Pages

Saturday, January 7, 2012

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၇)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ်တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ Burma Road လို့ ခေါ်တဲ့ ဒုတိယကမ္ဘာစစ်က အရေးပါ ခဲ့တဲ့ "မြန်မာပြည်လမ်း" အကြောင်းသမိုင်းနောက်ခံကို တင်ပြပေးထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက မန္တလေးကနေ အခုပြင်ဦးလွင်လို့ ခေါ်နေတဲ့ မေမြို့ကို ခရီးဆက် ထွက်ပါတယ်။ ဗမာဘုရင်တွေ တချိန်က နန်းစိုက်ခဲ့ရာ မန္တလေးက အနောက်ဖက်မှာ ဧရာ ၀တီမြစ်၊ အရှေ့ဖက်မှာတော့ ထုံးကျောက်တောင် မြေပြန့်လွင် ပြင်ဖြစ်တဲ့ ရှမ်းကုန်းမြေမြင့်နဲ့ ထိစပ်နေပါတယ်။ အဲဒီရှမ်းကုန်းမြေမြင့်က မြင့်တက်သွားလိုက်တဲ့ မြေမြင့်ဟာ မိုင်ထောင် ပေါင်းများစွာ ဝေးတဲ့ ယန်းဇီးမြစ်ဝှမ်း၊ တရုတ်နိုင်ငံ အလယ်ပိုင်းပြည်နယ်တွေအထိ တိုင်အောင်ပါပဲ။

မန္တလေးကနေ မေမြို့ကို ၄၃ မိုင်ပဲ ဝေးပါတယ်။ ဒါပေမယ့်ရာသီဥတုနဲ့ မြေမျက်နှာသွင်ပြင်က အတော်ခြားသွားပါပြီ။ သူ ငှားစီး သွားတဲ့ကားပေါ်မှာ မြန်မာခေတ်ပေါ် ရက်ပ်သီချင်းတွေ ဖွင့်နေတော့ သူနားမလည်၊ မခံစားနိုင်ပုံဖြစ်ရတဲ့အကြောင်း လည်း ခေတ်သရုပ်ကို စာရေးသူက ထည့်ရေးထားပါသေးတယ်။ မေမြို့ရောက်တော့ သူ ကန်ဒါကရိတ် (Candacraig) ဟိုတယ်မှာ တည်းပါတယ်။ ဒီမှာ စာရေးသူက တချိန်အတိတ်က ဗြိတိသျှတွေ မြန်မာပြည်ကို အုပ်စိုးခဲ့စဉ်က စီမံဆောင် ရွက်ခဲ့ပုံတွေကို ပြန်ပြောင်းဖော်ပြပါတယ်။ သူတည်းခိုတဲ့ ကန်ဒါကရိတ်ဟိုတယ်ဆိုတာက တချိန်တုန်းက ဟိုတယ် မဟုတ်ပါဘူး။ မြန်မာပြည်ကို ဦးဆောင်သိမ်းပိုက်ခဲ့တဲ့ ဘုံဘေ-ဘားမားသစ်ကုမ္ပဏီက လူပျိုလူလွတ်ဝန်ထမ်းတွေ တည်းခိုရအောင် တချိန်က ဆောက်ထား ခဲ့တာပါ။ ကရက်ဒေါ့ကုတ် (Craddock court)၊ ကရောက်တွန် (Croxton) ဟိုတယ်တို့ ဆိုရင် တချိန်တုန်းက ဘုံဘေ-ဘားမား ကုမ္ပဏီက မိသားစုလိုက်လာရင် အပန်းဖြေဖို့ ဆောက်ထားကြတဲ့ တည်းခိုဆောင် တွေ ဖြစ်ပါတယ်။ ဗြိတိသျှတွေက ဘယ် နေရာရောက်ရောက် သူတို့နေထိုင်ခဲ့တဲ့ ဗြိတိန်ရဲ့အငွေ့အသက်၊ ဓာတ်ကိုပြန်ရ အောင် ဖန်တီးထားပြီး နေထိုင်တတ်ကြတဲ့ အကြောင်းကိုလည်း ဦးသန့်မြင့်ဦးက ဖော်ပြပါတယ်။ မေမြို့ဆိုတာလည်း တချိန် တုန်းက အဲသည်လိုဖန်တီးထားခဲ့တဲ့ အပန်း ဖြေမြို့ ဖြစ်ပါတယ်။ ဒါပေမယ့် မေမြို့ကနေ တရုတ်ပြည်ကို ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းက တချိန်တုန်းက အင်မတန်ခက်ခဲ အကြောင်းဝေးခဲ့ရပါတယ်။ တရုတ်ပြည်အလယ်ခေတ်မင်းတွေကာလက မြန်မာပြည်မှာ သူတို့စိတ်ဝင်စားစရာတွေ ရှိခဲ့ပါ တယ်။ အထူးသဖြင့် တန်ဖိုးကြီးတဲ့ကျောက်စိမ်း၊ ပယင်းတွေအပြင်၊ မြန်မာပြည်မှာ ၀ါနဲ့ လက်ဖက်ထွက်ရှိတာကိုလည်း သူတို့ သိကြပါတယ်။ မေမြို့မြောက်ပိုင်း ရှမ်းပြည်နယ်ထဲမှာ လက်ဖက်ကို အကြီးအကျယ် စိုက်ပျိုးပြီး တဖက်နိုင်ငံထဲကို တင်ပို့ ရောင်းချကြပါတယ်။ ဒါပေမယ့် တချိန်တုန်းက မြန်မာပြည်ကိုကျူး ကျော်လာသူတွေဟာလည်း ဒီလမ်းကြောင်းကပဲ ၀င်လာ ခဲ့ကြတယ်လို့ သူကရေးပါတယ်။ ၁၃ ရာစုမှာ မွန်ဂိုစစ်သည်တွေ လာတိုက်ခိုက်ခဲ့ဘူးပါတယ်။ ၁၇ ရာစုမှာတော့ တရုတ်နဲ့ မန်ချူး တပ်တွေ လာပြီး သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ကြဖူးပါတယ်။ ၁၇၀၀ ခုနှစ်များတွေမှာ မန်ချူးတရုတ်တွေက ကျူးကျော်ဖို့ ကြိုးပမ်းခဲ့တာ တကြိမ်မဟုတ်၊ ၄ ကြိမ်တောင် ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် မျိုးချစ်စိတ်ဓာတ်ထက်သန်ပြင်းပြတဲ့ မြန်မာတွေက တွန်းလှန်နိုင်ခဲ့တယ်လို့ ဦးသန့်မြင့်ဦးက ရေးပါတယ်။

