Pages

Sunday, November 12, 2017

ဘုရားသုံးဆူ နေ့ရက်များ (၂)

ဘုရားသုံးဆူ နေ့ရက်များ (၂)

အမှန်အတိုင်း ပြောရရင် ကျနော့်မှာ နိုင်ငံရေးအရ ရည်ရွယ်ချက်သိပ်ကြီးကြီးမားမား မရှိဘူး။ အမှန်ပြောရရင် နောက်လိုက် ကောင်းပဲ ဖြစ်ချင်တယ်။ အဲဒီအချိန်က စခန်းမှာ ဗိုလ်လုပ်ချင်သူတွေများနေတဲ့ကြားထဲလည်း သိပ်ပြီး ဝင်မပြိုင်ချင်ဘူး။ အုပ်စုနိုင်ငံရေးသဘော အရှုပ်အရှင်းတွေကြားထဲလည်း ကင်းကင်းပဲ နေချင်တယ်။ ဒီလိုနဲ့ စခန်းဆေးရုံမှာပဲ ကျနော်ကျရာ တာဝန်ကို ကောင်းကောင်းလုပ်တယ်။

စခန်းဆေးရုံရောက်တော့လည်း အထိုက်အလျောက်နိုင်ငံရေးက ရှိပြန်တယ်။ သံဖြူဇရပ်ဒေသက ရမ်းကု ကိုသားငယ် ဆိုသူက တခါတလေလူတတ်ကြီး ဝင်လုပ်တယ်။ နောက်တော့ ကြက်ခြေနီလို အဖွဲ့အစည်းမျိုး ဝင်လုပ်ဖူးတဲ့ ကိုသန်းနွယ် တို့လည်း ဆေးခန်းမှာ ဆေးမှူးအဖြစ် ရှိနေကြတယ်။ ကျနော်တို့ ပြဿနာက ဆေးကျောင်းသားသာ ဆိုတယ်၊ လက်တွေ့ မရှိဘူး။ အကြောဆေးသွင်းဖို့ ဖောက်ရင် အပ်က တန်းကနဲသွေးကြောထဲ ဝင်သွားတာ မရှိဘူး။ သူတို့ကတော့ လက်ယဉ် နေတော့ အကြောဆေးသွင်းရင် အပ်က လျောလျောရှုရှုရယ်။ ဒီလိုနဲ့ အချင်းချင်းလဲ စနောက်ကြတယ်။ ဘယ်ဆရာဝန် ဆိုရင် အပ်ဘယ်နှစ်ပေါက် ထိမယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် ဆေးရုံမှာ ဒီလိုရမ်းကုလုပ်နေတာမျိုးကို စည်းစနစ်မရှိ လွှတ်ထားပေးလို့ မရဘူး။ ပညာပြိုင်ကြရတယ်။ ဆေးရုံကို ကိုယ်ပြန်ထိန်းချုပ်နိုင်အောင် လုပ်ရတယ်။ ကုသပုံက အစ၊ ဆေးတွေကို စနစ်တကျ သိမ်းဆည်းမှု၊ စာရင်းဇယား၊ လူနာရာဇဝင် ထားရှိမှု ဒါတွေကို စနစ်ကျအောင် လုပ်ရတယ်။


