ပြည်ထွက်ခန်း (၄)
ကျနော်တို့
နောက်ဆုံး ဘုရားသုံးဆူစခန်းကို ရောက်လာခဲ့ကြတယ်။ စခန်းကိုရောက်တော့ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ
၃ ရက်။ အဲဒီအချိန်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)
နဲ့ ကျောင်းသားတပ်မတော်ကို တရားဝင်ဖွဲ့ပြီးနေပြီ။ ABSDF ကိုဖွဲ့တဲ့ တရားဝင်မွေးနေ့က
နိုဝင်ဘာလ ၁ ရက်နေ့။ အစောက ပြောသလို ကျနော်တို့ တောထဲထွက်ဖို့ လုပ်တော့ နောက်ကျတယ်။
ပြည်တွင်းမှာလည်း နိုင်ငံရေးပါတီတွေ တည်ထောင်လှုပ်ရှားနေကြပြီ။ တောထဲကို ရောက်လာတာ နောက်ကျတယ်။
ဘုရားသုံးဆူစခန်းကို
လာရင် အဓိကလမ်းကြောင်း ၃ သွယ်ရှိတယ်လို့ ဆိုနိုင်တယ်။ တလမ်းကတော့ ကြာအင်းဆိပ်ကြီး ကနေ
အတ္တရံမြစ်အတိုင်းတက်လာ၊ ချောင်းဆုံရောက်တော့ တောင်တလုံးကို ဖြတ်ကျော်လိုက်ရင် ဘုရားသုံးဆူ
တောင်ကြား လမ်းကတဆင့် ဘုရားသုံးဆူကို ရောက်တယ်။ နောက်လမ်းတခုက ရေးမြို့မြောက်ပိုင်းကနေ
'ရေရှိသည်' တောင်ကိုဖြတ်၊ နယ်စပ်ကိုရောက်တယ်။ နောက်တလမ်းကတော့ ရေးမြို့ တောင်ပိုင်း
အလယ်စခန်းကနေ တောင်ညို တောင်တန်းကို ဖြတ် လို့ နယ်စပ်ကိုလာတဲ့လမ်း။ ကျနော်တို့ကတော့
ရေးမြို့မြောက်ပိုင်းကနေ၊ ရေချောင်းဖျား အတိုင်း တက်လာ၊ 'ရေရှိသည်' တောင် ကိုဖြတ်လို့
နယ်စပ်ကိုလာတဲ့လမ်းပဲ။ ရေရှိသည်တောင်ဆိုတာ အဲဒီဒေသမှာ အတော်မြင့်တဲ့တောင်၊ ဒါကြောင့်လည်း
မွန်ပြည်သစ်က စခန်းတခုထိုင်၊ ဆက်သွယ်ရေးစက်တွေကို အမြင့်က ထိန်းချုပ် ထားတဲ့ စခန်းမျိုးသဖွယ်
လုပ်ထားတယ်။ ကျနော်က ဝတ်စုံ ၂ စုံပဲပါတယ်။ စောင် ဘယ်သယ်နိုင်ပါ့မလဲ။ ရေရှိသည် တောင်ပေါ်ရောက်တော့
အေးလိုက်တာ၊ တည လုံး မအိပ်နိုင်ဘူး။ ပုဆိုးလေးခြုံပြီး ကွေးရတယ်။ မနက်မိုးလင်းတဲ့အထိ၊
နွေးအောင် တယောက်နဲ့ တယောက် ကျောချင်း ကပ်၊ အိပ်မပျော်ကြဘူး။ အဲဒီကနေ နယ်စပ်ရှိ တပ်ရင်းစခန်းတခုကို
ရောက်တယ်။ မွန်ပြည်သစ်ပါတီက (၃၃၃) တပ်ရင်းမှူး နိုင်ကားရော့နဲ့တွေ့တယ်။ နောက်တနေ့ကျတော့
စက်လှေစီး၊ ထိုင်းနယ်ထဲကနေ ခိုးဖြတ်ပြီး၊ တောင်ကျောတွေက တဆင့် နောက်ဆုံး မွန်ပြည်သစ်ပါတီ
