လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၁)
" မောင် …
ဒီနေ့ မင်းကို အရမ်းသတိရနေတယ်။ အရင်နေ့တွေထက်ကို ဒီနေ့မှ ပိုပြီးလွမ်းတယ်။
တနေ့လုံးပဲ။ အိမ်ရှေ့မှာထွက်ထိုင် နေဖြစ်တယ်။ ကိုယ့်ရင်ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ
ပြောမပြတတ်အောင်ပဲ။ ဖုန်းလိုင်းလည်း ပြတ်နေတော့ ဆက်လို့ မရဘူး။ လူချင်းမတွေ့နိုင်ပေမယ့်
အသံကြားရတယ်ဆိုရင် တော်သေးတယ်။
ကိုယ်နေရတာ တောထဲတောင်ထဲမှာ။ ဘယ်မှလဲ သွားစရာမရှိ။ စိတ်ဖြေစရာ မရှိဘူး။
ညနေဖက်တွေမှာဆို အိမ်ထဲမှာ ဘယ်လိုမှ နေလို့မရနိုင်ဘူး။ ခြံထဲမှာ အော်ဟစ်ပြီး လျှောက်ပြေးနေချင်စိတ်ပေါက်လာတယ်။
စိတ်ထဲမှာ တင်းကျပ်နေ တယ်။
ကျောင်းပိတ်ရက်တွေကို မုန်းလာပြီ။ မင်းဆီက စာ ၂ စောင်ပဲရသေးတယ်။ မင်္ဂလာဒုံကို
ကားကြုံနဲ့ လိုက်လာဖို့ ကြိုးစားမိ သေးတယ်။ အဲဒီညက မင်းတို့အိမ်ကို ဖုန်းဆက်လို့ မရဘူး။
တပ်ကဖုန်းက ခဏခဏ ပျက်တတ်တယ်။ ဒါနဲ့ပဲ ကိုယ်ရောက် ပြီး မင်းမရှိမှာ စိုးတာနဲ့ မလိုက်ဖြစ်ဘူး။
အဲဒီနေ့ တနေ့လုံးပဲ ကိုယ့်မှာ နောင်တတွေ ရနေမိသေးတယ်။
ကိုယ့်ဆီကို လာဖို့ခရီးက ဝေးရုံတင်မဟုတ်ဘူး။ အဆင့်ဆင့်နဲ့ လာရမှာမို့ မင်းကို
အားနာပါတယ်။ ရောက်အောင် မလာတဲ့ အတွက်လည်း စိတ်မဆိုးပါဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့သူတွေနဲ့
ဆက်ဆံဖို့ မင်းစိတ်ညစ်မှာကို ကိုယ်နားလည်ပါတယ်။ … "
၈ လေးလုံးမဖြစ်ခင်၊ ကျောင်းတွေ ပိတ်ထားတုန်း စုလှိုင်ဆီက စာရောက်လာတယ်။
ကျောင်းတွေကလည်း ခဏခဏ ပိတ်တယ်။ နိုင်ငံရေးမတည်ငြိမ်ရင်၊ ကျောင်းသားတွေ ဆူဆူပူပူ ဖြစ်ရင်
ကျောင်းပိတ်လိုက်တာပဲ။ ၁၉၈၇ ခုနှစ်၊ စက်တင် ဘာလ ၅ ရက်နေ့မှာ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့
၁၅ ကျပ်တန် ငွေစက္ကူတွေကို တရားဝင်ငွေစက္ကူ အဖြစ်မှ ရပ်စဲ ကြောင်း ကြေညာတော့ လှည်းတန်းမှာ
ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ မီးအမှောင်ချပြီး ဆူပူကြတယ်။ ကျနော် တို့ ဆေး-၂ မှာတော့
ဘာမှ ပြဿနာမရှိခဲ့ဘူး။ ဒါပေမယ့် ကျောင်းတွေပိတ်၊ ကျောင်းသားတွေ နယ်ပြန်ခိုင်းခဲ့တယ်။
နောက် ကျနော်တို့ အပိုင်း (၁) စာမေးပွဲဖြေရတယ်။ ကျနော်က စာမေးပွဲကျလို့ ပြန်ဖြေရတယ်။
