Pages

Monday, October 30, 2017

ပြည်ထွက်ခန်း (၃)

ပြည်ထွက်ခန်း (၃)
ကျနော်တို့ တောင်ကုန်းတခုကို ခက်ခက်ခဲခဲ တက်နေရတယ်။ ပုံမှန်လမ်းမဟုတ်ဘူး။ နွားကုန်သည်တွေ ဖြတ်သန်းသွားကြ လို့ ဗွက်ထူထူထနေတဲ့ လမ်းပဲ။ ကျနော်တို့ဆိုတာက ကျနော်ရယ်၊ ကိုမင်းလွင်ရယ်၊ ကျနော်တို့ ဆေးတက္ကသိုလ်-၂ ကနေ
နောက်ပိုင်း ဆေး-၁ ကို ပြောင်းသွားတဲ့ ကိုမင်းလွင်တို့အတန်းက ကိုဝင်းမင်းရယ်၊ ကိုသက်ဌေးနိုင်ရယ်၊ေ နာက်ထပ်လမ်းမှာ
ထပ်ပြီးတွေ့ကြလို့ မိတ်ဆွေဖြစ်၊ ပါလာကြတဲ့ မော်လမြိုင်က ကိုနန္ဒ၊ ရှေ့နေ ကိုမျိုးမြင့်၊ ပုသိမ်က ကျောင်းဆရာ ကို မင်းဆန်းမင်းပဲ။ ကိုမင်းဆန်းမင်းကတော့ နာမည်အရင်းဟုတ်ပုံ မရဘူး။ လျှို့ဝှက်နာမည်တခုခု ယူထားတာလည်း ဖြစ်နိုင်ပါတယ်။ သူက မုတ်ဆိတ်ပသိုင်းမွေးနဲ့၊ ပိန်ပိန်သွယ်သွယ်၊ ချေခွေဗားရား ဒီဇိုင်းမျိုးဖမ်းထားတယ်။ နောက်ပိုင်း တောထဲ ရောက်တော့လည်း ဘယ်ရီဟက်တလုံးကို ရှာပြီး ကျူးဘားပြောက်ကျားခေါင်းဆောင် ချေခွေဗားရားပုံ အပြည့် ဖမ်းတော့တယ်။ ပိုဆိုးတာကတော့ ကျနော့်ဖိနပ်ပြတ်သွားခဲ့တယ်။ ခြေပလာနဲ့ လျှောက်နေရတယ်။ သူများတွေက သူတို့ဖိနပ်ယူစီးဖို့ ပြောပါတယ်။ ကျနော် ယူစီးရင် သူတို့လည်း ခြေပလာ ဖြစ်လိမ့်မယ်။

ကျနော် မှားတာကလည်း ထွက်လာတော့ ပိန်းတန်းသားရေဖိနပ်နဲ့ ဒီတောတောင်ခရီးဆိုတော့ ဖိနပ်ပြတ်တော့တာပေါ့။ ကျနော်ထွက်လာတော့ အိမ်ကို ဘာမှမပြောဖြစ်ဘူး။ ဒီအတိုင်း အဝတ်တထည် ကိုယ်တခုထွက်ချလာတယ်။ သူငယ်ချင်းတွေ
စုပေးတဲ့ ကျောပိုးအိတ်ငယ်တလုံး အင်္ကျ ီ ၂ ထည်၊ ပုဆိုး ၂ ထည်လောက်ပါတယ်။ မှတ်ပုံတင်ကတော့ သူများမှတ်ပုံတင်တခုကို လိုရမယ်ရ ငှားပေးလိုက်တယ်။ ရုပ်ကလည်း မတူပါဘူး။ သိကြတဲ့အတိုင်း မှတ်ပုံတင်က ကလေးရုပ်တွေဆိုတော့ ဒီလိုပဲ ညာလို့ရနိုင်မယ် ထင်တာပေါ့။ ပြည်တော်ထွက်ခန်းစတော့ေ အာက်တိုဘာလလယ်။


