Pages

Thursday, January 15, 2009

စစ်ပြန်ကြီးတွေ တွေ့တဲ့ပွဲ

ပြန်တွေ့ကြတော့လည်း
သောက်သောက်စားစားပေါ့
ပေါ့ပါး သွေးပြန်ကြွတယ်...
အနှစ် ၂၀.. တို့တွေ ကျင်လည်ပုံ ဘ၀ခြားကုန်ကြတယ်။

ဟေ့ကောင်ကြီး
မသေသေးဘူးနော်...
ရယ်လိုက်ကြတယ်
ငါတို့ ဆံပင်ဖြူတွေတောင် ရယ်စရာ ဖြစ်စေတယ်။
ဝမ်းဗိုက်ရွှဲရွှဲကြီးတွေကလည်း ရယ်စရာဖြစ်
မျက်မှန်ထူလာတာလည်း ရယ်စရာဖြစ်တယ်။
ရောဂါ အနာတွေလည်း ရယ်စရာဖြစ်တယ်။
ထိပ်တိုက် ကိုယ်ကျိုးမပါတော့လည်း အကုန်ရယ်စရာဖြစ်တယ်။

ဟိုကောင်ကွာ
သေရှာပြီ.. ဟား ဟား ဟား
လူတယောက်သေတာကို ရယ်ပွဲဖွဲ့ ပြောနိုင်တဲ့ ညနေခင်း
သေသူက ၀ဋ်ကျွတ်သွားတဲ့အလား
ကျန်တဲ့သူက ဆင်းရဲဒုက္ခ များနေရသလို ပြောဖြစ်ကြတယ်..
အေးလေ..
သူ့ကိုယ်သူ တန်ဖိုး မထားရှာဘူး။
ခေတ်ကလည်း သူ့ကို တန်ဖိုးမထားရှာဘူး။

ခင်ဗျား ဟိုကောင်မလေးကို မှတ်မိသေးလား...
ခင်ဗျား အဲဒီကိစ္စ မှတ်မိသေးလား...
ခင်ဗျား ကျနော့်ကို ပြဿနာရှာထားတာလေ..
ကြိုးစတွေ ပြန်ပြန်ဆွဲဖွမှ
မမှတ်မိတာတွေ အများကြီး
စကားရေစီးက နှစ်တွေဖြတ်စီးလာတယ်။

တော်ပါကွာ... သီချင်းဆိုကြပါစို့...
ကာရာအိုကေ.. ကာရာအိုကေ...
ခပ်ထွေထွေရှိလာတော့
ငါတို့ကိုယ်ငါတို့ ပြန်ဖျော်ဖြေသလား..
"ငါ့ကို မုန်းတာဘယ်သူတွေလဲ... သိချင်စမ်း
သွေးတွေဆူဘီ သိရဲ့လား"
တူးတူးခါးခါး ခြစ်အော်ကြ
မျက်စေ့စုံမှိတ် "ပျောက်ဆုံးသော နိဗ္ဗာန်ဘုံ" ကို ပြန်လွမ်းရ
ခေတ်ဆွေးကြီးတွေ ကွဲတဲ့ည။

ယောဟန်အောင်
၁၅ ဇန်န၀ါရီ ၂၀၀၉။
မဲဆောက်က ရဲဘော်ဟောင်းများ ပြန်ဆုံတွေ့တဲ့ပွဲ အမှတ်တရ

12 comments:

pandora said...

ဖတ်ရတာလည်း ကွဲပါတယ်။ :(

MANORHARY said...

ဟိုတုန်းက ကဗျာဆရာ ယောဟန်အောင် ကိုပြန်တွေ့
လိုက်ရသလိုကဗျာတွေပြန်ဖတ်ရလို့ကျေးဇူးတင်ပါတယ်။
မီးဘုရင်မရဲ့ကျိန်စာ များမရှိဘူးလား...တင်ပါလားဟင်..။

Yaw Han Aung said...

ကျေးဇူး
မီးဘုရင်မကျိန်စာ ကျနော်မသိဘူးခင်ဗျ။ ပြောပြပါဦး။

မမသီရိ said...

ခေတ်ဆွေး ကြီးတွေ တော့ မဟုတ်သေးပါဘူး...
အားတင်းထား ကြလေ...

အောင်သာငယ် said...

ပြန်ဖတ်ရတော့လည်း ပြန်သတိရသပေါ့ဗျာ...

ဆောင်းယွန်းလ said...

ပထမတခေါက်လာဖတ်ပြီးပြီ..
အခုနောက်တခေါက်ထပ်လာဖတ်တာ..
ကဗျာကသရုပ်ပါလွန်းတယ်..
ဒီလိုဘဲပြန်တွေ့လိုက်ကြ.ပြန်ကွဲသွားလိုက်ကြနဲ့.အနှစ်၂၀
ဘာမှမကြာလိုက်သလိုပါဘဲ...
ခင်မင်လျက်

K said...

ဟုတ်တယ်- ကိုဆောင်းယွန်းလ ပြောသလို..ကဗျာက..သိပ်ကြွ တယ်..
ဒါကပဲ..ဘ၀ အဓိပ္ပါယ် တမျိုးဖြစ်နေတာ ပေါ့။

Moe Cho Thinn said...

