Pages

Monday, November 13, 2017

ဘုရားသုံးဆူ နေ့ရက်များ (၃)

ဘုရားသုံးဆူ နေ့ရက်များ (၃)

ကျနော်တို့ ကျောင်းသားစခန်းက ရဲဘော်တွေက အားလုံး စာတတ်တွေချည်း၊ ကိုယ့်ကိုကိုယ် ထင်တလုံးနဲ့ လာကြတဲ့ မြို့နယ်အသီးသီးက သပိတ်ခေါင်းဆောင်တွေ။ စာတတ်တယ်၊ စကားကတ်တယ်၊ စကားတလုံးကို သက်သေ အကိုး အကားနဲ့ မရအရ ငြင်းခုန်ကြသူတွေ။ တခါတလေ မဟာမိတ်နယ်မြေ တာဝန်ခံတွေကလည်း လျှာရှည်လွန်းလို့  စိတ် ညစ်ကြရတယ်။

သူများစခန်းက သတင်းတွေကြားရတာ၊ ကျောင်းသားတွေ စာတတ်များ ကပ်ပုံကလည်း မလွယ်ကြော...။ သေဘောပိုး စခန်းက အဖြစ်အပျက်တခု ကျနော်ကြားဖူးသေးတယ်။ သေဘောပိုးစခန်းမှာ စစ်ပူလာတော့ ကျောင်းသားဆက်ဆံရေး တာဝန်ခံ ဖိုးလော်ကွားက အမိန့်ထုတ်တယ်။ ညအခါ လက်နှိပ်ဓာတ်မီး မသုံးရ။ မီးခွက်၊ မီးအိမ်များနှင့် သွားလာရမယ်.. စသဖြင့် ဆိုတယ်။ အကြောင်းကတော့ ရန်သူ့စစ်တပ်တွေလာရင် လက်နှိပ်ဓာတ်မီးသုံးကြတဲ့အခါ၊ ညအခါ တက်လာရင် လူခွဲခြား စစ်ဆေးနိုင်ဖို့ပေါ့။ ဒါပေမယ့် ကျောင်းသား ကိုစာတတ်တွေက အသက်နဲ့ရင်းပြီး ကပ်သီးကပ်သတ် လုပ်တယ်။ မီးခွက်၊ မီးအိမ်တွေနဲ့ သွားလာကြတယ်။ ဒါပေမယ့် မီး မထွန်းထားဘူး။ မီးခွက်ကြီးကို ဒီအတိုင်းကိုင်ပြီး သွားလာနေကြ တာ။ နောက်တော့ "မီးထွန်း၍" ဆိုတဲ့ စာသားကို ထပ်ဖြည့်ပေးရတယ်။ အဲသည်မှာပဲ ကျောင်းသားတယောက်က ရွာသား တဦးရဲ့ နွားကို သွားခိုးလာခဲ့တယ်။ နောက်တော့ သူ့ကို စစ်ဆေးတော့ ပြောတယ်။ "ကျနော် မခိုးရပါဘူး။ ကျနော်က ကြိုး လေးကို အသာလေးကိုင်လာတာပါ။ အဲဒါ သူက နောက်က တကောက်ကောက်လိုက်လာခဲ့တာ… " အဲသလိုလူတွေ။ ဒါ ကြောင့်လည်း ငှက်ဖျားပိုးထက်ဆိုးတဲ့ 'သေဘောပိုး' လို့ သူတို့စခန်းကို ခေါ်ကြတယ်။