ကျနော်နဲ့အတူ ကိုမင်းလွင်ပါလာတယ်။ မထွက်ခင်ညမှာပဲ ကိုမင်းလွင်က သူနဲ့အတန်းတူ၊ နောက်ပိုင်းမှာ ဆေး-၁ ကို ပြောင်းသွားတဲ့ ကိုဝင်းမင်းနဲ့ တွေ့တယ်။ လျှောမွေးကျဆုံးသွားတဲ့အကြောင်း ပြောပြတော့ ကိုဝင်းမင်းငိုတယ်။ ပြီးတော့ နောက်တနေ့သူလည်းတောထဲ လိုက်မယ်ဆိုပြီး ပြောတယ်။ အမှန်မှာက ကိုဝင်းမင်းတို့အဖေ (စိုက်/ဘဏ် အရာရှိ) က စစ်တွေပြောင်းဖို့အတွက် သူရန်ကုန်ရောက်လာတာ။ နောက်တနေ့မှာ စစ်တွေကို လေယာဉ်နဲ့ ထွက်ရမှာ။ စစ်တွေကို သူ မလိုက်တော့ဘူး။ တောထဲပါလာတယ်။ သူနဲ့အတူ ဘိုကလေးက သူ့သူငယ်ချင်း ကိုသက်ဌေးနိုင် (ယခု သြစတြေလျ) လည်း လိုက်လာခဲ့တယ်။ ကျနော်တို့ကို လမ်းပြပေးမယ့်သူက စက်မှုတက္ကသိုလ်ကတယောက်ပဲ။ သူ့မှာ အဆက်အသွယ် ရှိတယ်၊ လမ်းကြောင်း ရှိတယ် ဆိုတာကိုး။

ကျနော်တို့ အဝေးပြေး ပစ်ကပ်ကားငယ်လေးတွေနဲ့ အောင်ဆန်းကွင်းကနေ မော်လမြိုင်ကို စထွက်တယ်။ လမ်းမှာ အစစ်အဆေး
မရှိသလောက်ပါပဲ။ မော်လမြိုင်ရောက်တော့ ရောင်လယ်လယ်။ ဒါနဲ့ပဲ ချစ်သူရည်းစားတွေ ခဏတဖြုတ် ချိန်းတတ်ကြတဲ့ ခပ်မှောင်မှောင်၊ ခပ်စုတ်စုတ် ဟိုတယ်တခုမှာ ၃-၄ ရက် သောင်တင်နေတယ်။ ဘာအလုပ်မှ မရှိဘူး။ နေ့လည် ထမင်းထွက်စား၊ မြို့ထဲလည်၊ သိပ်လည်း ဟိုသွားသည်သွား မလည်ရဲဘူး။ေ နကလည်းပူတော့ တနေ့တာ အချိန်များများကို ဟိုတယ်လေးမှာ ပြန်အိပ်အချိန်ဖြုန်းပေါ့။ ဟိုတယ်ကိုတော့ သူတို့ကုန်သည်တွေ၊ ကုန်လာစောင့်တယ် လို့ ပြောထားတယ်။ ယုံချင်စရာ ကောင်းလိုက်တာ။ ဧည့်စာရင်းစစ်မယ်ဆိုလို့ ဟိုတယ် ဟိုနား၊ သည်နား ပြောင်းအိပ်ရ သေးတယ်။
ဒီလိုနဲ့ လမ်းကြောင်းအဆက်အသွယ်ရှိပါတယ်ဆိုတဲ့ စက်မှုတက္ကသိုလ်က ကိုယ်တော်က ရန်ကုန်ပြန်တယ်။ ရန်ကုန်မှာ သူ့ အလုပ်တွေရှိသေး ဆိုတယ်။ ဒါနဲ့ ကျနော်တို့ တိုင်ပင်ကြရတယ်။ ရန်ကုန်ပြန်မှာလား- ကိုယ့်ဘာသာ ဆက်လမ်းကြောင်း ရှာမှာလားပေါ့။ြ ပန်မယ်ဆိုရင်တော့ သိက္ခာကျတယ်။ အိမ်ပြန်ရောက်ရင်လည်း မျက်နှာမလှဘူး။ ဆက်သွားမယ်ဆိုပြီး ဆုံးဖြတ် ကြတယ်။
ကျောင်းက နီးစပ်ရာတွေ လိုက်မေးမြန်းရတယ်။ ကောလာဟလ သတင်းတွေကလည်း အများကြီး၊ ဘုရားသုံးဆူစခန်းမှာ မော်လမြိုင်သပိတ်တုန်းက လက်သံပြောင်ခဲ့တဲ့ ရဲလူထွက် ဦးမျိုးချစ်က ဦးဆောင်နေတယ်လို့လည်း ဆိုတယ်။ တော်တော်နင်သွားတယ်။ သွားလို့ ဖြစ်ပါ့မလားပေါ့။ လူမိုက်တွေ ဦးဆောင်နေတယ်ဆိုရင်တော့ ပဲခူးရိုးမ လူသတ်ခန်းမျိုးဆိုက်ရချည်ရဲ့ ဆိုပြီး ပူပန်နေမိတယ်။ နောက်တော့ သတင်းကြားပြန်တာက ဆေးတက္ကသိုလ် (မန္တလေး) က ဒေါက် တာနိုင်အောင်ဆိုတာ ဘုရားသုံးဆူစခန်းမှာ ဥက္ကဋ္ဌလုပ်နေတယ်၊ အစားအသောက် အကူအညီတချို့လည်း စရနေပြီ ကြားရတယ်။ နည်းနည်းစိတ်အေးသွားတယ်။
ပညာတတ်တယောက် ဦးဆောင်နေတယ် ဆိုတာကိုး။

