Pages

Sunday, January 11, 2009

င့ါတို့ငရဲကမှ ပိုပူလောင်တယ်

င့ါတို့ငရဲကမှ ပိုပူလောင်ပါတယ်
ကောင်မလေးရဲ့...
ဒီနေရာမှာ ငါတို့ကမှ အသကုန် အော်ဟစ်နေရတာ
အသံပြာ အသံနက် အုန်းအုန်းကျွက်ကျွက်
အသံကွဲအက်တွေကို
ငါတို့တွေ အကုန်သွန်ချနေရတာ။

ငါ့တို့ငရဲကမှ ပိုအဆီအငေါ်မတဲ့
ဆယ်စုနှစ်တွေ ဖွဲ့နေခဲ့ပြီ။
ဒန်တေရဲ့ "အင်ဖာနို"
ဂျွန် မီလ်တန်ရဲ့ "နိဗ္ဗာန်အပျောက် ရောက်တဲ့ငရဲ"
အော်သာရမ်းဘောက်က "တရာသီသာဖြတ်ရတဲ့ ငရဲ"
ငါတို့ငရဲကမှ ပိုရက်စက်တောက်လောင်

ငါတို့ကမှ လမ်းတွေအားလုံးပျောက်
ငါတို့ကမှ ပိုလို့ လဲပြိုကျ
ငါတို့ကမှ ပိုလူးလိမ့်
ငါတို့သီချင်းတွေကမှ ပိုအပ်ကြောင်းထပ်
ငါတို့နာတာမှ ပိုအသည်းခိုက်
ငါတို့အနာကမှ ပိုသွေးပျက်တုန်
ငါတို့ငရဲမင်းကမှ ပိုလို့ တေလေကြမ်းပိုးဆန်တယ်
ငါတို့အိပ်မက်တွေတောင်မှ ပိုကတောင်ချောက်ချား
ငါတို့အသားကို နည်းနည်းချင်း လှီးကျွေးနေရတဲ့ ငရဲပါကွဲ့။

ငါတို့ငရဲကမှ ပိုဇာတ်နာပါရဲ့
ငါတို့ငရဲကမှ အဆိပ်ခွက်ကိုတောင် ပေးမသောက်တဲ့ငရဲ
အခါခါသေ၊ အခါခါပြန်ရှင်ရတဲ့ ငရဲ
မေတ္တာသုတ်တောင် ဆိုခွင့်မပေးတဲ့ငရဲ
လှေနံဓါးထစ် ပုံသေနည်းနဲ့ ညည်းညူတောင်းဆိုနေရတဲ့ ငရဲ။

ကိုယ့်ကိုယ်ကိုယ် ခေါစာပစ်ကျွေးနေရတယ်။
သွေးသားတွေကို စုတ်ယူလိုက်.. သွန်ထုတ်လိုက်..
ကျွန်သင်္ဘောထက်ဆိုးတဲ့ ငရဲ
ဦးနှောက်တွေကို ရွေဘော်ထိုးပစ်တဲ့ ငရဲ
ကျပ်တီးဖုန်းဆိုးမှာ နေနဲ့ အသိုးခံရတဲ့ငရဲ
ကိုယ့်ကိုယ်ကို ထိုးအပ်ခိုင်းပြီး
လူတိုင်းကို အမြီးတွေတပ်ပေးထားခံရတဲ့ ငရဲ...။

