Pages

Wednesday, September 27, 2023

စစ်အာဏာသိမ်းမှု ခြောက်လှန့်နေဆဲ ချီလီ

The Economist (August 31, 2023) မှာ စိတ်ဝင်စားဖွယ် ဆောင်းပါးတပုဒ် ဖတ်ရတယ်။ ရှည်သား။ ဒါပေမယ့် စိတ်ဝင်စား ဖွယ်၊ နှိုင်းယှဉ်စဉ်းစားဖွယ် ဖြစ်လို့ မျှချင်မိတယ်။ ဆောင်းပါးက ‘၁၉၇၃ ခုနှစ် စက်တင်ဘာ အာဏာသိမ်းမှုက ချီလီကို ခြောက် လှန့်ဆဲ’ (Chile is still haunted by the coup in September 1973) လို့ နာမည် ပေးထားတယ်။ 

နှစ် ၅၀- နှစ် ၆၀

၁၉၇၃ ခုနှစ်က စတင် ရေတွက်ရင် ချီလီစစ်အာဏာသိမ်းမှုက နှစ် ၅၀ ပြည့်ခဲ့ပြီ။ ဒီအချိန်တိုင် ခြောက်လှန့်ဆဲပဲတဲ့။ ကျနော်တို့ မြန်မာနိုင်ငံ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး ဆိုရှယ်လစ်လမ်းစဉ် တပါတီစနစ် တည်ထောင်မှုကကော ၆၁ နှစ် ရှိခဲ့ပြီပဲ။ ကျနော်တို့ဆီမှာရော ခြောက်လှန့်ဆဲပဲလား။ ဒါကို ပြန်ပြောင်း သုံးသပ်မှုတွေရော မပြုကြတော့ဘူးလား စဉ်းစားမိတယ်။ တချိန်က ချီလီသာမဟုတ်၊ လက်တင်အမေရိက တခွင်မှာ စစ်အာဏာသိမ်းပြီး အာဏာရှင်တွေ ကြီးစိုးခဲ့ကြတယ်။ သူတို့ကို အမေရိကန်နဲ့ စီအိုင်အေက ကျောထောက်နောက်ခံပြုထားတယ်။ ‘စစ်အေးတိုက်ပွဲ’ကာလမှာ ဒီနိုင်ငံတွေ ကွန်မြူနစ်မဖြစ်ရင် ပြီးရော၊ ဘာဖြစ်ဖြစ် ဆိုပြီး အမေရိကန်က သူ့နောက်ကျောနိုင်ငံတွေက စစ်အာဏာရှင်တွေကို ထောက်ပံ့ပေးခဲ့တဲ့ ကာလတခု ရှိခဲ့တယ်။

အာဂျင်တီးနား

ကျနော် အာဂျင်တီးနားနဲ့ ပတ်သက်လို့ ဖြစ်ရပ်နောက်ကြောင်းပြန် ရုပ်ရှင်ကားလေးတခု သဘောကျမိလို့ ဒါကို ပြန်မိတ်ဆက် ရေးဖူးတယ်။ Argentina 1985 (၁၉၈၅ အာဂျင်တီးနား) ဆိုတဲ့ တလောက ထွက်လာတဲ့ ရုပ်ရှင်ကားလေးပဲ။ အာဂျင်တီးနား နိုင်ငံကလည်း လက်တင်အမေရိက တောင်ဖက်အစွန်းက စစ်အာဏာရှင်စနစ်ကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတခု။ ချီလီကတော့ အပေါ်နည်းနည်းကျတဲ့ သူ့အိမ်နီးချင်းနိုင်ငံ။

 ၁၉၃၀ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်ကြားမှာ အာဂျင်တီးနားစစ်တပ်က ၆ ကြိမ် အာဏာသိမ်းပိုက်ခဲ့ပါတယ်။ ကြားထဲမှာတော့ ထုံ့ပိုင်းထုံ့ပိုင်း အကန့်အသတ်နဲ့ ဒီမိုကရေစီ အစိုးရကာလတွေ ရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် အပြောင်းအလဲကစလို့ ဒီမိုကရေစီ အခြေခိုင်လာခဲ့တယ်လို့ ဆိုနိုင်တယ်။ ‘အာဂျင်တီးနား ၁၉၈၅’ ရုပ်ရှင်က ဒီအပြောင်းအလဲနောက်ပိုင်း ၁၉၈၅ ခုနှစ် ကာလပါ။

 ၁၉၇၆ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီး သမ္မတ မာရီယာ ပီရွန် (Maria Isabela Peron) ကို ဖယ်ရှားလိုက်ပါတယ်။ ဒီ နောက်ပိုင်းမှာတော့ သမ္မတကို ထောက်ခံသူ နိုင်ငံရေးအတိုက်အခံတွေ၊ သူပုန်ထကြသူတွေ၊ အကြမ်းဖက်သမားတွေဆိုတဲ့ ခေါင်းစဉ်နဲ့ အပြင်းအထန် ဖိနှိပ်မှုတွေ ပြုခဲ့ပါတယ်။ ဒီလို ဖိနှိပ်မှုတွေကို “ညစ်ပတ်တဲ့စစ်ပွဲ” (dirty war) el proceso လို့ လူသိများပါတယ်။ ၁၉၇၆ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အကြား လူ တသောင်းကနေ ၃ သောင်းလောက် ပျောက်ဆုံးခဲ့ရပါတယ်။ မူလတုန်းကတော့ အလုပ်သမားသမဂ္ဂတွေက အင်အားကောင်းပါတယ်။ အပြင်းအထန်ဖိနှိပ်ခံရပြီး နောက်ပိုင်းမှာတော့ အား လျော့သွားခဲ့ရတယ်။ နောက်ပိုင်း အတိုက်အခံအင်အားစုအဖြစ် ပေါ်လာတာက ပျောက်ဆုံးသွားရသူတွေရဲ့ မိခင်တွေ စုပြီး တောင်းဆိုမှုလုပ်ကြတဲ့ အရပ်ဘက်အင်အားစုပါ။ ၁၉၇၀ ခုနှစ်များနဲ့ ၁၉၈၀ ခုနှစ်များ အစောပိုင်းမှာ လှုပ်ရှားခဲ့ကြပြီး သူတို့ကို

Mothers of the Plaza de Mayo “ပလာဇာ ဒီမေယို ရင်ပြင်ရှေ့က မိခင်များ” လို့ နာမည်ထင်ရှားခဲ့ပါတယ်။ သူတို့က ပျောက်ဆုံးသွားတဲ့ သူတို့ရဲ့ သားသမီးတွေအကြောင်း သိရဖို့ နေရာမရွှေ့ တောင်းဆိုကြပါတယ်။ နောက်ဆုံးရဲနဲ့ ဖြိုခွဲ၊ နိုင်ငံ အရေးပေါ်အခြေအနေ ကြေညာရတဲ့အထိပါပဲ။

 ၁၉၈၂ ခုနှစ်မှာ ဖောက်ကလန်စစ်ပွဲဖြစ်တော့ အင်္ဂလန်ကို စစ်ရှုံးတယ်။ စစ်တပ်ဩဇာ ကျရတယ်။ အရပ်ဘက် တက်ကြွလှုပ် ရှားသူတွေနဲ့ ဆန္ဒပြပွဲတွေ ပြန်အားကောင်းလာတယ်။ အလုပ်သမား သမဂ္ဂတွေ၊ စီးပွားရေးလုပ်ငန်းရှင် အသင်းအပင်းတွေ ပြန်အားကောင်းလာတယ်။ ၁၉၈၂ ခုနှစ် လူထုအုံကြွဆန္ဒပြပွဲအပြီးမှာတော့ ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့ ရက်ကြေညာ လိုက်ရတယ်။ ၁၉၈၃ ခုနှစ်မှာ ရော အယ်လ်ဖွန်ဆင် (Raul Alfonsin) သမ္မတအဖြစ် ရွေးကောက်ခံရတယ်။ ပြီးတဲ့နောက်မှာ တော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်ပေါင်းစုံ ဖြစ်လာခဲ့တယ်။ ၁၉၈၅ ခုနှစ် အပြောင်းအလဲအပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ခုံရုံးတင်တဲ့ ဖြစ်ရပ်အပေါ် အခြေခံထားတဲ့ ရုပ်ရှင်မှာ အစိုးရရှေ့နေ (ဆွဲချ) အဖြစ် ဆောင်ရွက်ရတဲ့ ရှေ့နေစထရက်ဆာ ပြောစကားတွေက ကျနော့်အတွက် သက်ဝင် လွန်းတယ်။

 ဇာတ်ရှိန်အမြင့်ဆုံး အခန်းကတော့ ရှေ့နေကြီးရဲ့ နောက်ဆုံးလျှောက်လဲချက် ပေးတာပါ။

ဒီကိစ္စကို သူအချိန်ယူ ပြင်ဆင်တယ်။ လူတိုင်း နားလည်နိုင်ဖို့ သေချာကြိုးပမ်းတယ်။ ဒီမိန့်ခွန်း လျှောက်လှဲချက်ကို နိုင်ငံ သမ္မတရော၊ နစ်နာရသူ မိသားစုတွေရော၊ တကမ္ဘာလုံးက လူထုတွေပါ နားထောင်နေကြမှာ သူသိတယ်။ ဒါကြောင့်လည်း သေချာပြင်ဆင်တယ်။