နောက်တော့ မော်လမြိုင်ဒေသခံ ဆေး-၂ ကျောင်းသားတယောက်ဆီကနေပြီး၊ တောထဲက ပြန်လာပြီး အခုတော့ ငှက်ဖျား ဖျားနေသူတယောက် သူတို့ရပ်ကွက်ထဲရှိနေတယ်ဆိုတဲ့ သတင်းကြားရတယ်။ ဒါနဲ့ ချက်ချင်း အဲဒီအိမ်ဆီ ကျနော်တို့ ပေါက်ချသွားကြတယ်။ အိမ်ကတော့ သာမန်သစ်သားနဲ့ ဖက်မိုးအိမ်ကလေးပါပဲ။ လူတယောက်က ခြင်ထောင်ထဲလဲနေ တယ်။ အိမ်ကလည်း ခပ်မှောင်မှောင်၊ ကျနော်တို့ တံခါးလေးကိုငုံ့လို့ အိမ်ထဲဝင် ထိုင်၊ မိတ်ဆက်လိုက်ကြတယ်။ သူက ဝါဖျော့နေတယ်။ လူမမာမှန်း
သိသာတယ်။ ဘုရားသုံးဆူငှက်ဖျား ဆိုတာကလည်း ဆိုး-ဆိုသကိုး။ အဲဒီလူငယ်က ပြောတယ်။ "အခြေအနေကောင်းတယ်။ ကျောင်းသား တထောင်လောက် ရောက်နေကြပြီ။ တချို့လည်း မွန်အဖွဲ့ထဲ ဝင်သွား ကြတယ်။ အစားအသောက် အကူအညီတွေ ရှိနေပြီ။ သူက စည်းရုံးရေးတာဝန်နဲ့ ပြန်ဆင်းလာတာ။ အခု အဖျားကောင်း သွားတာနဲ့ လူသစ်စည်းရုံး၊ သူပြန်မယ် ဆိုတယ်။ ကျနော်တို့က ဘယ်လိုသွားသလဲဆိုတဲ့ လမ်းကြောင်းကို မေးကြတယ်။
"မင်းကွာ … ငါပြောသားပဲ။ ဒီကောင်တွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းပြီးမှ ပြန်လာခဲ့ဆိုတာ၊ အခုတော့ အလုပ်မဟုတ်ဘူးကွာ" သူ့ အစ်ကိုဆိုသူက ဘေးမှာ လမ်းပတ်လျှောက်နေရင်း တဗြစ်တောက်တောက် ပြောနေတယ်။ သူက စွပ်ကျယ်လက်ပြတ်နဲ့ ပုဆိုးတိုတို။ လူက ခပ်တုတ်တုတ်ခိုင်ခိုင်။ အသံကတော့ ဒေသအသံ၊ မွန်သံဝဲတယ်။ "ဒါဆို ငါကိုယ်တိုင်သွားမယ်၊ ချမယ်… ဒီကောင်တွေ"။ ဒီလိုနဲ့ သူ့အစ်ကို ကိုနန္ဒဆိုသူက နောက်တနေ့ ကျနော်တို့အဖွဲ့နဲ့ ပါလာ တယ်။ သူ့မှာ လမ်းစားရိတ်မရှိဘူး။ ကျနော်တို့က ခံပေး။ သူက လမ်းပြကူညီမယ်။ သူ့ညီကတော့ စည်းရုံးရေးတာဝန် ပြီးရင်၊ တောထဲပြန်မယ်ဆိုတဲ့သူလည်း ခုအချိန်အထိ ပြန်မတွေ့ရတော့ဘူး။