ဒီလိုနဲ့ ဒု-ဥက္ကဋ္ဌ နိုင်နွန်လာရဲ့ ဈာပနအခမ်းအနားကို ၇ ရက်တိုင်တိုင်လုပ်တယ်။ ကျွေးမွေးတာ ကြက်၊ ဝက်၊ အမဲ အလျှံ ပယ်ပဲ။ ကျနော်တို့ စခန်းတွေအားလုံးလည်း မီးခိုးတိတ်။ ကျနော်တို့အားလုံးကလည်း အသားကောင်း ငတ်နေကြတာ ကြာပြီ။ အသုဘမှာ နေ့တိုင်း မနက်-ည ဆွဲရေးသွားပေးကြတယ်။ ကျနော်တို့ စစ်သင်တန်းတွေလည်း ဒီကာလရပ်ထား လိုက်ကြရတယ်။ စခန်းမှာဆို စခန်းအစောင့်လောက်ပဲကျန်တယ်။ အားလုံးက ဈာပနမှာပဲ သွားသွား ရှိနေကြတယ်။ ၁၀၁- ၁၀၂ ဒီနေရာမှာတော့ အားလုံးက ညီကြတယ်။ စားကောင်းသောက်ကောင်းအောင်လည်း ဒု-ဥက္ကဋ္ဌကြီး ကောင်းကြောင်း ပြောကြသေးတယ်။ အချို့ကဆို မျက်ရည်လေးစမ်းစမ်းနဲ့။ မွန်တွေကတော့ သူတို့ ဒု-ဥက္ကဋ္ဌကြီးကို ကျောင်းသားတွေ တကယ်တန်ဖိုးထား ချစ်မြတ်နိုးကြတယ် ထင်ပေလိမ့်မယ်။ ဒါပေမယ့် ပြန်ပြောတာ ကြားရင် သူတို့ရင်ကွဲမှာ။ အချို့က ပြောကြတယ်။ "ဒုဥက္ကဋ္ဌတောင် ဒီလောက်ကျွေးမွေးတာဆိုရင်၊ ဥက္ကဋ္ဌဆိုရင် ဘယ်လောက်ကျွေးမွေးလိုက်မလဲ မသိဘူး" ဆိုပြီး ပြောကြတာ။ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်လည်း မျက်ခုံးလှုပ်နေလောက်တယ်။

ကျနော်တို့က နိုင်ငံရေး၊ စစ်ရေး၊ တော်လှန်ရေး ဘာအတွေ့အကြုံမှ မရှိပါဘူး။ အဲသည်တော့ နီးစပ်ရာ မဟာမိတ်ကို ပုံတူ ကူးချကြတယ်။ မွန်နဲ့နီးတဲ့ ကျောင်းသားက မွန်ပြည်သစ်ပါတီနဲ့ သူ့တပ်မတော် ဖွဲ့စည်းပုံကို ကြည့်တယ်၊ အတုယူတယ်။ အလားတူပဲ ကရင်ဖက်ရောက်တဲ့ ကျောင်းသားတွေကလည်း ကရင်ဖက်က တပ်ဖွဲ့စည်းပုံ၊ အဖွဲ့အစည်း ဆောင်ရွက်ပုံကို အတုယူကြတယ်။ ကချင်ဖက်က ကျောင်းသားတွေလည်း အလားတူပဲ။ ကချင် ကေအိုင်အေတပ်ဖွဲ့စည်းပုံကို အတုယူကြ တယ်။ အမှန်ပြောရရင် ABSDF ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆွဲကြတော့ ၁၉၇၄ (မဆလ) ဖွဲ့စည်းပုံအခြေခံဥပဒေကို အတုယူပြီး ရေးကြတာ။ ပြောရရင် ကျနော်တို့လည်း ဘာဖွဲ့စည်းပုံဥပဒေမှ မြင်ထားဖူးတာ မရှိဘူး။ မုဆိုးစိုင်သင်ပဲ။ ဒီလိုနဲ့ လေ့လာဖြတ်သန်းခဲ့ကြရတာ။ ကျနော်တို့က မွန်ပြည်သစ်ပါတီနဲ့ နီးတော့ သူတို့ဖွဲ့စည်းပုံမှာ နိုင်ငံရေးကို အလေးပေးတယ်။ စစ်တပ်က နိုင်ငံရေးရဲ့ သြဇာခံပဲ။ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေးမူဝါဒက လက်ဝဲသဘောဆန်တယ်။ ကွန်မြူနစ်အယူအဆ (ကျနော်တို့ကတော့ 'တိုးတက်တယ်'လို့ သုံးနှုန်းကြတယ်) ကို အခြေခံထားတယ်။ အဲသည်မှာ နိုင်ငံရေးက ဦးဆောင် တယ်။ တပ်ကိုဦးဆောင်ဖို့ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်ပြီး စစ်ကော်မရှင်ဖွဲ့တယ်။ အဲသည်အောက်ကမှ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA) ရှိတယ်။ မြို့နယ်၊ ခရိုင်အဆင့် ဖွဲ့စည်းပုံတွေမှာလည်း မြို့နယ် ကော်မီတီတွေက သြဇာရှိတယ်။ ပြီးတော့မှ တပ်ခေါင်းဆောင်တွေ အာဏာရှိတယ်။ ကျနော်တို့လည်း သူတို့ပုံစံကို အတုခိုးကြတယ်။ နောက်ပိုင်း စစ်ကြောင်းတွေ ဖွဲ့တဲ့အခါ စစ်ကြောင်းနိုင်ငံရေးမှူး၊ စစ်ကြောင်းမှူး စသည်ဖြင့် နိုင်ငံရေးကို အဓိကထား၊ ပြီးတော့မှ စစ်ရေးခေါင်းဆောင်ကို ဒု-ခေါင်းဆောင်သဖွယ် ဖွဲ့စည်းကြတယ်။ ကျေးဇူးတင်စရာ ပြောရမယ်ဆိုရင်ဖြင့် မွန် ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသမှာ နေခဲ့စဉ် သတ်ဖြတ်ခံရတဲ့ ကျောင်းသားအရေအတွက်ဆိုရင် (ဝ) သုညပဲ။ ကျန်တဲ့ ဒေသတွေမှာ ရှိခဲ့တယ်။


