အာဂျင်တီးနားအကြောင်း ရုပ်ရှင်တခု ညွှန်းချင်တာပါ။
အာဂျင်တီးနားက ကျနော်တို့နဲ့ ဝေးတယ် ထင်ရပေမယ့်၊ သိပ်တော့ မဝေးလှပါဘူး။
ဒီနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ World Cup မှာ ဗိုလ်စွဲခဲ့တာ အာဂျင်တီးနားပါ။ မြန်မာပရိသတ်တွေလည်း
အားပေးခဲ့ကြတယ်။ ဘောချံပီယံ မက်ဆီ (Lionel Messi) ဆိုရင် လည်း အချို့အတွက် အသည်းစွဲပါ။ နောက်တယောက်ရှိပါသေးတယ်။ ချေ ဂွေဗားရားလို့
ကျနော်တို့သိကြတဲ့ ကျူးဘား တော်လှန်ရေးခေါင်းဆောင်ဟာလည်း အာဂျင်တီးနားကပါပဲ။ အချို့တော့
သိလိမ့်မယ်။ အဆိုတော် မက်ဒေါနား ပါဝင်သရုပ် ဆောင်ထားတဲ့ ရုပ်ရှင် Don’t cry for me
Argentina! “ငါ့အတွက်တော့ မငိုပါနဲ့ အာဂျင်တီးနား”ကလည်း အာဂျင်တီးနား သမိုင်းနောက်ခံပါပဲ။
အခု ရုပ်ရှင်ကတော့ အာဂျင်တီးနား နိုင်ငံမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အကူအပြောင်းနောက်ပိုင်း အရင် လူ့အခွင့် အရေးချိုးဖောက်မှုတွေ တင်းကြမ်း ကျူးလွန်ခဲ့ကြသူ စစ်အာဏာရှင်တွေကို ပြန်ပြီး ခုံရုံးတင် တရားစွဲတဲ့အကြောင်းပါ။ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာမှ ရုံတင်ပြသခဲ့ပြီး၊ နိုင်ငံတကာ ပွဲတော်တွေမှာလည်း နိုင်ငံတကာ ရုပ်ရှင်ဆုတွေ ရရှိခဲ့တဲ့ ဇာတ်ကား ပါ။
အာဂျင်တီးနား နောက်ခံသမိုင်း
နောက်ခံကို သိရင် ရုပ်ရှင်ကြည့်ရတာ ပိုလို့ အရသာရှိပါလိမ့်မယ်။လက်ရှိ အာဂျင်တီးနားနိုင်ငံက လူဦးရေ ၄၅.၈၁ သန်း ရှိပါတယ်။ တောင်အမေရိကတိုက်မှာ ဘရာဇီးလ်ပြီးရင် ဒုတိယ အကြီး ဆုံး၊ စီးပွားရေးအရလည်း ဒုတိယလိုက်တဲ့ နိုင်ငံတခုပါ။ ၂၀၂၁ ခုနှစ်မှာ GDP ၄၉၁.၅ ဘီလီယံ ရှိပါတယ်။
၁၉၃၀ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်ကြားမှာ အာဂျင်တီးနားစစ်တပ်က ၆ ကြိမ် အာဏာသိမ်းပိုက်ခဲ့ပါတယ်။ ကြားထဲမှာတော့ ထုံ့ပိုင်းထုံ့ပိုင်း အကန့်အသတ်နဲ့ ဒီမိုကရေစီ အစိုးရကာလတွေ ရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် အပြောင်းအလဲကစလို့ ဒီမိုကရေစီ အခြေခိုင်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုဇာတ်ကားက ဒီအပြောင်းအလဲနောက်ပိုင်း ၁၉၈၅ ခုနှစ် ကာလပါ။
Mothers of the Plaza de Mayo “ပလာဇာ ဒီမေယို ရင်ပြင်ရှေ့က မိခင်များ” လို့
နာမည်ထင်ရှားခဲ့ပါတယ်။ သူတို့က ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့ သားသမီးတွေအကြောင်း သိရဖို့
