Pages

Thursday, January 19, 2012

စစ်ပွဲကြီးတွေ ပြီးတဲ့ခါ


ကောင်လေးရေ..
ဒီရွာကို ပြန်ရောက်သေးတယ်နော်..
နင့်ဗိုက်က အတော်ထွက်လာပေါ့

မြို့သားတရုတ်ပုံ ဖြူဖြူ ဝတုတ်တုတ်နဲ့
အရင်လို ဝါးခြမ်းဖျား ငှက်ဖျားရုပ် မဟုတ်တော့ဘူး။
အမိုး ပြောတယ်ဟုတ်
ငါတို့ တောင်ပေါ်ကလူတွေအတွက်တော့
ဒုက္ခ ခံမနေပါနဲ့..
သင့်ရာတော်ရာမှာ
'နင့်ဘ၀ နင်ကျောင်းတော့' ဆိုတာ။

ကောင်လေးရေ..
မင်းတို့ ကျောင်းသားသူပုန်တွေ အရင် ၃-ရက်လမ်းလျှောက်လာရတဲ့
ငါတို့ရွာ
အခု ဆိုင်ကယ်လမ်းပေါက်ပါပကော...
ဒါပေသိ .. တောတွေပြုန်းလာလို့
နေတော့ကျောကုန်းကော့အောင် ပူသနော့။

စစ်ပွဲကြီးတွေ ပြီးကတည်းက ဆိုပါတော့...
တို့ရွာမှာ ကုမ္ပဏီတွေ ရောက်လာ..
ရွှေတွေရှာ.. သစ်တွေခုတ်ကြ
မြစ်ကြီးလည်း ပိတ်ပစ်မယ် ပြောတာပ
သူတို့ သိမ်းသွားကြတဲ့ ငါ့ကွမ်းသီးခြံထဲလည်း
ရုံးတွေ၊ တန်းလျားတွေ၊ အလုပ်သမားတွေနဲ့ စည်စည်ပင်ပင်။

စစ်ပွဲကြီးက တို့ဖိုးခွား၊ တို့ ဖိုးဒိုမူတွေကို စားခဲ့တယ်။
စစ်ပွဲကြီးက ရွာတွေ၊ သစ်တောတွေကိုစားတယ်။
စစ်ပွဲကြီးက ငါတို့တောင်ယာ၊ ငါတို့ ဘုရားကျောင်းတွေကို စားတယ်။
စစ်ပွဲကြီးက ငါ့ယောက်ျားခြေတစ်ဖက်ကိုတောင် စားလိုက်သေး
စစ်ပွဲမီးတောက်ကြီးက တောင်တန်းတွေကိုပါ စားပစ်ခဲ့တာပေါ့။

ရွာဟောင်းတော့ကွယ် ... မှတ်မိစရာ ဘယ်ရှိမလဲ
လူတွေလည်းပြောင်း၊ အိမ်သစ်တွေလည်းပေါင်း
မီးစက်တဂျောင်းဂျောင်း မောင်းလို့ ဗီဒီယိုကြည့်ကြ
အရက် ဘီယာချောင်းစီးကြ
ကမ္ဘာ့ဘောပွဲကြီးကို လောင်းကြ
ချဲသမားတွေလည်း တယ် နေရာကျသကွဲ့။

အရင်တုန်းက အမိုးတို့ တောင်ယာခုတ်တော့
ရေဆုတ် တောပြုန်းတယ် နင်တို့ပဲပြောကြ
အခုစစ်ပွဲပြီးတော့မှ တောင်တွေက ကတုံးတွေချည်း
စီမံကိန်းကြီးတွေလည်း ရောက်လာတယ်
ပြောင်သလင်းခါအောင် တောတွေခုတ်
ငါတို့ စပါးနဲ့ငြုတ်စိုက်ခဲ့တဲ့နေရာမှာ
အခုတော့ ရာဘာနဲ့ ဝါခင်းတွေချည်း
စက်မှုသီးနှံဆိုပြီး စိုက်ကြတာပ
တရုတ်ဆီက အတော်အဝယ်လိုက်ဆိုလား။

