Pages

Showing posts with label ဘဝခြေရာ. Show all posts
Showing posts with label ဘဝခြေရာ. Show all posts

Monday, November 13, 2017

ဘုရားသုံးဆူ နေ့ရက်များ (၄)

နိုင်ငံရေးအကွက်များ- အုပ်စုများ

ကျနော်ထင်မှတ်မထားဘဲ ဘုရားသုံးဆူ တပ်ရင်း (၁၀၁) စခန်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတယ်။

ဖြစ်ပုံက ဒီလို၊ သံလွင် ဥသုထစခန်းမှာ ကျင်းပတဲ့ ABSDF အရေးပေါ် ညီလာခံမှာ ဘုရားသုံးဆူစခန်းက ဒေါက်တာ နိုင်အောင်က ဒု-ဥက္ကဋ္ဌ (၂) အဖြစ် ရွေးချယ်တင်မြှောက်ခံရတယ်။ ပထမအကြိမ် ABSDF ဖွဲ့စည်းတဲ့ ညီလာခံတုန်းက ဥက္ကဋ္ဌ -ကိုထွန်းအောင်ကျော်၊ ဒု-ဥက္ကဋ္ဌ ကိုဝင်းမိုး (ယခု USA)၊ ကိုသန်းဝင်း (အထွေထွေအတွင်းရေးမှူး) (ယခု -USA)၊ တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ကိုအောင်နိုင် (ယခု VOA ဦးသန်းလွင်ထွန်း)၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ကိုကိုဦး (ယခု USA) တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြတယ်။ ၁၉၈၈ နိုဝင်ဘာလ ၅ ရက်နေ့မှာ ညီလာခံပြီးခဲ့ တယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သံလွင်မြစ်ဘေးက ဦးသုထစခန်းမှာ ၁၉၈၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကနေ ၂၂ ရက် နေ့အထိ အရေးပေါ် ညီလာခံ ခေါ်ဆိုတယ်။ အဲဒီမှာ ဘုရားသုံးဆူ စခန်းက ဒေါက်တာနိုင်အောင်က ဒု-ဥက္ကဋ္ဌ (၂) အဖြစ် ရွေးချယ်ခံရတယ်။ ဖွဲ့စည်းပုံအသစ် ဖြစ်လာတယ်။ ဥက္ကဋ္ဌ- ကိုထွန်းအောင်ကျော်၊ ဒု-ဥက္ကဋ္ဌ (၁) ဦးယုနွယ်၊ ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာနိုင်အောင်၊ အထွေထွေအတွင်းရေးမှူး- ကိုသန်းဝင်း၊ တွဲဘက် အတွင်းရေးမှူး (၁) -စိုင်းဆာခေး၊ တွဲဘက် အတွင်းရေးမှူး (၂)- ကိုတင်စိုးနောင်.. အပါအဝင် ဗဟိုကော်မီတီဝင် ၁၄ ဦး ဖြစ်လာခဲ့တယ်။ [ဦးယုနွယ်ကတော့ ဘားအံ အထက (၁) မှာ ကျနော်အထက်တန်းတက်စဉ် သင်္ချာသင်ပေးခဲ့တဲ့ ဆရာအရင်းပဲ၊ ဘားအံသားတွေ အများစုရောက်ရှိ လာတဲ့ ဝမ်းခစခန်းကိုယ်စားလှယ်အနေနဲ့ ညီလာခံ တက်ရောက်လာခဲ့တယ်။]  

ဘုရားသုံးဆူ နေ့ရက်များ (၃)

ဘုရားသုံးဆူ နေ့ရက်များ (၃)

ကျနော်တို့ ကျောင်းသားစခန်းက ရဲဘော်တွေက အားလုံး စာတတ်တွေချည်း၊ ကိုယ့်ကိုကိုယ် ထင်တလုံးနဲ့ လာကြတဲ့ မြို့နယ်အသီးသီးက သပိတ်ခေါင်းဆောင်တွေ။ စာတတ်တယ်၊ စကားကတ်တယ်၊ စကားတလုံးကို သက်သေ အကိုး အကားနဲ့ မရအရ ငြင်းခုန်ကြသူတွေ။ တခါတလေ မဟာမိတ်နယ်မြေ တာဝန်ခံတွေကလည်း လျှာရှည်လွန်းလို့  စိတ် ညစ်ကြရတယ်။

သူများစခန်းက သတင်းတွေကြားရတာ၊ ကျောင်းသားတွေ စာတတ်များ ကပ်ပုံကလည်း မလွယ်ကြော...။ သေဘောပိုး စခန်းက အဖြစ်အပျက်တခု ကျနော်ကြားဖူးသေးတယ်။ သေဘောပိုးစခန်းမှာ စစ်ပူလာတော့ ကျောင်းသားဆက်ဆံရေး တာဝန်ခံ ဖိုးလော်ကွားက အမိန့်ထုတ်တယ်။ ညအခါ လက်နှိပ်ဓာတ်မီး မသုံးရ။ မီးခွက်၊ မီးအိမ်များနှင့် သွားလာရမယ်.. စသဖြင့် ဆိုတယ်။ အကြောင်းကတော့ ရန်သူ့စစ်တပ်တွေလာရင် လက်နှိပ်ဓာတ်မီးသုံးကြတဲ့အခါ၊ ညအခါ တက်လာရင် လူခွဲခြား စစ်ဆေးနိုင်ဖို့ပေါ့။ ဒါပေမယ့် ကျောင်းသား ကိုစာတတ်တွေက အသက်နဲ့ရင်းပြီး ကပ်သီးကပ်သတ် လုပ်တယ်။ မီးခွက်၊ မီးအိမ်တွေနဲ့ သွားလာကြတယ်။ ဒါပေမယ့် မီး မထွန်းထားဘူး။ မီးခွက်ကြီးကို ဒီအတိုင်းကိုင်ပြီး သွားလာနေကြ တာ။ နောက်တော့ "မီးထွန်း၍" ဆိုတဲ့ စာသားကို ထပ်ဖြည့်ပေးရတယ်။ အဲသည်မှာပဲ ကျောင်းသားတယောက်က ရွာသား တဦးရဲ့ နွားကို သွားခိုးလာခဲ့တယ်။ နောက်တော့ သူ့ကို စစ်ဆေးတော့ ပြောတယ်။ "ကျနော် မခိုးရပါဘူး။ ကျနော်က ကြိုး လေးကို အသာလေးကိုင်လာတာပါ။ အဲဒါ သူက နောက်က တကောက်ကောက်လိုက်လာခဲ့တာ… " အဲသလိုလူတွေ။ ဒါ ကြောင့်လည်း ငှက်ဖျားပိုးထက်ဆိုးတဲ့ 'သေဘောပိုး' လို့ သူတို့စခန်းကို ခေါ်ကြတယ်။


Sunday, November 12, 2017

ဘုရားသုံးဆူ နေ့ရက်များ (၂)

ဘုရားသုံးဆူ နေ့ရက်များ (၂)

အမှန်အတိုင်း ပြောရရင် ကျနော့်မှာ နိုင်ငံရေးအရ ရည်ရွယ်ချက်သိပ်ကြီးကြီးမားမား မရှိဘူး။ အမှန်ပြောရရင် နောက်လိုက် ကောင်းပဲ ဖြစ်ချင်တယ်။ အဲဒီအချိန်က စခန်းမှာ ဗိုလ်လုပ်ချင်သူတွေများနေတဲ့ကြားထဲလည်း သိပ်ပြီး ဝင်မပြိုင်ချင်ဘူး။ အုပ်စုနိုင်ငံရေးသဘော အရှုပ်အရှင်းတွေကြားထဲလည်း ကင်းကင်းပဲ နေချင်တယ်။ ဒီလိုနဲ့ စခန်းဆေးရုံမှာပဲ ကျနော်ကျရာ တာဝန်ကို ကောင်းကောင်းလုပ်တယ်။

စခန်းဆေးရုံရောက်တော့လည်း အထိုက်အလျောက်နိုင်ငံရေးက ရှိပြန်တယ်။ သံဖြူဇရပ်ဒေသက ရမ်းကု ကိုသားငယ် ဆိုသူက တခါတလေလူတတ်ကြီး ဝင်လုပ်တယ်။ နောက်တော့ ကြက်ခြေနီလို အဖွဲ့အစည်းမျိုး ဝင်လုပ်ဖူးတဲ့ ကိုသန်းနွယ် တို့လည်း ဆေးခန်းမှာ ဆေးမှူးအဖြစ် ရှိနေကြတယ်။ ကျနော်တို့ ပြဿနာက ဆေးကျောင်းသားသာ ဆိုတယ်၊ လက်တွေ့ မရှိဘူး။ အကြောဆေးသွင်းဖို့ ဖောက်ရင် အပ်က တန်းကနဲသွေးကြောထဲ ဝင်သွားတာ မရှိဘူး။ သူတို့ကတော့ လက်ယဉ် နေတော့ အကြောဆေးသွင်းရင် အပ်က လျောလျောရှုရှုရယ်။ ဒီလိုနဲ့ အချင်းချင်းလဲ စနောက်ကြတယ်။ ဘယ်ဆရာဝန် ဆိုရင် အပ်ဘယ်နှစ်ပေါက် ထိမယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် ဆေးရုံမှာ ဒီလိုရမ်းကုလုပ်နေတာမျိုးကို စည်းစနစ်မရှိ လွှတ်ထားပေးလို့ မရဘူး။ ပညာပြိုင်ကြရတယ်။ ဆေးရုံကို ကိုယ်ပြန်ထိန်းချုပ်နိုင်အောင် လုပ်ရတယ်။ ကုသပုံက အစ၊ ဆေးတွေကို စနစ်တကျ သိမ်းဆည်းမှု၊ စာရင်းဇယား၊ လူနာရာဇဝင် ထားရှိမှု ဒါတွေကို စနစ်ကျအောင် လုပ်ရတယ်။

Saturday, November 11, 2017

ဘုရားသုံးဆူ နေ့ရက်များ (၁)

ဘုရားသုံးဆူ နေ့ရက်များ (၁)

ကျနော်တို့ ဘုရားသုံးဆူစခန်း စရောက်တော့ အတန်လေးနောက်ကျနေပြီ။ နိုဝင်ဘာ ၃-ရက်နေ့မှာ ဘုရားသုံးဆူကျေးရွာ ကို ရောက်တာ၊ ကျနော်တို့ ရောက်တဲ့ မတိုင်မီကတည်းက အရေးကြီးတဲ့အဖြစ်အပျက်တွေ ဖြစ်ခဲ့တယ်။ စခန်းကိုရောက် လာကြတဲ့ ကျောင်းသားလူငယ်တွေက သူတို့ဘာသာစုဖွဲ့ပြီး စခန်းစတင်တည်ထောင်ကြတယ်။ မုဒုံ၊ သံဖြူဇရပ်အုပ်စုက များတော့ စခန်းခေါင်းဆောင်မှုမှာ သူတို့ကနေရာရကြတယ်။ သို့ပေမယ့်လည်း စခန်းခေါင်းဆောင်မယ့်သူတွေကို ကော်မီတီရွေးချယ်ရာမှာ ပညာတတ်တဲ့သူ၊ တကယ်လုပ်နိုင်ကိုင်နိုင်မယ့်သူတွေကို နေရာပေးကြတာ တွေ့ရပါတယ်။ မန္တလေးဆေးတက္ကသိုလ်က ကျောင်းပြီးလာပြီး၊ ကော့ကရိတ်မြို့အနီးက ရွာတရွာမှာ ဆေးခန်းထိုင်ခဲ့တဲ့ ဒေါက်တာနိုင် အောင်ကို စခန်းဥက္ကဋ္ဌ တင်မြှောက်ကြတယ်။ မုဒုံအုပ်စုက စက်မှုတက္ကသိုလ်ဆင်း ကိုတင်စိုးနောင်က ဒု-ဥက္ကဋ္ဌ၊ ကြာအင်း ဆိပ်ကြီးက လူငယ်အုပ်စုကို သြဇာညောင်းသူ ကိုဆန်းထွန်း (GTI ဆင်း) ကို ဒု-ဥက္ကဋ္ဌ၊ မုဒုံသပိတ်က ခေါင်းဆောင် ကိုအောင်မျိုးဆန်းကို အထွေထွေအတွင်းရေးမှူး တင်မြှောက်ကြတယ်။ အဲဒီကာလမှာပဲ နယ်စပ်တလျှောက်က ကျောင်းသား လူငယ်အဖွဲ့အစည်းတွေကို စုစည်းဖို့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) က ကမကထပြုပြီး ညီလာခံ တခုကျင်းပစေတယ်။ စခန်းအသီးသီးက ကိုယ်စားလှယ်တွေ၊ ဘန်ကောက်ရောက်၊ ရနောင်းနယ်စပ်ရောက် ကျောင်းသား တွေကို ညီလာခံတရပ်ပြုလုပ်ပြီး စုစည်းစေမယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ကြိုးပမ်းကြတယ်။ NDF (မဒတ) ဆိုတာကတော့ မြန်မာနိုင်ငံ နယ်စပ်မှာရှိတဲ့ တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုပါပဲ။ အဖွဲ့ဝင် တိုင်းရင်းသား ၁၀ ဖွဲ့ ပါဝင်တယ်။