ကောင်မလေးရယ်
အကုန်သွန်ချ အော်ခွင့်ပေးပါကွဲ့။
ငုတ်တုတ်ခံရ မာနတရားတောင် မထားနိုင်တော့ပါဘူး။
ကျောပေါ်ရထားခုတ်တဲ့ငရဲ
အသားသီတံ နစ်မြုပ်ပြီးမှ
ဆားသုတ်ခံရတဲ့ ငရဲ
ဖန်ကွဲ မှန်ကွဲ ထွန်ုခြစ်လို့
အနာအသစ်ပေါ် ယင်တလောင်းလောင်းအုံခိုင်းတဲ့ ငရဲ
တစ္ဆေ၊ သူရဲ၊ ဘီလူး၊ ဖုတ်၊ ပြိတ္တာ၊ မှင်စာ၊ နတ်ဆိုး
ရေ မီး မင်း ခိုးသူ ရန်သူ အားလုံး
ပေါင်းရုံးစု အနိုင်ကျင့်ခံရတဲ့ ငရဲ
ငါတို့ ငရဲမင်းကမှ ဉာဏ်နည်းနည်းနဲ့
ကျောက်ခေတ်တင်းပုတ် တလွှဲလွှဲ တုန်လှုပ်ချောက်ချားဖွယ် တကယ့်ငရဲ။

" ပါးစပ်ပိတ်ထားစမ်း... တန်တိတ်..
ဒီမှာ ရှိနေတာအားလုံးက ရှက်စရာတွေနဲ့ အပြစ်တင်မည်တွန်နေတာချည်း
ဆေတန်ကပြောတယ်
မီးတွေတောင် တန်ဖိုးမရှိတော့ဘူးတဲ့
ငါတို့ဒေါသတွေဆိုတာက ရယ်စရာနဲ့ မိုက်မဲမှုတွေချည်း...
တော်ပါတော့...
တယောက်ယောက် မှားယွင်းရွတ်ဆိုမှုတွေက
မှော်ဆန်တဲ့ သက်ဝင်မှုဖြစ်လာ၊
လှည့်စားတဲ့ အနံ့တွေဖြစ်လာ... ကလေးဆန်ဆန်ဂီတတွေ ဖြစ်လာ"
(အော်သာ ရမ်းဘောက် ငရဲပြည်မှာ တရာသီမှ)

မီးခိုးလှိုင်အူနေတယ်
မျက်လုံးတွေ သွေးအလူးလူး
ဘာမှ မမြင်ရဘူးကွဲ့
လက်ကို မြဲမြဲတွဲပါ
ဒါ သကြားသာသနာနော့...
မီးကြီးလောင်တယ်
မိုးကြီးရွာတယ်
လေပြင်းကြီးတိုက်တယ်
ကမ္ဘာပျက်ကပ် ၆၄ ကြိမ် ၆၄ ကပ် လာဦးမယ်
ဧရာမဇာတ်အိမ်ကြီးလိုပဲ
တရားသူကြီးတွေကိုယ်၌က
လောကမြေပူမှာ ခုန်ဆွခုန်ဆွ နေတယ်..
ငရဲသားတွေလည်း ခြစ်တူးနံ့နဲ့ ဖောသွပ်သွပ်။

ကောင်းကင်ကို မကြည့်ပါနဲ့တော့
ကောင်မလေးရယ်.. မှောင်မဲဟောင်းလောင်း
အာဏာ အာသာမပြေသမျှ သူတို့ပြောင်းကြဦးမှာ မဟုတ်ဘူးကွဲ့။

ငါတို့ငရဲကို ရှစ်ထပ်ထက်
အထပ်ထပ်တိုးထားသလို ကြားနေရသေးရဲ့

င့ါတို့ငရဲကမှ ပိုပူလောင်ပါတယ်
ကောင်မလေးရဲ့...
ငါတို့က ဂါဇာငရဲကို အသေးအဖွဲ
အဂ္ဂိရတ်ဖိုလောက်ပဲ ထင်တယ်...
ငါတို့က တိဘက်ငရဲကို တူတန်ထင်မထင်
ပြာပူငရဲ ဘင်ပုပ်ငရဲလောက်ပဲထင်တယ်။
ငါတို့က ဒါဖောငရဲကို သနားပြန်သေး
လက်ပံတောငရဲ သံလျက်တောငရဲလောက်ပဲထင်တယ်။

ငါတို့ငရဲကမှ ပိုလောင်မြိုက်ပါရဲ့။
အတ္တနဲ့တွေးပြီး ငါတို့ငရဲမှ ငါတို့ငရဲ ဖြစ်နေခဲ့တယ်။

ယောဟန်အောင်
ဇန် ၁၀၊ ၂၀၀၉။

10 comments:

ဆောင်းယွန်းလ said...