စခန်းသစ်မှာ စခန်းဆောက်လုပ်နေကြတုန်း၊ တနေ့ ကချင်ဗိုလ်မှူးတယောက်လာလည်မယ်ဆိုပြီး ပြောတယ်။ နောက်တော့ ကျန်ကျောင်းသား ခေါင်းဆောင်တွေနဲ့အတူ ပြောက်ကျားအင်္ကျ ီတပိုင်းဝတ်ထားတဲ့ လူတယောက်ပါလာတယ်။ သူကတော့ ဘယ်ရီဟက်ကို ဆောင်းလို့၊ အောက်မှာတော့ ရိုးရိုးဘောင်းဘီပါပဲ။ သူက ဘားတိုက်တွေကို တခုချင်း လိုက်ကြည့်တယ်။ အားပေးစကား ပြောတယ်။ လက်ဆွဲနှုတ်ဆက်တယ်။ တိုင်းရင်းသား အသံဝဲဝဲနဲ့ ပြောတယ်။ "တောင်ပေါ်က တစ်တီတူးနဲ့ တောင်အောက်က တစ်တီတူး အတူတူပါပဲ။ ဟိုး… ကချင်ဒေသက ကျောင်းသားတွေလည်း ပင်ပန်းကြတယ်၊ ဒီမှာလည်း ပင်ပန်းဆင်းရဲတာပဲ။ တော်လှန်ရေးဆိုတာ ငတ်မယ်၊ ပြတ်မယ်၊ ပင်ပန်းဆင်းရဲမယ်။ စစ် အာဏာရှင်တွေကို တိုက်ခိုက်ဖို့က စိတ်ဓာတ်လိုတယ်" စသည်ဖြင့် သြဝါဒချွေတယ်။ နောက်တော့မှ အချီကြီးစနောက် တာ ခံရမှန်း သိတယ်။ ကိုမူးသာ (ယခု USA)။ သူက မုတ်ဆိတ်ပါးသိုင်းမွေးတွေနဲ့ဆိုတော့ လူတွေကလည်း တကယ် ကချင်ဗိုလ်မှူးထင်ကြတယ်။ နောက်တနေ့ကျတော့ သူလည်း အိပ်ယာလိပ်ထမ်းပြီး စခန်းသစ်ကို ရောက်လာခဲ့တယ်။

စခန်းသစ် ဘားတိုက်-၁ မှာ မုဒုံအုပ်စုတွေ နေကြတယ်။ အဲသည်မှာ ယခင်ပြည်ချစ်ခေတ် တော်လှန်ရေးမှာ ပါဝင်ဖူးပြီး အခုလည်း မနေနိုင်ဘဲ တောထဲပါလာတဲ့ အဘဦးရဲခေါင်တို့ လင်မယားနေတယ်။ သူ့ဇနီးက ဒေါ်ခင်လှိုင်၊ သူတို့လင် မယား က တယောက်ကိုတယောက် အတော်ကြင်နာပုံရတယ်။ အရွယ်တော့ အိုကြပြီ။ ဦးရဲခေါင်က စာတိုပေစတွေလည်း ရေးတယ်။ တခါတလေ စစ်ရေး လေ့ကျင့်ခန်းလုပ်စဉ်မှာ သူ့ကဗျာလိုလို၊ ဆောင်ပုဒ်လိုလိုကိုလည်း လိုက်ဆိုခိုင်းတယ်။
"ရေလုံပြုတ် ကို ငါတို့စား၊ ရှိတဲ့အားနဲ့ တော်လှန်မည်။
ရန်သူ့လက်နက် ကိုယ့်လက်နက် အမြတ်ထွက်အောင် စစ်တိုက်မည်။
ရန်သူကို လက်စားချေမည်။ အာမဘန္တေ…
တို့တော်လှန်ရေး အောင်ရပါစေ့မည်" …. ဒီလို ဆောင်ပုဒ်လိုမျိုးလည်း ဆိုကြရသေးတယ်။

