လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၂)
ကျနော်တို့ နောက်ဆုံးနှစ် ကာကွယ်ရေးနဲ့ လူမှုရေး ဆေးပညာ ကွင်းဆင်းလေ့လာကြရတဲ့
ရေနံချောင်းမြို့ရဲ့ မတ်လက ပူလှတယ်။ ကျနော်တို့က 'အညာ' လို့ ထင်ပေမယ့် ဒေသခံတွေကတော့
ဒီဒေသကို မြေလတ်ပိုင်းလို့ပဲ ခေါ်ကြတယ်။ ရေနံချောင်းနဲ့ ပတ်သက်လာရင် မှတ်မှတ်ထင်ထင်
ရှိတဲ့ အကြောင်းတွေ ရှိနေတယ်။ စာတွေ့တွေပါ။ မောင်သိန်းဆိုင်ရေး တဲ့ "ရေနံ့သာ ခင်ခင်ကြီး"
ဝတ္ထုရှည်ကြီးပဲ။ အရင်ကာလ ရေနံ ချောင်းဒေသက တွင်းစားသူဌေးတွေ၊ ရေနံတွင်းတူး လုပ်သားတွေနဲ့
ရေနံချောင်းဒေသအကြောင်းကို ဝတ္ထုဖွဲ့ထားတယ်။ ရေနံချောင်းမြို့ တည်နေပုံက လွမ်းမောစရာ၊
ခြောက်သယောင်းနေတဲ့ တောင်ပူစာတွေ ရှိတယ်။ သစ်ပင်ကလည်း ရှိလှ ကျိုးတိုးကျဲတဲ။ အဲဒီမှာမှ
နာရီလက်တံတွေလို တချက်ချက် လှုပ်နေတဲ့၊ စည်းဝါးကျ သူ့ဘာသာမောင်းနှင်နေတဲ့ ရေနံတူး စင်တွေကို
ဟိုနားသည်နား တွေ့ရတယ်။ ဒီဒေသဟာ ရေနံထွက်လို့ အရင်တချိန်တည်းက ဘီအိုစီ (British
Oil Corporation) လို ရေနံ ကုမ္ပဏီကြီးတွေ လက်ဝါးကြီးအုပ် အခြေစိုက် အမြတ်ထုတ်ခဲ့တဲ့
ဒေသ။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လို့ အင်္ဂလိပ်တွေအဆုပ်မှာ ရေနံတွင်း တွေကို ပိတ်ဆို့ဖျက်ဆီးခဲ့ကြတယ်။
မစားရတဲ့အမဲ သဲနဲ့ပက်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းမျိုးလည်း ကျနော်တို့ သင်ခဲ့ရဖူးတယ်။ ရေနံမြေ
သခင်ဖိုးလှကြီးတို့လို မဝရေစာစားပြီး၊ ရေနံတွင်းမှာ အလုပ်လုပ် နေကြရတဲ့၊ နောက်ဆုံး
"ဖောင်စီးရင်း ရေငတ်" မခံမရပ်နိုင်လို့ ထကြွပုန်ကန်ကြတဲ့ သူရဲကောင်းတွေရဲ့
သမိုင်းလည်း ကျနော်တို့ သမိုင်းမှာ သင်ခဲ့ကြရဖူးတယ်။ နောက်တခု ကျနော်စာအုပ်တွေထဲက မှတ်မှတ်ရရဖြစ်နေတာက
စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတွေထဲက ရေနံချောင်းပဲ။ ဆရာမက ရေနံချောင်းသူ။ သူကြီးပြင်းရာ အရပ်ကို
