Pages

Thursday, January 26, 2012

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၈)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ဒုတိယကမ္ဘာစစ်နဲ့ နောက်ပိုင်း မြန်မာပြည်ရဲ့ မဟာဗျူဟာ အရ အရေးပါမှုအတက်အကျကို တင်ပြပေးထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာပြည်က မဟာဗျူဟာအရ အချက်အခြာကျ၊ တန်ဖိုးတက်လာ တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျပန် တပ်တွေက တရုတ်နိုင်ငံ ပင်လယ်ဆိပ်ကမ်းတလျှောက်ကိုသိမ်း ပိုက်ထားပြီး၊ မဟာမိတ်တပ် တွေကလည်း ပစိဖိတ်သမုဒ္ဒရာတ၀ှမ်း ဂျပန်တွေကို ရင်ဆိုင်နေရတဲ့အချိန်ပါ။ နေမ၀င် အင်ပိုင်ယာပြည့်ရှင် အင်္ဂလိပ်ကိုယ်တိုင်လည်း၊ မရှုမလှ အရှက်တကွဲနဲ့ နေရာအများအပြားကို ဆုတ်ခွာပေးခဲ့ရပါတယ်။ အဲဒီအချိန် မှာ မဟာမိတ်တပ်တွေကို ဦးဆောင်ပြီး၊ ဂျပန်ကိုခုခံနေသူ အမေရိကန်အစိုးရကိုယ်တိုင်က မြန်မာပြည်ကိုစိတ်ဝင်တစား ကြည့်လာခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့စိတ်ဝင်စားမှုက မြန်မာပြည်ကို ဂျပန်လက်အောက် က လွတ်မြောက်အောင် ကူညီတိုက်ခိုက်ပေးဖို့ မဟုတ်ပါဘူး။ လူအင်အားများလှတဲ့ တရုတ်ပြည်ကြီးက ဒီစစ်ပွဲမှာ သူတို့ဖက်က ခံတိုက်နိုင်အောင်၊ တရုတ်ကို နောက်ဖေးလမ်းကနေ စစ်အကူအညီ အထောက်အပံ့တွေ ပေးနိုင်အောင် ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ အမေရိကန်က ကလကတ္တားကနေ လေယာဉ်ပျံတွေနဲ့ ယူနန်ပြည်နယ်ထဲကို လက်နက်ကျည်ဆံတွေ ပို့ပေးနေတယ် ဆိုပေမယ့်လည်း၊ လိုအပ်နေတာထက် မစို့မပို့သာ ရောက်ပါတယ်။ တကယ်လို့ ရန်ကုန်ကနေ ပို့မယ်ဆိုရင်ဖြင့် ရောက်နိုင်တဲ့ ပမာဏထက် အနည်းအကျဉ်းမျှပဲ ရောက်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့်လည်း ဒီအစီအစဉ်အတွက် ရန်ကုန်ကို ကမ်းတက်ပြန် သိမ်းပိုက်ဖို့လည်း မလိုအပ်သေးပါဘူး။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် လီဒိုကနေ မြန်မာပြည်မြောက်ဖျားကို ဖြတ်လို့ယူနန် ပြည်ထဲကို လမ်းပေါက်နိုင်ပါတယ်။ ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ကနေဒါနိုင်ငံ၊ ကွိဘက်ကွန်ဖရင့်မှာဖြင့် ၀န်ကြီးချုပ်ချာချီ က အမေရိကန်သမ္မတ ရုစဗဲ့လ်ကို Burma Road လို့ခေါ်တဲ့ မြန်မာပြည်ဖြတ်လမ်း ဖွင့်ဖို့ သဘောတူခွင့်ပေးခဲ့ပါတယ်။ နောက် ထပ် ၁၈ လအတွင်းမှာတော့ စစ်သား၊ အရပ်သား ထောင်သောင်းချီစုဆောင်းပြီး နေ့ရောညပါ Burma Road ကို ဖောက် ကြပါတော့ တယ်။ ဒီလမ်းကို လီဒိုလမ်းမကြီး၊ ဒါမှမဟုတ် ဗိုလ်ချုပ်စတီးဝဲလ်ကို အစွဲပြုလို့ စတီးဝဲလ် လမ်းမကြီးလို့လည်း ခေါ်ကြပါတယ်။ ဟိမ၀န္တာတောင်ခြေကနေ ပတ်ပြီး တရုတ်-အိန္ဒိယ တိုက်ရိုက်လမ်းပေါက်ခဲ့ပါတော့တယ်။ ဒီလမ်းဖောက် ရာမှာ လူ ၂ သောင်း လောက် သေဆုံးခဲ့ရကြောင်းလည်း အရင်အပတ်က တင်ပြခဲ့ပါတယ်။

အဲဒီအချိန်က အမေရိကန်တပ်မှာ ပါလာတဲ့ စစ်သားအများစုက အာဖရိကတိုက်က စစ်သားတွေ၊ အမေရိကန်က လူမဲတွေ ပါ။ သူတို့က အင်းဆက်ပိုးမွှား၊ ကြမ်းတမ်းတဲ့ရာသီဥတု၊ ရောဂါဘယ၊ ရက်စက်တဲ့ မိုးဥတုဒဏ်တွေ ခံခဲ့ကြရပါတယ်။ သူတို့ကို ဘယ်သူမှလည်း တခုတ်တရ ကျေးဇူးတင်တယ်လို့ ပြောတာမကြားခဲ့ရပါဘူး။ အခု အမေရိကန်သမ္မတ အိုဘားမားရဲ့အဖိုး တောင် အမေရိကန်စစ်တပ်နဲ့အတူ မြန်မာပြည်ကို ရောက်လာခဲ့ဖူးပါသေးတယ်။