 ပထမက အာဂျင်တီးနားနိုင်ငံရဲ့ အကြမ်းဖက်မှုသမိုင်းနဲ့ စတယ်။ ဟုတ်တယ်။ အကြမ်းဖက်မှုတွေက မရှောင်လွှဲနိုင်ခဲ့ဘူး။

ဒုတိယအချက်ကတော့ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်လာတော့ စစ်တပ်က ဘယ်လိုတုံ့ပြန်သလဲ၊ ဒီနေရာမှာ ရှေ့နေကြီးက လက္ခဏာ ၃ ချက် အနှစ်ချုပ်တယ်။ ရက်စက် ကြမ်းကြုတ်မှု၊ ဖုံးကွယ်မှု နဲ့ သတ္တိကြောင်မှု (ferocious, clandestine and cowardly)။ မိန့်ခွန်းမှာ သူတို့ကြိုးပမ်းကြတဲ့ ကြွေးကြော်သံ “နောက်တခါ ပြန်မဖြစ်စေရ” "Nunca Más" (Never Again) ကို ဖော်ကျူးထားတယ်။

 ချီလီသမိုင်း အကျဉ်း

 တချိန်က စပိန်ကိုလိုနီ။ ၁၈၁၈ မှာ လွတ်လပ်ရေးရတယ်။

၂၀ ရာစုသမိုင်းကို ဖြတ်ပြောရရင်တော့ နိုင်ငံရေးဝရုန်းသုန်းကား ကာလပဲ။ စစ်အာဏာသိမ်းမှုတွေလည်း အကြိမ်ကြိမ် ဖြစ်ခဲ့ တယ်။ ၁၉၇၀ ရွေးကောက်ပွဲမှာတော့ ဆိုရှယ်လစ်ဝါဒီ သမ္မတ ဆယ်ဗာဒို အလန်ဒေး (Salvador Allende) ရွေးချယ်ခံရတယ်။ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ နိုင်ငံက အမေရိကန်ပြည်ထောင်စုနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့တယ်။ ၁၉၇၃ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီး ဩဂက်စတို ပီနိုရှေး (General Augusto Pinochet) ဦးဆောင် အာဏာသိမ်းတယ်၊ အစိုးရကို ဖြုတ်ချတယ်။ အရင်ကွန်မြူနစ်လို့ ယူဆသူတွေကို ဖမ်းဆီး၊ ဖိနှိပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမား ကျူးလွန်ခဲ့တယ်။ ဒါပေမယ့် ပီနိုရှေးက စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်တယ်။ ၁၉၉၀ မှာတော့ ရွေးကောက်ပွဲတွေ ကျင်းပပြီး နိုင်ငံက ဒီမိုကရေစီပြန်လှည့်လာတယ်။ စီးပွားရေးတက်လာတယ်။ တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံဘက်ကို ပြန်လှည့် ပြောင်းလာတယ်။ ဒါပေမယ့် နိုင်ငံထဲ ဆင်းရဲချမ်းသာ ကွာဟမှုကတော့ ကြီးထွားမြဲပဲ။ ဒါကြောင့်လည်း ဆူပူမငြိမ်မသက်မှု၊ ဆန္ဒပြပွဲတွေ ရှိနေခဲ့တယ်။

 The Economist ဆောင်းပါက ၁၉၇၃ ချီလီ အာဏာသိမ်းပွဲကို ပြန်ဖော်ပြတယ်။ ဆန်တီယေဂို မြို့တော် အလယ်မှာရှိတဲ့ လာ မွန်ဒီးယား (La Mondea) သမ္မတနန်းတော်မှာ မီးခိုးလုံးတွေ၊ မီးလောင်တာတွေနဲ့ ပြည့်နေခဲ့တယ်။ ချီလီလေတပ်က ဟော်ကာ ဟန်းတာ ဂျက်တိုက်လေယာဉ်တွေက စက်တင်ဘာ ၁၁ နံနက်ခင်းမှာ ပျံတက်လာပြီး ဒုံးပျံတွေနဲ့ ပစ်ချတိုက်ခိုက်တယ်။ အနီး က လမ်းတွေမှာတော့ တင့်ကားတွေက လှည့်လည် ဝိုင်းထားတယ်။ စစ်သားတွေက ဖမ်းသားတဲ့ အရပ်သား ရာပေါင်းများစွာ ကို ခေါင်းပေါ်မှာ လက်တွေတင်ခိုင်းပြီး ထိန်းသိမ်း ခေါ်ဆောင်သွားနေကြတယ်။ ချီလီနိုင်ငံရဲ့ ရွေးချယ်ခံ သမ္မတ၊ ဆိုရှယ်လစ် ဝါဒီ ဆယ်ဗာဒို အလန်ဒေး (Salvador Allende) က ဖလန်နယ် ဂျက်ကက်နဲ့ သံခမောက်နဲ့၊ လက်ထဲမှာ ပစ္စတို တလက်ကိုင် လို့ ခုခံဖို့ အဆင်သင့်။ ညနေ ၂ နာရီမှာတော့ သူ့ဘာသာ သတ်သေသွားခဲ့တယ်။ နောက်ပိုင်းတော့ ဗိုလ်ချုပ်ကြီး ဩဂက်စတို ပီနိုရှေး (General Augusto Pinochet) တက်လာခဲ့တယ်။ အာဏာရှင်အဖြစ် ချီလီကို ၁၇ နှစ်ကြာ အုပ်ချုပ်ခဲ့တယ်။

 အငြင်းပွားဆဲ နှစ် ၅၀ အထိမ်းအမှတ်

 ချီလီ စစ်အာဏာသိမ်းမှုက လက်တင်အမေရိကသာမက ကမ္ဘာတခုလုံးအတွက် အရေးပါတယ်လို့ ဆိုကြတယ်။ မကြာမီက ချီလီ ရွေးကောက်ပွဲတွေမှာ လူငယ်လက်ဝဲယိမ်း သမ္မတ ဂေဘရီယယ် ဘိုးရစ် (Gabriel Boric) တက်လာခဲ့တယ်။ သူက စစ် အာဏာသိမ်းချိန် ကွယ်လွန်ခဲ့ရတဲ့ သမ္မတဟောင်း အလန်ဒေးကို အကြီးအကျယ် ကိုးကွယ်တဲ့သူ။ သူ သမ္မတအဖြစ် ကျမ်း သစ္စာကျိန်ဆိုတဲ့နေ့က ကျဆုံးလေပြီးသော ခေါင်းဆောင်တွေရဲ့ ရုပ်ထုတွေမှာ အလေးပြုခဲ့တယ်။ လူထုပရိသတ်တွေကို မိန့်ခွန်းမှာ ထည့်ပြောခဲ့တယ်။ သူ့အစိုးရအနေနဲ့ စစ်အာဏာသိမ်းနှစ် ၅၀ ပြည့် ကျင်းပချင်ရတဲ့ အကြောင်းက သူ့ဘာသာ ခိုင်လုံတယ်။ ဒါပေမယ့်လည်း သမ္မတ အလန်ဒေးနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ် အချက်အလက်တွေလည်း ရှိနေခဲ့တယ်။ သမ္မတက စစ်အာဏာသိမ်း နှစ် ၅၀ အထိမ်းအမှတ် ကျင်းပဖို့ သတင်းစာဆရာတဦးဖြစ်တဲ့ ပက်ထရစ်ရှို ဖာနန်ဒက်စ် (Patricio Fernández) ကို တာဝန်ပေးတယ်။ ငြင်းပယ်ခြင်းဆိုင်ရာ အမျိုးသား သင်္ကေတ အခမ်းအနား (symbolic national ceremony of rejection) ကို စီစဉ်ကျင်းပဖို့လို့ ဆိုတယ်။ သူ ခန့်ထားတဲ့သူက ဇူလိုင်လမှာ နှုတ်ထွက်သွားခဲ့တယ်။ သူက ‘ [စစ် အာဏာသိမ်းမှု] နဲ့ ပတ်သက်လို့ ဆက်လက်ဖြစ်နေတဲ့ သမိုင်းကြောင်းဆိုင်ရာ အငြင်းအခုန်တွေ ဆက်လက် ရှိနေသင့် တယ်’ လို့ ကွန်မြူနစ်ပါတီက ပြောဆိုတဲ့ကိစ္စအပေါ် ပက်ထရစ်ရှိုက ဝေဖန်ခဲ့တယ်။

 စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ နိုင်ငံထဲမှာလည်း သဘောထား ကွဲလှတယ်။ သမ္မတက ဘိုရစ်က ချီလီနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်ပြင်ရေးဖို့ ကြိုးပမ်းနေတယ်။ ပြောရရင် ဒီဖွဲ့စည်းပုံက အရင် စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပီနိုရှေးဆီ က ဆက်ခံခဲ့ရတာ။ ပြီးခဲ့တဲ့နှစ် ဧပြီက ဖွဲ့စည်းပုံပြင်ဆင်ရေးဖို့ ကြိုးပမ်းမှုကို မဲဆန္ဒရှင် ၆၂% က ဆန့်ကျင်ခဲ့ကြတယ်။ မိုရီ စစ်တမ်း (Mori poll) အရ အဲဒီဖြေတဲ့သူတွေရဲ့ ၄၂% ကသာ ပြီးခဲ့တဲ့နှစ်က မဲပေးမှုထဲမှာ ပါဝင်နေတဲ့သူ။ မိုရီ စစ်တမ်းအရ ဖြေဆိုသူ ၃၆% က စစ်အာဏာသိမ်းမှုက ဒီမိုကရေစီကို ဖျက်ဆီးခဲ့တယ်လို့ ယူဆကြတယ်။ ဒါပေမယ့် နှိုင်းယှဉ်ကြည့်ရင် ၆၈% က စစ်အာဏာသိမ်းမှုဟာ ချီလီနိုင်ငံကို မက်စ်ဝါဒအောက် လွတ်မြောက်စေတယ်လို့ မြင်ကြတယ်။ ၂၀၀၆ ခုနှစ်တုန်း က အဲလိုဖြေသူအချိုးက ၁၉% ပဲ ရှိခဲ့တယ်။

 ဝမ်းနည်းဖွယ်ရာ မရှောင်မလွှဲနိုင်တဲ့ကိစ္စ

 ဒီလို သဘောထားကွဲလွဲနေမှုက အတော့်ကို စိတ်ထဲ ယားကျိကျိ ဖြစ်စေတဲ့ မေးခွန်းပုစ္ဆာပါပဲ။ ပြီးခဲ့တဲ့ နှစ် (၅၀)- ရာစုတဝက် မှာ ချီလီဟာ ဘယ်လမ်းကို လျှောက်ခဲ့ပါသလဲ။ ဘာဖြစ်လို့ လက်ဝဲတွေကို ဆန့်ကျင်တဲ့စိတ်က ကြီးထွားခဲ့ရပါသလဲ။ သမ္မတ ဟောင်း အလန်ဒေးကို ဖြုတ်ချ ဖယ်ရှားလိုက်တဲ့ကိစ္စက စစ်ရေးအရ ရှုံးနိမ့်ခဲ့ရမှုပါ။ ဒါမှမဟုတ် နိုင်ငံရေးအရ ကျရှုံးရမှု လေလား။ ဒုတိယ အချက်က စစ်အာဏာသိမ်းမှု မဖြစ်ရလေအောင် ရှောင်လွှဲနိုင်ခဲ့ဖို့ အကြောင်းမရှိဘူးလား ဆိုတာ မေးခွန်း ဖြစ်လာပါတယ်။ ဒါတွေကို ဖြေဆိုဖို့ဆိုရင် အလန်ဒေးအစိုးရ ကာလမတိုင်ခင်၊ အာဏာသိမ်းမှု မတိုင်ခင် ရက်ထောင်ချီကို ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်တဲ့။

 The Economist မဂ္ဂဇင်းကတော့ ‘ဝမ်းနည်းဖွယ်ရာ မရှောင်မလွှဲနိုင်တဲ့ကိစ္စ’ (regrettable inevitability) လို့ အစောပိုင်း ကာလ ကတည်းက ရေးခဲ့ပါတယ်။ ဒီနေရာမှာ The Economist စာစောင်ရဲ့ ရပ်တည်ချက်ကိစ္စကိုလည်း သိထားဖို့ လိုအပ်ပါ တယ်။ ဒီစာစောင်က တတ်နိုင်သလောက် သမမျှတအောင် ရေးပါတယ်။ ဒေတာ အချက်အလက်တွေအပေါ် သုံးသပ်မှုပြုပြီး လူရိုသေ ရှင်ရိုသေ ကာလသက်တန်းရှည် စာစောင်တခုပါ။ ဒါပေမယ့် သူက ဈေးကွက်စီးပွားရေးကို ကာကွယ်ပါတယ်။ အရင်းရှင် စနစ်ကို ထောက်ခံပါတယ်။ ဒီကိစ္စတွေကို ဆန့်ကျင်လာရင် ရန်သူလို့မြင်ပါတယ်။ ဒါကြောင့်လဲ အလန်ဒေးလို လက်ဝဲတွေကို မထောက်ခံနိုင်တာ သဘာဝကျပါတယ်။ အခုလို သုံးသပ်ချက် ‘ဝမ်းနည်းဖွယ်ရာ မရှောင်မလွှဲနိုင်တဲ့ကိစ္စ’ လို့ ချီလီအာဏာသိမ်းမှုအပေါ် နိဂုံးချုပ်ချက် ချခဲ့တာကိုလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ချီလီနိုင်ငံသား အများက သူတို့နဲ့ သဘောတူညီတယ်လို့လည်း ဖော်ပြပါတယ်။

အလန်ဒေးရဲ့ ဆိုရှယ်လစ်ဝါဒ နဲ့ ‘ဒီမိုကရေစီ အာဇာနည်’

 ၁၉၇၀ ခုနှစ်မှာ ရွေးကောက်တင်မြှောက်ခံရတော့ အလန်ဒေးက ‘ချီလီရဲ့ ဆိုရှယ်လစ်လမ်းကြောင်း’  (the Chilean road to socialism) ကို ကြေညာပါတယ်။ ငြိမ်းချမ်းတဲ့ ပါလီမန် ဒီမိုကရေစီနည်းနဲ့ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးတခု ဆင်နွှဲ ဖို့ပါပဲ။ သူ့ရဲ့ လူများစုကြိုက် ညီညွတ်ရေး ပါတီ [Popular Unity (Unidad Popular or UP)] ညွန့်ပေါင်းအစိုးရက လွှတ်တော်ထဲမှာ လူများစုအစိုးရ မဟုတ်ပါဘူး။ ဒီလို ကြေညာချက်ကြောင့် ချီလီမှာ နိုင်ငံရေး အစွန်းကွဲပြားမှု ကြီးလာပါတယ်။ မငြိမ်မသက်မှု တွေ ဖြစ်လာပါတယ်။ ချီလီရဲ့ နိုင်ငံရေးသမား အများစုက စစ်အာဏာသိမ်းမှုကို ကြိုဆိုခဲ့ကြပါတယ်။ သူတို့က စစ်တပ်အနေနဲ့ တည်ငြိမ်မှု ပြန်ဖော်ဆောင်နိုင်မယ်။ ရွေးကောက်ပွဲ အသစ်လုပ်ပေးမယ် မျှော်လင့်ထားကြပါတယ်။

 စစ်အာဏာသိမ်းမှုမှာ အလန်ဒေးကျဆုံးရတော့ လက်ဝဲအင်အားစုတွေက သူ့ကို ‘ဒီမိုကရေစီ အာဇာနည်’ လို့ သတ်မှတ် ခေါ်ဝေါ်ခဲ့ကြပါတယ်။ အကြောင်းတခုက စစ်အာဏာသိမ်းမှုရဲ့ ရက်စက်ကြမ်းကြုတ်မှုပါ။ ပီနိုရှေး စစ်အစိုးရက လူပေါင်း ၂,၁၃၀ ကို သတ်ဖြတ်ခဲ့ပြီး၊ လူပေါင်း ၃၀,၀၀၀ လောက်ကို အကျဉ်းချ နှိပ်စက်ညှဉ်းပမ်းခဲ့ကြပါတယ်။ ဒီအချက်တွေက နောက်ပိုင်း ဒီမိုကရေစီအစိုးရ လက်ထက် ပြန်လည်စုံစမ်းမှုတွေမှာ ပေါ်ထွက်လာတာပါ။ ဒုတိယအချက်ကတော့ စစ်အာဏာ သိမ်းစဉ်ကာလ အာလန်ဒေးက နိုင်ငံကို ရဲရဲတောက် ချွေခဲ့တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မိန့်ခွန်းပါပဲ။ သူ့ရဲ့ La Mondea နန်းတော်ကနေ မနက် ၉ နာရီ ၁၀ မိနစ်မှာ ထုတ်လွှင့်ခဲ့ပြီး ၇ မိနစ်ကြာပါတယ်။ နောက်ခံ ပေါက်ကွဲသံ၊ အော်ဟစ်ကြွေးကြော် နေသံတွေကြားက အော်ဟစ်ပြောခဲ့တဲ့ မိန့်ခွန်းပါ။ “ငါဟာ နှုတ်ထွက်ပေးမှာ မဟုတ်ဘူး” လို့ သူက ကြေညာပါတယ်။ “လူထု တွေအပေါ် သစ္စာကို ငါ့အသက်နဲ့ ပြန်ပေးဆပ်မယ်… နောက်မကြာခင်နဲ့ နောက်ပိုင်းကာလတွေမှာ ပြန်ပွင့်လင်းလာရင် ပိုလို့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတခုကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တဲ့ လွတ်လပ်တဲ့ ယောက်ျားတဦးကို အမြဲတစေ အမှတ်ရနေ စေရမယ်” လို့ သူက ပြောခဲ့ပါတယ်။