တနည်းတဖုံ စာအုပ်တွေထဲ ထည့်ရေးဖွဲ့တယ်။ အဲသည် ဝတ္ထုတို၊ စာအုပ်တွေထဲက ရေနံချောင်းကို
ကျနော်မြင်ချင်နေမိတယ်။ "အဝေးကြည့်မှန် ပြောင်း" ဝတ္ထုတိုထဲကလို တဖက် တောင်ကုန်းကို
လှမ်းမြင်နေရတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်အမျိုးသမီးကတော့ အဝေးကြည့် မှန်ပြောင်းတလက်နဲ့
ရေနံချောင်း တဖက်က တောင်ကုန်းတွေကို လှမ်းမျှော်ငေးမောနေမလားပဲ။
ရေနံချောင်း တကယ်ရောက်တော့ ပူတယ်။ ဖြတ်သန်းတိုက်ခတ်လာတဲ့ လေထုကစလို့ ပူလောင်နေတယ်။
ရွက်ကြွေတွေ က ခြောက်သယောင်းလို့၊ အပင်ပေါ်မှာ မကျန်လောက်အောင် ကြွေကျကုန်ကြပြီ။ ပေါက်ပင်၊
လဲပင်တွေက ပန်းနီနီတွေ မီးတောက်သလို ဖူးပွင့်နေကြတာကိုပဲ နွေအလှလို့ မှတ်ယူရတော့မယ်။
ချွေးစေးတွေထွက်တယ်။ အင်္ကျ ီနဲ့ကိုယ်မကပ်ချင် လောက်အောင် ပူသယောင်းပေမယ့်၊ ဖုန်တထောင်းထောင်းကြားထဲမှာ
ကပ်ညိလာတဲ့ ဖုန်တွေကို ချွေးတွေရောပြီး ပြန်ပြန် သုပ်နေရတယ်။ ကျနော်ကတော့ ကျနော်တို့
တည်းခိုရာ အဆောင်တခုနောက်က သစ်ခြောက်ပင်ကြီးကို အခုတိုင် ပြန် အမှတ်ရနေသေးတယ်။ ဆေးရုံနောက်ကျောက
တက်သွားရင် တောင်ကုန်းလေးတခုနဲ့ အပေါ်မှာ စေတီတဆူရှိတယ်။ နည်းနည်း တက်လိုက်ရင် အင်မတန်ဆွေးမြေ့ဖွယ်
သစ်ခြောက်ပင်တပင်ကို မြင်ရတယ်။ အဲဒီသစ်ခြောက်ပင် ခြေရင်းမှာ ဘယ်သူမှန်းမသိရတဲ့ သူတဦးရဲ့
အုတ်ဂူငယ်တခုကိုလည်း မြင်ရတယ်။ ညနေ နေကျချိန် နီကျင်ကျင်မှာ ဒီသစ်ခြောက်ပင် နဲ့ အုတ်ဂူငယ်ဟာ
ဇာတ်လမ်းတခုခုကို ပြောနေသလိုပဲ။ ဘာရယ်လို့မဟုတ်ဘူး။ ဒီမြင်ကွင်းက ဆွေးမြေ့ဖွယ်အလွမ်းဓာတ်
ကို ရစေတယ်။
ကျနော်တို့ ကွင်းဆင်းအဖွဲ့တွေအတွက်တော့ ဒီခရီးစဉ်ဟာ အတော့်ကို ပျော်ရွှင်စရာ
ခရီးစဉ်ပါ။ ကျနော်တို့ကို ဧည့်ခံရတဲ့ မြို့နယ် ကျန်းမာရေးအရာရှိ ဆရာဝန်ကလည်း ဖော်ရွေလှတယ်။
လူငယ်သဘောကိုသိတော့လည်း ပေါင်းလို့သင်းလို့ အဆင်ပြေလှတယ်။ ဒီခရီးတိုလေးအတွင်းမှာ အားလုံးဟာ