ပူလောင်တဲ့ငရဲပြည်မှာတစ်သက်စာအလည်ရောက်
အိပ်မက်တွေလည်းပျောက်ကုန်တာကြာပေါ့.ကိုယောရေ.
ကဗျာကထိရှမှုပြင်းပါပေ့.....

အောင်သာငယ် said...

ပူပါတယ်ဆိုမှဗျာ...

Kay said...

အား- ဘာပြောရမှန်းတောင်မသိတော့-
ပေါက်ကွဲမူတွေတော့..အသေအချာမြင်လိုက်ရတယ်။

Moe Cho Thinn said...

အဲဒီ့ငရဲက ဘယ်တော့ လွတ်ပါ့မယ်.. ကြာပါပေ့..

မမသီရိ said...

ကဗျာ ဖတ် လို့ ဆုံး သွား တော့..
တံတွေး မျို ချ လို့ မရ တော့ ဘူး..
အပူ တွေ ကူး စက် ကုန် ပြီ..
ဒီ ငရဲ ..မှာ...

pandora said...

ငရဲဆိုတာကတော့ အထပ်ထပ်.. အဆင့်ဆင့်.. အကြီးအသေး.. ပူတယ်။
ဘယ်သူ့အပူကမှ ဘယ်လောက်ပူသလဲ ဆိုတာကတော့…

ငရဲကလာသူမို့ ပြာပူမကြောက်တော့တာလည်း အမှန်တခု မဟုတ်နိုင်သလို
ကမ္ဘာမီးလောင်နေတဲ့အချိန်မို့ ကိုယ့်ဘေးနားက ထတောက်နေတဲ့ ဆီမီးခွက်တခုကို လျစ်လျူရှုတာမျိုး ကျတော့လည်း ခက်တယ်။

သူ့အပူတွေ ကိုယ့်အပူတွေ အပူကြီးတွေ အပူလေးတွေ ယူနီဗာဆယ် အပူတွေ ပူတော့ပူကြမယ်။ သို့သော် မီးတို့ အပူတို့ဆိုတာက မငြိမ်းနိုင်ရင် ကူးစက်တတ်တယ် မဟုတ်လား။

Yaw Han Aung said...

ကိုယ့်အပူမှ အပူဆုံး
ကိုယ့်ဥမှ ကိုယ့်ဥ
ကိုယ့်ပြဿနာမှ တကယ့်ပြဿနာ ထင်တတ်ကြတာ လူ့သဘာဝပဲ ထင်ပါတယ်၊ ဒါကိုစဉ်းစားမိပြီး အခုဖြစ်နေတဲ့ ဂါဇာကိစ္စတွေကြောင့် ဒီကဗျာကို ရေးဖြစ်တယ်။

ပေါက်ပေါက်ရှာရှာတော့ တွေးနေမိတယ်။
မြန်မာနိုင်ငံက ဘုရားစောင်းတန်းမှာ ငရဲအကြောင်းနံရံဆေးရေးကားတွေ ဆွဲတော့ ငရဲမှာ မြန်မာတွေချည်း။
ထိုင်းရုပ်ရှင်မှာလည်း ငရဲမှာ ထိုင်းတွေချည်း။
နိုင်ငံခြားရုပ်ရှင်ကားမှာလည်း ငရဲမှာ အဖြူတွေချည်း။
အဲသည်လိုတော့ ငရဲမှာ လူမျိုးအကန့် အကန့်အလိုက် မရှိဘူးထင်ပါတယ်။ ဖြစ်နိုင်တာက ငရဲမှာ လူမျိုးပေါင်းစုံပိုလို့ ရှိနေနိုင်တယ်။