ကျနော်တို့ ကျောင်းသားအဖွဲ့တွေနဲ့ ဆက်ဆံဖို့ တာဝန်ချပေးခံရသူတွေက မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ နိုင်ဗညားအောင်၊ ကေအဲန်ယူဖက်ကဆိုရင် ဆရာမန်းအောင်ဌေး (ယခု နယူးဇီလန်) တို့ ပါတယ်။ ဒီသူတွေဟာ သံတမာန် ရေး ဆက်ဆံရေး ညက်ညောပြီး၊ ပင်ကိုယ်စိတ်ရင်းကလည်း ကောင်းကြတယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့ဒဏ်ကိုလည်း ခံကြရတယ်။ နိုင်ဗညားအောင်က ပုဆိုးတိုတို၊ ဂင်တိုတို၊ မဲမဲနဲ့ ဗလတောင့်တောင့်၊ လယ်သမားတယောက်နဲ့ ပိုတူတယ်။ သူ့အိမ်မှာ ကျောင်းသားအဖွဲ့တွေက စားအိမ်သောက်အိမ်။ သူက ကျနော်တို့ ပြဿနာတွေကို ကူညီဖြေရှင်းပေးသလို၊ တတ်နိုင်သမျှ နိုင်ငံရေးသဘောတရားကိုလည်း သင်ပေးတယ်။ နောက်ပိုင်း ကွယ်လွန်သွားတယ်လို့ ကြားရတယ်။ ဆရာ မန်းအောင်ဌေးကတော့ မြစ်ဝကျွန်းပေါ်သားကရင်၊ ၁၉၆၂ ကျောင်းသား လှုပ်ရှားမှုတွေမှာလည်း အနည်းအကျဉ်း ပါဝင် ပတ်သက်ဖူးတယ်လို့ ဆိုတယ်။ သူကစိတ်ကောင်းရှိတယ်။ စကားပြောရင် နှာခေါင်းကို တရှုံ့ရှုံ့နဲ့လုပ်ပြီး ပြောတတ်တယ်။ တခါ ကျနော်တို့ စစ်ကြောင်းဆင်းဖို့ သွားပြောတော့ သူက ပျော်ပျော်ကြီးလိုက်လာတယ်။ သူ့အိမ်က မိန်းမ၊ ကလေးတွေ အတွက် ဘာမှ မထားပေးခဲ့ဘူး။ သူ့မိသားစုကလည်း ဒီဒဏ်တွေကို အထာကျနေပုံရတယ်။ ကျနော်တို့က မတတ်သာလို့ ဆန်တအိပ်သွားပို့ပေးရတယ်။ သူ့ကလေးကလည်း အများသား၊ "အောင်သူရာ…. အကြီးကို အငယ်က ထိန်းသွားလိမ့် မပေါ့ကွာ" လို့ ဆိုတယ်။ အဲသည်လိုပဲ ကလေးအငယ်ကို ကလေးအကြီးက ထိန်းကျောင်းရင်း တွဲလောင်းတွဲလောင်းနဲ့ မိသားစုဘဝ ဖြတ်ခဲ့ပုံရတယ်။ တခါတလေကျတော့ ကေအဲန်ယူက ဗိုလ်မှူးတူးတူးလေး၊ မန်းအောင်တင်မြင့်တို့နဲ့လည်း တွေ့ဆုံဆက်ဆံရတယ်။ (မန်းအောင်တင်မြင့်က နောက်ပိုင်း သုမုဟဲ တပ်ရင်း-၁၆ ခွဲထွက်လက်နက်ချတော့ ပါသွားတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တခါ ပြန်ဆုံရတယ်)။   

