Pages

Saturday, October 11, 2008

သူအိုသူနာတို့ရဲ့ ခိုလှုံရာ

ကျောင်းသင်ခမ်းအကြောင်းရေးပြီးတော့ သူအို၊ သူနာအကြောင်းရေးတော့ နမိတ်ကြီးလေးပါးကို ဆက်ရေးတော့မယ်လို့ အများက ထင်တော့မယ်။ မဟုတ်ရပါဘူး။ ကျနော်နေတဲ့ ဒေသအနီးက ဆရာမကြီးပေါလုလုရဲ့ ခိုလှုံရာအိမ်ကလေး အကြောင်း ကို မိတ်ဆက်ပေးချင်လို့ပါ။ သူ့အကြောင်းကိုပဲ ကိုကျော်စွာမိုးက ဧရာဝတီ အွန်လိုင်း မြန်မာစာမျက်နှာမှာ "မေတ္တာရိပ်မြုံ" လို့ တင်စား ခေါ်ဝေါ်ခဲ့သေးတယ်။ ဆရာမကြီးပေါလုလုကတော့ သူ့ခိုလှုံရာဂေဟာကလေးကို လွယ်လွယ် ပါပဲ။ Safe House (ခိုလှုံရာအိမ်) လို့ပဲ ခေါ်ဝေါ်နေတယ်။

တရက်မှာတော့ ကျနော်တို့က ဆရာမကြီးပေါလုလုဖွင့်ထားတဲ့ safe house ကို ရောက်သွားကြတယ်။ သူ့နေရာက ထိုင်း နိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခရပူရီမြို့နယ်ထဲက ဟွေးမလိုင်ဆိုတဲ့ ရွာကလေးမှာရှိတယ်။ စံခရပူရီဆိုတာကလည်း မြန်မာနိုင်ငံ နယ်စပ် ဘုရားသုံးဆူမြို့နဲ့ နီးတယ်။ ကီလိုမီတာ ၂၀ ပျော့ပျော့လောက်ပဲ ရှိမယ်။ ဒီနယ်စပ်မှာနေရင်း ဒုက္ခရောက်နေသူတွေကို ဆရာမ ကြီး ပေါလုလုက ကြည့်မနေနိုင်တော့တာနဲ့ နောက်ဆုံး ၁၉၉၃ ခုနှစ်မှာ အခု safe house ကလေးကို ဖွင့်ဖြစ် တယ်လို့ ပြောပြ တယ်။

သူ့နေရာက နယ်စပ်နားက ရွာကလေးတခုမှာပါ။ ကံကောင်းထောက်မတာက ခရစ်ယန်ကုသိုလ်ဖြစ်ဆေးရုံတခုဖြစ်တဲ့ ကွေးမြစ် ခရစ်ယန်ဆေးရုံ (River Kwai Christian Hospital) နဲ့ နီးတာပါပဲ။ သူ့အိမ်က ပုံမကျ ပန်းမကျ တိုးချဲ့ချင်သလို တိုးချဲ့ ထားတဲ့ အိမ်ကြီးပဲ။ တောင်စောင်းတခုဘေးမှာ တည်ထားတယ်။ ခြံကျယ်သလောက် အိမ်ကလေးတွေကို ထပ်ထပ် တိုးချဲ့ ဆောက်ထားရပုံလည်း ရတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲတခုမှာ ဆုတောင်းနေတဲ့ ဆရာမကြီး ပေါလုလု