ဒီလိုနဲ့ နောက်တနေ့ မော်လမြိုင်-ရေး ရထားနဲ့ ထွက်လာကြတယ်။ ရေးမြို့နားနီးတဲ့ မုက္ကနင်ရွာမှာ ဆင်းကြတယ်။ ရထားက တော့ ခပ်ချောင်ချောင်ပဲ။ သူများအပြော ပြန်ကြားရတာ၊ သပိတ်ပြီးစကာလ ရက်များဆိုရင် ရထားနဲ့ တောခိုမယ်ဆိုပြီး ထွက်သွားကြတာ၊ ရထားက အပြည့်အကျပ်၊ ခေါင်မိုးတွေပေါ်ကတောင် စီးပြီး လူတွေ ပါသွားကြတယ် ဆိုတယ်။ ရထား လမ်းဘေး အချို့ရွာတွေမှာ စစ်စခန်းတွေရှိတယ်။ စစ်သားတွေကလည်း "သွားကြ… သွားကြ" ဆိုပြီး လက်ပြနှုတ်ဆက် တယ်။ ရထားပေါ်ကလူတွေကလည်း "ခွေးမသားတွေ… ပြန်လာမယ်။ ပြန်ချမယ်" လို့ အော်ကြတယ်။ တကယ်တော့ တောထဲကို ပြဿနာအေးရော၊ မောင်းထုတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ်ရင်လည်း စစ်အာဏာသိမ်းပြီးခါစ အုပ်ချုပ်ရေးမစိုးမိုးသေးတော့ ဘယ်လိုဆောင်ရွက်ရမယ် သေချာ ညွှန်ကြားထားတာ မရှိတာလည်း ဖြစ်နိုင်တယ်။

ဒီလိုနဲ့ ကျနော်တို့ မုက္ကနင်ရွာသူကြီး အိမ်မှာပဲ စတည်းချကြတယ်။ ဆေးကျောင်းသားတွေ တောခိုလာတယ်ဆိုတော့ လည်း

ရွာကလူတွေက ပစားပေးကြတယ်။ လာကြည့်ကြတယ်။ (အခုအချိန်မှာတေ့ာ မုက္ကနင်မှာ တပ်ရင်း ၁၀၆ ထိုင်ေ နပြီ၊ အဲသည်အချိန်တုန်းကတော့ ဘာအုပ်ချုပ်ရေး၊ ကာဖျူး၊ နေဝင်မီးငြိမ်း အမိန့် ဘာမှ မရှိဘူး)။ေ ရာက်တဲ့ညပဲ တန်ဆောင်တိုင်ပွဲ ရှိနေတယ်။ ကျနော်တို့က ရောက်ရောက်ချင်းညပဲ ပွဲခင်းလည်ကြတယ်။ ညမထွက်ရ အမိန့်မရှိတဲ့ ရွာရဲ့ အရသာကလည်း တမျိုးပဲလို့ ကြည်နူးခံစားနေမိတယ်။ ရွာလူကြီးသား ၂ ယောက်ကလည်း သပိတ်ကာလတုန်းက ဒေသခံ သပိတ်ခေါင်းဆောင် ကျောင်းသားတွေဆိုတော့ ပြဿနာမရှိဘူး။ေ နာက်တရက်-နှစ်ရက်ကြာတော့ မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေးအဖွဲ့တခုနဲ့ ဆက်ပေးတယ်။ သူတို့စခန်းကလည်းဝေးဝေးမဟုတ်ဘူး၊ ရွာပြင်မှာပဲ။ နောက်တော့ မွန်အုပ်ချုပ် ရေးအဖွဲ့ဆီ လိုက်သွားကြတယ်။တွေ့တဲ့သူတိုင်းက ပြန်ဖို့၊ ကျောင်းပြန်တက်ဖို့ တိုက်တွန်းကြတယ်။ တောထဲမှာ ပင်ပန်းမယ်၊ ငတ်မယ်၊ ပြတ်မယ် … စသည်ဖြင့် ပြောကြတယ်။ ကျနော်တို့ကတော့ ရဲရဲတောက်၊ ချမယ်.. နှက်မယ်ချည်းပဲ။

