ပြည်ထွက်ခန်း (၁)
အိမ်ကထွက် တောခိုခါနီးတော့ အိပ်ယာထဲချည်းလှည်းနေမိတယ်။ ဘာဖြစ်လို့မှန်းတော့
မသိဘူး။ အဲဒီကာလက ကျနော် စောင်တထည်ကို သိပ်ကြိုက်နေတယ်။ စောင်တထည် ခြုံထားရတဲ့ နွေးထွေးမှုကို
ကျနော်တပ်မက်နေတယ်။ စဉ်းစား မိတယ်။ အကယ်၍ ကျနော်တောထဲရောက်သွားရင် စောင်ရှိပါ့မလား။
လုံခြုံတဲ့ အမိုးအကာတခု ရနိုင်ပါ့မလား။ တောထဲ တောင်ထဲ ဖြစ်သလို စခန်းသွားကြရမှာလား။
မသိနိုင်ဘူး။ ကျနော်တို့ ကြည့်ဖူးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဆိုရင်လည်း သူပုန်တွေရဲ့ ဘဝက
မျှစ်စားပြီး၊ စုတ်စုတ်ပြတ်ပြတ်နဲ့ နေကြရတာ မဟုတ်လား။ မိဘတွေကတော့ ကျနော် အိပ်ယာပေါ်
ချည်းလှဲနေ တာ ဘယ်အကြောင်းကြောင့်ဆိုတာ သိနိုင်မယ် မဟုတ်ပေဘူး။ တောခိုတော့မယ်လို့ ပြောပြလို့လည်း
ဘယ် ဖြစ်ပါ့မလဲ၊ အခုလို အိပ်ယာပေါ်လှဲနေတာလည်း အိမ်ဓာတ်ကို ရသလောက်ယူနေတာလို့ ပြောနိုင်ပါတယ်။
ကျနော်တို့က အရင်တုန်းက အင်းစိန်မှာ နေကြတယ်။ အင်းစိန် ပိန္နဲကုန်းရပ်ကွက်မှာ
နေကြတယ်။ နောက်တော့ မောင်နှမ တွေက အပြိုင်းအယိုင်းကြီးလာ၊ တက္ကသိုလ်တွေတက်ကြ၊ အိမ်က
ငွေကျပ်တည်းလာလို့ ပိန္နဲကုန်းရပ်ကွက်က အိမ်ကို ထုတ်ရောင်းလိုက်ရတယ်။ အင်းစိန်နံ့သာကုန်းဘက်မှာ
အိမ်တလုံးမှာ ငှားပြီးနေကြတယ်။ အိမ်က ခပ်သေးသေး သစ်ခွဲ စက်ဝင်း တခုထဲမှာ ရှိတယ်။ သစ်စက်တခုနဲ့
နောက်ဖက်မှာ ကပ်လျက်ဆောက်ထားတဲ့ အုတ်တိုက်ငယ်ကလေးပါပဲ။ အိမ်မှာ အိပ်ခန်း ၂ ခန်းရှိတယ်။
အဖေ၊ အမေက တခန်း၊ ညီမတွေက တခန်းအိပ်ကြတယ်။ ထပ်ခိုးလို အထပ်ကျဉ်းလေးမှာတော့ ကျနော့်ညီငယ်တွေအိပ်တယ်။
ကျနော်ကတော့ အိမ်ရှေ့အဖီလိုမျိုး ဘုရားစင်ထားတဲ့ အခန်းမှာ အိပ်တယ်။ အခန်းကို ရာဇမတ်လို
လေးထောင့် စပ်ကြားသစ်ကွက်တွေနဲ့ ကာထားပြီး၊ ပြင်ပနဲ့ ဟင်းလင်းသဘော ဆက်စပ်နိုင်တယ်။
မိုးရွာရင်တော့ လိပ်ထားတဲ့ ပလပ်စတစ် လိုက်ကာစကို ချလိုက်နိုင်တယ်။ အိမ်ခြံတဖက်မှာတော့