 သမိုင်းကို ဘယ်လိုတန်ဖိုးထားမှာလဲ

 တလောက Burma စာအုပ် (မြန်မာနိုင်ငံ တိုင်းရင်းသားတော်လှန်ရေးတွေအကြောင်း) ရေးခဲ့တဲ့ သမိုင်းပညာရှင် မာတင်စမစ် (Martin Smith) နဲ့ ထိုင်းနိုင်ငံမှာ ပြန်တွေ့ရပါတယ်။ အစည်းအဝေးတခုမှာ သူရေးသားတဲ့ NCA မြန်မာနိုင်ငံ အပစ်ရပ်စာချုပ် အကြောင်း မိတ်ဆက်လာဟောပြောတာပါ။ သူက ကျနော့်ကို တွေ့ခဲ့တာ နှစ် ၃၀ ကျော် ကြာတဲ့အထိ မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက ကျနော်က ABSDF စခန်းငယ်တခု ခေါင်းဆောင်၊ သူက BBC- ကမ္ဘာ့အစီအစဉ်အတွက် Dying for Democracy (ဒီမိုကရေစီအတွက် သေသည်အထိ) မှတ်တမ်းရုပ်ရှင် ရိုက်ကူးတဲ့ အဖွဲ့နဲ့ ရောက်လာတာပါ။ အခုတော့ သူလည်း အိုပါပြီ။ ဒါပေမယ့် အဲဒီတခနကို မှတ်မိလောက်အောင် သူက မှတ်ဉာဏ်ကောင်းဆဲပါ။ အစည်းအဝေးမှာ အခြားကိစ္စတွေနဲ့ စကား ကြာကြာ မပြောဖြစ်ပါ။ နောက်ပိုင်း ပြောဖြစ်တဲ့ မိတ်ဆွေတဦးဆီကနေ သူ့သမိုင်းအမြင်ကို ပြန်ကြားရပါတယ်။ သူက သမိုင်း ပညာရှင်ဖြစ်တဲ့ အလျှောက် လတ်တလော ကမ္ဘာတလွှား ရုပ်ထုတွေကို ဖြိုချနေတာတွေကို သိပ်စိတ်ဆိုးတယ်လို့ သိရ ပါတယ်။ ‘သမိုင်းကို မသိရင် ကိုယ်ဘယ်ကို ရှေ့သွားချင်တယ်ဆိုတာ သိနိုင်ပါ့မလဲ’ လို့ သမိုင်းကို တန်ဖိုးထားတဲ့ သူ့အမြင်ကို လည်း သိရပါတယ်။ ဒါနဲ့ ကျနော်လည်း ဆရာမြသန်းတင့် ဘာသာပြန် E. H. Carr ရဲ့ What is history? (ခေတ်သစ်သမိုင်း ဋီကာ- ဒုကြိမ်၊ ၂၀၀၂၊ မြနန္ဒာစာအုပ်တိုက်) ကို ပြန်လို့ ဆန်းစစ်စိတ်နဲ့ ဖတ်နေမိပါတယ်။ ဒါနဲ့ပဲ ချီလီ သမိုင်းတကျော့ပြန်က ကျနော့် စိတ်ဝင်စားမှု ဖြစ်လာတာပါ။

 အလန်ဒေး

 ဆယ်ဗာဒို အလန်ဒေးက နည်းနည်းတော့ ဝေခွဲရခက်သူပါ။ သူက ဆရာဝန်ဒေါက်တာ၊ သူ့ကိုယ်သူ ‘မက်စ်ဝါဒီ- ဆိုရှယ်လစ် သမ္မတ’ အဖြစ် ကြေညာထားသူ။ ဒါပေမယ့် အစားအသောက်ကို ထွေထွေပြားပြား အရသာခံစားသောက်တတ်သူ၊ မြာလည်း စွံတယ်။ သူက ကျူးဘားခေါင်းဆောင် ဖီဒဲ ကက်စထရိုနဲ့ မိတ်ဆွေ၊ ကက်စထရိုကိုတောင် သူ့နိုင်ငံကို ရက် ၂၀ ကြာခရီးဖိတ်ပြီး ဧည့်ခံခဲ့သေးတယ်။ အလန်ဒေး အမြင်မှာတော့ ဆိုရှယ်လစ်ဝါဒဆိုတာ တည်ဆဲ လူမှု စီးပွားရေးတည်ဆောက်ထားပုံကို ဖြိုချလို့ နိုင်ငံတော် ချုပ်ကိုင်မှုနဲ့ အစားထိုးတာ။ ဒါက တော်လှန်ရေးတရပ် ဖြစ်သလို၊ လူတန်းစား တိုက်ပွဲလည်း ဖြစ်တယ်။ စကင်ဒီနေဗီးယား မြောက်ပိုင်းနိုင်ငံတွေက ဆိုရှယ်ဒီမိုကရေစီစနစ်နဲ့ မတူဘူး။ ဒါပေမယ့် သူ့နိုင်ငံရေးသမားဘဝမှာ ချီလီ လွှတ်တော် အမတ်၊ အရင် ဆီးနိတ်ဥက္ကဋ္ဌ တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတယ်။ တည်ကြည်တယ်။ နှစ်လိုဖွယ် ရှိတဲ့သူ။ သူ့ နိုင်ငံရေး ဖြတ်သန်းမှု အပေါ်မှာလည်း ဂုဏ်ယူတယ်။ သေချာညှိနှိုင်းနိုင်ပြီး သူလိုချင်တာလည်း ရအောင်ယူတတ်တယ်။ ဒါပေမယ့် သူက ဥပဒေဘောင်အတွင်းက တော်လှန်ရေးဆင်နွှဲသွားနိုင်မယ်လို့ ထင်တယ်။

 ဒါပေမယ့် သူက ၁၉၇၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၃ သန်းမှာ မဲ ၃၆% ပဲ နိုင်တယ်။ သူ့ရဲ့ ပြိုင်ဖက် ရှေးရိုးစွဲဝါဒီထက်ကို မဲ ၃၉,၀၀၀ လောက်ပဲ အသာရတယ်။ [အဲဒီ အချိန် ချီလီရွေးကောက်ပွဲစနစ်က တဝက်ကျော် အနိုင်မရရင် နောက်တခါ ထပ်ပြိုင်စေဖို့ ဖော်ပြမထားဘူး။ ဒါနဲ့ ကွန်ဂရက်လွှတ်တော်က သမ္မတ အတည်ပြုပေးခဲ့တယ်။] ဆိုချင်တာ လူများစု အနိုင်ရ ခေါင်းဆောင်တော့ မဟုတ်ဘူး။

 စစ်အာဏာသိမ်းမှုကို ရှောင်လွှဲနိုင်ဖို့ အကြောင်း ရှိသလား။

 The Economist ဆောင်းပါးမှာတော့ အချို့စဉ်းစားစရာကို ဖော်ပြထားတယ်။ မသေချာလှဘူး။ ချီလီနိုင်ငံက ပြောရရင်တော့ ၁၉၃၂ ခုနှစ်ကတည်းက လက်တင် အမေရိကနိုင်ငံတွေထဲမှာ တည်ငြိမ်တဲ့ အစိုးရစနစ်နဲ့ ထင်ပေါ်နေခဲ့တယ်။ ဒါပေမယ့် စီးပွားရေးမှာတော့ ကြေးနီမိုင်း တွေက အမေရိကန်ကုမ္ပဏီတွေကို အတော်ကြီး မှီခိုနေရတယ်။ လယ်ယာစိုက်ပျိုးရေးက အများစု၊ ဒါပေမယ့် မထိရောက် လှဘူး။ အလန်ဒေး မတိုင်ခင် သမ္မတ (ဒီမိုကရက်) အယ်လ်ဒူရာဒို ဖရေး (Eduardo Frei) က ဒါနဲ့ လယ်ယာမြေ ပြုပြင်ပြောင်း လဲရေးလုပ်တယ်။ ကြေးနီမိုင်းတွေကို တစိတ်တပိုင်း ပြည်သူပိုင်သိမ်းခဲ့တယ်။ ဒီလိုနဲ့ အလန်ဒေး ၁၉၇၀ မှာ သမ္မတဖြစ်လာ တော့ လက်ဝဲဘက်ကို ပြောင်းဖို့ အကြီးအကျယ် ကြိုးစားတယ်။

 သူနဲ့အတူ အခြားပါတီ ၂ ခုနဲ့ လူများစုကြိုက် ညီညွတ်ရေး ညွန့်ပေါင်းအစိုးရ (UP coalition) ဖွဲ့တယ်။ ကွန်မြူနစ်တွေနဲ့ အလန်ဒေးရဲ့ ဆိုရှယ်လစ်ပါတီတို့က ဦးဆောင်တယ်။ သူ့ပါတီက မာ့စ်-လီနင်ဝါဒကို ကြေညာထားပြီး လက်နက်ကိုင်တော် လှန်ရေးကို ထောက်ခံတယ်။ သူတို့ထက် ပိုလက်ဝဲကျတဲ့ ပါတီတွေ ရှိသေးတယ်။ တော်လှန်ရေး လက်ဝဲ လှုပ်ရှားမှုပါတီ (movement of the Revolutionary Left) (MIR)၊ ဒါပေမယ့် ညွန့်ပေါင်းထဲ မပါဘူး။