ဌာနချုပ်၊ နမ့်ကုတ်စခန်းကို ရောက်တယ်။ မွန်ပြည်သစ်ပါတီဌာနချုပ်ထဲ တညအိပ်ရတယ်။ အဲသည်နမ့်ကုတ်စခန်းကနေ
ဘုရားသုံးဆူရွာကို လျှောက်ရင် ၅ ကီလိုမီတာလောက် ဝေးမယ်။ တနာရီကျော်လောက် လမ်းလျှောက်ချင်တယ်။
ကျနော်တို့က ရောက်ချင်လှပြီ။ ကျောင်းသားစခန်းတကယ်ရှိတယ် ဆိုတာ မျက်ဝါးထင်ထင် တွေ့ချင်လှပြီ။
နောက်တနေ့ကျတော့ စစ်ဖြစ်လို့ ရွာပျက်နေတဲ့ ဘုရားသုံးဆူကျေးရွာမှာ စခန်းချနေတဲ့ ကျနော်တို့
ညီ အစ်ကိုတော် ကျောင်းသားတွေကို တွေ့ရတယ်။
ဘုရားသုံးဆူ
တောင်ကြားလမ်းဆိုတာ ရှေးမြန်မာဘုရင်တွေ ခေတ်ကတည်းက ယိုးဒယားကိုစစ်ချီမယ်ဆိုရင် သုံးတဲ့
လမ်းပါပဲ။ ထိုင်းနိုင်ငံက မင်းသားကြီး ဒမ်ရောင်း ရာဂျန်နုဘတ် (Prince Damrong
Rajanubhab, 1862-1943) ရေးသား ပြီး၊ အဲသည်ကတဆင့် အင်္ဂလိပ်ဘာသာပြန်၊ နောက်တော့ ဗိုလ်မှူးဘရှင်
မြန်မာဘာသာပြန်ထားတဲ့၊ "ယိုးဒယား-မြန်မာစစ်" စာအုပ်မှာ အခုလို ဖတ်ရတယ်။
"မုတ္တမမှ
အတ္တရံမြစ်ကြောင်းအတိုင်း စမိ (Sami) မြို့အထိလာသည်။ ထိုမှတဆင့် ကုန်းကြောင်းသွား၍ မဲစလက်
(Mae Saklik) နှင့် မဲကရစက် (Mae Krasat) မြစ်တို့ကို ဖြတ်ပြီးလျှင် တောင်ကုန်းတခုကို
ဖြတ်ကျော်၍ ဘုရားသုံးဆူတွင် ယိုးဒယားပြည်တွင်းသို့ ဝင်သောလမ်း ဖြစ်သည်။ ထို့နောက် မဲနွိုင်
(Me Noi)၊ စန်တေး (San Tay) နှင့် ဗီကီ (Bikee) မြစ်သုံးမြစ်တို့ ဆုံရာသို့ မဲနွိုင်မြစ်အတိုင်း၊
ထိုမြစ်ဆုံမှလှေဖြင့် စိုင်ယောက်မြို့ (Saiyoke) သို့ သွားရာလမ်းထိပ်ထိ၊ ထိုမှတဆင့်
ခွဲယိုင် (Khwe Yai) မြစ်အတိုင်း လန်ချန် (Lan Chang) ရှိ ကန်ချနပူရီမြို့ထိသွားရသည်။"
(စာ-၁၆။ ဗိုလ်မှူး ဘရှင်၊ ယိုးဒယား-မြန်မာစစ်)။ ဟုတ်တယ်။ ရှေးလူကြီးတွေက လမ်းမှတ်မိရအောင်
ကျောက်တုံးလေးတွေ ချထားရင်း တည်ထားကြလို့ "ဘုရားသုံးဆူ"လို့ ခေါ်တယ်ဆိုတာ
ပြောပြကြတယ်။
"မြစ်
၃ ဆုံ၊ ဘုရား ၃ ဆူ" လို့ ပြောစမှတ်ပြုကြတယ်။ ကျနော်တို့ နယ်စပ် ပနန်းထော် ဖက်က
စီးလာတဲ့ (ယခုလက်ရှိ) ဘီးခီးချောင်း၊ လက်ရှိဘုရားသုံးဆူဖက်က စီးလာတဲ့ စွန်ခလီယာချောင်း၊