ကျနော်တို့ အုပ်စုကို ရွာနီးချုပ်စပ်မှာပဲ တပတ်လောက် လှည့်နေတယ်။ နေ့တိုင်းခရီးသွားရတယ်။ ခြုံတိုး၊ ရေပေါင်လောက် ရှိတဲ့ ရေနက်ကွင်းလယ်ကွင်းတွေကို ဖြတ်၊ နောက်တရွာရောက် ညအိပ်ပေါ့။ နောက်ပိုင်းမှာ ပြန်သိတာ.. ဒီရွာတွေက မဝေးဘူး။ နီးနီးလေးကို ဟိုလှည့်၊ သည်လှည့် သွားနေရတာ။ အရုတောင်ကျေးရွာ ဘုန်းကြီးကျောင်းကိုရောက်တော့ ဆရာတော်ကလည်း မွန်သံဝဲဝဲနဲ့ နားချတယ်။ "ခြေထောက်ပေါက်.. ရောက်၊ ခြေထောက်မပေါက်… မရောက်"။ သူဆို လိုတာက ခြေထောက်တွေနာကျဉ် ပေါက်ပြဲမှ ရောက်မယ်လို့ ပြောတာ။ ဆင်းရဲပင်ပန်းမယ်။ ဒုက္ခရောက်မယ်။ ပြန်လို့ ရသေးတယ်လို့ ပြောတယ်။ တကယ်တော့ သူတို့မွန်အဖွဲ့က ဒီလိုလုပ်နေတာ အကြောင်းတချို့ကြောင့် ဖြစ်နိုင်တယ်။ တခုက ကျနော်တို့ကို စိတ်ဓာတ်စမ်းသပ်နေတာ၊ စိတ်မခိုင်ရင် ဒီမှာကတည်းကလ လှည့်ပြန်။ နောက်တခုကတော့ ပို့ရမယ့် ခရီးအတွက် လူများအောင်စုဆောင်းနေတာလည်း

ဖြစ်နိုင်တယ်။ ဒီလိုနဲ့ပဲ ပုသိမ်က ကျောင်းဆရာ ကိုဆန်းမင်း၊ မော်လမြိုင်က ရှေ့နေ ကိုမျိုးညွန့်တို့က ကျနော်တို့ခရီးစဉ်မှာ ပေါင်းမိလာကြတယ်။ နောက်ပြဿနာတခုရှိသေးတယ်။ ကျနော်တို့ မြန်မာပြည်ထဲ ၈၈၈၈ အရေးတော်ပုံကြီး ခြိမ့်ခြိမ့်သဲ ဆင်နွှဲနေကြချိန်မှာ ဘုရားသုံးဆူဒေသမှာ မွန်နဲ့ ကရင် တပ်ဖွဲ့တွေ စစ်အကြီးအကျယ် ဖြစ်ကြတယ်။ အဓိကကတော့ နယ်မြေအငြင်းပွားမှု ပြဿနာပဲ။ အစိုးရသတင်းစာတွေမှာ သတင်းတိုတွေ ဖော်ပြတယ်။ ကျနော်တို့က မယုံကြသလို၊ သတိလည်း မထားမိကြဘူး။ ဒီမှာက တကယ်ဆော်နေကြတာ။ အခုတော့ မဟာမိတ်တပ်ဖွဲ့တွေ ကြားဝင်ဖြန်ဖြေမှုနဲ့ ပြေအေးကြပြီဆိုပေမယ့် သိပ်တော့

မငြိမ်းသေးဘူး။ ကျနော် တို့ အရင်က တက်သွားတဲ့ ကျောင်းသားတအုပ် မွန်-ကရင်တပ်ဖွဲ့တွေ တိုက်ပွဲကြားထဲ ကြားညှပ်ရတဲ့အဖြစ်မျိုး ဖြစ်ခဲ့သေး တယ်။ ဒီလိုကိစ္စတွေကြောင့် နယ်မြေအေးချမ်းမှု သတင်းနားစွင့် အခြေစောင့်နေတာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့က ရောက်ချင်လှပြီ။

မထွက်ခင်မှာ မော်လမြိုင်မှာရှိတုန်း ကျနော်တို့ကျောင်းက ကျောင်းပြီးလို့ ဆေးခန်းဖွင့်နေတဲ့ ဒေါက်တာမင်းစိုးလင်းကို သွားတွေ့ကြတယ်။ သူက မွန်လူမျိုး၊ တက္ကသိုလ်များ မွန်စာပေ၊ ယဉ်ကျေးမှုအသင်းမှာ ဦးဆောင်ပြီး၊ နောက်ပိုင်း အဲဒီ တက္ကသိုလ်များ မွန်အသင်းက အလှမယ် (Queen) နဲ့ အိမ်ထောင်ကျတယ်လို့ ကျနော်တို့ ကြားဖူးတယ်။ သူက မွန်ပြည် သစ်ပါတီသတင်း၊ တောထဲကသတင်း နည်းနည်းပါးပါး သိနိုင်တယ်ထင်လို့ သူ့ဆေးခန်းကိုလည်း သွားမေးကြတယ်။ သူက ပြောပာတယ်။