ဆပ်ပလီ (နောက်ဆက် တွဲ စာမေးပွဲ) ပြီးတော့ ပြန်အောင်တယ်။ ကျောင်းခဏ ပိတ်ပြီး အပိုင်း
(ခ) ပြန်တက်ရလို့ မကြာသေးဘူး။ ဖုန်းမော် RIT အရေးအခင်း ဖြစ်လာတယ်။ ၁၉၈၈၊ မတ်လ ၁၃ ရက်နေ့မှာ
စက်မှုတက္ကသိုလ် ကျောင်းသားတွေ ဆူပူမှုကို လုံ/ထိန်း တပ်ရင်းတွေ လူစုခွဲရင်း သေနတ်နဲ့
ပစ်တယ်။ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်သေတော့ ကျောင်းသားသပိတ် တွေ ပြန်ဖြစ်လာတယ်။
ကျောင်းပိတ်ပြန်တယ်။
မစုလှိုင်က ပဲခူးဖက်က တပ်ရင်းမှူးတယောက်ရဲ့ သမီး၊ ကျောင်းပိတ်ရက်ဆိုတော့
အိမ်ပြန်သွားရတယ်။ ကျနော်တို့ အင်းစိန်အိမ်မှာ၊ အဖေကဝန်ထမ်းဖြစ်လို့ သိပ်မကြာခင်ကလေးကပဲ
လိုင်းကြိုးတယ်လီဖုန်း တခုရထားတယ်။ သူလည်း နံပါတ် သိတယ်။ ဒါပေမယ့် သူကခေါ်မယ်ဆိုရင်
အိပ်ချိန်းရုံးကတဆင့် ခေါ်ရမယ်။ ကျနော်တို့ ပြောဆိုနေတာကို အိပ်ချိန်းမှာရှိတဲ့ ရဲဘော်က
ကြားနေရမယ်။ အကယ်၍ ကျနော်က ဖုန်းခေါ်မယ်ဆိုရင်လည်း အိပ်ချိန်းရုံးကတဆင့် သူ့အိမ်ကို
တောင်းရလိမ့်မယ်။ ဒါကြောင့် ဖုန်းလည်း သိပ်မပြောဖြစ်ကြဘူး။ စစ်တပ်ဝင်းထဲဆိုတော့ ပျင်းစရာ
ကောင်း မှာပါ။ တပ်ကကား အပြင် ထွက်မှသာပဲ သူတို့ လိုက်လာကြတယ်။
ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းသားလှုပ်ရှားမှုထဲ သွားပါမိလို့ ကျနော့်မိတ်ဆွေ
ကိုမင်းလွင် အင်းစိန်ထောင်ထဲ ခဏပါသွားတယ်။ ပြန် လွတ်တယ်။ ဒါပေမယ့် သူနဲ့ ဆေး-၂ က နောက်ကျောင်းသား
တယောက် (ကိုမင်းမင်း၊ ယခု မေ့ဆေးဆရာဝန်ကြီး မန္တလေး) ကျောင်းထုတ်ခံကြရတယ်။ ဆေး-၁ ကို
ရောက်နေပြီဖြစ်တဲ့ ကိုဝင်းမင်းလဲ မတ်လကျောင်းသားလှုပ်ရှားမှုမှာ ရန်ကုန်တက္ကသိုလ်ကို ပိတ်ဆို့ချေမှုန်းတော့
ခဏ ဖမ်းခံရတယ်။ စစ်ဆေးပြီး ပြန်လွှတ်ပေးတယ်။ သူတို့ ကျောင်းထုတ်ခံရမယ်ဆိုတော့ ကျနော်တို့က
ကျောင်းပြန်တက်ခွင့်ပေးရေး လှုပ်ရှားဖို့ စဉ်းစား ကြတယ်။ ဒီလိုနဲ့ ၁၉၈၈ ခုနှစ်၊ ဇွန်
ကျောင်းသားလှုပ်ရှားမှုတွေဖြစ်လာ၊ ကျောင်းပြန်ပိတ် သွားပြန်တယ်။ သူနဲ့ ကျနော် ရည်းစား
ဖြစ်တယ်သာ ဆိုတယ်။ ဘာမှသိပ်ကြာကြာ မရင်းနှီးရသေးဘူး။ သူကတော့ ရွှေတိဂုံဘုရား အတူတူ ဖူးချင်တယ်၊
လည်ချင်တယ် ပြောတယ်။ ကျနော်လည်း သူ့ဆန္ဒ မဖြည့်ဆည်းပေးခဲ့ဖြစ်ဘူး။
