Pages

Sunday, November 5, 2017

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၃)

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၃)
 
"စကားလုံးတွေဟာ အတွေးတွေကို ကောင်းကောင်း မဖော်ပြနိုင်ဘူး။ အတွေးကို စကားလုံးနဲ့ ဖော်ပြလိုက်ရင် နည်းနည်း ဖြစ်ဖြစ်၊ ကွဲပြားခြားနားသွားတယ်။ ငါတို့ဟာ ကိုယ့်ကိုယ်ကို အနက်အဓိပ္ပါယ် အရှုပ်အထွေးထဲမှာ၊ စကားလုံး ပဋိပက္ခတွေ ထဲမှာ ကျရောက်နေတာ တွေ့ကြရတယ်။"
ဟာမန်းဟက်စ် ရဲ့ 'သိဒ္ဓတ္တ' ဝတ္ထုမှ…….

ဒီကာလမှာ ကျနော့်ရဲ့ စိတ်ရှုပ်ထွေးနေပုံဟာ ဘယ်လို ဖော်ပြရမှန်း မသိဘူး။ တခါတလေ အတန်းမတက်ချင်ဘူး။ ဒါနဲ့ အဆောင်က သူငယ်ချင်းတွေ အခန်းထဲ သွားသွားအိပ်နေတယ်။ ကျောင်းမှာ စာပေဝါသနာပါတဲ့သူတွေ၊ ကဗျာရေး စာရေး လုပ်သူ နည်းနည်းပါးပါးနဲ့ စကားပြောတယ်။ ညနေစောင်းတော့ အိမ်ပြန်လာတယ်။

၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာတော့ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၁၅ ကျပ်တန်ငွေစက္ကူတွေကို တရားမဝင် တော့ဘူး၊ ဖျက်သိမ်းတယ် ဆိုပြီး ကြေညာလိုက်တယ်။ အဲဒီညမှာပဲ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ မကျေနပ်လို့ ဆူပူကြတယ်။ အစိုးရက ကျောင်းတွေပိတ်လိုက်တယ်။ အဲဒီအချိန်က ကျနော် ဘယ်လိုစဉ်းစားမိတယ် မသိဘူး။ နောက် တနေ့ ကျနော် သီတာဆောင်ဆီ ရောက်သွားခဲ့တယ်။ စုလှိုင်က ရှိမနေဘူး။ မျိုးမျိုးနဲ့တွေ့တော့ ငါ့ဆီမှာ ပိုက်ဆံ နည်းနည်း ရှိတယ်။ ငွေကြေး ခက်ခဲမလား။ အိမ်ပြန်ဖို့ စားရိတ်စကရော လိုမလားမေးမိတယ်။ တကယ်တော့ သူ့မှာလဲငွေမလိုပါဘူး။ ဒီတလော မျိုးမျိုးနဲ့ ဟိုသည်သွားဖြစ်တယ်။ ဖြစ်ပုံက ကျနော်တို့ရဲ့ သူငယ်ချင်း မိန်းမခိုးလာပြီး၊ စက်မှုတက္ကသိုလ် (RIT) နောက်ဖက်က အပြင်ဆောင်တခုမှာ လာနေကြတယ်။ ယောက်ျားလေးဖက်က ကျနော်တို့မြို့က ရင်းတဲ့သူငယ်ချင်းဖြစ်လို၊ မိန်းကလေးဖက်ကလည်း ကျနော်နဲ့သိတယ်၊ ရင်းနှီးတယ်။ မျိုးမျိုးကလည်း ကောင်မလေးဖြစ်သူနဲ့ သူငယ်ချင်း။ ဒါနဲ့ သွားအားပေးကြမယ် ဆိုပြီး တူတူသွားကြ လာကြ။ ကျနော်ကတော့ ရိုးရိုးသားသားပဲ။ ဒါပေမယ့် အချို့ကတော့ အမြင် တမျိုး ဖြစ်ကောင်းဖြစ်နေကြမယ်။


" အူပေါက်နေတဲ့ ချည်တထွေးမှာ
အစကို ရှာရင်းရှုပ်ထွေး
ကိုယ့်ကိုမွေးတာ (၂၂) နှစ် ရှိပါပြီ။
ချည်မျှင် အပုံထဲက ကိုယ့်ဖက် ဆွဲချင်ရာဆွဲ
'နေပျော်ခြင်း' အင်္ကျီပွပွထဲ
ချေးညှော်တွေ မဲလာတယ်။"