မြေကွက်လပ်ခြားပြီး ရှိနေပြီး၊ ကျန်တဲ့အိမ်တွေနဲ့ နည်းနည်း လှမ်းတယ်။ ရေကန်လို ရေစပ်စပ်လည်း
ရှိတာကြောင့် ညဆိုရင် ခြင်ကိုက်တယ်။ ဖားလက်တက်လေးတွေ၊ ပုရစ်လို အင်းဆက် ပိုးမွှားကောင်ကလေးတွေ
အော်သံလည်း ညညဆို ကြားနေရတယ်။ လေးထောင့်ကွက်ကြား အကာတွေကနေ ကြည့်လိုက်ရင် အိမ်ပိုင်ရှင်
(သစ်စက်ပိုင်ရှင်) က ကွန်ကရစ်ခွေလုပ်ငန်းကိုလည်း လုပ်တော့ ဆင့်ထားတဲ့ ကွန်ကရစ်အခွေ
ဘောင်တွေကို တွေ့နေရတယ်။ ကျနော်က ခြင်ထောင်ဆိုရင် ပိတ်ခြင်ထောင်ကို ပိုကြိုက်တယ်။ အထဲကို
မမြင်ရတော့ ပိုပြီး တကိုယ်ရေ လွတ်လပ်မှု ရှိတယ်လည်း ထင်မိတယ်။ အဲသည်တော့ မနက် မိုးလင်းရင်လည်း
မထသေးဘဲ၊ ပျင်းကြောဆွဲ အိပ်ယာထဲ လှဲနေတယ်။ အမေကတော့ ဘေးမှာ ဆွမ်းတော်ကပ်၊ ဘုရား ရှိခိုး
ပုရိတ်ရွတ် မေတ္တာပို့နေတာ ကြားနေရတယ်။
" အရှေ့အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့-
ဘေးရန် ခပ်သိမ်းငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ…. " သေချာတယ် အိမ်ကထွက်သွားရင်
အမေ့ဘုရားရှိခိုးသံကို ကျနော် လွမ်းနေရတော့မှာပဲ။ ကျနော် စိတ်မကောင်းလည်း ဖြစ်နေမိတယ်။
ကျနော်ကသားကြီးဆိုတော့ အိမ်ကလည်း အားထားပုံရတယ်။ ဆေး တက္ကသိုလ် တက်နေတာလည်း နောက်ဆုံးနှစ်
ရောက်နေပြီ။ သိပ်မကြာခင် ကာလမှာ ကျောင်းပြီးလို့၊ ဆရာဝန်ဖြစ်လာ တော့မယ် ဆိုရင် အိမ်အတွက်
တဖက်တလမ်းကလည်း ဝင်ငွေအထောက်အကူ ဖြစ်နိုင်မယ်လို့ မျှော်မှန်းထားမှာပေါ့။
ဒါပေမယ့် ကျနော်တို့ကျောင်းတွေက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ အရေးအခင်းတွေ ဖြစ်ကတည်းက
အကန့်အသတ်မရှိ ပိတ် ထားပြီ။ ကျောင်းပြန်တက်ဖို့ ဆိုတာလည်း ရက်မသေချာလှဘူး။ ၁၉၈၈ အရေးတော်ပုံကို
အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းပြီး စစ်အာဏာသိမ်းအစိုးရ တာဝန်ယူပြီး နောက်ပိုင်းမှာ ပိုလို့
မသေချာလှဘူး။ သွေးစွန်းခဲ့ကြပြီ။ သွေးစွန်းခဲ့တာကမှ အများကြီးကို သွေးစွန်းခဲ့ပြီ။