Monday, November 6, 2017

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၅)

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၅)

ကျနော် တောထဲမှာ ရှိနေစဉ် စုလှိုင်ကို ဆက်သွယ်ဖို့ မကြိုးစားခဲ့ဘူး။ မြို့ကို ဆက်သွယ်လို့ရနိုင်တဲ့ လမ်းကြောင်းတွေ၊ ယူဂျီ အဆက်အသွယ်တွေ ရှိခဲ့ပါတယ်။ ကျနော် မဆက်သွယ်ဘဲ ထားခဲ့တယ်။ ကျနော့်ရဲ့ ရွေးချယ်မှု လမ်းကြောင်းကို စုလှိုင်နား မလည်နိုင်ဘဲ ရှိနေလိမ့်မယ်။ သူ့အဖေဟာ စစ်တပ်က တပ်ရင်းမှူးတယောက်ဆိုတော့ စုလှိုင်ဟာလည်း အစိုးရရဲ့ ဝါဒဖြန့်ချိ ရေး သတင်းမှိုင်းတွေကို တစုံတရာ ယုံကြည်နေလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း သူ့အပေါ် စိမ်းစိမ်းကားကားလုပ်သွားတဲ့ စစ်သွေးကြွကောင်လေးတယောက်ကို စိတ်နာနေမှာပေါ့။ ကျနော်တို့ကြားထဲ စည်းခြားခဲ့ပြီ ယူဆနေမိတယ်။ သူနဲ့ သင့်တော်သူ တယောက်ယောက်၊ ဖူးစာကြင်ဖက် တွေ့ရင်လည်း တွေ့သွားမှာပေါ့။ တခါတလေ တိုက်ဆိုင်မှုတွေရှိလာရင် တော့ ခဏတဖြုတ် သတိရကောင်းရပါလိမ့်မယ်။   

အတော်ကြီးကြာမှ နောက်ပိုင်းမှာ ကျနော်အမေရိက ခဏပြန်ရောက်နေတုန်း၊ နယူးယောက်က သူငယ်ချင်းတယောက်က ပို့လာခဲ့တယ်။ သူက ကျနော်နဲ့ကျောင်းတုန်းက တတန်းတည်း၊ နောက်ပိုင်းမှ နယူးယောက်မှာ အခြေချရောက်လာတဲ့သူ။ စုလှိုင် ဆုံးသွားပြီဆိုတာ သူပြောလာတယ်။ ၂၀၁၀၊ မေလထဲမှာ ကွယ်လွန်သွားခဲ့တယ်ဆိုတယ်။ သူ့မိဘတွေအခြေစိုက် ရာ အညာဖက်က မြို့တခုမှာ အပူကျွမ်းပြီး (Heat stroke) နဲ့ ကွယ်လွန်သွားခဲ့တယ်ဆိုတယ်။ ကွယ်လွန်တဲ့အချိန်အထိ အိမ်ထောင် ရှိမနေခဲ့ဘူး။ အပျိုကြီးဘဝနဲ့ပဲ သူအရိုးထုတ်နေခဲ့တယ်။ ကျနော် အတော်စိတ်မကောင်း ဖြစ်မိတယ်။ ဘယ်လို ကံကြမ္မာမျိုးတွေ တို့ကြုံခဲ့ကြရပါလိမ့်… တွေးမိတယ်။ သူ့အတွက် အလှူဒါနပြု၊ ကောင်းရာမွန်ရာ ရောက်ဖို့ ဆုတောင်းမိ တယ်။

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၄)

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၄)

စုလှိုင်ကို မေတ္တာစာပေးဖို့ ကျနော် ဆုံးဖြတ်လိုက်တဲ့အချိန်မှာ၊ ဘာကိစ္စတွေမှန်း မသိရဘဲ ကျနော်စိတ်တွေ အလွန်အမင်း ရှုပ်ထွေးနေခဲ့တယ်။ အဇ္ဈတ္တမှာ ပလာကျင်းသလို ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဘာကိုဖြည့်ဆီးပြီး၊ ဘာကိုထည့်သွင်းရမယ် ဆိုတာလည်း မသဲမကွဲ ဖြစ်နေတယ်။ စုလှိုင်ဟာ ကျနော့်ချစ်သူ ဖြစ်နိုင်သလား။ သိပ်မသေချာဘူး။ ဒါပေမယ့် သူ့ကိုကြည့် ရင် နှစ်သက်စရာ အပြုအမူလေးတွေလည်း ရှိပါတယ်။ သူ့ရဲ့ရိုးသားဖြူစင်မှုကိုလည်း ကျနော်သဘောကျတယ်။

နောက်ဆုံးတော့ ကျနော်ဆုံးဖြတ်လိုက်တယ်။ မစုလှိုင်ကို ကျနော်ရည်းစား စကားပြောတော့မယ်။ ကျနော်ဖတ်ပြီး ကြိုက် နေတဲ့ ရုရှားကဗျာဆရာ 'မာယာကော့ဖ်စကီး'ရဲ့ ကဗျာတပိုဒ်ကို ရည်းစားစာအဖြစ် ယူသုံးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက် တယ်။ နောက်ဆုံး ကျစ်လစ်သေသပ်တဲ့ အချစ်စာ တစောင် ရရှိခဲ့တယ်။

"မစုလှိုင်...
ကိုယ်ဘာတွေများ ရေးရမလဲ...
ကိုယ့်ဘဝတခုလုံးဟာ မင်းအတွက် စာတစောင်ပဲ..
ဒီစာကို လက်ခံလိုက်ပါတော့ကွယ်။

ထာဝရ..
အောင်သူ"
 လို့ ချရေးလိုက်တယ်။ ဒါပဲ။

Sunday, November 5, 2017

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၃)

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၃)
 
"စကားလုံးတွေဟာ အတွေးတွေကို ကောင်းကောင်း မဖော်ပြနိုင်ဘူး။ အတွေးကို စကားလုံးနဲ့ ဖော်ပြလိုက်ရင် နည်းနည်း ဖြစ်ဖြစ်၊ ကွဲပြားခြားနားသွားတယ်။ ငါတို့ဟာ ကိုယ့်ကိုယ်ကို အနက်အဓိပ္ပါယ် အရှုပ်အထွေးထဲမှာ၊ စကားလုံး ပဋိပက္ခတွေ ထဲမှာ ကျရောက်နေတာ တွေ့ကြရတယ်။"
ဟာမန်းဟက်စ် ရဲ့ 'သိဒ္ဓတ္တ' ဝတ္ထုမှ…….

ဒီကာလမှာ ကျနော့်ရဲ့ စိတ်ရှုပ်ထွေးနေပုံဟာ ဘယ်လို ဖော်ပြရမှန်း မသိဘူး။ တခါတလေ အတန်းမတက်ချင်ဘူး။ ဒါနဲ့ အဆောင်က သူငယ်ချင်းတွေ အခန်းထဲ သွားသွားအိပ်နေတယ်။ ကျောင်းမှာ စာပေဝါသနာပါတဲ့သူတွေ၊ ကဗျာရေး စာရေး လုပ်သူ နည်းနည်းပါးပါးနဲ့ စကားပြောတယ်။ ညနေစောင်းတော့ အိမ်ပြန်လာတယ်။

၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာတော့ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၁၅ ကျပ်တန်ငွေစက္ကူတွေကို တရားမဝင် တော့ဘူး၊ ဖျက်သိမ်းတယ် ဆိုပြီး ကြေညာလိုက်တယ်။ အဲဒီညမှာပဲ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ မကျေနပ်လို့ ဆူပူကြတယ်။ အစိုးရက ကျောင်းတွေပိတ်လိုက်တယ်။ အဲဒီအချိန်က ကျနော် ဘယ်လိုစဉ်းစားမိတယ် မသိဘူး။ နောက် တနေ့ ကျနော် သီတာဆောင်ဆီ ရောက်သွားခဲ့တယ်။ စုလှိုင်က ရှိမနေဘူး။ မျိုးမျိုးနဲ့တွေ့တော့ ငါ့ဆီမှာ ပိုက်ဆံ နည်းနည်း ရှိတယ်။ ငွေကြေး ခက်ခဲမလား။ အိမ်ပြန်ဖို့ စားရိတ်စကရော လိုမလားမေးမိတယ်။ တကယ်တော့ သူ့မှာလဲငွေမလိုပါဘူး။ ဒီတလော မျိုးမျိုးနဲ့ ဟိုသည်သွားဖြစ်တယ်။ ဖြစ်ပုံက ကျနော်တို့ရဲ့ သူငယ်ချင်း မိန်းမခိုးလာပြီး၊ စက်မှုတက္ကသိုလ် (RIT) နောက်ဖက်က အပြင်ဆောင်တခုမှာ လာနေကြတယ်။ ယောက်ျားလေးဖက်က ကျနော်တို့မြို့က ရင်းတဲ့သူငယ်ချင်းဖြစ်လို၊ မိန်းကလေးဖက်ကလည်း ကျနော်နဲ့သိတယ်၊ ရင်းနှီးတယ်။ မျိုးမျိုးကလည်း ကောင်မလေးဖြစ်သူနဲ့ သူငယ်ချင်း။ ဒါနဲ့ သွားအားပေးကြမယ် ဆိုပြီး တူတူသွားကြ လာကြ။ ကျနော်ကတော့ ရိုးရိုးသားသားပဲ။ ဒါပေမယ့် အချို့ကတော့ အမြင် တမျိုး ဖြစ်ကောင်းဖြစ်နေကြမယ်။

Saturday, November 4, 2017

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၂)

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၂)