အလန်ဒေးအစိုးရက UP အစီအစဉ်တွေ အကောင်အထည်ဖော်တယ်။ အတိုက်အခံတွေ ထောက်ခံမှုနဲ့ ကြေးနီမိုင်းတွေ ပြည်သူ ပိုင် သိမ်းတယ်။ အခြား ကုမ္ပဏီကြီး ၁၅၀ လောက်ကိုလည်း ပြည်သူပိုင်သိမ်းခဲ့သေးတယ်။ ဒါပေမယ့် ဥပဒေအရဆိုပြီး  လှည့်ဖျား ဖော်ပြတယ်။ တချိန်က သတ္တုတွင်း ဝန်ကြီးကတော့ ကျနော်တို့ “တတ်နိုင်စွမ်းသမျှ ပြောင်းတာပဲ၊ နောက်တော့ ဘီးလှည့်တာက ကျနော်တို့ မထိန်းနိုင်အောင် ဖြစ်ရတယ်” လို့ ပြောတယ်။ ပါတီက စစ်သွေးကြွတွေက စီးပွားရေးလုပ်ငန်း တွေ၊ လယ်ယာမြေတွေ၊ နောက်ဆုံး အိမ်တွေအထိကို လက်ရဲဇက်ရဲ သိမ်းတယ်။ မက္ကရို စီးပွားရေးမူဝါဒတွေက သိပ်ပြီး အထိန်းအကွပ်မရှိ လူထုသည်းခြေကြိုက် မူဝါဒတွေ ချတယ်။ လစာတိုးတယ်။ အစိုးရအလုပ်တွေ တိုးခန့်တယ်။ ငွေကြေး လိုတော့ အသစ် ရိုက်နှိပ်ထုတ်ဝေတယ်။ အစိုးရဌာနေတွေက ငွေယိုပေါက်တွေနဲ့ လည်ပတ်နေခဲ့တယ်။

 အမေရိကန်သမ္မတ ရစ်ချတ် နစ်ဆင်က သူ့အိမ်ဘေးမှာ နောက်ထပ် ကျူးဘာတနိုင်ငံ ပေါ်လာမှာကို မလိုလားဘူး။ [ရုရှားက ဒုံးပျံတွေ လာထားမယ်ဆိုလို့ ကျူးဘားဒုံးပျံ အရေးအခင်က ၁၉၆၂ မှာ ဖြစ်ခဲ့တယ်။] ဒါနဲ့ CIA  စီအိုင်အေကို ချီလီ စီးပွားရေးကို ပြဿနာရှာဖို့ အမိန့်ပေးတယ်။ ချီလီကို စီးပွားရေးချေးငွေ ပိတ်ဆို့တယ်။ CIA က အတိုက်အခံတွေကို ငွေကြေး ထောက်ပံ့ တယ်။ ဒီလိုနဲ့ ထရပ်ကားမောင်းသူတွေ၊ ဆိုင်ရှင်တွေ သပိတ် ဖြစ်လာတယ်။ ၁၉၇၃ ခုနှစ် ရောက်တော့ ချီလီက ခါးကျိုးခါ နီးနေပြီ။ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ငွေကြေး ဖောင်းပွမှုတွေ မြင့်တက်လာတယ်။ (နှစ်စဉ်နှုန်း အမြင့်ဆုံး ၆၀၀% ကို ရောက် လာခဲ့တယ်။ လူသုံးကုန် ပစ္စည်းတွေ ပြတ်လပ်တယ်။ ခွဲတမ်းနဲ့ ဝေရတာတွေ ဖြစ်လာတယ်။ အလန်ဒေးက စစ်တပ် အရာရှိ တွေကို အစိုးရထဲ ခေါ်သွင်းတယ်။ တချိန်တည်းမှာ လက်ဝဲ-လက်ယာ နိုင်ငံရေး အစွန်းတွေ ကွဲပြဲလို့ အကြမ်းဖက်မှုတွေ တိုးလာတာကို မထိန်းနိုင်တော့ဘူး။ ဒါပေမယ့် အလန်ဒေးရဲ့ စိတ်ကူးယဉ် အိပ်မက်နဲ့ မြော်မြင်ချက်တွေကို ထောက်ခံကြသူ အများလည်း ရှိတယ်။ ၁၉၇၃ မတ်လမှာ လွှတ်တော်ရွေးကောက်ပွဲမှာ မဲ ၄၃% ရခဲ့တယ်။ တဖက်မှာရှိတဲ လူထုတဝက်လောက် ကတော့ ကြောက်လန့်နေရတယ်။

စိတ်ကူးယဉ် အစီအစဉ်များနဲ့ နိုင်ငံရေး အကွဲအပြဲ

 အလန်ဒေး လက်ဝဲအုပ်စုထဲ ကွဲတယ်။ ဆိုရှယ်လစ် ခေါင်းဆောင်အစုက လက်ဝဲစွန်း (MIR) တွေကို သဘောကျနေတယ်။ တော်လှန်ရေး မီးပေါင်မြှင့်ချင်နေတယ်။ ကွန်မြူနစ်တွေအပေါ်က မော်စကိုက ဩဇာလွှမ်းတယ်။ ကြားထဲ အလယ်ဗဟို မှာတော့ ခရစ်ယာန် ဒီမိုကရက်တွေ ရှိနေတယ်။ ခရစ်ယာန် ဒီမိုကရက်ခေါင်းဆောင် (နောက်ပိုင်း ဒီမိုကရေစီခေတ် သမ္မတ ပြန်ဖြစ်လာသူ ပက်ထရစ်ရှို အယ်လ်ဝင် (Patricio Aylwin) က သမ္မတ အလန်ဒေးကို မေးခဲ့တယ်။ ခင်ဗျား ကျနော်တို့နဲ့ နေမှာလား၊ လက်ဝဲစွန်း (MIR) တွေနဲ့ သွားပေါင်းမှာလား ဆိုပြီး။ အလန်ဒေးက “ဘယ်တော့မှ ပစ္စည်းမဲ့လူတန်းစား အာဏာရှင် မဖြစ်စေရပါဘူး” လို့ ကတိပေးတယ်။ အယ်လ်ဝင် နောက်ပိုင်း သူ့အမှတ်တရစာအုပ်မှာ ပြန်ရေးတာက အစိုးရမှာ ပြောနေတာ တခြား၊ လုပ်နေတာ တခြား၊ သူ့လူတွေက တဖက်ကို ဆွဲနေကြတယ်လို့ ဆိုတယ်။

ကွန်ဂရက်ထဲက အတိုက်အခံ အများစုက အလန်ဒေးအနေနဲ့ ဖွဲ့စည်းပုံကို ချိုးဖောက်နေပြီလို့ အဆိုတင်တယ်။ အကြောင်းက ပြည်သူပိုင် သိမ်းတာတွေကို ဘယ်လိုဥပဒေနဲ့ ထိန်းချုပ်မယ်ဆိုတာ ဖွဲ့စည်းပုံ ပြင်ဆင်ပြဌာန်းရေး လုပ်ဖို့ ပျက်ကွက်နေလို့ပဲ။ အလန်ဒေးက စက်တင်ဘာ ၁၀ မှာ ပုဂ္ဂိုလ်တဦးနဲ့ နေ့လည်စာ စားရင်း သူ့အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာ ဆန္ဒ ခံယူပွဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ ပြောပြတယ်။ သိပ်နောက်ကျသွားပါပြီ။ ဆီးနိတ်ထဲက စစ်တပ်ခေါင်းဆောင် တွေက အာဏာသိမ်းဖို့ ပြင်နေပါပြီ။ ပီနိုရှေးက နောက်ပိုင်းမှ စစ်အာဏာသိမ်းတာကို ပူးပေါင်းခဲ့တယ်။

နောက်ဆုံး ညွန့်ပေါင်းအကွဲအပြဲထက်ကို အလန်ဒေးက စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ဖို့ပဲ ရွေးလိုက်တော့တယ်။ သူက ခရစ် ယာန် ဒီမိုကရက်တွေနဲ့ ပေါင်းဖို့ မလုပ်နိုင်ခဲ့ဘူး။ ခရစ်ယာန် ဒီမိုကရက်ခေါင်းဆောင် အယ်လ်ဝင် စာအုပ်မှာ ပြန်ရေးတာက “ကျနော် လုပ်နိုင်ခဲ့မယ်လို့ ထင်မိတယ်။ ဒီမိုကရေစီကို ကယ်တင်နိုင်ခဲ့လိမ့်မယ်၊ ဒါပေမယ့် ကျိုးကြောင်းဆင်ခြေ ဆေးခါး တိုက်ဖို့ လိုနေတယ်။ ဒါပေမယ့် ဆေးခါးကြီးက ရှိမနေခဲ့ဘူး”။ 

စစ်အေးတိုက်ပွဲ နောက်ခံ

စစ်တပ်က အာဏာမသိမ်းဘဲ နိုင်ငံရေးသမားတွေကို အချိန်နည်းနည်း ပေးလို့ မဖြစ်နိုင်ဘူးလား၊ ဒီနေရာမှာ စဉ်းစားစရာ ၂ ချက် ရှိတယ်လို့ ဆိုတယ်။ မသေချာလှတဲ့ ယုံမှတ်မှားချက်တွေပါပဲ။ ပထမတခုက လက်ဝဲစွန်း (MIR) တွေက ကျူးဘား အကူအညီနဲ့ လက်နက်တွေ အမြောက်အများ စုဆောင်းနေတယ်၊ သင်တန်းတွေ တက်နေကြတယ်ဆိုတဲ့ သတင်းရှိတယ်။ အချို့တော့ ရှိတယ်၊ မီဒီယာမှာ ဖော်ပြနေသလောက် အများကြီးတော့လည်း မဟုတ်ဘူးလို့ ဆိုတယ်။ နိုင်ငံဟာ ပြည်တွင်းစစ် ဖက်ကို ဦးတည်နေပြီဆိုပြီး ချဲ့ကားရေးသားနေကြတာမျိုးတော့ ရှိတယ်။

