Pages

Saturday, November 11, 2017

ဘုရားသုံးဆူ နေ့ရက်များ (၁)

ဘုရားသုံးဆူ နေ့ရက်များ (၁)

ကျနော်တို့ ဘုရားသုံးဆူစခန်း စရောက်တော့ အတန်လေးနောက်ကျနေပြီ။ နိုဝင်ဘာ ၃-ရက်နေ့မှာ ဘုရားသုံးဆူကျေးရွာ ကို ရောက်တာ၊ ကျနော်တို့ ရောက်တဲ့ မတိုင်မီကတည်းက အရေးကြီးတဲ့အဖြစ်အပျက်တွေ ဖြစ်ခဲ့တယ်။ စခန်းကိုရောက် လာကြတဲ့ ကျောင်းသားလူငယ်တွေက သူတို့ဘာသာစုဖွဲ့ပြီး စခန်းစတင်တည်ထောင်ကြတယ်။ မုဒုံ၊ သံဖြူဇရပ်အုပ်စုက များတော့ စခန်းခေါင်းဆောင်မှုမှာ သူတို့ကနေရာရကြတယ်။ သို့ပေမယ့်လည်း စခန်းခေါင်းဆောင်မယ့်သူတွေကို ကော်မီတီရွေးချယ်ရာမှာ ပညာတတ်တဲ့သူ၊ တကယ်လုပ်နိုင်ကိုင်နိုင်မယ့်သူတွေကို နေရာပေးကြတာ တွေ့ရပါတယ်။ မန္တလေးဆေးတက္ကသိုလ်က ကျောင်းပြီးလာပြီး၊ ကော့ကရိတ်မြို့အနီးက ရွာတရွာမှာ ဆေးခန်းထိုင်ခဲ့တဲ့ ဒေါက်တာနိုင် အောင်ကို စခန်းဥက္ကဋ္ဌ တင်မြှောက်ကြတယ်။ မုဒုံအုပ်စုက စက်မှုတက္ကသိုလ်ဆင်း ကိုတင်စိုးနောင်က ဒု-ဥက္ကဋ္ဌ၊ ကြာအင်း ဆိပ်ကြီးက လူငယ်အုပ်စုကို သြဇာညောင်းသူ ကိုဆန်းထွန်း (GTI ဆင်း) ကို ဒု-ဥက္ကဋ္ဌ၊ မုဒုံသပိတ်က ခေါင်းဆောင် ကိုအောင်မျိုးဆန်းကို အထွေထွေအတွင်းရေးမှူး တင်မြှောက်ကြတယ်။ အဲဒီကာလမှာပဲ နယ်စပ်တလျှောက်က ကျောင်းသား လူငယ်အဖွဲ့အစည်းတွေကို စုစည်းဖို့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) က ကမကထပြုပြီး ညီလာခံ တခုကျင်းပစေတယ်။ စခန်းအသီးသီးက ကိုယ်စားလှယ်တွေ၊ ဘန်ကောက်ရောက်၊ ရနောင်းနယ်စပ်ရောက် ကျောင်းသား တွေကို ညီလာခံတရပ်ပြုလုပ်ပြီး စုစည်းစေမယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ကြိုးပမ်းကြတယ်။ NDF (မဒတ) ဆိုတာကတော့ မြန်မာနိုင်ငံ နယ်စပ်မှာရှိတဲ့ တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုပါပဲ။ အဖွဲ့ဝင် တိုင်းရင်းသား ၁၀ ဖွဲ့ ပါဝင်တယ်။