ကျနော်တို့ နောက်ဆုံးနှစ် ကာကွယ်ရေးနဲ့ လူမှုရေး ဆေးပညာ ကွင်းဆင်းလေ့လာကြရတဲ့ ရေနံချောင်းမြို့ရဲ့ မတ်လက ပူလှတယ်။ ကျနော်တို့က 'အညာ' လို့ ထင်ပေမယ့် ဒေသခံတွေကတော့ ဒီဒေသကို မြေလတ်ပိုင်းလို့ပဲ ခေါ်ကြတယ်။ ရေနံချောင်းနဲ့ ပတ်သက်လာရင် မှတ်မှတ်ထင်ထင် ရှိတဲ့ အကြောင်းတွေ ရှိနေတယ်။ စာတွေ့တွေပါ။ မောင်သိန်းဆိုင်ရေး တဲ့ "ရေနံ့သာ ခင်ခင်ကြီး" ဝတ္ထုရှည်ကြီးပဲ။ အရင်ကာလ ရေနံ ချောင်းဒေသက တွင်းစားသူဌေးတွေ၊ ရေနံတွင်းတူး လုပ်သားတွေနဲ့ ရေနံချောင်းဒေသအကြောင်းကို ဝတ္ထုဖွဲ့ထားတယ်။ ရေနံချောင်းမြို့ တည်နေပုံက လွမ်းမောစရာ၊ ခြောက်သယောင်းနေတဲ့ တောင်ပူစာတွေ ရှိတယ်။ သစ်ပင်ကလည်း ရှိလှ ကျိုးတိုးကျဲတဲ။ အဲဒီမှာမှ နာရီလက်တံတွေလို တချက်ချက် လှုပ်နေတဲ့၊ စည်းဝါးကျ သူ့ဘာသာမောင်းနှင်နေတဲ့ ရေနံတူး စင်တွေကို ဟိုနားသည်နား တွေ့ရတယ်။ ဒီဒေသဟာ ရေနံထွက်လို့ အရင်တချိန်တည်းက ဘီအိုစီ (British Oil Corporation) လို ရေနံ ကုမ္ပဏီကြီးတွေ လက်ဝါးကြီးအုပ် အခြေစိုက် အမြတ်ထုတ်ခဲ့တဲ့ ဒေသ။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လို့ အင်္ဂလိပ်တွေအဆုပ်မှာ ရေနံတွင်း တွေကို ပိတ်ဆို့ဖျက်ဆီးခဲ့ကြတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းမျိုးလည်း ကျနော်တို့ သင်ခဲ့ရဖူးတယ်။ ရေနံမြေ သခင်ဖိုးလှကြီးတို့လို မဝရေစာစားပြီး၊ ရေနံတွင်းမှာ အလုပ်လုပ် နေကြရတဲ့၊ နောက်ဆုံး "ဖောင်စီးရင်း ရေငတ်" မခံမရပ်နိုင်လို့ ထကြွပုန်ကန်ကြတဲ့ သူရဲကောင်းတွေရဲ့ သမိုင်းလည်း ကျနော်တို့ သမိုင်းမှာ သင်ခဲ့ကြရဖူးတယ်။ နောက်တခု ကျနော်စာအုပ်တွေထဲက မှတ်မှတ်ရရဖြစ်နေတာက စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတွေထဲက ရေနံချောင်းပဲ။ ဆရာမက ရေနံချောင်းသူ။ သူကြီးပြင်းရာ အရပ်ကို တနည်းတဖုံ စာအုပ်တွေထဲ ထည့်ရေးဖွဲ့တယ်။ အဲသည် ဝတ္ထုတို၊ စာအုပ်တွေထဲက ရေနံချောင်းကို ကျနော်မြင်ချင်နေမိတယ်။ "အဝေးကြည့်မှန် ပြောင်း" ဝတ္ထုတိုထဲကလို တဖက် တောင်ကုန်းကို လှမ်းမြင်နေရတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်အမျိုးသမီးကတော့ အဝေးကြည့် မှန်ပြောင်းတလက်နဲ့ ရေနံချောင်း တဖက်က တောင်ကုန်းတွေကို လှမ်းမျှော်ငေးမောနေမလားပဲ။

Wednesday, November 1, 2017

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၁)

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၁)

" မောင် …
ဒီနေ့ မင်းကို အရမ်းသတိရနေတယ်။ အရင်နေ့တွေထက်ကို ဒီနေ့မှ ပိုပြီးလွမ်းတယ်။ တနေ့လုံးပဲ။ အိမ်ရှေ့မှာထွက်ထိုင် နေဖြစ်တယ်။ ကိုယ့်ရင်ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ပြောမပြတတ်အောင်ပဲ။ ဖုန်းလိုင်းလည်း ပြတ်နေတော့ ဆက်လို့ မရဘူး။ လူချင်းမတွေ့နိုင်ပေမယ့် အသံကြားရတယ်ဆိုရင် တော်သေးတယ်။

ကိုယ်နေရတာ တောထဲတောင်ထဲမှာ။ ဘယ်မှလဲ သွားစရာမရှိ။ စိတ်ဖြေစရာ မရှိဘူး။ ညနေဖက်တွေမှာဆို အိမ်ထဲမှာ ဘယ်လိုမှ နေလို့မရနိုင်ဘူး။ ခြံထဲမှာ အော်ဟစ်ပြီး လျှောက်ပြေးနေချင်စိတ်ပေါက်လာတယ်။ စိတ်ထဲမှာ တင်းကျပ်နေ တယ်။
ကျောင်းပိတ်ရက်တွေကို မုန်းလာပြီ။ မင်းဆီက စာ ၂ စောင်ပဲရသေးတယ်။ မင်္ဂလာဒုံကို ကားကြုံနဲ့ လိုက်လာဖို့ ကြိုးစားမိ သေးတယ်။ အဲဒီညက မင်းတို့အိမ်ကို ဖုန်းဆက်လို့ မရဘူး။ တပ်ကဖုန်းက ခဏခဏ ပျက်တတ်တယ်။ ဒါနဲ့ပဲ ကိုယ်ရောက် ပြီး မင်းမရှိမှာ စိုးတာနဲ့ မလိုက်ဖြစ်ဘူး။ အဲဒီနေ့ တနေ့လုံးပဲ ကိုယ့်မှာ နောင်တတွေ ရနေမိသေးတယ်။

ကိုယ့်ဆီကို လာဖို့ခရီးက ဝေးရုံတင်မဟုတ်ဘူး။ အဆင့်ဆင့်နဲ့ လာရမှာမို့ မင်းကို အားနာပါတယ်။ ရောက်အောင် မလာတဲ့ အတွက်လည်း စိတ်မဆိုးပါဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့သူတွေနဲ့ ဆက်ဆံဖို့ မင်းစိတ်ညစ်မှာကို ကိုယ်နားလည်ပါတယ်။ … "   

Tuesday, October 31, 2017

ပြည်ထွက်ခန်း (၄)

ပြည်ထွက်ခန်း (၄)

ကျနော်တို့ နောက်ဆုံး ဘုရားသုံးဆူစခန်းကို ရောက်လာခဲ့ကြတယ်။ စခန်းကိုရောက်တော့ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။ အဲဒီအချိန်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) နဲ့ ကျောင်းသားတပ်မတော်ကို တရားဝင်ဖွဲ့ပြီးနေပြီ။ ABSDF ကိုဖွဲ့တဲ့ တရားဝင်မွေးနေ့က နိုဝင်ဘာလ ၁ ရက်နေ့။ အစောက ပြောသလို ကျနော်တို့ တောထဲထွက်ဖို့ လုပ်တော့ နောက်ကျတယ်။ ပြည်တွင်းမှာလည်း နိုင်ငံရေးပါတီတွေ တည်ထောင်လှုပ်ရှားနေကြပြီ။ တောထဲကို ရောက်လာတာ နောက်ကျတယ်။

ဘုရားသုံးဆူစခန်းကို လာရင် အဓိကလမ်းကြောင်း ၃ သွယ်ရှိတယ်လို့ ဆိုနိုင်တယ်။ တလမ်းကတော့ ကြာအင်းဆိပ်ကြီး ကနေ အတ္တရံမြစ်အတိုင်းတက်လာ၊ ချောင်းဆုံရောက်တော့ တောင်တလုံးကို ဖြတ်ကျော်လိုက်ရင် ဘုရားသုံးဆူ တောင်ကြား လမ်းကတဆင့် ဘုရားသုံးဆူကို ရောက်တယ်။ နောက်လမ်းတခုက ရေးမြို့မြောက်ပိုင်းကနေ 'ရေရှိသည်' တောင်ကိုဖြတ်၊ နယ်စပ်ကိုရောက်တယ်။ နောက်တလမ်းကတော့ ရေးမြို့ တောင်ပိုင်း အလယ်စခန်းကနေ တောင်ညို တောင်တန်းကို ဖြတ် လို့ နယ်စပ်ကိုလာတဲ့လမ်း။ ကျနော်တို့ကတော့ ရေးမြို့မြောက်ပိုင်းကနေ၊ ရေချောင်းဖျား အတိုင်း တက်လာ၊ 'ရေရှိသည်' တောင် ကိုဖြတ်လို့ နယ်စပ်ကိုလာတဲ့လမ်းပဲ။ ရေရှိသည်တောင်ဆိုတာ အဲဒီဒေသမှာ အတော်မြင့်တဲ့တောင်၊ ဒါကြောင့်လည်း မွန်ပြည်သစ်က စခန်းတခုထိုင်၊ ဆက်သွယ်ရေးစက်တွေကို အမြင့်က ထိန်းချုပ် ထားတဲ့ စခန်းမျိုးသဖွယ် လုပ်ထားတယ်။ ကျနော်က ဝတ်စုံ ၂ စုံပဲပါတယ်။ စောင် ဘယ်သယ်နိုင်ပါ့မလဲ။ ရေရှိသည် တောင်ပေါ်ရောက်တော့ အေးလိုက်တာ၊ တည လုံး မအိပ်နိုင်ဘူး။ ပုဆိုးလေးခြုံပြီး ကွေးရတယ်။ မနက်မိုးလင်းတဲ့အထိ၊ နွေးအောင် တယောက်နဲ့ တယောက် ကျောချင်း ကပ်၊ အိပ်မပျော်ကြဘူး။ အဲဒီကနေ နယ်စပ်ရှိ တပ်ရင်းစခန်းတခုကို ရောက်တယ်။ မွန်ပြည်သစ်ပါတီက (၃၃၃) တပ်ရင်းမှူး နိုင်ကားရော့နဲ့တွေ့တယ်။ နောက်တနေ့ကျတော့ စက်လှေစီး၊ ထိုင်းနယ်ထဲကနေ ခိုးဖြတ်ပြီး၊ တောင်ကျောတွေက တဆင့် နောက်ဆုံး မွန်ပြည်သစ်ပါတီ ဌာနချုပ်၊ နမ့်ကုတ်စခန်းကို ရောက်တယ်။ မွန်ပြည်သစ်ပါတီဌာနချုပ်ထဲ တညအိပ်ရတယ်။ အဲသည်နမ့်ကုတ်စခန်းကနေ ဘုရားသုံးဆူရွာကို လျှောက်ရင် ၅ ကီလိုမီတာလောက် ဝေးမယ်။ တနာရီကျော်လောက် လမ်းလျှောက်ချင်တယ်။ ကျနော်တို့က ရောက်ချင်လှပြီ။ ကျောင်းသားစခန်းတကယ်ရှိတယ် ဆိုတာ မျက်ဝါးထင်ထင် တွေ့ချင်လှပြီ။ နောက်တနေ့ကျတော့ စစ်ဖြစ်လို့ ရွာပျက်နေတဲ့ ဘုရားသုံးဆူကျေးရွာမှာ စခန်းချနေတဲ့ ကျနော်တို့ ညီ အစ်ကိုတော် ကျောင်းသားတွေကို တွေ့ရတယ်။     

Monday, October 30, 2017

ပြည်ထွက်ခန်း (၃)

ပြည်ထွက်ခန်း (၃)
ကျနော်တို့ တောင်ကုန်းတခုကို ခက်ခက်ခဲခဲ တက်နေရတယ်။ ပုံမှန်လမ်းမဟုတ်ဘူး။ နွားကုန်သည်တွေ ဖြတ်သန်းသွားကြ လို့ ဗွက်ထူထူထနေတဲ့ လမ်းပဲ။ ကျနော်တို့ဆိုတာက ကျနော်ရယ်၊ ကိုမင်းလွင်ရယ်၊ ကျနော်တို့ ဆေးတက္ကသိုလ်-၂ ကနေ
နောက်ပိုင်း ဆေး-၁ ကို ပြောင်းသွားတဲ့ ကိုမင်းလွင်တို့အတန်းက ကိုဝင်းမင်းရယ်၊ ကိုသက်ဌေးနိုင်ရယ်၊ေ နာက်ထပ်လမ်းမှာ
ထပ်ပြီးတွေ့ကြလို့ မိတ်ဆွေဖြစ်၊ ပါလာကြတဲ့ မော်လမြိုင်က ကိုနန္ဒ၊ ရှေ့နေ ကိုမျိုးမြင့်၊ ပုသိမ်က ကျောင်းဆရာ ကို မင်းဆန်းမင်းပဲ။ ကိုမင်းဆန်းမင်းကတော့ နာမည်အရင်းဟုတ်ပုံ မရဘူး။ လျှို့ဝှက်နာမည်တခုခု ယူထားတာလည်း ဖြစ်နိုင်ပါတယ်။ သူက မုတ်ဆိတ်ပသိုင်းမွေးနဲ့၊ ပိန်ပိန်သွယ်သွယ်၊ ချေခွေဗားရား ဒီဇိုင်းမျိုးဖမ်းထားတယ်။ နောက်ပိုင်း တောထဲ ရောက်တော့လည်း ဘယ်ရီဟက်တလုံးကို ရှာပြီး ကျူးဘားပြောက်ကျားခေါင်းဆောင် ချေခွေဗားရားပုံ အပြည့် ဖမ်းတော့တယ်။ ပိုဆိုးတာကတော့ ကျနော့်ဖိနပ်ပြတ်သွားခဲ့တယ်။ ခြေပလာနဲ့ လျှောက်နေရတယ်။ သူများတွေက သူတို့ဖိနပ်ယူစီးဖို့ ပြောပါတယ်။ ကျနော် ယူစီးရင် သူတို့လည်း ခြေပလာ ဖြစ်လိမ့်မယ်။