"အခြေအနေကတော့ ကောင်းတယ်ဗျ။ နိုင်ငံတကာက အကူအညီ ဒေါ်လာ ၂-သန်းလား၊ ၃-သန်းလား လာမယ်လို့ ကြားတယ်။ ဒါပေမယ့် လက်နက်တွေအတွက် မဟုတ်ဘူးဗျ။ လူသားချင်းစာနာမှု အကူအညီပါပဲ။ စားသောက်နေထိုင်ဖို့ ပေါ့။ ဒါပေမယ့် ၃-၄ ရက်စောင့်အုံး။ ဒီသတင်းကို ဘီဘီစီသတင်းဌာနက ကြေညာလိမ့်မယ်။ အဲဒီလို သေချာမှသွားပါ" သူက ပြောတယ်။ အိုး…. ဒီလောက်သေချာနေမှတော့ ဘာစောင့်စရာ လိုမလဲ။ ကျနော်တို့ သွားပြီပေါ့။ သူပြောသလို ဘီဘီစီ  သတင်းကလည်း မကြားပါဘူး။
ကျနော်တို့လည်း သတင်းတွေ စောင့်မနေခဲ့ဘူး။ ထွက်ခဲ့ပြီ။

ကျနော်တို့ ဘာဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးကြတာလဲ။ ပြန်စဉ်းစားကြည့်မိတယ်။ တခုကတော့ ရက်ရက်စက်စက် ချေမှုန်းခံရလို့ ဒေါသအလျောက် တုံ့ပြန်တာ။ နောက်တခုကတော့ အကြမ်းမဖက်ဆန္ဒပြပွဲတွေနဲ့ တောင်းဆိုတာ
ကျနော်တို့ လိုအင်ဆန္ဒမပြည့်ဝခဲ့ဘူး။ အစိုးရလုပ်သူတွေက ပြည်သူ့ဆန္ဒကို လိုက်လျော မနားထောင်ခဲ့ဘူး။ ကျနော်တို့အတွက် ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေ လမ်းပိတ်သွားပြီ၊ အကြမ်းဖက်နည်းလမ်းပဲ ရှိတော့တယ်လို့ စဉ်းစား မိကြတာလည်း ဖြစ်နိုင်တယ်။

နောက်တခုကတော့ ကျနော်တို့ဟာ ယုံမှတ်မှားချက် (myth) တွေနဲ့ ကြီးပြင်းခဲ့ရတယ်။ သင်ကြားခံခဲ့ကြရတယ်။ အထူး သဖြင့်တော့ မြန်မာ့လွတ်လပ်ရေးကို ဦးဆောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ကိစ္စပါပဲ။ ကျနော်တို့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်က စတင်ခဲ့တယ်။ သူတို့ဟာ တိုင်းပြည်က ထွက်လို့ ဂျပန်မှာ စစ်ပညာသင်တယ်။ ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်သိမ်းတယ်။ ပြီးတော့ အင်္ဂလိပ်တွေ ဒုတိယ ကမ္ဘာစစ် နှောင်းကာလ ပြန်ဝင်လာတော့လည်း၊ မတ်လ ၂၇ ရက်နေ့မှာ "အနီးကပ်ဆုံး ရန်သူကိုရှာတိုက်ကြ" ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းနဲ့ ဂျပန်ကို ပြန်တော်လှန်ထုတ်လိုက်တယ်။ စသည်ဖြင့် သူရဲကောင်းပုံပြင်တွေ ဖတ်ခဲ့ကြ ရတယ်။ အဲဒီခေတ်က ကမ္ဘာစစ်ကြီးနဲ့ နောက်ခံအခြေအနေကို
နည်းနည်းပဲ သိခဲ့ရတယ်။ ပြောရကြေးဆိုရင် ဂျပန်ကို ပြန် တိုက်ထုတ်ခဲ့တဲ့ အင်္ဂလိပ်၊ အမေရိကန်ဒီဝီဇံ (Divisions) တပ်မကြီးတွေ အကြောင်း အနည်းအပါးတောင် မသိခဲ့ရဘူး။ အဲသည်အချိန်က လော့ဒ်ေ မာင့်ဘက်တန်က သီဟိုဠ်ကျွန်း၊ ကန်ဒီမှာ ထိုင်တဲ့ အရှေ့တောင်အာရှ အမိန့်ပေးဌာနချုပ်ကစစ်ကို ကွပ်ကဲနေခဲ့တယ်။ မြောက်ပိုင်းစစ်မျက်နှာ အမိန့်ပေးဌာနချုပ် (Northern
Combat Area Command) မှာ အမေရိကန်တပ်တွေက ဗြိတိသျှတပ်မကြီး ၁၄ ကို ပံ့ပိုးပေးနေတယ်။ ချင်းတွင်းမြစ်၊ အလယ်ပိုင်းဒေသတွေမှာ ဗြိတိသျှ အမှတ် ၁၄ တပ်မတော်နဲ့အတူ တရုတ်တပ်တွေကေ မမြို့အထိ စစ်ဆင်ကြတယ်။ ရန်ကုန်ဖက်ကျတော့ ကမ်းတက်တပ် တွေ၊ လေတပ်ဗုံးကြဲမှုတွေနဲ့ တိုက်စစ်ဆင်ကြတာမျိုး ကျနော်တို့ မသိခဲ့ကြဘူး။ ဒီတော့လည်း ကျနော်တို့က ရဲဘော် ၃ ကျိပ်ကို အားကျလို့ တို့လည်း လက်နက်ယူပြန်တိုက်ကြမယ် ဆိုတာမျိုး တွေးမိကြတာလည်း ဖြစ်နိုင်တယ်။ အဲသည်တော့ လည်း ရဲဘော် 'အကျိပ်တစ်ထောင်' ဖြစ်ကြရတာပေါ့။