ရမ်တီးတံတား ဖက်က စီးလာတဲ့ ရမ်တီးချောင်း ၃-ခု ဆုံတဲ့နေရာပဲ။ အရင်က မူလလက်ဟောင်းဘုရားသုံးဆူက
ကွေးမြစ် (River Kwai) ကို ဆည်ပိတ်လိုက်တဲ့ ဗာဂျီရာ လောင်ကွန် (လက်ရှိဘုရင်အမည်) ဆည်ကြီး
၁၉၇၉ မှာ တည်ဆောက်လိုက်တော့ ရေမြုပ်သွားတယ်။ အခုတည်ရှိနေတဲ့ ဘုရားသုံးဆူက ဘယ်အချိန်က
ဘယ်သူတည်ထားမှန်း မသိရဘူး။
ဘုရားသုံးဆူ
စခန်းရောက်တော့ ကျောင်းသားတွေက ခေါင်းဆောင်မှုကော်မီတီ ဖွဲ့ထားပြီးပြီ။ ဒေါက်တာနိုင်အောင်က
ဥက္ကဋ္ဌ၊ ကြာအင်းဆိပ်ကြီးနယ်သား ကိုဆန်းထွန်း (ယခု ဆောက်လုပ်ရေးလုပ်ငန်းရှင်) က ဒု-ဥက္ကဋ္ဌ၊
မော်လမြိုင် သပိတ်က ကိုအောင်မျိုးဆန်းက အထွေထွေအတွင်းရေးမှူး တာဝန်ယူထားကြတယ်။ နယ်စပ်ရောက်တဲ့
ကျောင်းသားလူငယ် ၅၀၀ ကျော် မကရှိမယ်။ တထောင်လောက်တော့ မရှိဘူးထင်မိတယ်။ မွန်-ကရင်စစ်ပွဲဖြစ်လို့၊
ပျက်သွားတဲ့ ဘုရားသုံးဆူရွာက လူမနေတဲ့ အိမ်လွတ်တွေမှာ တတ်နေကြတယ်။ ကျနော်တို့အဖွဲ့
(ကျနော်၊ ကိုမင်းလွင်၊ ကိုသက်ဌေးနိုင်၊ ကိုမျိုးညွန့်၊ ကိုနန္ဒ၊ ကိုဆန်းမင်း) တို့လည်း
ဝါးထရံကာ ဖက်မိုး အိမ်ကလေးတလုံးရတယ်။ စောင်တထည်ရတော့ ကျနော်ပျော်လိုက် ရတာ။ တသက်လုံး
တော်လှန်ရေးလုပ်လို့ရပြီလို့တောင် ထင်မိသွားတယ်။ ကံဆိုးချင်တော့ စောင်က ခေါင်းမြီးခြုံရလောက်
အောင် မရှည်ဘူး။ ခေါင်းခြုံရင် ခြေထောက်လွတ်တယ်။ ခြေထောက်လုံရင် ခေါင်းလွတ်တယ်။ ကျနော်တို့ရောက်စ
ဆောင်းတွင်းက အတော်အေးပြီ။ ညဆိုရင် မီးဖိုအိပ်ကြရတယ်။ အိပ်ယာခင်းအတွက်တော့ စက္ကူချပ်ထူပြားတွေကို
ခင်းကြရတယ်။ စခန်းထဲမှာ အစားအသောက် အထောက်အပံ့တွေ စရနေပြီဆိုတော့ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊
ဆန်၊ ဆီကတော့ မပူရဘူး။ ကျနော်တို့အစုအတွက် အိုးတလုံးပဲရတယ်။ ရတဲ့အိုးနဲ့ ဟင်းချက်၊
ထမင်းချက်ဖို့တော့ ဆီပုံးဟောင်း လေးထောင်သံပုံးနဲ့ ချက်တတ်အောင် လေ့ကျင့်ကြရတယ်။ ရွာပျက်ကြီးဆိုတော့
ဟင်းသီးဟင်းရွက်ကတော့ ရှာစားလို့ ရတယ်။ ချဉ်ပေါင်၊ ရွှေဖရုံ၊ ကျောက်ဖရုံပင်တွေ ရှိနေကြတယ်။
