(The Revenge of Power: How Autocrats Are Reinventing Politics for the 21st Century)
မွိုင်ဆေ့ နိုင်ယင်းမ် (Moisés Naím) က ဗင်နီဇွဲလား သတင်းထောက်နဲ့ စာရေးဆရာတဦး၊ နောက်တော့ အမေရိကန်နိုင်ငံ (Carnegie Endowment for International Peace) က ထူးခြားတဲ့ ပညာရှင်၊ ၂၀၁၃ ခုနှစ်မှာ Prospect မဂ္ဂဇင်းက သူ့ကို ကမ္ဘာ့ထူးခြားတဲ့ တွေးခေါ်ပညာရှင်တဦးအဖြစ် ထည့်သွင်းဖော်ပြခဲ့တယ်။ အရင်ကလည်း ထင်ရှားတဲ့စာအုပ်ဖြစ်တဲ့ The End of Power “အာဏာရဲ့နိဂုံး” (၂၀၁၃) ကို ရေးခဲ့သေးတယ်။ (ရောင်းအကောင်းဆုံး စာအုပ်စရင်းထဲပါတယ်။) Facebook တည် ထောင်သူ မာ့ခ် ဇူကာဘတ်က ဖတ်ရမယ့်စာအုပ် စရင်းထဲ ထည့်ဖော်ပြဖူးသေးတယ်။ Foreign Affairs မဂ္ဂဇင်းမှာလည်း အယ်ဒီတာချုပ်အဖြစ် ၁၄ နှစ်လောက် လုပ်ခဲ့သေး တယ်။ အခုစာအုပ် The revenge of Power “အာဏာရဲ့ လက်တုံ့ပြန်ခန်း” (၂၀၂၂ ဖေဖေါ်ဝါရီ) ကတော့ အဆက်လို့ ဆိုနိုင် တယ်။
ဒီစာအုပ်ကို စမြင်ဖူးတာက ဒေါက်တာခင်ဇော်ဝင်း (တမ္ပဒီပ အင်စတိကျု) Facebook page မှာ အဖုံးလေး တင်ထားတာတွေ့ တယ်။ ဒါနဲ့ စိတ်ဝင်စားပြီး ရှာဖွေမြည်းစမ်းကြည့်တယ်။ ၂၀၁၃ စာအုပ် “အာဏာရဲ့ ကျဆုံးခန်း” မှာတော့ စာရေးသူ Moises Naim) က အာဏာဟာ ပျက်စီးယိုယွင်းလာပြီလို့ ရေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်သစ် အခင်းအကျင်းတွေကြောင့် ပဲ။ အာဏာဟာ အရည်သဘောဆောင်လာတယ် (fluidity)။ အရင်ရှိခဲ့တဲ့ အာဏာရဲ့ ရေရှည်စွဲမြဲတည်ရှိနေခဲ့တဲ့ ဗဟို ချက်မ တွေကနေ ဗဟိုခွာအားတွေကြောင့် (centrifugal forces) ပြန့်ထွက်လာတယ်လို့ ဆိုတယ်။ ဗဟိုခွာအားတွေကတော့ တော်လှန်ရေး ၃ ခုကြောင့် ဖြစ်ရတာ၊ ကျနော်တို့က လူပိုများတယ်၊ အရင်းအမြစ်ပိုများတယ် (The more revolution)၊ ရွေ့လျားရွှေ့ပြောင်းနေမှု တော်လှန်ရေး (the mobility revolution) နဲ့ စိတ်နေသဘောထား တော်လှန်ရေး (the mentality revolution) တော်လှန်ရေးတွေကြောင့်လို့ ဆိုတယ်။ အာဏာရယူဖို့ လွယ်တယ်။ ထိန်းသိမ်းနိုင်ဖို့တော့ ခက်ပြီလို့ သူကရေး တယ်။ တိုးတက်ဖြစ်ပေါ်မှုနဲ့ မတည်ငြိမ်မှုတွေ ပေါင်းစပ် ဖြစ်ပေါ်လာနေပြီး ပိုလို့တင်းမာမှုတွေ ဖြစ်စေတယ်လို့ ဆိုထားခဲ့ တယ်။ အစိုးရတွေတင် မဟုတ်၊ ကော်ပိုရေးရှင်းကြီးတွေပါ ထိပ်မှာ အမြဲတန်းနေလို့ မရနိုင်တော့ဘူးလို့ ဆိုခဲ့တယ်။