ဆရာမကြီးပေါလုလု အကြောင်းပြောရဦးမယ်။ ထိုင်း-မြန်မာ နယ်စပ်မှာတော့ ဒေါက်တာစင်သီယာမောင် ဆေးခန်းက နာမည်ကျော်လှတယ်။ ဆရာမဒေါက်တာစင်သီယာမောင်ရဲ့ မေတ္တာကြီးမားပုံတွေကိုလည်း လူတွေက ချီးမွမ်းပြောဆိုနေကြ တာ ကြားပြီးရော့မယ်။ သို့ပေမယ့် ဆရာမကြီးပေါလုလုရဲ့ မေတ္တာအင်အားကလည်း ဒေါက်တာစင်သီယာမောင်လောက် နာမည် မကြီးပေမယ့် မေတ္တာကတော့ မသေးလှဘူးလို့ ကျနော်က ပြောလိုတယ်။ သို့ပေမယ့်လည်း သူ့မေတ္တာကို အသိ အမှတ်ပြုကြတဲ့ သူတွေတော့ ရှိသေးတယ်လို့ ဆိုရပါလိမ့်မယ်။ ၂၀၀၅ ခုနှစ်မှာ နိုင်ငံတကာအဖွဲ့အစည်းတခုက ကမ္ဘာပေါ် က အမျိုးသမီး (၁၀၀၀) ကို သူတို့လုပ်ဆောင်နေတဲ့ မေတ္တာလုပ်ငန်းတွေကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုတင်သွင်းတော့ ဆရာမကြီး ပေါလုလုဟာလည်း မြန်မာနိုင်ငံက နာမည်တင်သွင်းခံရသူ အမျိုးသမီး ၄ ယောက်အနက်က တယောက်ပါ။

ကျနော်တို့ရောက်သွားတော့ ဆရာမကြီးက နွမ်းလျလျနဲ့ ထွက်တွေ့တယ်။ ကျမက သွေးတိုးနေလို့ အပေါ်တက်ပြီး ခဏ လှည်းနေတာလို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကို ဧည့်ခံစကားပြောရ၊ သူ့ဂေဟာကလေးကို လိုက်ပြရပြန်တယ်။ သူ ကိုယ်တိုင်က မမောမပန်းတန်းလုပ်နေရပေမယ့် ဆရာမကြီးက အသက် ၅၈ နှစ် ရှိနေပါပြီ။

သူ့ဇာတိနောက်ကြောင်းကို ပြောပြတယ်။ သူက တောင်ငူဖက်က ဇာတိ။ ကရင်လူမျိုးပါ။ ၁၉၇၆ ခုနှစ်မှာတော့ သူ့ဇာတိမြေ ကို စွန့်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) နဲ့ ပူးပေါင်းခဲ့တယ်။ ကေအဲန်ယူအဖွဲ့အစည်းထဲမှာ သူနာပြုတာဝန် လည်း ယူခဲ့ဖူးတယ်။ သူ့အမျိုးသားရေးအတွက် ဖြစ်နိုင်သလို၊ နိုင်ငံရေး လွတ်လပ်ခွင့်ရဖို့ တနည်းတဖုံ သူတတ်စွမ်း ကျွမ်းကျင် သလောက် ဆောင်ရွက်ခဲ့ပုံလည်း ရပါတယ်။ ကေအဲန်ယူအဖွဲ့အစည်းထဲမှာ ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်း ဆောင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ကေအဲန်ယူစခန်းတွေလည်းကျ၊ သူတို့လည်း ဒုက္ခသည်စခန်းထဲကိုရောက်၊ နောက် ပိုင်းမှာတော့ သူအခြေ ချနေထိုင်မိတဲ့ စံခရပူရီမြို့က ရွာကလေးမှာပဲ ဘ၀ကို ရိုးရိုးကုတ်ကုတ် ဖြတ်သန်းနေခဲ့တယ်။