ကျနော် မှားတာကလည်း ထွက်လာတော့ ပိန်းတန်းသားရေဖိနပ်နဲ့ ဒီတောတောင်ခရီးဆိုတော့ ဖိနပ်ပြတ်တော့တာပေါ့။ ကျနော်ထွက်လာတော့ အိမ်ကို ဘာမှမပြောဖြစ်ဘူး။ ဒီအတိုင်း အဝတ်တထည် ကိုယ်တခုထွက်ချလာတယ်။ သူငယ်ချင်းတွေ
စုပေးတဲ့ ကျောပိုးအိတ်ငယ်တလုံး အင်္ကျ ီ ၂ ထည်၊ ပုဆိုး ၂ ထည်လောက်ပါတယ်။ မှတ်ပုံတင်ကတော့ သူများမှတ်ပုံတင်တခုကို လိုရမယ်ရ ငှားပေးလိုက်တယ်။ ရုပ်ကလည်း မတူပါဘူး။ သိကြတဲ့အတိုင်း မှတ်ပုံတင်က ကလေးရုပ်တွေဆိုတော့ ဒီလိုပဲ ညာလို့ရနိုင်မယ် ထင်တာပေါ့။ ပြည်တော်ထွက်ခန်းစတော့ေ အာက်တိုဘာလလယ်။

Saturday, October 28, 2017

ပြည်ထွက်ခန်း (၂)

ပြည်ထွက်ခန်း (၂)

ကျောင်းပိတ်ထားတော့ စာဖတ်ရမလား၊ စာထဲလည်း စိတ်မထည့်နိုင်တော့ဘူး။ အဖြစ်တွေက လောလောလတ်လတ် ကြုံ တွေ့ခဲ့ရတယ်။ ရှော့ခ်ရ သွေးလန့်ဖွယ်ရာ အဖြစ်အပျက်များက ကျနော်တို့ မလွတ်မြောက်နိုင်သေးဘူး။ ရန်ကုန်မြို့ကြီးဟာ ခြောက်ခြားဆဲပဲ။ တခါတလေ ညညမှာ စစ်ကားတွေ ကင်းလှည့်သွားကြတယ်။ သိမ်းပိုက်ခံထားရတဲ့ မြို့ကြီးတမြို့လို၊ လူတွေက ရုံးတွေသာပြန်တက်ကြတယ်။ စစ်အစိုးရက ထုတ်ပြန်တဲ့ အမိန့်တွေအတိုင်း စက်ရုံတွေလိုသာ နာခံအလုပ်လုပ် နေကြတယ်၊ စစ်ရှုံးလိုက်လျောလိုက်ကြရတဲ့ မြို့က လူထုတွေလို။ ဟိုနားပေါ်တာဆွဲတယ်၊ ဒီနားပေါ်တာဆွဲတယ် သတင်း တွေကလည်း ရှိသေးတယ်။ တခါက ရပ်ကွက်ထဲတောင် လူတွေကိုပေါ်တာဆွဲတယ်ဆိုလို့ အိမ်နီးချင်းတွေ ရုတ်ရုတ်သဲသဲ ထွက်ပြေးကြတာ ကြုံရတယ်။ ဘယ်ဟာ အမှားအမှန်ယူရကောင်း မသိတဲ့ ကောလာဟလတွေက မြို့လေထုကိုသိုင်းဖွဲ့ထားတယ်။ ဒီလိုနဲ့ ကျနော့် ကဗျာမှတ်စုစာအုပ်လေးမှာ ဟိုခြစ်သည်ခြစ် လုပ်နေမိတယ်။    

" အသုဘ ချပြီးစအိမ်လို
ညရဲ့ကိုယ်ထဲ အသံမဲ့။
ပိုးကောင်ငယ်များ အသံ
စက္ကန့်တံလို လှုပ်လှုပ်
မိုးတိမ် ပုတ်စပ်စပ်
မလတ်မဆတ် လ နဲ့
ကြယ်တို့ရဲ့ ဖတ်စာမဲ့"
မြို့ထဲမှာတော့ နိုင်ငံရေးအရ ပြန်လှုပ်ရှားလာကြတာလည်း မြင်ရတယ်။ အာဏာသိမ်းပြီးတဲ့ စစ်အစိုးရက ပါတီစုံရွေး ကောက်ပွဲတွေ လုပ်ပေးမယ်လို့ ကတိပေးတယ်။ အရင် မဆလအစိုးရ ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲတွေကော်မရှင် ကိုလည်း မဖျက်သိမ်းဘူး။ ဒီလိုနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တတ်သိအစု၊ ဦးအောင်ကြီးအစု၊ သူရဦးတင်ဦးနဲ့ ဦးအောင်ရွှေဦးဆောင်တဲ့ မျိုးချစ်တပ်မှူး အစုတို့ စုပေါင်းကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပေါ်ထွက်လာတယ်။[1] ပါတီ ရုံးတွေ ဟိုနားသည်နားဖွင့် တွေ့နေရပြီ။ ၈၈၈၈ က လူငယ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမိုးသီးဇွန်အပါအဝင် လူငယ် တွေကလည်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ (DPNS) အဖြစ် စုစည်းပေါ်ထွက်လာတယ်။[2] အင်းစိန်မှာတောင် ရုံးလာ ဖွင့်ပြီးပြီ။ ဒါပေမယ့် ပြဿနာက ညဆိုရင် ညမထွက်ရအမိန့် တင်းတင်းကျပ်ကျပ် ရှိတယ်။ ညနေမှောင်လာရင် လူတွေက အပြေးအလွှားအိမ်ပြန်ကြရတယ်။ အိမ်ပြန်မရောက်ဘဲ လမ်းမှာ စစ်သားတွေက စစ်ဆေးရေးဂိတ်တွေမှာ ကြုံရရင် ပြဿနာရှိတယ်။ မထင်ရင် မထင်သလို ရိုက်နှက် ခံကြရတယ်။ အိမ်တွေမှာလည်း ဧည့်စာရင်းစစ်၊ လိုရင်လိုသလို ဝင် ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းလည်း ရှိနေတယ်။

Friday, October 27, 2017

ပြည်ထွက်ခန်း (၁)

ပြည်ထွက်ခန်း (၁)

အိမ်ကထွက် တောခိုခါနီးတော့ အိပ်ယာထဲချည်းလှည်းနေမိတယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး။ အဲဒီကာလက ကျနော် စောင်တထည်ကို သိပ်ကြိုက်နေတယ်။ စောင်တထည် ခြုံထားရတဲ့ နွေးထွေးမှုကို ကျနော်တပ်မက်နေတယ်။ စဉ်းစား မိတယ်။ အကယ်၍ ကျနော်တောထဲရောက်သွားရင် စောင်ရှိပါ့မလား။ လုံခြုံတဲ့ အမိုးအကာတခု ရနိုင်ပါ့မလား။ တောထဲ တောင်ထဲ ဖြစ်သလို စခန်းသွားကြရမှာလား။ မသိနိုင်ဘူး။ ကျနော်တို့ ကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဆိုရင်လည်း သူပုန်တွေရဲ့ ဘဝက မျှစ်စားပြီး၊ စုတ်စုတ်ပြတ်ပြတ်နဲ့ နေကြရတာ မဟုတ်လား။ မိဘတွေကတော့ ကျနော် အိပ်ယာပေါ် ချည်းလှဲနေ တာ ဘယ်အကြောင်းကြောင့်ဆိုတာ သိနိုင်မယ် မဟုတ်ပေဘူး။ တောခိုတော့မယ်လို့ ပြောပြလို့လည်း ဘယ် ဖြစ်ပါ့မလဲ၊ အခုလို အိပ်ယာပေါ်လှဲနေတာလည်း အိမ်ဓာတ်ကို ရသလောက်ယူနေတာလို့ ပြောနိုင်ပါတယ်။

ကျနော်တို့က အရင်တုန်းက အင်းစိန်မှာ နေကြတယ်။ အင်းစိန် ပိန္နဲကုန်းရပ်ကွက်မှာ နေကြတယ်။ နောက်တော့ မောင်နှမ တွေက အပြိုင်းအယိုင်းကြီးလာ၊ တက္ကသိုလ်တွေတက်ကြ၊ အိမ်က ငွေကျပ်တည်းလာလို့ ပိန္နဲကုန်းရပ်ကွက်က အိမ်ကို ထုတ်ရောင်းလိုက်ရတယ်။ အင်းစိန်နံ့သာကုန်းဘက်မှာ အိမ်တလုံးမှာ ငှားပြီးနေကြတယ်။ အိမ်က ခပ်သေးသေး သစ်ခွဲ စက်ဝင်း တခုထဲမှာ ရှိတယ်။ သစ်စက်တခုနဲ့ နောက်ဖက်မှာ ကပ်လျက်ဆောက်ထားတဲ့ အုတ်တိုက်ငယ်ကလေးပါပဲ။ အိမ်မှာ အိပ်ခန်း ၂ ခန်းရှိတယ်။ အဖေ၊ အမေက တခန်း၊ ညီမတွေက တခန်းအိပ်ကြတယ်။ ထပ်ခိုးလို အထပ်ကျဉ်းလေးမှာတော့ ကျနော့်ညီငယ်တွေအိပ်တယ်။ ကျနော်ကတော့ အိမ်ရှေ့အဖီလိုမျိုး ဘုရားစင်ထားတဲ့ အခန်းမှာ အိပ်တယ်။ အခန်းကို ရာဇမတ်လို လေးထောင့် စပ်ကြားသစ်ကွက်တွေနဲ့ ကာထားပြီး၊ ပြင်ပနဲ့ ဟင်းလင်းသဘော ဆက်စပ်နိုင်တယ်။ မိုးရွာရင်တော့ လိပ်ထားတဲ့ ပလပ်စတစ် လိုက်ကာစကို ချလိုက်နိုင်တယ်။ အိမ်ခြံတဖက်မှာတော့ မြေကွက်လပ်ခြားပြီး ရှိနေပြီး၊ ကျန်တဲ့အိမ်တွေနဲ့ နည်းနည်း လှမ်းတယ်။ ရေကန်လို ရေစပ်စပ်လည်း ရှိတာကြောင့် ညဆိုရင် ခြင်ကိုက်တယ်။ ဖားလက်တက်လေးတွေ၊ ပုရစ်လို အင်းဆက် ပိုးမွှားကောင်ကလေးတွေ အော်သံလည်း ညညဆို ကြားနေရတယ်။ လေးထောင့်ကွက်ကြား အကာတွေကနေ ကြည့်လိုက်ရင် အိမ်ပိုင်ရှင် (သစ်စက်ပိုင်ရှင်) က ကွန်ကရစ်ခွေလုပ်ငန်းကိုလည်း လုပ်တော့ ဆင့်ထားတဲ့ ကွန်ကရစ်အခွေ ဘောင်တွေကို တွေ့နေရတယ်။ ကျနော်က ခြင်ထောင်ဆိုရင် ပိတ်ခြင်ထောင်ကို ပိုကြိုက်တယ်။ အထဲကို မမြင်ရတော့ ပိုပြီး တကိုယ်ရေ လွတ်လပ်မှု ရှိတယ်လည်း ထင်မိတယ်။ အဲသည်တော့ မနက် မိုးလင်းရင်လည်း မထသေးဘဲ၊ ပျင်းကြောဆွဲ အိပ်ယာထဲ လှဲနေတယ်။ အမေကတော့ ဘေးမှာ ဆွမ်းတော်ကပ်၊ ဘုရား ရှိခိုး ပုရိတ်ရွတ် မေတ္တာပို့နေတာ ကြားနေရတယ်။

