(၁)
ေဆး-၂ စာပေအုပ်စု
ဒေါက်တာဇော်မင်းနဲ့ ကျနော့် အကြောင်းပြောရရင်၊ သူတို့ မိသားစုအကြောင်းလဲ နောက်ပိုင်း ပတ်သက်လာလိမ့်မယ်။ အကြောင်းက သူ့ညီ ကိုဇော်ထွန်း၊ ကိုဇော်ခိုင်ပါ ကျနော်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်ခဲ့ရတယ်။ ကျနော်တို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်ဆိုးကြီးမှာ သူတို့မိသားစုတွေ ဘယ်လောက်အထိ နစ်နာဆုံးရှုံးခဲ့ရတယ်ဆိုတာ ပြောပြသင့်တယ်တော့ ထင်တယ်။ သူရဲကောင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ စွန့်လွှတ်ခဲ့ကြသူချည်း၊ နစ်နာခဲ့ကြသူချည်း၊ ခေတ်တစ်ခေတ် လှိုင်းကြီးလေထန် ခလောက်ဆန်ခဲ့တဲ့ ကာလဆိုးကြီးမှာ အများထက်ပိုပြီး နစ်နာခံစားခဲ့ကြရသူများပါ။
ကျနော်နဲ့ ကိုဇော်မင်း စတင်ရင်းနှီးပုံအကြောင်း ပြောရင် ဆေးတက္ကသိုလ်-၂ မဂ္ဂဇင်းအကြောင်းက စရလိမ့်မယ်။ ကျနော် တို့ ဆေး-၂ က မဂ္ဂဇင်းတွေက နာမည်ရတယ်။ စာပေလောကထဲမှာ သြဇာရှိတယ်။ ဆေး-၂ မဂ္ဂဇင်းထွက်လာရင် စောင့်လို့ ဖတ်ကြရတယ်။ ကျနော်တို့အရင်နှစ်တွေတုန်းက အစ်ကိုတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်နဲ့ ကျနော်တို့ ၁၉၈၂ ခုနှစ်မှာ ကျောင်းရောက်တော့ မဂ္ဂဇင်းထွက်လာခဲ့တယ်။ စိန်ပန်းပုံ အဖုံးနဲ့ထင်တယ်။ နောက်တော့ အဖြူနောက်ခံမှာ နားကျပ်ပုံ လေးနဲ့ ထင်တယ်။ ကျနော်သေချာတော့ မမှတ်မိတော့ဘူး။ ဒီမဂ္ဂဇင်းတွေမှာ စာမူကောင်းတွေပါတယ်။ ရသစာပေတွေ လည်း လက်စွမ်းပြထားနိုင်တယ်။ မောင်သာနိုးလို နာမည်ကျော် ဘာသာပြန်ကဗျာဆရာတွေရဲ့ "ကာလီမယ်တော် တမ်းချင်း" ကဗျာလိုမျိုးလည်း ပါတယ်။ ဒါပေမယ့်ကျောင်းမှာ စာပေစိတ်ဝင်စားသူ၊ ကဗျာ-စာ စိတ်ဝင်စားသူက လူနည်းစုပဲ။ လူများစုက စာဂျပိုးတွေ။ သူတို့တွေက ဝိုင်းဝန်းကြိုးပမ်းကြတယ်။
ကျနော်လည်း တစ်နှစ်နှစ်မှာတော့ ကျောင်းမဂ္ဂဇင်းမှာ လက်စွမ်းပြဖို့ ရည်ရွယ်ချက်ရှိထားတယ်။ ဖြစ်နိုင်ရင်လည်း ဝိုင်းကူညီ လုပ်ပေးချင်သေးတယ်။ ဒီလိုနဲ့ စာပေဝါသနာပါသူ လူနည်းစုလေးကြားမှာ ရင်းနှီးလာတယ်။ ညီညွတ်မှုတွေ ရှိလာကြတယ်။