မောင်နှမတွေလို ရင်းနှီးသွားတယ်။ စကြနောက်ကြတယ်။ ရယ်မောကြတယ်။ သူမသိသေးတဲ့၊ ကိုယ်မသိသေးတဲ့
ဘဝနောက်ကြောင်းတွေကို ပြောပြဖြစ်ကြတယ်။ ကျနော်တို့ အထဲက ကျောင်းသူတယောက်က လမ်းဘေးဆိုင်တွေဆို
သူမစားတတ်ဘူး။ မြို့မှာကလည်း စားသောက်ဆိုင်နည်းလှ တယ်။ ဒီလိုနဲ့ မြို့ရဲ့အကောင်းဆုံး
စားသောက်ဆိုင်တခုမှာ မနက်စာလည်း အဲဒီမှာ၊ ညစာလည်း အဲဒီမှာ ဖြစ်ကြရတယ်။
ကျနော်တို့ မြင်ရတဲ့ ကျေးရွာလူထုတွေကတော့ ဆင်းရဲလှတယ်။ ပူခြောက်တဲ့ဒေသဖြစ်တော့
ရေရှားတယ်။ မျက်ခမ်းစပ် ရောဂါသည်တွေပေါတယ်။ နူနာရောဂါသည်တွေလည်း ရှိတယ်။ ရာသီဥတုကြောင့်
အချို့ဒေသခံလူထုတွေ အသားအရေ က မွဲခြောက်နေသလို ထင်ရတယ်။
ကျနော်တို့ ရေနံချောင်းကို အလာ၊ ရထားခရီးမှာ စိတ်ထိခိုက်စရာ အဖြစ်အပျက်တခုလည်း
ကြုံရတယ်။ ကျောက်ပန်း တောင်း-ကြေးနီ ရထားလမ်းတိုကလေး တခုကို လမ်းခွဲစီးကြရတယ်။ အာဏာပိုင်တွေ
စီစဉ်ထားတဲ့ ဆေးကျောင်းသား တွေက ရထားတွဲ တဝက်စာကို ခုံနံပါတ်နဲ့ရတယ်။ ရထားလမ်းတိုဖြစ်တော့
တွဲလည်းနည်းတယ်။ အဲဒီမှာ ကျန်တဲ့ လူထုတွေက တွဲတဝက် မှာ ပြွတ်သိပ်ကျပ်ညှပ်ပြီး ရထားတိုးစီးနေကြရတယ်။
ကျနော်တို့ကတော့ တွဲကျန်တဲ့တဖက်ခြမ်း မှာ ခုံကိုယ်စီနဲ့ ဇိမ်ကျနေကြ တယ်။ ကျနော်တို့
ချုပ်လာကြတဲ့ ဆေးကျောင်းဘက်တံဆိပ်တွေနဲ့ ကုတ်အင်္ကျ ီတွေကလည်း သစ်သစ်လွင်လွင်။ ခရီး အစဆိုတော့
စကားတွေလည်း တဖောင်ဖောင်။ အခွင့်ထူးခံ ဗွီအိုင်ပီဆန်ဆန်နဲ့ ခရီးစ လာကြ တယ်။ ရထားတွဲ
တခြမ်းကို တဖက်ကသူတွေ မလာရအောင် အိပ်တွေနဲ့ ပိတ်ဆို့ ကာထားကြတယ်။ ရထားတွဲ တဖက် ကနေ
ကျပ်ညှပ်စီးလာရတဲ့ သူတွေရဲ့ အကြည့်တွေကတော့ စိမ်းကားလှတယ်။ ဒီ ကျောင်းသားအုပ်ကြောင့်
သူတို့ ရထားပိုကျပ်နေသလိုမျိုး၊ ပိုဒုက္ခရောက်ရသလိုမျိုး ကြည့်နေတာလည်း ဖြစ်နိုင်တာပဲ။
နောက်တော့ ကျနော်တို့ထဲက ကျောင်းသူတယောက်က တဖက်က အသက်ကြီးလွန်းတဲ့ အဖိုးအိုတယောက်ကို
သနားလို့ ကျနော်တို့ဖက်ကို ခေါ်ပြီး ထိုင်စေတယ်။ ဒီအထိ ပြဿနာမဟုတ်သေးပါဘူး။
