Pages

Monday, October 27, 2008

အောင်ချိမ့်ရဲ့ ကဗျာ ဂန္ထ၀င် မမ

အောင်ချိမ့်ရဲ့ ကဗျာ ဂန္ထ၀င် မမ
မနော်ဟရီရဲ့ ဘလော့မှာ ဖော်ဝေးရဲ့ သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ ကဗျာတွေကို ပြန်တင်ထားတာ ဖတ်ရတယ်။ အားကျမခံ ကျနော်လည်း ကြိုက်လို့ ရိုက်သိမ်းထားတဲ့ ငယ်ငယ်က နှစ်သက်ခဲ့ရတဲ့ အောင်ချိမ့်ရဲ့ကဗျာ "ဂန္ထ၀င်မမ" ကို ပြန်တင် ပေးလိုက်ပါတယ်။ စာလုံးပေါင်း သတ်ပုံတွေက မူရင်းအတိုင်း။

သူ့ကဗျာအပေါ်မှာ ဆရာမောင်သာနိုးရေးထားတဲ့ အမှာစာ (တနည်းမှတ်ချက်) ကိုပါ အပြည့်အစုံထည့်ပေးလိုက်တယ်။ ကျနော့် အခြေအနေကတော့ စာဆက်လက်ရေးဖို့ အားယူဆဲပါ။


အောင်ချိမ့်ရဲ့ ကဗျာ ဂန္ထ၀င် မမ
မောင်သာနိုး

တနှစ်ဆီက အောင်ချိမ့် ကျနော့ဆီကို သူ့ကဗျာရှည်တပုဒ် ယူလာပီး အဖတ်ခိုင်းတယ်။ နောက်တနေ့ သူလာတော့ ကျနော်က သူ့ကဗျာရဲ့အားနည်းကွက်တွေကို ထောက်ပြလိုက်တယ်။ သူစိတ်ပျက်သွားပုံပါပဲ။

ဒီနှစ်တခါ သူလာပြန်ပီ။ ဒီကဗျာကိုပဲ ကျနော့ကို အမှာစာ အရေးခိုင်းပြန်တယ်။ ကျနော်ထပ်ပီး ဖတ်ရတယ်။

သူ့ရဲ့ ခိုင်းစေမှုနှစ်ခုအကြားမှာ အန္တရဝေလာ အတန်ကြီးမားသွားပီ။ ကျနော် အမှတ်အသားညံ့လို့သာ၊ တနှစ်လား-နှစ်နှစ်လားပဲ။ ဒီကာလအတွင်းမှာ အောင်ချိမ့်လဲ ပြောင်းလဲခဲ့ပီ။ ပတ်ဝန်းကျင်လဲ ပြောင်းလဲခဲ့ပီ။ သူနဲ့တွဲတွဲနေတတ်တဲ့ ကဗျာဆရာလေးတယောက် (ဖော်ဝေး) လဲ လူ့ဘ၀ကို စွန့်ခွါခဲ့ပီ။ အောင်ချိမ့်ပြောင်းလဲလာတာက အခု ကျနော်တို့ မှတ်သားရမှာ ဖြစ်တယ်။ ဒီလိုဆိုရင် သူ ကျနော့်ကို နှစ်ခါပြန် အဖတ်ခိုင်းတဲ့ “ဂန္ထ၀င်မမ” ဟာ ကဗျာဆရာတယောက်ရဲ့ တိုးတက်ဖြစ်ပေါ်ပုံ သမိုင်းကြောင်းမှာ မှတ်တိုင်တခု ဖြစ်တယ်။ ဒီ့အရင်က အောင်ချိမ့် ဒီလိုမရေးဖူး။ ဒီနောက် အောင်ချိမ့် ဒီလို မရေးတော့ဖူး။ နောင်ကော?

“ဂန္ထ၀င်မမ” ဟာ ဂန္ထ၀င်ကဗျာတွေကနေ ခေတ်ပေါ်ကဗျာဖက်ကို အောင်ချိမ့် ဦးလှည့်လာစဉ်က ရေးခဲ့တဲ့ကဗျာဖြစ်တယ်။ ဒီ့အရင်နားတုန်းက သူရေးတဲ့ကဗျာတွေဟာ ဂန္ထ၀င်ကဗျာစစ်စစ်တော့ မဟုတ်ပါဖူး။ ဒါပေမဲ့ အကြောင်းအရာသစ်ကို စကားလုံးသစ်နဲ့ ကာရန် သီရုံသီကြတဲ့ ကဗျာမျိုးပဲမို့ န၀ဂန္ထ၀င် ကဗျာမျိုးပဲလို့ တခြားကဗျာဆရာများရဲ့ ကဗျာများနဲ့အတူ ကျနော် သတ်မှတ်လိုတယ်။ အချစ် အကြောင်းပေါ့။ အလုပ်သမား အကြောင်းပေါ့။ လယ်သမား အကြောင်းပေါ့။ လေးလုံး စပ်ချင်စပ်မယ်။ နဲနဲ ချဲ့ကားချင် ချဲ့ကားမယ်။ ဒါပေမဲ့ ပါဒတွေကို ကာရန်နဲ့ သီမယ်။ “မင်းလွင်”တို့၊ “ဥသြ” တို့ “ပိတောက်” တို့ကနေ “မုန်တိုင်း”တို့၊ “အနီ” တို့ “မဟူရာ” တို့ လုပ်လာမယ်ပေါ့။ ဒါပဲပေါ့။ ခံစားနိုင်စွမ်းအရာ၊ တဲခနိကအရာ ဘာမှ ပြောင်ပြောင်မြောက်မြောက် ဟုတ်ဟုတ်ငြားငြား မရှိလှပါဖူး။

“ဂန္ထ၀င်မမ” ရေးတုန်းက အောင်ချိမ့်ဟာ ဒီအဆင့်ကနေ တလှမ်းတက်ဖို့ အားယူကြိုးစားနေတယ်။ စာတွေ ကဗျာတွေ တော်တော်များများ ဖတ်ထား လေ့လာထားပီ။ ဟိုဟာ ကောင်းနိုး၊ ဒီဟာကောင်းနိုး၊ ဟိုလို ရေးရနိုး၊ ဒီလိုရေးရနိုး ဖြစ်နေချိန်။ စမ်းတ၀ါးဝါး အချိန်။ သူ့ကဗျာမှာ မာယာကော့ဖစကီး အဓိကလွှမ်းမိုးနေပီး၊ အခြားခေတ်ပေါ် ကဗျာဆရာများ အနဲအကျဉ်း သြဇာရိုက်ခတ်နေတာကို တွေ့ကြရမယ်။ အကြောင်းအရာကိုက အချစ်ကဗျာ၊ မိန်းခလေးတဦးရဲ့ ငြင်းပယ်ခြင်း ခံရတဲ့ ကဗျာဆရာရဲ့ ငိုညည်းသံ ဆိုလေတော့ မာယာကော့ဖစကီးရဲ့ “ဘောင်းဘီဝတ်မိုးတိမ်” (A Cloud in Trousers လုပ်မနေပါနဲ့၊ A Cloud in Pants လဲ မဟုတ်ပါဖူး။ အင်္ဂလိပ်ကဗျာမှ မဟုတ်တာကပဲ။ ရုသျှ ကဗျာပဲ။ ဗိုလ်သံနဲ့ ပြန်ဖတ် မနေပါနဲ့။) ရဲ့ သြဇာကို ရှောင်မရအောင် ဖြစ်နေတော့တာပေါ့။ ကွဲအောင်၊ မတူအောင် ကြိုးစားထားတယ်။ ကြိုးစား ပေမဲ့ ဟိုက အရှိန်က ကြီးလွန်းလို့ ပြေးမလွတ်ဖူး။

ပထမအခေါက် ဖတ်ကြည့်တုန်းက ကျနော်သူ့ကို ပြောခဲ့သလိုပဲ အားနဲချက်တွေ ရှိရမှာသဘာဝကျတယ်။ တဆင့်က တဆင့် ပြောင်းလဲ လှမ်းတက်ရတယ်ဆိုတာ တခါထဲ စင်းလုံးချော ဘယ်ဖြစ်နိုင်မလဲ။ အားထုတ်ဖော်ရသူကို ကျနော်တို့ လက်ခုပ်တီးကြရမှာပဲ။ ဒီလိုကြိုးစားခဲ့တဲ့အတွက် သူ့ရဲ့နောက်ပိုင်း ကဗျာတွေမှာ “ဂန္ထ၀င်မမ” ထက် သာလွန်လာတာကို တွေ့ကြရပီ ဖြစ်တယ်။ နားမလည်ဖူး ပြောချင်လည်း ပြောပေါ့။ ခင်ဗျားနားလည်အောင် ရေးနေတာလဲ မဟုတ်ပါဖူး။ ခင်ဗျား ဖတ်ဖို့အတွက် “မဃဒေ၀လင်္ကာ” ရှိပါတယ်။

“ဘောင်းဘီဝတ်မိုးတိမ်” ကို ညွှန်းလိုက်မိပီ ဖြစ်တဲ့အတွက် ဒီအကြောင်းပဲ ဆက်ကောက်ရတော့မယ်။ မာယာကော့ဖစကီး ရဲ့ ကဗျာ ကြီးမားရတာက အကြောင်းနှစ်ပါးရှိတယ်။ တစ်-အကြောင်းအရာအရ သူဟာ သာမန်ပုဂ္ဂလိက ဒုက္ခဆင်းရဲကနေ အများပြည်သူ ဒုက္ခဆင်းရဲအထိ ဆွဲယူသွားနိုင်ပီး တော်လှန်ရေးကို နိမိတ်ဖတ်နိုင်ခဲ့တယ်။ နှစ်-တဲခနိကအနေနဲ့ သူ့ထုံးစံ အတိုင်း အသံနဲ့ ဟည်ပဲရဘောလိက (အတိဿယ၀ုတ္တိ) ကို အားရှိပါးရှိ သုံးနိုင်တဲ့အတွက် သူ ပို့ပေးချင်တာကို ဆိုက်ဆိုက် မြိုက်မြိုက် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကဗျာဟာ အမတ ဖြစ်ခဲ့တယ်။ “ဂန္ထ၀င်မမ” ဟာ လူငယ် ကဗျာဆရာဘ၀ရဲ့ အသဲကွဲဝေဒနာကို တင်ပြရင်း ပြည်သူ့ဘ၀အကွက် အချို့ကို ရောမွှေထားပေမဲ့ ပုဂ္ဂလိကဘောင်က ကောင်းကောင်း မချဲ့ထွင်နိုင်ဖူး။ ပုဂ္ဂလိကနဲ့စပီး ပုဂ္ဂလိကနဲ့ပဲ ဆုံးသွားတယ်။

နောင် အနှစ်တရာ၊ နှစ်တထောင်
ဒီကောင်ရဲ့အချစ်
ပျိုမြစ်နေမှာပဲ
မုချယုံတယ်။

တဲခနိကအနေနဲ့ အောင်ချိမ့် ကြိုးစားစမ်းသပ်ပါတယ်။ မာယာကော့ဖစကီး မဟုတ်လို့ ဟည်ပဲရဘောလိက ကိုချည်း အားပြုစရာ မလိုပါဖူး။ ဒါပေမဲ့ အားကောင်းတဲ့ နိမိတ်ပုံတွေ ဖန်ဆင်းပီး မိမိခံစားမှုကို စာဖတ်သူခံစားနိုင်အောင် သယ်ပေးရ လိမ့်မယ်။ အချို့နေရာများမှာ အောင်ချိမ့် အောင်မြင်ပါတယ်။ ရှာကြည့်ပါ။ တွေ့ပါလိမ့်မယ်။ ဝေဖန် စစ်ကြော ကြည့်မြင်ချင်သူ တယောက်အနေနဲ့တော့ တချို့နေရာများမှာ ပျော့နေတယ်။ ဒီထက် ရှတစေချင်တယ်။

ဥပမာ
ဂန္ထ၀င် မမလေ
ရှေးကကုသိုလ်ကြောင့် ထင်ရဲ့
ကျနော့ရင်တွေ ခုန်တယ်။

[ဒါကို အောက်နားက “သိပ္ပံ အလှကုန် ဘာမှ မရှိ သံခင်းတမန်ခင်း အပြုံးမရှိ ” နဲ့ ယှဉ်ကြည့်]

ကျနော့်ရှေ့မှာ ကျောက်ရုပ်လူ
သူ ရပ်နေဆဲ။
ရင်မခုန်
မတုန် လှုပ်တတ်
သူ ရပ်နေဆဲ။
[စာသားအရ ဒီနေရာဟာ အရေးကြီးတယ်။ ဒီလိုအရေးကြီးတာကိုပဲ ဖန်တရာတေနေတဲ့ ကလီရှေး “ကျောက်ရုပ်” မျှနဲ့ ကျေနပ်ထားတယ်။]

တကယ့်ခြင်္သေ့
လာပီဟေ့
တနေ့ အောင်ပွဲကိုသိရှိ
သူရဲကောင်းတို့၏ စိတ်ဓါတ်ဖြေ့
လာပီဟေ့
အာဇာနည်တို့ထုံး နှလုံးမွေ့။

[ဒါလဲ အရေးကြီးတဲ့ အပိုင်းပဲ။ “ခြင်္သေ့” တို့ “သူရဲကောင်း” တို့ “အာဇာနည်” တို့ဟာ ခေတ်ပေါ်ခံစားမှုကို မသယ်ဆောင်စွမ်းနိုင်တော့ဖူး။]

သိက္ခာ
မာန
မိတ္တဗလ ဋီကာ
ဒေး ကာနက်ဂျီ
ပီမိုးနင်း
မျဉ်းဖြောင့်ပေါ်ကလူ
ကွန်ပြူတာလို အသုံးပြုနိုင်တယ်။

[ ဒါတွေရော အောက်နားက “ခံစားမှု”၊ “ရင်ခုန်သံ”၊ “ဒုက္ခအရသာ”၊ “ဘ၀ကိုချစ်”၊ “ဂုဏ်မဲ့”၊ “ကောင်းကင်ဘုံ”၊ “အိပ်မက်”၊ “မိခင်ဝမ်းကကျွတ်” အားလုံးဟာ ကလီရှေး စာရင်းရှည်ကြီးတခုသာ ဖြစ်တယ်။ ခေတ်ပေါ်ကဗျာဆရာတွေ ရှောင်ရမယ့် စကားလုံး ဝေါဟာရများ။]




ဂန္ထ၀င်မမ
အောင်ချိမ့်

အလုံခြုံဆုံး တံခါးတချပ်
ဘယ်နှစ်ရာသီ ဖြတ်သန်းနိုင်သလဲ
ကမ္ဘာထဲ တုန်ခါနေတော့တယ်။ ။


ကျနော်ရဲ့ လူ့ဘ၀၊ ကဗျာဆရာဘ၀မှာ
ကျနော်ရဲ့ အတ္တကြီးမှု၊ အချစ်စိတ်
ပရိဒေ၀၊ မိုက်မဲမှုနှင့် ကျမ်းမာ
ပျော်ရွှင်ရေးများအတွက်ပါ
မျှယူကူထမ်းခဲ့သော
ချစ်တဲ့ဖော်ဝေးသို့။

၁။
မမရေ
မမရေ
မမရေ
ကျနော့်ကို တံခါးဖွင့်ပေးပါ။
သွေးရူးသွေးတန်း
ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ
အကြိမ်တရာ ရှိပါပီ
မဟာစင်္ကြာဝဠာ တခုလုံး
နပိုလီယံကလွဲပြီး လူသားအားလုံး
စစ်ကိုမုန်းသလို သဘောတူကြတယ်
ဟုတ်တယ်၊ ဒါဖျားနေသူရဲ့ အသံပါပဲ။

အိုး
ငါဖျားနေတာ
နွေသုံးခု၊ မိုးသုံးခု
ဒုမဲ့၊ ဒြပ်မဲ့ လက်ပတ်နာရီ
လူနာကုတင်ပေါ် အိပ်ရာပြင်
ပညာရှိများကို ကန့်ကွက်ရဲ့
အသက်ရှင်ခြင်းဆိုတာ ရင်ခုန်တာပဲ
ဘယ်သူငြင်းမလဲဟေ့
ဘယ်သူငြင်းမလဲ။
ဆရာဝန်ညွှန်ကြားချက်မှာ
လဖက်ရည်တခွက်ပေးပါ
ဒူးယားတလိပ်ပေးပါ
မမ ကျနော့်ကိုချစ်ပါ
ဒီကောင်လက်နက်ချရမယ်တဲ့။

၂။
သမ၀ါယမ ဆန်စားသူများ စကားဝိုင်း
လှိုင်းလုံးများ ပြင်းထန်လာ
ကက။ ခခ။ ဂဂ။ ဃဃ။ ငင
xxxxxxxxxxxxxx
တနင်္ဂနွေ။ တနင်းလာ။ အင်္ဂါ။ ဗုဒ္ဓဟူး
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ဝ
လဘက်ရည်ဆိုင်မှာ ဆိုကြဆဲကြ
မနက် ၉ နာရီထိုးပါပီ။