မစုလှိုင်နဲ့ ကျနော်က ဆေးတက္ကသိုလ်-၂ ရောက်တော့ အတန်းအတူတူ။ အမှန်ပြောရရင်
ကျနော်သူ့ကို သတိမထားမိခဲ့ ဘူး။ ကျနော့်ရေဒါထဲမှာ သူ ရှိမနေခဲ့ဘူး။ သာမာန်အတန်းဖော်
တယောက်ပါပဲ။ ဒါပေမယ့် နောက်ဆုံးနှစ် အပိုင်း (က) နယ်ကွင်းဆင်း (Field trip) ထွက်ရတော့
တအုပ်စုထဲ ဖြစ်ခဲ့တယ်။ ကျနော်တို့က ရေနံချောင်းမြို့ကို ကွင်းဆင်းထွက်ရ တယ်။ ပြောရရင်
ဆေးတက္ကသိုလ် ကျောင်းသားအများစုက တလအကြာလောက် အတူတကွ ခရီးထွက်ကြရတဲ့ Field Trip ကို
ရင်ခုန်စိတ်လှုပ်ရှားကြတယ်။ ကိုယ်မျက်စေ့ကျထားသူနဲ့ အုပ်စုအတူတူ ဖြစ်အောင် ကြိုးပမ်းကြတယ်။
လှုပ်ရှား ကြတယ်။ ပြီးတဲ့အခါ ဆေးတက္ကသိုလ်-၂ က သီတာဆောင် (အမျိုးသမီးဆောင်) ရှေ့မှာ ဒွိယံ၊
ဒွိယံ စုံတွဲကလေးတွေ တွေ့ လာကြရတယ်။ ရန်ကုန်တက္ကသိုလ်မှာလည်း အဲသလိုမျိုး အခြေအနေပြတဲ့
စာပြောင်လေးတွေ ရှိပါတယ်။ "မစွံ တောင် တက်၊ မတက်လှေလှော်၊ မလှော် စာပြ" ဆိုတာမျိုး
နီးစပ်မှု ရကြအောင် ချည်းကပ်ကြမှုမျိုးပါ။
ကျနော်ကတော့ ကျနော်ရင်းနှီးနေတဲ့ ကိုသက်ဦး (ယခု UK) နဲ့ ပတ်သက်လို့
Field Trip အုပ်စုတွဲမိကြတယ်။ ကိုသက်ဦး က စာဖတ်တယ်။ သို့သော် စာတွေဘာတွေ မရေးဘူး။
အင်္ဂလိပ် စာပေ၊ ဝတ္ထု စသည်ဖြင့်လည်း ဖတ်တော့ စကားပြောဆို လို့ ရတယ်။ ဒါနဲ့ပဲ ကျနော်၊
သူ အပါအဝင် ၇ ယောက် အုပ်စုဖွဲ့ဖြစ်ကြတယ်။ ခရီးမထွက်ခင် ကတည်းက စုဝေးပြင်ဆင်ကြ ရတယ်။
ကုန်ကျမယ့် ပိုက်ဆံကို စုထည့်ပြီး၊ ဘုံရန်ပုံငွေ တရပ် သတ်မှတ်ကြတယ်။ ကွင်းဆင်းရင် ဝတ်ဖို့
ဘက်တံဆိပ်နဲ့ ဂျက်ကက်အင်္ကျ ီတွေချုပ်ကြ၊ လိုအပ်တဲ့ ပစ္စည်း၊ အပိုဆောင်း ဆေးဝါးတွေ ဝယ်ကြ၊
တတွဲတွဲ အလုပ်ရှုပ်ကြရတယ်။ ဒီလိုနဲ့ ၁၉၈၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှာ ဆေး-၂ က စထွက်တယ်။
ကျနော်တို့ကို ပါမောက္ခချုပ် ဒေါက်တာ ဦးမျိုးသွယ် နဲ့ ကာကွယ်ရေးနဲ့ လူမှုရေးဆေးပညာဌာန
(PSM)၊ ဌာနမှူး ဒေါက်တာ ဒီခင်လှိုင်တို့က အမှာစကား ပြောကြတယ်။ သိပ် ထူးထူးခြားခြားတော့
မဟုတ်ပါဘူး။ ဆေး-၂ ဂုဏ်သိက္ခာကို ထိန်းဖို့၊ ပြည်သူ့ဘဝ သေချာလေ့လာကြဖို့၊ ပြည်သူ့ဆန့်ကျင်
ရေး မလုပ်ကြဖို့ လောက်ပါပဲ။ ဒီလိုနဲ့ မတ်လ ၂၁ မှာ သာစည်အမြန်ရထားနဲ့ စထွက်ကြတယ်။ ဧပြီ
