နိုင်ငံရေးအကွက်များ- အုပ်စုများ
ကျနော်ထင်မှတ်မထားဘဲ ဘုရားသုံးဆူ တပ်ရင်း (၁၀၁) စခန်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတယ်။
ဖြစ်ပုံက ဒီလို၊ သံလွင် ဥသုထစခန်းမှာ ကျင်းပတဲ့ ABSDF အရေးပေါ် ညီလာခံမှာ
ဘုရားသုံးဆူစခန်းက ဒေါက်တာ နိုင်အောင်က ဒု-ဥက္ကဋ္ဌ (၂) အဖြစ် ရွေးချယ်တင်မြှောက်ခံရတယ်။
ပထမအကြိမ် ABSDF ဖွဲ့စည်းတဲ့ ညီလာခံတုန်းက ဥက္ကဋ္ဌ -ကိုထွန်းအောင်ကျော်၊ ဒု-ဥက္ကဋ္ဌ ကိုဝင်းမိုး
(ယခု USA)၊ ကိုသန်းဝင်း (အထွေထွေအတွင်းရေးမှူး) (ယခု -USA)၊ တွဲဘက် အထွေထွေအတွင်းရေးမှူး
(၁) ကိုအောင်နိုင် (ယခု VOA ဦးသန်းလွင်ထွန်း)၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ်
ကိုကိုဦး (ယခု USA) တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြတယ်။ ၁၉၈၈ နိုဝင်ဘာလ ၅ ရက်နေ့မှာ
ညီလာခံပြီးခဲ့ တယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ သံလွင်မြစ်ဘေးက ဦးသုထစခန်းမှာ ၁၉၈၉ ခုနှစ်၊
ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကနေ ၂၂ ရက် နေ့အထိ အရေးပေါ် ညီလာခံ ခေါ်ဆိုတယ်။ အဲဒီမှာ ဘုရားသုံးဆူ
စခန်းက ဒေါက်တာနိုင်အောင်က ဒု-ဥက္ကဋ္ဌ (၂) အဖြစ် ရွေးချယ်ခံရတယ်။ ဖွဲ့စည်းပုံအသစ် ဖြစ်လာတယ်။
ဥက္ကဋ္ဌ- ကိုထွန်းအောင်ကျော်၊ ဒု-ဥက္ကဋ္ဌ (၁) ဦးယုနွယ်၊ ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာနိုင်အောင်၊
အထွေထွေအတွင်းရေးမှူး- ကိုသန်းဝင်း၊ တွဲဘက် အတွင်းရေးမှူး (၁) -စိုင်းဆာခေး၊ တွဲဘက်
အတွင်းရေးမှူး (၂)- ကိုတင်စိုးနောင်.. အပါအဝင် ဗဟိုကော်မီတီဝင် ၁၄ ဦး ဖြစ်လာခဲ့တယ်။
[ဦးယုနွယ်ကတော့ ဘားအံ အထက (၁) မှာ ကျနော်အထက်တန်းတက်စဉ် သင်္ချာသင်ပေးခဲ့တဲ့ ဆရာအရင်းပဲ၊
ဘားအံသားတွေ အများစုရောက်ရှိ လာတဲ့ ဝမ်းခစခန်းကိုယ်စားလှယ်အနေနဲ့ ညီလာခံ တက်ရောက်လာခဲ့တယ်။]
အဲဒီအချိန်မှာ ဘုရားသုံးဆူ စခန်းက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်ရော၊