ဝဋ်ဒုက္ခကြီးမားစွာ
သူမ လာပါပီ။

ဝဋ်ဒုက္ခကြီးမားစွာ
ကျနော် စောင့်နေပါသည်။

လဘက်ရည်ဆိုင်မှာ ကျနော်ရှိတယ်။
မကြည့်ပါလေနဲ့။

မျက်လွှာချထားပါ
ရှေ့နှစ်လံကိုသာ ကြည့်လျှောက်ပါ
ကျနော်ရှိတာကိုတော့ သိမှာပေါ့။

ဟိတ်
ပိုက်ဆံထောင်ပစ်နေတဲ့ ချာတိတ်တို့
တဆိတ် တောင်းပန်ပါတယ်
လမ်းဖယ်ပေးလိုက်ကြပါကွာ။

ကင်းတဲက သူငယ်ချင်းတို့ရေ
ငြိမ်ငြိမ်လေးနေကြပါကွ
မမခြေလှမ်းပျက်မှာ စိုးမိတယ်။

သူ့အိနြေ္ဒကို ငါဂုဏ်ယူတယ်
သူ့သိက္ခာကို ငါဂုဏ်ပြုတယ်
ငါကတော့ မင်းတို့သိတဲ့အတိုင်းပါပဲ
ခပ်ပျက်ပျက် ခပ်ရမ်းရမ်းကောင်ပါပဲ။
အားနာစရာတောင် ကောင်းနေပြီနော်။

၃။
ဆူးခင်းလမ်း ပထမအပိုဒ်
ကြားလိုက်မိပါစ
“ ..........................
..............................
ငွေဂဏ်ဆိုတာ ဘယ်မှ မရှိနိုင်ပေ
ဘယ်သူမှ မနှစ်မြို့ကြချေ”
ညအခါ လမ်းလျှောက်ရင်း
ကျနော်ညည်းမိတဲ့ သီချင်းလေ။

လူငယ်ဘ၀ အပျော်ညများ
ကာလကုန်ဆုံးသွားပီးမှ
ပြန်လည်တမ်းတခြင်းသည် ဒုက္ခ
ဒဿနဆရာတွေ တွေးခေါ်ဘူးတယ်။

လူငယ်ဘ၀ အပျော်ညများမှ
တည နှစ်ည ညများ
ရင်မှ ပြင်းထန်စွာဆိုတဲ့သီချင်း
ဝရံတာမှ သူမငြင်းဆန်ဟန်ပြခဲ့ရာ
ကိုစောငြိမ်းရဲ့ သစ္စာသာ
ကျနော်ဆိုခဲ့ပါတယ်။

၎။
ဂန္ထ၀င် မမလေ
ရှေးကကုသိုလ်ကြောင့် ထင်ရဲ့
ကျနော့ရင်တွေ ခုန်တယ်။

ခိုပြာရောင်မျက်နှာမှာ
သိပ္ပံအလှကုန် ဘာမှမရှိ
သံခင်းတမန်ခင်း အပြုံးမရှိ
သူ့ကျတော့ ကြည့်လို့ကောင်းတယ်။

မြင်ရတိုင်းပါပဲ
ပါတိတ်၊ အချိတ်၊ ဇင်းမယ်ထမီနဲ့
အင်္ကျီအဖြူလက်စကချည်းပဲ ၀တ်တယ်
သူ့ကျတော့ ကြည့်လို့ကောင်းတယ်။

အုန်းဆီစိုနေတဲ့ဆံပင်
တင်းပိအောင် ဖီးသင်ထားတယ်
သူ့ကျတော့ ကြည့်လို့ကောင်းတယ်။

စစ်ကြိုခေတ်တခေတ်လုံး
မမကိုဖုံးနေတယ်
သူ့ကျတော့ ကြည့်လို့ကောင်းတယ်။

ကျနော်ဟာ ဆံပင်ရှည်တယ်
ကော်လံရှည်တယ်
အရိပ်ရှည်တယ်
ကျနော်အကြာကြီး စဉ်းစားမိတယ်။

နေ့စဉ် ၂၄ နာရီရဲ့
တမိနစ်များအလုပ်
ဝတ်တာ စားတာ နေတာ ထိုင်တာအစ
ဂန္ထ၀င်မှု မလို
ငါအဲသလို ဆိုခဲ့ဘူး ဆိုကိုး။

၅။
သူမရဲ့ ကမ္ဘာလေးဟာ
အေးချမ်းမှု ငြိမ်သက်ရှည်လျား
သီးခြားဆန်ဆန်နေရာ
စာအုပ်၊ ခေတ်ဟောင်းသီချင်း
ရွှေဘိုသနပ်ခါး
အပြစ်မဲ့ အကျိုးမဲ့ အချင်းအရာ
လရိပ်အောက် ၀ရံတာ
တခါတလေ ရုပ်ရှင်
ဘုရားစင်၊ ပြည်သူ့မုန့်တိုက်ကိတ်
လမ်းထိပ်က ဘတ်စ်မှတ်တိုင်
ကြိုးချည်ထားတဲ့ ဖိုင်တွဲ
အလုပ်စပွဲ
ခေတ်တို့လဲ သူ့ဖါသာသူ ဖြတ်သန်းသွား၏။

တံခါးတချပ်ဟာ
ဖြတ်ကနဲ ပွင့်လာလိုက်
ပြန်ပိတ်သွားလိုက်နဲ့
(တိုက်ဆိုင်မှုလည်း ဖြစ်ချင်မှဖြစ်မှာပါ)
ဒါနဲ့ ကျနော်လာရောက်ခဲ့တယ်
ရင်းနှီးချင်တဲ့ ဧည့်သည်တယောက်ပေါ့။
မတ်စောက်တဲ့ လှေကားရင်း
နုပျိုခြင်းမီးအိမ် ကိုင်ဆောင်ထားပါတယ်။

ခွင့်လွှတ်ပါ
ဒါမှမဟုတ် ခွင့်ပြုပါ
နေမှာ လမှာ၊ နေ့မှာ ညမှာ
ပန်းပွင့်မှာ ပြက္ခဒိန်မှာ
ဘာသာဗေဒအသစ်တခုနဲ့
တံခါးကို ထုနေရဲ့
လူမှုရေးကိစ္စတွေ
စဉ်းစားမနေပါနဲ့
စဉ်းစားမနေပါနဲ့ ။

၆။
တချို့ လူတွေထင်မြင်သလို
မထင်မြင် မယူဆဘို့တော့
ကျနော်ဆွေးနွေးမှ ဖြစ်မယ်။

ကောင်းကင်ကြီးတခုအောက်မှာ
ဘာမှ အဆင်မပြေသူတယောက်ကိုမှ
ကြောက်စရာကောင်းတယ်ဆိုတာ
တရားမဲ့လွန်းပါတယ်။

ဒီကကောင်က
လောကကိုမုန်းတီး
လူကြီးမင်းများ ခင်ဗျား
ထမင်းစားတိုင်း လူမဖြစ်နိုင်ပါ
သာမန်ယေဘုယျလူများ
အရိုးဖြူနေပါပီ
ကမ္ဘာကြီးခြောက်သွေ့နေပါပီ
ယုံကြည်သလိုတော့ ပြောဘူးတယ်။

ဒါပေမဲ့ ငါ့ရင်ထဲမှာ
နိဗ္ဗာန်ဘုံထက် ပြည့်စုံတဲ့ကမ္ဘာရှိတယ်။
သင်တို့ မစဉ်းစားဘူးတဲ့
မြင့်မားတဲ့ တရားဓမ္မတွေရှိတယ်။

ရိုမီယိုနဲ့ ဂျူးလီးယက်
အက်စသာနဲ့ ပေါလ်တို့အတွက်
စွဲချက်တင်ဘို့ကိစ္စ ရှိတယ်။

တခါက မီးရထားနဲ့
ခရီးသွားစဉ်က
နာကျင်ခဲ့ရတဲ့
ပုဆိုးဂွင်းသိုင်းနဲ့ ကောင်လေးအတွက်
ဆောင်ရွက်ပေးရမှာ ရှိတယ်။

လူမှန်းသိတတ်ကတဲက
ဖြတ်သန်းခဲ့ရတဲ့ ပြဿနာတချို့ပေါ့
ပြောလို့မဖြစ်နိုင်သေးတာတွေလဲ
ရှိပါသေးရဲ့။

ဒီလိုကြားထဲက
မမကို ကျနော်ချစ်ခဲ့မိတယ်။

သြော် ပုဂ္ဂလိက ရင်ခုန်သံ
ဝေဖန်သံကို ရင်ဆိုင်ရင်းနဲ့
အချစ်ကို ဖွဲ့နွဲ့ရဦးမယ်။

တခါတလေဆို
ကျနော့်ကို ကျနော်
တော်တော်သနားမိတယ်။

၇။
နေရောင် အားကောင်းစွာ ကျန်ရှိနေသေးဆဲ
မိုးဖွဲဖွဲလေးနဲ့
ရုံးဆင်းချိန်လေး လှနေတယ်။

ဟိုမှာ
အလို
ဒါ မမ
မမ
ကုဋေတသန်းတန် ခြေအကြွနဲ့
ဒါ မမ ပဲ
အို ငါ့ကို မြင်တော့မယ်
အို မြင်သွားချေပီ
ခြေလှမ်းတချက်တန့်သွားပေမဲ့
ဟန်မပျက်ခင် ဆက်လျှောက်လာရဲ့။
ကျနော် မိုးခိုနေတာပါ
ကျနော် ဘတ်စ်ကားစောင့်နေတာပါ
ဘတ်စ်ကားမှတ်တိုင်နား တံစက်မြိတ်အောက်မှာ
ကျနော် မိုးခိုနေတာပါ
မမကို နှောင့်ယှက်ဘို့ လာစောင့်တာ မဟုတ်ပါဘူး
ဘုရားစူး၊ ကျမ်းစူး ကျိမ်တွယ်ပြောဝံ့ပါတယ်
ကျနော် ဘတ်စ်ကားစောင့်နေတာပါ။

သတ္တိကြီးမားပေစွ
ကျနော့ရှေ့မှာမှ သူရပ်တယ်။
သူ့ကိုယ်သင်းနံ့ကလေး
နီးနီးကပ်ကပ် မွှေးထုံနေပေါ့။

သက်ပြင်းတချက် မှုတ်ထုတ်လိုက်ရင်
သူ့ဆံခွေစ လှုပ်သွားမယ်။

တံစက်မြိတ်တခုအောက်မှာ
ဒီလိုနှစ်ယောက်ဆုံဘို့
ဘယ်လိုမျှော်လင့်လို့ရမလဲ
ကိုယ့်ကိုကိုယ် ရဲစိတ်တင်တယ်။

ပြောမယ် ပြောမယ်
ငါ သူ့ကို စကား ပြောမယ်
ခင်သန်းနုစေ့စပ်ကြောင်း သတင်းနဲ့စ
ပြောရရင် ကောင်းမယ်ထင်တယ်။

တွေ့လား၊ ဗိုလ်ချုပ်ဈေး နာရီမိနစ်ကွက်
အားတက်ပြီး ထခုန်တယ်။

ပြောမယ် ပြောမယ်
ငါ သူ့ကို စကား ပြောမယ်
မိုရှီဒါယန် အထုပ္ပတ္တိနဲ့စတင်
ပြောရရင် ကောင်းမယ်ထင်တယ်။

ဟာ၊ လမ်းဖြတ်ကူးတဲ့ ကောင်မလေး
ခနချင်း သွေးသားဆုတ်
ဘယ်လိုရုပ်ကြီး ပြောင်းသွားတာလဲ။

ပြောမယ် ပြောမယ်
ငါ သူ့ကို စကား ပြောမယ်
ဟိုးမားရဲ့ အက်ပစ်ကဗျာကိုရွတ်ပြ
ပြောရရင်ကောင်းမယ်ထင်တယ်။

အား၊ ရေခဲရေ ၁၀ ပြားသံ
ကံကောင်းပါစေလို့
မေတ္တာပို့နေပေါ့။

ဟုတ်ပီ
ဆူးအက်တူးမြောင်းကိစ္စ
ဝါးတားဂိတ်၊ ဆိုက်ပရပ်
ခင်ဗျား ဘယ်လိုထင်မှတ်ပါသလဲ
ခပ်တည်တည် မေးခွန်းထုတ်
နှုတ်ဆက်ပီး စကားစမယ်
ဟုတ်တယ်၊ ဒါကောင်းတယ်။

ဒါနဲ့ပဲ မိနစ် ၂၀ လောက်
လွန်မြောက်သွားပါပီ။
ဘာမှ မပြောဖြစ်သေး
ကိုယ်သင်းနဲ့လေးတော့ မွှေးနေသေးတယ်။

ကျနော့်ရှေ့မှာ ကျောက်ရုပ်လူ
သူ ရပ်နေဆဲ။
ရင်မခုန်
မတုန် လှုပ်တတ်
သူ ရပ်နေဆဲ။

သြ မမ
ယောက်ျားမာနကို
တုပ ပြနေတာကိုး။

ကျနော်ကလည်း ညံ့တယ်
မိနစ်နှစ်ဆယ်၊ နာရီဝက်
စကားမထွက်ခဲ့
လက်ဖျား ခြေဖျား အေးလာတယ်။

အိမ်ပြန်အရောက်မှာ
ဖျား တာပါပဲ
တညလုံး စာထိုင်ရေးတယ်။

၈။
တကယ့် ခြင်္သေ့
လာပီဟေ့
တနေ့ အောင်ပွဲကို သိရှိ
သူရဲကောင်းတို့၏ စိတ်ဓါတ်ဖြေ့
လာပီဟေ့
အာဇာနည်တို့ထုံး နှလုံးမွေ့
လာပီဟေ့
လာပီဟေ့။

ယခင်၊ မိမိရဲ့
ရဲဘို့ အစဉ်အလာများနဲ့
လာပီဟေ့။

လက်ထဲမှာ စာ
နှုတ်ဖျားမှာ စကား
ရင်ထဲမှာ တရား
ငါ အေးအေးဆေးဆေး ပြောကြားမယ်။

ဟောဒီ သြဂတ်စ်ရဲ့
တမနက်မှာ
ငါ သူနဲ့ ရင်ဆိုင်လိုက်တယ်။

ကျနော် ထပ်ရှုံးပေါ့
စကားတခွန်းက ချေမှုန်းတယ်
ငါဟာ မင်းအမေလောက်ရှိပါတယ် တဲ့။

ဘာအဓိပ္ပါယ် ရှိပါသလဲ
ဘာအဓိပ္ပါယ် ရှိပါသလဲ။

ဟောဒီမှာ ကျနော့်စာ
ဖတ်ကြည့်ပါတော့ဗျာ
နောင်ပြဿနာ အရှုပ်အရှင်းလဲ
ခင်ဗျားပဲ အဓိကပါဗျာ
ဒါပဲ ကျနော်ပြောခဲ့ပါတယ်။

၉။
ခင်ဗျား တံခါးထပ်ပိတ်တာပါ
ကျနော် နားလယ်ပါတယ်။

နှလုံးသားဆိုတာ
အမေမွေးတုန်းက ပါလာလို့သာ
ခင်ဗျားတို့ ကိုယ်ခန္ထာမှာ ရှိနေတာပါ
ဘာမှ အသုံးမ၀င်တော့ဘူး။

သိက္ခာ
မာန

မိတ္တဗလဋီကာ
ဒေးကာနက်ဂျီ

ပီမိုးနင်း

မျဉ်းဖြောင့်ပေါ်ကလူ
ကွန်ပြူတာလို အသုံးပြုနိုင်တယ်။

ကျနော်ဟာ အရူးအမူးသမား
ခံစားမှုပဲ ယုံတယ်။

ခင်ဗျားဘယ်လို ခံစားရသလဲ
ဘုရားပဲ သိမယ်။

ကျနော်မှ မဟုတ်ပါဘူး
ဘယ်သူ့ကို မဆို
အချစ်မှ မဟုတ်ပါဘူး
ဘယ်အလုပ် မဆို
မမရေ၊ ရင်ခုန်သံကို ခံစားကြည့်ပါ
ဒုက္ခ အရသာ ချိုမြတယ်
ဘ၀ကို ချစ်တတ်လာပါလိမ့်မယ်။

အလုပ်မဲ့
ဂုဏ်မဲ့
ရင်းစားမဲ့
အခွင့်အထူးမဲ့
အမဲ့အားလုံးရဲ့ အရှိ
မွန်မြတ်ဘိ နိုင်ငံတော်ရသ
ကောင်းကင်ဘုံမှ၊ အိပ်မက်မှ
ဤမြေပေါ်သို့ ကျဆင်း
အသင်းထုံဆုံး ရနံ့သစ်
အပျိုဖြစ်လာသော ပန်းပွင့်များ
ခံစားတပ်မက်စေ့ချင်ပါတယ်။