ကျနော်တို့ကျောင်းအရင် မဂ္ဂဇင်းတွေမှာ တာဝန်ယူဖူးတဲ့ ကိုသန်းဝင်း ရှိတယ်။ နောက်တော့ ဒေါက်တာဇော်မင်း (ဇော်နတ်ဇော် အမည်နဲ့ စာတွေဘာတွေ ရေးတယ်။) ကိုသိန်းဝင်း (ချမ်းငြိမ်းဝင်း) အမည်နဲ့ ကဗျာရေးတယ်။ ကိုသက်ဦး (သူ့ကလောင်နာမည်တော့ မမှတ်မိဘူး၊ သူမိတ်ဆက်ပေးလို့ အဲသည်ကတည်းက အံ့ဘွယ်ကျော်နဲ့ ကျောင်းကိုလာလည် တုန်း ရင်းနှီးဖူးတယ်။) နောက်တော့ ကျနော်၊ ကိုမင်းလွင် (နရီမင်း) တို့၊ တောင်ငူသား ကိုလွမ်းဆွေ၊ ကိုသန့်ဇင်… (နာမည် အချို့မမှတ်မိတာလည်း ခွင့်လွှတ်ပါ) တို့ ရှိကြတယ်။ ကိုသန်းဝင်း (ဒေါက်တာသန်းဝင်း) ကို နောက်ပိုင်းပြန်တွေ့ တယ်။ သူက ၁၉၈၈ ခုနှစ်ပြီးတော့ ထောင်ကျတယ်လို့ထင်တယ်။ NLD (ထားဝယ်) မှာ လှုပ်ရှားဖြစ်တာ။ သိပ်မသေချာ ဘူး။ သူနဲ့တစ်ခါ ရန်ကုန်မှာပြန်တွေ့တယ်။ အခုအချိန်မှာတော့ သူက ထားဝယ်မှာ NLD ရော၊ NLD က ခွဲထွက်ထူထောင် တဲ့ NDF နဲ့ရော အတူလုပ်ကိုင်ပေးနေတယ်။ ပါတီစွဲမရှိဘူး။ ကောင်းစေချင်တာ တစ်ခုနဲ့ နှစ်ပါတီလုံးနဲ့ လုပ်ပေးနေတယ် လို့ ကျနော့်ကို ပြောပြတယ်။
ကိုဇော်မင်းက ကျနော်တို့ ပထမနှစ် (First M.B) ရောက်တော့ သူက နောက်ဆုံးနှစ်လား၊ ဟောက်ဆာဂျင်လား မသိဘူး။ နောက်ပိုင်းတော့ အင်းစိန်၊ ဖော့ကန်မှာလား မသိဘူး။ ဆေးခန်းလေး ဖွင့်ထားတယ်။ သူနဲ့ ကျနော် စာအကြောင်း ပေအကြောင်းပြောဖို့ တွဲဖြစ်တယ်။ ကျနော့်အိမ် (အင်းစိန်) လည်း သူရောက်လာတတ်သလို၊ သူ့အိမ်လည်း ကျနော် သွား တတ်တယ်။ ကျနော့်အိမ်က အဖေ၊ အမေတွေက ဒေါက်တာဇော်မင်းနဲ့ အပြင်သွားမယ်၊ လက်ဖက်ရည်ဆိုင် ထိုင်မယ်ဆိုရင် စိတ်ချတယ်။ လူကြီး၊ ပြီးတော့ ဆရာဝန်ဖြစ်နေပြီ။ တည်တည်ငြိမ်ငြိမ် ရှိပုံလည်း ရလို့ပါ။ ဒါပေမယ့် ကျနော်တောခိုပြီး၊ ဒေါက်တာဇော်မင်းကိုလည်း ကွန်မြူနစ်ယူဂျီဆိုပြီး ဖမ်းအပြီး (စာအုပ်နီ-သတင်းစာရှင်းလင်းပွဲ) မှာ ကျနော့်အမေ မျက်နှာကို ကြည့်ချင်မိတယ်။ ဘယ်လောက်များ ကြောက်နေမလဲ မသိဘူး။