ကိုတင်စိုးနောင်ပါ ဗဟို ကော်မီတီ လူကြီးများအဖြစ် ရွေးချယ် ခံရတဲ့အခါ ဘုရားသုံးဆူစခန်းမှာ
ကော်မီတီပြန်ရွေးဖို့ ဖြစ်လာခဲ့တယ်။ ဒါနဲ့ပဲ ကျနော်က မျှော်လင့်မထားဘဲ အများစုက စခန်းဥက္ကဋ္ဌအဖြစ်
ရွေးချယ် တင်မြှောက်လိုက်ကြတယ်။ ဒေါက်တာနိုင်အောင် ကတော့ ဆေးတက္ကသိုလ် (၁) က နောက်ဆုံးနှစ်ကျောင်းသားတဦးဖြစ်တဲ့
ကိုဇော်ဦးကို ဥက္ကဋ္ဌအဖြစ် လျာထားပုံရတယ်။ သူက ဘန်ကောက်အသိုင်း အဝိုင်းမှာ ပေါက်ရောက်တယ်။
သို့သော် စခန်းထုနဲ့ အနေဝေးသလို ဖြစ်လာတယ်။ ဆေးခန်းမှာ စေတနာထားကုပေးတဲ့ ကျနော့်ကို
အများက ရွေးတင်လိုက်ပုံရတယ်။ ကိုဝင်းနိုင်ဦးလည်း ကျန်းမာရေး တာဝန်ခံ EC အဖြစ် ရွေးချယ်ခံရတယ်။
ကိုတင်စိုးနောင်ရဲ့ညီ ကိုတင်စိုးမောင် (စက်မှုတက္ကသိုလ် ကျောင်းသား) က အထွေထွေအတွင်းရေးမှူး
ဖြစ်လာခဲ့တယ်။ ဒီအခါမှာ ဒေါက်တာနိုင်အောင်က ကျနော်တို့ကို ပြန်ချုပ်ဖို့ ကြိုးစားလာတယ်။
နယ်မြေကော်မီတီဆိုတာ ဖွဲ့စည်းပြီး၊ ကိုဇော်ဦးကို စခန်း (၁၀၁) နဲ့ (၁၀၂) ပေါင်း နယ်မြေကော်မီတီ
ဥက္ကဋ္ဌအဖြစ် တာဝန် ပေးတယ်။ ကျနော့်စွမ်းဆောင်မှုကို အားမရသေးလို့ စိတ်မချသေးလို့ ဖြစ်နိုင်သလို၊
အခြားကိစ္စတွေကို တွက်ဆ ဆောင် ရွက်တာလည်း ဖြစ်နိုင်တယ်။
အဲသည်အချိန်မှာ ABSDF ဗဟိုကော်မီတီမှာလည်း ပြဿနာတွေက အများသားပါ။ ကိုဝင်းမိုး၊
ကိုအောင်နိုင်၊ ကိုကိုဦးတို့ က ကေအဲန်ယူကို ပုတ်ခတ်တိုက်ခိုက်ပြီး မဲဆောက်မှာ စာထုတ်ဝေတယ်လို့
ဆိုတယ်။ ဒီအတွက်ကြောင့် ကေအဲန်ယူ ထိန်းချုပ်ရာဒေသထဲကို သူတို့ကို ပြန်လာဖို့ တားမြစ်ထားတယ်ဆိုတဲ့
သတင်းတွေလည်း ရှိတယ်။ အဲဒီကာလက သတင်း တွေကို ဘန်ကောက်ပို့စ်၊ သည်နေးရှင်း သတင်းစာတွေမှာ
ပြန်ဖတ်ရတယ်။ ကျောင်းသားခေါင်းဆောင်တွေနဲ့ အင်တာဗျူး တွေမှာ 'ကရင်နဲ့ တပ်ပေါင်းစု ခေါင်းဆောင်တွေက
အိုမင်းနေကြပြီ၊ တွေးခေါ်ပုံ ခေတ်နောက်ကျတယ်။ ဒီပုံမျိုးနဲ့ဆို တော် လှန်ရေး တသက်မအောင်မြင်ဘူး'
ဆိုတာမျိုး ဝေဖန်တာတွေ ဖတ်ရတယ်။ ကရင်ခေါင်းဆောင်တွေကလည်း 'ကျောင်းသား ခေါင်းဆောင်တွေဟာ
ခုမှလာပြီး တော်လှန်ရေးကို စိတ်ကူးယဉ်နေကြတယ်။ လက်တွေ့ဖြတ်သန်းမှု နည်းသေးတယ်' ဆိုတာမျိုး