ကျနော်ကတော့ စာရေးဆရာ နိုင်ဝင်းဆွေရဲ့ နွေတညဝတ္ထုကို သတိရနေမိတယ်။ ဒီဇာတ်လမ်းထဲမှာ
ဇာတ်လိုက်က ရထား ဘူတာရုံငယ်တခုက အလံချိုးတဲ့ စာရေးကလေး၊ မင်းသမီးဖြစ်သူက ဒီရထားပေါ်
ထန်းလျက်မှောင်ခို သယ်ရတဲ့ ဈေးသည်မကလေး မခင်ဝေ။ အဲဒီဆိုရှယ်လစ်ခေတ်က ကျပ်တည်းပင်ပန်းပုံများ
ထန်းလျက်ကိုတောင် တနယ်နဲ့ တနယ် လွတ်လပ်စွာ သယ်ဆောင်စီးဆင်းခွင့် မပေးဘူး။ မှောင်ခိုသယ်ကြရတယ်။
မှောင်ခိုလုပ်ငန်း ဖြစ်တဲ့အလျှောက် သယ်ဆောင် ရောင်းဝယ်ကြသူတွေမှာ အန္တရာယ် အထိုက်အလျောက်
စွန့်စားကြရတယ်။ ဒီလို ဇာတ်လမ်းနဲ့ ဘဝတွေကို စဉ်းစားနေမိတယ်။ ဒီအချိန်မှာပဲ စီကနဲ ပြဿနာတွေက
စဖြစ်လာတယ်။ ကျောင်းသူတယောက်က ပိုက်ဆံအိပ် ပျောက် တယ်ဆိုပြီး ထလုပ်တယ်။ ဟိုအဖိုးအိုမှာ
မျက်နှာသွေးမရှိတော့ဘူး။ တုန်ယင်နေတယ်။ "သူ…. ခိုးတာမဟုတ်ပါဘူး" လို့ အကြိမ်ကြိမ်
ငြင်းနေတယ်။ ကျန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကလည်း ပြန်ရှာပါဦး၊ အထားမှားသလား။ ဟိုနား
ရှာပါ။ သည်နားရှာပါ ပြာယာခတ်ကုန်ကြတယ်။ ပိုက်ဆံအိပ်ကလည်း ရှာလို့ မတွေ့ဘူး။ ရထားက တာဝန်ခံအစောင့်
တွေကို သတင်းပေးကြတယ်။ အစောင့်တွေလည်း ပြာယာခတ်ကုန်ကြတယ်။ ရထားတွဲရဲ့ ကျနော်တို့ဖက်အခြမ်းကို
အခြား လာတဲ့သူလည်း မရှိခဲ့ဘူး။ ရှိတာကလည်း ခုန သနားလို့ ခေါ်ထိုင်စေတဲ့ အဖိုးအိုတယောက်ပဲ။
သူ့ကိုလည်း ရထား တွဲစောင့်တွေက ရှာဖွေကြတယ်။ ပိုက်ဆံအိပ်ပျောက်တဲ့ ကျောင်းသူကိုလည်း
ဒီလောက် နမော်နမဲ့နိုင်ရသလား ဝိုင်းဆူ ကြတယ်။ သူကလည်း ငိုနေတယ်။ ရထားတွဲရဲ့ တဖက်ခြမ်းက
ကျပ်ညှပ်ပြီးစီးလာတဲ့ လူထုရဲ့ အကြည့်တွေက ပိုစိမ်းကား လာတယ်။ ဒီလို သာမန်ရထားခရီးသည်တွေအကြားမှာလည်း
ရထားတွဲစောင့်တွေက အိပ်တွေဖွင့် လှန်လှောစစ်ကြောကြ တယ်။ ဒီရထားရဲ့ လေထုဟာ ပိုသိပ်သည်းလာသလိုပဲ။
ဘယ်လောက် တင်းကျပ်လိုက်ပါသလဲ။ အားလုံးကလည်း တိတ်ဆိတ်တင်းမာနေတယ်။ ကျနော်တို့က ဘာမှ