ဘာဖြစ်လို့ လူတွေက သူပုန်ထကြရပါသလဲ။
ဘာဖြစ်လို့ လူတွေက သူပုန်ထကြရပါသလဲ။ ပါမောက္ခ တက်ဒ် ရောဘတ်ကားကတော့ သူ့စာအုပ် Ted Robert Gurr,
"Why Men Rebel" (2011) မှာ ရှင်းပြဖူးတယ်။ [ကြုံတော့မှ ဒီကိစ္စကို ဆက်ဆွေးနွေးဖြစ်မယ်။] ကျနော်တို့ တောထဲရှိ စဉ်ကတော့ လူ့အခွင့်အရေးကြေညာစာတန်း၊ စကားချီး နိဒါန်းမှာ ဖော်ပြထားတဲ့ စာသားကို သိပ်သဘောကျကြတယ်။

'Whereas it is essential, if man is not to be compelled to have recourse, as a last resort, to rebellion against tyranny and oppression, that human rights should be protected by the rule of law' [From Preamble of the UDHR]
" လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်းပန်းမှုတို့ကို နောက်ဆုံးမလွှဲမရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်း မပြုစေရန် လူ့အခွင့် အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည်" လို့ ဖော်ပြထားတယ်။ ဖိနှိပ်လာရင် တော်လှန်ခွင့် ရှိတယ်လို့ လည်း ခံယူခဲ့ကြတယ်။

တခါ ပေါ်လ် ကော်လီယာ (Paul Colier, 2000) ရဲ့ Economic Causes of Civil Conflict and Their Implications for Policy (လူမှုပဋိပက္ခများနှင့် ၎င်းတို့၏ မူဝါဒအပေါ် သက်ရောက်ရိုက်ခတ်မှုများ) စာတန်းကို ဖတ်ဖြစ်တယ်။ ဒါကတော့ တော်လှန်ရေးလုပ်ပြီး ကာလအတော်ကြာမှ ဖတ်ဖြစ်တာပါ။ သူကတော့ စစ်ပွဲတွေဟာ မတော်လောဘ (Greed) တွေ ကြောင့် ဖြစ်တာလား၊ (Grievance) ထိခိုက် နစ်နာရမှုအကြောင်းတွေကြောင့် ဖြစ်ရတာလားဆိုပြီး မေးခွန်းထုတ်ထား တယ်။ ကျနော်တို့ဖတ်ဖူးကြတာက သူပုန်ထမှု စစ်ပွဲတွေမှာ လူအများ ရွေးချယ်ထားကြတဲ့ ကြီးမြတ်မှု (Chosen Glory)၊ ရွေးချယ်ထားကြတဲ့ စိတ်ဒဏ်ရာ
(Chosen Trauma) မျိုးတွေ ရှိတတ်ကြတယ်။ ဥပမာ- မွန်တွေမှာ ဟံသာဝတီကျဆုံး ခန်း၊ ကျနော်တို့လို အင်အားစုတွေမှာ မအောင်မြင်ဖြစ်ခဲ့ရတဲ့၊ သွေးထွက်သံယို ချေမှုန်းခံခဲ့ရတဲ့ (8888) လူထုအရေးေ တာ်ပုံကြီးမျိုးပေါ့။ ဒါတွေကို အကြောင်းပြုလို့ လှုံ့ဆော်ကြတယ်။ စိတ်ဓာတ်မွေးကြတယ်။ တိုက်ပွဲကို ဆက်လက် သယ်ဆောင်ကြတယ်။