နေရာမရွှေ့ တောင်းဆိုကြပါတယ်။ နောက်ဆုံးရဲနဲ့ ဖြိုခွဲ၊ နိုင်ငံ အရေးပေါ်အခြေအနေ ကြေညာရတဲ့အထိပါပဲ။
စစ်တပ်အကျ
၁၉၈၂
ခုနှစ်မှာ ဖောက်ကလန်စစ်ပွဲဖြစ်တော့ အင်္ဂလန်ကို စစ်ရှုံးတယ်။ စစ်တပ်ဩဇာ ကျရတယ်။
အရပ်ဘက် တက်ကြွလှုပ် ရှားသူတွေနဲ့ ဆန္ဒပြပွဲတွေ ပြန်အားကောင်းလာတယ်။ အလုပ်သမား
သမဂ္ဂတွေ၊ စီးပွားရေးလုပ်ငန်းရှင် အသင်းအပင်းတွေ ပြန်အားကောင်းလာတယ်။ ၁၉၈၂ ခုနှစ်
လူထုအုံကြွဆန္ဒပြပွဲအပြီးမှာတော့ ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့ ရက်ကြေညာ
လိုက်ရတယ်။ ၁၉၈၃ ခုနှစ်မှာ ရော အယ်လ်ဖွန်ဆင် (Raul Alfonsin) သမ္မတအဖြစ်
ရွေးကောက်ခံရတယ်။ ပြီးတဲ့နောက်မှာ တော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု
လုပ်ငန်းစဉ်ပေါင်းစုံ ဖြစ်လာခဲ့တယ်။ အမှန်တရား ပေါ်ပေါက်ရေး ကော်မရှင် (Truth
Commission)၊ ရာဇဝတ်မှုဆိုင်ရာ ခုံရုံးတွေ (criminal trials)၊ အင်စတိကျူးရှင်း
ပြုပြင်ပြောင်းလဲရေးနဲ့ ပြန်ကုစား ရေး လုပ်ငန်းတွေ (reparatory gestures) ပါဝင်တယ်။
ရုပ်ရှင်အကျဉ်း
ဖြစ်ရပ်မှန်ကို
အခြေတည်ထားတယ်လို့ ဆိုတယ်။ ၁၉၈၅ ခုနှစ် အပြောင်းအလဲအပြီး
လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ခုံရုံးတင်တဲ့
ဖြစ်ရပ်အပေါ် အခြေခံထားတယ်။ အစိုးရရှေ့နေ (ဆွဲချ) စထရက်ဆာ (Julio César Strasser)
နဲ့ အိုကမ်ပို (Luis Moreno Ocampo) တို့ ဦးဆောင်ကြိုးပမ်းရတဲ့ ခက်ခဲတဲ့
ခုံရုံးတင် ကြိုးပမ်းမှုပါပဲ။ ပြန် လည်အမှတ်ရမှု၊ အမှန်တရားနဲ့ တရားမျှတမှု အတွက်
သူတို့ကြိုးပမ်းကြတဲ့ ကြွေးကြော်သံ “နောက်တခါ ပြန်မဖြစ်စေရ” "Nunca Más" (Never Again) ကို ဖော်ကျူးထားတယ်။
ကျနော့်အတွက်
စိတ်ဝင်စားစရာ
နိုင်ငံရေးတခု အပြောင်းအလဲ
ဖြစ်ပြီးတာတောင်မှ လူ့အခွင့်အရေး ချိုးဖောက် ပြစ်မှုကျူးလွန်ခဲ့သူတွေကို ပြန်လည်တရားစွဲ
ဆိုဖို့ဆိုတာ တကယ့်မလွယ်ဘူးဆိုတာ ပြသနေတယ်။ အစိုးရရှေ့နေ စထရက်ဆာက သူနဲ့အတူ ဆောင်ရွက်ဖို့
ဝါရင့် ရှေ့နေ တွေကို ရှာတယ်။ အများစုက ငြင်းကြတယ်။ ဒီကြားထဲမှာ အချို့သူတွေက နာဇီဝါဒကို
လိုလားလို့၊ အချို့ကတော့ နာဇီတွေ ဆိုပြီး သူတို့ကိုယ်တိုင် သတ်မှတ်တာတွေ ကြားရတယ်။
(ဒုတိယကမ္ဘာစစ်အပြီး ဂျာမန်နာဇီအချို့ အာဂျင်တီးနားမှာ လာခိုလှုံ ပုန်းကြတာ ရှိတယ်။