မဆိုင်ပေမယ့် အပြစ်ရှိနေသလိုလို ခံစားလာရတယ်။ ဘယ်လိုဆက်ဖြစ်ကြတယ် မသိဘူး။ ကျနော်တို့က
လမ်းတဝက် ဘူတာမှာ ဆင်းရတော့ စိတ်သက်သာရာ ရခဲ့တယ်။
ကျနော်တို့ ကွင်းဆင်းခရီးပြီးတော့ မေမြို့ (ပြင်ဦးလွင်)၊ မန္တလေးတို့ ဆက်လည်ပတ်ကြတယ်။
ဒီခရီးစဉ်တလျောက်မှာ အားလုံး မောင်နှမလို ခင်ခင်မင်မင်ပါပဲ။ ဒါပေမယ့် စုလှိုင်က ကျနော့်ကို
ကပ်တယ်လို့ ထင်မိတယ်။ သူငယ်ချင်းတွေက လည်း စနောက်ကြတယ်။ သူကလည်း အခွင့်အရေးပေးသလို
ထင်နေမိတယ်။ ကျနော်တို့ အချို့လေ့လာရေးကိစ္စတွေမှာ နှစ်ယောက် တတွဲ၊ သုံးယောက်တတွဲ အုပ်စုဖွဲ့
လုပ်ဆောင်ကြရတာမျိုးတွေ ရှိတယ်။ ဒီလိုကိစ္စမျိုးတွေမှာ ကျနော်သူ့ကို ရှောင်နေမိတယ်။
စုလှိုင်က ပွင့်လင်းတယ်။ ခင်စရာကောင်းပါတယ်။ သိပ်ဟန်ဆောင်တတ်တာမျိုး မရှိဘူး။ ဒါပေမယ့်
အချောကြီးထဲ ကတော့ မဟုတ်ဘူး။ ညိုချောပဲပေါ့။ သူ့ကို ရှောင်ချင်တဲ့စိတ်နဲ့ပဲ ကျနော်တို့အဖွဲ့ထဲက
မျိုးမျိုးနဲ့ ကျနော်ပိုလို့ တွဲမိတယ်။ မျိုးမျိုးကတော့ ဆံပင်တိုတို၊ ကလေးဆန်ဆန်၊ ပိုပြီး
ယောက်ျားလေးဆန်သလိုလို ပုံစံမျိုး။ ဒီခရီးစဉ်တခုလုံး ကျနော် သူ့ကို ရှောင်ချင်လေလေ၊
မျိုးမျိုးနဲ့ ပိုပြီးနီးစပ်လာလေလေ ဖြစ်လာခဲ့တယ်။
အိမ်အပြန်ရက် နီးလာလေလေ၊ စုလှိုင်က မရွှင်မပြ ဖြစ်လာတယ်။ ကျနော်လည်း စိတ်မကောင်းမိဘူး။ ကျနော်တို့ ရထားနဲ့ ပြန်လာကြတော့ သူ ရန်ကုန်အထိ လိုက်မလာခဲ့ဘူး။ လမ်းတဝက် ပဲခူးဘူတာမှာ ဆင်းသွားခဲ့တယ်။ အမှန်က ပဲခူးဘူတာ မှာ ရထားမရပ်ပါဘူး။ ဘူတာအဝင်မှာ အရှိန်လျှော့ပြီး ဖြည်းဖြည်းခုတ်တယ်။ ဒီအချိန်မှာ စုလှိုင်က ခုန်ဆင်းသွားတယ်။ ကျနော်တို့ ကျန်အဖွဲ့သားတွေက အန္တရာယ်များတယ်ဆိုပြီး တားကြသေးတယ်။ သူနားမထောင်ဘူး။ ဇွတ်ဆင်းသွားတယ်။ ကျန်တဲ့သူတွေက အထုပ်အပိုးတွေကို နောက်ကလိုက်ပြီး ချပေးရတယ်။ သူ ဘယ်လိုခံစားနေရသလဲ။ သူ သိပ်ပြီးများ ရှက်သွားလေသလား။ ကျနော့်စိတ်ထဲမှာလည်း တနုံ့နုံ့နဲ့ မကောင်းလှဘူး။
No comments:
Post a Comment