ပြည်ထွက်ခန်း (၂)
ကျောင်းပိတ်ထားတော့ စာဖတ်ရမလား၊ စာထဲလည်း စိတ်မထည့်နိုင်တော့ဘူး။ အဖြစ်တွေက
လောလောလတ်လတ် ကြုံ တွေ့ခဲ့ရတယ်။ ရှော့ခ်ရ သွေးလန့်ဖွယ်ရာ အဖြစ်အပျက်များက ကျနော်တို့
မလွတ်မြောက်နိုင်သေးဘူး။ ရန်ကုန်မြို့ကြီးဟာ ခြောက်ခြားဆဲပဲ။ တခါတလေ ညညမှာ စစ်ကားတွေ
ကင်းလှည့်သွားကြတယ်။ သိမ်းပိုက်ခံထားရတဲ့ မြို့ကြီးတမြို့လို၊ လူတွေက ရုံးတွေသာပြန်တက်ကြတယ်။
စစ်အစိုးရက ထုတ်ပြန်တဲ့ အမိန့်တွေအတိုင်း စက်ရုံတွေလိုသာ နာခံအလုပ်လုပ် နေကြတယ်၊ စစ်ရှုံးလိုက်လျောလိုက်ကြရတဲ့
မြို့က လူထုတွေလို။ ဟိုနားပေါ်တာဆွဲတယ်၊ ဒီနားပေါ်တာဆွဲတယ် သတင်း တွေကလည်း ရှိသေးတယ်။
တခါက ရပ်ကွက်ထဲတောင် လူတွေကိုပေါ်တာဆွဲတယ်ဆိုလို့ အိမ်နီးချင်းတွေ ရုတ်ရုတ်သဲသဲ ထွက်ပြေးကြတာ
ကြုံရတယ်။ ဘယ်ဟာ အမှားအမှန်ယူရကောင်း မသိတဲ့ ကောလာဟလတွေက မြို့လေထုကိုသိုင်းဖွဲ့ထားတယ်။ ဒီလိုနဲ့ ကျနော့် ကဗျာမှတ်စုစာအုပ်လေးမှာ ဟိုခြစ်သည်ခြစ် လုပ်နေမိတယ်။
" အသုဘ ချပြီးစအိမ်လို
ညရဲ့ကိုယ်ထဲ အသံမဲ့။
ပိုးကောင်ငယ်များ အသံ
စက္ကန့်တံလို လှုပ်လှုပ်
မိုးတိမ် ပုတ်စပ်စပ်
မလတ်မဆတ် လ နဲ့
ကြယ်တို့ရဲ့ ဖတ်စာမဲ့"
ညရဲ့ကိုယ်ထဲ အသံမဲ့။
ပိုးကောင်ငယ်များ အသံ
စက္ကန့်တံလို လှုပ်လှုပ်
မိုးတိမ် ပုတ်စပ်စပ်
မလတ်မဆတ် လ နဲ့
ကြယ်တို့ရဲ့ ဖတ်စာမဲ့"
မြို့ထဲမှာတော့
နိုင်ငံရေးအရ ပြန်လှုပ်ရှားလာကြတာလည်း မြင်ရတယ်။ အာဏာသိမ်းပြီးတဲ့ စစ်အစိုးရက ပါတီစုံရွေး
ကောက်ပွဲတွေ လုပ်ပေးမယ်လို့ ကတိပေးတယ်။ အရင် မဆလအစိုးရ ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲတွေကော်မရှင်
ကိုလည်း မဖျက်သိမ်းဘူး။ ဒီလိုနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တတ်သိအစု၊ ဦးအောင်ကြီးအစု၊
သူရဦးတင်ဦးနဲ့ ဦးအောင်ရွှေဦးဆောင်တဲ့ မျိုးချစ်တပ်မှူး အစုတို့ စုပေါင်းကြပြီး အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပေါ်ထွက်လာတယ်။[1] ပါတီ