ပြန်လည်ဝေဖန်တာတွေ ဖတ်ရတယ်။ ၁၉၈၉ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဗဟိုကော်မီတီက ကိုဝင်းမိုး၊
ကိုအောင်နိုင်၊ ကိုကိုဦး၊ ကိုကျော်ထင်၊ ကိုဝမ်ဟုတ်၊ ကိုအာကာစိုးနောင်တို့ကို ရာသက်ပန်ထုတ်ပယ်ကြောင်း
ကြေညာခဲ့ တယ်။ အကြောင်းပြချက်ကတော့ တာဝန်လစ်ဟင်းတယ်၊ ABSDF ညီညွတ်ရေး ထိခိုက်စေတယ်၊
မဟာမိတ်တွေကြား နားလည်မှု လွဲစေတယ်… စသည်ဖြင့် အကြောင်းပြတယ်။
တချိန်တည်းမှာ ဦးသုထစခန်း အရေးပေါ်ညီလာခံလုပ်တဲ့အခါမှာ ဗဟိုကို စင်ပြိုင်လုပ်တယ်လို့
ယူနေကြတဲ့၊ "ကေအဲန်ယူ နယ်မြေ ABSDF ဗဟိုကော်မီတီကိစ္စ" ကိုလည်း အရေးတကြီး
ဆွေးနွေးကြရတယ်။ ကေအဲန်ယူဒေသအတွင်းမှာ ABSDF တပ်ရင်း (၂၀၁) ကနေ- (၂၁၀) အထိ ၁၀-ရင်းရှိနေတယ်။
ဒီစခန်းတွေ စုစည်းပြီး နယ်မြေကော်မီတီတရပ် ဖွဲ့ခဲ့တယ်။ ကေအဲန်ယူက ကျောထောက်နောက်ခံပြုထားပြီး
ဗဟိုကော်မီတီကို စင်ပြိုင် ထားတယ်လို့ ယူဆနေကြတယ်။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ
ဖွဲ့စည်းတဲ့၊ အဲဒီ ကေအဲန်ယူအစည်းအရုံးနယ်မြေ ကော်မီတီမှာ ဥက္ကဋ္ဌ- ကိုကျော်ကျော် (ယခု
မဲဆောက်)၊ ဒုဥက္ကဋ္ဌ- ကိုမောင်မောင်တိတ် (ကွယ်လွန်)၊ ကိုစံရွှေအောင် (အတွင်းရေးမှူး)၊ ကိုမောင်မောင်စိုး
(တွဲဘက် အတွင်းရေးမှူး-၁) (အမေရိကန်တွင်ကွယ်လွန်)၊ ကိုသန်းထိုက် (တွဲဘက် အတွင်းရေးမှူး-၂)
အဖြစ် ပါဝင်ကြတယ်။ ဒီလို ကေအဲန်ယူနယ်မြေ ကော်မီတီကို ဖျက်ပေးဖို့ အစည်းအဝေးမှာ ကိုထွန်းအောင်ကျော်က
ပြောတဲ့အခါ၊ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုဘသင်က "ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်…
ကေအဲန်ယူနယ်မြေ ကော်မီတီကို ဆက်ထား ပေးပါ။ ခင်ဗျားတို့ ဗဟိုကိုလည်း ကျနော်တို့ ကူညီပါ့မယ်"
ဆိုပြီး ပြောတယ်။ ကိုထွန်းအောင်ကျော်နဲ့ ဖဒိုဘသင်အကြား တင်းမာမှုလည်း ဖြစ်ခဲ့ရတယ်လို့
သူစာအုပ်မှာ ရေးထားတာ ဖတ်ရသေးတယ်။ [ထွန်းအောင်ကျော်၊ ကိုယ်တွေ့ အတွေ့ အကြုံများ၊ လွင်ဦးစာပေ၊