သေခြင်းကို
အခန်းကျဉ်း ဒေါင့်တဒေါင့်မှ
ငြိမ်ငြိမ်လေး စောင့်စားကြ
မိခင်ဝမ်းက ကျွတ်တာ ကြာပီမို့လား။

၁၀။
ဟိုကောင်
ဝင်လာလိမ့်မယ်

ပုဏ္ဏားကွယ်မှ
ကတ္တရာလမ်းက ထင်ရဲ့
သီချင်းသံနဲ့လေ
စာလုံးတွေထဲ လျှောက်လာတယ်။
ဘတ်သီး တံခါးပိတ်၊ ပြင်တင်းပေါက် တံခါးပိတ်
လ တံခါးပိတ်၊ နေ တံခါးပိတ်
အိပ်မပျော်သေး
ရင်ခုန်နွေးရင်
ဆေးပြား ပုလင်းလေးတွေ ရှိတယ်။

မင်းကို ရင်မခုန်ဘူး
မင်းကို မတုန်လှုပ်ဘူး
စူးစူးဝါးဝါး တံခါးပိတ်
အစိတ်စိတ် အမွှာမွှာ
ဒဏ်ရာနဲ့ သွေးစိမ်းရှင်ရှင်
လူမြင်တိုင်း တိုင်တည်နေပေါ့။

ရုံးစာရေး စာချီ
ကမ်းနား အလုပ်သမား
သံလမ်း အလုပ်သမား
သင်္ဘောသား
ကျောင်းသား၊ စစ်သား
နေ့စား ဆေးလိပ်သမ
ဟင်းရွက်ရောင်းတဲ့ ကောင်မလေး
ပခုန်းထမ်း ဈေးသည်
အို လယ်လုပ်သူအပေါင်းတို့
အကြောင်းဆုံလို့ ပြောကြားလိုက်ပါတယ်
ကျနော့ကို တံခါးအားလုံး ပိတ်ထားတယ်။

တဦးကို တဦးမချစ်ရင်
ရာဇ၀တ်မှု မမည်ဘူးလားဟင်။
ကိုယ့်ကိုကိုယ် လိမ်လည်ရင်
ပုဒ်မ ၄၂၀ ရှိတယ်
မငြိစွန်းဘူးလားဟင်။
ကမ္ဘာ့ ထိပ်ကိုတက်
အဲဒီ အချက်အလက်တွေ
ငါ တင်ပြချင်တယ်။

၁၁။
သင်ကတခါ ပြုံးပြ၍
ဘာမှ မပြောပဲနေသောအခါ
ကျွန်ုပ်မှာ တသက်တာလုံး စောင့်စား
နေရပါတော့သည်။
တဂိုး

အသက်တွေလဲ
ဒီလိုပဲဖြင့်
ကြီးရင့် ဖြူဖပ် သွားလိမ့်မပေါ့။

အင်အားသန်ခိုက်
ပုံအောလိုက်ကြ။

တရံတခါက
မမတိုက်မိတဲ့ ခလုတ်ကလေး
အခု ဆွေးနေတာပေါ့။

မြစ်တမြစ်မှာ
နှစ်ခါ ရေမချိုးနိုင်ဘူးဆို ထင်ပ
ခေါမအဘိဓမ္မာကို သတိရတယ်။

ကမ္ဘာဟောင်း
နေရာဟောင်း
နေထိုင်မှု အဟောင်းဟာ
ထုံးစံကျောင်းတွေလိုပဲ
ရေနစ်သူကို ကျောက်ခဲနဲ့ ပူးချည်တယ်။

ဒီလိုအချိန်မှာ
ဟန်မဆောင်ကြရင်ဖြင့်
လောကကြီး စိမ်းလန်းလာနိုင်တယ်။

သွေးသားသန်မာမယ်
ဖြတ်လတ် လှုပ်ရှားမှုရှိမယ်
ရယ်တတ် ပြုံးတတ်ဦးမယ်ဆိုရင်
နောင်တနဲ့ ငိုယိုမှုကင်းပြတ်
အနာဂတ်ဘုရား ပွင့်ပါတော့မည်။

ပန်းချီပြခန်း
ပန်းခြံကလေးများ
ယဉ်ကျေးမှု နန်းတော်
သင်တို့အတွက် ခေါ်သံ
ကျနော် စောင့်စားနေပါသည်။

နိုင်ငံရေး
အချစ်၊ ဘဝ
သူမနဲ့ ရောထွေးယှက်
နံနက် ခေါင်းလောင်းသံကြားရ
အိပ်ရာမှ ထပါတော့။

မွေးရာပါ အဖျား
ကုစားမဲ့ သမားခြေသံ
ကံကြမ္မာ မဆုံဆည်းခိုက်
အ၀ိဇ္ဇာ မှောင်မိုက်နေဆဲ
အတိုက်စားခံ ဖြတ်သန်း
စကားသံကအစ ကြမ်းတမ်းနေမယ်
ခွင့်လွှတ်ပါလော့ ချစ်တဲ့သူရယ်။

၁၂။
ဟက်ဟက်ပက်ပက်
အသံထွက်အောင်ကို
ရယ်မောမိတယ်။

အဇ္ဈတ္တကို
ဓါတ်မှန်ရိုက်လို့မှ မရတာ
စိတ်ချမ်းသာမယ် ထင်ရင်
လုပ်ချင်တာ လုပ်ကြပေါ့။

မနက် ၉ နာရီ
မနက် ၉ နာရီ
ဤ ကမ္ဘာမြေ လောက
ရုံးတက်ကြ၊ ရုံးဆင်းကြ
အဲသလို လှည့်လည်တယ်။

ဂန္ထ၀င် မမ
သူမ လာပါပီ။

စာတိုက်ပုံးထဲ
စာတစောင် ထည့်လိုက်တယ်။
သူမဘေးမှာ
အဖေါ်တယောက်
နှစ်ယောက်၊ သုံးယောက်
ခေါပဏီတပ်ရင်း တရင်းစာ
မဟုတ်ပါ၊ တယောက်ထဲပါ။

တိုက်ပုံတွေ ဘာတွေဝတ်လို့
ပေါင်ဒါတွေ ဘာတွေလိမ်းလို့
သေသေ၀ပ်ဝပ် ကောင်လေးတယောက်နဲ့
အချို ဖွဲ့လို့။

ကုလားရုပ်ရှင်ထဲက
စုံတွဲရှုခင်းကလေးနှယ်
ကြည့်ရ ကောင်းလှ ပါပေတယ်။

ဤကမ္ဘာမြေ လောက
ငြိမ်းချမ်းကြပါစေ။

လူသားအားလုံး
အရှုံးဒုက္ခ၊ ကင်းပကြပါစေ။

ဟက်ဟက်ပက်ပက်
အသံထွက်အောင်ကို
ရယ်မောမိတယ်။

နောင် အနှစ်တရာ၊ နှစ်တထောင်
ဒီကောင်ရဲ့အချစ်
ပျိုမြစ်နေမှာပဲ
မုချယုံတယ်။

အလုံခြုံဆုံး တံခါးတချပ်
ဘယ်နှစ်ရာသီ ဖြတ်သန်းနိုင်သလဲ
ကမ္ဘာထဲ တုန်ခါနေတော့တယ်။ ။

အောင်ချိမ့်
ဖေဖေါ်ဝါရီ၊ ၁၉၇၉

Friday, October 24, 2008

အိပ်ရာဝင်ပုံပြင်

ဒါဖတ်ပြီးမှ ပုံပြောပါလို့ ပြောရမလို ဖြစ်နေတယ်။ အရင်ကတော့ ရုပ်ရှင်ဝေဖန်ရေးဆရာ ဦးစိန်ခင်မောင်ရီက "ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ" ဆိုတာမျိုး ရေးခဲ့ဖူးတယ်။ အခုက ရုပ်ရှင်ဝေဖန်ချက်မဟုတ်ဘဲ ပုံပြင်တခုကို အခြားအမြင်တခုက ပြန်ပြော ပြချင်တာပါပဲ။

သမီးငယ်ငယ်မှာ အဖေကို အိပ်ရာဝင်ပုံပြောဖို့ တောင်းဆိုလေ့ရှိတယ်။ အင်း... ဘာပြောရရင် ကောင်းမှာလဲ။ ကျနော်တို့ ငယ်ငယ်က ကြားခဲ့ရဖူးတဲ့ ပုံပြင်တွေ ပြန်စဉ်းစားကြည့်မိတယ်။ တချို့လည်း မေ့တေ့တေ့။ မယ်ထွေးလေးနဲ့ ဂုန်းမအိုပုံပြင် ကြားဖူးတယ်။ ရွှေယုံနဲ့ ရွှေကျား ကြားဖူးတယ်။ သုဝဏ္ဏသာမလိုမျိုး ၅၅၀ ဇာတ်တော်ထဲက ပုံပြင်မျိုးတွေလည်း ကြားခဲ့ဖူး ပါတယ်။ ပြောသူတွေက အဖိုး၊ အဖွားတွေ ဖြစ်ကြသလို၊ တခါတလေ အဖေ၊ အမေနဲ့ ကြီးဒေါ်တွေကလည်း ကြုံရင်ကြုံ သလို ပြောပြလေ့ရှိတယ်။ ဒါပေမယ့် အခုသမီးကို ပြောပြရမယ်ဆိုတော့ အကုန်က သိသလိုလို၊ မမှတ်တော့သလိုလို ဖြစ် နေတယ်။ ဒါနဲ့ တခါမှာကြုံတော့ ပုံပြင်စာအုပ်ကလေးတအုပ် ၀ယ်လာမိတယ်။ မင်္ဂလာဈင်အောင်ရေးတဲ့ သနားစရာမြွေ မင်းသားလေးနှင့် မြန်မာ့ရိုးရာပုံပြင်များ၊ [မြတ်ပန်းရဂုံ ပုံပြင်များ-၅ ၊ မြတ်ပန်းရဂုံစာပေ၊ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလ] ကိုရတော့ အတော် ၀မ်းသာ သွားတယ်။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ ပုံပြင်တွေကို ပြန်နွှေးရတယ်။

(၁)
"မယ်ထွေးလေးနှင့် ဥသျှစ်မယ်" ပုံပြင်ကို ဖတ်ရတယ်။
ရှေးရှေးတုန်းက ကျေးရွာတရွာတွင် တံငါသည် လင်မယားရှိ၏။ သူတို့တွင် တဦးတည်းသော သမီးလေးရှိရာ မယ်ထွေးဟု ခေါ်ကြသည်။

တနေ့သောအခါ တံငါသည်လင်မယားတို့သည် ပင်လယ်ထဲသို့ လှေတစင်းဖြင့် ငါးဖမ်းထွက်ကြသည်။ တံငါသည် မယား သည် ငါးတကောင်ရတိုင်း " ငါ့သမီးလေး မယ်ထွေး ဈေးတင်ဖို့" ဟု ၀မ်းသာအားရ အော်သည်။ အော်ဖန်များလျှင် တံငါသည်ကြီး နားညည်းလာကာ "တယ်စကား များလှတယ်" ဆိုကာ တက်ဖြင့် ရိုက်ချလိုက်လေသည်။ တံငါသည်မကြီး ခမျာမှာ ရေထဲ လိမ့် ကျပြီး ကြီးမားသော ကမ္ဘာ့လိပ်မကြီး ဖြစ်သွားလေ၏။

မယ်ထွေးလေးတို့ အိမ်နှင့် မနီးမဝေးတွင် ဒက်ချီးတို့ အိမ်တည်ရှိ၏။ သူ့တွင် သမီးများလည်း ရှိသည်။ တနေ့တွင် မယ်ထွေး လေးသည် ရွာထဲတွင် ဈေးလည်ရောင်း၏။ သူ့အဖေက သမီးလေး ပျော်ရွှင်စေရန် '၀ါဖတ်လေး' တွေ လုပ်ပေးသဖြင့် လည် ရောင်ခြင်း ဖြစ်၏။

"တောက်တီးတောက်တေး ၀ါဖလေးသည် တော်ရို့"
မယ်ထွေးလေးအား ဒက်ချီးတို့ သားအမိတတွေက အိမ်ပေါ်သို့ ခေါ်သည်။ မတန်တဆ ဈေးဆစ်သဖြင့် မယ်ထွေးလေးက မရောင်းပေ။ အိမ်ပေါ်မှဆင်းရန် ဈေးတောင်းကို ပင့်သည်။ ပင့်၍မရ။ အိမ်ရှင်အား ပင့်ပေးပါ ပြောသောအခါ ပင့်မပေးကြ။ သို့အတွက် အိမ်ပြန်ပြီး ဖအေကို ခေါ်ရသည်။ မယ်ထွေးလေး၏ အဖေလိုက်လာသည်တွင် သူတို့က အိမ်ပေါ်မှ ဆင်းခွင့် မပြုကြတော့ချေ။
တံငါသည်ကြီးနှင့် ဒက်ချီးတို့ ညားသွားသောအခါ မယ်ထွေးလေးအား ဒက်ချီး၏ သမီးများက အနိုင်ကျင့်ကြသည်။ အလုပ် တွေ မတန်တဆခိုင်းသော်လည်း ထမင်းကိုကား ၀အောင်မကျွေးချေ။ သို့ရာတွင် မယ်ထွေးမှာ ပိန်ပိန်ညှော်ညှော် စုတ်စုတ် နုတ်နုတ် မရှိပေ။ ထိုအခါ ဒက်ချီးနှင့် သမီးများက မယ်ထွေးနွားကျောင်းသည့် ပင်လယ်စပ်သို့ လိုက်လံချောင်းမြောင်းကြည့် ကြရာ ကမ္ဘာ လိပ်မကြီးကို မြင်ရ၏။ ထိုလိပ်မကြီးမှာ မယ်ထွေး၏ အမေဖြစ်ပေသည်။ သူက မယ်ထွေးကို စားစရာတွေ ကျွေးသည်။ သန်းရှာ ခေါင်းဖြီးပေးသည်။

ဒက်ချီးတို့ သားအမိတတွေမှာ မယ်ထွေးအား မနာလိုစိတ်တွေ ကြီးမားစွာ ဖြစ်ပေါ်လာသည်။ သို့အတွက် ဒက်ချီးသည် အိပ်ရာ အောက်တွင် မုန့်လေပွေတွေ ထိုးထည့်ထားပြီး မကျန်းမာဟန် ဆောင်နေသည်။ သူညည်းတွား လူးလှိမ့်လျှင် မုန့်လေပွေတွေက ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်ရာ အရိုးတွေ ကျိုးပါတော့မည်၊ နတ်မေးကြည့်ပါ ဆို၏။

ဒက်ချီး၏ သမီး ဒင်ကျည်းက သစ်ခေါင်းထဲဝင်ပြီး ရုက္ခစိုးယောင် ဆောင်နေသည်။ ထိုသူထံသို့လာမေးသောအခါ "ကမ္ဘာ လိပ်မ ရဲ့ အသားကို စားမှ ရောဂါပျောက်လိမ့်မယ်" ဟု မယ်ထွေးအမေ ပျက်စီးကြောင်း စကားဖြင့် ဟောလိုက်လေ၏။

တံငါသည်ကြီးမှာ လှေတစင်းဖြင့် ကမ္ဘာလိပ်အဖမ်းထွက်ရတော့သည်။ လှေပေါ်၌ ဒင်ကျည်းတို့ ညီအမတတွေနှင့် မယ်ထွေး ပါလာသည်။ သမီးကိုမျှော်နေသော ကမ္ဘာလိပ်မကြီးအား မြင်သည့်နေရာ၌ ကွန်ပစ်သည်။ မယ်ထွေးလေးက သူ့အမေ ရှောင် တိမ်းနိုင်ရန် အော်၍ သတိပေးသဖြင့် မမိချေ။ ဒင်ကျည်းတို့က ၀ိုင်းဝန်းရိုက်နှိပ်ပြီး ပါးစပ်ကို ပိတ်ထားသော အခါ မယ်ထွေးမှာ သတိမပေးနိုင်ပြီ။ ထိုအခါတွင်မှ ကမ္ဘာလိပ်မကြီးကို မိလေ၏။

လိပ်မကြီးကို ဟင်းချက်ရာတွင် ဒင်ကျည်းကတအိုး၊ မယ်ထွေးက တအိုး မီးထိုးရသည်။ ဟင်းအိုးက အသံမြည်တိုင်း မယ်ထွေးက မီးလျှော့ပေးရာ တော်တော်နှင့် မကျက်ပေ။ သို့အတွက် မယ်ထွေးခမျာ အကန်အကျောက် အဆဲအဆို ခံရ ပြန်သည်။

ကမ္ဘာလိပ်သားကို ဒက်ချီးတို့ သားအမိ ပျော်ရွှင်စွာ စားစဉ် မယ်ထွေးမှာ မျက်ရည်စက်လက်ဖြင့် အိမ်စဉ်လျှောက်၍ ဟင်း ဝေရ သည်။ လိပ်သားစားပြီးသူများထံမှ အရိုးများတောင်းကာ မယ်ထွေးသည် သံန္နိဌာန်ပြုလျှက် မြေမှာစိုက်ရာ ညဉ့်တွင်း ချင်း ရွှေပင်ငွေပင်များ ပေါက်လာလေ၏။

ရွှေပင် ငွေပင်မှ ရွှေငွေတွေ သီးသည်။ တောကစားထွက်လာသော မင်းသားတပါးသည် ထိုသတင်းကို ကြားသဖြင့် ဒက်ချီး အိမ်သို့ ရောက်လာသည်။ ရွှေပင်ငွေပင်များ၏ ပိုင်ရှင်ကို စုံစမ်းရာ ဒင်ကျည်းတို့ ညီအမတတွေက သူတို့အပင်ဟု ပြောသည်။ သို့သော် ရွှေသီးငွေသီး ဆက်စေဆိုသောအခါ ဒင်ကျည်းတို့ရအောင် မခူးနိုင်ချေ။ မယ်ထွေးကို အခူးခိုင်းတော့ မှသာ အလွယ် တကူ ယူ၍ ရသည်။ သို့အတွက် မင်းသားကလေးသည် မယ်ထွေးကို နန်းတော်သို့ခေါ်သွားကာ မိဘုရား အဖြစ် မြှောက်စားလေ ၏။

လအနည်းငယ်ကြာသောအခါ ဒက်ချီးသည် လူတယောက်အား မိဘုရားမယ်ထွေးထံ လွှတ်လိုက်၏။ အဖေ မမာသော ကြောင့် လာကြည့်လှည့်ပါဟု အမှာစကား ပါးလိုက်သည်။ မယ်ထွေးယုံကြည်ပြီး လိုက်သွားရာ အိမ်တွင် အဖေ့ကို မတွေ့ရ ပေ။

ဒင်ကျည်းတို့ ညီအမတတွေသည် မယ်ထွေး၏ လည်ဆွဲတန်ဆာများ၊ လက်ဝတ်ရတနာများကို ဖြုတ်ယူပြီး ကြည့်ကြသည်။ ထို့နောက် ကြမ်းပေါက်မှ ချပစ်ကြသည်။ မယ်ထွေးပြန်မည်ပြုသောအခါ ရတနာတန်ဆာများ အိမ်အောက် ရောက်ကုန်ပြီ။ ကောက်၍လည်း မပေးကြချေ။ မယ်ထွေး ကိုယ်တိုင် ၀င်ကောက်သည်။ အသင့်ကျိုထားသော ရေနွေးဖြင့် လောင်းချလိုက် ရာ မယ်ထွေးမှာ ဗျိုင်းဖြစ်ပြီး နန်းတော်သို့ ပျံသန်းသွားရရှာတော့သည်။

ဒင်ကျည်းသည် မယ်ထွေး၏ မိဘုရား အ၀တ်များကို ၀တ်ပြီး နန်းတော်သို့ ပြန်သွားသည်။ မင်းသားကလေးမှာ ဒင်ကျည်း အား မယ်ထွေးပင်ထင်ပြီး အမှတ်မဲ့နေလိုက်သည်။

မင်းသား၏ အိမ်တော်တွင် မယ်ထွေး၏ ခတ်လက်စ ရက်ကန်းစင် ရှိသည်။ ဒင်ကျည်းဝင်ခတ်ငြား နေရာမကျချေ။ ဗျိုင်းမ ကလေးက "သည်နေရာ သည်အ၀င် ဟိုနေရာ ဟိုအ၀င်" ဟု ၀င်၍ ၀င်၍ ပြသပေးသည်။ သို့အတွက် မင်းသားကလေးက ဗျိုင်းကို ချစ်သည်။ သို့သော်ဒင်ကျည်းက မုန်းသည်။ မုန်းသည့်အတွက် မင်းသားအလစ်တွင် လက်ခတ်ဖြင့် ရိုက်ပစ်လိုက် လေ၏။ ဒင်ကျည်းသည် ဗျိုင်းမကလေးကို ဟင်းချက်ပြီး မင်းသားထံ ဆက်သသည်။ မင်းသားမှာ စိတ်မကောင်းစွာဖြင့် ဗျိုင်းသားဟင်းကို ဥယျာဉ်ထဲ၌ သွန်ပစ်ခိုင်းလိုက်ရာ ထိုနေရာမှ ဥသျှစ်ပင်ကြီးတပင် ပေါက်လာသည်။ နေ့ချင်းညချင်း ကြီး ထွားလာသည်။ မကြာမီ ဥသျှစ်သီးတွေ သီးလာသည်။ ထိုအထဲတွင် အလွန်ကြီးသော ဥသျှစ်သီးကြီး တလုံးပါလာသည်။ ဥယျာဉ်စောင့် လင်မယားသည် ဥသျှစ်သီးကြီး ကြွေကျလာလျှင် မကွဲစေရန် မြေပေါ်၌ ဖွဲတွေပုံထားသည်။ ဥသျှစ်သီး ကြွေ ကျလာသောအခါ တဲထဲ၌ သိမ်းထည်းထားကြသည်။

တဲထဲသို့ ဥသျှစ်သီး ရောက်လာချိန်မှစပြီး အဘိုးကြီး အမယ်ကြီး မချက်ပြုတ်ရဘဲ ထမင်းဟင်းတွေ ကျက်နေသည်။ အ၀တ် တွေ လျှော်ပြီးသား၊ အမှိုက်တွေ လှဲကျင်းပြီးသား ဖြစ်နေတော့သည်။ သို့အတွက် အဘိုးအိုနှင့် အမယ်အိုတို့ ချောင်းမြောင်း ကြည့်ရာ ဥသျှစ်သီးထဲမှ လှပသော မိန်းကလေးတယောက် ထွက်လာပြီး အိမ်မှုကိစ္စများ ဆောင်ရွက်နေသည်ကို မြင်ကြရ လေ၏။ သို့ဖြင့် ဥသျှစ်သီးကြီးကို ရိုက်ခွဲလိုက်ရာ သန္ဓေသူကလေးမှာ အဘိုးကြီး အမယ်ကြီးတို့နှင့်အတူ နေရတော့သည်။

မည်မျှပင် သိုသိပ်လျှို့ဝှက်သော်လည်း သန္ဓေသူကလေး၏ သတင်းသည် တယောက်စကား၊ တယောက်နားဖြင့် ပေါက်ကြားသွားတော့၏။ မကြာမီပင် ဗျိုင်းသားဟင်း သွန်ပစ်သော မင်းသားသည် ဥယျာဉ်စောင့် လင်မယား၏ တဲထဲသို့ ရောက်လာသည်။ ရေကြည်တော်ဆက်စမ်းဟု အမိန့်ရှိသဖြင့် အဘိုးအို တလှည့် အမယ်အို တလှည့် ဆက်သသည်။ ဆက်သမျှကို လူအိုစော်နံသည်ဟု ဆိုကာ သွန်ပစ်သည်။ သန္ဓေသူကလေး ထွက်ပြီး ဆက်သသောအခါတွင်ကား မြင်းပေါ် သို့ တင်ယူခေါ်ဆောင်သွားလေ၏။

မကြာမီ မိဘုရားဒင်ကျည်း မျက်နှာမြင်ရာ နန်းတော်သူဖြစ်လာသော ဥသျှစ်မယ်လည်း မီးနေစောင့်ရ၏။ မီးနေစောင့်သူတွေ မပျင်းရိစေရန် တယောက်တလှည့် ရှေးစကားပြောကြသည်။ ဥသျှစ်မယ်အလှည့်တွင် ကမ္ဘာလိပ်ကြီး မယ်ထွေးဘ၀မှ ယခု ဥသျှစ်မယ်ဘ၀အထိ ပြောင်းလဲလာပုံများကို ဖွဲ့နွဲ့ပြောပြလေသည်။

မင်းသားသည် မိမိအား လှည့်စားသော ဒင်ကျည်းကို ဒေါသလည်းထွက်၊ ရှက်လည်း ရှက်သည်။ သို့အတွက်ကြောင့် ဒင်ကျည်းကို ရိုက်ပုတ်ထုထောင်းပြီး ဒက်ချီးထံပို့လိုက်ပြီး သန္ဓေသူကလေးအား မိဘုရားအရာ ပေးသနားတော် မူလိုက် လေ၏။

(၂)
ပုံပြင်ကလေးကတော့ ဒါပါပဲ။
ပြန်လည်စုဆောင်း ဖော်ပြပေးတဲ့ မင်္ဂလာဈင်အောင်ကိုလည်း ကျေးဇူးတင်ပါရဲ့။ ကျနော်တို့ ကြားခဲ့ဖူးတာက အနည်းငယ် ကွဲလွဲတာမျိုး ရှိသော်လည်း အတော်များများတူတဲ့ မယ်ထွေးလေး ပုံပြင်တွေ ကြားခဲ့ကြဖူးပါတယ်။ ဒီနေရာမှာ ကျနော် မေးခွန်း ဖြစ်လာတာက သမီးငယ်ကို ပြောပြဖို့၊ မပြောပြဖို့ ဆိုတာပါပဲ။

ယုတ္တိယုတ္တာ ရှိမှုကထားတော့၊ တွမ်နဲ့ ဂျယ်ရီမှာလည်း အကြိမ်ကြိမ်ခံရလည်း မသေတဲ့ကြောင်၊ မသေတဲ့ ကြွက်တွေ ရှိသေးတာပဲ။ အခုသေ၊ အခု ၀င်စား ဖြစ်နိုင်သပေါ့။ ဒါပေမယ့် အိမ်တွင်းအကြမ်းဖက်မှုတွေ များလှချည့်လို့ ထင်နေမိတယ်။ မယ်ထွေးကို ပိုလို့သနားစရာဖြစ်အောင်၊ ဂုန်းရုပ်ကို ပိုပီပြင်အောင်၊ နောက်ဆုံးတော့ အမှန်တရားဟာ အနိုင်ရတာပဲလို့ ပြောချင်တာလားတော့ မသိဘူး။

ဒါပေမယ့် အဖေက အမေကို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ရေထဲ အသေရိုက်ချလိုက်တာမျိုး၊ တခုခုဆိုရင် သတ်ဖြတ်၊ ရိုက်နှက်နေကြတာမျိုးတော့ ကျနော် မနှစ်လိုလှဘူး။

ကျနော်တို့ ကလေးဘ၀ အိပ်ယာဝင် ပုံပြင်တွေကရော ကျနော်တို့ လူမှုအဖွဲ့အစည်းရဲ့ ဖောင်ဒေးရှင်း အခြေခံ တွေပဲ မဟုတ်ဘူးလား။ အခုမှ ကျနော်က လူကြီးဖြစ်လာတော့မှ ပုံပြင်တွေကို ပြန် ဆန်းစစ်ကြည့်နေမိတယ်။ ဘယ်လို ကိစ္စ တွေကို ကျနော်တို့က သမားရိုးကျဖြစ်နေသယောင် လက်ခံနေကြသလဲ။ လူမှုအဖွဲ့အစည်းက ကျနော်တို့ကို ဘာတွေ သင်ကြားခဲ့သလဲဆိုတာ ပြန်ကြည့်နေမိတယ်။ အမျိုးသမီးတွေကို ခွဲခြား အထင်အမြင်သေးထားတဲ့ ဇာတ်လမ်းတွေက (၅၅၀) ဇာတ်တော်မှာလည်း တွေ့ရတာတွေ ရှိနေသေးတယ်။
မိန်းမဆိုတာ ကွယ်ရာမှာ မကောင်းမှုလုပ်စမြဲ၊ အဏ္ဍဘူတဇာတ် (၆၂)
မိန်းမတိုင်း အကျင့်ပျက်၊ အနဘိရတဇာတ် (၆၅)
မိန်းမဆိုရင် ကိုယ့်အမေ ဖြစ်ပါစေ မယုံနဲ့၊ အသာတမန္တဇာတ် (၆၁)
အဖေ့နဖူးက ယင်ကို ကျည်ပွေ့နဲ့ ရိုက်တဲ့သမီး၊ ရောဟိဏီဇာတ် (၄၅)

အိပ်ရာဝင် ပုံပြင်တွေ ရှားနေသလိုပဲလေ... ။

ယောဟန်အောင်
အောက်တိုဘာ ၂၄၊ ၂၀၀၈။

Sunday, October 19, 2008

အရပ်ပျက်မကလေး (၂)

" ရွာလူကြီးတွေက ကာကွယ်မပေးဖူးလား။ ကျန်တဲ့ သူတွေကရော သည်အတိုင်း ကြည့်နေကြတာလား။" ကျနော်က မေး မိတယ်။

"ရွာလူကြီးတွေဆိုတာကလည်း သူတို့ ပိုက်ဆံရမယ့် ကိစ္စလောက်ပဲ ကြည့်နေတာပါ" ကျနော့် အမျိုးသမီးက ပြန်ဖြေတယ်။ "ဒီကိစ္စကိုလည်း သူတို့က အလေးမထားကြပါဘူး။ နောက်တော့ ကောင်မလေးကြောင့်လည်း တို့ရပ်ရွာသိက္ခာကျရတယ် ဆိုတာမျိုး ထင်ထားကြတာကိုး" သူက လေးလေးပင်ပင် ဆက်ပြောပြတယ်။

နောက်ပိုင်းမှာ ၂-၃ ခါလောက် ကျနော်တို့ ဒီကောင်မကလေးကို ထပ်တွေ့ကြတယ်။ အသားမဲမဲ၊ မျက်လုံးပြူးပြူး၊ ဆံပင် ကောက်ကောက် ကလေးငယ်ကတော့ ဘ၀ကြီးအကြောင်း ဘာမှ သိပုံမပေါ်ပါဘူး။ ဆော့ကစားလို့ ပျော်နေတယ်။ တွေ့တိုင်း ကျနော်တို့ကလည်း ပိုက်ဆံ တရာ၊ နှစ်ရာ ပေးလေ့ရှိတယ်။ ဒီလောက်ပဲ။ ကျနော့် မိန်းမကတော့ ရိုးပါတယ်။ ဒီမိန်းကလေး ကံမကောင်းလို့ဆိုတာမျိုး ကံကြမ္မာအပေါ်ပဲ ပုံချထားလိုက်တယ်။ လူမှုအဖွဲ့အစည်းတို့၊ ဖိနှိပ်မှုတို့၊ စနစ်က မှားနေတာတို့ ကြီးကြီးကျယ်ကျယ် ပြောမနေပါဘူး။ သူနိုင်သမျှ ကူပေးတာပါပဲ။

တခါပြန်တွေ့တော့ အခြေအနေက ပိုဆိုးနေပြီ။ သူနေတဲ့ အိမ်ကလေးကို လူတချို့က အကြွေးနဲ့သိမ်းသလိုလို၊ အိမ်ပေါ်က နှင်ချ သလိုလို၊ အသေအချာတော့ မသိရဘူး။ ဘုန်းကြီးကျောင်းဇရပ်တခုဘေးမှာ ကပ်နေနေရတယ်။ ၀ါးထရံကလေး တချပ်ထောင် လို့ အခန်းဖွဲ့နေနေတယ်။ ဘုန်းကြီးကျောင်းအရိပ်အောက်မှာ တနည်းတဖုံ လုံခြုံမှုရှိတယ် ဆိုနိုင်သလို၊ အိုးအိမ်လို လုံခြုံမှုမရှိတဲ့ ဇရပ်မှာ နေနေရတဲ့အတွက် ပိုလို့ လုံခြုံရေးမကောင်းဘူးလည်း ပြောရင်ရနိုင်တယ်။

(၃)
"ဇတ်လမ်းကတော့ အဖြစ်မှန်ပဲ။ ဒီလောက်ပဲဗျ။ နောက်တော့ ကျနော်လည်း ခရီးသွားလိုက် လာလိုက် မတွေ့မိတော့ဘူး။ နောက်ပိုင်းတော့ ကောင်မလေးက မြန်မာပြည်ပဲ ပြန်သွားသလိုလို၊ တနေရာပဲ ထွက်သွားသလိုလို ကြားတယ်။ ကျနော်တို့ လည်း နောက်ပိုင်း မတွေ့မိတော့ဘူး"

ကျနော်က ညခင်းထမင်းဝိုင်းမှာ ကျနော်ကြုံဖူးတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြနေမိတယ်။ ဆက်ပြီးတော့လည်း မေးခွန်း တွေ ထုတ်နေမိတယ်။ အခုမှပဲ လေထုက နည်းနည်းပိုအေးသလို ရှိလာတယ်။ အပြင်က ပိုးကောင်ငယ်တွေရဲ့ တစီစီအသံ ကြားနေ ရသလို အခြားဝိုင်းတွေက ရယ်သံ၊ စကားသံတွေလည်း ကြားနေရတယ်။ ထမင်း၊ ဟင်းကျန်တွေက အေးစက်လို့ အရိုး၊ အရင်း လောက်ပဲ ကျန်တော့တယ်။ အချို့ကလည်း သစ်သီးအချိုစားလို့ ထမင်းဝိုင်း သိမ်းဖို့ ပြင်နေကြပြီ။ ကျနော် ပြောပြတဲ့ အဖြစ် အပျက်ကို ကြားရတဲ့ သူတွေကလည်း စိတ်မကောင်းကြဘူး။

ဟုတ်တယ်။ တကယ်တော့ အနောက်နိုင်ငံတွေမှာ မိစုံဖစုံမဟုတ်ဘဲ ကလေးမွေးပြီး ကလေးကို စောင့်ရှောက်နေကြရတဲ့ မိခင် တွေ အများကြီးပဲ။ (Single mom) လို့ခေါ်ကြတယ်။ သူတို့ကိုလည်း အစိုးရတွေက စောင့်ရှောက်မှုအပြည့်အ၀ပေး ထားတတ် ကြတယ်။ လူမှုဖူလုံရေးစရိတ်တွေ ရသလို၊ ကလေးဖွံ့ဖြိုးမှုအတွက်၊ ကလေးတွေ ကျောင်းနေနိုင်ဖို့အတွက်၊ အခြား အကူအညီ တွေလည်း ရကြတယ်။ ငယ်ငယ်ရွယ်ရွယ် မှားယွင်းမိကြလို့ဖြစ်စေ၊ သဘောထားချင်း မတိုက်ဆိုင်လို့ မပေါင်းမိကြသည်ဖြစ်စေ ကလေးတယောက်နဲ့ အမေဖြစ်လာရတဲ့ကိစ္စဟာ ပြဿနာကြီးကြီးမားမား မဟုတ်သလို လူမှု အသိုင်းအ၀ိုင်းမှာ ဘ၀ကြီး တခု လုံး ဇတ်သိမ်းသွားရမလို အပြီးဆုံးရှုံးသွားရမယ့် အခြေအနေလည်း မဟုတ်လေဘူး။

ဒါပေမယ့် အခုလို ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့၊ ယဉ်ကျေးပါတယ်ဆိုတဲ့ ကျနော်တို့ အသိုင်းအ၀ိုင်းမှာမှ ဘယ်လို ဖြစ်ကြရ တာလဲ။ ကျနော်က တွေးနေမိတယ်။ ကလေးမလေးကို အရပ်ပျက်မလေးလို ဆက်ဆံကြတယ်။ တကယ်တော့ ကောင်မလေး ကြောင့် အရပ်က နာမည်ပျက်၊ အရပ်ကသိက္ခာကျရတာလား။ ဒါမှမဟုတ် အရပ်ကိုယ်တိုင်က ပျက်နေလို့ ကောင်မလေးက ပျက်သွားရတာလား မေးခွန်းထုတ်စရာကောင်းလှတယ်။ သဘောထားသိမ်ဖျင်း အနိုင်ကျင့်လိုတဲ့ လူဆိုး တွေကတော့ အနည်း စု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့ ကျနော်တို့လူမှု အသိုင်းအ၀ိုင်းက ဘာဖြစ်လို့ ဒီလို အခြေအနေကို ပုံမှန်ုဖြစ်နေ သယောင် လက်ခံနေကြရတာလဲ။ ဘာဖြစ်လို့ မသိကျိုးကျွံနေကြတာလဲ... စဉ်းစားစရာ ဖြစ်နေပြန်တယ်။

"ကျနော်တို့ လူမှုအသိုင်းအ၀ိုင်းမှာကိုက ဖခင်ကြီးစိုးရေးဝါဒ၊ မဟာဖိုဝါဒတွေက အမြစ်စွဲ တည်ရှိနေသေးလို့၊ ကြီးနိုင် ငယ်ညှဉ်း စိတ်ဓါတ်တွေ ရှိနေသေးလို့ ဒီလိုဖြစ်ရတယ် ထင်တာပဲ..." ကျနော်က ထင်မြင်ချက်ကို ပြောမိတယ်။

"မဟုတ်သေးဘူး ဆရာ" .. ကျနော့်မိတ်ဆွေ အမျိုးသမီးက ပြန်ပြောတယ်။ "ကျမအမြင်ကတော့ လူမျိုးရေးလည်း ပါလိမ့် မယ် ထင်တယ်။ ကြည့်လေ... အကယ်၍ ကလေးက အဖြူကလေး၊ (ဘိုပေါက်စကလေး) ဖြစ်နေရင်ရော၊ လူတွေက ၀ိုင်းပြီး ချစ်နေ တာမျိုးလည်း ဖြစ်နိုင်တယ်။ အကယ်၍ ကလေးအမေက ရပ်ရွာထဲက တယောက်ယောက်နဲ့ မှားယွင်းပြီး ကလေး ရတယ် ထားဦး၊ ကလေးအမေကို ဒီလို ဆက်ဆံတာမျိုးလည်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကလေးက အမဲကလေးဖြစ်တော့ တို့နဲ့ အမျိုး မတူဘူး။ သူတို့က တခြား၊ မျိုးဖျက်တယ် ဆိုတဲ့ အခြားအုပ်စုတခုထဲ သွင်းလိုက်တာလည်း ဖြစ်နိုင်တာပေါ့။ ပြောရရင် တခြား သေတ္တာတခုထဲ stereotyping လုပ်ပြီး ထည့်လိုက်တာလည်း ဖြစ်နိုင်တာပဲ။"

ဒါလည်း ဖြစ်နိုင်တာပေါ့။ စစ်ပွဲအတွင်းမှာ မုဒိမ်းပြုကျင့်ကြတဲ့ကိစ္စတွေ အကြောင်းကိုလည်း ကျနော်ဖတ်ဖူးတယ်။ အခြား ရန်သူ လို့ သတ်မှတ်ထားတဲ့ အုပ်စုတခုကို ကျိုးနွံသွားအောင်၊ သိက္ခာကျစေအောင်၊ သူတို့ရဲ့ အမျိုးကို ဖျက်နိုင်အောင် ဆိုတဲ့ ရည်ရွယ် ချက်နဲ့ မုဒိမ်းကျင့်တာကို လူတွေရဲ့ သားရိုင်းဗီဇ စိတ်ဓါတ်နဲ့ တမင်လုပ်ဆောင်ကြ ကျူးလွန်ကြတယ် ဆိုတာမျိုး ဖတ်ခဲ့ရဖူးတယ်။ စစ်ပွဲတွေအတွင်းမှာ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ သားကောင်ဖြစ်ကြရ၊ ပိုလို့ ဒုက္ခခံကြရ၊ ဓါးစားခံဖြစ်ကြရတယ်။ ဒီလိုအဖြစ်ဆိုးတွေက ရာစုမက ထောင်စုနှစ်ချီ ကြာခဲ့ပြီလို့ ဆိုရမယ်။ လူ့သမိုင်းတလျောက်ပဲ။ ဒီလို ကိစ္စတွေက အဆုံးမသတ် နိုင်သေးဘူးလား... စဉ်းစားနေမိတယ်။

အခု ကလေးမလေးက လူမဲတယောက်နဲ့ ကိုယ်ဝန်ရလာတော့ ရပ်ရွာက ရှက်တာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားရေး အစွန်း ရောက်တဲ့ အနေအထားမှာတော့ သူက "မျိုးဖျက်မ"ဆိုတာမျိုးအထိ စွပ်စွဲတာ ရှိလာခဲ့။ နောက်ဆုံး ရပ်ရွာက၊ ဒါမှ မဟုတ် အမျိုး သားရေး အစွန်းရောက်တဲ့ လူတချို့က မကျေနပ် ဒေါသတွေကို သူ့ဆီပဲ ပြန်ပုံအောချလိုက်သလိုမျိုး၊ ဒုက္ခရောက်သူကို မကူညီ ဘဲ လက်စားချေသလို ပြန်ဖိနှိပ်တာမျိုး ဖြစ်စေတော့တယ်။ မြေနိမ့်ရာလှံစိုက် အခြေအနေ ရောက်စေတော့တယ်။

"အင်းလေ.. လူမှုသိပ္ပံပညာရပ်မှာတော့ လူမှုဖွဲ့စည်းပုံအရ အကြမ်းဖက်မှု တည်ရှိနေတာမျိုး (structural violence) ကိုလည်း ဆွေးနွေးထားတာ ရှိတယ်။ သဘောကတော့ဗျာ။ အလုပ်မှာ ပင်ပန်း မကျေနပ်ဖြစ်လာတဲ့ ယောက်ျားက အိမ်ရောက်တော့ မိန်းမကို ရိုက်တာမျိုး၊ သူနိုင်ရာ လက်အောက်ငယ်သားကို ဖိနှိပ်တာမျိုး၊ အချင်းချင်း ပြန်အစွမ်းပြလို့ ရန်စောင်ကြ၊ ရန်ဖြစ် ကြတာမျိုးလည်း ရှိတတ်တယ်။" စကားဝိုင်းမှာ နားထောင်နေတဲ့ မိတ်ဆွေတယောက်က ၀င်ပြောတယ်။

"အင်းလေ... နောက်ဆုံးတော့ ကိစ္စအားလုံး ကောင်မလေးပေါ်မှာသာ အပြစ်ပုံချမိတာမျိုး ဖြစ်ရတာပေါ့"

"တကယ်တော့ဗျာ... ကျနော်တို့ အခု လူမှုသိပ္ပံတွေမှာလည်း ပြောဆို ဆွေးနွေးထားကြတာတွေ ရှိပါတယ်။ အကယ်၍ ကျနော် တို့ နေထိုင်တဲ့ လူမှုအဖွဲ့အစည်းရဲ့ဖိအား၊ လှိုင်းလုံးကြီးက သိပ်ကြီးနေရင် ငါးတကောင်က ဘယ်လို ဆန်ကူးမှာလဲ။ ကျနော်တို့ လူအများက ဒီလိုတွေးခေါ် လက်ခံနေကြရင် ဘယ်သူတဦးတယောက်က စည်းအပြင်ထွက်ပြီး (သေတ္တာ အပြင် ထွက်ပြီး) တွေးမှာလဲ။ Out of the box ဆိုတာမျိုး ပြုမူဖို့က လူတဦးတည်းအတွက် ခက်ပေလိမ့်မယ်" ကျနော်က ချိန်ဆ ပြောနေမိတယ်။

ကျနော့် မိတ်ဆွေဆရာမက ၀င်ပြောလာပြန်တယ်။ "ကျမတို့ ခုနက လူတွေကို အုပ်စုခွဲခြားပြီး (တနည်း သေတ္တာထဲ) ထည့် တာမျိုး stereotyping ကိစ္စ ပြောခဲ့တယ်နော်။ အခု out of the box (သေတ္တာအပြင်ဖက်က) ထွက်ပြီး စဉ်းစားတာမျိုး၊ ပြုမူတာမျိုး ပြောလာကြပြန်တယ်။ ဆိုပါစို့။ ရပ်ရွာက လူတွေက သေတ္တာအတွင်းထဲမှာပဲ နေပြီး တွေးနေတယ် ဆိုပါစို့။ ဒီ ကောင်မလေးကလည်း သေတ္တာထဲမှာပဲ နေပြီးတွေးနေတယ်။ သူကလည်း out of the box ဆိုတာမျိုး မစဉ်းစားဖူးလေ။ သူ ကိုယ်တိုင်က သူများတွေက သူ့ကို သတ်မှတ်ထားတဲ့ အရပ်ပျက်မလေးဆိုတဲ့ လက္ခဏာ သတ်မှတ်ချက်ကို လက်ခံနေသလို ဖြစ်မနေဖူးလား။ သူကိုယ်တိုင်က ငြင်းပယ်ရင် မရဖူးလား။"

ဟုတ်ပါတယ်။ ကောင်မလေးကလည်း သေတ္တာအပြင်ထွက်လို့ ဘယ်တွေးနိုင်ပါ့မလဲ။ ကျနော်တို့ ပြောနေကြတဲ့ စဉ်းစားချက်၊ ပညာ၊ အတွေ့အကြုံ၊ သတ္တိ၊ ကုန်ကုန်ပြောရရင် လူတဦးမှာ ခွန်အားရှိလာဖို့ empowerment ဆိုတာမျိုးတွေက ဖက် ပေါင်းစုံ လိုအပ်ပါတယ်။ လူမှုအဖွဲ့အစည်းတရပ် အပြောင်းအလဲ (change) ဖြစ်ဖို့၊ တော်လှန်ရေးတရပ်နဲ့ လူမှုအဖွဲ့ အစည်းကို ပြောင်းလဲ ပစ်ဖို့ ကြိုးစားနေသူတိုင်းက ဒီလို လူထုတွေကို ခွန်အားမြှင့်တင်ပေးဖို့ ကိစ္စကို ပြောလေ့ရှိကြတယ်။ ကျနော်တို့ လုပ်နေကြတဲ့ ရပ်ရွာဖွံ့ဖြိုးရေး (community development) သင်တန်းတွေမှာလည်း ဒီလိုစကားတွေကို အကြိမ်ကြိမ် ပြောခဲ့သပေါ့။

"ဒါနဲ့ နေပါဦး... ဆရာကရော သူ့အတွက် ပိုက်ဆံတရာ၊ နှစ်ရာ ပေးတာအပြင် တခုခု လုပ်မပေးဖူးလား။ ထိုင်းနိုင်ငံမှာ ဒီလို လူမှုရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးတဲ့ အဲန်ဂျီအိုတွေလည်း ရှိတတ်တာပဲဟာ" ကျနော့်မိတ်ဆွေ အမျိုးသမီးက မေး လာတယ်။

ညက အခုမှ ပိုအေးလာသလိုပဲ၊ ၀ိုင်တခွက် နှစ်ခွက်ဝင်ထားတာတောင် ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ မြောက်ပြန်လေရူးကလည်း တချက်တချက် ဝှေ့နေတယ်။ ချင်းမိုင်တောင်တန်းပေါ် မှာ မြူငွေ့တွေ သိုင်းဝိုင်းဖွဲ့လာလို့ ညနက်လာပြီဆိုတာ သတိပြုလာမိ တယ်။

"ကျနော့်မှာလည်း ကျနော့်ဆင်ခြေတွေ ရှိနေတာပေါ့။ အကယ်၍ ကျနော်က ဒီကောင်မလေးကိစ္စကို အားတက်သရော ထဲထဲ ၀င်ဝင် ကူညီနေရင်တော့ ကျနော့်အမျိုးသမီးက ညိုညင်တာမျိုး၊ အထင်လွဲတာမျိုးလည်း ခံရနိုင်တယ်။ သိပ်စိတ်ဝင် စားနေ တယ်ဆိုတာမျိုးလည်း ထင်ခံရပြီး လင်မယားချင်းတောင် စကားများနိုင်သပေါ့။ နောက်ပြီး ကျနော်က ဒီဒေသမှာ နေထိုင်တယ် ဆိုပေမယ့် ဧည့်သည်သွား၊ ဧည့်သည်လာ ပုံစံမျိုး၊ ကျနော်က တခုခု ဆက်လုပ်ရင် ကျနော်နဲ့ ရပ်ရွာက လူတွေနဲ့လည်း နားလည် မှုလွဲတာတွေ၊ ပဋိပက္ခတွေ ရှိလာနိုင်တယ်။ တွန်းတွန်းတိုက်တိုက် လုပ်ရတာမျိုးလည်း ရှိလာ နိုင်တယ်။ နောက်တော့ ကျနော် ကလည်း အခြားအလုပ်တွေ များပါတယ်၊ မအားလှပါဘူး။"

တကယ်တော့ ဒီလို ဆင်ခြေတွေကို ပါးစပ်က ထုတ်ပြောပြီး ကျနော့်မိတ်ဆွေ အမျိုးသမီးကို ပြန်မရှင်းပြ ဖြစ်ပါဘူး။ "အင်းလေ.. ကျနော်လည်း အခြားအလုပ်တွေများနေတာနဲ့ တခါတခါ ခဏတဖြုတ်တွေ့မိတာလောက်ပဲ ရှိပါတယ်။ တွေ့တုန်းတော့လည်း နိုင်သမျှ ကူညီသလောက်ပါပဲ.... " ဗလုံးဗထွေး ပြန်ပြောနေမိတယ်။

