Pages

Wednesday, April 4, 2018

အလွမ်းသည်

အလွမ်းတွေ ထောင်းထောင်းထ
ရွက်ဖောင်းလှေလို စိတ်ကူးတွေက
ဦးတည်ရာမဲ့ ပြေးချသွားတယ်၊
ပုစဉ်းရင်ကွဲတကောင်လို
ဒီသီချင်း တပုဒ်ထဲ ဆိုပြီးရင်းကို ထပ်ပြီးဆို။

ငါချစ်တာ သူသိရင်တော်ပါပြီ
မြက်ကလည်း မြက်အလျှောက် ပွင့်ပေးတယ်
ပိုးစုန်းကြူးကလည်း ပိုးစုန်းကြူးအလျှောက် လင်းပြတယ်
မှင်စာတွေလို၊ ကျတ်တွေလို
မမြင်ကွယ်ရာ မှောင်ရိပ်ခိုလို့
တင်းထားရင်းနဲ့ မျက်ရည်စို။    

သတိရလိုက်တာ အိပ်မပျော်ဘူး
နွေည လရောင် ငါမူးတုန်း
ဒီခေါင်းအုံးလေးကိုပဲ ပြောပြလိုက်ရတယ်။

ယောဟန်အောင်
ဧပြီ ၄၊ ၂၀၁၈

Sunday, April 1, 2018

ကဗျာတွေ ဟန်းဂ် ဟန်းဂ် (Hang) သွားတယ်

ဖီးလိမ်းပြင်ဆင်ထွက်လာတဲ့ မနက်ခင်း
အိပ်ယာထဲ အိပ်မက်တွေ ခပ်မျှင်းမျှင်းကျန်နေဆဲ
ကော်ဖီတခွက်နဲ့ မနက်ဟာ ဘယ်လိုလင်းနိုင်ပါ့မလဲ
အာရုံတွေ မလန်းဆန်းတော့
ငါ့ကဗျာတွေ ဟန်းဂ် ဟန်းဂ် (Hang) သွားတယ်။   


သံယောဇဉ်တွေက
တိုက်မြင့်တွေမှာ ကြိုးတန်းလန်း
နံနက်စာထုပ်၊ သတင်းစာတွေနဲ့အတူ ထုပ်ပိုးတန်းလန်း  
နောက်ဆုံးသစ်ရွက် ဇာတ်လမ်းထဲကလို
တိုက်အိုဟောင်းနံရံပေါ် နွယ်ခိုတန်းလန်း
လေကြမ်းက သစ်ရွက်တွေ သရမ်းချွေချလိုက်တဲ့အခါ   
ဥသြငယ်တောင် သူ့လွမ်းနေကျ နွေသီချင်းတွေ ဟန်းဂ်လို့။

ငါ့ခံစားချက်တွေ ပြောမယ်ဆိုတော့
ခိုးကူးခွေလို အထစ် အထစ်
မဖြစ်နိုင်တာ တွေးတွေးနေမိတာပဲ
တိမ်တွေကိုကြည့်လို့ ဝမ်းနည်းလာ
ငါ့ကဗျာဟာ…
ရေအလျင်လို မစီးဆင်းတော့ပါဘူးကွယ်…

ဖိနပ်သဲကြိုး တဖက်ပြတ်နဲ့
ထွက်ရပ်ပေါက်ချင်သေးတဲ့ကောင်ပါကွာ
ဘဝမှာ ချိုချိုပြားပြား ရှိချင်သေးတာပေါ့၊
ဘာတဲ့… "နှစ်ချို့ဝိုင်တွေသာ ချိုမြတာ
နှစ်ချို့ပြီး မပြီးမြောက်တဲ့ အိပ်မက်တွေက ခါးသီးလှပါတယ်"။

ယောဟန်အောင်
မတ် ၃၁၊ ၂၀၁၈ ခုနှစ်။

Monday, March 12, 2018

မျက်စေ့နာလို့ ရေးတဲ့ကဗျာ

ပြောရရင်တော့ အရှည်ကြီးပဲဆရာ…
ဒီမိုး၊ ဒီရေ၊ ဒီလူတွေကြောင့် မျက်စေ့နာတာ၊
'တနေ့က ဂျိုးဖြူပိုက်ရေထဲ မသန့်ဘူး'ဆိုကတည်းက
မျက်သားတွေ ယားယံလာ
'လူမကြည့်ပါနဲ့ ပါတီကြည့်ပါ'ဆိုကတည်းက
မျက်သားတွေ ယားယံလာ
မြို့တော်နောက်ဖေးလမ်းကြားတွေ မြင်ကတည်းက
မျက်သားတွေ ယားယံလာ
ထရိုဂျင်မြင်းရုပ်ကြီး ဟီးနေတာကြားကတည်းက
မျက်သားတွေ ယားယံလာ                                                                   
ဖေ့ဘုတ်မှာ ကွန်မင့်တွေ လိုက်ဖတ်ပြီးတာနဲ့
မျက်စေ့ကိုက်လာ၊ နာတော့တာပါပဲ။