နောက် ၁၀ နှစ်လောက်ကြာတော့ အခုစာအုပ်သစ် ထပ်ရေးပြန်တယ်။ “အာဏာတို့ရဲ့ လက်တုံ့ပြန်ခန်း”၊ ဒါကတော့ အာဏာ ရှိနေကြတဲ့ ခေါင်းဆောင်တွေက အခုအာဏာ အစီအစဉ်သစ်ကို သဘောမတွေ့ကြဘူးလို့ ဆိုတယ်။ အာဏာပြန့်ကျဲနေတာကို မရှုစိမ့်နိုင်ကြဘူး။ ဒါနဲ့ နည်းလမ်းဗျူဟာအသစ်တွေ သုံးပြီး ပြန်လာကြတယ်။ သူကတော့ ပီ ၃ လုံး (3 Ps) လို့ အတိုချုပ်ဖွင့် ထားတယ်။ လူပြိန်းကြိုက်ဝါဒ (populism)၊ အစွန်းရောက် ကွဲပြားမညီညွတ်မှု (polarization) နဲ့ အမှန်တရားလွန် (post-truth) ကိစ္စတွေလို့ ဖော်ပြထားတယ်။ ဒီလိုနဲ့ အာဏာရှိသူတွေရဲ့ လက်စားချေမှုက ပြန်ဖြစ်လာတယ်။ သူက ဒီလိုရှုထောင့်က နေ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအကျပ်အတည်း (global crisis of democracy) ကို ရှင်းပြထားတယ်။ စကားမစပ် ဒီနေရာ မှာ ကျနော်တွေးမိတာက တော်လှန်ရေးတွေ၊ လှုပ်ရှားမှုတွေဟာ ‘ဒီရေမြင့်သစ်’ တခုမှာ အောင်ပွဲခံကြတယ်။ ဆိုပါစို့။ တချိန်က ကိုလိုနီစနစ် ဖျက်သိမ်းရေး ရှိတဲ့အခါ နိုင်ငံအများအပြား လွတ်လပ်ရေး ရလာကြတယ်။ တခါ ဒီမိုကရေစီ ရေလှိုင်း ကြီးတွေ ရှိတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ နောက်ပြန်လှိုင်း … စသည်ဖြင့်။ ဒီလို အခြေအနေတွေမှာ နိုင်ငံ တွေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ ဖြစ်လာတယ်။ တချိန်တုန်းက စစ်အေးတိုက်ပွဲကာလ လက်ဝဲ၊ လက်ျာ အုပ်စုဖွဲ့ အထောက်အပံ့တွေ ရှိခဲ့တယ်။ ဒီမိုကရေစီ ရေလှိုင်း ဒီရေမြင့်သစ်ရှိမနေတဲ့ ကာလတခုမှာ လှုပ်ရှားရုန်းကန်ရသူတွေအဖို့ ပိုလို့ မခက်နိုင်ဘူးလား၊ စဉ်းစားကြည့်မိတာ။ ရေဆန်ကို တက်ရသလို ဖြစ်နေလိမ့်မယ်။ [ဤကား စကားချပ်]
လူပြိန်းကြိုက်ဝါဒ (Populism) ဆိုတာက ခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ “ပြည်သူတွေရဲ့ အစစ်အမှန်အသံ” (true voice of the people) ကို ကိုယ်စားပြုတယ်ဆိုပြီး၊ အကျင့်ပျက် ခြစားနေတဲ့၊ ကိုယ်ကျိုးကြည့်တဲ့ ထိပ်သီးအုပ်စုကိုဆန့်ကျင် တယ်။ ဒါက လူထုတွေအတွက် ဆွဲဆောင်မှု ရှိစေပေမယ့်၊ သူတို့က အခြားစံပြ နောက်ထပ်တခု ဖြစ်မနေဘူး။ သူတို့က ဆယ်လီတွေရဲ့ အား (celebrity fan base) ကို သုံးတယ်၊ ကိုယ်ပိုင်မီဒီယာတွေ ထူထောင်ကြတယ်။ ဒါနဲ့ သစ္စာခံနောက်လိုက် တွေကို ပွားယူကြတယ်။ စီးပွားရေးကျလာတဲ့အခါ လူတွေ ပိုမလုံခြုံဖြစ်လာ၊ မျှော်လင့်ချက်တွေ ပျောက်လာနေချိန်မှာ ပိုလို့ အသုံးချဖို့ ကောင်းနေခဲ့တယ်။
စီးပွားရေးကျလို့
လူတန်းစား ကွာဟမှုက ကြီးမားလာတယ်။ လူမျိုးရေး၊ တိုင်းရင်းသားဖြစ်မှု တင်းမာမှုတွေက