ကျနော်တို့ ဆေး-၂ ကျောင်းတခုတည်းမှာတင် တတိယနှစ် M.B., B.S က ကျောင်းသား ကိုဇော်လွင်ထွန်း ကျဆုံးခဲ့ရတယ်။ ကျနော်တို့အပေါ် အတန်းက ကိုမိုးသူဝင်း အပြင်းအထန် ဒဏ်ရာရတယ်။ ကျနော်တို့
အတန်းက ကိုခင်ဇော်ငြိမ်း ဒဏ်ရာရတယ်။ သူက ခရစ်ယာန်ဘရာသာ။ ဒါကြောင့် ကျနော်တို့က သူ့ကို
အလွယ်တကူ ဘရာသာကြီး လို့ပဲ ခေါ်ကြတယ်။ ဒီအဖြစ်အပျက်တွေက သွေးနွေးနေတုန်း၊ လောလောလတ်လတ်ပဲ
ရှိသေးတယ်။ သူတို့တွေ သေကြ ဒဏ်ရာရခဲ့တာက အာဏာသိမ်းပြီးနောက်တနေ့ [စက်တင်ဘာ ၁၉ ရက်]
ချီတက်လမ်းလျှောက်ကြတဲ့အခါ အမေရိကန် သံရုံးအနီး၊ Union Bank ဘဏ်ခေါင်မိုးပေါ်က ပစ်လို့
ထိခိုက်သေကြေကြရတာ။ ကျနော်က ကံကောင်းထောက်မလို့ပဲ ဒီလိုဖြစ်ရပ်ကို ကိုယ်တွေ့မကြုံလိုက်ရဘူး။
အဲဒီနောက်ပိုင်း သူငယ်ချင်းတွေ ဒဏ်ရာရတယ်ကြားတာနဲ့ ကျနော်ရန်ကုန် ဆေးရုံကြီးကို ထွက်လိုက်သွားခဲ့တယ်။
ဆေးရုံကြီးမှာ လူနာစောင့်ရင်း ကျနော် ရက်အချို့နေဖြစ်ခဲ့တယ်။ ကျနော့်ဘဝ အတွက် မမေ့နိုင်စရာ
ကြေကွဲတုန်လှုပ်ဖွယ် နေ့ရက်များပဲ။ ကျနော့်တို့ရဲဘော် ကိုဇော်လွင်ထွန်း အလောင်းကို ရင်ခွဲရုံထဲ
သွေးအလူးလူးနဲ့ ပြန်တွေ့ခဲ့ရတယ်။ ဆေးရုံကြီးရင်ခွဲရုံးထဲ အလောင်းတွေက ပြန့်ကျဲ၊ အများစုက
အထက်တန်းကျောင်း သား ကလေးငယ်တွေ၊ ကျနော်နဲ့အတူ ကိုမင်းလွင် ရှိနေခဲ့တယ်။ သူက ဆေး-၂
ကပဲ အတန်းငယ်ပေမယ့် စာပေကိစ္စ၊ ကဗျာကိစ္စ ပြောဆိုမိတ်ဆွေ ဖြစ်နေခဲ့တဲ့သူ။ ကိုဇော်လွင်ထွန်း
(လျှောမွေး) ရဲ့ အလောင်းက ပုဆိုးမပါတော့ဘူး။ သူဝတ် ထားတဲ့ အကြေသားရှပ်အင်္ကျ ီအဖြူက သွေးတွေနစ်လို့။
ကျနော်က အလောင်းကိုလှန်လှော ဒဏ်ရာတွေ ရှာကြည့်မိ တယ်။ တချက်တည်း၊ နဖူးတည့်တည့်ကို ဖောက်သွားပြီး၊
ခေါင်းနောက်ဖက်က ပွင့်သွားတာ။ အဲဒီနေ့က ရင်ခွဲရုံနံရံကို လက်သီးနဲ့ထုထုပြီး ပြင်းပြင်းထန်ထန်
ငိုနေခဲ့မိတယ်။ ဘဝမှာ ဒီလိုထိခိုက်နာကျဉ်ပြီး ငိုကြွေးခဲ့တာမျိုး တချိန်မှ မရှိခဲ့ဖူးဘူး။
သပိတ်တွေ ငြိမ်သွားတော့ ကျနော်ကိုအိမ်က စိုးရိမ်ပြီး မှော်ဘီမှာရှိတဲ့