၂၀၁၇၊ စာ-၁၇၇)။ အဲဒီအချိန်မှာ ABSDF ခေါင်းဆောင်တွေက မဲဆောက်မှာလည်း တဗိုလ် တမင်း ထင်ရာလုပ်နေကြတယ်။
ABSDF ဖွဲ့ပြီး ၃-လအကြာ ရေကျော်စခန်းမှာလည်း ဗဟိုကို အာဏာသိမ်းတယ်ဆိုပြီး ဖြစ်ခဲ့သေးတယ်။
ABSDF ဘုရားသုံးဆူ စခန်းမှာ အေးအေးဆေးဆေး နေမယ်ဆိုပေမယ့်လည်း၊ သတင်းတွေက
ရှိနေသေးတယ်။ ကျနော်တို့ (၁၀၁) စခန်းဟာ ABSDF စခန်းလား၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သား
ဦးအောင်နုဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ဒီမိုကရေစီ အင်အားများ စည်းလုံးညီညွတ်ရေးတပ်ပေါင်းစု
(ဒညတ) စခန်းတခုလိုလို ဖြစ်နေသေးတယ်ဆိုတဲ့ စွပ်စွဲချက်က ရှိနေသေးတယ်။ ကျနော်တို့စခန်းမှာကလည်း
အလှူရှင်တွေ လာရင် လူထုတ်တန်းစီ ပြရတာလည်း အမော၊ အလှူရှင် တွေက ဘယ်သူက ဘယ်အဖွဲ့အစည်းက
လာတယ်မှန်း မသိရဘူး။ ခဏခဏတော့ လူတွေ တန်းစီပြကြရတာမျိုး ရှိတယ်။
ကျနော်တို့ စခန်းကော်မီတီထဲမှာ ပြည်တွင်းမှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတုန်းက
ဦးနုဖွဲ့စည်းတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့
ကိုရာဇာ (၁၉၇၄ ကျောင်းသားဟောင်း) နဲ့ ဦးစိုးတင့် ဆိုသူတို့က စခန်းကော်မီတီမှာ ပါဝင်ကြတယ်။
သူတို့က "ဖုန်းစောင့်ဦးမယ်… မြို့ပေါ်က ဖုန်းစောင့်ဦးမယ်" ဆိုပြီးတော့ မကြာခဏ
ဆိုသလို စံခရပူရီမြို့ကလေးကို တက်သွားကြတယ်။ ဘန်ကောက်မြို့၊ သို့မဟုတ် အမေရိကန်ကခေါ်ဆိုလာမယ့်
ဖုန်းတခုကို သူတို့က စောင့်နေကြတာ။ တနေ့မှာတော့ သူတို့ ဝမ်းသာပြီး စခန်းကိုပြန်လာကြတယ်။
သူတို့ ဝမ်းသာကြတဲ့ အကြောင်းကတော့ ဦးအောင်နုက နိုင်ငံခြားက အကူအညီငွေရှာလာတာ ရပြီ၊
မကြာခင်မှာပဲ (ဒညတ) တည်ထောင် တော့မယ်ဆိုတော့ သတင်းကြာတော့ ပျော်လာကြတာ။ စခန်းကို ဝင်ဝင်လာချင်း
ဘားတိုက်တိုင်းကို ဆင့်ခေါ်တယ်။ အလံ တိုင်ရှေ့မှာ စုဝေးကြမယ်။ ဝမ်းသာစရာ သတင်း ပြောစရာရှိတယ်လို့
ဆိုလာတယ်။ ရဲဘော်တွေလည်း ဘားတိုက်အလိုက် တန်းစီ ထွက်လာကြတယ်။ အလံတိုင်ရှေ့မှာ စုမိတော့