မြန်မာပြည် ဗြိတိသျှတွေလက်အောက် ကိုလိုနီဖြစ်ရချိန်မှာတော့ တရုတ်ပြည်က မြန်မာပြည်အရေးဖက်လှည့်ပြီး စိတ်မ၀င်စား နိုင်တော့ပါဘူး။ အဲသည်အချိန်က လူမမာကြီးလို့ တင်စားခေါ်ရလောက်အောင် တရုတ်ပြည်က ချိနဲ့နေချိန်ပါ။ တရုတ်ပြည် တွင်းမှာ လည်း ပြည်တွင်းစစ်ရယ်၊ စစ်ဘုရင်တွေရယ် သူတလူ ငါတမင်းဖြစ်နေကြချိန်ပါ။ မြန်မာပြည်ကို ကိုလိုနီပြု သိမ်းပိုက် ထားတဲ့ ဗြိတိသျှတွေအနေနဲ့လည်း အဲဒီအချိန်က မြန်မာပြည်ဟာ သိပ်ပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့ ဒေသတခုအဖြစ် မြင်ခဲ့ ကြတာ မဟုတ်ဘူး၊ သူတို့အိန္ဒိယအင်ပိုင်ယာရဲ့ အရှေ့ဖက် မျက်နှာစာ ကာကွယ်ရေးအတွက်လောက်သာ ကြည့်ခဲ့ကြ တာလို့ သူက ဖော်ပြပါတယ်။ ၁၈၂၀ ခုနှစ်တွေမှာ ဗမာဘုရင်တပ်တွေက အင်ပိုင်ယာချဲ့ထွင်လို့ အိန္ဒိယအရှေ့ဖက်နယ်စပ် အာသံ၊ မဏိပူကို ကျူးကျော်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒီစစ်ပွဲထဲကို ဗြိတိသျှတွေက မပါချင်ပါချင်နဲ့ ၀င်လာခဲ့ရတယ်လို့ ဆို ပါတယ်။ နောက်ပိုင်းမှ ဧရာဝတီမြစ်ဝှမ်းတလျှောက် လုံခြုံရေး၊ စိုးမိုးနိုင်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့ကြတယ် ဆိုပါတယ်။ တချိန်ထဲ မှာပဲ မြန်မာပြည်ကို ရထားရင်၊ တရုတ်နဲ့ နယ်ခြား ကြားခံဇုန်ဖြစ်နိုင်သလို၊ မဲခေါင်မြစ်ဝှမ်းဒေသကို သိမ်းပိုက်ကိုလိုနီလုပ်ထား တဲ့ ပြင်သစ်တွေနဲ့လည်း နယ်ခြား ကြားခံဇုန်ဖြစ်နိုင်တယ်ဆိုတာလောက် သဘောရခဲ့ကြပါတယ်။ တပြိုင်ထဲမှာတော့ ဗြိတိသျှ တွေအတွက် မြန်မာပြည်က ငွေတွင်းကြီးပါ။ ဆန်စပါး၊ ကျွန်းသစ်၊ ရေနံ စတဲ့ထွက်ကုန်တွေရှိ သလို၊ တန်စတင်၊ ငွေ၊ ခဲ၊ ကြေးနီ၊ သတ္တုစတဲ့ သယံဇာတတွင်းထွက်တွေလည်း ရှိနေပါသေးတယ်။