ဒီအခါမှာ တော်လှန်ရေးက လှုပ်ရှားမှုကို ဆန္ဒပြပွဲ ဆက်လက်သယ်ဆောင်ပုံ တစ်မျိုး (Extension of protest) လား။ တော်လှန်ရေးတွေက ဆုံးရှုံးသွားရတဲ့ ဆန္ဒပြပွဲက နည်းတမျိုးလားပေါ့။ မေးခွန်းထုတ်ပါတယ်။ သပိတ်မှောက် ဆန္ဒပြပွဲတွေကို

စိတ်ထက်သန်ကြသူ လူနည်းစုကလေးက စတင်လေ့ ရှိကြပါတယ်။ လူသိပ်နည်းလွန်းရင် အစိုးရ က ဖိနှိပ်ချေမှုန်း၊

ဒါကလည်း စိတ်နာစရာအကြောင်း ဖြစ်စေပါတယ်။ အကယ်၍ ဒီသပိတ်ဆန္ဒပြပွဲတွေမှာ လူထုတွေ ပူးပေါင်းပါဝင်လာကြတယ်
ဆိုရင်ဖြင့် ချေမှုန်းခံရမယ့် အန္တရာယ် လျော့နည်းလာပါတယ်။ သို့ပေသော်လည်း ဒီလိုသပိတ်ကြီးတွေ ချေမှုန်းခံရတဲ့အခါ လူအများစုက ပြန်ကြောက်သွားပါတယ်။ ဒီလိုကြောက်သွားတဲ့ လူစုကြီး (ကော်လီယာ ကတော့ mass of cowards လို့သုံးပါတယ်။) ဒီအချိန်မှာ အရှိန်မသေနိုင်ကြတဲ့ လူနည်းစုကလေး ရှိပါတယ်။ အစွန်းရောက်ကြသူတွေပေါ့။ သူတို့ကတော့ ပြောက်ကျားရဲဘော်တွေအဖြစ်ေ တာခို လက်နက်ကိုင် လှုပ်ရှားကြပါတော့တယ်။ ကြောက်နေတဲ့ လူအုပ်ကြီးကလည်း အဲသလိုစွန်းထွက်လာတဲ့
လူနည်းစုကလေးကို သူရဲကောင်းမြှောက်ပြီး၊ ထိုးချလိုက်တယ်လို့ ကော်လီယာက၊ တောင်ပိုင်း ကယ်လီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခ တီမူး ကူရန် (Timur Kuran. 1989. ‘Sparks and Prairie Fires: a Theory of “Unanticipated Political Revolution’) ကို ကိုးကားလို့ေ ဖာ်ပြပါတယ်။ ကူရန်က "မီးပွားမှသည် ပရေရီ မြက်ခင်း သဖွယ် မီးပင်လယ်သို့၊ မျှော်လင့်မထားသည့် နိုင်ငံရေး တော်လှန်မှုဆိုင်ရာ သီအိုရီတခု" စာတန်းရေးခဲ့သူပါ။

ကျနော်တို့ ကြားဖူးနေကျ ဟာသပုံပြင်ကလေး တခုရှိပါတယ်။ တခါက သင်္ဘောတစင်းကနေ ကလေးတယောက် ရေထဲ ပြုတ်ကျတော့ ကယ်သူမရှိဘဲ၊ သင်္ဘောပေါ်ကနေ လူအုပ်ကြီးက အော်ဟစ်နေကြတယ်။ အဲဒီအချိန်မှာ သင်္ဘောပေါ်က အဖိုးကြီးတယောက် ခုန်ချသွားပါတယ်။ သူက ကလေးကို ကယ်တင်ဆယ်ယူခဲ့ပါတယ်။ လူအားလုံး မျက်စေ့တွေကတော့ ဒီအဖိုးကြီးကို
ရဲရင့်ပါပေ့။ သူရဲကောင်းပီသပါပေ့ဆိုပြီး ကြည့်ကြတာပေါ့။ အဖိုးကြီးက ပြန်တက်လာတော့ မေးတယ်။ "ဘယ်သူလဲ… ငါ့ကို ကန်ချလိုက်တာ" တဲ့။

အဲသလိုပါပဲ။ ကျနော်တို့ကိုလည်း လူကြောက်တအုပ်ကြီးက သူရဲကောင်းတင်ပြီး၊ ရေထဲကန်ချခဲ့ကြတယ်။

No comments:

Recent Comments