ဘားတိုက်-၂ လည်း မုဒုံသားတွေ များတယ်။ မုဒုံသပိတ်ကို ဦးဆောင်လာတဲ့ ကိုကျော့ခိုင်တို့ ညီအစ်ကို၊ လက်သမား ကိုမြင့်အောင် (ယခု ထိုင်းနိုင်ငံ)၊ ကိုရှုကြည်၊ ကိုယုကြည်.. စသည်ဖြင့်က ဦးဆောင်ကြတယ်။ မုဒုံအုပ်စုမှာ သြဇာကြီးတာ ကတော့ မုဒုံသပိတ်က ကိုတင်စိုးနောင် (ကွယ်လွန်)၊ ကိုတင်စိုးမောင် (ယခု ရေး)၊ ကိုသန်းလှိုင်ဦး (ယခု ရလလတ) တို့ ရှိတယ်။ သူတို့က မုဒုံသပိတ်ရန်ပုံငွေတွေ အတူပါလာကြတယ်လို့လည်း ဆိုတယ်။ နည်းနည်းပါပါး သုံးစွဲနိုင်တာ တွေ့ရ တယ်။ ဘားတိုက်-၃ က သံဖြူ ဇရပ်အုပ်စု၊ ကိုဝင်းသိန်း (ယခု ကနေဒါ) တို့အုပ်စုက ဦးဆောင်တယ်။ နောက်ပိုင်း ကျနော်တို့ ဆေးရုံအစုက သူတို့နဲ့ အိုးတွဲစားကြတယ်။ ဘားတိုက်-၄ နဲ့ ဘားတိုက်-၅ က နယ်စုံကနဲ့ ရန်ကုန်သားတွေ များတယ်။ ဘားတိုက်-၆ ကတော့ စခန်းခေါင်းဆောင်မှုကလူတွေ နေကြတယ်။ ကျနော်တို့က EC (Executive Committee) ဘားတိုက်လို့ ခေါ်တယ်။ ကျနော်တို့ ဆေးရုံနဲ့ မျက်စောင်းထိုး မလှမ်းမကန်းမှာ အမျိုးသမီးအဆောင် ရှိတယ်။ လေတပ်ကနေ သပိတ်ဦးဆောင် ထွက်လာတဲ့ ဆရာမကြီး ဒေါ်နုနုအေးနဲ့ အမျိုးသမီး ၁၀ ယောက်နီးပါးလောက် နေထိုင်ကြတယ်။ မရီရီထွန်း (ကွယ်လွန်)၊ မသန္တာ၊ မအတာ (ယခု USA)၊ မသူသူအောင်၊ မသန်းသန်းမြင့် (ယခု ကနေဒါ)… စသည်ဖြင့် ရှိကြတယ်။ စခန်းကရဲဘော် များရဲ့ ညနေ စကားမပြည်ပြော၊ အပန်းဖြေရာ မာလာဆောင်ပေါ့။

စခန်းထဲမှာ အခြားအဆောင်အနေနဲ့ ရုံးခန်းနဲ့ စာကြည့်တိုက်ကလေးတခု ရှိတယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေ လှူထားတဲ့ အင်္ဂလိပ် စာအုပ်စာတန်းများတယ်။ ပြောင်းဖူးခင်း၊ ပဲတောင့်ရှည်ခင်း… ချဉ်ပေါင် စတဲ့ စိုက်ခင်းကလေးလည်း ရှိတယ်။ နောက်ပိုင်း မှာတော့ သေဘောဘိုးစခန်းကို အတုယူလို့ Jungle University (တောတွင်းတက္ကသိုလ်) ဆိုပြီး သင်တန်း ကျောင်းဆောက် ဖို့ အဆောင်တွေကို ထပ်ပြီးဆောက်ကြတယ်။ စခန်းထဲမှာ ဘယ်သူပိုင်မှန်းမသိတဲ့ သစ်ခွဲစက်ကြီး တလုံးလည်း ရှိတယ်။  

