Pages

Monday, November 6, 2017

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၅)

လူငယ်တယောက်ရဲ့ ဘဝချည်ထွေး (၅)

ကျနော် တောထဲမှာ ရှိနေစဉ် စုလှိုင်ကို ဆက်သွယ်ဖို့ မကြိုးစားခဲ့ဘူး။ မြို့ကို ဆက်သွယ်လို့ရနိုင်တဲ့ လမ်းကြောင်းတွေ၊ ယူဂျီ အဆက်အသွယ်တွေ ရှိခဲ့ပါတယ်။ ကျနော် မဆက်သွယ်ဘဲ ထားခဲ့တယ်။ ကျနော့်ရဲ့ ရွေးချယ်မှု လမ်းကြောင်းကို စုလှိုင်နား မလည်နိုင်ဘဲ ရှိနေလိမ့်မယ်။ သူ့အဖေဟာ စစ်တပ်က တပ်ရင်းမှူးတယောက်ဆိုတော့ စုလှိုင်ဟာလည်း အစိုးရရဲ့ ဝါဒဖြန့်ချိ ရေး သတင်းမှိုင်းတွေကို တစုံတရာ ယုံကြည်နေလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း သူ့အပေါ် စိမ်းစိမ်းကားကားလုပ်သွားတဲ့ စစ်သွေးကြွကောင်လေးတယောက်ကို စိတ်နာနေမှာပေါ့။ ကျနော်တို့ကြားထဲ စည်းခြားခဲ့ပြီ ယူဆနေမိတယ်။ သူနဲ့ သင့်တော်သူ တယောက်ယောက်၊ ဖူးစာကြင်ဖက် တွေ့ရင်လည်း တွေ့သွားမှာပေါ့။ တခါတလေ တိုက်ဆိုင်မှုတွေရှိလာရင် တော့ ခဏတဖြုတ် သတိရကောင်းရပါလိမ့်မယ်။   

အတော်ကြီးကြာမှ နောက်ပိုင်းမှာ ကျနော်အမေရိက ခဏပြန်ရောက်နေတုန်း၊ နယူးယောက်က သူငယ်ချင်းတယောက်က ပို့လာခဲ့တယ်။ သူက ကျနော်နဲ့ကျောင်းတုန်းက တတန်းတည်း၊ နောက်ပိုင်းမှ နယူးယောက်မှာ အခြေချရောက်လာတဲ့သူ။ စုလှိုင် ဆုံးသွားပြီဆိုတာ သူပြောလာတယ်။ ၂၀၁၀၊ မေလထဲမှာ ကွယ်လွန်သွားခဲ့တယ်ဆိုတယ်။ သူ့မိဘတွေအခြေစိုက် ရာ အညာဖက်က မြို့တခုမှာ အပူကျွမ်းပြီး (Heat stroke) နဲ့ ကွယ်လွန်သွားခဲ့တယ်ဆိုတယ်။ ကွယ်လွန်တဲ့အချိန်အထိ အိမ်ထောင် ရှိမနေခဲ့ဘူး။ အပျိုကြီးဘဝနဲ့ပဲ သူအရိုးထုတ်နေခဲ့တယ်။ ကျနော် အတော်စိတ်မကောင်း ဖြစ်မိတယ်။ ဘယ်လို ကံကြမ္မာမျိုးတွေ တို့ကြုံခဲ့ကြရပါလိမ့်… တွေးမိတယ်။ သူ့အတွက် အလှူဒါနပြု၊ ကောင်းရာမွန်ရာ ရောက်ဖို့ ဆုတောင်းမိ တယ်။