ဒါပေမယ့် ၁၉၃၀ ခုနှစ်တွေမှာ ဂျပန်အင်ပိုင်ယာပြည့်ရှင်ရဲ့ တပ်တွေက တရုတ်ပြည်အရှေ့ဖက်ကမ်းခြေဒေသတွေကို ကျူးကျော် သိမ်းပိုက်လာပြီး၊ အာရှတခွင်လုံးကို ခြိမ်းခြောက်လာတဲ့အခါ မြန်မာပြည်က မဟာဗျူဟာ စစ်ရေးအရပါ အရေးပါတဲ့ အနေ အထားရောက် လာပါတော့တယ်။ ဂျပန်တွေက မန်ချူးကနေ၊ ဟောင်ကောင်အထိ တရုတ်ပြည်ဆိပ်ကမ်းဒေသတွေကို သိမ်း ပိုက်ထားပါပြီ။ ဂျပန်တပ်အင်အား ၂ သိန်းကျော်၊ ရေတပ်၊ လေတပ်တွေနဲ့ ရှန်ဟိုင်းကိုလည်း ၁၉၃၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပါ တယ်။ ချန်ကေရှိတ်က သူ့မြို့တော်ကိုတောင် ချုံကင်းကို ဆုတ်ခွာခုခံနေရတဲ့အချိန်ပါ။ ဗြိတိသျှတွေအတွက် မြန်မာပြည်ဆိုတာ အိန္ဒိယကို ဂျပန်မကျူးကျော်လာနိုင်စေ ရေး ခုခံရမယ့် ရှေ့တန်းစစ်မျက်နှာ ဖြစ်လာပါတယ်။ အမေရိကန်တွေ အတွက်ကတော့ တရုတ်ပြည်ကို မဟာမိတ်တပ်တွေ ဖက်က စစ်ထဲပါလာစေချင်သလို၊ တရုတ်ပြည်က ချန်ကေရှိတ်ရဲ့ တပ်တွေကို ဆက်လက် ထောက်ပံ့နိုင်ဖို့ မြန်မာပြည်ကို ဖြတ်ပြီး နောက်ဖေးလမ်းဖွင့်ဖို့ အရေးပေါ်လိုအပ်လာပါတယ်။