ဂျာမန်မျိုးနွယ် ဆင်းသက်သူတွေက လူဦးရေ ၁% လောက်ရှိတယ်)။ သူနဲ့အတူ ဝိုင်းဝန်းကြိုးပမ်းသူ
အိုကမ်ပိုကလည်း လူငယ်ပဲ။ (စိတ်ဝင်စားစရာက သူက ရေတပ်ဗိုလ်ချုပ်ကြီးနဲ့ အမေဖက်က ဆွေမျိုးစပ်ရင်
တော်နေသေး တယ်)။ နောက်ဆုံး လူငယ်ခြေတက် ဥပဒေဘွဲ့ရလူငယ်တစုနဲ့ပဲ အခုဖြစ်ရပ်ကို ကြိုးပမ်းကြရတယ်။
အဲဒီခေတ်က လက်နှိပ်စက်၊ လယ်ဂျာတွေနဲ့ပဲ ဖြစ်ရပ်ဖိုင်တွေကို စုဆောင်း သိုမှီးရတယ်။ ခေတ်သစ် ကွန်ပြူတာနည်းတွေ မသုံးနိုင်သေးဘူး။ စစ်အစိုးရ မရှိတော့ပေမယ့် ခြိမ်းခြောက်မှုတွေကို သက်သေတွေဖက်မှာရော၊ သူတို့အဖွဲ့အတွက်ရော ကြုံတွေ့ရတယ်။ ကျည်တတောင့်နဲ့ သူ့အိမ်ကို ခြိမ်းခြောက်စာ ပို့လာတာမျိုးတောင် စထရက်ဆာ ကြုံတွေ့ရသေးတယ်။ စစ်တပ်က အဆင်မသင့်ရင် ဒီမိုကရေစီ နုနု အစိုးရကို ပြန်အာဏာသိမ်းနိုင်တယ်ဆိုတာမျိုး ခြိမ်းခြောက်မှုကလည်း ရှိခဲ့တယ်။ တကယ် တရားရုံးတော်က ဆုံးဖြတ်တော့လည်း သူတို့ထင်တာထက် အရေးယူမှုက ပျော့နေသေးတယ်။ ဒါပေမယ့် နောက်ဆက်တွဲ တရားရေးကြိုးပမ်းမှုတွေမှာ တာဝန်ရှိသူ လူတထောင်လောက်ကို အရေးယူနိုင်ခဲ့တယ်။
စထရက်ဆာက ပြောတယ်။ “သူရဲကောင်း” (Hero) တွေဆိုတာ တကယ်မရှိပါဘူးတဲ့၊ ဒါပေမယ့် သူ့ဇနီးက နောက်ပိုင်းပြော တယ်။ ဒီလို ရှုတည်တည်လူကြီးကို လက်ထပ်ခဲ့ရတာ သူ့ဘဝတသက်တာမှာ မှားများနေခဲ့သလားလို့ တသက်လုံး တွေးမိတယ်တဲ့။ အခုတော့ ရှင်လုပ်ဆောင်တာတွေအတွက် ဂုဏ်ယူမိပါတယ်ပေါ့။ စထရက်ဆာနေက ကိုယ်သာဆိုရင် သူ့ လောက် ကြံ့ကြံ့ခံနိုင်၊ သတ္တိရှိနိုင်ပါ့မလားလည်း စဉ်းစားမိတယ်။
ဇာတ်ရှိန်အမြင့်ဆုံး အခန်းကတော့ နောက်ဆုံးလျှောက်လဲချက် ပေးတာပါ။
ဒီကိစ္စကို သူအချိန်ယူ
ပြင်ဆင်တယ်။ ဇနီးကိုလည်း ပေးဖတ်တယ်။ သားကိုတောင်ပေးဖတ်ပြီး၊ လူတိုင်း နားလည်နိုင်ဖို့
သေချာကြိုးပမ်းတယ်။ ဒီမိန့်ခွန်း လျှောက်လှဲချက်ကို နိုင်ငံသမ္မတရော၊ နစ်နာရသူ မိသားစုတွေရော၊
တကမ္ဘာလုံးက လူထု တွေပါ နားထောင်နေကြမှာ သူသိတယ်။ ဒါကြောင့်လည်း သေချာပြင်ဆင်တယ်။
သူက မိတ်ဆွေတွေ၊ သူ့အဖေနဲ့ တိုင်ပင်ရာမှာ ပြောတယ်။
ပထမက အာဂျင်တီးနားနိုင်ငံရဲ့ အကြမ်းဖက်မှုသမိုင်းနဲ့ စမယ်။ ဟုတ်တယ်။ အကြမ်းဖက်မှုတွေက မရှောင်လွှဲနိုင်ခဲ့ဖူး။ ဒုတိယကတော့ ဒီလိုအကြမ်းဖက်မှုတွေကို စစ်တပ်က ဘယ်လိုတုံ့ပြန်သလဲ၊ ဒီ အကြောင်းပြောမယ်။ ဒီနေရာမှာ သူက လက္ခဏာ ၃ ချက် အနှစ်ချုပ်တယ်။