အရင်က သောက်ရေခပ်တဲ့ စမ်းတွေ
ချောက်သွားပြီလေ
မြစ်ရေတွေတောင် နောက်ကျိနေပါပေါ့
ငါတို့ဘဝကတော့ ပင်ပန်းတုန်း၊ ပင်ပန်းဆဲပါပဲ
တချို့လည်း ရှမ်းပြည်သွား
တချို့လည်း မြို့များမှာ အိမ်ဖော်လုပ်
တောပန်းအလှလေးတွေတောင်
ရွာကိုနှုတ်ဆက် ထွက်သွားကြတာကြာပေါ့။

အဖိုးကြီး၊ အဖွားကြီးနဲ့ ကလေးတွေပဲ များနေတဲ့ရွာ
မြို့က သူတို့ ပို့စာလည်းစား
ကလေးကလောင်လည်း ထိန်း
မိသားစု ကောက်သိမ်းပွဲတွေလည်း လွမ်းစရာဖြစ်ကုန်ပြီကွဲ့။

မင်းတို့ တပ်မှူးကျလို့
မြှုပ်ခဲ့တဲ့နေရာလား
အဲသည်မှာ မတွေ့လား
အခု ဘူဒိုဇာ ရပ်ထားတဲ့နေရာလေ....။

ယောဟန်အောင်
၂၀၁၂ ခုနှစ်၊ ဇန် ၁၉။

တိုက်ဆိုင်မှုရှိလျှင် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မှ မရည်ရွယ်ပါ။ စိတ်ကူးယဉ်ရေးဖွဲ့ထားသည့် စစ်ပွဲအကြောင်း ဖြစ်ပါသည်။

8 comments:

နှင်းခါးမိုး said...

ကဗျာကောင်းလေးဖတ်လိုက်ရလို့ ကျေးဇူးတင်တယ် ကိုအောင်သူငြိမ်းရေ။ အားလည်းကျတယ်ဗျာ။ ချမ်းမြေ့ပါစေ။

Yeni said...

ဘယ်လောက်ပဲ ခေတ်ကြီးက လူတွေကို ပြောင်းသွားစေပေမဲ့ ....ကိုအောင်သူငြိမ်း၊ ခင်ဗျားရဲ့ ချစ်စရာ့ စူးရှထက်မြက်တဲ့ ကဗျာဆရာ နှလုံးသားကိုတော့ မပြောင်းလဲစေခဲ့.... ဒီကဗျာအတွက် အရမ်းကျေးဇူးတင်မိပါကြောင်း

Hmoo said...

ရင်ခုန်သံမမှန်တဲ့အိမ်၊

လှရွှေ said...

နိုင်ငံရေးကို အနုပညာနဲ့ ပုံဖေါ်တတ်တဲ့ ကိုအောင်သူငြိမ်း ကဗျာကောင်းတွေ ဖတ်ရလို့ ကျေးဇူးပါဗျာ။

Ngu Wah said...

ဆရာ...
ဆရာ့ ကဗျာ က ခံသားချက်တွေကို ဖွင့်တဲ့သော့ တစ်ချောင်း...။
ကဗျာကောင်းတွေ အတွက်၊ ပညာတွေ အတွက် ရှိခိုးလိုက်ပါတယ်..ဆရာ။
ငုဝါ

ဘုန်းကျော် said...

မှန်တယ်။ စစ်ပွဲတွေက မကောင်းဘူး။


ဒါလေးကို ဖတ်မိတော့ တစ်ခုသတိရတယ်။ စစ်ပွဲတွေက အမိုးအိမ်က ခွေးပါစားတယ်လို့ ။ ကြက်...ကတော့ မပြောနဲ့ ။

Hmoo said...

ကောင်လေးတယောက်ကတော့ဗမာပြေပြန်ဖို့လည်း
ပိုက်ဆံမရှိလို့လှန်းလွမ်းနေရဲ့

အလွမ်းပြေ said...

ကဗျာလေးကို လာခံစားသွားပါတယ်။ ခေတ်ကိုပြောတဲ့ ကဗျာတွေ ဆရာ့လိုပဲ ရေးတတ်ချင် မိပါတယ်။ ချီးကျူးပါတယ်ဆရာ။ ( PPT )

Recent Comments