငါ့ကို ပွတ်သပ်စောင့်ရှောက်သူကပဲ ပြန်ပြီးသတ်ဦးမှာ။     ။

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by John Updike with Albert C. Todd 


Dachau ဒါချောင်း အကျဉ်းစခန်း က ဂျာမနီနိုင်ငံက ပထမဦးဆုံး နိုင်ငံရေးအကျဉ်းသားတွေအတွက် ရည်ရွယ်တဲ့ နာဇီ အကျဉ်းစခန်း ဖြစ်ပါတယ်။ ၁၉၃၃ မှာ လက်နက်ရုံဟောင်းကြီးထဲ ဟိန်းနရစ် ဟင်းမလားက စဖွင့်ပြီးတော့၊ ဂျာမာန် သိမ်းပိုက်ခဲ့တဲ့ နိုင်ငံတွေက အကျဉ်းသားတွေ၊ ဂျူးတွေ ထိန်းသိမ်းထားခဲ့တယ်။ ၁၉၄၅ အမေရိကန်တွေ ဝင်လာမှ အကျဉ်း စခန်း နိဂုံးတိုင်သွားတယ်။ စာရင်းတွေအရ လူ ၃၂,၀၀၀ သေခဲ့တယ်ဆိုတယ်။ 

No comments:

Recent Comments