ကျနော်တို့ စစ်သင်တန်းတွေ စလုပ်တော့ တူညီဝတ်စုံအဖြစ် စစ်ရောင်တီရှပ်အပေါ်မှာ ခွပ်ဒေါင်းကို အစိမ်းရောင်ဆွဲ ထားတဲ့ အင်္ကျ ီတထည်၊ ဘောင်းဘီတိုတထည် ရကြတယ်။ ဒါနဲ့ဝတ်စုံတူညီ စစ်သင်တန်း ဆင်းနိုင်ကြတယ်။ ကျနော်က လူပျော့၊ အမြင့်မှာကြိုးတန်းဆင်ပြီး တဖက်ကို တွားလျှောက်ရတဲ့ လေ့ကျင့်ခန်းမျိုးဆိုရင် မလုပ်နိုင်ဘူး။ ဒါပေမယ့် မအတာ တို့လို မိန်းကလေးတွေကတောင် ရဲရဲတောက် လုပ်နိုင်ကြတယ်။ ပင်ပန်းတော့ အဖျားအနာလည်း ထူကြတယ်။ ဘုရား သုံးဆူဒေသမှာ အဆိုးဆုံးကတော့ ငှက်ဖျားပဲ။ ကွီနိုင်ဆေးမတိုးတဲ့ ငှက်ဖျားလို့ ဆိုနိုင်တယ်။ ငှက်ဖျားဖြစ်ရင် လက္ခဏာ ပေါင်းစုံဖြစ်တယ်။ ဗိုက်အောင့်တာမျိုးလည်း ဖြစ်တယ်။ တုန်ဖျားမယ်၊ သွေးဆုတ်လို့ ဖြူလျော့သွားမယ်။ အဆိုးရွားဆုံးက ငှက်ဖျား ဦးဏှောက်ထဲပိုးဝင်ပြီး ရူးသွပ်တာမျိုး၊ သေတာမျိုးလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ စခန်းမှာ ငှက်ဖျားဦးဏှောက် ထဲပိုးဝင်လို့ ရူးသွပ်ဖူးသူ ရဲဘော်တွေလည်း ရှိခဲ့တယ်။ Black water fever လို့ခေါ်တဲ့ ကိုယ်ထဲမှာ သွေးနီဥတွေပေါက်ကွဲ ပြီး၊ ဆီးအမဲရောင်သွားတဲ့၊ အသက်အန္တရာယ် အလွန်အမင်းစိုးရိမ်ရတဲ့ ငှက်ဖျားမျိုးလည်း ကြုံရတယ်။ ကျနော်တို့လည်း မုဆိုးစိုင်သင် ငှက်ဖျားကျွမ်းကျင်သူတွေ ဖြစ်လာကြတယ်။ ဆေးရုံမှာ လူနာတွေအတွက် ဓာတ်စာချက်ပြုတ်ပေးတဲ့ စေတနာ့ဝန်ထမ်း ရဲဘော်တွေလည်း ရှိတယ်။ အမျိုးသမီးဘားတိုက်က ရဲဘော်တွေကလည်း လူနာပြုစုမှုကို ဝိုင်းဝန်းကူညီ ကြတယ်။ ကြံကြံဖန်ဖန်ကိစ္စတွေလည်း ရှိခဲ့တယ်။ မြို့မှာတုန်းက မူးယစ်ဆေးဝါးသုံးစွဲတာကို နှစ်ခြိုက်လာတဲ့ရဲဘော်တွေ၊ သူတို့က ဒီလောက်အရသာဆိုးတဲ့ ကွီနိုင်ကို လာတောင်းသောက်ပြီး၊ နားအူ ညံစီစီ ခပ်ထွေထွေဖြစ်ရတာကို အရသာ ယူကြတဲ့ သူမျိုးလည်း ရှိခဲ့တယ်။