အဖေ့ဘက်က ကြီးဒေါ်အိမ်ကို တလလောက်ပို့ ထားခဲ့တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့လည်း
အဆက်ပြတ်၊ ရန်ကုန်က သတင်းတွေလည်း မကြားနိုင်ခဲ့ဘူး။ တလကြာတဲ့အခါ ရန်ကုန် ပြန်ရောက်လာတယ်။
တိုက်တိုက်ဆိုင်ဆိုင် ကျဆုံးသွားတဲ့ ကျနော့်သူငယ်ချင်း 'ရှောမွေး'လို့ ကျနော်တို့ခေါ်နေကြတဲ့
ကိုဇော်လွင်ထွန်း လပတ်လည် ဆွမ်းကျွေးတဲ့ကာလနဲ့လည်း တိုက်ဆိုင်နေတယ်။ လျှောမွေးတို့
အိမ်က A-1 ရုပ်ရှင်ခြံထဲမှာ၊ လုံလုံခြုံခြုံရှိပြီး ပြင်ပဝန်းကျင်နဲ့တော့ အဆက် ပြတ်တယ်။
တိုက်အဖြစ် မဆောက်ခင် ယာယီဆောက်ထားတဲ့ သစ်သားအိမ်ပဲ။ ပြန်မြင်ယောင်နေမိတယ်။ ၈၈၈၈ သပိတ်ပြင်းထန်နေတော့
ကိုမင်းလွင်က သူနေရာပဲခူးကနေ ရန်ကုန်ကိုတက်လာခဲ့တယ်။ ကိုဇော်လွင်ထွန်းနဲ့ နေကြတယ်။
ကိုဇော်လွင်ထွန်း မိဘတွေက စိုးရိမ်ပြီး အပြင်မထွက်ရအောင် အိမ်ကို သော့ခတ်ထားခဲ့ကြတယ်။
ဒါကို သူက အိမ်ပြူတွင်းကို ရိုက်ချိုးဖျက်ဆီးပြီး၊ သပိတ်နဲ့လာ ပေါင်းခဲ့တာ။ ခုတော့
ဒီအခန်းကို သူ ပြန်မလာနိုင်တော့ဘူး။
ဆွမ်းကျွေးမှာ သူငယ်ချင်းတွေ၊ ကျောင်းက ဆရာတွေ ပြန်ဆုံဖြစ်ကြတယ်။ ဘုန်းကြီးဆွမ်းကျွေးအပြီး၊
တရားနာအမျှဝေ ပြီးတဲ့ ချိန်မှာတော့ စုမိတဲ့လူတွေ အစည်းအဝေးတခုလို ဆက်လုပ် ဖြစ်ကြတယ်။
တရားဟောတဲ့သူက ဟောတယ်။ ငိုကြွေးတဲ့သူက ငိုကြွေးနေ၊ ကျနော်တို့ကျောင်းက ရောဂါဗေဒဌာနက
ဆရာတယောက်ကလည်း လျှောမွေးအပေါ် ဖြစ် ရတဲ့ သူ့ခံစားချက်တွေပြောတယ်။ သပိတ်ကာလက အိမ်ကဆင်းလာပြီးကတည်းက
လျှောမွေးက အိမ်မပြန်ဖြစ်တော့ဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ပဲ။ ကျနော်တို့ သူငယ်ချင်း ဘရာသာကြီး
(ကိုခင်ဇော်ငြိမ်း) နေတဲ့ မြို့ထဲက စိန့်ပေါချပ်မှာပဲ စတည်းချနေတော့တယ်။ စိန့်ပေါကျောင်းတော်က
သူ့အခန်းဟာ ကျနော်တို့ဌာနချုပ်လို ဖြစ်လာတယ်။ လျှောမွေးက သပိတ်လမ်းလျှောက်လှည့်။ ညနေကျရင်
တစုံတည်းသော အဝတ်ကိုလျှော်ဖွတ်၊ စွပ်ကျယ်နဲ့ နေတယ်။ ဘရာသာကြီး ကလည်း ဘောင်းဘီဝတ်တာများတော့