အမေရိကန်စစ်ပစ္စည်းတွေကို ရန်ကုန်ကတဆင့် မန္တလေးအထိ ထရပ်ကားတွေနဲ့ တင်ပို့ပါတယ်။ အဲဒီကနေ မေမြို့၊ လားရှိုး အထိ ရထားနဲ့ ပို့ပါတယ်။ လားရှိုးကနေ တရုတ်ပြည် ကူမင်းမြို့အထိကို အဲဒီအချိန်မှာ ကားလမ်းပေါက်အောင် ဖောက်ယူပါ တယ်။ တရုတ်ပြည်ဖက်အခြမ်းမှာ တရုတ်လုပ်သား ၂ သိန်းကျော်နဲ့ မိုင် ၅၀၀ ကျော်လမ်းကို အချိန်တိုအတွင်း အပြီး ဖောက် လုပ်ခဲ့ကြပါတယ်။ ဒီလမ်းဖောက်လုပ်ရေးတွေမှာ လူ ၂ ထောင်ကျော်အထိ သေဆုံးခဲ့တယ်လို့လည်း သမိုင်းတွေက ဖော်ပြ ကြပါတယ်။

ဂျပန်တပ်တွေက ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ မြန်မာပြည်ကို ရောက်လာခဲ့ပါပြီ။ အာရှတခွင် ဂျာကာတာ၊ စင်္ကာပူ၊ ဖိလစ်ပိုင်တို့တတွေကိုလည်း ဂျပန်က သိမ်းပိုက်ထားပြီးပါပြီ။ ဂျပန်တွေက Burma road လို့ခေါ်တဲ့ မြန်မာပြည် ဖြတ် တင်ပို့ နေတဲ့လမ်းကို ဖြတ်တောက်ချင်နေတာ အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံက ဗြိတိသျှကိုလိုနီ အုပ်ချုပ် ရေးပါ မရှုမလှဆုတ်ပြေးခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်တွေ မတိုင်မီ ၁၉၄၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှာ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဖ် စတီးဝဲလ်နဲ့ တရုတ်ပြည်က ခေါင်းဆောင်ချန်ကေရှိတ်တို့ မေမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။ ဗြိတိသျှ အရာရှိတွေ ကလည်း စကော့ပုလွေတပ်ဖွဲ့တွေနဲ့ တရုတ်ခေါင်းဆောင်နဲ့ သူ့ဇနီးကို ကြိုဆိုခဲ့ကြပါသေးတယ်။ တရုတ်က သူတို့ဆီက တပ်မ အမှတ် ၅၊ ၆ နဲ့ ၆၆ ကို မြန်မာပြည်စစ်မျက်နှာမှာ ဂျပန်တပ်ကို ကူတိုက်ပေးမယ်လို့ ကတိပေးပါတယ်။ တရုတ်တပ်တွေကိုလည်း မြန်မာပြည်ကို စေလွှတ်ခဲ့ပြီး၊ မြန်မာပြည်တိုက်ပွဲတွေမှာ စစ်သား ၅ သောင်းလောက် အသက် ဆုံးရှုံးခဲ့ကြရပါတယ်။ အဲဒီ ဗိုလ်ချုပ် စတီးဝဲလ်ပဲ နောက်ပိုင်းမှာ အိန္ဒိယအရှေ့မြောက် နယ်စပ်ကနေ မြန်မာပြည်ကို ဖြတ်လို့ ဒုတိယကမ္ဘာစစ်အတွင်းမှာ တရုတ်ပြည်ဖက် လမ်းတခု ထပ်ဖောက်လုပ်ခဲ့ပြန်ပါတယ်။ အဲဒီလမ်းကိုတော့ သူနံမည်နဲ့ စတီး ၀ဲလ်လမ်း အဖြစ်လည်း လူသိ များကြပါတယ်။ အဲဒီ Burma road လို့ခေါ်တဲ့ မြန်မာလမ်းဟာလည်း စစ်ကာလတလျှောက် မဟာဗျူဟာအချက်အခြာ တခု အဖြစ် အရေးပါခဲ့ကြောင်းပါခင်ဗျား။

နောက်တပတ်မှာတော့ စာရေးသူ ဦးသန့်မြင့်ဦးရဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်းထင်ဟပ်ချက်၊ အမြင်တွေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments