Pages

Thursday, January 22, 2009

ပထမံ ယောဆရာ အမေရိကားသွား နေ့စဉ်မှတ်တမ်း

မြို့ထဲကို ၀င်လာတာနဲ့
ယောဆရာ မသင်္ကာတော့ဘူး
မှုန်မှိုင်းမှိုင်း ကောင်းကင်မှာ
လေပြင်းတွေဆင်လို့
မြို့ကလည်း မပွင့်မလင်း
လမ်းတွေလည်း လူသူရှင်းလို့
သင်းတော့ ပုံမှန်မဟုတ်လေဘူး..
အမှောင့်ဝင် ဖုတ်ပူး
ပညာသည်တဦးဦးတော့ ရှိနေပြီ။

သတင်းစာကို ကောက်ကိုင်ကြည့်လိုက်တော့
ခြောက်လှန့်နေလိုက်ကြတာ
ပဟေဠိတွေ များနေတယ်
ဓါတ်ခွက်တီဗွီတွေက
အင်းကွက် ကိန်းကဏန်းတွေ အခါခါပြ
ဟင်း... ဘာတွေကို စီရင်နေကြပါလိမ့်...တွေးဆမိတယ်။
သည်လိုနဲ့
မျက်နှာပြင် တင်းခဲမာနေတဲ့ မြစ်ရေလွှာပေါ် ဖြတ်လာရသလို
မြို့ကို ခြေဖျားထောက် ဖြည်းဖြည်းလျှောက်ဝင်ခဲ့
ဆရာ့ကိုတော့ နောက်နေပြီထင်ရဲ့..။

ဒီမြို့ဟာ အလုပ်ကြိုးစားတဲ့ မြို့ကလေးပါ
ခုတော့ ဆိုင်းပုတ်တွေ ဆေးကွာမွဲခြောက်
မြို့ကလည်း လူရောင်သူရောင် မပေါက်ပါလား။
မြို့က ညည်းညူနေတဲ့ လူမမာနဲ့ ပိုတူလာတယ်။
မီးရောင်တွေလည်း မလင်းဘဲ နီကျင်ကျင်
လမ်းတွေလည်း လူသူစဲ
စောစောပဲ အေးခဲတိတ်ဆိတ်သွားတယ်။

ဒါတောင်မှ အထည်ကြီးပျက်လို လှနေသေးတဲ့မြို့
ဟန်ကိုယ့်ဖို့ မာန်မချို့ဘဲ
သွေးဆောင်ဆွဲငင် မြင်သူငေးရသေးတဲ့မြို့။
ဒီမြို့ရဲ့ စက်အင်ဂျင်ဟာ အကြီးကြီးပါ။
စက္ကောမ ယန္တယားဆရာတွေနဲ့
ဂျုတ်ဂျုတ်ဂျောင်းဂျောင်း ခုတ်နေခဲ့တာ
ခုတော့ သွေးလေဆန့်ကျင်
ဆန့်ငင်ဆန့်ငင် အကြောဆွဲနေတယ်။
ကားစက်ရုံတွေကလည်း
ဒဏ်ရာကိုတောင် လျှာနဲ့ မလျှက်နိုင်တော့ဘူး
တုံးလုံးလဲပြိုကျလို့။
ဘဏ္ဍာတိုက်တွေလည်း
ချိုင်းထောက်ကိုယ်စီ၊
တက်ညီအုံကြွခဲ့တဲ့
စက္ကောမရုံတွေကလည်း မျက်စေ့စုံမှိတ်ထားလိုက်တော့တယ်။

ကုန်တိုက်တွေလည်း
ဈေးတံခါးကို အပြီးပိတ်
မီးမှိတ်လိုက်ကြတယ်။
အိမ်တွေက "ရောင်းရန်" ဆိုင်းပုတ်ကိုချိတ်
ဝေါ်လ စထရိလမ်းက သူကြွယ်တွေ
ရွှေတိုက်စိုးဆီက ဘေလ်အောက်ဘဏ္ဍာ (bail out) ရဖို့
ပြာယာခတ်နေပါသတဲ့။

ခင်ဗျားက ငန်းဖမ်းသလို ပူပုံပန်းနဲ့ပါလား..
"ကျနော့်ပရိဒေ၀ကို ဆရာမသိပါဘူး"
သူက နတ်သံနှောတော့
ကျနော်ကလည်း ဖြေပြောပြောရတယ်။
ရတနာသုံးပါးကိုသာ အာရုံထားပါဗျာ...
သူက မိုက်ကန်းကန်းပြန်ကြည့်တယ်
"ဒီမှာ..." ဆိုလို့ကြည့်လိုက်တော့
သွေးစက်စက်ယိုနေတဲ့ ခရက်ဒစ်ကဒ် (အကြွေးကပ်ပြား) တွေ
သူ့သွေးတွေပဲ ဖြစ်ရမယ်။

"ကျနော်က အနားမနေတတ်ဘူး
ဒီတခါတော့ နားရတာ ကြာလွန်းချည့်"
မိတ်ဆွေတဦးက ပြောတယ်။
ဆောင်းရက်က ပိုရှည်သလို သူပြောတယ်
မြို့ထဲက ရုံးရှေ့မှာလည်း လူတန်းပိုရှည်လျားလာ
လူသန်မာတွေလည်း အလုပ်ရှာမရ ပြာယာခပ်နေကြပါသတဲ့။

မိတ်ဆွေပညာသည်တဦးကတော့
လိပ်ပြာတောင်ပံခတ်သံကြောင့် ဒီလိုဖြစ်ရဆိုလား ပြောလာတယ်။
ဝရုဏ်းသုန်းကား ဗေဒအရ
မုန်တိုင်းကြီးလည်း ထဦးမတဲ့..
ထူးခြားပဉ္စလက်ဆန်ပုံကို သူက ကြိုးစားရှင်းပြတယ်။

ကျနော့မိတ်ဆွေ
သင်းကွဲ ၀ံပုလွေကြီးကိုလည်း တွေ့တယ်
လွမ်းလွမ်းတတနဲ့ ဒေါနရေ..မီးတောင်တန်းရေ ဆိုပြီး အူနေလိုက်တာ..
ကျန် သင်းကွဲဝံပုလွေတွေကလည်း
ကိုယ့်အပူတွေ ကိုယ့်အလွမ်းတွေ တပြပြနဲ့
အပြိုင်းအရိုင်း အူချင်းချနေကြရဲ့။

ဆရာက ဒီလက္ခဏာတွေကို ကြည့်ရတာ သိလာပြီ
ယောက်ျားတွေက သေရည်တွေ ပိုမူးလာလိမ့်မယ်
ဘုံဆိုင်တွေက ပိုဆူညံလာမယ်
ဇနီးမယားတွေကလည်း ဗြစ်တောက်ဗြစ်တောက် ပိုများလာ
အဝေးက အမျိုးအဆွေတွေ ဖုန်းလာရင်လည်း ခပ်မာမာ ပြောမိတော့တယ်
လင်မယား ရန်ဖြစ်တဲ့ ကြိမ်ရေလည်း ပိုများနိုင်သပေါ့။
မြို့ကလည်း လူစိမ်းတွေကို မသထာတော့ဘူး
အလုပ်နဲ့ အစားတွေ လာလုနေတယ်လို့ မြင်လာမယ်
ကျန်းမာရေးအာမခံ၊ လူမှုဖူလုံရေး မေ့ထားလိုက်ကြရပြီး
ဒုစရိုက်မှုတွေလည်း ဆိုးရွားကြီးထွားလာနိုင်တယ်။

လူညိုပဂေး ဘာရက္က အို ဘားမားက
လက်နက်စကြာပြည်မှာ ထီးဆောင်းရ ၀တေးမင်းအဖြစ်မှာ
ခပ်သိမ်းလူအပေါင်းက
သောင်းသောင်းဖြဖြ တုန်ယင်မျှော်လင့်နေကြတယ်
"သူ... ကယ်လိမ့်မယ်"
"သူ... ကယ်လိမ့်မယ်"
"ဒီကပ်ဆိုးကျိန်စာ
သူ... ကယ်မပါလိမ့်မယ်"
နတ်ဝင်သည် နမိတ်ဖတ်သလိုပေါ့။

ယောဆရာလည်း ကျောစိမ့်လာတယ်...
ယောဆရာက နာမည်သာကြီးတာ
ဘာကမှ ပညာ မြင့်တာမဟုတ်ဘူး။
သူက ၀မ်းတွင်းရူးစာနဲ့ ဂါထာလိုလိုရေးရင်
တေးဟစ်ပ်ဟော့ထင်ပြီး အားပေးသူကပေး
မဲပြာပုဆိုး ရေဒီယိုတွေကမေးတော့
ပုံသေနည်း နိသျှတွေကို ရွေးပြော
သည်အထာသဘောနဲ့ ဟိုတတော
"မြန်မာ့အရေး နယ်တကြော" မှာ
ဟိုပြောသည်ပြော လူနပ်ကြီးလုပ်နေခဲ့တာ
ဒီမှော်မှာတော့ မောတော့မယ်။

ဒီအနာကိုတော့ ဆရာ ရိပ်မိနေပြီ။
ဒီရောဂါ ကြီးတယ်
နာတာရှည်မယ်
ဒီရောဂါ ကူးစက်တတ်တယ်
လစ်ကမှ...။ ။

ယောဟန်အောင်
ဇန် ၂၂၊ ၂၀၀၉။

11 comments:

Moe Cho Thinn said...

ယောဆရာကို မောစရာတွေပေးတယ်ဆိုပြီး တောကိုပြန်ဖို့ ကြံနေပြီမဟုတ်လား။
ကဗျာဖတ်ရင်း တကယ်ပဲ ခြောက်ခြားလာတယ်။ အပြင်မှာထက် သူ့ကဗျာက ပိုလို့ ကြောက်စရာ ကောင်းသေး။ :)

ATN said...

D လို လစ်လို့တော့
မဖြစ်ပြီပေါ့ ဆရာယော....
အမောပြေဆေးလေးတော့
ထုတ်ပေးခဲ့ပါဦးလေ... ....

M.Y. said...

ယောဆရာ
ကဗျာကောင်းတယ်လေ။
economic crisis စီးပွားပျက်ကာလကို satire နဲ့ တို့ ထိထားသလို ကိုယ့်ကိုကိုယ်သရော်တော်တော်ကလိထားတဲ့အဖွဲ့ လေးတွေကလှနေပြန်တယ်..

MANORHARY said...

ယောဆရာရဲ့မောစရာကဗျာကိုဖတ်သွားတယ်။
ကောင်းလိုက်တာလို့ပြောစရာမလိုအောင်ကို
ကောင်းပါတယ်။ Great!!!!!

pandora said...

အလေးအနက် အကြောင်းအရာတွေကို အတည်ပေါက်နဲ့ ပေါ့ပေါ့ပါးပါးရေးထားတဲ့ ကဗျာကို ဖတ်ရတာ ငိုလို့ ရယ်လို့မရသော မျက်နှာ ဖြစ်သွားပါတယ် ယောဆရာ။

V good!

မမသီရိ said...

ကွင်းကွင်း ကွက်ကွက် ကြီး ပါလား...
ဒီိပုံ အတိုင်းဆို......DV တင်ထားမိသူတွေ
ပြန်ပြီး..ဘွာတေး...လုပ်ကြရတော့ မယ် နော်...

k said...

ကိုအောင်သူငြိမ်းရေ

ရေးလိုက်တိုင်း ရွှေဖြစ်။
လက်က ရွှေထွက်သလားအောက်မေ့တော့တာပါပဲဗျာ။
ဒီလောက် အလုပ်တွေများများလုပ်နေတဲ့ကြားက

kay said...

မှိုင်းဆရာ ရဲ့ လေးချိုးကြီးတွေ နဲ့တောင် တူနေပါပေါ့..ယောဆရာ ရဲ့ အတွေးချိုးကြီးက..ကောင်းလိုက်တာ။

အင်း-ဒါဆို ဟို သီချင်းထဲကလို...ရောတိရောရာ (ရော) ယောဆရာ ကြီးပေါ့။း)

Anonymous said...

ယောဆရာရဲ့ မဲပြာ ဝေဖန်သံကြားလို့ထင်ရဲ့.. ကိုမှန်ကူကွက်ရဲ့ တုန့်တုန့်လှုပ်လှုပ် ကဗျာ တပုဒ်ဖတ်ရပြန်တယ်။ (သ)

Unknown said...

What agreat poetry!

မသက်ဇင် said...

မဲပြာပုဆိုး ရေဒီယိုတွေကမေးတော့
ပုံသေနည်း နိသျှတွေကို ရွေးပြော
သည်အထာသဘောနဲ့ ဟိုတတော
"မြန်မာ့အရေး နယ်တကြော" မှာ
ဟိုပြောသည်ပြော လူနပ်ကြီးလုပ်နေခဲ့တာ
ဒီမှော်မှာတော့ မောတော့မယ်။

ကိုအောင်သူငြိမ်းရေ---
ရောက်ရှိဖတ်ပါတယ်--
အနုပညာကတော့ စွမ်းပါပေ့ရှင်---

Recent Comments