နောက်တစ်ဦးက ကိုသိန်းဝင်း၊ သူက ကျနော့်ထက် ၂-တန်းလောက်ကြီးတယ်။ သူ့အဖေက RIT (စက်မှုတက္ကသိုလ်) က မော်ကွန်းထိန်းလို့ ထင်တာပဲ။ သူ့အစ်ကိုတယောက်လည်း ဆေး-၂မှာ အတန်းကြီးထဲမှာ ရှိတယ်။ သူနဲ့ ကျနော်လည်း လိုင်း မတူပေမယ့် တွဲမိတယ်။ လိုင်းမတူဆို သူက ပေတယ်။ ဆေးခြောက်ကြိုက်တယ်။ ဘောလုံးကန်တယ် (အားကစား ဘောလုံးပါ)။ ရုရှား ကဗျာဆရာ ယက်ဗ်တူရှင်ကိုလည်း ဘော်လုံးကန်တယ်။ ဆေးခြောက်ချတယ်လို့ သူက ဆင်ခြေပေး လေ့ရှိတယ်။ ကျနော်က ဆေးလိပ်တောင် မသောက်ဘူး။ အဆောင်က သူ့အခန်းသွားလို့ စာ-ကဗျာအကြောင်းပြောရင် ဆေးခြောက်နံ့ တမွှန်မွှန်နဲ့ သည်းညည်းတော့ ခံရတယ်။ သူက ဂေါ်ကီကြိုက်တယ်။ ရုရှား ဆိုရှယ်လစ်စာရေးဆရာတွေ အကြောင်း ကျနော့်ကို မိတ်ဆက်ပေးတာ။ ကြိုက်ရုံတင်မဟုတ်။ အထဲက ဇာတ်ကောင်တွေကိုပါ သဘောကျသေး။ ဘဝနာတဲ့ ဇာတ်ကောင်တွေပေါ့။ အဲဒီတော့ သူက မင်္ဂလာဒုံမြို့စွန် သားသတ်ရုံက လူတွေနဲ့ ပေါင်းတယ်။ အောက်ခြေ လူတန်းစားတွေနဲ့ ပေါင်းတယ်။ ဘဝမှန်တယ်ပေါ့လေ။ ဂျူတီကုတ်က ညစ်ပတ်နေတယ်။ ကားတိုင်ယာကို ဖြတ်ပြီး လုပ်ထားတဲ့ ဈေးပေါလွန်းတဲ့ ဖိနပ်ကိုစီးတယ်။ ဒီဒဏ်တွေကြောင့်ထင်တယ်။ အဲဒီကတည်းက ချွေးထွက်လာရင် သူ့ကိုယ်ထဲ သံကောင်တွေ သွားနေတာ၊ ယားတာဖြစ်တယ်လို့ သူက ပြောတယ်။ ထူးထူးဆန်းဆန်း လူတန်းစားဇာတ်လမ်း တွေလည်း သူ့ဆီက ကြားရတယ်။ ဥပမာ-ပြောရရင် အသားခုတ်သမားတွေက ရွှံ့ဗွက် ဒူးလောက်ထဲမှာ ခုတ်ကြရကြောင်း၊ ခုတ်ရင်း လူအလစ်မှာ အသားခိုးဖို့ ရွှွံဗွက်ထဲကို နှစ်ချလိုက်။ ပြီးတော့ အလုပ်သိမ်းတော့မှ ပြန်ထုတ်၊ ရေဆေး၊ ပြန်ရောင်းကြ ဆိုတာမျိုးပါ။
ကိုသက်ဦးကတည်း အတန်းကြီးတယ်။ သူ့ကဗျာတွေက နည်းနည်းရှေးဆန်သလို ထင်တယ်။ သိပ်မတွဲဖြစ်ခဲ့ဘူး။ နောက်ပိုင်း ကျနော်နဲ့ တွဲဖြစ်တာ အတန်းတူ ဇော်အောင် (သူ့ကလောင်အမည် မေ့နေပြီ)။ ကိုမင်းလွင် (နရီမင်း)၊ သူက အတန်းငယ်တယ်။ ကိုမင်းလွင်က တရုတ်ကပြား။ ဖိနပ်ကိုရှပ်တိုက်လျှောက်တယ်။ ဆေးပညာထက်၊ အဲသည်အချိန်က စာပေကို ပိုစိတ်ပါနေပုံပဲ။ လောကကို အရွဲ့တိုက်ချင်ပုံလည်း ရတယ်။ ကျနော်နဲ့ စကားပြောရင်၊ သူ့အမြင်တစ်ခုခုကို ပြောပေမယ့် မှားသွားမလားဆိုပြီး၊ ရှက်ကိုးရှက်ကန်းကလည်း ဖြစ်သေးတယ်။ တစ်ခါတစ်လေ သူများကို ပြောချလိုက် ရင်လည်း ရစရာမရှိအောင် ပိဿာလေးဘေးပစ် ပြောတတ်တယ်။ ဇော်အောင်ကတော့ နောက်ပိုင်းကျနော် အဆက် အသွယ် ပြန်မရဘူး။ စာလည်း ဆက်ရေးဖြစ်တယ် မထင်ဘူး။ ကျောင်းတုန်းက အတန်းထဲမှာပဲ အခြားစာပေဝါသနာ ပါသူ တွေလည်း ရှိကြပါတယ်။ ကိုခင်အောင်ထွန်း (အခုတော့ ဆေးတပ်မှာ ဗိုလ်မှူးကြီးဖြစ်နေပြီ)၊ ကိုသက်ဦး (သူက စာဖတ် တယ်၊ စာမရေးဘူး၊ အခု အင်္ဂလန်မှာ)။ ကိုအေးနိုင် (အခုတော့ ဆေးတက္ကသိုလ်တစ်ခုမှာ ဆရာပြန်လုပ်နေတယ်)။ ဒီလူ တွေနဲ့ လက်ရေးမှင်ကူး ကဗျာစာအုပ်တွေလုပ်ကြ။ ကိုယ့်ဘာသာ ကျေနပ်နေကြတယ်။
ဆေး-၂ မဂ္ဂဇင်းအကြောင်း ပြန်ကောက်ရရင်၊ ကံဆိုးတာလား မသိဘူး။ ကျနော်တို့ ကျောင်းရောက်တဲ့နှစ်မှာပဲ လမ်းစဉ် လူငယ်က သိမ်းပိုက်လိုက်တယ်။
(နိုင်ငံရေးသိပ္ပံဌာနကလား.. သိပ်မသေချာဘူး)။ မူဝါဒတွေ မထိပါးဖို့ ဆိုပါစို့။ အဲဒီအချိန်က နိုင်ငံရေးသိပ္ပံဌာနမှူးက ဦးအေးမြင့်၊ မြန်မာစာဌာနမှာ ရောက်လာတဲ့ ဆရာတစ်ဦး ဆရာဦးစန်းဝင်း လို့ထင်တယ် (ချမ်းငြိမ်းအောင် ကလောင်နဲ့ ကဗျာတွေ၊ ဘာတွေရေးတယ်)။ သူတို့ဦးဆောင် သိမ်းပိုက်တာ၊ ကျနော်တို့က လုံးဝ မကျေနပ်ဘူး။ ဒါနဲ့ ကျောင်းမဂ္ဂဇင်းမှာ စာမူမပို့ဘူး ဆိုပြီး ဖြစ်ကြတယ်။ တကယ်လည်း ကျနော်တစ်ပုဒ်မှ မပို့ ဖြစ်ခဲ့ဘူး။
နောက်ခံအနေနဲ့ ပြောရရင်၊ အဲသည်အချိန်က ဝတ္ထုတိုရွှေခေတ်လို့ ပြောကြတဲ့ခေတ်၊ ဆရာဝန် ဆေးကျောင်းသား စာရေး ဆရာတွေ အပြိုင်းအရိုင်း ထွက်တဲ့ခေတ်၊ တင်မောင်သန်း (ဒေါက်တာတင်မောင်သန်း- သင့်ဘဝ)၊ ကျော်စွာထက်၊ ဂျူး၊ ပြေ (ဆေး-၂)၊ နိုင်ဇော်၊ မသီတာ (စမ်းချောင်း)၊ ဂျိုဇော်၊ လူမျိုးနော်၊ … အများကြီးပဲ။ အဲသည်တော့ ကျနော်တို့လည်း သူတို့ကို အားကျတယ်။ ကိုယ့်ကိုယ်ကိုလည်း ထင်တစ်လုံးနဲ့ပေါ့။
ဆက်ရေးပါမယ်။
No comments:
Post a Comment