မျက်စေ့တစ်ဖက်သာ ကျန်မှ၊
စက္ခုနှစ်ကွင်း လင်းရတဲ့ ကျေးဇူးတော်ကို သတိရတယ်
မမြင်ရခြင်းမှာလည်း ကျေးဇူးတော် ရှိတာပါပဲ
ဖရုဿဝါစာများတဲ့
ထင်ရာစိုင်းဝါဒများတဲ့
ပေါချောင်ကောင်း ဆရာကြီးများတဲ့
ရှေ့နောက်စကားမညီ ဂျင်းသွင်းတဲ့
သတင်းများ မဖတ်ရတော့ဘူးပေါ့။

မျက်စေ့တစ်ဖက်သာ မြင်တော့
အရာရာကို တဝက်ပဲရတယ်၊
ညအိပ်တော့လည်း အိပ်တဝက်၊ နိုးတဝက်
ဘဝနေနည်းအတွက်လည်း
ရန်သူစစ်စစ်က တဝက်၊ ချစ်သူစစ်စစ်က တဝက်
ချောင်းဟန့်တော့လည်း သလိပ်ကတဝက်၊
ဥပဒေတွေ ဆိုတော့လည်း ဖားတဝက်၊ ငါးတဝက်
ဒီမြို့အကြောင်း ပြောပါတယ်
ဒီမိုကရေစီက တဝက်၊ အာဠာဝက တဝက်။
ဒီလောကီကို အလာဂျီ (allergy) ဖြစ်နေတာတော့ ကြာပါပြီ၊
မျက်စဉ်း ခတ်ပေးပါ၊
ဒါမှမဟုတ် မျက်စေ့ကို အုပ်ထားပေးပါ။
တဝက်တခြမ်း မြင်နေရတာကို
ပညာနဲ့ ရယ်မောနိုင်စွမ်းပေးပါ။

ယောဟန်အောင်
မတ် ၁၀၊ ၂၀၁၈။ 

Sunday, February 25, 2018

မထူးဇာတ်

ပလူကောင်လေးတွေလိုပေါ့
ပေါက်လဲပန်းတွေ အုပ်ဖွဲ့ပျံသန်းလာပြီး
တပွင့်ပြီးတပွင့် လှလှပပ ထိုးချ…  
သူတို့ဘဝတွေက တိုတောင်းလှတာ။


ရုပ်ရှင်တကားက
ဘဝကို ပြီးစလွယ်ရိုက်ပြတယ်
တွေ့ကြုံဆုံကွဲ ဖော်ဖြူလာနဲ့
ကံဇာတ်ဆရာက ခပ်ညံ့ညံ့ရယ်ပါ
မျက်ရည်ချူချင်တဲ့ ဇာတ်ကားလား..
ဆေးခါးကြီးနဲ့ လေရူးထဲ ဆန့်ငင်ဆန့်ငင်။

ခွေးများလို လျှာတန်းလန်းနဲ့
မြို့ပြထဲ ငါ လမ်းသလားပြီး ထွက်လာ
ယပ်တောင်တခုလောက် ကမ်းပ…
နွေရောက်ပါပြီ။

ငါတို့လိပ်ပြာတောင်ပံတွေ ဖြတ်ခံထားရ
မနက်ခင်းဆီ မဖြတ်မပျံနိုင်တော့ဘူး
လမ်းပျောက်နေတော့လည်း
ဒီပြူတင်းပေါက်ကို
ဖွင့်ထားတာနဲ့
မဖွင့်ထားတာဟာ
ဒီနွေဦးအတွက် မထူးတော့ပါဘူး။  

ငါ့ဘဝ ခြောက်သွေ့နေပုံများ
ရော်ရွက်တွေလို မာခေါက်ခေါက်  
စိတ်နောက်ကို ကိုယ်ကမပါနိုင်တော့
အပြေးကလေးထွက်သွားတဲ့ စိတ်ကို
ကိုယ်က ဆွေးဆွေးမြေ့မြေ့ကြည့်….