ဗုဒ္ဓဘာသာမှာကတော့ ငရဲလေး ၄ ခုနဲ့ ငရဲကြီး ၈ ထပ်လို့ပြောတယ်။
အီတလီစာဆို ဒန်တေရဲ့ ဒီဗိုင်းကော်မီဒီမှာတော့ ငရဲက ၉ ထပ်ဖြစ်နေပြန်တယ်။ သူတို့အတွက် တထပ်ပိုဆောက်ထားပုံရတယ်။ အဲဒါနဲ့ သူများတွေ အပူကူးအောင် ဒီကဗျာရေးဖြစ်သွားတယ်။

Moe Cho Thinn said...

သူများ အပူကူးအောင် ဒီကဗျာကို ရေးတယ် ဆိုတဲ့ ကဗျာဆရာရဲ့ ရည်ရွယ်ချက်ကို သိရပါပြီ..:)
တခါကလဲ ကဗျာတပုဒ်မှာ မီးတွေလောင် မီးတွေလောင် ဆိုလို့ ပူလိုက်ရတာ။ အခုလဲ တခါ..
ကိုယ်ကလဲ မမှတ်ဘဲ လာဖတ်မိတာကိုးလေ..

Moe Cho Thinn said...

ပြောဖို့ကျန်လို့ ထပ်လာတယ်။
နောက်တခါ “ပူ” ဆိုရင်တော့ ပြေးပြီ... :D

ကောင်းကင်ကို said...

ငါတို့ငရဲမင်းကမှ ပိုလို့ တေလေကြမ်းပိုးဆန်တယ်
ငါတို့အိပ်မက်တွေတောင်မှ ပိုကတောင်ချောက်ချား
ငါတို့အသားကို နည်းနည်းချင်း လှီးကျွေးနေရတဲ့ ငရဲပါကွဲ့။

ငါတို့ငရဲကမှ ပိုဇာတ်နာပါရဲ့
ငါတို့ငရဲကမှ အဆိပ်ခွက်ကိုတောင် ပေးမသောက်တဲ့ငရဲ

ကောင်မလေးရယ်
အကုန်သွန်ချ အော်ခွင့်ပေးပါကွဲ့။
ငုတ်တုတ်ခံရ မာနတရားတောင် မထားနိုင်တော့ပါဘူး။
ကျောပေါ်ရထားခုတ်တဲ့ငရဲ
အသားသီတံ နစ်မြုပ်ပြီးမှ
ဆားသုတ်ခံရတဲ့ ငရဲ
ဖန်ကွဲ မှန်ကွဲ ထွန်ုခြစ်လို့
အနာအသစ်ပေါ် ယင်တလောင်းလောင်းအုံခိုင်းတဲ့ ငရဲ
တစ္ဆေ၊ သူရဲ၊ ဘီလူး၊ ဖုတ်၊ ပြိတ္တာ၊ မှင်စာ၊ နတ်ဆိုး
ရေ မီး မင်း ခိုးသူ ရန်သူ အားလုံး
ပေါင်းရုံးစု အနိုင်ကျင့်ခံရတဲ့ ငရဲ
ငါတို့ ငရဲမင်းကမှ ဉာဏ်နည်းနည်းနဲ့
ကျောက်ခေတ်တင်းပုတ် တလွှဲလွှဲ တုန်လှုပ်ချောက်ချားဖွယ် တကယ့်ငရဲ။

ကောင်းလိုက်တာဗျာ။ စကားလုံးတွေ ကြောက်ခမန်းလိလိပဲ။ နောက်ဆုံးစာကြောင်း "အတ္တနဲ့တွေးပြီး ငါတို့ငရဲမှ ငါတို့ငရဲ ဖြစ်နေခဲ့တယ်။"ကတော့ အလှဆုံးပဲဗျာ။ ကဗျာလမ်းကြောင်းကို လွှဲပြီး တခြားပိုဆိုးတဲ့ ငရဲတွေကိုပါ မြင်လာတယ်ဗျာ။

Recent Comments