၁၁ ရန်ကုန်ပြန်ရောက် တဲ့အထိ။
ဒီအခြေအနေက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ရဲ့ နောက်ဆုံး နေ့ရက်များလို့
ဆိုနိုင်တယ်။ တိုင်းပြည် စီးပွား ရေး ချွတ်ခြုံကျတာက သိသာလာတယ်။ ၁၉၈၈ ခုနှစ်ရောက်တော့
(မဆလ) အစိုးရက နိုင်ငံခြားချေးငွေ ဒေါ်လာသန်း ၄,၀၀၀ ကျော် ဆိုက်လာပြီဆိုတာ ကြေညာရတယ်။
ပြဿနာကတော့ တိုင်းပြည်ထဲ လွတ်လပ်ခွင့်တွေ ဆုံးရှုံးလာတာ၊ စီးပွားရေးအနေနဲ့ အစိုးရက စီမံကိန်းချ
လုပ်ဆောင်တဲ့ ကိစ္စက တကယ်မအောင်မြင်ဘူး။ ရုပ်ပြသာ ရှိတယ်။ ပြည်ပပို့ကုန် အစားထိုးဆိုပြီး၊
ပြည်တွင်းမှာ ကုန်ထုတ်လုပ်ရေးကလည်း အစားမထိုးနိုင်ဘူး။ လူသုံးကုန်ပစ္စည်းတွေ ရှားပါးလာတယ်။
တခါ ကုန်စည်ကူးသန်းမှုတွေ ကန့်သတ်တယ်။ ဆန်ကို ဟိုဖက်တိုင်း၊ သည်ဖက်တိုင်း မသယ်ရ၊ ထန်းလျက်တောင်
မသယ်ရ ကန့်သတ်ပစ္စည်း ဖြစ်ကြတဲ့ခေတ်။
ဘယ်လိုအကြောင်းကြောင့်မှန်း မသိဘူး။ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှာ
တစ်ရာတန်ငွေစက္ကူတွေကို တရား မဝင် ကြေညာရပ်စဲခဲ့တယ်။ ကနဦးကတော့ ပြန်လဲပေးမလိုလို ပြောတယ်။
နောက်တော့ ငွေပြန်လဲပေးဖို့ ကိစ္စ ပြောဆိုသံမကြား ရဘူး။ ရပ်ဆိုင်းသွားတယ်။ အချို့လူကြီးတွေကတော့
နယ်စပ်မှာ (အထူးသဖြင့် ကရင်သူပုန်တွေ ဒေသ၊ ဂိတ်တွေမှာ) မှောင်ခို စီးပွားရေးကြောင့်
စီးပွားဖြစ်ထွန်းလာ၊ အင်အားကြီးလာတာကို တိုက်ခိုက်ချင်လို့ ငွေတွေ သိမ်းတာလို့ ဆိုကြ
တယ်။ ဒီအခါမှာ ကေအဲန်ယူသူပုန်တွေ လက်ထဲရှိတဲ့ ငွေတွေ၊ စက္ကူဖြစ်သွားရမယ့် ကိန်းမျိုးပေါ့။
ဒါပေမယ့် ပြည်သူအများ ခံလိုက်ကြရတယ်။ သိပ်မကြာဘူး။ ၁၉၈၆ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ ၇၅
ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၁၅ ကျပ်တန်ငွေ စက္ကူတွေ ရိုက်ထုတ် ဖြန့်ချိတယ်။ အဆန်းကြီး၊ ကိန်းဂဏန်းကလည်း
ပိုက်ဆံတွက်ရ ချက်ရ ခက်လိုက်တာ။ သိပ်မကြာ ဘူး။ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်မှာ ၇၅
ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၁၅ ကျပ်တန်ငွေစက္ကူတွေကို တရားမဝင် တော့ဘူးဆိုပြီး ကြေညာပြန်တယ်။
အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ပြည်သူတွေက တော်တော်ဒေါသ ဖြစ်လာကြတယ်။ အခု ထုတ်၊ အခုသိမ်း
ဆိုတာမျိုး ဖြစ်လာပြီ။ အချို့ကလည်း ဦးနေဝင်း ယတြာချေတယ်လို့ ပြောဆိုနေကြတယ်။ ၁၉၈၇
ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ၄၅ ကျပ်တန်နဲ့ ၉၀ ကျပ်တန် ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေပြန်တယ်။
ဒါလည်း အဆန်းကြီး။ ငွေစက္ကူ မူဝါဒက ဗလောင်းဗလဲ ဖြစ်နေရတယ်။
၁၉၈၈ ခုနှစ်ရောက်တော့ ပြည်သူ့လွှတ်တော်အစည်းအဝေးတခုမှာ တင်ပြတယ်။ မြန်မာနိုင်ငံကို
ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ တခု (LDC) အဆင့်အတန်း အဖြစ် အသိအမှတ်ပြုပါလို့၊ ကုလသမဂ္ဂဆီကို
တောင်းဆိုခဲ့ကြောင်း သိရတယ်။ ဒါဟာ နိုင်ငံ ပြည်သူတွေရဲ့ ဇာတိပုည ဂုဏ်မာနကို အရှိုက်ထိုးလိုက်သလိုပဲ။
သူတို့ (မဆလ) ပါတီ အုပ်ချုပ်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလ မှာ တိုင်းပြည်ဟာ မွဲဆေးဖော်ခဲ့တယ်။
အဆင်းရဲဆုံး နိုင်ငံတခုအဖြစ် ကျဆင်းသွားတာ သိလိုက်ရတဲ့သူတိုင်း စိတ်မချမ်း သာကြဘူး။
ကျနော်တို့ ကွင်းဆင်းခရီးမှာလည်း ပြည်သူတွေ ဘဝကို ကွက်ကွက်ကွင်းကွင်း မြင်ကြရတယ်။
ကျနော်တို့ ရေနံချောင်း ရောက်တော့ ဆေးရုံက အခန်းတခုမှာ စုပေါင်းနေရာချထားပေးတယ်။ အဲသည်
အချိန်မှာပဲ ကလေးတယောက် သေနတ် ဒဏ်ရာနဲ့ ဆေးရုံပေါ်ရောက်လာတယ်။ ရေနံမြေထဲ ရေနံဝင်ခိုးလို့
အစောင့်က ပစ်ခံရတာ။ ရေနံမြေထဲမှာ ပြင်ပက ရေနံ ထုတ်ခွင့် မရှိဘူး။ အစိုးရကပဲ ရေနံတူးခွင့်ရှိတယ်။
အဲသည်တော့ ရေနံတူးစက်က ကျနေတဲ့ ဖိတ်စင်နေတဲ့ ရေနံစိမ်းတွေ ကို ကလေးတွေက ဝင်ခပ်ကြတယ်။
အစိုးရအမြင်မှာတော့ ခိုးတာပေါ့။ သူတို့က ဂါလံပုံးကလေးတွေနဲ့ ခပ်ပြီး၊ မန်းချော ရေတိမ်ထဲ
မျှောလိုက်ကြတယ်။ အောက်က တယောက်က ဆယ်ယူပေါ့။ ပြီးတော့ ဖြစ်သလိုနည်းတွေနဲ့ ရေနံချက်ကြ
တယ်။ အဲသည်ခေတ်က ဓာတ်ဆီ၊ လောင်စာဆိုတာ အစိုးရခွဲတမ်းစနစ်နဲ့ ဆိုင်က ဝယ်ကြရတဲ့ခေတ်။
ပြင်ပမှာတော့ လောင်စာ၊ ဓာတ်ဆီ မှောင်ခိုဈေးကွက်ရှိတယ်။ ဒီလို ရေနံခိုးပြီးခပ်မယ်ဆိုရင်
အစောင့်တွေကို ကြိုတင်ညှိ၊ ငွေပေးထား ကြရတယ်။ ငွေပေးထားတဲ့ကြားက အခုလို ပစ်ခတ်မှု ဖြစ်ရတာ။
အဲဒီကလေးက သေသွားတယ်။
No comments:
Post a Comment