ကျနော်က အစပိုင်း ကိုယ့်ကိုယ်ကို ပြည်ပမှာ၊ အမေရိကန် လူနေမှုအဖွဲ့အစည်းမှာ၊ ခေတ်သစ် လူမှုဆက်ဆံ ပေါင်းသင်းပုံကြား မှာ အတော်အနေကြာလာတော့ အတန်တော့ ပြောင်းလဲမှုရှိလာတယ်လို့ ထင်ခဲ့မိတယ်။ အခုမှ ဟုတ်ပါရဲ့လားလို့ ပြန်စဉ်းစား နေမိတယ်။
ကျနော်လည်း သေတ္တာထဲက တွေးနေတုန်းပဲလား... ဗလုံးဗထွေး ဆက်တွေးနေမိတယ်။

ယောဟန်အောင်
အောက်တိုဘာ ၁၉၊ ၂၀၀၈။

Saturday, October 18, 2008

အရပ်ပျက်မကလေး

(၁)
ဒီဖြစ်ရပ်အကြောင်းကလေးက ကျနော့စိတ်ထဲ စွဲစွဲထင်ထင် ရှိနေတယ်။ တချိန်ချိန်တော့ အကြောင်းသင့်ရင် စာရေးဖြစ် မယ် တေးထားပေမယ့်လည်း မရေးဖြစ်ခဲ့ဘူး။ ဒါပေမယ့် အကြောင်းတိုက်ဆိုင်တော့ အခု စကားဝိုင်းမှာ ဒီဖြစ်ရပ်ကလေးကို ပြန်ပြော ပြမိတယ်။

စကားဝိုင်းက မထင်မှတ်ဘဲ စမိကြတယ်။ ဆယ်မီနာ အစည်းအဝေးတခုအပြီး ညစာစားပွဲဖြစ်ကြတယ်။ ချင်းမိုင်မြို့ တောင်ပေါ် မှာရှိတဲ့ စားသောက်ဆိုင်တခုမှာ အစည်းအဝေးကို ပျော်ပျော်ရွှင်ရွှင် ပိတ်ပွဲအနေနဲ့ သွားစားကြတာပဲ။ ၀ိုင်ကလေး တခွက် နှစ်ခွက်၊ ဘီယာလေး တခွက်နှစ်ခွက် အသောက်အစားကလေးလည်း ပါသပေါ့။ ထမင်းစားကြ စကား ပြောကြရင်း အကြောင်း အရာတည့်သူချင်း လေရှည်ဖြစ်ကြတယ်။ ကျနော့်မိတ်ဆွေ အမျိုးသမီးက မြန်မာပြည် အဲန်ဂျီအို လောကမှာ အမျိုးသမီး ပရောဂျက်တွေဆိုရင် စိစစ်အကဲဖြတ်ပေးရတာ၊ အကြံပေးရတာတွေ လုပ်ရလေ့ရှိတယ်။ အမျိုး သမီးရေးရာ ကိစ္စတွေဆိုရင် လည်း တက်တက်ကြွကြွ လုပ်နေသူတဦးပါ။ အခုလိုခေတ် နောက်ပိုင်းမှာကလည်း ဘာကိစ္စ လုပ်လုပ် ကျား-မတန်းတူရေး ပြောလာသလို၊ (gender streamlining) လို့ခေါ်တဲ့ အမျိုးသမီး-အမျိုးသား တန်းတူရေး ကိစ္စ ကို ထည့်သွင်းစဉ်းစားဖို့၊ ဘာ လုပ်လုပ် နေရာတကာမှာ အမျိုးသမီးတွေအရေးကို နေရာပေးစဉ်းစားဖို့ ဆိုတာမျိုး ပိုက်ဆံပေး တဲ့ အလှူရှင်တွေကရော တိုက်တွန်းကြ၊ အကောင်အထည်ဖော်သူ အဲန်ဂျီအိုတွေကပါ လိုက်လုပ်ကြရတဲ့ အခြေအနေဖြစ် လာခဲ့တယ်။

ဒီလိုနဲ့ စကားတွေက တောင်ရောက်၊ မြောက်ရောက်၊ အမျိုးသမီးတန်းတူအခွင့်အရေး ကိစ္စတွေပါသလို၊ မြန်မာ့ လူမှုအဖွဲ့ အစည်းအပေါ် ဘယ်လိုမြင်ကြသလဲ စသဖြင့် ရှည်ရှည်ဝေးဝေး ပြောဆိုဖြစ်ကြတယ်။

ရာသီဥတုကလည်း သီတင်းကျွတ်ပြီးစ မိုးအကုန် ဆောင်းဝင်လာတယ် ဆိုပေမယ့် ပူနေတုန်းပဲ။ သစ်ရွက်ကြွေ မာခေါက် ခေါက် တွေ မြေပြင်ပေါ် ရှပ်ပြေးနေသံလည်း ကြားနေရတယ်။ အစုအစုလိုက် စကားဝိုင်းတွေ ဖြစ်နေကြတာ ကျနော်တချက် လှည့် ကြည့်မိတယ်။ ကျနော်တို့ ကိုယ်တိုင် အတော်ပြောင်းလဲသွားကြတယ်လို့ သတိထားမိလိုက်တယ်။ တကယ်တော့ လည်း သူ့ရေ၊ သူမြေနဲ့ ကြီးပြင်းဖြတ်သန်းမှုအရ ပြောင်းလဲသွားကြတာတော့ မဆန်းလှပါဘူး။ အခုဆိုရင် စဉ်းစားကြည့်လေ .. မြန်မာနိုင်ငံ အရေး ဘယ်လိုကောင်းအောင် လုပ်ကြမလဲ ဆွေးနွေးတာကိုက ထိုင်းနိုင်ငံ၊ ချင်းမိုင်လို နေရာမျိုးမှာ ဖြစ်နေ ကြရတယ်။ မြန်မာ ပြည်သူတွေက သူတို့အရေးကို ဒီမှာ ခေါင်းခြောက်ခံ စဉ်းစားပေးနေတာကို သိကြမှာ မဟုတ်သလို၊ ကျေးဇူးတင်ဖို့ဆိုတာ ဝေ လာဝေးတော့မယ်။ တခါ အဖွဲ့အစည်းတွေရဲ့ ကြီးပြင်းဖွံ့ဖြိုးပုံကလည်း အနောက်တိုင်းဆန်လာ တယ်။ ဂလိုဘယ်လိုက်ဇေးရှင်းပဲ ပြောရမှာပ။ ကျနော်တို့ အဖွဲ့အစည်းတွေက နှစ်ကုန်လို့ မျက်နှာစုံညီ ဆွေးနွေးစရာရှိလာ ရင် retreat လုပ်လာကြတယ်။ အရင် လို နှစ်ပတ်လည် ညီလာခံတွေမဟုတ်။ တောတောင်ရိပ်သာယာတဲ့ ပျော်ပွဲစားဖွယ် အပန်းဖြေဖွယ်ကောင်းတဲ့ အရပ်တခုမှာ နားအေးပါးအေး အနားယူလို့ ဦးဏှောက်မုန်တိုင်းဆင်ကြတယ်။ ရှေ့ဗျူဟာဆွဲကြ တယ်။ ရေကူးရင်းလည်း စကားစမြီ တောင်တောင်အီအီ သူ့အကြောင်း ကိုယ့်အကြောင်း ဖလှယ်ကြတာလည်း ပါတာပေါ့။ နောက်တော့ ထမင်းစားပွဲတွေမှာလည်း ၀ိုင်ခွက်လေး တဆဆ၊ ဘီယာခွက်ကလေး တမမနဲ့ သံတမာန်ဂိုက် ဖမ်းတတ်လာ တယ်။ အခုလည်း ဒီလိုအစည်းအဝေး retreat တခုအပြီးမှာ ဖြစ်လာတဲ့ အလွတ်သဘော စကားဝိုင်းပါ။

လူတွေက သူသန်ရာ သန်ရာ ပြောနေကြလေရဲ့။ အစားအစာတွေ ကောင်းသလို၊ ၀ိုင်ကလေး ဘီယာကလေးကလည်း အာကို သွက်လာစေတယ်။ အခု ဆိုင်က အစားအစာ နာမည်ကြီးသလို လှပတယ်။ မြန်မာပြည်က ဘုရားတန်ဆောင်းတွေ ပုံစံမျိုး ကနုတ် ပန်းခက်တွေ၊ ရွှေပိန်းချတိုင်တွေ၊ ပြာသာဒ်တွေနဲ့ တောင်ကုန်းကလေးတခုအပေါ်မှာ ဆောက်ထားတာ။

စားသောက်ဆိုင်ထက် မသိရင် ဘုရားစောင်းတန်းလိုလို၊ ဘုရင့်နန်းတော်လိုလိုနဲ့ ပိုတူနေတယ်။ ဆိုင်ရောက်စမှာ ကျနော် တို့က ပြောဖြစ်ကြသေးတယ်။ မြန်မာပြည်မှာ ဒီဆိုင်လိုမျိုး ဆောက်ခွင့်ရဖို့တောင် ခပ်ခက်ခက်ရယ်လို့ ဆိုမိကြတယ်။ ဒီလို သာ ဆောက်မယ်ဆိုရင် ခွင့်ပြုချက်ယူလိုက်ကြရမယ့် ဖြစ်ခြင်း။ သာသနာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဌာနက စသဖြင့် ခွင့်ပြုချက် ရယူရဖို့တောင် ရှိနိုင်သလို၊ ဆောက်ခွင့်ရဖို့ ဖြစ်ချင်မှတောင် ဖြစ်လိမ့်မယ်။ အခုလို ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာတော့ ဒီလိုနေရာမျိုးဟာ နိုင်ငံခြား ခရီးသွားတွေအတွက် အဆန်းတပြား ရင်သပ်ရှုမော ဖြစ်နေစေတော့တယ်။

ချင်းမိုင်ကို ပတ်လည်ဝိုင်းထားတဲ့ တောင်တန်းကြီးပေါ်မှာကလည်း အခုလို လှပတဲ့ တည်းခိုခန်းတွေ၊ အပန်းဖြေစရာ နေရာ တွေက အပြည့်ဖြစ်နေတယ်။ ရှမ်းရိုးရာဗိသုကာဟန် (ထိုင်းမှာတော့ လန်းနယဉ်ကျေးမှုဟန်) နဲ့ ခေတ်သစ် ဗိသုကာပညာ ကို ပေါင်းစပ်လို့ ဆောက်ထားတဲ့ အဆောက်အဦတွေက ပုံစံဒီဇိုင်းအရ၊ အနုပညာအရ အံ့မခန်းရှိလှတယ်။ ထူးခြားတယ်လို့ ဆိုနိုင် တာက ချင်းမိုင်က ခေတ်ပေါ်မြို့ပြ ဖြစ်လာချိန်မှာ၊ တခဏထွက်လိုက်ရင် ရောက်လာတဲ့ တောင်ပေါ်စခန်းတွေက တောရိပ် တောင်ရိပ်၊ သဘာဝဓါတ်ကို ချက်ချင်းရစေတယ်။ မန္တလေးက တခဏထွက်ရင်ရောက်တဲ့ မန္တလေးတောင်မှာက ဘာဖြစ်လို့ သည်လို မဖြစ်ရတာလဲ၊ ကျနော်အဖြေမရှိသလို၊ ကျန်တဲ့သူတွေလည်း အဖြေမရှိကြဘူး။

တကယ်တော့ နိုင်ငံချင်း နယ်နိမိတ်နီးသော်လည်း စဉ်းစားပုံ၊ ယဉ်ကျေးမှု၊ ဖြတ်သန်းပုံက ကွာလာကြတယ်။ ကျနော်တို့ အပါ အ၀င်ပေါ့။

ပြောနေကြရင်း စကားဝိုင်းမှာ ကျနော်က သိချင်တာ စူးစမ်းသူလို ဖြစ်လာခဲ့တယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေက အမှန် တကယ် အခွင့်အရေး ဆုံးရှုံးနေပါသလား။ ဒါမှမဟုတ်ရင် စစ်အစိုးရ ပြောနေသလို မြန်မာအမျိုးသမီးတွေဟာ ထုံးတမ်းစဉ် လာအရကို အခွင့်အရေး အပြည့်အ၀ ရရှိထားကြတဲ့သူတွေလား။ ဒီနေ့ ပြည်ပမှာရှိနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ပြော နေကြတာက သိပ်အနောက်တိုင်း ဆန်လွန်းနေသလား။ နိုင်ငံခြားက ပြောနေတာကို ဘာသာပြန် ပုံတူကူး ပြောနေတာ မျိုး ဖြစ်နေသလား။ စသဖြင့် မေးခွန်းတွေရှည်နေမိတယ်။

"ဒါကတော့ ဆရာရယ်... လူ့အခွင့်အရေးဆိုတာတောင်မှ မရှိတဲ့ ကျမတို့ နိုင်ငံမှာ အမျိုးသမီးအခွင့်အရေး ဆိုတာလည်း အတူ တူပါပဲ။ ဘယ်မှာ ရှိပါ့မလဲ" လို့ သူက ပြန်ဖြေပါတယ်။ ကျနော်က သူ့ကို လေးစားသမှုနဲ့ ဆရာမလို့ ခေါ်သလို သူက လည်း ကျနော့်ကို ဆရာလို့ ပြန်ခေါ်တယ်။ တက္ကသိုလ်တခုနဲ့ ပူးပေါင်းလုပ်နေတဲ့ ကျနော်တို့ အလုပ်သဘောသဘာဝ ကြောင့် သည်လိုခေါ်တာလည်း ဖြစ်နိုင်လေရဲ့။ ဆက်ပြောဖြစ်ကြတဲ့ မိုက်ကယ် ကော့မင်း (Michael Kaufman) ရဲ့ ပီ ၇ လုံး (7 Ps) ကိစ္စတွေလည်း ရောက်လာတယ်။ သဘောကတော့ အိမ်တွင်း အကြမ်း ဖက်မှုမှာ ယောက်ျားတွေသာယာနေတဲ့ အကြမ်းဖက်မှု က ဘယ်က မြစ်ဖျားခံလာသလဲ စူးစမ်းကြည့်ထားတဲ့ ကိစ္စတွေပါ။ ဖခင်ကြီးစိုးမှုအာဏာ (patriarchy power) လိုမျိုးကနေ အခွင့်ထူးခံလိုစိတ် (previlege)၊ အတိတ်အတွေ့အကြုံ (past experiences) စသဖြင့် ဇာစ်မြစ်တွေကို မိုက်ကယ် ကော့ဖ်မင်း ဆိုသူက ဆန်းစစ်ကြည့်ထားတယ်။

ဒီလိုနဲ့ ကျနော့်စိတ်ထဲ စွဲစွဲထင်ထင်ရှိနေတဲ့ ဖြစ်ရပ်ကလေးကို ပြန်ပြောပြမိတယ်။

(၂)

ကျနော် နေတဲ့အရပ်က မိန်းကလေးတယောက် အကြောင်းပဲ။
ကျနော်နေတဲ့ အရပ်ရဲ့ ထူးခြားချက်ကိုလည်း ထည့်သွင်းပြောမှ ပို ပြည့်စုံလိမ့်မယ်။ ကျနော်က ထိုင်း-မြန်မာ နယ်စပ်က မြို့ ကလေးတခုမှာ နေတယ်။ အိမ်ထောင်ကျတယ်။ ထိုင်း-မြန်မာနယ်စပ်က ဒေသတွေရဲ့ ဖြစ်တည်ပုံအတိုင်း နေထိုင်ကြတဲ့သူ တွေက မြန်မာနိုင်ငံဖက်က တချိန်က ရွှေ့ပြောင်းအခြေချလာတဲ့သူတွေ၊ လတ်တလော အခြေချလာသူတွေ၊ ရေကြည်ရာ မြက်နုရာ ရှာလာကြသူတွေ များတယ်။ ထိုင်းလူမျိုးဆိုတာက အုပ်ချုပ်ရေးအာဏာပိုင်ပိုင်းလောက်ပဲ ရှိတတ်ကြတယ်။ ပြောရရင် ဓလေ့စရိုက်တွေကလည်း ကျနော်တို့ လူမှုအဖွဲ့အစည်းနဲ့ အတော်တူတယ် ပြောရလိမ့်မယ်။ ထိုင်းတီဗွီဇာတ်လမ်း တွေကို စွဲစွဲလမ်းလမ်းကြည့်တာရယ်၊ နောက်ပေါက် ကလေးတွေက ထိုင်းစကားပြော၊ ထိုင်းတယောက်လို နေထိုင်ကြတာရယ် လောက်တော့ ကွာလာကြတယ်။ လမ်းမလျှောက်ချင်ပဲ တနေရာရာဆိုရင် မော်တော်ဆိုင်ကယ်နဲ့ သွားချင်တာ၊ မီး မလာရင် မနေတတ်တာမျိုးတော့ ကွာလာတယ်။

