Pages

Monday, September 22, 2008

ကျောင်းသင်္ခမ်း

တရက်သားမှာတော့ ဘုန်းကြီးကျောင်းတခုကို ရောက်သွားခဲ့တယ်။ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ မျက်စေ့ထဲမှာတော့ ဘုန်းကြီးကျောင်းဆိုရင် ဘယ်လိုပုံစံ ဖြစ်ရမယ်ဆိုတာမျိုး မြင်ထားတတ်ကြပြီးသားပါ။ စုလစ်မွမ်းချွန်တွေတွေနဲ့ စေတီ ပုထိုးနဲ့ ညောင်ပင်နဲ့ ဒီလိုမျိုး မြင်နေတတ်ကြပါတယ်။ (ကျနော်လည်း ဒီလိုလူတွေထဲက တဦးအပါအ၀င်ပါ။) ဒါပေမယ့်
ကျနော်ရောက်သွားတဲ့ ဘုန်းကြီးကျောင်းကတော့ နည်းနည်းကွာခြားနေတယ်လို့ ထင်မိတယ်။ ဘုန်းတော်ကြီးကျောင်း တခုထက်စာရင် ဧည့်ဂေဟာတခုလို၊ အပန်းဖြေ resort တခုလို ပုံစံမျိုးနဲ့ ပိုတူနေတယ်။ ဘာသာရေး အဆောင်အယောင် တွေထက်စာရင် ရိုးရိုးအိမ်နဲ့ ပိုတူနေတယ်။ ကျနော်တောင် အေးအေးဆေးဆေး စာလေးဘာလေးရေးဖို့ ဒီကျောင်းသင်္ခမ်း မှာ သွားနေရင် ကောင်းမလားလို့ စဉ်းစားမိသေး။

စဉ်းစားကြည့်လိုက်ရင် ငှက်သံ၊ စမ်းရေကျသံ၊ လိပ်ပြာတောင်ပံခတ်သံ၊ ချေဟောက်သံ၊ တောက်တဲ့ကျော်သံ၊ ကြက်တွန်သံ ပေါင်းစုံ ကြားရနိုင်တဲ့ နေရာမျိုးပါ။ တောထဲဆိုပေမယ့် လျှပ်စစ်မီးရလေတယ်။













တကယ်ကတော့ ပြန်စဉ်းစားကြည့်ရင်လည်း လူနေတော့အိမ်၊ ဘုန်းကြီးနေတော့ ဘုန်းကြီးကျောင်းပဲ မဟုတ်ဘူးလား။ ဒါပေမယ့် ကျနော်သတိထားမိတဲ့အချက်ကတော့ လူတွေက သူတို့ယုံကြည်ရာ ဘယ်လို ဘာသာမျိုးပဲဖြစ်ဖြစ် ကြည်ညို သဒ္ဒါစိတ်နဲ့ အကောင်းဆုံးဖြစ်အောင် ဆောက်လုပ်ထားကြတယ် ဆိုတာပါပဲ။

အခု ဘုန်းကြီးကျောင်းသင်္ခမ်းကတော့ ထိုင်းနိုင်ငံ၊ သုမ်ဖာဖုံမြို့နယ်ထဲက တောရကျောင်းကလေး တခုပါ။ "၀ပ်ထမ့် နမ့်လန်ဖန်" လို့ ခေါ်ပါတယ်။ တနည်းပြောရရင် အေးအေးဆေးဆေး တရားထိုင်ဖို့ လုပ်ထားတဲ့ တောရကျောင်းကလေးနဲ့ တူပါတယ်။

ကျောင်းက ဘန်ကောက်ဖက်ကလာရင် သုမ်ဖာဖုံမြို့ကို မရောက်ခင် ရွာကလေးတရွာကနေ ခွဲသွားရပါတယ်။ တောင်ပေါ် ကို မောင်းတက်လာပြီး ကန့်သတ်ဘေးမဲ့သစ်တော ကြိုးဝိုင်းဧရိယာကို ဖြတ်လာပြီးတဲ့ နောက်မှာ တွေ့ကြရမှာပါ။ ကားလမ်း မကြီးပေါ်ကနေ မိနစ် ၂၀ ကျော်လောက် အထဲကို မောင်းဝင်သွားရပါတယ်။ အခုလို ချောင်ကျတဲ့နေရာမျိုးမှာ ဘုန်းကြီး ကျောင်းလာဆောက်ထားတယ် ဆိုတော့လည်း သူ့ပုရိဿတ်နဲ့ သူတော့ ရှိနေပုံပါပဲ။ ဒီကျောင်းသင်္ခမ်းပုံတွေကို ကျနော် ရိုက်ယူလာလို့ မျှဝေပေးလိုက်ပါတယ်။

ကျနော်က တရားသွားထိုင်တာလို့ အထင်မကြီးလိုက်ပါနဲ့ဦး။ တကယ်က အမျိုးသမီးက မြန်မာပြည်ဖက်က သစ်ကနုတ်တွေ ရောင်းတော့ ဘုန်းကြီးကျောင်းကို သွားပို့တာပါ။ ကြည့်လိုက်လေ... ဘုန်းကြီးကျောင်း လက်ရာက မြန်မာဆန်ဆန် ကနုတ် ပန်းတွေနဲ့ မဟုတ်လား။

ယောဟန်အောင်

3 comments:

Moe Cho Thinn said...

ပုံလေးတွေ ကြည့်ရတာ ငြိမ်းချမ်း သာယာလိုက်တာ။ ဗမာပြည်က ဘုန်းဘုန်းလေးတွေကို ဒီလို အေးအေးချမ်းချမ်း သီတင်းသုံးစေချင်လိုက်တာ။

kay said...

ပျောက်ကျား ပို့စ် များကို၊ ဖတ်နေပါတယ်။း)
တောရ အငွေ့အသက်လေး များ လည်း ရသွားပါတယ်။ လွမ်းအိုးကွဲ တဲ့အခါ..သွားတရားထိုင် လို့လည်း ရမယ် ထင် တယ်။း)

တောင်ပေါ်သား said...

ကိုကြီးရေ တကယ်ကို သာယာ အေးချမ်းဖွယ်နေရာလေးပဲ.. နေချင်လိုက်တာ ကျနော်တော့ နိုင်ငံမှာလည်း အဲလိုဖြစ်စေချင်လိုက်တာနော့် အားလုံး စိတ်လွတ်လွတ်လပ်လပ် တရားအားထုတ်နိုင်တာပေါ့

Recent Comments