ရုံးတွေ ဟိုနားသည်နားဖွင့် တွေ့နေရပြီ။ ၈၈၈၈ က လူငယ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမိုးသီးဇွန်အပါအဝင်
လူငယ် တွေကလည်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ (DPNS) အဖြစ် စုစည်းပေါ်ထွက်လာတယ်။[2] အင်းစိန်မှာတောင်
ရုံးလာ ဖွင့်ပြီးပြီ။ ဒါပေမယ့် ပြဿနာက ညဆိုရင် ညမထွက်ရအမိန့် တင်းတင်းကျပ်ကျပ် ရှိတယ်။
ညနေမှောင်လာရင် လူတွေက အပြေးအလွှားအိမ်ပြန်ကြရတယ်။ အိမ်ပြန်မရောက်ဘဲ လမ်းမှာ စစ်သားတွေက
စစ်ဆေးရေးဂိတ်တွေမှာ ကြုံရရင် ပြဿနာရှိတယ်။ မထင်ရင် မထင်သလို ရိုက်နှက် ခံကြရတယ်။ အိမ်တွေမှာလည်း
ဧည့်စာရင်းစစ်၊ လိုရင်လိုသလို ဝင် ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းလည်း ရှိနေတယ်။
"ကျနော်
နိုင်ငံရေးပါတီထဲ ဝင်ရမလား" ကျနော့်မိတ်ဆွေ ကိုမင်းလွင်ကို မေးမိတယ်။ ကျနော်တို့ရဲ့
မပြီးဆုံးသေးတဲ့၊ မအောင်မြင်လိုက်တဲ့ ၈၈၈၈ ဒီမိုကရေစီ အရေး တော်ပုံကြီးအတွက် ကျနော့်မှာလည်း
အုတ်တချပ်၊ သဲတပွင့်ပေးဆပ်ဖို့ တာဝန်ရှိတယ်လို့ ထင်မြင်မိတယ်။ လှည်းနေ လှေအောင်း မြင်းစောင်းမကျန်
လူထုကြီးထွက်လာ၊ အုံကြွဆန္ဒပြတာ တောင်မှ ဒီမိုကရေစီမရဘူးဆိုတော့ ဒီပုံနဲ့ဆို၊ တသက် ဘယ်တော့မှ
ဒီမိုကရေစီနိုင်ငံ ဖြစ်တော့မှာ မဟုတ်ဘူးလို့ လွယ် လွယ်ပဲ စဉ်းစားမိတယ်။
"ကျနော်လည်း
စိတ်မပါဘူးဗျ။" ကိုမင်းလွင်က ပြန်ပြောတယ်။ ပြောရရင် ကျနော်က နယ်မှာကြီးလာတဲ့သူ၊
၁၀-တန်း အောင်တော့ ဘားအံက။ မိသားစုက နောက်ပိုင်းမှ ရန်ကုန်ပြောင်းပြီး အခြေချလာတာ။
ရန်ကုန်နယ်မြေက နယ်စိမ်း၊ ကိုယ်ကဧည့်သည်လို ကြီးလာတာ။ ခုလိုမျိုး ညမထွက်ရ အမိန့်တည်ဆဲ
ကာလမှာ သိပ်ခက်တယ်။ ညအိပ်စရာ သူငယ် ချင်း၊ အသိအိမ် နည်းပါးလှတယ်။ ရန်ကုန်မြို့တော်ဆိုတာ
အင်းစိန်ကနေ မြို့ထဲ၊ ပြီးတော့ ကျောင်းရှိရာ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ ပုံမှန်သွားတဲ့
လမ်းကြောင်းပဲ သိတယ်။ ၈၈၈၈-ကာလကလို ချေမှုန်းခံရတယ်ဆိုရင် ပြေးလွှားဖို့လမ်း လည်း သိပ်သိလှတာ
မဟုတ်ဘူး။ မလယ်မဝယ်နဲ့ ထိပ်ဆုံး ဖမ်းခံသွားရနိုင်တယ်။ ကိုမင်းလွင်က ပဲခူးက ဆေး-၂ ကို