စခန်းထဲမှာတော့ ကျနော်တို့အုပ်စု (ကျနော်၊ ကိုမင်းလွင်၊ ကိုသက်ဌေးနိုင်၊ ကိုဝင်းနိုင်ဦး၊ ကိုအောင်အောင်၊ ကိုတေဇမင်း) အချင်းချင်း ပိုတွဲမိကြတယ်။ နောက်ပိုင်းတော့ စခန်းစာကြည့်တိုက်တာဝန်ယူတဲ့ ကိုအောင်နိုင်ဦး (ယခု USA)၊ ကိုစိုးအောင် တို့နဲ့ ပိုတွဲဖြစ်ကြတယ်။ [ကိုစိုးအောင်က သံသယရှိဖွယ်ကောင်းလောက်အောင် နောက်ပိုင်းပြန်ကို မတွေ့ဘူး၊ ပျောက်သွား တယ်]။ ဒီအချိန်မှာ ကိုဝင်းမင်းကတော့ ကေအဲန်ယူ တပ်မဟာ (၄)၊ မင်းသမီးစခန်း (တပ်ရင်း ၂၀၁) မှာ ဆေးမှူးမရှိဘူး ဆိုလို့ အကူအညီတောင်းလို့ ပေးလိုက်ကြရတယ်။ တခါတလေ သူစံခပြန်လာရင်တော့ တွေ့ကြတယ်။ တခါတလေ ရုပ်ရှင် ရုံဖက်က ကော်ဖီ၊ ကွတ်တယိုဆိုင်လေးကို မနက်စာ သွားစားကြတယ်။ အဲသည်အချိန်က ထိုင်း-မြန်မာ ငွေလဲနှုန်းက ဘတ်တိုက်-ကျပ်တိုက် နီးပါးပဲ။ မြန်မာငွေ ၁၀၀ ပေးရင်၊ ထိုင်းငွေ ၈၀ ဘတ်လောက်ရတယ်။ ကျနော်တို့ ကျောင်း သမဂ္ဂ ရန်ပုံငွေက ငွေကျပ် ၇၀၀၀ လောက် ပါလာခဲ့တယ်။ ဒီငွေတွေကို ကျနော်တို့လည်း သုံးစရာ အထူးမရှိတော့ ကိုမင်းလွင် ကိုပဲ ငွေကိုင်သဘော ပေးထားလိုက်ကြတယ်။ ကျနော်တို့ တဦးချင်းရတဲ့ အသုံးစားရိတ် ဘတ် ၅၀ ကိုလည်း သုံးစရာ သိပ်မရှိလှဘူး။ ကျနော်တို့ နောက်ပိုင်းအိုးအတူတူ စားတဲ့ သံဖြူဇရပ်အုပ်စုက ကျနော်တို့ ဆရာဝန်အုပ်စုက ရိက္ခာငွေကို မယူဘူး။ ကျန်ရဲဘော်တွေကတော့ တယောက် ဘတ် ၃၀ ရိက္ခာဖိုးထဲ ထည့်ကြရတယ်။ ကျန်တဲ့ ဘတ် ၂၀ ကတော့ ဆေးလိပ်၊ သွားရေစာဖိုးပေါ့။ ဆေးလိပ်လည်း မသောက်တတ်တော့ ကျနော်တို့ရတဲ့ ဘတ် ၅၀ က အသားတင်လို ဖြစ်နေတယ်။ တခါတလေ ကော်ဖီသောက်၊ ကွတ်တယို ခေါက်ဆွဲစား လောက်ပဲရှိတယ်။