“လက်တွေ့ပြောရရင် တိုက်ခိုက်မှုတွေက ၄-နာရီပဲ ကြာပါတယ်” စစ်အာဏာသိမ်း ခေါင်းဆောင် ပီနိုရှေးက ကြေညာခဲ့တယ်။ ပြည်တွင်းစစ် မဟုတ်ပါဘူး။ တချိန်က ဆိုရှယ်လစ်၊ နောက်ပိုင်း နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာသူ ဟာရဲဒို မူနို့ဇ် (Heraldo Muñoz ) သူ့ အမှတ်တရ စာအုပ်မှာ ပြန်ရေးတာကတော့ “ပီနိုရှေး လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်မှုတွေက ချောက်ထဲကျတော့ မယ့် နိုင်ငံကို အရေးပေါ် ကယ်တင်လိုက်ရတာ မဟုတ်ပါဘူး။ ဖောက်ပြန်တဲ့ အစိုးရတရပ် အာဏာရယူရေးအတွက် ရက်စက် ကြမ်းကြုတ်တဲ့ အာဏာလုယူမှုပါ” လို့ ဆိုတယ်။ နိုင်ငံရေးသမားတွေ အပါအဝင်၊ လူအများက ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်လာမှာကို မျှော်လင့်မထားကြပါဘူး။ လုံးဝ သွေးပျက်ဖွယ် ရှော့ခ်ပါလို့ ဆိုကြတယ်။

နောက်တခု သတိပြုဖွယ်က စစ်အေးတိုက်ပွဲ ကြီးထွားလာမှုပါပဲ။ ဒါကို သူတို့ဆုပ်ကိုင်မိဖို့ ပျက်ကွက်ခဲ့တယ်လို့ အချိန်အများစု ကို ပီနိုရှေးရဲ့ အကျဉ်းစခန်း ထောင်ထဲ ဖြတ်သန်းခဲ့ရတဲ့ မစ္စတာ ဘီတာ (Mr Bitar) က ဆိုတယ်။ အလန်ဒေး အစိုးရကို အမေရိကန်က ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်။ အမျိုးသားလုံခြုံရေး အယူအဆ (national security doctrine) အရ စစ်အေးတိုက်ပွဲ မုဒ်က ဝင်နေပြီ။ ကွန်မြူနစ်ဆိုရင် ချေမှုန်းပစ်ရမယ်လို့ တွေးတင်ထားတယ်။ ဒီအတွက် တဖက်မှာ သူတို့က ဆိုဗီယက်ယူနီယံ အုပ်စုကနေ ငွေကြေး အကြီး အကျယ် ပံ့ပိုးပေးမယ်လို့ ထင်ထားခဲ့ကြတယ်။ ဆိုဗီယက်က ချီလီ ရွေးကောက်ပွဲတွေမှာ ကွန်မြူနစ်ပါတီအတွက် ငွေကြေး အမှန်တကယ် ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမယ့် အလန်ဒေး မျှော်လင့် ထားသလို အကူအညီ အကြီးအကျယ်မျိုး မဟုတ်ဘူး။ ဆိုဗီယက် ယူနီယံအနေနဲ့ ကျူးဘား ဆက်လက်ရှင်သန်နေရေး ပေးနေရတာနဲ့တင် မောလှပြီ။ ဗီယက်နမ်စစ်ပွဲမှာ ကူရတာနဲ့ အလုပ်များနေပြီ။ နောက်လက်နက်ကိုင် တိုက်ပွဲတခုမှာလည်း ဝင်ရောက်စွက်ဖက်ဖို့ လက်တွန့်နေတယ်။

တကိုယ်တော် အာဏာရှင်စနစ်နဲ့ ဈေးကွက်အောင်မြင်မှု

ပီနိုရှေးက နောက်ပိုင်း အာဏာသိမ်း ကောင်စီအဖွဲ့ဝင်တွေကို ပစ်ပယ်ပြီး တကိုယ်တောင် အာဏာရှင်စနစ် ထူထောင်တော့ တယ်။ သူက ချီလီနိုင်ငံမှာ မာ့စ်ဝါဒ ချုပ်ငြိမ်းစေဖို့ သံန္နိဌာန်ချထားပုံ ရှိတယ်။ ဒါမှ ဒီမိုကရေစီ ဖူးပွင့်လာမယ်လို့ သူမြင်တယ်။ သူက ရက်စက်တယ်၊ သူ့ လျှို့ဝှက်ရဲတွေက နိုင်ငံတော် အကြမ်းဖက်မှုရဲ့ လက်ပါးစေတွေ ဖြစ်ခဲ့တယ်။ အချို့စင်ပြိုင် ဗိုလ်ချုပ် တွေ ထူးထူးဆန်းဆန်း သေဆုံးသွားကြတယ်။ ထောက်လှမ်းရေးတွေက အလန်ဒေးရဲ့ ကာကွယ်ရေးဝန်ကြီး အိုလန်ဒို လက်တယ်လီယာ (Orlando Letelier) ကို ဝါရှင်တန်ဒီစီအထိ သွားရောက်လုပ်ကြံ သတ်ပစ်ခဲ့ကြတယ်။ လစ်တယ်လီယာ ကတော့ မာ့စ်ဝါဒရော၊ လစ်ဘရယ် စာပေတွေပါရေးခဲ့တဲ့သူ။

ပီနိုရှေး အကြီးအကျယ် ပြောင်းလဲမှုတခုကတော့ စီးပွားရေးမူဝါဒပဲ။ သူက ‘ချီကာဂိုကျောင်းထွက်’ (Chicago boys) တက်ခနို ခရက် ပညာရှင်တစုကို ငှားခဲ့တယ်။ အများက နိုင်ငံတော်ဦးဆောင်တဲ့ စက်မှုဖွံ့ဖြိုးမှု (state-led industrialization) ကို ဆောင်ရွက်ခဲ့တယ်။ ဒီပညာရှင်တွေက တချိန်က ပညာတော်သင် အစီအစဉ်တွေနဲ့ လွှတ်ထားခဲ့သူတွေ။ လွတ်လပ်သော ဈေးကွက်ကို ဦးစားပေးလိုကြသူတွေ။ စီးပွားရေးပညာရှင် မီလ်တန် ဖရီးမင်း (Milton Friedman) ရဲ့ သာဝကတွေ။ သူတို့က အကောက်ခွန်နဲ့ ထိန်းချုပ်မှုတွေကို ဖြိုချတယ်။ ကြေးနီလုပ်ငန်းကလွဲရင် ကျန်တာအားလုံးကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်တယ်။ (ကြေးနီလုပ်ငန်းက ဘဏ္ဍာတွေက စစ်တပ်ဝင်ငွေတွေ တစိတ်တပိုင်း ဖြစ်နေလို့ပဲ) ဒါပေမယ့် ဒီလူငယ်ပညာရှင် တွေလည်း အမှားတော့ လုပ်ခဲ့ကြတယ်။ အသေထားပြီး တန်ဖိုးမြှင့်ထားတဲ့ ငွေလဲနှုန်း ဆက်သုံးတယ်။ အတွင်းလူ ငွေကြေး လုပ်ငန်းရှင်ကြီးတွေကို ဖောဖောသီသီ ချေးပေးခဲ့ကြတယ်။ ဒီလိုနဲ့ ၁၉၈၂ ခုနှစ်မှာ စီးပွား ပျက်ကပ် ကြုံရတယ်။

ဒါပေမယ့် ပီနိုရှေးက ချီလီကို ‘ရေရှည်တည်ငြိမ်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှု’ တခု ပေးခဲ့တယ်။ လုပ်ငန်းရှင်တွေကို တရားဝင် မြေတောင်မြှောက်ပေးခဲ့တယ်။ အမြတ်အစွန်းကနေ နှိုးဆော်နိုင်ခဲ့တယ်။ ဈေးကွက်စီးပွားရေး လုပ်ငန်းစဉ်တွေနဲ့ ပြည်ပပို့ကုန် တွန်းအား ဖြစ်စေခဲ့တယ်။ ဒါပေမယ့် ချီလီမှာ အမြတ်တွန်းအားကိုသာ ကြည့်နေလို့ လူတန်းစား မညီမျှမှု ကြီးလာခဲ့တယ်။ မကျေနပ်မှုတွေ တိုးပွားစေတယ်။ ပီနိုရှေးက အခြားအာဏာရှင်တွေလိုပဲ ပုဂ္ဂိုလ်ရေးအရ အဂတိလိုက်စားမှု လာဘ်စားတာ တွေ ရှိနေခဲ့တယ်။