ဒါပေမယ့် စစ်လက်ကျန်မိုင်းတွေ၊ မကွဲသေးတဲ့ ကျည်သီး တွေ အန္တရာယ်ရှိတယ်။ တခါတလေလည်း အလောင်းတွေ
မသေမသပ်မြုပ်ထားလို့ ဟိုပေါ်သည်ပေါ် ရှိနေတာလည်း မြင်ကြရတယ်။
ဘုရားသုံးဆူစခန်းမှာ
ကျောင်းသားလူငယ်တွေက အုပ်စုအလိုက် ရှိကြတယ်။ နယ်နီးစပ်တဲ့အလျောက် မုဒုံအုပ်စု၊ သံဖြူဇရပ်အုပ်စု၊
ကြာအင်းဆိပ်ကြီးအုပ်စုတွေက လူများတယ်။ ရန်ကုန်အုပ်စုကလည်း အားတောင့်တယ်။ အဲဒါအပြင်
ရနောင်း (ကော့သောင်းတဖက်ကမ်း) ကို လှေနဲ့ထွက်လာကြပြီး၊ ရနောင်းမြို့က ငါးဖမ်းလှေဂိုဒေါင်တွေမှာ
သောင်တင်နေ၊ နောက်တော့ ဘုရားသုံးဆူစခန်းဖက်ကို ပြောင်းရွှေ့လာကြတဲ့ အုပ်စုတွေလည်း ရှိတယ်။
အဲဒီအုပ်စုထဲက တစုက ရနောင်း ကနေ ငါးဖမ်းပိုက်ကြီးတွေ တခါတည်းအတူ သယ်လာခဲ့ကြတယ်။ ငါးဖမ်းပိုက်အကြီးကို
သစ်ပင်ကြီးမှာ လွှားလို့၊ ဟိုဖက်တက် သည်ဖက်ဆင်း၊ လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ စခန်းက
တရားဝင်စစ်သင်တန်းတွေ မစသေးတော့ သူတို့ဘာသာ မနက် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တယ်။ ပြေးတယ်။
သူတို့အစုကို ကျနော်တို့က "တုန်လှုပ်ခြောက်ခြားရေးအဖွဲ့" လို့ ခေါ်တယ်။ နောက်ပိုင်းမှာ
သူတို့က (ဝန်ကြီးချုပ်ဟောင်း ဦးနုသား) ဦးအောင်နုခေါင်းဆောင်တဲ့ ဒညတ အဖွဲ့နဲ့ ပေါင်းမိတယ်။
ဖောက်ခွဲရေးသင်တန်းတွေ တက်ကြတယ်။ ကိုစိုးမြင့်တို့လို လေယာဉ်ပျံပေးဆွဲတဲ့ အစုတွေလည်း
ပါတယ်။ [ဒညတအဖွဲ့နဲ့ တုန်လှုပ်ခြောက်ခြားရေးအဖွဲ့အကြောင်း နောက်မှ သီးသန့်ရေးရမယ်။]
ကျနော်တို့အဖွဲ့က ဘုရားသုံးဆူရွာ မှာ ကြာကြာမနေရဘူး။ ကျနော်တို့လို ဆေးကျောင်းသားတွေရောက်လာတော့
အံကျဖြစ်သွားတယ်။ စခန်းသစ်ဆောက် နေတဲ့ နေရာမှာ ဆေးမှူးမရှိဘူးဆိုပြီး၊ တာဝန်ပေးလို့
ထွက်သွားကြရတယ်။ ဘုရားသုံးဆူရွာမှာ ကျောပူအောင် မနေလိုက် ကြရဘူး။ ကိုမင်းဆန်းမင်းကတော့
စခန်း၊ နိုင်ငံခြားရေးဌာနမှာ တာဝန်ပေးခံရတယ်။ သူက အင်္ဂလိပ်စာကောင်းတယ်။
ဘုရားသုံးဆူရွာက
ကျောက်တောင်ကြီးတွေရှိတယ်။ လှမ်းကြည့်ရင် စိမ်းစိုတဲ့ တောင်တန်းတွေ မြင်နေရတုန်းပဲ။