စခန်းကနေ ကားနဲ့ နာရီဝက်ကျော် သွားရတဲ့နေရာမှာ ထိုင်းက စံခရပူရီမြို့ကလေး ရှိတယ်။ ဒီမြို့ကလေးမှာ မြို့သူမြို့သား တွေက ကရင်၊ မွန်တွေများတယ်။ မူစလင်အချို့လည်း ရှိတယ်။ ယခင်ပြည်ချစ်တော်လှန်ရေးခေတ်ထဲက နေလာကြပြီး၊ မြန်မာပြည် မပြန်လိုကြတဲ့ ပြည်ချစ်ရဲဘော်ဟောင်းတချို့လည်း ဒီစံခရပူရီမြို့ကလေးမှာ အခြေချတယ်။ ကျနော်တို့စခန်းက လိုအပ်တာတွေကို ဒီမြို့ကလေးမှာ သွားဝယ်ကြရတယ်။ အထူးသဖြင့်တော့ ဦးဝီ (ပြည်ချစ်)၊ ဗိုလ်ကြီးမျိုးကြည် (ပြည်ချစ်)၊ ဆရာမ ဒေါ်ဒေစီတို့က အထူးကူညီပေးကြတယ်။ အဲဒီမြို့မှာတော့ ဘုရားသုံးဆူစခန်း နိုင်ငံခြားဆက်ဆံရေးရုံးကို ဖွင့်ထား တယ်။ နိုင်ငံခြားဆက်ဆံရေးဌာနမှာ ကိုဇော်ဦး (ယခု CESD)၊ ကိုမျိုးမြင့် (ယခု ကွယ်လွန်)၊ ကိုအောင်မျိုးမင်း (ယခု Equality Myanmar)၊ ကိုကျော်သူရ (ယခု NPRC- ငြိမ်း) တို့က တာဝန်ယူကြတယ်။ မုဒုံအုပ်စုက ဝယ်ထားတဲ့ ဆိုင်ကယ် အဝါရောင်ကြီး တစင်းလည်း ရှိတယ်။  

ဒီစခန်းနေရာက ရေရှားတယ်။ စမ်းချောင်းလို ရေထွက်မရှိဘူး။ သို့သော် စိမ့်သဘောရေထွက်တာတော့ ရှိတယ်။ စံခရပူရီမြို့ ကနေ လက်ချောင်းကလေးလို ထွက်လာတဲ့ လမ်းကလေးရှိတယ်။ အဲဒီလမ်းကလေးက ကျောက်တောင်ကြီးတခု ဘေးက ကွေ့သွားပြီး ယခုဘုရားသုံးဆူနေရာမှာ လမ်းဆုံးတယ်။ အဲဒီလမ်းကလေးကို ထိုင်းနိုင်ငံကပိုင်တယ်ဆိုတယ်။ လမ်းဘေး တဖက်တချက်က မြန်မာပိုင်လို့ ယူဆထားကြတယ်။ နယ်နိမိတ် တိတိကျကျ တိုင်းတာထားတာတွေ၊ သဘောတူ ထားတာတွေမရှိကြတော့ ထိုင်းကို မြေခိုးတယ်လို့လည်း စွပ်စွဲကြတယ်။ အဲဒီအချိန်ကတော့ မြေလမ်းပဲ။ ထိုင်းက သစ်သူဌေး 'စီယာဟု'ရဲ့ သစ်ကားကြီးတွေ ဖြတ်သန်းသွားဖို့အတွက် အဓိကကျတယ်။ ကျနော်တို့ စခန်းက လမ်း ဘေးမှာ ကပ်လျက်၊ တောင်ကျောလေး (တောင်ပူစာကလေး) တခုခြားတယ်။ တောင်ကျောကတော့ သက်နုထုံးကျောက် တွေပဲ။ ဒီကြားထဲက ရေထွက်နေရာတခုကို တာတမံဖို့လို့ ရေသုံးနိုင်အောင် ပြင်ဆင်ထားကြရတယ်။ ကျနော်တို့စခန်းနဲ့ မလှမ်းမကမ်းမှာ နမ့်ကိတ်ကျေးရွာကလေး ရှိတယ်။ မွန်ပြည်သစ်ပါတီက ခေါင်းဆောင်တွေ၊ အခြားရွာသားတွေ နေကြ တယ်။ ရွာကလေးထိပ်မှာ ရုပ်ရှင်ရုံတခု ရှိတယ်။ သစ်သားတွေနဲ့ အခိုင်အခန့် ဆောက်ထားတယ်။ စံခရပူရီမြို့က မွန်သူဌေး 'နိုင်ဘရန်းဂဒီး' ပိုင်တယ်လို့ ဆိုတယ်။