ဦးစိုးတင့်က စကားပြောတယ်။ "ခင်ဗျားတို့ ဘာမှ မပူကြနဲ့တော့၊ ဝမ်းသာစရာ အခြေအနေတွေ
ဖြစ်လာခဲ့ပြီ။ အားလုံးကောင်းပြီ" အဲသည်မှာ သူဘာဆက်ပြောရမှန်း မသိဖြစ်နေတယ်။ အမှန်က
ဦးအောင်နု (ဒညတ) ဖွဲ့တော့မှာကို သူက ဝမ်းသာနေတာ၊ တကယ်က စခန်းနဲ့ (ဒညတ) က တရားဝင် ဘာမှ
ပတ်သက်တာ မဟုတ်ဘူး။ ပြောရင်းတဝက်ရောက်မှ သူသဘောပေါက်သွားပုံရတယ်။ စကားရှေ့မဆက်နိုင်တော့ဘဲ
ချာချာလည်နေတယ်။ ဒီအချိန်မှာပဲ ရဲဘော်တယောက်က ဖောက်ပြီး မေးခွန်းထုတ်တယ်။ "ကျနော်တို့
အခုအချိန်အထိ ဝမ်းသာစရာလည်း မတွေ့ရသေးပါလား၊ တိတိကျကျ ပြောပါ။ ဘာဝမ်းသာစရာလဲ"။
တယောက်တပေါက်နဲ့ အသံတွေ ဆူညံလာတယ်။ ဦးစိုးတင့်လည်း ငိုပြီး စင်ပေါ်က ဆင်းသွားရတယ်။
နောက်ပိုင်းမှာတော့ (ဒညတ) အဖွဲ့အစည်းက ဘုရားသုံးဆူနဲ့ နတ်အိမ်ထောင် ဒေသအကြား ပြည်သိမ်းစခန်းမှာ
စခန်းတခုတည်ထောင်တယ်။ ကျနော်တို့ဆီက အချို့ ရဲဘော်တွေလည်း သူတို့စခန်းကို ဖောက်ခွဲရေးသင်တန်းတက်ဖို့ဆိုပြီး
ထွက်ခွာသွားကြတာ ရှိတယ်။ ကျနော်တို့ဆီမှာက ခုချိန်အထိ လက်နက်မရှိ၊ ငွေကြေးမရှိ ဖြစ်နေတုန်းကိုး။
(ဒညတ) အဖွဲ့ရုံးက ဘန်ကောက်မှာ ရုံးစိုက်ပြီး ဦးညီထွေးက ဥက္ကဋ္ဌ၊ ဦးအောင်နုက ဒု-ဥက္ကဋ္ဌ၊
ဦးဇာလီမော်၊ သံမဏိ ဗိုလ်ခင်မောင်၊ ဦးအောင်မြင့်တို့က ဦးဆောင်ကြတယ်။
တချိန်ထဲမှာပဲ ဘုရားသုံးဆူဒေသမှာ အခြားအဖွဲ့အစည်းတွေလည်း ရှိနေသေးတယ်။
ရဟန်းပျိုသမဂ္ဂက အင်အားမများလှ ဘူး။ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ရုံးမှာ အခြေချ
သီတင်းသုံးတယ်။ အငြိမ်းစား ဗိုလ်မှူးကြီး ဦးစိန်မြ (ချင်းမိုင်တွင် ကွယ်လွန်) ဦးဆောင်တဲ့
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Peoples' Defence Force- PDF) အဖွဲ့လည်း ရှိနေသေးတယ်။ ဆရာဦးတင့်ဇော်
(အမည်ဝှက်- ဆရာတီ (သြစတြေလျတွင် ကွယ်လွန်) က PDF ရဲ့ နိုင်ငံရေးတာဝန်ခံ ယူထားတယ်။ ဦးစိန်မြက
ဂျပန်ခေတ် စစ်တက္က သိုလ်ဆင်း၊ ဝါရင့်စစ်သားကြီးပါပဲ။ စမတ်ကျတယ်။ နေပုံထိုင်ပုံကအစ တောင့်တောင့်ကြီး
တပ်မှူးတဦးလို နေတယ်။ ပြည်ထဲရေး ဝန်ကြီးလည်း ဖြစ်ခဲ့ဖူးတယ် (၁၉၆၉၊ ၁၉၇၂)။ သူက ၁၉၇၁