ကဗျာစတွေ ဟိုတေး၊ သည်တေး ချရေးမိတယ်။ ဘဝဆိုတာ ဘာလဲ။ ဒီဘဝရဲ့ ပန်းတိုင်က ဘာလဲ။ ကြီးကြီးကျယ်ကျယ် တွေ လျှောက်တွေးတယ်။ ဆေးတက္ကသိုလ်မှာ စာအုပ်တွေနဲ့ ပင့်ကူတကောင်လို၊ ပိုးဟပ်တကောင်လို ပိတ်လှောင်နေရတဲ့ ဘဝကိုလည်း မေးခွန်းထုတ်နေမိတယ်။ ဒီဆေးပညာက ကျနော်တကယ် စိတ်ဝင်စားရဲ့လား။ မိဘတွေက ပို့လို့ ဆယ်တန်း အောင်စဉ်မှာ ကျနော်အမှတ်ကောင်းလို့ ဆေးကျောင်းရောက်လာခဲ့တယ်။ ဆရာဝန်ဖြစ်ပြီးမှ အခြားသက်မွေးဝမ်းကျောင်း လုပ်စားနေတဲ့သူတွေကိုလည်း ကျနော်မြင်နေရတယ်။ ကျနော်ဖြစ်ချင်တဲ့ ဘဝက ဘယ်လိုပုံစံလဲ။ စသည်ဖြင့် မေးခွန်းကြီး တွေ ထုတ်မိတယ်။ ကျနော့်အသိ ကဗျာဆရာထဲက၊ ကျနော်တို့အပေါ်တန်းက ကိုသိန်းဝင်းဆိုရင် ဂျူတီကုတ်လုံးထွေး ဆေးရုံသွား၊ စီးတော့လည်း တာယာဖိနပ် ဘဝကို အရွဲ့တိုက်နေတာမျိုး မြင်ရတယ်။ ကျနော်ကတော့ အိမ်ကပြင်ဆင်ပေး လို့ ဂျူတီကုတ် မီးပူကျ သပ်သပ်ယပ်ယပ် ရှိပါတယ်။ တဖက်မှာလည်း ကိုယ်က စမ်းသပ်လေ့လာရမယ့် လူနာကိုလည်း ကိုယ့်အပြုအမူကြောင့် အားနာမိတယ်။ ကျနော်ဟာ အခြေခံဝမ်းစာ မရှိဘဲ သူ့ကို နားကျပ်ထောက် သိဟန်ဆောင်နေ တာလား။ ဝမ်းဗိုက်ကို ဟိုနှိပ်သည်နှိပ် ခေါင်းတငြိမ့်ငြိမ့်နဲ့ လုပ်နေဦးမှာလား။ ဒါမှမဟုတ်ရင်လည်း ဆရာဝန်ဖြစ်အောင် တချက်ကြိုးစားလိုက် ပြီးတဲ့အခါ သက်တောင့်သက်သာဇုံ (confort zone) လေးတခုမှာ၊ ညနေမပျက်မကွက် ဆေးခန်းဝင် အတန်အသင့်ဝင်ငွေလေးနဲ့၊ (အထွေထွေကု) ဂျီပီနဲ့ ဘဝကို ဆက်မျောထားရမှာလား။ ဒီအချိန်မှာ ဆရာဝန်စာရေးဆရာ တွေရဲ့ "ငါ့ကို ရွှေအိုရောင် ညနေခင်းတွေပြန်ပေး" ဆိုတဲ့ အော်ငြီးသံ ဝတ္ထုတွေကိုလည်း ကျနော် ဖတ်နေရပြီ။ ရွှေအိုရောင် ညနေအလှတွေကို မြင်ခွင့်မရှိတော့ဘဲ ဆေးခန်းလေးဘက်နံရံမှာ ဝင်ငွေအတွက် ထောင်ကျခံနေရတဲ့ ဂျီပီဆရာဝန်ဘဝ တွေကို ပေါက်ကွဲထားကြတဲ့ အသံတွေ။

" ရင်မှာ
ဟင်းလင်းပြင် သိပ်သည်းလို့
တယောက်တည်း အတွက်လား။
သူ …..
တယောက်သော ချစ်သူကို
အဓိက မထားချင်ဘူး
စည်းကမ်းတွေကို မကူးချင်ဘူး
ရည်မှန်းချက် ဆိုတာတွေလည်း
မထူးဘူး
စမ်းသပ်ချက်တခုသို့ ကူးပြောင်းစဉ်
ရင်ခုံမှုဟာလည်း အချည်းနှီး
မှန်သား မီးထန်
နေရီအံပြို့၊ ညနေတို့မှာ
သူဟာ
အချစ်၊ နိုင်ငံရေးမှာ
တယူသန်ဆန်
အထိမခံ နိုင်တော့တာ သိနေခဲ့တယ်။

ဘာတွေ မှားယွင်းဦးမလဲ...     