အမှန်ပြောရရင် စခန်းမှာ သေနတ် ၄ လက်ပဲရှိတယ်။ မွန်ပြည်သစ်ပါတီဆီကနေ ညရေးညတာ အိပ်ဖန်စောင့်သဘော ငှားထားတာ။ ဒါပေမယ့် ကျနော်တို့ စစ်သင်တန်းကို ပင်ပင်ပန်းပန်း လုပ်ကြတယ်။ စစ်သင်တန်းလုပ်ဖို့ စခန်းခေါင်းဆောင် တွေက အစီအစဉ်ဆွဲကြတယ်။ ယခင် အစိုးရစစ်တပ်က ထွက်လာတဲ့ စစ်သားတွေ၊ အနားယူပြီးနေတဲ့ စစ်သားတွေကို ခေါင်းဆောင်စေပြီး စစ်သင်တန်းလုပ်စေတယ်။ သေနတ်က မရှိတော့ ဝါး၊ သစ်သားတွေကို ခုတ်လို့ သေနတ်ပုံစံလုပ် လေ့ကျင်ကြရတယ်။ စစ်သင်တန်းလုပ်မယ်ဆိုတော့ ဆရာကျော်တင့် (စစ်တပ်က အငြိမ်းစားပြီး မုဒုံအနီး ရွာတရွာမှာ နေထိုင်နေသူ)၊ ကိုမြင့်ဝေ၊ ကိုဝေလု၊ ကိုသက်ဦး (ပြုပြင်ထိန်းသိမ်းရေးလေတပ်)၊ ကိုသန်းထွန်း (လေထီးတပ်ရင်း-၁၆ မှော်ဘီ)၊ ကိုတင်မောင်ဌေး … စသည်တို့က သင်တန်းဆရာတွေ လုပ်ကြတယ်။ ကရင်ဒေသက စခန်းတွေမှာတော့ ကေအဲန်ယူတပ်မှူးတွေ၊ သင်တန်းဆရာတွေကို အကူအညီတောင်းကြတယ်လို့ သိရတယ်။ ကျနော်တို့ဆီမှာတော့ ပြည်တွင်းကအတူထွက်လာတဲ့ စစ်သားဟောင်းတွေနဲ့ပဲ အလုပ်ဖြစ်ကြတယ်။ မနက်ဆိုရင် ပီတီ (ကိုယ်ကာယ) လေ့ကျင့် ခန်းဆင်းရတယ်။ ပြေးရတယ်။ နေ့လည်စာ စားချိန်အထိ သင်တန်းမောင်းတယ်။ ဒီလို သင်တန်းမောင်းနေတဲ့အချိန်မှာ တော့ ရိက္ခာကို မီးဖိုကြီးနဲ့ စုပြီး ချက်ကြွေးတယ်။ ပုံမှန်ဟင်းတွေကတော့ မျှစ်၊ မျှစ်ချဉ်၊ ငါးပိ၊ ပဲဟင်း ဒါတွေပဲ။ တခါ တလေတော့ ငါးတန် နဲ့ ကြက်ရိုးဟင်းလည်း ကြွေးတယ်။ စခန်းက ရဲဘော်တွေကလည်း တက်တက်ကြွကြွ လုပ်ကြ တယ်။ ကျနော်တို့ ဆေးရုံက ဆေးမှူးတွေ၊ ဆရာဝန်ဆိုသူတွေလည်း စစ်သင်တန်းဆင်းကြရတယ်။ အဲဒီအချိန်မှာ နမ့်ကိတ်စခန်း မဝင်လိုကြတဲ့ ကျောင်းသားအစု (ရန်ကုန်သားတွေများတယ်) ကတော့ စံခရပူရီမြို့ရဲ့ အခြားတဖက် ထိုင်းနယ်စပ် ဟွေးကော့ချောင်းကလေးဘေးမှာ ဟွေးကော့စခန်းဆိုပြီး တည်ကြတယ်။ နောက်တော့ ထိုင်းက သူ့နယ်မြေ ထဲဝင်တယ်ဆိုပြီး ပြန်မောင်းထုတ်လို့ ကျနော်တို့ စခန်းဘေး ဂျပန်ရေတွင်း (ဘော်ယိပွန်) ရွာအနီးမှာ စခန်းသစ်ပြန် ဆောက် ကြရတယ်။ သူတို့ဆီမှာ အဆိုတော် ကိုသီရိညွန့်က ဦးဆောင်ပြီး၊ ကိုကိုလေး၊ ကိုတိုးကြီး၊ ကိုရဲမွန်၊ လုပ်သား တက္ကသိုလ် ကျောင်းသား အုပ်စု (Workers' College အုပ်စု)၊ ဆေး-၁ နောက်ဆုံးနှစ် အပိုင်း(က) က ကိုအေးမင်း (ယခု USA) တို့ ရှိကြတယ်။ [နောက်ပိုင်းမှာ ကျနော်တို့က ABSDF တပ်ရင်း ၁၀၁၊ သူတို့က တပ်ရင်း-၁၀၂ ဖြစ်လာကြတယ်။]