အရမ်းမိုက်တယ်။

ကောင်းကင်ကို said...

ဟိုကောင်ကွာ
သေရှာပြီ.. ဟား ဟား ဟား
လူတယောက်သေတာကို ရယ်ပွဲဖွဲ့ ပြောနိုင်တဲ့ ညနေခင်း
သေသူက ၀ဋ်ကျွတ်သွားတဲ့အလား
ကျန်တဲ့သူက ဆင်းရဲဒုက္ခ များနေရသလို ပြောဖြစ်ကြတယ်..
အေးလေ..
သူ့ကိုယ်သူ တန်ဖိုး မထားရှာဘူး။
ခေတ်ကလည်း သူ့ကို တန်ဖိုးမထားရှာဘူး။

သံဝေဂ ရစရာပဲဗျာ။

အမည်မဲ့ said...

လာကြည့်ဖြစ်ပေမယ့် ခုမှရေးဖြစ်တယ်....


ဟေ့ကောင်ကြီး
မသေသေးဘူးနော်...
ရယ်လိုက်ကြတယ်
ငါတို့ ဆံပင်ဖြူတွေတောင် ရယ်စရာ ဖြစ်စေတယ်။
ဝမ်းဗိုက်ရွှဲရွှဲကြီးတွေကလည်း ရယ်စရာဖြစ်
မျက်မှန်ထူလာတာလည်း ရယ်စရာဖြစ်တယ်။
ရောဂါ အနာတွေလည်း ရယ်စရာဖြစ်တယ်။
ထိပ်တိုက် ကိုယ်ကျိုးမပါတော့လည်း အကုန်ရယ်စရာဖြစ်တယ်။


တကယ်တော့ အားလုံးက ရယ်စရာတွေပါပဲဗျာ........ ကျွန်တော်တို့ ရယ်နိုင်ဖို့နဲ့ ရယ်တတ်ဖို့ပဲလိုပါတယ်။

Yaw Han Aung said...

မိတ်ဆွေတယောက်ကတော့ ကျနော်ရေးတဲ့ကဗျာနဲ့ ပတ်သက်လို့ မှတ်ချက်ပေးလာတယ်။
"ဟိုကောင်ကွာ
သေရှာပြီ.. ဟား ဟား ဟား
လူတယောက်သေတာကို ရယ်ပွဲဖွဲ့ ပြောနိုင်တဲ့ ညနေခင်း" ဒီလို ရေးလိုက်တာကို သူက သဘောမတွေ့နိုင်ဘူး ဖြစ်ရတယ်။

ကဗျာကို အခြားနောက်ခံတွေနဲ့ပါ တွဲပြီးစဉ်းစားရင် ဒီလို ဖြစ်နိုင်တာပေါ့။ ကျနော်တို့က အရင်ကျဆုံးခဲ့ကြ တဲ့ ABSDF ရဲဘော်တွေကို အလေးမထားသလိုလည်း ဖြစ်သွားနိုင်တယ်။ လူတယောက်သေတာဟာ ရယ်စရာ မောစရာမဟုတ် တာတော့ ကျင့်ဝတ်ပိုင်းအရလည်း သေချာပါတယ်။

ဒါပေမယ့် ကျနော်က အနုပညာသဘော ဆင်ယင် ဖော်ကျူးချင်တာပါ။ ဘ၀တွေ ဖြတ်သန်းရတာတွေက ကြမ်းလွန်းတော့ သေမထူး၊ နေမထူး ဆိုတာမျိုးပေါ့။ သေတယ်ဆိုတဲ့ကိစ္စတွေတောင် အလေးမထားနိုင် တော့သလို ဖြစ်ရတယ်ဆိုတာမျိုးကို ဖော်ပြချင်တာပါ။

အကယ်၍ အမြင်မတူကြတာ၊ စိတ်အနှောက်ယှက်ဖြစ် ကြရတာဆိုရင်တော့ ၀မ်းနည်း ကြောင်း ပြောပါရစေ။

Nge Naing said...

ဟုတ်ပါတယ် မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ဆုံခဲ့လို့ ဘယ်သူတော့ မရှိတော့ဘူး ဆိုတာ ကြားရင် ဟုတ်လား ဘယ်လိုဖြစ်ပြီး ဆုံးတာလဲ ဆိုတာစမေးဖြစ်ကြပြီးတာနဲ့ သေဆုံးသူ မိတ်ဆွေ ရှိစဉ်က ရီစရာ ဖြစ်ရပ်တွေ သူ့ရဲ့ အမူအကျင့်လေးတွေကို ပြောပြီး အလွမ်းသယ်ကြတာပဲ များတာကို အခုမှ သတိထားမိတယ်။ ပြီးတော့ မိတ်ဟောင်းဆွေဟောင်းတွေ တနေရာမှာ စုမိရင်လည်း တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေအကြောင်းပဲ ပြောဖြစ်ပြီး သူတို့အကြောင်း ပြောရာမှာလည်း ဘယ်သူက ဘယ်တုန်းက ဘယ်လို ရီရတယ် ဆိုတာပဲ ပြောတာများပြီး ငိုစရာထက် ရီစရာက ပိုများနေတာတော့ အမှန်ပဲ။

Recent Comments