 
ဟုတ်တယ်။ ဘာတွေ မှားယွင်းဦးမှာလဲ။ ဒီကြားထဲမှာ ကျနော် ပင်လယ်ကမ်းခြေရှိရာ မြို့ကလေး တခုကို သွားလည်ခဲ့ တယ်။ အဲဒီမြို့ကလေးရောက်တော့ ကျနော်က ဘကြီးတော်စပ်သူ အိမ်မှာတည်းတယ်။ အဲဒီမြို့ကလေးမှာပဲ ငယ်ငယ် ကတည်းက သံယောဇဉ်ရှိတဲ့ သူငယ်ချင်း ကောင်မလေးတယောက်လည်း ရှိနေတယ်။ မိဘချင်းလည်း သိနေကြသူတွေ။ သူက ကျနော့်ကိုကြိုက်နေတာ သိပေမယ့်၊ ကျနော်ကတော့ သူငယ်ချင်းပဲ၊ ဒီထက်လည်း မပိုမိဘူး။ ကျနော်တို့ရောက် တော့ သူကလာလာခေါ်တယ်။  စက်ဘီးတစင်းမှာ ကျနော်ကနင်း၊ သူက နောက်ကစီး။ ညနေ ညနေဆို အအေး ထွက် သောက်တယ်။ ပန်းဆီရောင်သန်းတဲ့ ပင်လယ်ကမ်းခြေတလျှောက် လေညင်းခံတယ်။ ဆားနံ့သင်းတဲ့ လေကိုရှူ  ဟို ရောက်သည်ရောက် စကားတွေပြော၊ သဲသောင်ပြင်ပေါ် လျှောက်ကြတယ်။ ပင်လယ်ကြီးထဲ နေလုံးကြီး နီကျင်စွာ စုံးစုံးမြုပ်တဲ့အထိ ထိုင်ကြည့်၊ ပြီးတော့မှ ပြန်လာကြတယ်။ သူ့ကို အိမ်ပြန်ပို့၊ ကျနော်က ဘကြီးအိမ်ပြန်အိပ်။

ဒီသူငယ်ချင်းက နှစ်တိုင်း၊ နှစ်တိုင်း ဒိုင်ယာရီတအုပ် လက်ဆောင်ဝယ်ပေးတတ်တယ်။ ဒါပေမယ့် ကျနော်က အဲဒီဒိုင်ယာရီ စာအုပ်တွေမှာ ကဗျာရေးတယ်။ ဟို သည်မှတ်တယ်။ အခြားကောင်မလေးတွေအကြောင်း ဖွဲ့နွဲ့တယ်။

ဒီလိုနဲ့ ရန်ကုန်ပြန်တော့မယ့်ရက် ရောက်လာခဲ့တယ်။ သူက စပြောလာတယ်။
"အောင်သူ… နင်နဲ့ ငါ အခုလို မြို့ထဲသွားလာနေကြတာ အမျိုးတွေကလည်း မေးလာကြတယ်။ မြို့ကလေး သေးသေးလေး။ အသိတွေကလည်း မေးကြတယ်။ ငါ ဘယ်လိုပြန်ပြောရမလဲ။ ….. နင့်ကိုငါ သံယောဇဉ်လည်း ရှိပါတယ်။ တချိန်ကျရင် လည်း ရည်ရွယ်ထားပါတယ်။" ကျနော် ဘာပြန်ပြောရမှန်း မသိဘူး။

ကျနော့်မှာ အမျိုးသမီးကိစ္စတွေနဲ့ ဘာဖြစ်လို့ ဒီလောက်လုံးထွေး ရှုပ်ရှက်ခတ်နေရတာလဲ။ ကျနော် သူ့ကို သူငယ်ချင်းလိုပဲ သဘောထားတယ်။ အိမ်ထောင်ဖက်တယောက်လောက်ထိတော့ စိတ်ကူးလို့ကို မရသေးဘူး။ ကျနော် ဘာပြန်ပြောရမှန်း မသိလို့ အကြာကြီးတိတ်နေတယ်။ သူကလည်း နေဝင်လာပြီဖြစ်တဲ့ ပင်လယ်တဖက်ခြမ်းကို ငေးနေခဲ့တယ်။ သဲသောင်ပြင် ကို လက်နဲ့ခြစ်နေတယ်။ ကျနော် သူ့မျက်နှာကိုလည်း မကြည့်ရဲဘူး။ လှိုင်းလုံးသံတွေဟာ အခုမှ ပိုကျယ်လောင်လာသလို ပဲ။ ကျနော်တို့ကြားထဲမှာ တိတ်ဆိတ်မှုက ပိုကြီးထွားလာတယ်။ အသက်ရှူသံတွေတောင် ကျယ်လောင်တယ် ထင်ရ လောက်အောင် တိတ်ဆိတ်နေခဲ့တာ။ ဒါဟာ မကောင်းမှန်းလည်း ကျနော်သိတယ်။ ကျနော်တခုခုတော့ ဖြေရမယ်။ ကျနော်တခုခုတော့ ပြောရမယ်။ "ပြန်ကြရအောင်… "
"မပြန်ချင်ဘူး" သူဖြေတယ်။ "မှောင်လာပြီ၊ ပြန်ကြရအောင်… "
အကြာကြီး တိတ်ဆိတ်နေပြန်တယ်။ နောက်ဆုံး ကျနော်ဘာတွေ ပြောမိမှန်းလည်း မသိဘူး။
" နင်လေ… တချိန် အိမ်ထောင်ဖက် စဉ်းစားတဲ့အခါ၊ ငါ့ကို မစဉ်းစားပါနဲ့ကွယ်။ ငါနင့်ကို သူငယ်ချင်းလိုပဲ သဘောထားလို့ ရတယ်။ ငါ ခင်ပါတယ်။ ဒါပေမယ့်…. " သူငိုနေသလား၊ ရှက်နေသလား။ မျက်လုံးမှာ မျက်ရည်ဝဲနေသလား ကျနော် မသိ နိုင်ဘူး။ အလင်းရောင်က အတော် အားနည်းနေခဲ့ပြီ။ "ပြန်ကြရအောင်… " သူလေးလေးတွဲ့တွဲ့ ထလာတယ်။ ကျနော်တို့ အပြန်လမ်း စက်ဘီးနင်းလာတော့လည်း တယောက်နဲ့တယောက် စကားမဆိုဖြစ်ကြဘူး။ သူ့အိမ်ရောက်လို့ နှုတ်ဆက် တော့ သူဘာတခွန်းမှ မပြောတော့ဘူး။ အိမ်ပေါ်တန်းတက်သွားတယ်။

ရန်ကုန် ပြန်ရောက်တဲ့အခါ ကျနော့်အတွက် ပိုပြီး စိတ်ရှုပ်ထွေးလာခဲ့တယ်။ အူပေါက်နေတဲ့ ချည်တထွေးလိုပဲ။ အမယ် ဘုတ်ကယ် သူ့ချည်ခင် ဘယ်လိုရှင်းရပါ့လေး ဆိုသလိုပဲ။ စိတ်ထဲမှာ ပလာကျင်းနေတယ်။ မိတ်ဆွေ…. ခင်ဗျားတို့စိတ် ထဲမှာ ဘယ်လောက်အတိုင်းအတာအထိ ပလာကျင်း၊ ဟာလာဟင်းလင်း ဖြစ်ဖူးပါသလဲ။ လူတွေဟာ စိတ်ပလာကျင်းမှုကို မခံမရပ်နိုင်လို့ တခုခု နဲ့ ဖြေသိမ့်ကြရတယ်။ ဆေးလိပ်ကို နာနာဖွာတယ်။ အရက်သောက်လို့ မူးသွားရင် စိတ်ပလာကျင်း တာ ပြေမလား၊ အကုန် မေ့ အိပ်ပျော်သွားမလား ထင်လို့ သောက်တယ်။ စိတ်ပလာကျင်းမှုကြောင့် လူတွေ ဖုန်းကို ဟိုပွတ် သည်ပွတ်နဲ့ နေတယ်။ ငါ့ကို တယောက်ယောက် ဆက်သွယ်လာလေမလား။ စိတ်ပလာကျင်းမှုကို ဖြေသိမ့်ဖို့ အချို့က တရားထိုင်တယ်။ အချို့က ပုတီးစိတ်တယ်။ အချို့ကတော့ စိတ်ပလာကျင်းမှုကို ဖြေဖျောက်ဖို့ မူးယစ်ဆေးဝါးတောင် သုံးစွဲ ကြတယ်။ ငိုချလိုက်ကြတဲ့ သူမျိုးလည်း ရှိမှာပေါ့။ လူတွေ ရှင်သန်ကြတာ အခိုက်အတန့်လေး။ အဲဒီမှာ ချစ်ခင်ခြင်းနဲ့ မုန်း တီးခြင်းက နေ့နဲ့ည လို၊ လင်းလိုက်မှောင်လိုက် ရှိမှာပေါ့။ ချစ်ခြင်း၊ မုန်းခြင်းတွေကလည်း ဘဝတွေကို တွယ်ငြိ ရစ်ပတ်၊ တုတ်နှောင်တတ်တာပေါ့။ ကျနော်တို့ ဘယ်လိုတွယ်ငြိဖွယ်ရာကို ရှာကြရမလဲ။ စိတ်တွင်း ပလာကျင်းနေတဲ့ အချိန်မျိုးမှာ တခုခုကို ဆုပ်ကိုင် တွယ်ငြိနေဖို့ လိုအပ်ပါသေးသလား။ လူတွေမှာ ရုပ်ဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ စိတ် အတွေး အာရုံ ၆ ပါးတွေနဲ့ လှုပ်ရှားနေကြရတယ်။ ဒီအပေါ်မှာပဲ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟတွေ ဖြစ်ကြရတယ်။ ကျနော်တို့ ဆင်ခြင် မစိစစ်နေနိုင်ဘူး။ ဉာဏ်ပညာနဲ့ ယှဉ်ပြီး မကြည့်နိုင်ကြဘူး။   

"ခင်ဗျားဟာ..
ကျွန်တော်ဟာ...
လေးသင်္ချေ ကမ္ဘာတသိန်းမှာ
ဘာမှ ဖြစ်လာမှာ မဟုတ်ပေမယ့်
၅၅၀ ထက်ပွေတဲ့
နိပါတ်တွေနဲ့
ဖြစ်ရပ်တွေ ထိရှခဲ့ပြီ။

အင်းစိန် ကုက္ကိုလ်ပင်တန်းအောက်မှာ
ဂျစ်ပစီတယောက်
ကလေးတယောက်ရဲ့ အလေးအနက် မရှိမှုမျိုးနဲ့
ပေါ့ပါး မျောပါ
မျက်စိ၊ နား၊ ပါးစပ်များ
ပိတ်ထားပါတယ်၊
ဒါပေမယ့် ဟင်းလင်းဖြစ်မှုတိုးဝှေ့လို့
တွေ့ မြင် သိ နေ။

ငါ ဘာကိုချစ်ရမလဲ
ငါ ဘာကို မုန်းရမလဲ
ငါ ဘယ်သူ့ကို သတ်ဖြတ်ရမလဲ
ငါ ဘယ်သူ့ခြေ လျှက်ရမလဲ။"

ကျနော် ကျောင်းပြန်ရောက်တော့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ်။ သတင်းတခုက ကျနော့်ရင်ဝကို လှုတ်ခတ်စေတယ်။ Field Trip အပြီး ပြန်လာလို့ စုံတွဲဖြစ်လာတဲ့ သူငယ်ချင်းတွေကတဆင့်၊ သီတာဆောင်ရဲ့ အတွင်းရေးတွေ ပေါက်ကြားလာ တာ။ ဘယ်လောက် မှန်ကန်တယ်၊ မမှန်ကန်ဘူးဆိုတာ မပြောနိုင်ဘူး။

"ဟေ့ကောင်၊ ကြည့်လုပ်ဦး၊ မင်း … ဘာရှုပ်ထားတာလဲ။ မျိုးမျိုးနဲ့ စုလှိုင် တယောက်နဲ့တယောက် စကား မပြောမဆို ဖြစ် နေကြပြီ ပြောတယ်။" ဘာဖြစ်လို့လဲ။ သူလည်း သေချာမသိပါဘူး။ "မင်းက ငရှုပ်ပဲ၊ ငါးနှစ်ကောင်တော့ မဖမ်းပါနဲ့ကွာ"

ကျနော်ဆုံးဖြတ်လိုက်တယ်။ နက်ဖြန် ကျနော် စုလှိုင်ကို ရည်းစားစကား ပြောတော့မယ်။

" တောင့်ထားရတာ မာခဲမနေဘူးလား
ငါ ငိုချလိုက်တယ်
(အရာရာဟာ အစက ပြန်စလို့ရတော့မယ့်အတိုင်း)
ငါတယောက်တည်း
တွားသွား ပေါက်ရောက်ခဲ့ပုံကို

အခု ထုတ်ဖော်မိပေါ့။" 
(အောင်ချိမ့်) ၈၇၊ ဧပြီ (ဘဝ၏ ဇာတ်လမ်းတပုဒ်… မှ) 

No comments:

Recent Comments