နေကာမျက်မှန်တလက်တော့ ရှိရဲ့…
ငါ့မျက်လုံးတွေနဲ့ ခံစားချက်တွေကို
ဖုံးကွယ်ပေးပါလိမ့်မယ်…။

ယောဟန်အောင်
ဖေ ၂၅၊ ၂၀၁၈

Thursday, February 8, 2018

တစ်ဖက်ပိတ်

ဒီမြို့မှာ အမှန်တရားက တခုပဲရှိတယ်
အဲဒီတော့ သတင်းမီဒီယာတွေတောင် ပဲ့တင်ပြန်ပြန်ပြောကြ
အပိုစကား ဆွံ့အလို့။
ဒီမြို့မှာ ဇာတ်လမ်းတွေက တဖက်သတ်ပဲပြောတယ်
ရွေးချယ်စရာ အခြားဗားရှင်းဆိုတာ မရှိဘူး
ဟိုပရိသတ်က ဟိုဖက်အားပေး၊
ဒီပရိသတ်က ဒီဖက်အားပေး… ဒါပဲ။


ငါ့အိပ်မက်တွေလည်း
လမ်းတဝက်က လှည့်ပြန်လာရတယ်
ညသန်းခေါင်မှာ နေထွက်လာခဲ့၊
စမ်းချောင်းကလေးလည်း
တဝက်တပျက်မှာ သဲထဲထိုးဝင်လို့ ပျောက်ကွယ်
မြစ်ဟာ ပဲ့မပါတော့
ဘယ်ကိုစီးဆင်းနေမှန်း မသိနိုင်တော့ဘူး
ပင်လယ်တွေပျောက်လို့။
အင်အားကောင်းတဲ့ လှိုင်းခေါင်းဖြူတွေလည်း
ကျောက်ဆောင်တွေက အနားသတ်ပစ်လိုက်တယ်။
ငါက တောမီးတွေလို တောက်လောင်လိုက်ချင်တာ
တောင်တွေပြုန်း တောတွေသုဉ်းတော့ လှည့်ပြန်ခဲ့ရ 
‌လေမိထားတဲ့စွန်လို ခဏခဏ
ဇက်ကြိုးပြန်သတ်၊
ငယ်သံပါ တောင်းတမှုတွေလည်း
လည်ချောင်းထဲ တမံတုတ်
ပြန်ရုပ်သိမ်းခံရ၊
ငါ့နှလုံးသားဟာ ကျောက်ဂူထဲ
တဖက်ပိတ် ငလျင်လှုပ်နေရတော့တယ်။

လုပ်နိုင်တာဆိုလို့
ကြယ်ကြွေတာကို ငါလက်ထဲ ဆုပ်ထားပါရစေ
ငါ့ ရင်ခတ်လှိုင်းသံတွေကို သဲဖြူထဲ မြုပ်ထားပါရစေ
ငါ့ ခံစားမှုတွေကို မီးတောင်ထဲ အုပ်ထားပါရစေတော့။

ယောဟန်အောင်
ဖေ ၈၊ ၂၀၁၈။

Wednesday, February 7, 2018

နောက်ဆုံးအလံ လွှင့်လို့ (Last Flag Flying)


ခုတလော အမေရိကန်စစ်သား၊ သို့မဟုတ် စစ်နဲ့ ပတ်သက်တဲ့ကားတွေ ကြည့်ဖြစ်တယ်။ ခုကြည့်ရတဲ့ Last Flag Flying (2017) ကို တော်တော်သဘောကျမိတယ်။ ကြည့်ဖို့လည်း တိုက်တွန်းချင်တယ်။ စစ်ကားဆိုပေမယ့် တကားလုံး စစ်တပွဲ မှ တိုက်မသွားဘူး။ စစ်ပြန် စစ်သားဟောင်းကြီးတွေ အကြောင်းပဲ။ စစ်ပြန်တွေ ဘဝ အခြေမကျပုံတွေ၊ PTSD လို့ခေါ်တဲ့ ပဋိပက္ခလွန် စိတ်ဒဏ်ရာရ ခံစားနေကြပုံတွေ ပေါ်လွင်လှတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကားက ဝင်ငွေ အရနည်းတယ်။ USD ၁.၀၆ သန်းပဲရတယ်။ 