အဆောင်တခုမှာ ခိုလှုံနေသူတွေ

ဒါပေမယ့် သူရဲ့ကြီးမားတဲ့ မေတ္တာအစွမ်းကြောင့်ပဲ ဆိုရမယ်။ ဒုက္ခရောက်နေတဲ့သူတွေကို သူ ကြည့်မနေနိုင်ဘူး။ ဒီလိုနဲ့ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံစားရလို့ ခိုကိုးရာမဲ့တဲ့သူတွေကို သူ့အိမ်မှာ ခိုလှုံစောင့်ရှောက်စေခဲ့တယ်။ နယ်စပ်မှာ လာလာသွန်တဲ့ (ထိုင်းနိုင်ငံထဲ တရားမ၀င် ခိုးဝင်ဖို့ကြိုးစားလို့ ဖမ်းခံရ၊ ပြီးတော့ နယ်စပ်မှာ အမှိုက်သွန်သလိုမျိုး လာသွန်ပစ်ခံရတဲ့) ဒုက္ခရောက်နေသူတွေကိုလည်း ယာယီဖြစ်စေ ခိုလှုံခွင့်ပေးထားခဲ့တယ်။ နောက်တော့ မိဘမဲ့ကလေး တွေ၊ စောင့်ရှောက်မယ့် သားထောက်သမီးခံ မရှိတဲ့ ဘိုးဘွားတွေရဲ့ ခိုလှုံရာလည်း ဖြစ်လာတယ်။ စိတ်မနှံ့လို့ ဘယ်သွား ဘယ်လာ ရမှန်း မသိတော့တဲ့သူတွေလည်း သူ့အိမ်မှာရှိနေတယ်။ ဒီလိုနဲ့ ဒုက္ခရောက်နေသူတွေ၊ သူအို သူနာတွေ ခိုလှုံရာ နေအိမ်ကြီး ဖြစ်လာခဲ့တယ်။

ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ လူနာ ၄၈ ဦး၊ သက်ကြီးရွယ်အို ၁၄ ဦး၊ မိဘမဲ့ ကလေးငယ် ၂၂ ဦး ရှိနေတယ်။ အဲသလို ဒုက္ခ ရောက်နေသူ လူ ၈၀ ကျော်နဲ့အတူ ဆရာမ၊ သူ့ယောက်ျား၊ ကလေးတွေ (အရေအတွက် ၄-၅ ဦးပဲ။ ကျနော် မမှတ်မိ တော့ဘူး) လည်း ဒီအိမ်ကြီးပေါ်မှာ အတူနေထိုင်နေကြတယ်။ သူတို့ရဲ့အပူတွေကို ယူထားတဲ့ ဆရာမနေရာမှာပဲ ၀င်ခံစားကြည့်ပါတော့။

လက်ယက် ယက်ကန်းရက်နေတဲ့ မိဘမဲ့ကလေးတဦး

ဒီလို ဒုက္ခသည်တွေ တရုန်းရုန်းနဲ့ နေလာခဲ့တာ ၁၅ နှစ်လောက် ရှိတော့မယ်။ ဒီကာလအတွင်း ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ လူနာ တွေက ၁၅၀၀ မက ရှိတော့မယ်။ အဲသည်အထဲမှာ အေအိုင်ဒီအက်စ် လူနာတွေကလည်း အများအပြား။ အေအိုင် ဒီအက်စ်နဲ့ ကွယ်လွန်သူတွေကလည်း အများအပြား။ ဆရာမကပြောတယ်။ သူတို့ သဂြိုင်္ဟ်ပေးရတဲ့ အေအိုင်ဒီအက်စ်နဲ့ ဆုံးတဲ့သူတွေ အရေအတွက်တောင် မမှတ်မိတော့ဘူး ဆိုတယ်။

ကျနော်တို့ အိမ်ကြီးထဲ လှည့်ကြည့်တော့ လူတွေက ကျနော်တို့ကို တခြားကမ္ဘာကလာသူတွေလို ကြည့်နေကြတယ်။ သူတို့ မျက်လုံး တွေဟာ မျှော်လင့်ချက်နဲ့ ၀င်းဝင်းတောက်နေတယ်။ ကလေးတွေကလည်း အိမ်ပေါ်မှာ ပြေးလွှားဆော့ကစားနေ တာကို ရပ်လို့ ကျနော်တို့ကို ကြည့်နေတယ်။ သူတို့တွေက စားလည်းသည်နေရာ၊ အိပ်လည်း သည်နေရာ၊ တွေ့နေရတာ လည်း သည်လူတွေချည်း ဖြစ်နေတော့ ကျနော်တို့က အထူးအဆန်းလို ဖြစ်နေလိမ့်မယ်။