ရက်စက် ကြမ်းကြုတ်မှု၊ ဖုံးကွယ်မှု နဲ့ သတ္တိကြောင်မှု (ferocious, clandestine and cowardly)
သူက
နာမည်ကျော် ကဗျာဆရာ ဒန်တေရဲ့ကဗျာ “The Divine Comedy” ကိုလည်း ကိုးကားဖော်ပြသေးတယ်။
“ဒီမှာ
သွေးစိမ်းရှင်ရှင်နဲ့ လုယက်ဖျက်ဆီးမှု ဆောင်ရွက်ခဲ့ကြသူ အာဏာရှင်တွေ၊ သူတို့ရဲ့ အညှာအတာကင်းမဲ့တဲ့
ထိခိုက် နစ်နာမှုတွေအတွက် ကြေကွဲပူဆွေးနေကြရပြီ”
“These are the tyrants who dealt in bloodshed
and pillaging. Here they lament their pitiless mischiefs”.
အာဂျင်တီးနား နိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရား အသိစိတ်က လူမျိုးစုအဆင့် အထိကို မကျဆင်းသွားသေးသရွေ့
ဘယ်သူတဦးကမျှ
ပြန်ပေးဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လူသတ်ဖြတ်တာတွေကို ‘နိုင်ငံရေးဖြစ်ရပ်တွေ’ သို့မဟုတ်
‘ဘေးထွက်ဆိုးကျိုး ပျက်စီးဆုံးရှုံးရတာတွေ’ လို့ ခွင့်ပြုလက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။
အခုအခါမှာ အာဂျင်တီးနား နိုင်ငံ သားတွေက အစိုးရကို ပြန်ထူထောင်နိုင်ခဲ့ပြီ။ အင်စတိကျူးရှင်းတွေကို
ပြန်ထိန်းချုပ်နိုင်ခဲ့ပြီ။ ကျနော် တာဝန်ယူပြီး ပြောပါတယ်။ နာကျဉ်မှုကို ကျေနပ်တဲ့
စိတ်ဆန္ဒကို နိုင်ငံရေးအယူဝါဒ တခုအဖြစ်ရော၊ စစ်ပွဲရဲ့ မဟာဗျူဟာတခု အဖြစ်ရော လက်မခံနိုင်ပါဘူး။
ဒီအချက်က ကိုယ်ကျင့်တရားဆိုင်ရာ သွေဖီဖောက်ပြန်မှုပါပဲ။
သေမင်းက
အာဂျင်တီးနားနိုင်ငံမှာ လှည့်လည်သွားလာနေတာကို ကျနော်တို့ သည်းညည်းခံ ခွင့်မပြုနိုင်ပါဘူး။
Unless the moral sense of the Argentines has descended to tribal levels, nobody can allow that kidnapping, torture and murder become 'political incidents' or 'collateral damage' in combat. Now that the Argentine people have recovered the government and the control of its institutions, I take the responsibility of stating on its behalf that sadism is neither a political ideology nor a war strategy, it is a moral perversion. We will not tolerate death roaming free in Argentina.
နိုင်ငံရေးများ၊ နည်းနည်း လေးအီနေတယ်လို့ ယူဆနိုင်ပေမယ့် ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတခုပါ။
အောင်သူငြိမ်း
No comments:
Post a Comment