Thursday, October 26, 2017

အိမ်ပြန်အကြို

အိမ်ပြန်အကြို

ဗဟုဖွံ့ဖြိုးမှုအဖွဲ့အနေနဲ့ အိမ်ပြန်ခရီး စီစဉ်ကြတဲ့နေရာမှာ ပြန်မယ့်သူက ၄ ဦးပါ။ ကိုဇော်ဦးရယ် (သူကတော့ အရင်ကလည်း
ပြန်ရောက်ပြီးသား၊ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ)၊ ကိုအောင်နိုင်ဦး (ယခု JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မီတီ) နဲ့ ကျနော်ပါတယ်။
မြန်မာပြည် ပြန်ကြမယ့်အကြောင်း သတင်းထုတ်ပြန်ချက်လုပ်တယ်။ ထိုင်းအခြေစိုက် မြန်မာသတင်းမီဒီယာတွေကလည်း ကျနော်တို့ကို မေးမြန်းကြတယ်။ ပြန်ကြမယ်ဆိုတော့ 
သတင်းထုတ်ပြန်ရေးအတွက်လည်းဖြစ်၊ တဖက်က အမှတ်တရလည်း ဖြစ်အောင် ဓာတ်ပုံရိုက်ကြတယ်။ ဓာတ်ပုံကိုတော့ ဗဟုအဖွဲ့က မန်နေဂျာ ထိုင်းအမျိုးသမီး နတ္ထဝတီက ရိုက်ပေးတယ်။

အရင် ABSDF အဖွဲ့တုန်းက နိုင်ငံခြားရေးတာဝန်ယူခဲ့သူ၊ အခုတော့ ဗဟုအဖွဲ့ ဒု-ဒါရိုက်တာ တာဝန်ယူနေတဲ့ ကိုအောင်နိုင်ဦး
ကတော့ "ခု ကိစ္စဟာ ဆန်းကြယ်တဲ့အိပ်မက် စိတ်ကူးယဉ် (surreal) လိုပါပဲ" လို့ AFP သတင်းဌာနကို ပြောတယ်။ "အိမ်ပြန်
ရောက်ရင် ဘာများလုပ်ရမလဲဆိုတာ ဆုပ်မိကိုင်မိ မဖြစ်သေးဘူး၊ စဉ်းစားနေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်တို့ထွက်ခွာလာခဲ့တဲ့ ကမ္ဘာ (ထွက်လာခဲ့စဉ် အခြေအနေ) က မရှိတော့ဘူး" လို့ သူက ပြောတယ်။ သတင်းမီဒီယာ တွေကတော့ ဒါဟာ မြန်မာနိုင်ငံအတွက် အကောင်းဖက်သဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တခုပါပဲလို့ ရေးသားကြတယ်။ ပြည်ပကိုထွက်ပြေးနေကြရသူတွေ အိမ်ပြန်နိုင်ပြီ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲခဲ့ကြသူတွေအတွက် ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ရပ်တခုပါပဲလို့ ဖော်ပြ
ကြတယ်။

အိမ်အပြန်

အိမ်အပြန်

ပြည်တော်ပြန်ရဖို့ သေချာသလောက် ရှိသွားပြီဆိုတော့ ကျနော်ရင်ခုန် စိတ်လှုပ်ရှားနေတယ်။ အထူးသဖြင့် အိမ်ပြန်ခရီးဟာ 
ဘယ်လိုရှိမယ်ဆိုတာ မှန်းဆတွေးနေမိတယ်။ တကယ်တော့ အိမ်ကထွက်ပြေးလာခဲ့တာ ကြာပါပြီ။ ကြာဆို ၂၄-နှစ် တိုင်ရှိခဲ့ပြီပဲ။ တချိန်တည်းမှာပဲ (ကိုယ့်အိမ်ပြန်တယ်ဆိုပေမယ့်) မမြင်ရတဲ့ နယ်မြေစိမ်းတခုထဲကို သွားရမယ့် ခရီးစဉ်တခုလို အလုပ်တွေလည်း များလှတယ်။ အန္တရာယ်ကြုံလာနိုင်ဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် အထွေထွေ
ရွေးကောက်ပွဲပြီးလို့ အရပ်သားတပိုင်း အစိုးရတက်နေပါပြီ။ အရပ်သားအစိုးရသစ် သမ္မတဦးသိန်းစိန်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းတွေ ပြန်လာနိုင်ကြောင်းလည်း တရားဝင်ဖိတ်ထားပြီးပါပြီ။ ဒီအရင်က အချို့ပြန်ခဲ့ကြသူတွေလည်း ပြဿနာမတွေ့ခဲ့ ကြရသလောက်ပါပဲ။ နောက်ပြီး အစိုးရထဲက တာဝန်ရှိတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဘန်ကောက်ကို ငြိမ်းချမ်း
ရေးဆွေးနွေးပွဲတွေအဖြစ် လာရောက်ကြတဲ့ ခရီးစဉ်တွေမှာလည်း ကျနော်တို့နဲ့ ပြောထားဆိုထား၊ ဆက်ဆံမှုတွေကလည်း တစုံတရာ ရှိထားပြီးပါပြီ။ အကယ်၍ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတယ် ဆိုရင်ဖြင့် ပိုလို့ ခိုင်သွားပါပြီ။ တချိန်တည်းမှာပဲ ပြည်တွင်းက ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ မြန်မာအီးဂရက်စ် (Egress) ခေါင်းဆောင်တွေကလည်း ကျနော်တို့အပြန်ခရီးအတွက် ပြင်ဆင်ညှိနှိုင်းမှုတွေ လုပ်ထားကြပါတယ်။ သိပ်တော့စိတ်ပူစရာ မရှိလှဘူးပေါ့။ ဒါပေမယ့် 
မြန်မာပြည်ကို အပြန်ခရီးဟာ အပြီးအပိုင် အိမ်ပြန်ခရီးလား၊ ဒါမှမဟုတ်ရင် ခဏတဖြုတ် လှည့်လည်ကြည့်ရှု လေ့လာရေးခရီး ေ
လောက်ပဲလား ဆိုတာ ကျနော်ကိုယ်တိုင် သေချာမဆုံးဖြတ်နိုင်သေးပါဘူး။

စကားချီး

ခရီးရှည် အိမ်အပြန်လမ်း

စကားချီး
"ကိုယ်ရေးမှတ်တမ်း အထုပ္ပတိတခုမှာ ပြန်ပြောင်းသတိရချက်တွေက ဘယ်နေရာမှာဆုံးပြီး၊ ဒဏ္ဍာရီတွေက ဘယ်နေရာမှာ စတင်ဝင်ရောက်လာတယ် ဆိုတာ ပြောရခက်တယ်" လို့ စာရေးဆရာ အာရင်ဘတ်က သူ့ရဲ့ကိုယ်ရေးမှတ်တမ်းမှာ ပြောခဲ့ဖူး တယ်။ ဒီစာရေးဆရာကြီး အီလျာအာရင်ဘတ်ရဲ့ စာတွေကို ကျနော်တို့ ကြိုက်နှစ်သက်ကြတယ်။ အထူးသဖြင့် သူရေးထား တဲ့ ပါရီကျဆုံးခန်းကို ကျနော်တို့ အသည်းစွဲပဲ။ ဒီလို ကျနော့်ဖြတ်သန်းခဲ့ရာ ဘဝအကြောင်း ရေးမယ်ကြံတော့ သူ့ရေးထား တဲ့ ပါရီကျဆုံးခန်းကို ပြန်ဖတ်ချင်လာတယ်။ ဒါနဲ့ ရန်ကုန်မြို့ထဲ ကြုံတုန်းမှာ စာအုပ်ဟောင်းတန်းက ရအောင် ရှာဝယ်ခဲ့ရတယ်။ ပါရီကျဆုံးခန်းစာအုပ်ဟာ ကျနော်ဖြတ်သန်းခဲ့ရာ အတွေ့အကြုံကို ပြန်ရေးဖြစ်ဖို့ တွန်းအားပေးတဲ့ စာတအုပ်ဆိုရင် မမှားဘူး။ အခု ကျနော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်ထဲက ဇာတ်ကောင်တွေနဲ့လည်း သိပ်တူတယ်လို့ ယူဆမိတယ်။

Monday, March 2, 2015

ဒေါက်တာဇော်မင်းနဲ့ ကျနော်

(၁) 
 ေဆး-၂ စာပေအုပ်စု

ဒေါက်တာဇော်မင်းနဲ့ ကျနော့် အကြောင်းပြောရရင်၊ သူတို့ မိသားစုအကြောင်းလဲ နောက်ပိုင်း ပတ်သက်လာလိမ့်မယ်။ အကြောင်းက သူ့ညီ ကိုဇော်ထွန်း၊ ကိုဇော်ခိုင်ပါ ကျနော်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်ခဲ့ရတယ်။ ကျနော်တို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်ဆိုးကြီးမှာ သူတို့မိသားစုတွေ ဘယ်လောက်အထိ နစ်နာဆုံးရှုံးခဲ့ရတယ်ဆိုတာ ပြောပြသင့်တယ်တော့ ထင်တယ်။ သူရဲကောင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ စွန့်လွှတ်ခဲ့ကြသူချည်း၊ နစ်နာခဲ့ကြသူချည်း၊ ခေတ်တစ်ခေတ် လှိုင်းကြီးလေထန် ခလောက်ဆန်ခဲ့တဲ့ ကာလဆိုးကြီးမှာ အများထက်ပိုပြီး နစ်နာခံစားခဲ့ကြရသူများပါ။

ကျနော်နဲ့ ကိုဇော်မင်း စတင်ရင်းနှီးပုံအကြောင်း ပြောရင် ဆေးတက္ကသိုလ်-၂ မဂ္ဂဇင်းအကြောင်းက စရလိမ့်မယ်။ ကျနော် တို့ ဆေး-၂ က မဂ္ဂဇင်းတွေက နာမည်ရတယ်။ စာပေလောကထဲမှာ သြဇာရှိတယ်။ ဆေး-၂ မဂ္ဂဇင်းထွက်လာရင် စောင့်လို့ ဖတ်ကြရတယ်။ ကျနော်တို့အရင်နှစ်တွေတုန်းက အစ်ကိုတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်နဲ့ ကျနော်တို့ ၁၉၈၂ ခုနှစ်မှာ ကျောင်းရောက်တော့ မဂ္ဂဇင်းထွက်လာခဲ့တယ်။ စိန်ပန်းပုံ အဖုံးနဲ့ထင်တယ်။ နောက်တော့ အဖြူနောက်ခံမှာ နားကျပ်ပုံ လေးနဲ့ ထင်တယ်။ ကျနော်သေချာတော့ မမှတ်မိတော့ဘူး။ ဒီမဂ္ဂဇင်းတွေမှာ စာမူကောင်းတွေပါတယ်။ ရသစာပေတွေ လည်း လက်စွမ်းပြထားနိုင်တယ်။ မောင်သာနိုးလို နာမည်ကျော် ဘာသာပြန်ကဗျာဆရာတွေရဲ့ "ကာလီမယ်တော် တမ်းချင်း" ကဗျာလိုမျိုးလည်း ပါတယ်။ ဒါပေမယ့်ကျောင်းမှာ စာပေစိတ်ဝင်စားသူ၊ ကဗျာ-စာ စိတ်ဝင်စားသူက လူနည်းစုပဲ။ လူများစုက စာဂျပိုးတွေ။ သူတို့တွေက ဝိုင်းဝန်းကြိုးပမ်းကြတယ်။ 