ကျောင်းလာတက်တဲ့ ကျောင်းသား။ ကျနော့်ထက် ၂-တန်းလောက် ငယ်တယ်။ ဒါပေမယ့် ကျနော်တို့ စာပေရေးရာ၊
ကဗျာ ကိစ္စတွေ ပြောရင်းဆိုရင်း ရင်းနှီးလာတာ။ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်တော့ နိုင်ငံရေးအရပါ
ဆက်စပ်မှုပိုရှိလာကြတယ်။
အခု
ကျောင်းပိတ်ထားပေမယ့်လည်း သူက ပဲခူးမပြန်ဘူး၊ ရန်ကုန်မှာ နိုင်ငံရေးစိတ်နဲ့ ကျန်နေတယ်။
ကျနော်ရှိတဲ့အိမ်
လာလည်ရင်း ကျနော်တို့က အင်းစိန်လမ်းဆုံထိပ်က 'ဇွန်' လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်တတ်ကြတယ်။
ဒီအချိန်မှာ
သူ့သဘောထား မေးကြည့်မိတာ။ ၈၈ သပိတ်ကာလအတွင်းတုန်းကတော့ ကျောင်းသားသမဂ္ဂခေါင်းဆောင် တွေနဲ့
လူငယ်ခေါင်းဆောင်တွေ စုစည်းပြီး၊ ဦးနု၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်တွေကို
စုစည်းကြဖို့ ခေါင်းဆောင်မှု ခိုင်ခိုင်မာမာပေးနိုင်ဖို့ ကျနော်တို့ တိုက်တွန်းဖူးကြတယ်။
ဒီအစည်းအဝေးကို ဆေးတက္ကသိုလ် (၁) လမ်း မတော်ဝင်းထဲမှာ ကျင်းပပြီး၊ ကျနော်တို့ ကျောင်းက
ဒီလိုဖြစ်မြောက်ဖို့ လှုံ့ဆော်သူ၊ အစည်းအဝေးတက်သူတွေထဲမှာ ကိုမိုးသူဝင်း (ယခု နယူးယောက်)၊
ကိုမင်းလွင်တို့ ပါကြတယ်။ ဒါပေမယ့် ကျောင်းသားတွေ မျှော်မှန်းသလို လူကြီးတွေ မညီညွတ်နိုင်ကြဘူး၊
စုစည်းခေါင်းဆောင်မှု မပေးနိုင်ကြဘူး။ ဝန်ကြီးချုပ်ဟောင်း ဦးနု ဦးဆောင်ပြီးနောက်ပိုင်းမှာ
ကြား ဖြတ်အစိုးရဖွဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့က မပူးပေါင်းကြဘူး။
"ကိုအောင်သူ…
ဒီလိုဗျ။ အခုအနေအထားက ဗိုလ်ချုပ်အောင်ဆန်းတို့ တုန်းကလို မဟာဗျူဟာ၊ နည်းဗျူဟာပိုင်း
စနစ် ကျမှု မရှိဘူး။ ကျောင်းသားသမဂ္ဂတွေ စနစ်တကျ ဖွဲ့စည်းပြီး ခေါင်းဆောင်နေကြတာလည်း
မဟုတ်ဘူး။ ဒါနဲ့ပဲ ကျောင်း သားလှုပ်ရှားမှုက ဦးတည်ရာမဲ့နေခဲ့တယ်။ ပြည်သူတွေကလည်း အစိုးရကို
မကျေနပ်လွန်းလို့သာ ထပေါက်ကွဲကြတာ၊ တကယ်တန်းကျတော့ ဘယ်အရပ်ကို ဦးတည်ရမှန်း မသိကြဘူးဗျ။