သူတို့က မြန်မာနိုင်ငံရဲ့ အရှေ့ဘက်နယ်စပ်ဒေသကို ရောက်လာတဲ့ ကျောင်းသားလူငယ် အားလုံးနီးပါးကို စုစည်းပေးပြီး အဖွဲ့အစည်းတခု ဖြစ်စေဖို့ ကြိုးပမ်းကြတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဆီရောက်လာတဲ့ ကျောင်း သားလူငယ် ကိုယ်စားလှယ်တွေကို ကမကထပြု ဖိတ်ကြားပေးတယ်။ အဲဒီအချိန်မှာ နယ်စပ်မှာ ဗိုလ်ချည်းပဲ၊ သူလည်း ဟိုဒေသက သပိတ်ခေါင်းဆောင်၊ သူလည်း ဒီဒေသက သပိတ်ခေါင်းဆောင် စသည်ဖြင့် ရဲဘော်သုံးကျိပ်မက ရဲဘော် အကျိပ်တထောင်လောက် ဖြစ်နေကြတယ်။ အဲဒါအပြင် တက္ကသိုလ်ကျောင်းသားတွေ၊ အရပ်သားလူငယ်တွေ၊ သပိတ် ခေါင်းဆောင်တွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျောင်းဆရာစတဲ့ ပညာ ရှင်တွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ စစ်သားဟောင်းတွေ စသဖြင့် ပါဝင်နေကြတယ်။ ရဟန်းပျိုသမဂ္ဂ စသည်ဖြင့်က လာတဲ့ ရဟန်းတွေလည်း ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသမဟုတ်တဲ့ ဘန်ကောက်၊ ထိုင်းနယ်စပ် ပင်လယ်ဆိပ်ကမ်းမြို့ ရနောင်းစသည်မှာလည်း ကျောင်းသား အုပ်စုတွေ ရောက်နေကြတယ်။ ဒီလိုနဲ့ ဘုရားသုံးဆူ စခန်းက ကိုယ့်စခန်းကို အုပ်ချုပ်ဖို့ ကော်မီတီကို ရွေးချယ်၊ ညီလာခံအတွက်လည်း လူလွှတ်ပြီးခဲ့ပြီ။ သူတို့က မဟာမိတ်အဖွဲ့အစည်း တွေ အကူအညီနဲ့ ထိုင်းနိုင်ငံဖြတ်လို့ ညီလာခံကျင်းပမယ့် နေရာထွက်သွားကြပြီ။ ဒီအချိန်မှာမှ နောက်ကျပြီး ကိုထွန်း အောင်ကျော် ဦးဆောင်တဲ့ ရန်ကုန်ကျောင်းသား အုပ်စု ရောက်လာတယ်။ သူတို့က ရန်ကုန်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကို ကိုယ်စားပြုပြီးလာတယ်။ သူတို့က ရန်ကုန်က ကျောင်းသားသပိတ် ခေါင်းဆောင်တွေ၊ ဒီညီလာခံကို တက်မှဖြစ်မယ်၊ မတက်ဘဲ နေလို့ကို မရဘူး။ ရအောင်ပို့ပေးပါဆိုလို့ (မဒတ) တပ်ပေါင်းစု ခေါင်းဆောင်တွေက နောက်ကျမှ သူတို့ကို ဖြစ်အောင် လိုက်ပို့ပေးကြရတယ်။ နယ်စပ်ဒေသ အသီးသီးက ကျောင်းသား လူငယ်တွေ ညီလာခံကို နိုဝင်ဘာလ ၁ ရက်၊ ၁၉၈၈ မှာ ကျင်းပတယ်။  

အခု သြစတြေလျ ရောက်နေတဲ့ ABSDF ခေါင်းဆောင် ဒေါက်တာမြင့်ချိုကတော့ သူ့အတွေ့အကြုံကို ပြန်ရေးထားတာ ဖတ်ရတယ်။ "ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအဖွဲ့တွေကတော့ ကျောင်းသားတွေရဲ့ ကဏ္ဍကို အလေးထားတဲ့ အနေနဲ့ "ကျောင်းသားလူငယ်" နဲ့ "ကျောင်းသားပြည်သူ" စာလုံးတွေပါတဲ့ အဖွဲ့နာမည်မျိုးကို ရွေးချယ်ဖို့ အဆိုပြုခဲ့ကြ သလို၊ ရန်ကုန်ကလာကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကိုယ်စားလှယ် ကိုကိုဦး၊ ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုဇာနည်၊ ကိုလှအောင်တို့ (၅) ဦးအဖွဲ့က "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး- မကဒတ (All Burma Students’ Democratic Front ABSDF)" နာမည်ကို အဆိုပြုခဲ့တယ်။ သူတို့ က ဆက်လက်ပြီး စစ်တပ်က ဒီမိုကရေစီအရေးတော်ပုံကြီးကိုဖြိုခွဲပြီး အာဏာသိမ်းခဲ့ရင် ကျောင်းသားတွေ အနေနဲ့ မြေပေါ် မှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ မြေအောက်မှာ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်  ဗကသ (ABFSU)၊ နယ်စပ်မှာ မကဒတ (ABSDF) အဖြစ် ဆက်လှုပ်ရှားဖို့နဲ့ ဗကသ ခေါင်းဆောင်တွေ က ဦးဆောင်သွားဖို့ ဗကသ (ABFSU) က ဆုံးဖြတ်ထားတယ်လို့လည်း ပြောပြကြတယ်" လို့ ဖော်ပြထားတယ်။ အစည်းအဝေးအပြီး နိုဝင်ဘာ ၅ ရက်နေ့မှာ ABSDF ကို တည်ထောင်ကြောင်း ကြေညာနိုင်ခဲ့တယ်။ ကျနော်တို့ အဖွဲ့က အဲဒီအချိန်ကျမှ ဘုရားသုံးဆူ စခန်းကို ရောက်လာကြတယ်။

ကျနော်တို့ ရောက်ရောက်ချင်း စခန်းသစ်တည်ဆောက်ရာ နေရာမှာ ဆေးမှူးမရှိဘူးဆိုပြီး၊ နမ့်ကိတ်စခန်းသစ် တည် ဆောက်ရာ နေရာကို ပို့လွှတ်လိုက်တယ်။ ကျန်ကျောင်းသား အများစုက ကရင်-မွန်စစ်ကြောင့် ပျက်စီးနေတဲ့  ဘုရား သုံးဆူရွာမှာ ကျန်နေတုန်းပဲ။ စခန်းမှာတော့ မုဒုံ၊ သံဖြူဇရပ်အုပ်စုက လူတွေများတယ်။ အများစုက ကျောင်းသား မဟုတ်ဘဲ သာမာန်လူငယ်တွေ၊ အရပ်သားတွေ များကြတယ်။ တမျိုးကောင်းတာကတော့ သူတို့ထဲမှာ လက်သမား တွေ၊ အခြေခံကျပန်းအလုပ် ကျွမ်းကျင်သူတွေလည်း ပါလာကြတော့ စခန်းဆောက်တာ အလုပ်ဖြစ်တယ်။ ရောက်ရောက်ချင်း ကျနော်တို့ကို မွန်ပြည်သစ်ပါတီက သူ့ရဲဘော်တွေကို ထောက်ပံ့တဲ့အတိုင်း တယောက် ဘတ် ၅၀ ရတယ်။ [အဲဒီအချိန် ငွေလဲနှုန်းက တဒေါ်လာ ၂၅ ဘတ်လောက်ပဲ ရှိတယ်]။ အဲဒီအချိန်မှာ စခန်းထဲဝင်ရင် မွန်ပြည်သစ်ပါတီအောက် ချုပ်ကိုင် တာရောက်သွားမယ်၊ မဝင်ဘူးဆိုတဲ့ အုပ်စုတွေ ရှိလာတယ်။ ရန်ကုန်သားတွေများတယ်။ သူတို့က နယ်စပ်တဖက် ဟွေးကော့ချောင်းနံဘေးကို စခန်းပြောင်းပြီး၊ 'ဟွေးကော့စခန်း' ကို တည်ထောင်ကြတယ်။ ကျနော်တို့ အုပ်စုကတော့ သိပ်သိလှတာ မဟုတ်ဘူး။ နမ့်ကိတ်စခန်းထဲကို ရောက်ရောက်ချင်း တာဝန်နဲ့ ရောက်လာကြတယ်။