သူဟာ ပူပြင်းခြောက်သွေ့လွန်းတဲ့ မြို့ကလေးမှာ ဘာတွေ စဉ်းစားနေမှာလဲ။ လေတိုက်ရင် တဖြတ်ဖြတ်လွင့်ကြွေသွားတဲ့ သစ်ရွက်ခြောက်တွေကို အဓိပ္ပါယ်မရှိ ငေးကြည့်နေမှာလား။ ဒီ အဝါရောင်လမ်းကလေးပေါ်မှာ လျှောက်လာတာ၊ မောင် မဟုတ်တာတော့ သေချာတယ်။ အခုအခါ မြင်တွေ့ရရင် မှတ်မိနိုင်ပါ့ဦးမလား။ ဒါမှမဟုတ် သူဖုန်းခလုတ်တွေကို အဓိပ္ပါယ် မရှိ နှိပ်နေမိဦးမှာလား။ ဒါမှမဟုတ် အစ္ဇျတ္တမှာ ပလာဖြစ်မှု၊ ဟာလာကျင်းဖြစ်နေမှုတွေကို ဘယ်လို ရင်ဆိုင်ခဲ့လေမလဲ။ အညာနွေက အဲဒီနှစ်မှာ ပိုပြီး ပူပြင်းနေလိမ့်မယ်။ လယ်ကွင်းတွေ ခြောက်သယောင်း၊ တောတွေ ခြောက်သယောင်း၊ မြက်ပင်တွေ ခြောက်သယောင်း၊ ငိုလိုက်ဖို့တောင် မျက်ရည်တွေ ခြောက်သယောင်း၊ လမ်းမတွေပေါ်မှာ ရေလို့ထင်ရတဲ့ တံလျှပ်တွေပဲ မင်းမူနေတော့တာ။ တံလျှပ်တွေက မာယာတွေလိုပါ။ တကယ်မဟုတ်ကြဘူး။ သူဟာ ကျနော့်အကြောင်း မစဉ်းစားချင်တော့လောက်အောင် စိတ်နာနေမှာလား…. တွေးနေမိတယ်။

ကျနော့် သူငယ်ချင်း မစုလှိုင်အတွက် ကဗျာတပုဒ်ရေးခဲ့မိတယ်။ ဒီကဗျာတစောင်ကတော့ ခံစားချက်နဲ့ လှိုက်လှဲနေခဲ့ တယ်။ ဒါပေမယ့် စုလှိုင်မဖတ်နိုင်တော့ဘူး။  

ဆုတောင်းပိတ်ချိန်

ဖတ်နေတဲ့ စာအုပ်ကို ပိတ်လိုက်ပြီ။
မျှော်နေကျ အဝါရောင်လမ်းကလေးလည်း ငိုက်မြည်းတိတ်ဆိတ်
ဖြေသူမရှိတဲ့ တယ်လီဖုန်းတခုကိုလည်း အကြိမ်ကြိမ် ထပ်နှိပ်မခေါ်ချင်တော့ဘူး
အွန်လိုင်းပေါ်မှာလည်း ရှာပုံတော်မဖွင့်ချင်တော့ဘူး
ဒဏ်ရာတွေကို ဘာလို့ ဟန်လုပ်နေရမှာတဲ့လဲ။

ဝဲပျံနေတဲ့ မျှော်လင့်ချက်တွေကို ကြိုးပြန်သိမ်းခဲ့တယ်။
သူပြန်လာမှာပါဆိုတဲ့ စိတ်ကူးနဲ့ အသက် ဆက်မရှုချင်တော့ဘူး
အတိတ်ဘဝ အကြောင်းကံထဲမှာ ထားခဲ့တဲ့သူ
ရေမြေခြား ကုဋေကုဋာ မိုင်များစွာမှာမှ အမှန်တရားက ရှိတယ်တဲ့လား။

အချိန်တွေက ဖြေဆေးတဲ့။
မြိုသိပ်ထားမှုတွေက မီးလောင်မြိုက်ခဲ့
အတိတ်ကို သတိရတိုင်း ရင်မှာဆို့ခဲ့။
တကယ်ချစ်ခဲ့ရဲ့လား..
ဒီမေးခွန်းတွေက သူ့ကို ဆွံ့အနေစေတယ်။

သူ သက်ပြင်းကိုချတယ်..
ဖတ်နေကျ စာအုပ်ကိုပိတ်လိုက်တယ်..
မျက်လွှာကိုပိတ်လိုက်တယ်။
မြင်နေကျ အဝါရောင် လမ်းကလေးကိုလည်း ကျောခိုင်းလိုက်ပြီ။
ဆုတောင်းတွေလည်း နိဂုံးချုပ်ခဲ့တယ်။

ယောဟန်အောင်
သြဂုတ်၊ ၂၀၁၀။
၂၀၁၀ မေလလယ်မှာ ကွယ်လွန်ခဲ့တဲ့ ကျနော့်သူငယ်ချင်းတဦးအတွက်...

No comments:

Recent Comments