ဒီကာလထဲမှာ တိုင်းပြည်ထဲမှာ ဖိနှိပ်မှုတွေက တိုးလာနေတယ်။ ၁၉၈၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ ဗကသဥက္ကဋ္ဌ ကိုမင်းကိုနိုင်ကို ဖမ်းခံလိုက်တယ်။ သိပ်မကြာခင်မှာပဲ လူ့ဘောင်သစ်ပါတီ ဒု-ဥက္ကဋ္ဌကိုသက်ထွန်းကို ဖမ်းဆီးထိန်းသိမ်း လိုက်ပြန်တယ်။ ဧပြီလထဲမှာ ကိုအောင်ဒင် အပါအဝင် ဗကသခေါင်းဆောင်တွေ ထပ်ပြီး ဖမ်းဆီးခံရပြန်တယ်။ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ကိုမိုးသီးဇွန်ကတော့ ၁၉၈၉ ခုနှစ်၊ သင်္ကြန်အပြီးလောက်မှာ ထိုင်း-မြန်မာနယ်စပ် ကို ထွက်ပြေးလာခဲ့တယ်။ သူနဲ့အတူ လူ့ဘောင်သစ်ရဲဘော်များလည်း နယ်စပ်ဒေသကို တဖွဲဖွဲ့ လိုက်လံထွက်ပြေးလာကြ တယ်။

ဒီကာလထဲမှာ ABSDF ဗဟိုကတော့ အခု NLD အစိုးရနဲ့ တူလှတယ်။ ဘုန်းကြီးကျောင်းသားတွေ ဘောလုံးကန်သလိုပဲ။ ဘောလုံးတလုံးနောက်ကို တအုပ်ကြီးလိုက်နေကြတယ်။ အထူးဧည့်သည့်တယောက်ကို လိုက်ပို့တယ်ဆိုရင်လည်း သူလည်းပါ၊ ကိုယ်လည်းပါပေါ့။ အဲဒီအချိန်က အမေရိကန်က လာတဲ့ဧည့်သည် မီမီမြင့်ဖူးက နာမည်ကျော်လှတယ်။ ခပ်တောင့်တောင့်ဖြောင့်ဖြောင့်၊ ကျနော်တို့လည်း တောထဲနေတာကြာတော့ ဆင်မကြီးတောင် လှလာသလိုလို ဆိုတာ မျိုး ဖြစ်နေကြတယ်။ ဒါပေမယ့် အာရှကျောင်းသား သမဂ္ဂ (ASA)၊ ထိုင်းကျောင်းသား သမဂ္ဂတွေနဲ့ အချိတ်အဆက် ရလာကြ တယ်။  