ဒီမြို့ကလေးမှာ လူတွေက မြန်မာနိုင်ငံမှာလိုပဲ ဟင်းနီနီတွေ ချက်စားကြတယ်။
ပုဆိုး၊ ထမီဝတ်သွားလာကြတယ်။ ချဲတွက်ကြပြီး ချဲလောင်းသလို၊ ဘော်လုံးပွဲလည်း အကြီးအကျယ်လောင်းကြတယ်။ ဘုရားအကျယ်ကြီး အော်ပြီး ရှိခိုးကြသူတွေလည်း ရှိတယ်။ ရပ်ရွာသာရေး နာရေးပွဲတွေကလည်း မြန်မာပြည်နဲ့ သိပ်မခြား လှ ဘူး။ မော်တော်ဆိုင်ကယ်ကို အသံတ၀ီးဝီး အကျယ်ကြီးဖြစ်အောင် စက်ကိုညှစ်လို့ စီးတတ်တဲ့ လူငယ်တွေလည်း ရှိတယ်။
ရွာအရှေ့နဲ့ အနောက် လူငယ်တွေကလည်း တခါတလေ ရိုက်ပွဲဖြစ်တာတွေ ရှိကြပြန်တယ်။
ဦးဇင်းနဲ့ ရွာက အမျိုးသမီးတဦး သမီးရည်းစား ဖြစ်နေတာကိုလည်း မသိချင်ယောင်ဆောင်ပြီး နေတတ်ကြတဲ့ ရွာသားတွေ လည်း ရှိတယ်။

ဒါပေမယ့် သူတို့က မြန်မာနိုင်ငံကနေ ခွဲလာပြီးနေရတဲ့အခါကျတော့ လူမျိုးရေးအစွဲကလည်း သန်လွန်းလှတယ်။ သူတို့ အုပ်စုရဲ့ မျိုးရိုးဇာတိဂုဏ်၊ ယဉ်ကျေးမှု၊ ခေတ်စကားနဲ့ပြောရင်တော့ identity ကို အတတ်နိုင်ဆုံး ထိန်းနေတာလည်း ဖြစ်နိုင် သပေါ့။ ကျနော့်ကိုလည်း တခါတလေ "ဦးဗမာ" လို့ လူမျိုးခွဲလို့ ခေါ်တတ်ကြပြန်တယ်။

ကျနော့် အိုင်ဒင်တီတီ Identity က ဘာဖြစ်ပါသလဲ။ ဒါဟာလည်း ပြောင်းလဲတတ်တဲ့ သဘာဝရှိတာကို ကျနော်တွေ့နေရ ပြန် တယ်။ ကျနော်က မြန်မာနိုင်ငံက ထွက်လာတာကြာပြီ၊ မြန်မာလူမျိုးလို့ ခံယူထားတုန်းပဲ။ တခါတလေ ကျနော်က မြန်မာလို့ ကျယ်ကျယ်လောင်လောင် ခံယူတဲ့အခါ ရှိသလို၊ တခါတလေ မြန်မာတွေကို နှိမ်ချင်လွန်းသူတွေ ရှေ့မှာကျတော့ လည်း ကျနော်နိုင်ငံရေးခိုလှုံခွင့် ယူထားတဲ့ "အမေရိကန်က လာတာ" ဆိုတာမျိုး ပြောပြီး ပြန်ဒိုင်းလွှားကာမိပြန်တယ်။ ထိုင်းအစား အသောက်နဲ့ သူတို့ရဲ့ အချို့ဓလေ့ထုံးတမ်းလေးတွေကို သဘောကျမိပေမယ့်လည်း ကျနော်တို့က ထိုင်းမဖြစ်နိုင် ပြန်ဘူး။ ဒီနိုင်ငံမှာ မြန်မာပြည်ပြန်ဖို့ စောင့်ရင်း "အမြဲတမ်းဧည့်သည်ကြီး" တွေ ဖြစ်နေကြရပြန်တယ်။ ဒီလိုနဲ့ အမေရိကန်ကို ပြန်လိုက်၊ အလုပ်အတွက် ထိုင်းနိုင်ငံမှာ လာနေလိုက်၊ ကူးချည်သန်းချည်။ ဒါကြောင့်လည်း ဒီကောင်မကလေးအကြောင်း ကို အရင်က ကျနော် သတိမထားမိခဲ့တာ ဖြစ်မယ်။

" အစ်ကို... ခဏ ရပ်"
တနေ့မှာ ကျနော့်အမျိုးသမီးက တနေရာသွားတုန်း ကားခဏရပ်ဖို့ ပြောလာတယ်။ "သနားပါတယ်..." သူက ဆက်ပြော လာတယ်။ ခဏနေတော့ ကားပေါ်ကဆင်းပြီး အမျိုးသမီးငယ်တယောက်ဆီကို လျှောက်သွားတာ မြင်ရတယ်။ ပြီးတော့ ပိုက်ဆံ တရာလား၊ နှစ်ရာလား မသိဘူး ပေးတယ်။

အမျိုးသမီးငယ်က ဖြူဖြူ ကြည့်လို့ကောင်းတဲ့ ရုပ်ရည်မျိုးပါပဲ၊ မျက်နှာကတော့ ခပ်နွမ်းနွမ်းရှိတယ်။ ကလေးတယောက် လည်း သူနဲ့အတူ တွေ့ရတယ်။ ကျနော်ကတော့ အင်းလေ... သူ့ကိစ္စ သူရှိမှာပေါ့ ဆိုတာမျိုးပဲ သဘောထားမိပါတယ်။
နောက်တော့ ပြန်လာတော့မှ ဒီမိန်းကလေးအကြောင်းကို မိန်းမက ပြောပြလာတယ်။

ဒီမိန်းကလေးက အရင်က မြို့ကလေးမှာရှိတဲ့ မြို့လယ်ဟော်တယ်တခုမှာ အလုပ်လုပ်တယ်လို့ သိရတယ်။ စားပွဲထိုးလည်း ဖြစ် ချင်ဖြစ်မယ်။ သို့မဟုတ် အခန်းသန့်ရှင်းရေးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ တနေ့မှာ မြို့ကလေးကို လာလည်တဲ့ နိုင်ငံခြားသား တယောက်နဲ့ ညိစွန်း မိကြတယ်။ ငွေပေးဆက်ဆံတာမျိုး ဖြစ်နိုင်သလို၊ တညတာ လွန်ကျူးကြတဲ့ ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကပဲ သူ့ဘ၀ကို ဇောက်ထိုးပြောင်းပြန် ပြောင်းသွားစေခဲ့တယ်။ နောက်တော့ ကိုယ်ဝန်ရှိလာခဲ့တယ်။ ချုပ်ရရင်တော့ ကလေးတယောက် မွေးလာခဲ့တယ်။

ကလေးက လူမဲကလေးဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ ဟော်တယ်က သူအလုပ်ပြုတ်တယ်။ ကလေးတယောက်နဲ့ သူ့ဘ၀ကို သူ့ဖာသာ ကျောင်းရဖို့ ဖြစ်လာတော့တယ်။ တကယ်တော့ ကလေးအဖေက သိချင်မှတောင် သိပါလိမ့်မယ်။ တညတာ ကိစ္စဖြေရှင်းလိုက် တာမျိုးလည်း ဖြစ်နိုင်သလို၊ ပြီးပြီးပျောက်ပျောက် အပျော်သွား စိတ်ဖြေတဲ့ကိစ္စမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိန်း ကလေးအတွက် ကိစ္စက မပြီးမစီးနိုင် ဖြစ်လာရတယ်။

ရွာကလေးထဲမှာ မျက်နှာငယ်ရတယ်။ လူတိုင်းက နှိမ်ချင်ကြတယ်။ ဆေးဖော်ကြောဖက် မလုပ်ချင်သလို ဖြစ်လာတယ်။ အလုပ် ရဖို့လည်း ခက်လာခဲ့တယ်။ ကလေးက လူမဲကလေးဆိုတော့ အမေကိုယ်၌က ပျက်စီးဖောက်ပြန်နေလို့ ဆိုတာမျိုး လူတွေက သဘောထားကြတယ်။

ကျနော်တွေ့တော့ ကလေးက အခါလည်သားကလေးပဲ ရှိလိမ့်ဦးမယ်။ ကျနော့်အမျိုးသမီးက ကလေးကို သနားသလို၊ အမျိုး သမီးငယ်ကိုလည်း အမျိုးသမီးချင်း ကိုယ်ချင်းစာ သနားပုံရပါတယ်။ ကျနော် ဆက်ကြားရတဲ့ ဇာတ်လမ်းကလည်း ရင်နင့်စရာ ကောင်းလှတယ်။ ဒီလိုနဲ့ ကောင်မလေးက ရွာထဲမှာ အရပ်ပျက်မလေးလို ဖြစ်လာတယ်။ လူတွေက အနိုင်ကျင့်ကြတယ်။

သူနေတဲ့ ကွက်သစ်က အိမ်ကလေးကို ညညဆိုရင် ကျောရရုံကြံချင်တဲ့ လူတွေရောက်လာတတ်တယ် ဆိုတယ်။ သူ့အဖို့ ည တွေဟာ မှောင်အတိပြီးနေခဲ့မှာပေါ့။ ခြောက်အိပ်မက်တွေ ကြီးစိုးနေခဲ့မှာပေါ့။ အသားမဲတဲ့၊ ဆံပင်ကောက်တဲ့ ကလေး ငယ်က ညညဆိုရင် ကြောက်ပြီး ငိုနေမှာလား။ ကျနော် မသိနိုင်ဘူး။

"လူတွေက ဆိုးတယ်။" ကျနော့် မိန်းမက ကောင်မလေးအကြောင်း ပြောပြတယ်။
"ညညဆို ကောင်မလေးကို လာအိပ်ကြတယ်။ ပိုက်ဆံ ၁၀၊ ၂၀ ပေးသွားတဲ့လူလည်း ရှိတယ်။ ပိုက်ဆံ မပေးဘဲ ဒီအတိုင်း လာ အိပ် အနိုင်ကျင့်တဲ့သူလည်း ရှိတယ်။ အုပ်စုလိုက်လာတဲ့သူတွေလည်း ရှိတယ်"

" ရွာလူကြီးတွေက ကာကွယ်မပေးဖူးလား။ ကျန်တဲ့ သူတွေကရော သည်အတိုင်း ကြည့်နေကြတာလား။" ကျနော်က မေး မိတယ်။

ဆက်လက်ဖော်ပြပါမည်။ မျှော်.......

Sunday, October 12, 2008

တောက်မယ့်မီးခဲ တရဲရဲ

ကျနော်က ကိုယ့်ကိုယ်ကို ဓါတ်ပုံရိုက် သိပ်မဆိုးဖူးလို့ ထင်သား။ ဒါနဲ့ မိတ်ဆွေတေကို ဓါတ်ပုံတွေပြပြကြွားပြီး "ကြည့်လေ.. တောက်မယ့် မီးခဲ တရဲရဲ" လို့ ကြွားရတယ်။ ဒါပေမယ့် သူတို့က အားပေးကြပါတယ်။ ဒီအသက်ဒီအရွယ်တောင် မတောက် သေးဖူးဆိုတော့ တောက်တော့မှာ မဟုတ်ပါဘူးတဲ့။ တချို့ကလည်း ပုံ တသောင်းရိုက်တာ တပုံတလေတော့ ကောင်းမှာပေါ့ တဲ့။ အားပေးပုံ ပြောပါတယ်။ ဒါပေမယ့် ကျနော်ရိုက်ထားတဲ့ပုံကလေး တချို့ကို ဝေငှလိုက်ပါတယ်။ ကိုယ်ကတော့ ထူးခြား တယ် ထင်တာပေါ့လေ။

ဘုန်းကြီးများ

ဒီပုံရိုက်တော့ ကင်မရာက လှုပ်သွားလို့ ဒီပုံမျိုး ထွက်လာတယ်။ နည်းနည်းတော့ effect ပြင်ထားတယ်။



ထီးများ




ထိုင်းနိုင်ငံ ချာအမ်း (Cha-Am) ကမ်းခြေမှာ ရိုက်ထားတာ။ ပင်လယ်ကမ်းခြေ အပန်းဖြေတဲ့ နေရာမှာ စီထားတဲ့ ထီးတွေကို ကြည့်ရတာ ကဗျာဆန်လာတာနဲ့ ရိုက်ထားပါတယ်။



အိမ်ကြိုအိမ်ကြား

ဒီပုံကတော့ ဘန်ကောက်မှာ တည်းခိုခန်းတခုကနေ မြင်ရတဲ့ထောင့်ချိုးတွေ၊ အထပ်တွေ၊ ရေပိုက်တွေကို ရိုက်ထားတာပါ။ effect နည်းနည်း ပြင်ထားပါတယ်။





မြက်ရေ
မျက်ရည် မဟုတ်ပါဘူး။ မြက်ဖျားကလေးပေါ်မှာ နံနက်အေးအေးသီးနေတဲ့ မြက်ရေတွေကို တွေ့တော့ ရိုက်ထားမိတယ်။


မြို့ကလေး

သည်မြို့က ထိုင်းနိုင်ငံက သုမ်ဖာဖုံလို့ခေါ်တဲ့ မြို့ကလေးပါ။ သည်ဓါတ်ပုံကို ကျနော်သဘောကျတာက တပုံထဲမှာ အကုန်ပါ သလိုဖြစ်နေတယ်။ ဆိုင်းပုတ်တွေ၊ ဈေး၊ ရဲကား၊ ဘုရား၊ တောင်၊ လမ်း... စသဖြင့်ပေါ့။


မြို့ကြီး

သည်ပုံက ချင်းမိုင်မြို့မှာ ရိုက်ထားတယ်။ မြို့ကြီးကို တည်နေတုန်း၊ တိုးတက်မှုလို့ ပြောရင်ရသလို၊ ကားကြော်ငြာပုံက မိုးပေါ်ပျံ လို့။ ကြည့်လိုက်ရင် သာယာတဲ့ တောင်နောက်ခံမှာတောင် ဆောက်လက်စ သံတိုင်တွေက အရိုးပြိုင်းပြိုင်း။ သည်လိုနဲ့လည်း သည်ပုံကို ကျနော် သဘောကျမိတယ်။


ရှိသေးတာပေါ့။ ကျန်တဲ့ပုံတွေလေ.. တောက်မဲ့မီးခဲ တရဲရဲဟာကို..။

ယောဟန်အောင်

Saturday, October 11, 2008

သူအိုသူနာတို့ရဲ့ ခိုလှုံရာ

ကျောင်းသင်ခမ်းအကြောင်းရေးပြီးတော့ သူအို၊ သူနာအကြောင်းရေးတော့ နမိတ်ကြီးလေးပါးကို ဆက်ရေးတော့မယ်လို့ အများက ထင်တော့မယ်။ မဟုတ်ရပါဘူး။ ကျနော်နေတဲ့ ဒေသအနီးက ဆရာမကြီးပေါလုလုရဲ့ ခိုလှုံရာအိမ်ကလေး အကြောင်း ကို မိတ်ဆက်ပေးချင်လို့ပါ။ သူ့အကြောင်းကိုပဲ ကိုကျော်စွာမိုးက ဧရာဝတီ အွန်လိုင်း မြန်မာစာမျက်နှာမှာ "မေတ္တာရိပ်မြုံ" လို့ တင်စား ခေါ်ဝေါ်ခဲ့သေးတယ်။ ဆရာမကြီးပေါလုလုကတော့ သူ့ခိုလှုံရာဂေဟာကလေးကို လွယ်လွယ် ပါပဲ။ Safe House (ခိုလှုံရာအိမ်) လို့ပဲ ခေါ်ဝေါ်နေတယ်။

တရက်မှာတော့ ကျနော်တို့က ဆရာမကြီးပေါလုလုဖွင့်ထားတဲ့ safe house ကို ရောက်သွားကြတယ်။ သူ့နေရာက ထိုင်း နိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခရပူရီမြို့နယ်ထဲက ဟွေးမလိုင်ဆိုတဲ့ ရွာကလေးမှာရှိတယ်။ စံခရပူရီဆိုတာကလည်း မြန်မာနိုင်ငံ နယ်စပ် ဘုရားသုံးဆူမြို့နဲ့ နီးတယ်။ ကီလိုမီတာ ၂၀ ပျော့ပျော့လောက်ပဲ ရှိမယ်။ ဒီနယ်စပ်မှာနေရင်း ဒုက္ခရောက်နေသူတွေကို ဆရာမ ကြီး ပေါလုလုက ကြည့်မနေနိုင်တော့တာနဲ့ နောက်ဆုံး ၁၉၉၃ ခုနှစ်မှာ အခု safe house ကလေးကို ဖွင့်ဖြစ် တယ်လို့ ပြောပြ တယ်။