ဆရာမကြီး မေတ္တာရိပ်အောက်မှာ စောင့်ရှောက်ထားတဲ့ သူတွေက ကရင်လူမျိုး၊ မွန်လူမျိုး၊ အခြားမြန်မာပြည်က တိုင်းရင်းသား တွေလည်း ရှိတယ်။ ဒါ့အပြင် ကမ်ဘောဒီးယားလူမျိုးတယောက်နဲ့ မလေးရှားတယောက်၊ တရုတ်တယောက်လည်း ရှိနေသေး တယ်။ သူတို့က နယ်စပ်မှာ လာသွန်ခံရတဲ့သူတွေ။ အိမ်ယာပြန်ဖို့ သံရုံးကို ပြန်ဆက်သွယ်ဖို့ကလည်း စိတ်မနှံ့ ကြတော့ ဘယ်ကိုသွား ဘယ်ကိုလာရမယ်မှန်း မသိကြတော့ဘူး။ ဒီမှာပဲ သောင်တင်နေတော့တယ်။ သူတို့ကို ကြည့်ရှုဖို့၊ စောင့်ရှောက်ဖို့၊ အသက်မွေးဝမ်းကျောင်း သင်တန်း (စက်ချုပ်တာမျိုး၊ ယက်ကန်းရက်တာမျိုး) တွေ သင်ပေးဖို့ ၀န်ထမ်း ပေါင်း ၁၈ ဦးလောက် က ၀ိုင်းလုပ်ပေးနေကြရတယ်။

ဆရာမကြီးက အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (အဲန်ဂျီအို) အချို့ဆီက အခြေခံရိက္ခာရလို့ တော်သေးတယ် ဆိုရမယ်။ ဆန်၊ ဆီ၊ ငါးပိမျိုးပေါ့။ ကျန်တဲ့ ဟင်းသီးဟင်းရွက်၊ ဟင်းစားတွေက ကြံဖန်ကြရတယ်။ အခြား ဘာသာရေး၊ လူမှုရေးအဖွဲ့အချို့ က လှူတာတွေလည်း ရပါတယ်။ ဒါပေမယ့်လည်း ကြည့်ရတာ ဆရာမကြီးက ရိုးရိုးအေးအေးဆိုတော့ ကိုယ့်လုပ်ငန်း၊ ကိုယ့် အဖွဲ့ကိုလည်း ကြေညာမနေဘူး။ ဘုရားပေးသလောက်ဆိုတာမျိုး ရသမျှနဲ့ ကျေနပ်ရောင့်ရဲ နိုင်သမျှကူညီ ဆိုတာမျိုး ဖြစ်နေ တယ်။ စက်ချုပ်တာ၊ ယက်ကန်းရက်တာမျိုးက အနည်းအကျဉ်း အပိုဝင်ငွေလေးတော့ ရနိုင်ပါတယ်။ လူနာတွေ အတွက် ကျန်းမာရေး၊ ဆေးဝါးကုသရေးတွေက River Kwai Christian Hospital ဆေးရုံက ကြည့်ပေးတယ်။

ဒါပေမယ့်လည်း လူ ၈၀ ကျော်ရဲ့ ၀န်ထုပ်ဝန်ပိုးကို ယူထားရတာကတော့ မသေးလှဘူး။ စိတ်ညစ်စရာတွေကလည်း အပြည့် ဖြစ်နေနိုင်တယ်။
"ကျမကတော့ သူတို့တတွေ ဒုက္ခရောက်နေတာကို ကြည့်မနေနိုင်ဘူး။ ကူထားရတာပါပဲ" ဒါပေမယ့် သူ့ခင်ပွန်းဖြစ်သူ သရာ (ဆရာ) နန်းဒို က ပါရမီ ဖြည့်ဖက် ဖြစ်နေရတယ်။ ဆရာမကြီး ပင်ပန်းလို့ သွားနားတော့ သူ့ခင်ပွန်းက ကျန်တဲ့ အဆောင်တွေကို လိုက်ပြတယ်။
" လူတွေ ထိန်းရတာလည်း မလွယ်လှဘူး။ မေတ္တာတရားနဲ့ပဲ ထိန်းပါတယ်။ တခါတလေလည်း ဆူတန်ဆူ၊ ရိုက်တန်ရိုက် မယ် လုပ်ရတာ ရှိတယ်" ဆရာမကြီးက ဒီ လူ ၈၀ အတွင်းက ဆက်ဆံရေး ကိစ္စတွေကို ရှင်းပြတယ်။