တောင် ပတ်လည်ဝိုင်းထားတဲ့ တောင်ကြားဖြတ်လမ်း စခန်းလေးတခုလို့ ဆိုနိုင်တယ်။ အရင်သမိုင်းကာလက
ဘယ်လိုရှိတယ် မသိနိုင်ပေမယ့်၊ အခုတော့ ထိုင်းနယ်ထဲကနေ လက်ချောင်းကလေးလို ထိုးထွက်နေတဲ့
လမ်းကလေးရှိတယ်။ လမ်းတဖက် တချက်က မြန်မာပိုင်။ လက်ချောင်းလို ရှည်မျောမျောလမ်းကလေးက
ထိုင်းပိုင်၊ အခုဘုရားသုံးဆူ သေးသေးရှိတဲ့နေရာကို ဆက်ထားပြီး၊ လောရှမ်း (လာအို-ထိုင်း)၊
ထိုင်းလူမျိုးတွေလည်း ကုန်သည်လုပ် နေထိုင်ကြတယ်။ အဓိကအားဖြင့် မွန်-ကရင် လူမျိုးတွေနေထိုင်ကြတယ်။
သစ်ခိုးထုတ်တာတွေ ရှိပြီး၊ ဖုန်ထူထူမြေလမ်းမှာ ညညဆိုရင် မီးရောင်စုံထွန်းထားတဲ့ သစ်ကားကြီးတွေ
ဖြတ်ဖြတ်သွားတာ ရင်နာဖွယ်တွေ့ရတယ်။
အဲဒီအချိန်က
မွန်-ကရင်စစ်ပွဲပြီးလို့ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု- မဒတ (NDF) ရဲ့ စေ့စပ်ဖြန်ဖြေပေးမှုနဲ့
မွန်-ကရင် ပူးတွဲအုပ်ချုပ်ရေး ကော်မီတီဖွဲ့စည်းထားတယ်။ ကရင်ဖက်ကဆိုရင် ဖဒို ဗိုလ်မှူးတူးတူးလေးက
ဦးဆောင်ပြီး၊ မွန်ဖက်က နိုင်ဗညားအောင်က ဦးဆောင်တယ်။ သူတို့နှစ်ဦးလုံးက သံတမာန်ရေးညက်တယ်၊
ယဉ်ကျေးပျော့ပြောင်းတယ်၊ နည်းနာ ကြွယ်တယ်လို့ ဆိုနိုင်တယ်။ (နောက်ပိုင်းမှာ ဆရာမန်းအောင်ဌေးက
ကေအဲန်ယူအဖွဲ့ဖက်က ဦးဆောင်တယ်)။ ကျနော် တို့က လိုအပ်တာရှိရင် သူတို့နဲ့ ပြောကြရတယ်။
အပစ်ရပ်စဲရေး ထိန်းသိမ်းစောင့်ကြည့်ဖို့ တပ်ပေါင်းစုကိုယ်စားလှယ် ကချင် ကေအိုင်အေ ဗိုလ်မှူး
ဇော်ဘောင်လည်း တခါတလေ လာနေတယ်။
ဇော်ဘောင်လည်း တခါတလေ လာနေတယ်။
ဘာဖြစ်လို့
မွန်-ကရင် စစ်ဖြစ်ကြတာလဲ။ ဘယ်လူကြီးကမှတော့ သေချာမရှင်းပြပါဘူး။ နောက်ပိုင်းမှာတော့
အချို့ မွန် ခေါင်းဆောင်တွေဆီက "ဘာကြောင့်မွန်ပြည်သစ်ပါတီ နှစ်ခု ကွဲရတာလဲ"။
[မွန်ပြည်သစ်ပါတီလည်း နိုင်ရွှေကျင် ဦးဆောင်တဲ့ အဖွဲ့- နိုင်နွံလာ (နိုင်စိမ်းနို့)
ဦးဆောင်တဲ့ အဖွဲ့ဆိုပြီး ကွဲကြသေးတယ်။ တိုက်ကြသေးတယ်။ ပြန်လည် ပေါင်းစည်းမိတာ မကြာသေးဘူး။
ပေါင်းစည်းမိလို့ အင်အားနည်းနည်း ပြန်ကောင်းလာတဲ့ အခြေအနေမှာ ကရင် တပ်ဖွဲ့တွေနဲ့ ပြန်တိုက်ရတယ်။]