စစ်အာဏာရှင် အလွန်

ပီနိုရှေး အာဏာရှင်စနစ်က ၁၇-နှစ် ကြာခဲ့တယ်။ ဖိနှိပ်မှုတွေကြောင့် လူထု ၂ သိန်းလောက် ပြည်ပကို ထွက်ပြေးရတယ်။ ပြည်ပမှာ ရှိနေစဉ် ကွန်မြူနစ်တွေက ကျဆုံးရသူတွေကို ကြေကွဲဂုဏ်ပြုရင် သူတို့အဖြစ်တွေကို ပြန်သုံးသပ်ကြတယ်။ ကွန်မြူနစ်တွေက လက်နက်ကိုင်ထကြွမှု အမှားကို မြင်တယ်။ စစ်ရေးအရ သူတို့ရှုံးနိမ့်ခဲ့ရတယ်လို့ ဆိုတယ်။ စစ်ရေးအရ ပြောက်ကျားတိုက်ပွဲတွေ လုပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ပီနိုရှေးကို လုပ်ကြံနိုင်လုနီးပါး ဖြစ်ခဲ့တယ်။ ဒီအတွက်လည်း နောက် တကျော့ ဖိနှိပ်ရက်စက်မှုတွေ လာပြန်တယ်။

ဆိုရှယ်လစ်တွေ ကိုယ့်ဘာသာ ပြန်ဝေဖန်ရေး လုပ်တာကတော့ မတူလှဘူး။ သူတို့က လူများစုကြိုက် ညီညွတ်ရေး (UP) ညွန့်ပေါင်း မဟာဗျူဟာတွေမှာ အမှားတွေ ရှိခဲ့တယ်လို့ မြင်တယ်။ သူတို့က နိုင်ငံရေးအရ အားမကောင်းဘဲ၊ လူများစု ထောက်ခံမှု မရှိသေးဘဲ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ တွန်းခဲ့ကြတယ်။ ဒုတိယအချက်က သူတို့လုပ်ရပ်တွေကြောင့် လူလတ်တန်းစားတွေ ဆုံးရှုံးရတယ်။ တရားသေ မာ့စ်ဝါဒအမြင်နဲ့ ဆောင်ရွက်ရင်း ဖြစ်ရတာပဲ။ အစောပိုင်း ချီလီဒီမိုကရေစီ စနစ်တုန်းက လူမှုပြုပြင်ပြောင်းလဲရေးနဲ့ လူတန်းစား ညီမျှရေးကိစ္စတွေ ပြန်ဆုံးရှုံးရတယ်လို့ သုံးသပ်တယ်။ 

ချီလီမှာ ဘယ်လို ဒီမိုကရေစီ ပြန်ရောက်လာသလဲ။

၁၉၈၀ ခုနှစ် နောက်ပိုင်းမှာတော့ ပီနိုရှေးက နိုင်ငံရဲ့ ၁၉၂၅ ဖွဲ့စည်းပုံ ဥပဒေကို အသစ်ပြန်ရေးတယ်။ အငြင်းထွက်ဖွယ်ရာ ဆန္ဒ ခံယူပွဲတခု လုပ်ဖို့ပြင်တယ်။ ၁၉၈၈ ခုနှစ် ဆန္ဒခံယူပွဲမှာ သူက နိုင်ငံကို နောက်ထပ် ၈-နှစ် ဆက်လက်အုပ်ချုပ်ဖို့၊ ထောက်ခံ- မထောက်ခံ ဆန္ဒယူတယ်။ မဲပေးသူ ၅၆% က ‘နိုး’ ကန့်ကွက်ခဲ့ကြတယ်။ ဒီလိုနဲ့ ၁၉၈၉ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပ ဖို့ ဖြစ်လာတယ်။ နိုင်ငံရေးပါတီတွေကိုတော့ ၁၉၈၇ ခုနှစ် ကတည်းက စလို့ ပြန်တည်ထောင်ခွင့်ပေးထားတယ်။

ရွေးကောက်ပွဲမှာ ကွန်ဆတ်တာစီယွန် ညွန့်ပေါင်း (Concertación) က အနိုင်ရတယ်။ စပိန်ဘာသာ စကားနဲ့ဆိုတာဖြစ်ပြီး ‘ဒီမိုကရေစီအတွက် ညွန့်ပေါင်းပါတီများ’ လို့ ဆိုနိုင်မယ်။ ဒီလိုနဲ့ ၁၉၉၀ ခုနှစ်မှာ ဒီမိုကရေစီ ပြန်ဖြစ်လာတယ်။ အစောပိုင်းမှာ ခရစ်ယာန် ဒီမိုကရက် ပက်ထရစ်ရှို အယ်လ်ဝင် (Patricio Aylwin) က သမ္မတဖြစ်တယ်။ နောက်ပိုင်း ညွန့်ပေါင်းပြန်ပြင်ဖွဲ့ ခဲ့တယ်။ ကွန်ဆတ်တာစီယွန် ညွန့်ပေါင်း (Concertación) က ဆယ်စုနှစ် ၂ ခု ဆက်နိုင်ခဲ့တယ်။

အခြားဖြစ်ရပ်တခုကတော့ ပီနိုရှေး ၁၉၈၈ ခုနှစ် လန်ဒန် ဆေးကုသွား ခရီးစဉ်မှာ စပိန်တရားသူကြီးက ဖမ်းဝရမ်းထုတ်တယ်။ အငြိမ်းစား ဗိုလ်ချုပ်ကြီးကို အင်္ဂလန်က ဖမ်းပြီး ပြန်ပို့တယ်။ နောက်တော့ သူ့ကို လူတွေ လက်စတုန်းပျောက်ဆုံးစေမှု၊ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပမ်းမှုတွေနဲ့ အိမ်ချုပ်ထားခဲ့တယ်။ လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန် ချိုးဖောက်တဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာ သမိုင်းမှတ်တိုင်တခု ဖြစ်စေခဲ့တယ်။

သမိုင်းအမွေ၊ နိုင်ငံရေး ကွဲပြားမှု

နောက်ပိုင်း ခေါင်းဆောင်တွေကလည်း ပီနိုရှေး လုပ်ခဲ့သလိုပဲ ဈေးကွက် စီးပွားရေးစနစ်ကိုပဲ ဆက်ကျင့်သုံးကြတယ်။ ဒါပေ မယ့် တင်းကျပ်တဲ့ဘဏ္ဍာရေးစနစ်နဲ့ လူတန်းစားအားလုံး ခံစားနိုင်ဖို့ လူမှုဖူလုံရေးကိစ္စတွေကိုတော့ အားဖြည့်ကြတယ်။ နိုင်ငံ တကာနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှု စာချုပ်တွေ ချုပ်ခဲ့ကြတယ်။

ဒါပေမယ့် ချီလီက ကျန်လက်တင် အမေရိက နိုင်ငံတွေလိုပဲ ဆင်းရဲ ချမ်းသာ ကွာဟမှုက ကြီးတယ်။ ၂၀၂၀ ခုနှစ်မှာ Gini coefficient ညွှန်းကိန်းက ၄၄.၉ ရှိနေတယ်။ [Gini ညွှန်းကိန်းကို ကြည့်ရာမှာ သုညဆိုရင် လုံးဝ လူတန်းစားညီမျှပြီး ၁၀၀ ဆိုရင်တော့ လုံးဝ ကွာဟမှုက ကြီးတယ်။] ဒီမိုကရေစီ စတင်ပြောင်းတဲ့ကာလ ၁၉၉၀ တုန်းက ညွှန်းကိန်း ၅၇.၂ ရှိတယ် ဆိုတော့ နည်းနည်းတော့ ကျဆင်းလာတယ်။ လူတန်းစားမညီမျှမှု၊ ဆင်းရဲ ချမ်းသာကွာဟမှုတွေကြောင့် လူတွေ ပိုလို့ မကျေမနပ်ဖြစ် ၂၀၁၉ မှာ ဆန္ဒပြဆူပူမှုတွေ ဖြစ်ခဲ့တယ်။ social explosion လူမှုပေါက်ကွဲမှုလို့ တင်စားဖော်ပြခဲ့ကြတယ်။ ၂၀၂၁-၂၀၂၂ မှာလည်း ထပ်ဖြစ်တယ်။

ချီလီနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ၁၉၈၀ တုန်းကတည်းက ဆွဲခဲ့တာ၊ အာဏာရှင် ပီနိုရှေးက ချပေးခဲ့တာ။ ဒါကို ပြင်ဆင် ရေးဆွဲနေတာ အကြိမ် ၇၀ တော့ ရှိခဲ့ပြီ။ လူတွေက မကြိုက်ဘူး၊ လက်မခံနိုင်ဖြစ်နေတုန်းပဲ။ ၂၀၀၆ ခုနှစ်မှာ သမ္မတ ရီကာဒို လာဂို့စ်က ကွန်ဂရက်အတည်ပြုချက်နဲ့ အရေးပါတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက် အတော်များများ လုပ်ခဲ့ပါတယ်။ ရာသက်ပန် ဆီးနိတ်အမတ် ခန့်ထားတာတွေ ရပ်ဆိုင်းခဲ့တယ်။ သမ္မတအမိန့်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ဖြုတ်ချနိုင်တယ်။ သမ္မတ သက်တန်းကို ၆-နှစ်ကနေ ၄-နှစ် ပြန်ပြင် သတ်မှတ်တယ်။ ဒီတော့ အတော်ပြောင်းလဲခဲ့ပြီ ဆိုသော်ငြား ၂၀၂၂ ခုနှစ်မှာ အသစ် ပြန်ဆင် ရေးဆွဲဖို့ ကြိုးပမ်းကြတယ်။ ဖွဲ့စည်းပုံအသစ်မှာ ကျား-မ တန်းတူရေး၊ ဌာနေတိုင်းရင်းသား အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ကောင်းမယ်ထင်တာတွေ အကုန်ထည့်တယ်။ ‘မြော်မြင်ချက်ကြီးလှတဲ့ ထုတ်ကုန်’၊ ‘အသစ်သော ကမ္ဘာ့စံနှုန်းတွေနဲ့ ဖွဲ့စည်းပုံ’ ဆိုပြီး ချီးကျူးခဲ့ကြတယ်။ ဒါပေမယ့် မဲပေးသူ ၆၂% က ကန့်ကွက်မဲ ပေးခဲ့ကြတယ်။ အသစ်သော ချီလီနိုင်ငံတော်ဆိုတဲ့ မြော်မြင်ချက်တွေကို ပယ်ချလိုက်တယ်။

ချီလီနိုင်ငံက ဩဇာတိက္ကမကြီးမားလှတဲ့ သတင်းစာဆရာနဲ့ ဒဿနဆရာ ကားလို့စ် ပီနာ (Carlos Peña) က သုံးသပ်တာက တော့ “ချီလီနိုင်ငံသားတွေက အခြေခံကျကျ ပြောင်းလဲပစ်ပြီးတော့ အသစ်စချင်တယ်ဆိုတာတော့ မမှန်ပါဘူး” လို့ ဆိုတယ်။ ဆန္ဒပြခဲ့ကြသူ အများစုက ချီလီဒီမိုကရေစီ တံခါးကို ဝင်ခွင့်ပြုရဲ့လားလို့ ခေါက်ကြည့်ချင်တာ၊ တည်ဆောက်ထားပုံ တခုလုံးကို လုံးဝ ဖြိုချပစ်ဖို့ မဟုတ်ပါဘူးလို့ ဆိုခဲ့တယ်။ ၂၀၂၁ ခုနှစ် မေလမှာ ဖွဲ့စည်းပုံသစ်ရေးဆွဲဖို့ ရွေးချယ်ခဲ့တဲ့ ကျား ၇၈ ဦး၊ မ ၇၇ ဦး က ဒါကို နားမလည်ခဲ့ပါဘူးလို့ သူက ဆိုတယ်။ ဒါကြောင့် သူတို့က စာသားအမှားနဲ့ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တာ၊ လမ်းကြောင်း မှားကို ဦးတည်မိတာလို့ ပြောတယ်။

ပြီးခဲ့တဲ့ ဆယ်စု ၃ ခုကြာ ရွေးကောက်ပွဲတွေမှာ ချီလီလူထုက အလယ်-လက်ဝဲတိမ်း အစိုးရတွေလည်း မဲပေးခဲ့တယ်။ ဆိုရှယ် လစ် သမ္မတကိုလည်း ရွေးခဲ့တယ်။ ကွန်မြူနစ်တွေလည်း မဟာမိတ်ဖွဲ့တဲ့ အစိုးရတွေ ရှိခဲ့တယ်။ တခါ ရှေးရိုးစွဲ သမ္မတလည်း ၂-ကြိမ်ပြန် အာဏာရခဲ့တယ်။ အခု လက်ရှိ သမ္မတ ဂေဘရီယယ် ဘိုးရစ် (Gabriel Boric Font) က ကွန်မြူနစ်လို့ ဆိုနိုင် ပေတဲ့၊ သူနိမ့်မတိမ်းမယိမ်း ကပ်ရှုံးရတဲ့ ရီပတ်ဘလစ်ကန်ပါတီက ဟိုဆေး အဲန်တိုနီယို ကတ်စ် (José Antonio Kast) က လက်ျာစွန်း လို့ ဆိုနိုင်တယ်။ ချီလီမှာ လက်ဝဲအသစ်တွေက လစ်ဘရယ်ဒီမိုကရေစီကို ကာကွယ်နေကြပြီး၊ ကတ်စ်တို့လို ရှေးရိုးစွဲ ဝါဒီတွေကတော့ လုံခြုံရေး၊ ရာဇဝတ်မှု၊ လူဝင်မှု ကြီးကြပ်ရေးကိစ္စတွေ ပြောနေကြတယ်။ ချီလီမှာ နိုင်ငံရေးကွဲပြား မှုကတော့ ကြီးပါတယ်။ ဒါပေမယ့် ခုအချိန်တိုင် နှစ် ၃၀ ကျော် ရွေးကောက်ပွဲတွေနဲ့ ဖြတ်သန်းနိုင်ကြတာဟာ နိုင်ငံရေး ရင့်ကျက်မှု ကြီးမာလာပြီလို့ ဆိုနိုင်ပါတယ်။

လန်ဒန်အခြေစိုက် စီးပွားရေးထောက်လှမ်းရေး ယူနစ် (EIU) ကတော့ ချီလီကို ‘ဒီမိုကရေစီ အပြည့်အဝ’ (full democracy) လို့ ၂၀၂၂ ခုနှစ်မှာ သတ်မှတ်ထားပါတယ်။

သင်ခန်းစာ ယူစရာနဲ့ မေ့ပြစ်ခဲ့တာတွေ

The Economist မဂ္ဂဇင်းကတော့ ၁၉၇၃ ခု စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၁၀-နှစ်ထက်စာရင် အခု အမြင်၊ ပိုလို့ သဘော တူညီနိုင်မှု ကွဲနေခဲ့ပြီလို့ ဆိုတယ်။ အလန်ဒေး နဲ့ ပီနိုရှေးက သမိုင်းဇာတ်ကောင်တွေ သက်သက် အဖြစ်ပဲ ထားခဲ့တာ ကောင်းပါတယ်တဲ့။ ရာဇဝင်ထဲမှာ သူတို့ကို ထားခဲ့ပါတော့ပေါ့။ နိုင်ငံရေးအရ သက်ဝင်လေးစား အတုယူနေတာမျိုးတွေ မဖြစ် သင့်တော့ပါဘူးတဲ့။ ဒါမှပဲ နိုင်ငံက ရှေ့ကိုဆက်ချီတက်နိုင်မှာပါ။

သူတို့ ဖြစ်ရပ်ကို ဖတ်ရင်း ကျနော်တို့လည်း သင်ခန်းစာ ယူစရာတွေ ရှိမလား။ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ စစ်အာဏာသိမ်းမှု တွေအပေါ်ကိုလည်း ဘယ်လို သင်ခန်းစာယူဖို့ ထားခဲ့ကြမှာလဲ။ ဘယ်လို မေ့ပစ်နိုင်ကြမလဲ။ ချီလီမှာတော့ တချိန်က မုန်းလို့ တိုက်ခဲ့တဲ့ ကွန်မြူနစ်တွေ တခါ စင်ပေါ်ပြန်တက်လာတာ တွေ့ရတော့ အံ့ဩမိတယ်။ နိုင်ငံရေးအရ ကွဲပြားမှုကြီးနေသော် လည်းပဲ၊ ဆန္ဒပြပွဲတွေနဲ့ မငြိမ်သက်မှုတွေ၊ ဆင်းရဲ-ချမ်းသာ ကွဲပြားမှုကြီးလို့ လူ့အဖွဲ့အစည်းထဲ လှိုင်းလေထန်နေတာတွေ ရှိနေ ပေမယ့် ရွေးကောက်ပွဲ မူဘောင်ထဲက ဖြတ်နေနိုင်ဆဲပဲ။ တခုတော့ ဆင်ခြင်မိတယ်။ ချီလီလို သူတို့နိုင်ငံ စစ်အာဏာသိမ်းဖို့ ဖြစ်ပျက်ခဲ့ရတာက စစ်အေးတိုက်ပွဲ (cold war) ရဲ့ ရိုက်ခတ်မှုကြီးလွန်းလို့ နိုင်ငံတကာ လက်ပါလွန်းလို့ သမိုင်းဆိုးကို ကြုံတွေ့ ဖြစ်ပျက် ခဲ့ကြရတာ။ အာရှမှာလည်း ဗီယက်နမ်ဆိုရင် စစ်ပွဲကြီးတွေ၊ ကမ္ဘောဒီးယားဆိုရင် လူမျိုးသုဉ်းသတ်ဖြတ်မှု တွေအထိကို ကြုံကြိုက်ခဲ့ရတယ်။ ခုတော့လည်း သမိုင်းတဆင့်ကို ဖြတ်သန်းနိုင်ခဲ့ကြပြီ။ အချို့နိုင်ငံတွေကျတော့လည်း နိုင်ငံတကာ လက်၊ စစ်အေးတိုက်ပွဲဂယက် မရှိပါဘဲနဲ့ ကိုယ့်လုံချည်ကိုယ်နင်း ဒုက္ခ ရောက်ကြရတာမျိုးတွေပါ။

အောင်သူငြိမ်း


ပြီး။

No comments:

Recent Comments