ဒီအနေအထားမှာ လမ်းကြောင်းမှန်ပေါ် ညွှန်ပြပေး နိုင်တဲ့ ခေါင်းဆောင်မှုကလည်း ရှားပါးနေတယ်။
ဒေါ်စုကလည်း မြန်မာ့နိုင်ငံရေးကို နားလည်ဖို့ ကြိုးစားနေတုန်းပဲလို့ ကျနော်ထင်တယ်"
သူက စကားပြောရင် ခပ်ဆတ်ဆတ်၊ ခေါင်းကလည်း ခါလိုက်သေးတယ်။ ကျနော်တို့ဝိုင်းက ဆိုင် အပြင်ဘက်
လေဟာနယ်ထဲမှာ… ဘေးမှာတော့ ကုက္ကိုလ်ရွက်တွေ ဝေ့ဝဲကျနေတယ်။
ပြောရရင်တော့
ခေါင်းဆောင်မှု ကောင်းကောင်းစုစည်း မပေးနိုင်ခဲ့တာ၊ အဲသည်အစည်းအဝေးမှာ ပုဂ္ဂိုလ်ရေးအာဃာတ
တွေ ကြားရဖူးတာ ကျနော်လည်း သိပ်တော့မကျေနပ်လှပါဘူး။ အခုကျမှ ပါတီထူထောင် ဒီမိုကရေစီရွေးကောက်ပွဲကို
စောင့်မယ်။ စစ်အစိုးရက လုပ်ပေးမယ့် ရွေးကောက်ပွဲက တရားမျှတပါ့မလား၊ အနိုင်ရရင်ရော တကယ်
ဒီမိုကရေစီ ဖြစ် လာမှာလား။ ကျနော်ကိုယ်တိုင် သံသယရှိနေတယ်။
"
ထားလိုက်ပါဗျာ။ မဝင်ပါနဲ့။ ကျနော်တို့မှာက တက်ကြွလှုပ်ရှားသူ (activists) တွေ များတယ်။
(ideologist) တွေးခေါ် သူခေါင်းဆောင်တွေ ရှားတယ်ဗျ။ ထားလိုက်ပါဗျာ။ ကျနော်တို့ ကျောင်းသားတွေအကြောင်းပဲ
ပြောကြရအောင်ပါ" သူက
စကားလမ်းကြောင်း
ပြောင်းတယ်။ ကျနော်တို့က အပြောင်းအလဲကို လိုချင်တယ်။ ဒါပေမယ့် ခုလိုလိပ်ခဲတည်းလည်း
အနေအထားကို မကြိုက်ဘူး။ ဘာမှလည်း လုပ်မရဘူး။ ကျနော်တို့အားလုံး လက်ခံတာ၊ သဘောကျနေတဲ့
စကားစု တခု ကတော့ အချင်းချင်းကြား တူညီကြတယ်။ ဆရာဗန်းမော်တင်အောင် ပြောထားဖူးတယ်။
"ကိုယ်ဖြတ်သန်းတဲ့ခေတ်က ပခုံး ပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို ရှောင်လွှဲလို့ မရနိုင်ဘူး"
ဆိုတာပဲ။ ဟုတ်တယ်။ ခေတ်ဆိုးကြီးမှာ ကျနော်တို့ အေးချမ်းစွာ ပညာသင်ကြားဖို့ ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။
ဗန်းမော်တင်အောင်
စကားကို ကိုးကားလို့၊ ပစ်ခတ်မှုထဲ ကျဆုံးသွားရတဲ့ 'လျှောမွေး' (ခေါ်) ကိုဇော်လွင်ထွန်းလည်း
ကျနော့်ကို ပြောခဲ့ဖူးသေးတယ်။ သပိတ် မြင့်မားနေဆဲကာလ၊ လျှောမွေး ကျနော့်ဆီ ပေါက်ချလာခဲ့ဖူးသေးတယ်။
ကျနော် တို့ စကားပြောဖြစ်တာကလည်း အခု "ဇွန်" လက်ဖက်ရည်ဆိုင်ပဲ။ "ကျနော်တို့ဗျာ..