"ဘာဖြစ်လို့ မွန်-ကရင်စစ် ဖြစ်ရသလဲ" ရှင်းပြထားတဲ့ စာအုပ်၊ စာတန်းလေးတွေ
ဖတ်ကြရ တယ်။
ဝန်ကြီးချုပ်ဦးနု
ပါလီမာန်ဒီမိုကရေစီခေတ်မှာ "လက်နက်နဲ့ ဒီမိုကရေစီ လဲမယ်ဆိုပြီး" ၁၉၅၈ ခုနှစ်မှာ
မွန်ပြည်သူ့တပ်ဦးက လက်နက်ချသွားခဲ့တယ်။ အလုပ်မဖြစ်ပါဘူး။ ဒီအခါ ဥက္ကဋ္ဌဖြစ်သူ နိုင်ရွှေကျင်နဲ့
လူနည်းစုကလေးပဲ ကျန်တယ်။ သူတို့ကို ကရင် (ကေအဲန်ယူ) က လက်နက်တပ်ဆင်ပေးတယ်။ စောင့်ရှောက်ထားပေးတယ်။
မွန်ပြည်သူ့တပ်ဦး ထိန်းချုပ်နယ်မြေ တွေကို ကရင်က ထိန်းသိမ်းထားပေးခဲ့တယ်။ မွန်ပြည်သစ်ပါတီအနေနဲ့
နောက်ထပ် တော်လှန်ရေးပြန်ဆက်တယ်။ အကယ်၍ မွန်ပြည်သစ်ပါတီအနေနဲ့ တမြို့နယ်မှာ တပ်ခွဲတစ်ခွဲ
ရှိလာပြီဆိုရင်၊ နယ်မြေတွေကို မွန်ပြည်သစ်ပါတီ ထိန်းချုပ် မှုအောက် ပြန်လည် လွှဲပြောင်းပေးမယ်လို့
ကတိရှိထားတယ် ဆိုတယ်။ နောက်ပိုင်းမှာ မွန်ပြည်သစ်ပါတီက အင်အားရှိလာလို့ နယ်မြေ ပြန်လည်တောင်းဆိုတဲ့အခါ
ပြဿနာစကြတော့တယ်။ ကြာအင်းဆိပ်ကြီးဒေသ၊ တောင်ပေါက် ၂၄ ရွာဆိုရင်လည်း မွန်-ကရင်ရွာတွေက
ဒွေးရောယှက်တင် ရှိနေကြလို့၊ ကရင်-မွန်သက်သက် ခွဲခြားဖို့ဆိုတာတော့ လက်တွေ့အရ ခက်ခဲနိုင်တယ်။
မွန်ပြည်သစ်ပါတီက စွပ်စွဲတာကတော့ သူတို့အသက်သွေးကြောလို ဖြစ်နေတဲ့၊ မွန်က အကောက်ရနေတဲ့
ဘုရားသုံးဆူစခန်းကို ကရင်က ထိန်းချုပ်ချင်တယ်။ မွန်ပြည်သစ်ပါတီ ဆက်သွယ်ရေးလမ်းကြောင်း
တွေကို ခက်ခဲအောင်လုပ်ချင်တယ်။ မွန်ပြည်သစ်ပါတီကို လူထုအကြား သြဇာကျအောင် လုပ်ချင်တယ်၊
ကေအဲန်ယူက ဗိုလ်ကျတယ်လို့ စွပ်စွဲကြတယ်။ တိုက်ပွဲငယ်တွေ ကြိုကြားဖြစ်တာပေါင်းရင် မွန်-ကရင်စစ်ပွဲက
၂၈ ရက် ကြာမြင့်တယ်။ မွန်က အင်အားတောင့်လာလို့ စုမိဆောင်းမိတဲ့ လက်နက်၊ ကျည်လည်း
ကုန်သလောက်နီးပါး သုံးလိုက် ရတယ်။ နောက်တော့ (မဒတ) တပ်ပေါင်းစု ဖြန်ဖြေမှုနဲ့ ၁၉၈၈ ခုနှစ်၊
သြဂုတ်လ ၂၄ ရက်နေ့မှာ စစ်ပြေငြိမ်းကြတယ်။ ကျနော်တို့ရောက်တော့ စစ်ပွဲပြီးစ၊ ဘုရားသုံးဆူက
ရွာပျက်ကြီး။
အစိုးရသတင်းစာတွေမှာ
ဒီတိုက်ပွဲသတင်းက ကြိုကြားပါတယ်။ ကျနော်တို့က သတိလည်း မထားမိဘူး။ မယုံကြဘူး။