သူ့နေရာက နယ်စပ်နားက ရွာကလေးတခုမှာပါ။ ကံကောင်းထောက်မတာက ခရစ်ယန်ကုသိုလ်ဖြစ်ဆေးရုံတခုဖြစ်တဲ့ ကွေးမြစ် ခရစ်ယန်ဆေးရုံ (River Kwai Christian Hospital) နဲ့ နီးတာပါပဲ။ သူ့အိမ်က ပုံမကျ ပန်းမကျ တိုးချဲ့ချင်သလို တိုးချဲ့ ထားတဲ့ အိမ်ကြီးပဲ။ တောင်စောင်းတခုဘေးမှာ တည်ထားတယ်။ ခြံကျယ်သလောက် အိမ်ကလေးတွေကို ထပ်ထပ် တိုးချဲ့ ဆောက်ထားရပုံလည်း ရတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲတခုမှာ ဆုတောင်းနေတဲ့ ဆရာမကြီး ပေါလုလု

ဆရာမကြီးပေါလုလု အကြောင်းပြောရဦးမယ်။ ထိုင်း-မြန်မာ နယ်စပ်မှာတော့ ဒေါက်တာစင်သီယာမောင် ဆေးခန်းက နာမည်ကျော်လှတယ်။ ဆရာမဒေါက်တာစင်သီယာမောင်ရဲ့ မေတ္တာကြီးမားပုံတွေကိုလည်း လူတွေက ချီးမွမ်းပြောဆိုနေကြ တာ ကြားပြီးရော့မယ်။ သို့ပေမယ့် ဆရာမကြီးပေါလုလုရဲ့ မေတ္တာအင်အားကလည်း ဒေါက်တာစင်သီယာမောင်လောက် နာမည် မကြီးပေမယ့် မေတ္တာကတော့ မသေးလှဘူးလို့ ကျနော်က ပြောလိုတယ်။ သို့ပေမယ့်လည်း သူ့မေတ္တာကို အသိ အမှတ်ပြုကြတဲ့ သူတွေတော့ ရှိသေးတယ်လို့ ဆိုရပါလိမ့်မယ်။ ၂၀၀၅ ခုနှစ်မှာ နိုင်ငံတကာအဖွဲ့အစည်းတခုက ကမ္ဘာပေါ် က အမျိုးသမီး (၁၀၀၀) ကို သူတို့လုပ်ဆောင်နေတဲ့ မေတ္တာလုပ်ငန်းတွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုတင်သွင်းတော့ ဆရာမကြီး ပေါလုလုဟာလည်း မြန်မာနိုင်ငံက နာမည်တင်သွင်းခံရသူ အမျိုးသမီး ၄ ယောက်အနက်က တယောက်ပါ။

ကျနော်တို့ရောက်သွားတော့ ဆရာမကြီးက နွမ်းလျလျနဲ့ ထွက်တွေ့တယ်။ ကျမက သွေးတိုးနေလို့ အပေါ်တက်ပြီး ခဏ လှည်းနေတာလို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကို ဧည့်ခံစကားပြောရ၊ သူ့ဂေဟာကလေးကို လိုက်ပြရပြန်တယ်။ သူ ကိုယ်တိုင်က မမောမပန်းတန်းလုပ်နေရပေမယ့် ဆရာမကြီးက အသက် ၅၈ နှစ် ရှိနေပါပြီ။

သူ့ဇာတိနောက်ကြောင်းကို ပြောပြတယ်။ သူက တောင်ငူဖက်က ဇာတိ။ ကရင်လူမျိုးပါ။ ၁၉၇၆ ခုနှစ်မှာတော့ သူ့ဇာတိမြေ ကို စွန့်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) နဲ့ ပူးပေါင်းခဲ့တယ်။ ကေအဲန်ယူအဖွဲ့အစည်းထဲမှာ သူနာပြုတာဝန် လည်း ယူခဲ့ဖူးတယ်။ သူ့အမျိုးသားရေးအတွက် ဖြစ်နိုင်သလို၊ နိုင်ငံရေး လွတ်လပ်ခွင့်ရဖို့ တနည်းတဖုံ သူတတ်စွမ်း ကျွမ်းကျင် သလောက် ဆောင်ရွက်ခဲ့ပုံလည်း ရပါတယ်။ ကေအဲန်ယူအဖွဲ့အစည်းထဲမှာ ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်း ဆောင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ကေအဲန်ယူစခန်းတွေလည်းကျ၊ သူတို့လည်း ဒုက္ခသည်စခန်းထဲကိုရောက်၊ နောက် ပိုင်းမှာတော့ သူအခြေ ချနေထိုင်မိတဲ့ စံခရပူရီမြို့က ရွာကလေးမှာပဲ ဘ၀ကို ရိုးရိုးကုတ်ကုတ် ဖြတ်သန်းနေခဲ့တယ်။

အဆောင်တခုမှာ ခိုလှုံနေသူတွေ

ဒါပေမယ့် သူရဲ့ကြီးမားတဲ့ မေတ္တာအစွမ်းကြောင့်ပဲ ဆိုရမယ်။ ဒုက္ခရောက်နေတဲ့သူတွေကို သူ ကြည့်မနေနိုင်ဘူး။ ဒီလိုနဲ့ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံစားရလို့ ခိုကိုးရာမဲ့တဲ့သူတွေကို သူ့အိမ်မှာ ခိုလှုံစောင့်ရှောက်စေခဲ့တယ်။ နယ်စပ်မှာ လာလာသွန်တဲ့ (ထိုင်းနိုင်ငံထဲ တရားမ၀င် ခိုးဝင်ဖို့ကြိုးစားလို့ ဖမ်းခံရ၊ ပြီးတော့ နယ်စပ်မှာ အမှိုက်သွန်သလိုမျိုး လာသွန်ပစ်ခံရတဲ့) ဒုက္ခရောက်နေသူတွေကိုလည်း ယာယီဖြစ်စေ ခိုလှုံခွင့်ပေးထားခဲ့တယ်။ နောက်တော့ မိဘမဲ့ကလေး တွေ၊ စောင့်ရှောက်မယ့် သားထောက်သမီးခံ မရှိတဲ့ ဘိုးဘွားတွေရဲ့ ခိုလှုံရာလည်း ဖြစ်လာတယ်။ စိတ်မနှံ့လို့ ဘယ်သွား ဘယ်လာ ရမှန်း မသိတော့တဲ့သူတွေလည်း သူ့အိမ်မှာရှိနေတယ်။ ဒီလိုနဲ့ ဒုက္ခရောက်နေသူတွေ၊ သူအို သူနာတွေ ခိုလှုံရာ နေအိမ်ကြီး ဖြစ်လာခဲ့တယ်။

ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ လူနာ ၄၈ ဦး၊ သက်ကြီးရွယ်အို ၁၄ ဦး၊ မိဘမဲ့ ကလေးငယ် ၂၂ ဦး ရှိနေတယ်။ အဲသလို ဒုက္ခ ရောက်နေသူ လူ ၈၀ ကျော်နဲ့အတူ ဆရာမ၊ သူ့ယောက်ျား၊ ကလေးတွေ (အရေအတွက် ၄-၅ ဦးပဲ။ ကျနော် မမှတ်မိ တော့ဘူး) လည်း ဒီအိမ်ကြီးပေါ်မှာ အတူနေထိုင်နေကြတယ်။ သူတို့ရဲ့အပူတွေကို ယူထားတဲ့ ဆရာမနေရာမှာပဲ ၀င်ခံစားကြည့်ပါတော့။

လက်ယက် ယက်ကန်းရက်နေတဲ့ မိဘမဲ့ကလေးတဦး

ဒီလို ဒုက္ခသည်တွေ တရုန်းရုန်းနဲ့ နေလာခဲ့တာ ၁၅ နှစ်လောက် ရှိတော့မယ်။ ဒီကာလအတွင်း ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ လူနာ တွေက ၁၅၀၀ မက ရှိတော့မယ်။ အဲသည်အထဲမှာ အေအိုင်ဒီအက်စ် လူနာတွေကလည်း အများအပြား။ အေအိုင် ဒီအက်စ်နဲ့ ကွယ်လွန်သူတွေကလည်း အများအပြား။ ဆရာမကပြောတယ်။ သူတို့ သဂြိုင်္ဟ်ပေးရတဲ့ အေအိုင်ဒီအက်စ်နဲ့ ဆုံးတဲ့သူတွေ အရေအတွက်တောင် မမှတ်မိတော့ဘူး ဆိုတယ်။

ကျနော်တို့ အိမ်ကြီးထဲ လှည့်ကြည့်တော့ လူတွေက ကျနော်တို့ကို တခြားကမ္ဘာကလာသူတွေလို ကြည့်နေကြတယ်။ သူတို့ မျက်လုံး တွေဟာ မျှော်လင့်ချက်နဲ့ ၀င်းဝင်းတောက်နေတယ်။ ကလေးတွေကလည်း အိမ်ပေါ်မှာ ပြေးလွှားဆော့ကစားနေ တာကို ရပ်လို့ ကျနော်တို့ကို ကြည့်နေတယ်။ သူတို့တွေက စားလည်းသည်နေရာ၊ အိပ်လည်း သည်နေရာ၊ တွေ့နေရတာ လည်း သည်လူတွေချည်း ဖြစ်နေတော့ ကျနော်တို့က အထူးအဆန်းလို ဖြစ်နေလိမ့်မယ်။

ဆရာမကြီး မေတ္တာရိပ်အောက်မှာ စောင့်ရှောက်ထားတဲ့ သူတွေက ကရင်လူမျိုး၊ မွန်လူမျိုး၊ အခြားမြန်မာပြည်က တိုင်းရင်းသား တွေလည်း ရှိတယ်။ ဒါ့အပြင် ကမ်ဘောဒီးယားလူမျိုးတယောက်နဲ့ မလေးရှားတယောက်၊ တရုတ်တယောက်လည်း ရှိနေသေး တယ်။ သူတို့က နယ်စပ်မှာ လာသွန်ခံရတဲ့သူတွေ။ အိမ်ယာပြန်ဖို့ သံရုံးကို ပြန်ဆက်သွယ်ဖို့ကလည်း စိတ်မနှံ့ ကြတော့ ဘယ်ကိုသွား ဘယ်ကိုလာရမယ်မှန်း မသိကြတော့ဘူး။ ဒီမှာပဲ သောင်တင်နေတော့တယ်။ သူတို့ကို ကြည့်ရှုဖို့၊ စောင့်ရှောက်ဖို့၊ အသက်မွေးဝမ်းကျောင်း သင်တန်း (စက်ချုပ်တာမျိုး၊ ယက်ကန်းရက်တာမျိုး) တွေ သင်ပေးဖို့ ၀န်ထမ်း ပေါင်း ၁၈ ဦးလောက် က ၀ိုင်းလုပ်ပေးနေကြရတယ်။

ဆရာမကြီးက အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (အဲန်ဂျီအို) အချို့ဆီက အခြေခံရိက္ခာရလို့ တော်သေးတယ် ဆိုရမယ်။ ဆန်၊ ဆီ၊ ငါးပိမျိုးပေါ့။ ကျန်တဲ့ ဟင်းသီးဟင်းရွက်၊ ဟင်းစားတွေက ကြံဖန်ကြရတယ်။ အခြား ဘာသာရေး၊ လူမှုရေးအဖွဲ့အချို့ က လှူတာတွေလည်း ရပါတယ်။ ဒါပေမယ့်လည်း ကြည့်ရတာ ဆရာမကြီးက ရိုးရိုးအေးအေးဆိုတော့ ကိုယ့်လုပ်ငန်း၊ ကိုယ့် အဖွဲ့ကိုလည်း ကြေညာမနေဘူး။ ဘုရားပေးသလောက်ဆိုတာမျိုး ရသမျှနဲ့ ကျေနပ်ရောင့်ရဲ နိုင်သမျှကူညီ ဆိုတာမျိုး ဖြစ်နေ တယ်။ စက်ချုပ်တာ၊ ယက်ကန်းရက်တာမျိုးက အနည်းအကျဉ်း အပိုဝင်ငွေလေးတော့ ရနိုင်ပါတယ်။ လူနာတွေ အတွက် ကျန်းမာရေး၊ ဆေးဝါးကုသရေးတွေက River Kwai Christian Hospital ဆေးရုံက ကြည့်ပေးတယ်။

ဒါပေမယ့်လည်း လူ ၈၀ ကျော်ရဲ့ ၀န်ထုပ်ဝန်ပိုးကို ယူထားရတာကတော့ မသေးလှဘူး။ စိတ်ညစ်စရာတွေကလည်း အပြည့် ဖြစ်နေနိုင်တယ်။
"ကျမကတော့ သူတို့တတွေ ဒုက္ခရောက်နေတာကို ကြည့်မနေနိုင်ဘူး။ ကူထားရတာပါပဲ" ဒါပေမယ့် သူ့ခင်ပွန်းဖြစ်သူ သရာ (ဆရာ) နန်းဒို က ပါရမီ ဖြည့်ဖက် ဖြစ်နေရတယ်။ ဆရာမကြီး ပင်ပန်းလို့ သွားနားတော့ သူ့ခင်ပွန်းက ကျန်တဲ့ အဆောင်တွေကို လိုက်ပြတယ်။
" လူတွေ ထိန်းရတာလည်း မလွယ်လှဘူး။ မေတ္တာတရားနဲ့ပဲ ထိန်းပါတယ်။ တခါတလေလည်း ဆူတန်ဆူ၊ ရိုက်တန်ရိုက် မယ် လုပ်ရတာ ရှိတယ်" ဆရာမကြီးက ဒီ လူ ၈၀ အတွင်းက ဆက်ဆံရေး ကိစ္စတွေကို ရှင်းပြတယ်။

ကျနော်တို့ကို လိုက်လံရှင်းပြနေတဲ့ ဆရာမရဲ့ခင်ပွန်း သရာနန်းဒို

အချို့ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ လူနာတွေက ARV ဆေးသောက်ရတဲ့အခါ၊ အဟာရ ကောင်းကောင်း ပြန်ရတော့ ထူထူထောင် ထောင် ဖြစ်လာကြတယ်။ သွေးသား သောင်းကျန်းချင်တာလည်း ရှိလာတယ်။ ဂေဟာမှာ စိတ်မနှံ့လို့ ခိုလှုံနေတဲ့ အရူးမ တွေကို အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ ယောက်ျားက ကြံစည်ဖို့ ကြိုးစားတာတွေ၊ အချင်းချင်း ဗိုလ်ကျချင်တာတွေ၊ ကလေးတွေကို စောင့်ရှောက် နေရတဲ့ ကိစ္စတွေ ကျနော် တခဏတာအတွင်းမှာတောင် ပြဿနာတွေကို ကြည့်လို့ ကိုယ်ချင်းစာမိတယ်။

ကျောင်းနေအရွယ်ကလေးတွေကို ရောဂါပိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနီးက ထိုင်းကျောင်းကလေးမှာ ကျောင်း ထား ပေးထားသေးတယ်။ ကလေးတွေကို မြန်မာစာ၊ အင်္ဂလိပ်၊ ကရင်၊ မွန် စကားတွေလည်း သင်ပေးသေးတယ်။ သူတို့ တွေရဲ့ နောင်ရေးက ဘယ်လိုရှိမှာလဲ။ စဉ်းစားဖွယ်ပေါ့။ ခုလောလောဆယ်တော့ ဆရာမကြီးမေတ္တာရိပ်အောက်မှာ နွေးထွေး အေး ချမ်းစွာ ခိုလှုံနိုင်တာတော့ အမှန်ပါ။

အဆောင်တခုမှာ ခိုလှုံနေသူတွေ

သည် ဂေဟာက အပိုင်မဟုတ်သေးပေမယ့် မြေကို ငှားထားပြီး၊ တိုးချဲ့ဆောက် ဆောက်လာလိုက်တာ မြေကွက်လည်း ကုန် တော့မယ်။ ဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေ ရှိနေသေးတာတော့ အမှန်ပဲ။ သွပ်ပြားအောက်မှာ ပူပူလောင် လောင်ထဲမှာ လူပြွတ်သိပ်ပြီး နေနေကြရတယ်။ အ၀တ်အထည်၊ အစားအသောက်တွေလည်း လိုအပ်နေပုံရတယ်။ ၀ိုင်းဝန်း ကူညီနိုင်ကြ ရင်တော့ ကောင်းတာပေါ့။ ဒီလိုစေတနာနဲ့ပဲ ဒီဆောင်းပါးကို ရေးပါတယ်။

အိမ်နံရံတခုမှာ ရေးထားတဲ့ စိတ်ဓါတ်မြှင့်တင်ရေး ဘာသာရေးဆုတောင်း

ဆရာမကြီး ပေါလုလုကို ဆက်သွယ်ချင်ရင် ဖုန်းနံပါတ်က +၆၆- ၈၆-၁၇၀၇၃၁၃ ဖြစ်ပါတယ်။

ဧရာဝတီအွန်လိုင်း မဂ္ဂဇင်းက ကိုကျော်စွာမိုးရဲ့ ဆောင်းပါးကိုတော့ သည်နေရာမှာ ဖတ်နိုင်ပါတယ်။ http://www.irrawaddy.org/bur/ratha2007/May/ratha01.html

Recent Comments