သပိတ်လမ်းလျှောက်ကြရင်း မောလာ ပြီ။ တနေ့တနေ့ လမ်းပေါ်လျှောက် ဆန္ဒမပြချင်တော့ဘူး။ နေပူသံပြာ
ဘာမှလည်း မထိရောက်ဘူးလို့ ခံစားလာရတယ်။ အစ်ကိုရာ… ကျနော်တော့ တခုခုလုပ်ချင်တယ်။ ခုလို
လမ်းလျှောက်ဆန္ဒမပြချင်တော့ဘူးဗျာ" သူက လာပြောဖူးတယ်။ ဘာလုပ်ကြရမှန်းလည်း ကျနော်
မသိပါဘူး။
"သပိတ်မှာ
ခေါင်းဆောင်မှု မဲ့နေတယ်ဗျ။ အုပ်စု အုပ်စုတွေတော့ ရှိတယ်။ ဒါတွေကို အင်အားကောင်းအောင်
ပေါင်းစုပေး မယ့် အင်အားစုလိုတယ်။ နောက်အဆင့်ကို တင်ပေးမယ့် မဟာဗျူဟာလိုတယ်ဗျ။ ဒီကနေပြီး
ကြားဖြတ်အစိုးရ ဖွဲ့ရင်ဖွဲ့၊ ဒါမှ မဟုတ်ရင်လည်း ဒေါက်တာမောင်မောင် အစိုးရနဲ့ စကားပြောသင့်တယ်
ထင်တယ်" ကျနော်က ကိုဇော်လွင်ထွန်း (လျှောမွေး) တို့ကို ပြန်ပြောဖူးတယ်။ ဒါပေမယ့်
သပိတ်ကာလမှာ လူထုကြားထွက်လာတဲ့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်း စုကြည်၊ ဝန်ကြီးချုပ်ဟောင်း
ဦးနု၊ ၈၈ အရေးတော်ပုံ မဖြစ်ခင်ကာလမှာ ဦးနေဝင်းဆီ လိပ်မူပြီး ၄၁-မျက်နှာ စာတန်းရေး
ဖူးတဲ့ ဗိုလ်ချုပ်အောင်ကြီးတို့၊ ၈၈ အရေးတော်ပုံက နာမည်ထွက်လာတဲ့ ကျောင်းသား ခေါင်းဆောင်တွေ
စုစည်းဖို့ ကြိုးစား သင့်တယ်လို့တော့ ကျနော်တို့ ထင်မိကြတယ်။ အခြေအနေကိုတော့ စိတ်ပျက်နေတာ
အမှန်ပဲ။ ပါတီတွေလည်း စုစည်း ခေါင်းဆောင်မှု ဖြစ်မလာနိုင်ဘူးလို့ ထင်နေကြတယ်။ တဖြည်းဖြည်း
မှတ်ပုံတင်တဲ့ ပါတီတွေစာရင်းက ၂၀၀ နီးတော့မယ်။
ကိုမင်းလွင်ကတော့
ပြတ်တယ်။ ဒေါသပိုကြီးတယ်။ သူ့သူငယ်ချင်း လျှောမွေးကို နောက်ဆုံးအကြိမ်အထိ လက်ပေါ် မြင်ခဲ့
ရသူ၊ ဒီလို အရပ်မဲ့ကျောင်းသားပြည်သူတွေကို လက်နက်နဲ့ ချေမှုန်းပစ်ခတ်တာကို ဒေါသပေါက်ကွဲနေခဲ့သူ။
ဒီလိုကိစ္စမျိုး ကို လက်နက်ကိုင်ပြန်တုံ့ပြန်ရမယ်လို့ မြင်နေတဲ့သူ။ "ကျနော်တို့
စတေးကြရမှာပေါ့ဗျာ။ မတရားမှုကို ဆန့်ကျင်ရဲတဲ့ သတ္တိ နဲ့ ခေတ်ရဲ့တာဝန် ကျေပြွန်မှုကိုတော့
ပြရလိမ့်မယ်။ ကျောင်းသား အများစုက အဖြူထည်သက်သက်။ (state) အခြေခံ ကျောင်းသားလေးတွေ၊
နိုင်ငံရေးသမားတွေ အကွက်ရွှေ့ကြတဲ့အထဲမှာ ဓားစာခံတော့ အဖြစ်မခံစေချင်ဘူး။ ဘယ်သူ့ အသုံးချခံမှတော့
မဖြစ်စေချင်ဘူး"။
ကိုမင်းလွင်က ပေါက်ကွဲပြီး ပြောနေတယ်။
No comments:
Post a Comment