ကျနော်လည်း တစ်နှစ်နှစ်မှာတော့ ကျောင်းမဂ္ဂဇင်းမှာ လက်စွမ်းပြဖို့ ရည်ရွယ်ချက်ရှိထားတယ်။ ဖြစ်နိုင်ရင်လည်း ဝိုင်းကူညီ လုပ်ပေးချင်သေးတယ်။ ဒီလိုနဲ့ စာပေဝါသနာပါသူ လူနည်းစုလေးကြားမှာ ရင်းနှီးလာတယ်။ ညီညွတ်မှုတွေ ရှိလာကြတယ်။ ကျနော်တို့ကျောင်းအရင် မဂ္ဂဇင်းတွေမှာ တာဝန်ယူဖူးတဲ့ ကိုသန်းဝင်း ရှိတယ်။ နောက်တော့ ဒေါက်တာဇော်မင်း (ဇော်နတ်ဇော် အမည်နဲ့ စာတွေဘာတွေ ရေးတယ်။) ကိုသိန်းဝင်း (ချမ်းငြိမ်းဝင်း) အမည်နဲ့ ကဗျာရေးတယ်။ ကိုသက်ဦး (သူ့ကလောင်နာမည်တော့ မမှတ်မိဘူး၊ သူမိတ်ဆက်ပေးလို့ အဲသည်ကတည်းက အံ့ဘွယ်ကျော်နဲ့ ကျောင်းကိုလာလည် တုန်း ရင်းနှီးဖူးတယ်။) နောက်တော့ ကျနော်၊ ကိုမင်းလွင် (နရီမင်း) တို့၊ တောင်ငူသား ကိုလွမ်းဆွေ၊ ကိုသန့်ဇင်… (နာမည် အချို့မမှတ်မိတာလည်း ခွင့်လွှတ်ပါ) တို့ ရှိကြတယ်။ ကိုသန်းဝင်း (ဒေါက်တာသန်းဝင်း) ကို နောက်ပိုင်းပြန်တွေ့ တယ်။ သူက ၁၉၈၈ ခုနှစ်ပြီးတော့ ထောင်ကျတယ်လို့ထင်တယ်။ NLD (ထားဝယ်) မှာ လှုပ်ရှားဖြစ်တာ။ သိပ်မသေချာ ဘူး။ သူနဲ့တစ်ခါ ရန်ကုန်မှာပြန်တွေ့တယ်။ အခုအချိန်မှာတော့ သူက ထားဝယ်မှာ NLD ရော၊ NLD က ခွဲထွက်ထူထောင် တဲ့ NDF နဲ့ရော အတူလုပ်ကိုင်ပေးနေတယ်။ ပါတီစွဲမရှိဘူး။ ကောင်းစေချင်တာ တစ်ခုနဲ့ နှစ်ပါတီလုံးနဲ့ လုပ်ပေးနေတယ် လို့ ကျနော့်ကို ပြောပြတယ်။ ကိုဇော်မင်းက ကျနော်တို့ ပထမနှစ် (First M.B) ရောက်တော့ သူက နောက်ဆုံးနှစ်လား၊ ဟောက်ဆာဂျင်လား မသိဘူး။ နောက်ပိုင်းတော့ အင်းစိန်၊ ဖော့ကန်မှာလား မသိဘူး။ ဆေးခန်းလေး ဖွင့်ထားတယ်။ သူနဲ့ ကျနော် စာအကြောင်း ပေအကြောင်းပြောဖို့ တွဲဖြစ်တယ်။ ကျနော့်အိမ် (အင်းစိန်) လည်း သူရောက်လာတတ်သလို၊ သူ့အိမ်လည်း ကျနော် သွား တတ်တယ်။ ကျနော့်အိမ်က အဖေ၊ အမေတွေက ဒေါက်တာဇော်မင်းနဲ့ အပြင်သွားမယ်၊ လက်ဖက်ရည်ဆိုင် ထိုင်မယ်ဆိုရင် စိတ်ချတယ်။ လူကြီး၊ ပြီးတော့ ဆရာဝန်ဖြစ်နေပြီ။ တည်တည်ငြိမ်ငြိမ် ရှိပုံလည်း ရလို့ပါ။ ဒါပေမယ့် ကျနော်တောခိုပြီး၊ ဒေါက်တာဇော်မင်းကိုလည်း ကွန်မြူနစ်ယူဂျီဆိုပြီး ဖမ်းအပြီး (စာအုပ်နီ-သတင်းစာရှင်းလင်းပွဲ) မှာ ကျနော့်အမေ မျက်နှာကို ကြည့်ချင်မိတယ်။ ဘယ်လောက်များ ကြောက်နေမလဲ မသိဘူး။

 နောက်တစ်ဦးက ကိုသိန်းဝင်း၊ သူက ကျနော့်ထက် ၂-တန်းလောက်ကြီးတယ်။ သူ့အဖေက RIT (စက်မှုတက္ကသိုလ်) က မော်ကွန်းထိန်းလို့ ထင်တာပဲ။ သူ့အစ်ကိုတယောက်လည်း ဆေး-၂မှာ အတန်းကြီးထဲမှာ ရှိတယ်။ သူနဲ့ ကျနော်လည်း လိုင်း မတူပေမယ့် တွဲမိတယ်။ လိုင်းမတူဆို သူက ပေတယ်။ ဆေးခြောက်ကြိုက်တယ်။ ဘောလုံးကန်တယ် (အားကစား ဘောလုံးပါ)။ ရုရှား ကဗျာဆရာ ယက်ဗ်တူရှင်ကိုလည်း ဘော်လုံးကန်တယ်။ ဆေးခြောက်ချတယ်လို့ သူက ဆင်ခြေပေး လေ့ရှိတယ်။ ကျနော်က ဆေးလိပ်တောင် မသောက်ဘူး။ အဆောင်က သူ့အခန်းသွားလို့ စာ-ကဗျာအကြောင်းပြောရင် ဆေးခြောက်နံ့ တမွှန်မွှန်နဲ့ သည်းညည်းတော့ ခံရတယ်။ သူက ဂေါ်ကီကြိုက်တယ်။ ရုရှား ဆိုရှယ်လစ်စာရေးဆရာတွေ အကြောင်း ကျနော့်ကို မိတ်ဆက်ပေးတာ။ ကြိုက်ရုံတင်မဟုတ်။ အထဲက ဇာတ်ကောင်တွေကိုပါ သဘောကျသေး။ ဘဝနာတဲ့ ဇာတ်ကောင်တွေပေါ့။ အဲဒီတော့ သူက မင်္ဂလာဒုံမြို့စွန် သားသတ်ရုံက လူတွေနဲ့ ပေါင်းတယ်။ အောက်ခြေ လူတန်းစားတွေနဲ့ ပေါင်းတယ်။ ဘဝမှန်တယ်ပေါ့လေ။ ဂျူတီကုတ်က ညစ်ပတ်နေတယ်။ ကားတိုင်ယာကို ဖြတ်ပြီး လုပ်ထားတဲ့ ဈေးပေါလွန်းတဲ့ ဖိနပ်ကိုစီးတယ်။ ဒီဒဏ်တွေကြောင့်ထင်တယ်။ အဲဒီကတည်းက ချွေးထွက်လာရင် သူ့ကိုယ်ထဲ သံကောင်တွေ သွားနေတာ၊ ယားတာဖြစ်တယ်လို့ သူက ပြောတယ်။ ထူးထူးဆန်းဆန်း လူတန်းစားဇာတ်လမ်း တွေလည်း သူ့ဆီက ကြားရတယ်။ ဥပမာ-ပြောရရင် အသားခုတ်သမားတွေက ရွှံ့ဗွက် ဒူးလောက်ထဲမှာ ခုတ်ကြရကြောင်း၊ ခုတ်ရင်း လူအလစ်မှာ အသားခိုးဖို့ ရွှွံဗွက်ထဲကို နှစ်ချလိုက်။ ပြီးတော့ အလုပ်သိမ်းတော့မှ ပြန်ထုတ်၊ ရေဆေး၊ ပြန်ရောင်းကြ ဆိုတာမျိုးပါ။

 ကိုသက်ဦးကတည်း အတန်းကြီးတယ်။ သူ့ကဗျာတွေက နည်းနည်းရှေးဆန်သလို ထင်တယ်။ သိပ်မတွဲဖြစ်ခဲ့ဘူး။ နောက်ပိုင်း ကျနော်နဲ့ တွဲဖြစ်တာ အတန်းတူ ဇော်အောင် (သူ့ကလောင်အမည် မေ့နေပြီ)။ ကိုမင်းလွင် (နရီမင်း)၊ သူက အတန်းငယ်တယ်။ ကိုမင်းလွင်က တရုတ်ကပြား။ ဖိနပ်ကိုရှပ်တိုက်လျှောက်တယ်။ ဆေးပညာထက်၊ အဲသည်အချိန်က စာပေကို ပိုစိတ်ပါနေပုံပဲ။ လောကကို အရွဲ့တိုက်ချင်ပုံလည်း ရတယ်။ ကျနော်နဲ့ စကားပြောရင်၊ သူ့အမြင်တစ်ခုခုကို ပြောပေမယ့် မှားသွားမလားဆိုပြီး၊ ရှက်ကိုးရှက်ကန်းကလည်း ဖြစ်သေးတယ်။ တစ်ခါတစ်လေ သူများကို ပြောချလိုက် ရင်လည်း ရစရာမရှိအောင် ပိဿာလေးဘေးပစ် ပြောတတ်တယ်။ ဇော်အောင်ကတော့ နောက်ပိုင်းကျနော် အဆက် အသွယ် ပြန်မရဘူး။ စာလည်း ဆက်ရေးဖြစ်တယ် မထင်ဘူး။ ကျောင်းတုန်းက အတန်းထဲမှာပဲ အခြားစာပေဝါသနာ ပါသူ တွေလည်း ရှိကြပါတယ်။ ကိုခင်အောင်ထွန်း (အခုတော့ ဆေးတပ်မှာ ဗိုလ်မှူးကြီးဖြစ်နေပြီ)၊ ကိုသက်ဦး (သူက စာဖတ် တယ်၊ စာမရေးဘူး၊ အခု အင်္ဂလန်မှာ)။ ကိုအေးနိုင် (အခုတော့ ဆေးတက္ကသိုလ်တစ်ခုမှာ ဆရာပြန်လုပ်နေတယ်)။ ဒီလူ တွေနဲ့ လက်ရေးမှင်ကူး ကဗျာစာအုပ်တွေလုပ်ကြ။ ကိုယ့်ဘာသာ ကျေနပ်နေကြတယ်။ ဆေး-၂ မဂ္ဂဇင်းအကြောင်း ပြန်ကောက်ရရင်၊ ကံဆိုးတာလား မသိဘူး။ ကျနော်တို့ ကျောင်းရောက်တဲ့နှစ်မှာပဲ လမ်းစဉ် လူငယ်က သိမ်းပိုက်လိုက်တယ်။

(နိုင်ငံရေးသိပ္ပံဌာနကလား.. သိပ်မသေချာဘူး)။ မူဝါဒတွေ မထိပါးဖို့ ဆိုပါစို့။ အဲဒီအချိန်က နိုင်ငံရေးသိပ္ပံဌာနမှူးက ဦးအေးမြင့်၊ မြန်မာစာဌာနမှာ ရောက်လာတဲ့ ဆရာတစ်ဦး ဆရာဦးစန်းဝင်း လို့ထင်တယ် (ချမ်းငြိမ်းအောင် ကလောင်နဲ့ ကဗျာတွေ၊ ဘာတွေရေးတယ်)။ သူတို့ဦးဆောင် သိမ်းပိုက်တာ၊ ကျနော်တို့က လုံးဝ မကျေနပ်ဘူး။ ဒါနဲ့ ကျောင်းမဂ္ဂဇင်းမှာ စာမူမပို့ဘူး ဆိုပြီး ဖြစ်ကြတယ်။ တကယ်လည်း ကျနော်တစ်ပုဒ်မှ မပို့ ဖြစ်ခဲ့ဘူး။

 နောက်ခံအနေနဲ့ ပြောရရင်၊ အဲသည်အချိန်က ဝတ္ထုတိုရွှေခေတ်လို့ ပြောကြတဲ့ခေတ်၊ ဆရာဝန် ဆေးကျောင်းသား စာရေး ဆရာတွေ အပြိုင်းအရိုင်း ထွက်တဲ့ခေတ်၊ တင်မောင်သန်း (ဒေါက်တာတင်မောင်သန်း- သင့်ဘဝ)၊ ကျော်စွာထက်၊ ဂျူး၊ ပြေ (ဆေး-၂)၊ နိုင်ဇော်၊ မသီတာ (စမ်းချောင်း)၊ ဂျိုဇော်၊ လူမျိုးနော်၊ … အများကြီးပဲ။ အဲသည်တော့ ကျနော်တို့လည်း သူတို့ကို အားကျတယ်။ ကိုယ့်ကိုယ်ကိုလည်း ထင်တစ်လုံးနဲ့ပေါ့။

 ဆက်ရေးပါမယ်။

Friday, November 30, 2007

Sweet December ?