ကျနော်တို့ စစ်သင်တန်းလုပ်တဲ့အချိန်မှာ စစ်ချီသီချင်းက သိပ်ရှိလှတာ မဟုတ်ဘူး။ ပထမပိုင်းမှာ အစိုးရစစ်တပ်က ကြားဖူးတဲ့ စစ်ချီသီချင်းတွေပဲ သုံးကြရတယ်။ "ရဲရဲတောက် တို့ဗမာတွေ…" "မိုးတွေကလည်း မစဲဘဲ ရွာနေတယ်၊ မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်… " ဆိုတဲ့ BIA ခေတ် စစ်ချီသီချင်းမျိုးပဲ ရှိတယ်။ အချို့သီချင်းတွေ က မွန်ဘုရင်တွေကို ချိုးနှိမ်ထားတယ်၊ မဟာဗမာဝါဒကို ကိုယ်စားပြုတယ်ဆိုတဲ့ မွန်မဟာမိတ်ခေါင်းဆောင်တွေက စွပ်စွဲ ချက်တွေလည်း ကြားခဲ့ရသေးတယ်။ နောက်ပိုင်းမှာမှ အဆိုတော် ထူးအိမ်သင်ရေးတဲ့ "အရေးကြီးပြီ… ညီနောင် အပေါင်း တို့" ဆိုတဲ့ စစ်ချီသီချင်းရလာတယ်။ ပြောရရင် လက်နက်ကိုင်တော်လှန်ရေးတို့၊ စစ်အစိုးရကို လက်နက်ကိုင်ဖြုတ်ချရေး တို့ ပြောနေတယ်။ ကျနော်တို့မှာ သေနတ်တောင် ကောင်းကောင်းမရှိသေးဘူး။ အိပ်၊ စား၊ ဖျား၊ သင်တန်းတက် ဒါပဲ ရှိနေ သေးတယ်။ ဒါပေမယ့် ကျောင်းသားလူငယ်တွေရဲ့ စိတ်ဓာတ်ကတော့ အပြည့်ပဲ။ ကျနော်တို့ စခန်းမှာ ညဆိုရင် အလှည့်ကျ ကင်းစောင့်ရတယ်။ ဘယ်သူမှတော့ လာရန်ပြုဖို့ မရှိပါဘူး။ နာရီအလှည့်ကျ ကင်းချတယ်။ စခန်းကော်မီတီကလည်း အလှည့်ကျ တာဝန်မှူးတွေအနေနဲ့ ကင်းစစ်ကြတယ်။ ကင်းပျက်ကွက်ရင်၊ အိပ်ရင် ဒဏ်ပေးခံရတယ်။ ဒဏ်ပေးတာကို လည်း တက်တက်ကြွကြွ ထမ်းဆောင်ကြတယ်။ ပြောရရင် စခန်းကော်မီတီက တော်လွန်းလို့ ဒီလိုစနစ်တကျ ဖြစ်နေတာ မဟုတ်ဘူး။ လူတဦးချင်းစီက အသိစိတ်နဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ကိုယ်စီထည့်ဝင် နာခံကြလို့သာ အခုလို စနစ်တကျ ဖြစ်နေကြတာလို့ ဆိုနိုင်တယ်။ ရွာနီးချုပ်စပ်က မွန်ရွာသားတွေကတော့ ရိုးသားပါတယ်။ သူတို့က မွန်ပြည်သစ်ပါတီကို 'မွန်အစိုးရ'လို့ ခေါ်ကြတယ်။ သူတို့ သိထားသလိုပေါ့။ ကျနော်တို့ ကျောင်းသားအဖွဲ့တွေကိုတော့ 'ကျောင်းသားအစိုးရ' လို့ ခေါ်ကြတယ်။