ခုနှစ်၊ ဗမာပြည် ကွန်မြူနစ်ပါတီဖက်က အကြီး အကျယ် ထိုးစစ်ဆင်လာတဲ့ ကွမ်းလုံ-ဟိုက်ကမ်းပါး
ရက် (၄၀) တိုက်ပွဲကို စီမံခုခံခဲ့သူ၊ မြန်မာပြည်မှာ တပ်တွေအများကြီး ကို ကိုင်ပြီး
ခုခံစစ်ဆင်တဲ့ မဟာဗျူဟာမှူး (မဟာဗျူဟာ ကွပ်ကဲမှု ဌာနချုပ်မှူး) ဆိုတာ သူတယောက်ပဲ ရှိခဲ့သူဆိုပြီး
ဂုဏ်ယူပြောဆိုတာ ကြားခဲ့ရဖူးတယ်။ ကျနော်တို့က အဲဒီကာလအခြေအနေကို သူ့ကို မေးကြည့်ဖူးတယ်။
"ဦးနေဝင်းက ဂျာမဏီကို ခရီးထွက်သွားတယ်။ ကာကွယ်ရေးဦးစီးချုပ် လုပ်နေတဲ့ ဦးစန်းယုက
စစ်မတိုက်တတ်ဘူး။ ဒါကြောင့် ပြည်ထဲ ရေးဝန်ကြီးကနေပြီး ငါထွက်တိုက်ရတာ" လို့ သူက
ပြန်ပြောပြတယ်။ စစ်ပွဲပြီးလို့ သူနာမည်တက်လာတဲ့အခါ ဦးနေဝင်းက မကြိုက်ဘူး။ ဒါကြောင့်
၁၉၇၂ မှာ အနားပေးခံရတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ဖြစ်လာတော့ သူရယ်၊ ဦးစံသာ (ဗိုလ်မှူးကြီးဟောင်း)၊
ဂျွန်လှဝင်း၊ သံမဏိ ဗိုလ်ခင်မောင်တို့ စစ်ရေးအရ ပူးပေါင်းကြံစည်မှု လုပ်ခဲ့တယ်လို့ စစ်အစိုးရက
စွပ်စွဲတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ရကသ) နောက်ကွယ် က လှုပ်ရှားတယ်လို့ စွပ်စွဲတယ်။
ဒါကြောင့် သူက နယ်စပ်ကို ထွက်လာခဲ့ရတယ်။
နောက်ပြီး မွန်ဗဟိုဌာနချုပ်ထဲမှာ လက်နက်ယူပြီး ပြန်တိုက်မယ်၊ တွံတေးတောကြီးတန်းကို
ပြန်အခြေချမယ်ဆိုတဲ့ စိုးလှ သင် (ကွမ်းခြံကုန်း) တို့ အုပ်စု တခုလည်း တွေ့ခဲ့ရတယ်။
သူတို့က သပိတ်ကာလက ငွေကြေးတွေ အများကြီးပါလာတယ်။ မွန်ပြည်သစ်ပါတီဆီက လက်နက်ဝယ်ပြီး၊
ရေလမ်းကြောင်းနဲ့ တွံတေးတောကြီးတန်းဖက်ဝင်မယ်ဆိုတာမျိုး ကြားရတယ်။ ကျနော်တို့က မစပ်စု
ပါဘူး။ နောက်ပိုင်း ရှေ့တန်းဆင်းကြတော့လည်း ရေးတောင်ပိုင်းမှာ ဒီအဖွဲ့ကို တွေ့ကြရသေးတယ်။
နောက်ပိုင်းတော့ လက်နက်ချသလား၊ အဖမ်းခံရသလား မသိဘူး။ စိုးလှသင် (ကွမ်းခြံကုန်း) က ကျနော်တို့
ပြည်ပရောက် တွေကို အပုတ်ချတဲ့ "မြက်ခင်းသစ်" စာစောင်မှာ ပင်တိုင်ဆောင်းပါးရှင်
ဖြစ်လာတာ တွေ့ရတယ်။


No comments:
Post a Comment