ချိုမြိန်တဲ့ ဒီဇင်ဘာ ?? တဆောင်းသစ်ပြန်ပေါ့။ ဒီဇင်ဘာကို ချဉ်းခဲ့ပြန်တယ်... ကျနော်ရောက်နေတဲ့ တောင်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ်မှာတော့ သိပ်မအေးလှသေးဘူး။ မြောက်ပိုင်းပြည်နယ်တွေ မှာတော့ အတော်အေးလှပြီ။ အရိုးကွဲရလောက်အောင် ဆိုရလိမ့်မယ်။ ဒီမှာတော့ မြန်မာနိုင်ငံက ဆောင်းလောက်ပါပဲ။ အေး လာတယ် ဆိုရုံပေါ့။ ကျနော်က ဆောင်းခိုနေချိန် ပိုနွေးတဲ့ တောင်ပိုင်း ပြည်နယ်တခုမှာ ရှိနေတာတော့ သဘောကျနေမိ တယ်။ ဆောင်းဦး (Fall) ရာသီ ကုန်ပြီဆိုပေမယ့် အရွက်တွေက အကုန်အစင်မကျွေကြသေးဘူး။ တချို့ဝါ၊ တချို့ရွှေ၊ တချို့ နီပိန်း၊ တချို့မှောင် တကယ့် ပန်းချီကားတချပ်လိုပါပဲ။ လမ်းသွယ်လေးတွေမှာ ဝါနီရွှေသစ်ရွက်တွေနဲ့ ဆင်ယင်ခင်းကျင်း ထားပုံက ပန်းချီကားထဲ ကိုယ်ရောက်နေသလို ခံစားရတယ်။ ဆောင်းရဲ့ တိမ်ကင်းစင်တဲ့ ကောင်းကင်ကတောက်ပနေပေါ့။ (Thanks Giving) လို့ ခေါ်တဲ့ ကျေးဇူးတော်ဂုဏ်ပြုပွဲပဲ ဆိုပါစို့။ (အမှန်တကယ်ကတော့ အမေရိကန်ကို စရောက်လာတဲ့ လူဖြူ မစ်ရှင်တွေက ရက်အင်ဒီးယန်းတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ ကြက်ဆင်တွေ လက်ဆောင်ပေးတာက စလာတာပါ။ ခု တော့ မိသားစုတွေ စုဆုံကြတဲ့ပွဲလို ဖြစ်လာတယ်။ ကြားထဲက ကြက်ဆင်တွေကတော့ အစုအပြုံလိုက်သေကြရတာပေါ့။) ပြီး ကတည်းက ဒီဇင်ဘာအတွက် လူတွေစိတ်လှုပ်ရှားလာ နေကြတယ်။ ကုန်တိုက်၊ ဈေးဆိုင်တွေမှာလည်း ခရစ္စမတ် သီချင်း တွေကို ဖွင့်ထားကြပြန်တယ်။ လူတွေရဲ့ စိတ်က ခရစ္စမတ်ကို ကြိုတင်ကြည်နူး၊ သာယာတဲ့တေးသံတွေနဲ့ ဆွတ်ပျံ့ဖွယ်။ အစီအစဉ်တွေလည်း ဆွဲကြတယ်။ ခရစ္စမတ်ရက်၊ ဒီဇင်ဘာလတွင်းမှာက ခွင့်ရက်ရှည်ရကြတဲ့အတွက် မိသားစုချင်း ပြန်ဆုံ နိုင်ကြသလို၊ အလည်အပတ်အတွက်လည်း စဉ်းစားကြတယ်။ ပို့စကဒ်တွေဝယ်တယ်။ သတိရသူ၊ မိတ်ဆွေကောင်းတွေကို ကမ်းကြတယ်။ လမ်းတွေ၊ အိမ်တွေမှာလည်း မီးရောင်စုံနဲ့ချယ်သကြပြန်တယ်။ ကလေးတွေအတွက်လည်း စင်တာကို အိပ် မက်ကောင်းလို့။ ကျနော်ကတော့ ပြာစင်တဲ့ ကောင်းကင်ကိုပဲ ငေးနေမိတယ်။ ဒီရက်တွေမှာ မိသားစုနဲ့ဝေးပြီး သောင်တင်နေရတဲ့ (ခဏ) အချိန်ပေါ့။ ဝါရွှေနီ သစ်ရွက်တွေထဲ လမ်းလျှောက်တယ်။ မိတ်ဆွေတွေက အလုပ်သွားကြလို့၊ တိတ်ဆိတ်နေတဲ့ အပတ်မင့်ထဲမှာ ရေဒီယို လိုင်းပေါင်းစုံနားထောင်တယ်။ ဘလော့ပေါင်းစုံလည်တယ်။ (တိတ်တိတ်သာ ပြန်ခဲ့တာလည်း များပါတယ်။) ဘဝမှာ တခါတလေ ခဏရပ်ထားပြီး (ရပ် ထားတာတော့ ဟုတ်ချင်မှဟုတ်မယ်။ နှေးထား (Slow Down) လုပ်တာမျိုး၊ (Power saving mode) လိုမျိုးလည်း လိုအပ်လိမ့်မယ် ထင်တာပဲ။ တောင်တောင်အီအီ စဉ်းစားတယ်။ အတိတ်တွေကို အမြင်သစ်နဲ့ ပြန်ကြည့်တယ်။ မိတ်ဆွေကောင်းတွေကို ပြန်ကြည်နူးမိပြီး၊ အမှားပြုခဲ့သူတွေကို ပြန်ခွင့်လွှတ်စာနာနေမိ တယ်။ ဒီဖရက်ဂ်မင့် (Defragment) ပြန်လုပ်နေပုံမျိုးပေါ့။ သီတဂူဆရာတော်ရဲ့ “လူမိုက်တို့၏ သွားရာလမ်း” ကို နာရ တော့ ဘာသာရေးကိုလည်း စိတ်ဝင်စားလာမိတယ်။ ဘဝကို ဇက်ပုံပေး ကဆုန်စိုင်းနေခဲ့တာ ကြာခဲ့ပေါ့။ ကိုယ်က မောင်း နေတာလား။ ကိုယ်က သယ်ပိုးပြေးနေတာလည်း မသိနိုင်ခဲ့ဘူး။ ခင်ဝမ်းရဲ့ “ပြည်မှာဆောင်း” ကိုလည်း ပြန်နားထောင်မိခဲ့။ “ ....အပေးအယူလေးကို တောင်းဆိုဖို့ရာ အလှမ်းဝေးခဲ့ပြီလား နှောင်းနေချိန်မှာ မထူးတော့တဲ့ မျှော်လင့်ခြင်းတွေ ရင်ခွင်မှာ ခံစားနေတဲ့ ..... ဘဝဆိုတဲ့ကဗျာ...”


အပတ်မင့် ခေါင်မိုးပေါ်မှာတော့ ကြောင်ကလေးတကောင်က နေစာလှုံ၊ ငိုက်မြည်းနေခဲ့။
ငှက်တွေ အုပ်ဖွဲ့ပြန်သန်းသွားကြတာကိုလည်း မြင်ရ..သူတို့က မက္ကဆီကို နွေးရာဘက် ပျံသန်းသွားချိန်မှာ
မက္ကဆီကို ဘက်က လူတွေကတော့ ရာသီအေးတဲ့ မြောက်အမေရိကဘက် ခိုးဝင်လာကြတယ်။ အခု လမ်းပေါ်မှာ သစ်ရွက် ကြွေတွေကို စက်တွေနဲ့ သန့်စင် လှည်းကျင်းရင်း နေကြတယ်... ရေကြည်ရာ၊ မြက်နုရာဆိုတာ သူ့သဘော သဘာ၀ အလိုက် ကွဲလွဲကြတာကိုးလို့ တွေးနေမိတယ်။

တကယ်တော့ ဒီဇင်ဘာဟာ ကျနော့ကိုယ်ပိုင်အတွက် အဓိပ္ပါယ်လည်း တစိတ်တပိုင်းရှိနေခဲ့တယ်။
ကျနော့မွေးနေ့က လက်တကမ်းအလို။ ဒီဇင်ဘာမှာ မွေးသူဆိုပါတော့... ထူးခြားတဲ့ တိုက်ဆိုင်မှုတွေလည်း ရှိနေခဲ့တယ်။
ကျနော့မွေးနေ့မှာ ယခင်နှစ်အတော်များများက လမ်းမပေါ်ရောက်နေတာများတယ်။
တခါတလေ တောင်တက်နေရတယ်။ တခါတလေ ကားပေါ်မှာ၊ တခါတလေ လေယာဉ်ပေါ်မှာ.. အဲသည်လို လမ်းပေါ်မှာ မွေးနေ့ကြုံတဲ့နှစ်မျိုးဆိုရင် တနှစ်လုံး ခရီးသွားနေရတတ်တယ်။ အဲသည်တော့ နောက်ပိုင်းနှစ်တွေမှာ ကျနော်တတ်နိုင်သမျှ ကျောက်ချနေတယ်။ အိပ်ယာပေါ်မှာ ကျောချရင်း စိတ်ကိုရှင်းထားလိုက်တယ်။ အယူသည်းတာ တမျိုးပေါ့။ ဒါပေမယ့်လည်း နားရချင်မှ နားရတဲ့နှစ်ပါ။ ဘဝဟာ သိုက်မြုံ၊ ခိုလှုံရာ၊ ရေကြည်ရာ မြက်နုရာ၊ ကမ္ဘာဦးမီးဖို ဒါတွေအတွက်ပဲ ပင်ပန်းခဲ့ကြ၊ ပင်ပန်းနေကြတယ်။

ကျနော် ဖားအံမှာ ကြီးစဉ်ကလည်း ဒီဇင်ဘာတွေကို မှတ်မှတ်ရရ။
ဆွိ ဒီဇင်ဘာက စလို့ ကာရိုးလ်ဆင်းဂင်း လာကြတာတွေရှိတယ်။
အေးအေးချမ်းချမ်းထဲ ပျော်ရွှင်ကြည်နူးကြလို့။
“ဤအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” လို့ ဆုတောင်းကြတယ်။ ခံယူကြတယ်။
ဘုရားကျောင်းက ခေါင်းလောင်းသံ၊ ခိုင်းမ်းတွေကိုလည်း ဆွတ်ပျံ့ကြည်နူးနေမိခဲ့တယ်။

ကျနော်ဒုက္ခသည် စခန်းတွေထဲမှာ နေခဲ့ရစဉ် ကာလမှာလည်း တိုင်းရင်းသားတွေရဲ့ ဒီဇင်ဘာကို ကြုံခဲ့ဖူးရဲ့။ ဒီဇင်ဘာမှာ ဆွတ်ပျံ့ကြည်နူးဖွယ် တေးသံတွေနဲ့ ကြည်နူးဖွယ်။ ဘုရားကျောင်းက ခေါင်းလောင်းသံတွေလည်း ပြန်ကြားလာရပေါ့။ အုပ်ဖွဲ့ သီဆိုတဲ့ ဓမ္မတေးတွေနဲ့ မွှမ်းထုံနေခဲ့တယ်။ ဒီ ဂီတတွေနဲ့ပဲ ခါးသီးဖွယ် ဘဝတွေကို ကုသပျောက်ကင်းအောင် မဖြစ်နိုင်စေပေမယ့် အနာဖေးတက်စေခဲ့သလား။ ထုံဆေးအဖြစ် ခဏမေ့ထားနိုင်ဖို့ တေးသီနေကြတာလား။ မျှော်လင့်နေ ကြတဲ့ ငြိမ်းချမ်းရေးက တကယ်ရနိုင်ပါ့မလား။ ကျနော် မသိနိုင်တော့ဖူး။
ကျနော်ကလည်း “နိုင်ငံတော်တည်လုနီးပြီ” ဆိုတာကို သူတို့လိုပဲ ကောင်းကင်ကနိုင်ငံတော်ကို ပေါ်လာနိုး မျှော်ကိုးနေခဲ့တာ မျိုးပေါ့။