ကျနော်တို့မှာ ဖျော်ဖြေရေးကတော့ ကံကောင်းထောက်မ ရှိနေခဲ့တယ်။ ဘုရားသုံးဆူရွာမှာ တခါတလေ ကားနဲ့လာ၊ ဖျင်ကာ ရုံထိုးပြတဲ့ ရုပ်ရှင်ရှိတယ်။ ကျနော်တို့စခန်းနာက နမ့်ကိတ်ကျေးရွာထိပ်မှာ သစ်သားရုပ်ရှင်ရုံကြီး တခုရှိတယ်။ အဲသည်မှာ ထိုင်းရုပ်ရှင်တွေ ၃ ကားကို ၅ ဘတ်ပေးလို့ ကြည့်နိုင်တယ်။ ရုပ်ရှင်ပြတဲ့နေ့ဆို "ပွိုက်ကား ပစွန်းကီး" (၃ ကား ၅ ကျပ်) ဆိုပြီး အသံချဲ့စက်နဲ့ ကြော်ငြာတတ်တယ်။ ကျနော်တို့ကတော့ ရုပ်ရှင်တကားပီးရင် ရုံဖွင့်ချိန်ကို စောင့်တယ်။ ကျနော်တို့က 'တကီးပါး ဖရီးကီး' (တကားပီးရင် ဖရီး Free) လို့ ဆိုကြတာပေါ့။ ဒါပေမယ့် ညနက်တိုင် ရုပ်ရှင်ကြည့်ဖို့ ဆိုတာက မနက် သင်တန်း ပီတီထပြေးရဦးမယ်ဆိုတော့ သောကြာ၊ စနေနေ့မျိုးပဲ ကြည့်နိုင်ကြတယ်။ အေးတဲ့ဆောင်း တွင်း ဖြစ်လို့ ရုပ်ရှင်ရုံရှေ့ နှင်းမှုန်မှုန်မှာ စောင်ကြီးခြုံပြီး၊ ကောင်းဘွိုင်တွေလို ရုံအဖွင့်ကို စောင့်ကြတယ်။ ဘေထုပ်က ရလာတဲ့ ဂျက်ကက်၊ ဂျာကင်၊ ကုတ်အင်္ကျ ီအရှည်နဲ့ ရှိုးထုတ်ဟန်ရေးပြကြတယ်။ စခန်းထဲမှာ လူဆိုးလည်း ရှိတာပေါ့။ ကိုယ်ရလာ တဲ့ စောင်ကိုရောင်း၊ အရက်နဲ့လဲသောက်တဲ့သူတွေလည်း ရှိတယ်။ အဲသည်တော့ "စောစောထရင် ဖိနပ် ရမယ်။ စောစောအိပ်ရင် စောင်ရမယ်" ဆိုတဲ့ အဆိုလည်း ရှိသေးတယ်။ စောင်တွေ ဖိနပ်တွေ ပျောက်ရှကုန်တော့ စောင်ရဖို့၊ ဖိနပ်ရဖို့ လုယက်ကြရတယ်။