ကျနော်တို့ကို လိုက်လံရှင်းပြနေတဲ့ ဆရာမရဲ့ခင်ပွန်း သရာနန်းဒို

အချို့ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ လူနာတွေက ARV ဆေးသောက်ရတဲ့အခါ၊ အဟာရ ကောင်းကောင်း ပြန်ရတော့ ထူထူထောင် ထောင် ဖြစ်လာကြတယ်။ သွေးသား သောင်းကျန်းချင်တာလည်း ရှိလာတယ်။ ဂေဟာမှာ စိတ်မနှံ့လို့ ခိုလှုံနေတဲ့ အရူးမ တွေကို အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ ယောက်ျားက ကြံစည်ဖို့ ကြိုးစားတာတွေ၊ အချင်းချင်း ဗိုလ်ကျချင်တာတွေ၊ ကလေးတွေကို စောင့်ရှောက် နေရတဲ့ ကိစ္စတွေ ကျနော် တခဏတာအတွင်းမှာတောင် ပြဿနာတွေကို ကြည့်လို့ ကိုယ်ချင်းစာမိတယ်။

ကျောင်းနေအရွယ်ကလေးတွေကို ရောဂါပိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနီးက ထိုင်းကျောင်းကလေးမှာ ကျောင်း ထား ပေးထားသေးတယ်။ ကလေးတွေကို မြန်မာစာ၊ အင်္ဂလိပ်၊ ကရင်၊ မွန် စကားတွေလည်း သင်ပေးသေးတယ်။ သူတို့ တွေရဲ့ နောင်ရေးက ဘယ်လိုရှိမှာလဲ။ စဉ်းစားဖွယ်ပေါ့။ ခုလောလောဆယ်တော့ ဆရာမကြီးမေတ္တာရိပ်အောက်မှာ နွေးထွေး အေး ချမ်းစွာ ခိုလှုံနိုင်တာတော့ အမှန်ပါ။

အဆောင်တခုမှာ ခိုလှုံနေသူတွေ

သည် ဂေဟာက အပိုင်မဟုတ်သေးပေမယ့် မြေကို ငှားထားပြီး၊ တိုးချဲ့ဆောက် ဆောက်လာလိုက်တာ မြေကွက်လည်း ကုန် တော့မယ်။ ဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေ ရှိနေသေးတာတော့ အမှန်ပဲ။ သွပ်ပြားအောက်မှာ ပူပူလောင် လောင်ထဲမှာ လူပြွတ်သိပ်ပြီး နေနေကြရတယ်။ အ၀တ်အထည်၊ အစားအသောက်တွေလည်း လိုအပ်နေပုံရတယ်။ ၀ိုင်းဝန်း ကူညီနိုင်ကြ ရင်တော့ ကောင်းတာပေါ့။ ဒီလိုစေတနာနဲ့ပဲ ဒီဆောင်းပါးကို ရေးပါတယ်။

အိမ်နံရံတခုမှာ ရေးထားတဲ့ စိတ်ဓါတ်မြှင့်တင်ရေး ဘာသာရေးဆုတောင်း

ဆရာမကြီး ပေါလုလုကို ဆက်သွယ်ချင်ရင် ဖုန်းနံပါတ်က +၆၆- ၈၆-၁၇၀၇၃၁၃ ဖြစ်ပါတယ်။

ဧရာဝတီအွန်လိုင်း မဂ္ဂဇင်းက ကိုကျော်စွာမိုးရဲ့ ဆောင်းပါးကိုတော့ သည်နေရာမှာ ဖတ်နိုင်ပါတယ်။ http://www.irrawaddy.org/bur/ratha2007/May/ratha01.html

No comments:

Recent Comments