ဦးနေဝင်း
ပါတီဥက္ကဋ္ဌအဖြစ်က ရာထူးနှုတ်ထွက်ဖို့ မိန့်ခွန်းပြောတဲ့ ဇူလိုင်လ ၂၃ ရက်နေ့မှာပဲ၊ ကေအဲန်ယူတပ်တွေက
ဘုရားသုံးဆူကျေးရွာက မွန်ပြည်သစ်ပါတီ အဓိကကင်းစခန်းကို စတိုက်တယ်။ သြဂုတ်လ ၅ ရက်နေ့မှာ
ကေအဲန်ယူ တပ်တွေက မွန်ပြည်သစ်ပါတီ နမ်းကုတ်ဗဟိုဌာနချုပ်ကို ဝင်တိုက်တယ်။ ကျနော်တို့
၈၈၈၈ က ဖြစ်တော့မယ်။ ကျနော်တို့ မြို့ပြမှာ လူထုသပိတ်ကြီး အရှိန် မြင့်နေစဉ်ကာလတလျှောက်လုံးမှာ
ဘုရားသုံးဆူကျေးရွာမှာ တိုက်ပွဲတွေက အပြင်းအထန်။ (နိုင်ပန်းသာ၊ မွန် နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအတွေ့အကြုံ၊ ဒုကြိမ်၊ အရှေ့ကြယ်စာပေ၊ ၂၀၁၄)
ဒီလိုနဲ့
ကျနော်၊ ကိုဝင်းမင်း၊ ကိုမင်းလွင်တို့ စခန်းသစ်ဆောက်နေတဲ့ နမ်းကုတ်ကျေးရွာ နားက စခန်းသစ်ကို
ရောက်သွား ကြတယ်။ ဆေးရုံစတင် ဆောက်ကြရတယ်။ စခန်းဆောက်လုပ်နေသူတွေက သံဖြူဇရပ်အုပ်စု၊
မုဒုံအုပ်စုက များတယ်။ သူတို့က ကျနော်တို့ကို "ဆရာဝန်၊ ဆရာဝန်"လို့ ခေါ်ကြတယ်။
ပစားပေးကြတယ်။ ကျန်းမာရေးအတွက် တနည်းတဖုံ စိတ်ချရလို့ အားလည်းတက်ကြတယ်။
"ကိုအောင်သူ…
မစုလှိုင်ကို သတိမရဘူးလားဗျ"။ တရက်မှာ ကိုမင်းလွင်က မေးလာတယ်။ မစုလှိုင်ဆိုတာ ကျောင်းမှာ
ကျနော်နဲ့ တရားဝင်ရည်းစားဖြစ်ခဲ့သူ။ သူတို့လည်း သိသလောက် သိကြတယ်။
"အင်း…"
ကျနော်သက်ပြင်းချရင်း ပြောမိတယ်။ "ကျနော် သူ့ကို ဖွင့်ပြောခဲ့မိတာ မှားတယ်လို့
ထင်နေမိတယ်။"
ကျနော်တို့က
နောက်ဆုံးနှစ် အပိုင်း (က)၊ ကာကွယ်ရေးနဲ့ လူမှုရေးဆေးပညာ သင်ခန်းစာအတွက် နယ်ထွက်ကြအပြီး၊
ပြန်လာ၊ ကာလတခုနေမှ ဖွင့်ပြောဖြစ်တာ။ သူကလည်း ချက်ချင်းအဖြေပြန်ပေးလိုက်တော့ ရည်းစားလို
ဖြစ်သွားကြတယ်။ ဒါပေမယ့် နောက်ပိုင်း ကျောင်းပိတ်ရက်တွေက ဆက်တိုက်ဆိုသလိုများတော့ လူချင်းသိပ်မဆုံဖြစ်ကြဘူး။
စိတ်ချင်းတောင် သိပ်ရင်းနှီးမိသလို မဖြစ်သေးဘူး။ အခု တောထဲထွက်လာတော့လည်း ကျနော်သူ့ကို
ဘာတခွန်းမှ မပြောခဲ့မိဘူး။
"ဟုတ်တယ်… ကျနော် သူ့ကို ဖွင့်ပြောခဲ့မိတာ မှားတယ်"။
No comments:
Post a Comment