ဆောင်းလေစိမ်းကြောင့်လား၊ ဒဏ်ရာတွေများလွန်းလို့လား မသိဘူး။ ကျနော်တို့ မနာကျင်တတ်ကြတော့ဘူး။ ကျနော် မှတ်မိ နေသေးရဲ့။

ဆောင်းတညပေါ့။ ရှေ့တန်းက ပြန်တက်လာတဲ့ ကျနော်တို့ရဲဘော်ကြီး ကိုငြိမ်းက ကေအဲန်ယူ တပ်မဟာ ၂-၃ ဒေသဘက်က အကြောင်းတွေကို ပြန်ပြောပြနေခဲ့တယ်။ သူက သူကြုံခဲ့ရတာတွေကို ကေအဲန်ယူက စစ်ရေးချုပ် ဖူးကစဲဒိုကို ပြန်ပြောပြနေ တယ်။ ကျနော် တို့က စိတ်တွေလှုပ်ရှားလို့။ တပ်မဟာ ၂/၃ ဒေသက ကျောက်ကြီး၊ ညောင်လေးပင်၊ တောင်ငူ အရှေ့ဖက် ရိုးမဒေသတွေပါ။ ကျနော်တို့ တပ်တွေက နည်းပြီး၊ ရိက္ခာ ကျည်က ရှားပါးလှတယ်။ စစ်အစိုးရတပ်တွေက လမ်းပန်းဆက် သွယ်ရေးလွယ်ပြီး ချက်ဆို ရောက်လာတတ်တယ်။ ရွာပုန်း၊ ရွာရှောင် ပြည်တွင်းဒုက္ခသည်တွေ ပေါတဲ့ ဒေသပေါ့။

ကိုငြိမ်းပြောပြနေတာက “ရွာတရွာက ကရင်ရွာသားတယောက်ကို စစ်တပ်က သတ်ပြီး ခြေလက်တွေ အပိုင်းပိုင်း ခုတ်ဖြတ် သွားတဲ့အကြောင်း၊ တယောက်ကိုတော့ သတ်ပြီး သစ်ပင်မှာ ကားစင်ရိုက်သလို လုပ်ပစ်ထားခဲ့တဲ့အကြောင်း” ပြောပြနေ တယ်။ ကျနော်တို့ မျက်လုံးတွေက ဆောင်းမီးပုံလို မီးဝင်းဝင်းတောက်။ “ဒီကောင်တွေကို လွှတ်ထားလို့ မရတော့ဘူး အဖူး (အဖိုး)။ ချမှရမယ်။ ကျနော်တို့ကို တပ်နည်းနည်း ထပ်ထည့်ပေးပါ။ ကျနော်တို့ ဆော်လို့ရမယ့် နေရာတွေလည်း အများကြီး ရှိနေတယ်။” အဖူး ကစဲဒိုကတော့ ဆေးတံငွေ့တွေကို မှုတ်ထုတ်လိုက်တယ်။ “ရှိမယ်လေ” ......“သူကတော့ ဒီလို လုပ်နေကျ ပါပဲ” ဒီလို ပုံပြင်တွေက သူကြားရတာ အကြိမ်ပေါင်းများစွာ ရှိခဲ့လိမ့်မယ်။ ကျနော်တို့ကတော့ မထုံတက်တေးနိုင်လိုက်လေလို့ အားမလို အားမရ။ ကိုငြိမ်းဘက်ကိုလည်း ဇာတ်လမ်းရှိသေးရင် ထပ်ပြောပြလိုက်လေ ဆိုတာမျိုး လှည့်လှည့်ကြည့်မိကြတယ်။

အခုတော့ ကျနော်လည်း အဖူး ကစဲဒိုလို ဖြစ်လာခဲ့တယ်...
အခု ဆောင်းရက်တွေရောက်မှ ပိုသတိထားလာမိခဲ့...
မြန်မာ အလုပ်သမား ၅-ယောက် မဲဆောက်မှာသတ်ခံရတယ်။
“ရှိမယ်လေ” လို့ ကျနော် ညည်းမိတယ်။
မြန်မာတွေ ထိုင်းနိုင်ငံထဲ ခိုးအဝင် ကားမှောက်လို့ သေကြပါရောလား။
“ရှိမယ်လေ ....”
ဘာညာဘာညာရဲ့ ဘလော့ကို ပိတ်လိုက်တယ် ထင်တယ်။ ဖတ်မရတော့ဘူး။
“ရှိမယ်လေ....”
မဂ္ဂင်ကျောင်းက ဆရာတော်ကြီးက တောင်ဝှေးနှစ်ချောင်းကို ထောက်ပြီး အဝေးကြီး ထွက်လာရတာ၊ ဘဘုန်းကြီးက မျက်နှာလည်း မကောင်းဘူး။
“ရှိမယ်လေ .....”
မလေးရှားမှာ မြန်မာအလုပ်သမား အမျိုးသမီးတဦး ထွက်ပြေးပြီး နောက်ဆုံး တိုက်ပေါ်က ခုန်ချရတာ.. ခါးကျိုးသွားတယ်...
“ရှိမယ်လေ .....”

ဆောင်းတညပေါ့။ “ဆောင်းမီးဖို” ဆိုတဲ့ ကဗျာ ကျနော်ရေးဖြစ်တယ်။
မီးလင်းဖိုရဲ့ အလင်းကြောင့် ကျနော်တို့ နောက်ကျောမှာ အရိပ်တွေ ဖြစ်နေတယ်။
ထင်းတုန်းကြီးကို ဆွဆွလို့၊ ကျနော်တို့ရဲ့ တောရောက်တောင်ရောက် စကားတွေက ရှည်။ အားလုံးက ကောင်းဘွိုင်ဟန် သေနတ်တွေလွယ်၊ စောင်တွေကိုယ်စီ ပတ်လို့။ တောထဲမှာတော့ နှင်းစက်သံ တဖျောက်ဖျောက်နဲ့ ပုရစ်လို ပိုးကောင်ငယ် တွေရဲ့ အော်သံကပဲ မင်းမူနေတယ်။ တခါတလေ ဂျီဟောက်လိုက်တော့ နည်းနည်းထိတ်လို့...
ကျနော်လှည့်ကြည့်လိုက်တော့ နောက်ကျောမှာ ကျနော်တို့ရဲ့ အရိပ်တွေကို တွေ့လိုက်ရတယ်။ ကျနော်က ချက်ချင်းစိတ်ထဲ အာရုံတခုကို ထင်လိုက်မိတယ်။ ကြက်သီးဖြန်းသွားမိခဲ့တယ်။
ဒါ... အရိပ်တွေ မဟုတ်ဘူး။
ကျဆုံးသွားတဲ့ ငါတို့ရဲဘော်တွေပဲ။ သူတို့ ဝိဉာဉ်တွေပဲ ဖြစ်မယ်။ သူတို့လည်း ငါတို့နဲ့ ဝိုင်းဖွဲ့ ဆောင်းမီးဖို နဘေးလာပြီး
နားထောင်နေကြတာ ဖြစ်မယ်လို့ စဉ်းစားလိုက်မိတယ်။ ကဗျာလေးကတော့ ဒီအကြောင်းကို ဖွဲ့မိတာ... (ဒီကဗျာလေးကို ကျနော်ပြန်တင်ပေးချင်ပေမယ့် ရှာလို့မတွေ့ တော့ဘူး။)

ကျနော်စဉ်းစားကြည့်တယ်။
ဒုက္ခသည်တွေ၊ အိမ်ပုန်း ရွာရှောင်တွေက ဆောင်းမီးဖိုတွေမှာလည်း သူတို့အိမ်သားတွေ၊ ဘိုးဘွားတွေ၊ အလားတူ ရောက် လာနိုင်ကြတာပေါ့။
တောင်တွေကို ကျော်လို့၊ မီးခိုးငွေ့တွေကို အနံ့ခံလို့၊ အဝေးက မီးရောင်တွေကို မျှော်ရည်လို့... လိုက်လာနိုင်ကြတာပေါ့။
ပြီးတော့ သူတို့ဝိဉာဉ်တွေက အရိပ်တွေလို ပုံဖျက်လို့ နားထောင်၊ ဝင်ပြောပြီး ကြည်နူးနေနိုင်ကြတာပဲ။

တောင်ပေါ်နေသူတွေက မီးခိုးတွေ ကိုယ့်ဘက်ကို လာလို့နေရင် “လှတဲ့ ချောတဲ့သူတွေဆီ မီးခိုးလာတယ်” ဆိုပြီး ပြောလေ့ ရှိကြတယ်။ မျက်ရည်တွေကို သုတ်လို့ ပြောမိကြတယ်။ ဒုက္ခတွေကို ရယ်ပွဲဖွဲ့ပုံကြတယ်။ ဆောင်းလေမှာ ရယ်သံတွေလည်း ဝေ့သွားတယ်။

ဓမ္မတေးတွေက လေထဲလွင့်ပျံလာတယ်။ အေးချမ်းမှုတွေက ကမ္ဘာကို ခနခဲထားပြီး နေတယ်။ မိသားစုတွေနဲ့ ဆုံရမှ နွေးထွေး မှုရ၊ ငြိမ်းချမ်းကြည်နူးကြရတဲ့ အချိန်။
သည်လို တည်ငြိမ် ငြိမ်းချမ်းတဲ့ ဒီဇင်ဘာတွေလည်း မျှော်လင့်မိပါရဲ့။

........................................

လူဆိုးတို့ အကြောင်းကြောင့် စိတ်မပူနှင့်။
မတရားသဖြင့် ပြုသော သူတို့ကို မငြူစူနှင့်။
အကြောင်းမူကား...
သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့
ရိတ်ခြင်းကို ခံရ၍
စိမ်းသော ပျိုးပင်
ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။

ဆာ ၃၇ : ၁-၃

မတရား သောသူသည် ဖြောင့်မတ်သော
သူတဖက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။
သို့သော်လည်း သူ၏ နေ့ရက်အချိန် ရောက်မည်ကို
ဘုရားရှင် သိမြင်၍
သူ့ ကိုပြုံးရယ်တော်မူ၏။
မတရားသော သူတို့သည်
ဆင်းရဲငတ်မွတ်သောသူတို့ကို
လှဲချခြင်းငှါလည်းကောင်း၊
ဖြောင့်မတ်စွာ
ကျင့်သောသူတို့ကို သတ်ခြင်းငှါလည်းကောင်း၊
ထားကိုထုတ်လျှက်..
လေးကိုတင်လျှက် နေတတ်ကြ၏။
သို့သော်လည်း....
သူတို့ထားသည် သူတို့နှလုံးထဲသို့
ဝင်လိမ့်မည်။
သူတို့ လေးတို့သည်လည်း
ကျိုးကြလိမ့်မည်။

ဆာ ၃၇ : ၁၂-၁၅

မတရားသောသူသည် ဖြောင့်မတ်သောသူကို
ချောင်းမြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏။
သို့သော်လည်း...
ထာဝရ ဘုရားသည် ထိုသူ၏လက်၌
ဖြောင့်မတ်သောသူကို စွန့်တော်မူမည်မဟုတ်။
အစစ်ခံရသောအခါ
အပြစ်စီရင်တော်မူမည်မဟုတ်။

မတရားသောသူသည် အစိုးတရပြု၍
ပေါက်ရင်းအရပ်မှာ ကြီးပွါးသောသစ်ပင်
လန်းလန်းရှိသကဲ့သို့.. ကိုယ်ကိုကိုယ်ပြန့်ပွားစေသည်ကို
ငါမြင်ရသော်လည်း နောက်တဖန် သူသည်
ရွေ့သွား၍ ကွယ်ပျောက်၏။
သူ့ကိုလည်း ငါရှာ၍ မတွေ့ရ။

ဆာ ၃၇ : ၃၂-၃၆

ဤကျမ်းစာလာအပိုဒ်များကို မကေသွယ်၏ဘလော့မှ ကူးယူပါသည်။

Recent Comments