ဇာတ်လမ်းက ဒီလို။
ဒေါ့ခ်၊ ဆယ်လ် နဲ့ မြူလာ (ဗီယက်နမ်စစ်ပြန်-၃) ဦးအကြောင်းဆိုပါစို့။ ဒေါ့ခ် (ဒေါ့ခ် ရှက်ဖတ်) က ကိစ္စတခုကြောင့် ရေတပ် ထောင်မှာ ၂-နှစ် ကျတယ်။ နောက်တော့ ပြန်လွတ်လာတယ်။ မိန်းမက နို့ကင်ဆာနဲ့သေတယ်။ အခုပဲ သူ့သားက အီရတ် စစ်မြေပြင်မှာ တိုက်ပွဲကျကြောင်း အကြောင်းကြားစာ ရောက်လာတယ်။ ဆဲလ် (ဆဲလ် နီလွန်) ကတော့ ဘီယာဘားတခု ဖွင့် ပေပေတေတေနဲ့ ဘဝကို ရွက်လွှင့်နေသူ၊ အခုတိုင် လူဆိုးလူကြမ်းစတိုင် မပျောက်သေးသူ။ မြူလာ (ရစ်ချတ် မြူလာ) (Laurence Fishburne) ကတော့ လူမဲ၊ ခုအခါ ခရစ္စယာန်သင်းအုပ်ဆရာလုပ်နေပြီး နာမည်တောင် ရစ်ချတ်လို့ပဲ သိကြ တော့တယ်။ လုံးဝ သူတော်ကောင်း၊ ဘာသာရေးသမား ဖြစ်နေပြီ။ သူတို့ ဗီယက်နမ်တုန်းက ပေပေတေတေတွေပဲ။ လူနာဒဏ်ရာရရင်သုံးဖို့ ပေးထားတဲ့ မော်ဖိန်းတွေကို ခိုးပြီးထိုးကြတယ်။ သူတို့ရဲဘော် ဂျင်မီ ဒဏ်ရာရတော့ မော်ဖိန်းပေးဖို့ မရှိတော့ဘူး။ ဟိုတယောက်က အတော့်ကိုနာနာကျင်ကျင်နဲ့ သေဆုံးသွားရတယ်။ ဒီအတွက်လည်း သူတို့အပြစ်ရှိသလို ခံစားချက် မပျောက်ကြဘူး။

Saturday, February 3, 2018

ဆွတ်ပျံ့ဒဏ်ရာ

အင်းစိန်ဘူတာရုံက ရထားဥသြသံကို
သူရော ငါရော ကြားခဲ့ကြရမှာ
ဂျုံး ဂျက်ဂျက်၊ ဂျုံးဂျက်ဂျက်
ရထားတွေ အစင်းစင်း ထွက်သွားခဲ့တယ်
ဥဩသံကို အတူတူ နားမထောင်နိုင်ခဲ့ကြဘူး။
ရထားတွေ အစင်းစင်းပြောင်းခဲ့တယ်
သူက သူကြားချင်သလိုကြားခဲ့ပြီး၊ ငါကလည်း ငါဖွင့်ချင်တဲ့အဓိပ္ပါယ်ဖွင့်ခဲ့တယ်
အပြိုင်သံလမ်းတွေ ခြားခဲ့သလိုမျိုး၊


သီချင်းတွေ၊ အခင်းအကျင်းတွေ ပြောင်းခဲ့တယ်
စုံတွဲအက ကဖို့ရာ သံစုံတီးဝိုင်းလည်း ငါတို့မကြုံခဲ့ပါဘူး။
ကြယ်တွေကို တူတူမကြည့်နိုင်ခဲ့
နေဝင်ချိန်တွေ တူတူမငေးနိုင်ခဲ့။  

ခုတော့လည်း ဘူတာလေးက ဒီအတိုင်း
ငါက အလွမ်းပြိုင်းပြိုင်းနဲ့ ပြန်လာတော့
ဒီမြို့ရဲ့ ပြက္ခဒိန်တွေထဲမှာ
သူကလည်း ရွှေငါးလေးလို သူ့ကန်ထဲ အထီးကျန်
ငါကလည်း ညနေအို ကိုယ့်ဘဝထဲ အလွမ်းတွေအန်လို့။ 

မြက်ပင်ကလေးတွေ ဆောင်းဦးလေမှာ ညင်းပြောင်းကိုင်းညွှတ်ရသလိုမျိုး
ချစ်ခြင်းဟာ လူတယောက်အတွက် ရူးသွပ်ဖို့ ကောင်းကောင်း
လုံလောက်ပေတယ်။

ယောဟန်အောင်

ဖေ ၃၊ ၂၀၁၈

Recent Comments