ကျနော်တို့ ရောက်ပြီးတဲ့နောက်နှစ်၊ ၁၉၈၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ဘုရားသုံးဆူကျေးရွာမှာ '၈၈၈၈ နှစ်ပတ်လည် အခမ်းအနား' ကို ၁၀၁၊ ၁၀၂ တပ်ရင်းတွေ ပေါင်းစည်းကျင်းပတယ်။ မဟာမိတ်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြား ဟောပြောစေတယ်။ ကေအဲန်ယူအဖွဲ့အစည်းက တပ်မဟာ-၆ (ဒူးပလာယာခရိုင်) ဥက္ကဋ္ဌ စောတာအယ် (စောတင်ဦး) တက်တယ်။ မွန်ပြည်သစ်ပါတီက ဒုတိယဥက္ကဋ္ဌ နိုင်နွန်လာ၊ တွဲဘက်-အတွင်းရေးမှူး နိုင်ဟံသာတို့ တက်ရောက် စကား ပြောကြတယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့တွေကိုယ်စား ရေးမြို့က ကိုကိုဦး၊ ကိုမောင်မောင်ကြီး (နှစ်ဦးလုံး ကွယ်လွန်) တို့က အခမ်းအနားမှူးလုပ်၊ စကားပြောကြတယ်။ စကားပြောနေဆဲမှာပဲ နိုင်နွန်လာ ခေါက်ကနဲ ပုံကျသွားတယ်။ မွန် ရဲဘော်တွေက သေနတ်တွေနဲ့ စင်ပေါ်ပြေးတက်သွားပြီး လုံခြုံရေးယူကြတယ်။ ထင်တာက လက်ဖြောင့်သေနတ် သမား တယောက်ယောက်က ပစ်ခတ်လုပ်ကြံလေသလားပေါ့။ မွန်ဆေးမှူးတယောက် စင်ပေါ်တက်သွားပြီး စစ်ဆေးတယ်။ မွန်ပြည်သစ်ပါတီရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ နိုင်နွန်လာ (ခေါ်) နိုင်ဆိတ်နို့ နှလုံးရောဂါနဲ့ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနား စင်ပေါ် မှာတင် အသက်ပျောက်ခဲ့ရတယ်။



၁၉၈၉ ခုနှစ်၊ သြဂုတ်လ ၈ ရက်၊ ၈၈၈၈ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ဟံသာ မိန့်ခွန်းပြောနေစဉ်


ကျနော်တို့ ရောက်ပြီး မကြာခင်လများအတွင်းမှာ ဆေး-၂ က နောက်တသုတ်အဖြစ် ကိုဝင်းနိုင်ဦး (ယခု ကိုရင်မောင် BBC အသံလွှင့်ဌာန) စခန်းကို ရောက်လာခဲ့တယ်။ ကျနော်တို့တောခိုမယ် ကြံစဉ်က စာရင်းရှည်ကြီးပေးထားတဲ့ ကလေးတွေက အကြောင်းအမျိုးမျိုးကြောင့် တယောက်ပြီးတယောက် လာနှုတ်ထွက်သွားကြတယ်။ သူထွက်လာစဉ်က ဆေး-၂ က သူ တယောက်ပဲ ပါတော့တယ်။ သူ့သူငယ်ချင်း ဆေးကျောင်းသား ကိုအောင်အောင်၊ ရန်ကင်းက သူ့သူငယ်ချင်း တေဇမင်း (သူကလည်း လူနောက်ဖြစ်လို့၊ ပျော်ပျော်နေတတ်လို့ ကျနော်တို့က 'ဇာဇာ' လို့ နောက်ပြောင်ခေါ်ကြတယ်) ပါလာခဲ့တယ်။ သူကလည်း လူဆိုး၊ ဆေးတက္ကသိုလ်တက်ရင်း ဆေးတပ်ထဲဝင်ဖို့ စစ်တပ်ရဲ့ ကြိုတင်လစာ (Army stipend) ခံစားနေသူ၊ သူတောထဲထွက်လာတော့ သူမိဘတွေက အဲဒီငွေတွေကို ပြန်လျော်ကြရတယ်။ 



ဘုရားသုံးဆူဒေသရောက် ကျောင်းသားလူငယ်များ

No comments:

Recent Comments