မြင့်မားလာ တယ်။ ဒီအခါမှာ နာကျည်းမှုတွေကို ပိုလို့အသုံးချဖို့ ကောင်းလာတယ်။ အစွန်းရောက်ကွဲပြားမှုတွေ
ဖြစ်စေတယ် (polarization)။
နောက်တခုကတော့ အမှန်တရားလွန်ကာလ (Post-truth)။ စာရေးသူဖော်ပြထားတာကတော့ လူတွေက ရှုပ်ထွေးပွေလီမှု၊ အသေးစိတ်ကိစ္စ၊ ကျိုးကြောင်းဆင်ခြေတွေကို သိပ်မသိချင်တော့ဘူး။ ဦးဏှောက်စားတယ်။ ဒါနဲ့ အလွယ်တကူ ရှင်းပြတာ၊ ကျိုးကြောင်း ဆင်ခြေလောက်ကို အဆင်ပြေသွားတယ်။ လူမှု မီဒီယာ (social media) နဲ့ အွန်လိုင်းသတင်းတွေက သတင်း ဂေဟဝန်းကျင် ဖြစ်လာစေတယ်။ သတင်းတု သတင်းယောင်တွေ လွှမ်းမိုးလာစေတယ်။ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ အချက် အလက်တွေကိုလည်း အားမကိုးတော့ဘူး။ “အကြောက်တရား၊ မသေချာ မရေရာမှု နဲ့ သံသယ” (fear, uncertainty, and doubt) တွေ ဖြစ်လာစေတယ်။
အဲသည်တော့ အာဏာရဲ့ လက်စားချေခန်းမှာ ကမ္ဘာကြီးက အသွင်တူ ဖြစ်ရပ်တွေကို သူက စုစည်းပြတယ်။ အမေရိကန် ပြည် ထောင်စုမှာ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် မှသည် ဟန်ဂေရီခေါင်းဆောင် ဗစ်တာအိုဘန် (Viktor Orban)၊ ဗင်နီဇွဲလား ခေါင်းဆောင် ဟူဂိုချေးဗက်ဇ် (Hugo Chavez) ကနေ အီတလီရဲ့ မီဒီယာတိုင်ကွန်းနဲ့ နိုင်ငံရေးသမား ဆီဆီလို ဘာလုစ်ကိုနီ (Silvio Berlusconi)၊ ပြီးတော့ မက်တီယို ဆယ်လ်ဗီနီ (Matteo Salvini).. သူတို့တွေက ဒီမိုကရေစီနည်းလမ်းအားဖြင့် ရွေးကောက်ပွဲတွေကပဲ အာဏာရလာ ကြတာ ဒါပေမယ့်အုပ်ချုပ်နေတာကျတော့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ်။
ဒီနေ့အခါတော့ အာဏာရှင်တွေက အတော့်ကို ပါးနပ်ကျွမ်းကျင်၊ လူ့မနော အထာကြေနေပြီလို့ ဆိုကြတယ်။ နည်းပညာ ပြောင်းလဲလာမှုတွေနဲ့အတူ မဟာဗျူဟာအသစ်တွေလည်း ဖြစ်လာတယ်။ သူတို့က ကျွမ်းကျင်သူ ပညာရှင်တွေအကြားမှာ၊ အာဏာရှိသူတွေအကြားမှာ၊ သတင်း မီဒီယာတွေအကြားမှာ မယုံကြည်မှု သံသယတွေပျိုးပေးတယ်၊ ကြီးထွားစေတယ်။ သူတို့က အမှန်တရား (truth) ဆိုပြီး ထုတ်လုပ်ပေးတယ်၊ ရန်သူအသစ်ကို မွေးပေးတယ်။ တည်ဆဲဥပဒေတွေသုံးလို့ အာဏာ ကို ခိုင်ခိုင်စုစည်းနိုင်အောင် လုပ်ကြတယ်။ ဒါနဲ့ စာရေးသူ နိုင်ယင်းမ် (Naim) က ခိုးသူ ဒီမိုကရေစီ (stealthocracy) လို့ စာလုံး ထွင်ပြောတယ်။ လစ်ဘရယ် ဒီမိုကရေစီရဲ့ ဗိသုကာ တည်ဆောက်ထားပုံတွေကို တစုံတရာ ထိန်းသိမ်းထားပြီး တာဝန်ယူ တာဝန်ခံမှုတွေ ကျတော့ ဖျောက်ကွယ် လျော့ရဲနေစေတာ၊ လူထုကြား သွေးကွဲမှုကို ကြီးထွားစေတာ။ စာရေးဆရာက အခု ပီ ၃ လုံး (3Ps) ကိုတော့ ဒီမိုကရေစီ တန်ဖိုးထားမှုတွေ၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို ကင်ဆာဆဲလ်တွေလို ဖျက်ဆီးပစ်မယ့် ကိစ္စလို့ ဆိုတယ်။ ခေါင်းဆောင်တွေက အလျှင်အမြန် ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းကို တဖြည်းဖြည်းနဲ့ ပုံစံအသွင်ပြောင်း ပစ်နေတယ်လို့ ဆိုတယ်။ ကြည့်ရရင် အတူတူလို ထင်ရတယ်။ ဒါပေမယ့် တန်ဖိုးထားမှု၊ စံသတ်မှတ်ချက်၊ လွတ်လပ်ခွင့်တွေ က အတော်တော့ ပြောင်းလဲစေခဲ့ပြီ။ ဒါတွေကို ကျားကန်ထောက်ပံ့ထားတဲ့ ကိစ္စတွေကိုလည်း ပစ်ပယ်တယ်။
စာရေးသူက အခု ပီ ၃ လုံး (3Ps) ကြောင့် အာဏာရှင်တွေအတွက် ပိုလုံခြုံတဲ့နေရာ ဖြစ်စေတယ်လို့ ဆိုတယ်။ အာဏာရှင် တွေက အခု ပီ ၃ လုံး (3Ps) ကိုသုံးပြီး သူတို့အာဏာ အခြေခံတည်ဆောက်တယ်၊ လူ့အဖွဲ့အစည်းကို ကွဲပြားစေတယ်လို့ ဖော်ပြတယ်။ ကမ္ဘာလွှမ်းခြုံဆက်သွယ်မှု (Globalization) ကြောင့်လည်း အာဏာရှင်တွေအဖို့ ငွေကြေးဆိုင်ရာ ဆက်နွယ်မှု တွေ၊ သူတို့ရဲ့ ခရိုနီ- လက်ဝါးကြီးအုပ် အရင်းရှင်တွေ (oligarch pals) အတွက် ဓနဥစ္စာ စုဆောင်းမိတွေ၊ ဩဇာ လွှမ်းမိုးဖို့ရာ အတွက် ပြည်ပကနေ ဩဇာဝယ်ယူနိုင်မှုတွေ ဖြစ်စေတယ်။ အတုတယောင် နိုင်ငံတကာ ပေါင်းစည်းရေးဝါဒ (pseudo-internationalism) ဆိုတဲ့ အမည်အောက်မှာ ပြည်တွင်းနိုင်ငံရေး မဟာဗျူဟာတွေကို ပြည်ပကနေ အကူအညီ ရယူဖို့ဖြစ်လာ စေတယ်။ အာဏာရှင်တွေက တဦးနဲ့တဦး ကိုယ်ကျိုးစီးပွားတွေအတွက် အကူအညီပေးဖို့ ဖြစ်လာနိုင်စေတယ်။ လုံခြုံရေး ဆိုင်ရာ ဦးတည်ချက်တွေ၊ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံတွေကို မတည်မငြိမ်ဖြစ်စေဖို့ အင်အားသုံးဖို့တွေ၊ အစိုးရမဟုတ်တဲ့ အတုအယောင် NGOs တွေကို ထောက်ပံ့ပေးဖို့လည်း တယောက်နဲ့တယောက် ကျောထောက်နောက်ခံပေးကြတယ်လို့ ဆိုတယ်။
ဒီလို အခြေအနေတွေကို လူထုတွေက ဘယ်လိုတန်ပြန်ကြမလဲ။ သူကတော့ “အတုအယောင်ကိစ္စ၊ ရာဇဝတ်သားလို ကျင့်သုံး နေတဲ့ အစိုးရတွေ၊ နိုင်ငံခြား ခြေထိုးနှောင့်ယှက်မှု၊ နိုင်ငံရေး ဂိုဏ်းသဘော အင်အားစုကြီးတွေနဲ့ လစ်ဘရယ်မကျတဲ့ ဝါဒ ကျင့်သုံးမှုတွေ” (against falsehoods, criminalized governments, foreign subversion, political cartels and illiberalism) တိုက်ပွဲကြီး ၅ ခုကို အနိုင်တိုက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် ကမ္ဘာ့ ဒီမိုကရေစီအင်အားစုတွေက စုစည်းမှ ဖြစ်နိုင်မှာပါတဲ့။
အောင်သူငြိမ်း
No comments:
Post a Comment