၁၉၈၉ ခုနှစ်ထဲမှာတော့ နိုင်ငံတကာမှာ ထူးခြားတဲ့ အဖြစ်အပျက်ကြီးတွေ ဖြစ်ပေါ်နေခဲ့တယ်။ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလမှာ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီကို ဒုတိယကမ္ဘာစစ်ကတည်းက ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကို စတင်ပြီး တရားဝင် ဖွင့်ပေးလိုက်တယ်။ ၁၉၉၀ ခုနှစ်၊ ဇွန်လမှာ ဘာလင်တံတိုင်းကို တရားဝင်စတင်ဖြိုချတာဟာ ၁၉၉၂ မှာ ပြီးစီးသွားတယ်။ ဒါဟာ ကွန်မြူနစ်တွေရဲ့ သံကွန်ချာကျိုးပျက်ခြင်းနဲ့ ဒီမိုကရေစီ တံခါးပွင့်လာမှုလို့ ဖော်ပြကြတယ်။ ၁၉၈၉ ခုနှစ်မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း ကျောင်းသားတွေက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့၊ အစိုးရက ပိုပြီး တာဝန်ယူ တာဝန်ခံမှုရှိဖို့၊ သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေအတွက် တောင်းဆိုကြတယ်။ ဒီလို သပိတ်မှောက် ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံ မြို့ကြီး ၄၀၀ လောက်အထိ ပျံ့နှံ့သွားတယ်။ တရုတ်အာဏာပိုင်တွေက ၁၉၈၉ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှာ မာရှယ်လော စစ်အုပ်ချုပ်ရေး ကြေညာတယ်။ တပ်နဲ့ လုံခြုံရေးအင်အား ၃ သိန်းလောက်အထိ ဖြန့်ကျက်ချထားခဲ့တယ်။ နောက်ပိုင်းမှာ သွေးထွက်သံယို ဖြိုခွဲမှုတွေ၊ ဖမ်းဆီးမှုတွေ ကျောင်းသားတွေဆန္ဒပြပွဲကို စာနာ ထောက်ခံကြတဲ့ ပါတီခေါင်းဆောင်တွေကို ဖြုတ်ထုတ်မှုတွေ ရှိခဲ့တယ်။ တရုတ်ကျောင်းသားတွေကို အကြမ်းဖက်ချေမှုန်း တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ကျနော်တို့စခန်းမှာလည်း အာရှကျောင်းသားတွေနဲ့အတူ ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ခဲ့ကြ သေးတယ်။


ဒါပေမယ့် အိမ်နီးချင်း ထိုင်း-မြန်မာနိုင်ငံ ဆက်ဆံရေးမှာတော့ တမျိုးတဘာသာ၊ ထိုင်းနိုင်ငံမှာ အဲဒီအချိန်က ဝန်ကြီးချုပ် ချတ်ချိုင်းချူနာဝန်က ဦးဆောင်နေတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး၊ သံတမာန်ရေးကို ဦးဆောင်ခဲ့သူက ထိုင်းစစ်ဦးချုပ် (Supreme Commander) ချာဗာလစ် ယောင်ချိုင်ယုပဲ။ သူက ၁၉၈၈ ခုနှစ်၊ မတိုင်မီ ကာလများ ကတည်းက မြန်မာနိုင်ငံကို ဝင်ထွက်လည်ပတ်ဖူးတယ်။ မြန်မာစစ်အရာရှိတွေနဲ့ ဆက်ဆံရေးကောင်းတယ်။ စစ် အာဏာသိမ်းအပြီး ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားလည်ပတ်ခဲ့ပြီး၊ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကို 'အစ်ကိုကြီး' လို့ ခေါ်ခဲ့တယ်။ ဆက်ဆံရေးတွေ ပြေပြစ်ရေးအတွက် ထိုင်းနိုင်ငံ ရောက် မြန်မာကျောင်းသားတွေကို ပြန်ပို့ပေးဖို့ သဘောတူညီခဲ့တယ်။ မြန်မာစစ်အစိုးရကလည်း ကျောင်းသားတဦး ပြန်ပို့ ပေးရင် ဘတ် ၅၀၀၀ ဆုချမယ်ဆိုတာမျိုး ကမ်းလှမ်းခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံက သစ်ထုတ်ခွင့်၊ ငါးဖမ်း ခွင့်၊ စီးပွားရေး လုပ်ကွက်လုပ်ကွင်းတွေ အများအပြားရခဲ့တယ်။

No comments:

Recent Comments