လဲလှယ်စရာ ပုဆိုးမရှိဘူး။ ဒီလိုနဲ့ ဆရာက သူ့ပုဆိုးတထည်ကို လျှောမွေးကို ပေးလိုက်တယ်။
အခုသူသေရတဲ့ နေမှာ အဲဒီပုဆိုးနဲ့ပဲ။ ဆရာလည်း စိတ်ထိခိုက်နေတယ်။ သူ့အိမ်မှာ ကျန်နေခဲ့တဲ့
လျှောမွေးရဲ့ စက်ဘီးကိုလည်း ပြန်ယူသွားကြပါတော့ကွာ၊ သူမြင်တိုင်း စိတ်ထိခိုက်ရတယ်ဆိုပြီး…
ကြေကွဲလို့ ပြောတယ်။
ကျနော့်မိတ်ဆွေ သပိတ်ကာလ ဆေး-၂ ကျောင်းသားသမဂ္ဂဖွဲ့တဲ့အခါ ခေါင်းဆောင်တဦးဖြစ်တဲ့
ကိုစိုးထွန်းကလည်း စကား နည်းနည်းပြောတယ်။ သွေးဆူစေတဲ့ မိန့်ခွန်းမျိုးတော့ မဟုတ်ဘူး။
အခြေအနေ ချိန်ချိန်ဆဆနဲ့ ဖြတ်သန်းဖို့နဲ့၊ အခုစုစည်းမိ တဲ့ ကျောင်းသားသမဂ္ဂကို ဘာပဲဖြစ်ဖြစ်
ဆက်လက်ထိန်းသိမ်းထားဖို့ လောက်ပါပဲ။
ပြောရရင် မီးကျီခဲတွေအုန်းထားသလို တအုံနွေးနွေး အခြေအနေတွေပဲ။ ဒါနဲ့ပဲ
စစ်အာဏာရှင်တွေကို လက်နက်ကိုင်ဆက် တိုက်မယ်၊ တောခိုမယ် ဖြစ်လာကြတယ်။ အဲဒီ ဆွမ်းကျွေးအပြီး
ကျန်ခဲ့တဲ့အစုမှာပဲ တောခိုဖို့ ဆက်တိုင်ပင်ကြတယ်။ စာရင်းပေးတဲ့သူက အယောက် ၂၀ လောက်ရှိမယ်။
ကျနော်တို့က နောက်ဆုံးနှစ် ကျောင်းသားကြီးတွေဖြစ်နေတော့ ကျနော်တို့လည်း ပါစေချင်သလို၊
အတန်းငယ်က ကျောင်းသားတွေလည်း စာရင်းပေးတဲ့အထဲ ပါကြတယ်။ စာရင်းပေးကြ သူတွေကိုလည်း အသုတ်လိုက်၊
အသုတ်လိုက်သွားကြမယ်ဆိုပြီး စီစဉ်ကြတယ်။ သပိတ်ကာလ ဆေး-၂ ကျောင်းသား သမဂ္ဂမှာ စုထားမိတဲ့
ငွေ ၈၀၀၀-၁၀၀၀၀ လောက်ရှိတယ်။ ဒီငွေတွေကိုလည်း ခရီးစားရိတ်အဖြစ် သုံးဖို့ သဘောတူကြ တယ်။
ကျနော်လည်း တောထဲသွားဖို့ သဘောတူတဲ့အထဲ တယောက်ပါခဲ့တယ်။ ဒါကြောင့်ပဲ ထွက်သွားရတော့မယ်ဆိုတဲ့
အသိနဲ့ အိပ်ယာပေါ် လွမ်းလွမ်းမြေ့မြေ့ပိုလို့ လဲလျောင်းနေမိတာ။
မြို့ပြနေ့၊ မြို့ပြညတွေကို နှုတ်ဆက်ရတော့မယ်။
ချစ်တဲ့ မိသားစုတွေကို စွန့်ရတော့မယ်။
ချစ်ရတဲ့သူရော… ဘယ်လိုပြောပြရပါ့။ မသိတော့ဘူး။
ဒူးနှစ်ဖက်ကွေး အိပ်ယာထဲ
ခေါင်းအုံးကိုပဲ ဖက်ထားလိုက်တယ်။ ဝေးကြပြီပေါ့။
No comments:
Post a Comment