အဲဒီအချိန်မှာတော့ စခန်းတိုင်းက ကိုယ့်ဘာသာ အထောက်အပံ့ရှာ၊ ကိုယ့်ဘာသာ ရဲဘော်ကိုကျွေးနေကြရတာပါပဲ။ စခန်း တိုင်းကလည်း တချိန်မှာတော့ တို့စခန်းက ဗဟိုဌာနချုပ်ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းစိတ်ကူးယဉ်ခဲ့ကြတယ်။ ကိုယ့်စခန်း ကို အကောင်းဆုံးစံပြ တည်ဆောက်ကြမယ်လို့လည်း စိတ်ပိုင်းဖြတ်ထားကြတယ်။ ကျနော်တို့ မထွက်လာခင်ကတည်းက မြန်မာပြည်ကို စိတ်ဓာတ်ကျလို့ ပြန်သွားတဲ့ ကျောင်းသားအုပ်စုတွေ ရှိနေတယ်။ စိတ်ဓာတ်ကျတာတော့ အကြောင်းအမျိုး မျိုးရှိတယ်။ ငတ်ပြတ်လို့ စိတ်ဓာတ်ကျသလို၊ မိဘကို လွမ်းကျသူတွေလည်း ရှိမယ်။ တောထဲရောက်တော့ သေဘောဘိုး စခန်းမှာဆိုရင် လူများလွန်းလို့ မနက်စာကျွေးဖို့ ချက်ပြုတ်ကျွေးမွေးပြီးလို့ လူကုန်ရင်၊ ညနေစာကို ဆက်တိုက်ချက်ပြုတ် ကျွေးမွေးရတာမျိုး၊ အလှူအိမ်ကြီးသဖွယ် ဖြစ်နေတာမျိုး ရှိတယ်လို့ ကြားဖူးတယ်။ ကျွေးမွေးရတာ တာရှည်လာတဲ့အခါ ကျောက်ဖရုံသီးပြုတ်၊ ငှက်ပြောအူပြုတ်၊ ငါးပိ စသည်ဖြင့် ဖြစ်လာတယ်။ ဒီဒဏ်ကို မခံနိုင်ကြဘူး။ နောက်တခုက ရေတို စိတ်ကူးယဉ်လာကြသလို လက်နက်ယူ ပြန်တိုက်ဆိုတာမျိုးက လက်တွေ့အခြေအနေ မကျဘူး။ ဒီလိုနဲ့ အကြောင်းမျိုးစုံနဲ့ အိမ်ပြန်ကြတယ်။ စစ်အစိုးရကလည်း အသုံးအနှုန်းကတော့ ပိုင်တယ်။ အစောပိုင်းမှာ "လမ်းမှားရောက်သွားသူ ကျောင်းသားလူငယ်တစု" လို့သုံးတယ်။ နောက်ပိုင်းမှာတော့ "လူငယ်သောင်းကျန်းသူ အကျွင်းအကျန်တစု" စသည်ဖြင့် ပြောင်းသုံးလာကြတယ်။

ကျနော်တို့ တောထဲမထွက်ခင် ၁၉၈၈၊ အောက်တိုဘာလ ၁၄ ရက်နေ့ ကတည်းက ပြန်လာမယ့် ကျောင်းသားတွေအတွက် ကြိုဆိုရေးစခန်းတွေက တည်ထောင်ပြီးသား၊ တောထဲက ပြန်ရောက်လာတဲ့ တက္ကသိုလ်ဆရာ ကိုလှအောင်၊ တောင် ဥက္ကလာက ဆယ်တန်းကျောင်းသား ဇာနည်ထွန်း၊ ရုက္ခဗေဒ တတိယနှစ်ကျောင်းသား ကိုမင်းသိန်း၊ တတိယနှစ် ရူပဗေဒ ကျောင်းသား ကိုသိန်းဌေးနာမည်တွေနဲ့ လက်မှတ်ထိုးပြီး၊ တောတွင်းရောက် လူငယ်တွေ ပြန်လာကြဖို့ လေယာဉ်ပျံနဲ့ စာတွေလည်း ကျဲခဲ့တယ်။ နယ်စပ်မြို့ (၂၇) ခုမှာ ကြိုဆိုရေးစခန်းတွေ ဖွင့်ခဲ့တယ်။ ကျနော်တို့က ဒီကိစ္စတွေ လွန်မှ တောထဲ အရောက်သွားခဲ့တာ။    

ကျနော်တို့ ရောက်ပြီး သိပ်မကြာခင်မှာပဲ စစ်အစိုးရက နယ်စပ်က ကေအဲန်ယူ အခိုင်အမာစခန်းတွေကို ထိုးစစ်တွေ တခုပြီး တခု ဆင်လာခဲ့တယ်။ မဲသရေ နဲ့ ခလယ်ဒေးစခန်းက (၁၉၊ ၁၊ ၈၉) မှာ ကျတယ်။ မော်ဖိုးကေစခန်းက (၂၆၊ ၃၊ ၈၉) မှ ကျတယ်။ မဲလစခန်းက (၅၊ ၄၊ ၈၉) မှာ ကျတယ်။ ဝမ်းခ စခန်းဟောင်းက (၁၊ ၅၊ ၈၉) မှာ ကျတယ်။ ဖလူးစခန်းက (၂၉၊ ၁၂၊ ၈၉) မှာ ကျတယ်။ သေဘောပိုး၊ ဝေါလေစခန်းက (၃၁၊ ၁၊ ၉၀) မှာ ကျတယ်။ ဒါးကွင်းစခန်းက (၁၉၊ ၅၊ ၈၉) မှာ ကျတယ်။ ခိုကြာခိုစခန်းက (၃၁၊ ၅၊ ၈၉) မှာ ကျတယ်။ ကျောက်ညှပ်စခန်းက (၁၂၊ ၆၊ ၈၉) မှာ ကျတယ်။ ဒီတိုက်ပွဲတွေ မှာ တိုက်ပွဲကြီး ၆၆ ကြိမ်၊ တိုက်ပွဲငယ် ၃၆၁ ကြိမ်ဖြစ်ပွား၊ မြန်မာ့တပ်မတော် ၁၇၇ ကျဆုံး၊ ၃၇၇ ဒဏ်ရာရ၊ ကေအဲန်ယူ ဖက်က အလောင်း ၄၆၆ ကျဆုံး ရှိခဲ့တယ်လို့ သောင်းဝေဦးက ပြန်ရေးတဲ့ "အမှတ်တရ တိုက်ပွဲများ- ကျနော်တို့ KNU ဗဟို မာနေပလောကို တိုက်ခဲ့စဉ်က" (သောင်း၊ ၂၀၁၄၊ စာ-၂၃) စာအုပ်မှာ ဖတ်ရတယ်။ အခိုင်အမာ စခန်းတွေကျသော်လည်း ကေအဲန်ယူတပ်ဖွဲ့က ဒီလောက်ကြီး အခြေအနေ ဆိုးသွားတာတော့ မဟုတ်ဘူး။ ကျသွားတဲ့ စခန်းတွေပတ်လည်မှာပဲ ဆက်လက် စခန်းချတယ်။ ပြောက်ကျားလှုပ်ရှားကြတယ်။ ဒီလို စခန်းကျတဲ့ သတင်းတွေကိုတော့ ကျနော်တို့က ရေဒီယို ထဲ ကြားနေခဲ့ကြရတယ်။

ကျနော်တို့ စခန်းသစ်ကို လူအကုန်မပြောင်းခင် ရွာဟောင်းရှိ ဘုရားသုံးဆူ ဘောလုံးကွင်းမှာ ပထမဦးဆုံး ခရစ္စမတ်ပွဲ ကျင်းပဖို့ ဖြစ်လာခဲ့တယ်။ [အခုတော့ ဒီနေရာကို ဂေါက်ကွင်းလုပ်ထားတယ်] ခရစ္စမတ်ပွဲတောက်ကိစ္စ စတင်စဉ်းစားမိသူ ကတော့ အမေရိကန်ကလာတဲ့ အကူအညီပေးသူ မစ္စတာ ဂရက် ရှိတ်ဒ် (Mr. Greg Shade) ပဲ။ သူက စဉ်းစားမိတယ်။ ကျောင်းသားလူငယ်လေးတွေ၊ မိဝေးဖဝေးနဲ့ တောထဲမှာ ခရစ္စမတ်ပွဲတော်ကို မဆင်နွဲနိုင်ကြတော့ဘူး။ မိသားစုတွေ ပြန်တွေ့ကြရာ၊ ပေါင်းစည်းကြရာ ခရစ္စမတ်ပွဲတော် အချိန်အခါ၊ ဒီတော့ သူက ပိုက်ဆံထုတ်ပေးပြီး ခရစ္စမတ်ပွဲတော်ကို ကျင်းပ စေတယ်။ ပွဲတော်ကျင်းပရေးအတွက် ဘုရားသုံးဆူမှာ ယခင်ကတည်းက အခြေချပြီးတဲ့ ဦးနုရဲ့ ပြည်သူ့ပြည်ချစ် ပါတီ (ပြည်ချစ်) ရဲဘော်ဟောင်းတွေကလည်း ဝိုင်းကူညီ စီစဉ်ကြတယ်။ အစီအစဉ်က ကျနော်တို့ မီးပုံပွဲလုပ်မယ်။ သီချင်းတွေ ဆိုကြမယ်။ လသာညအောက်မှာ ဘောလုံးကွင်းကြီးထဲ ဆိတ်ကို ကောင်လုံးကင်မယ်။ အိမ်တွေကို တော အရက်နဲ့ (အရက်ကောင်းလည်း မတတ်နိုင်ဘူးကိုး) ပဲဟင်းချိုကို ဝေထားတယ်။ ဆိတ်ကင်ကို အရက်နဲ့မြည်းရင်း သီချင်း တွေဆို၊ ပျောက်ကြဖို့ပေါ့။ အမှန်တကယ်က တွက်ဆထားသလို ဖြစ်မလာခဲ့ဘူး။ အိမ်တွေမှာ ကြိုဝေထားတဲ့ တောအရက် ကို သောက်ရင်း မူးပလပ်နေကြပြီ။ ကွင်းထဲရောက်လာတော့ ဆိတ်ကင်ကျက်အောင် ထိုင်မစောင့်နိုင်ကြတော့ဘူး။ တံကျင် လျှိုထားတဲ့ ဆိပ်ကြီးကို တယောက်က ထမ်းပြေးတယ်။ နောက်ကလူတွေက ဒါးတွေနဲ့ လိုက်ကြတယ်။ ဝရုန်း သုန်းကား။ သီချင်းဆိုဖို့၊ အေးအေးဆေးဆေး မီးပုံပွဲကျင်းပဖို့လည်း မဖြစ်နိုင်တော့ဘူး။ အလှူရှင် မစ္စတာ ဂရက် ရှိတ်ဒ်တော့ ဘယ်လိုခံစားရမယ် မသိဘူး။ ကျနော်တို့ ခရစ္စမတ်ကတော့ လူရိုင်းတွေပွဲလို ဖြစ်သွားခဲ့တယ်။ 


No comments:

Recent Comments