ဒီလိုနဲ့ ၁၉၄၄ ခုနှစ်မှာတော့ ဂျပန်က မြန်မာ-အိန္ဒိယနယ်စပ်ဒေသတွေကနေတဆင့် ထိုးစစ်အကြီးအကျယ် ဆင်နွှဲခဲ့ပါတော့ တယ်။ အိန္ဒိယစစ်မျက်နှာမှာ ဦးဆောင်နေသူ ဗြိတိသျှဗိုလ်ချုပ်ကြီး စလင်းက ဒီထိုးစစ်ကို ရိုက်ချိုးလို့၊ အကျပ်အတည်းကို ပြောင်းပြန်လှန် အခွင့်အရေးအဖြစ် ပြောင်းယူခဲ့ပါတယ်။ ထောက်ပံ့ရေးလမ်းကြောင်း သိပ်ရှည်နေတဲ့ ဂျပန်တွေကို နောက် ကျောက ခြင်္သေ့တပ်တွေနဲ့ ရိက္ခာလူသူ ဖြတ်တောက်ပါတယ်။ ဂျပန်ကလည်း စစ်အင်အားဆုတ်ယုတ်လာချိန်ဆိုတော့ ထောက်ပံ့ရေး ကောင်းကောင်း မလိုက်နိုင်တော့ပါဘူး။ ပြန်လန်ဆင်းလာတဲ့ ဂျပန်တပ်တွေနောက်ကို ဗြိတိသျှနဲ့ မဟာမိတ် တပ်တွေက လိုက်လာပါတယ်။ ချင်းတွင်းမြစ်ကို ဖြတ်၊ ဧရာဝတီကိုဖြတ်လို့ ရန်ကုန်-မန္တလေးကြားက မိတ္ထီလာကို ၁၉၄၄ ဒီဇင်ဘာလလယ်မှာ သိမ်းပိုက်လိုက်ပြီး ဆက် ချီတက်လာကြပါတယ်။ ၁၉၄၅ မတ်လ ၂၀ ရက်နေ့မှာတော့ ဗိုလ်ချုပ်စလင်း ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက မန္တလေးကိုပတ်ဝိုင်းလို့ နောက်ဆုံးသိမ်းပိုက်ခဲ့ပါတယ်။ ဂေါ်ရခါးတပ်တွေနဲ့ ဝေလနယ် ရဲဂျီမင့် တပ်ရင်းတို့က အရင်ဗြိတိသျှတွေ နွေရာသီရုံးစိုက်ရာ မေမြို့ကို ပြန်သိမ်းပိုက်နိုင်လိုက်ပါတယ်။ ၁၉၄၅ ခုနှစ်၊ မေလမှာ အိန္ဒိယ တပ်မအမှတ် ၁၇ က သိပ်ကြီးကြီးမားမား ခုခံမှုမရှိဘဲ ရန်ကုန်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက် ၃ လ အကြာမှာ တော့ ဂျပန်မှာ အဏုမြူဗုံးကျပြီး စစ်ကြီးလည်း နိဂုံးချုပ်ဇာတ်သိမ်းခဲ့ပါတော့တယ်။

ဒီနေရာမှာ သမိုင်းကိုဖတ်ရင်း ကျနော်အတွေးရှည်နေမိပါသေးတယ်။ အကြောင်းကတော့ အခုတလောဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရုပ်ရှင်ရိုက်မယ်ဆိုတဲ့ကိစ္စတွေနဲ့လည်း ဆက်စပ်နေပါတယ်။ အခုလို ဂျပန်စစ်အလန်၊ နောက်ကလိုက်လာတဲ့ ဗြိတိသျှဒီဝီဇံ တပ်မကြီးတွေက မန္တလေးကို ၁၉၄၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ရောက်လာပါပြီ။ မန္တလေးကို ဗြိတိသျှ တွေ ပြန်သိမ်း ပိုက်နိုင်တာက ၁၉၄၅ ခုနှစ်၊ မတ်လ ၂၀ မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်တော်လှန်ရေးစတင် ကြေညာတာက မတ်လ ၂၇ ရက်မှာမှ ဖြစ်ပါတယ်။ ကျနော်တို့ သင်ခဲ့ရတဲ့သမိုင်းတွေမှာ မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကပဲ ဂျပန်ကို တိုက်ထုတ်လိုက်သမျိုး သင်ကြားခဲ့ရပြီး၊ အခုလို ဒီဝီဇံလိုက် ၀င်လာတဲ့ မဟာမိတ်တပ်မကြီးတွေကိုတော့ ဖော့ထား ပါတယ်။ တခုချီးကျူးမိတာကတော့ ဗိုလ်ချုပ်တို့ အချိန်ကိုက်ဆုံးဖြတ်ချက် ချနိုင်မှုပါ။ ဒီထက်နည်း နည်းနောက်ကျရင် ဗိုလ်ချုပ်တို့ကိုယ်တိုင် ဂျပန်နဲ့အတူ ရောပြေးရတဲ့ကိန်းမျိုး ဆိုက်သွားနိုင်ပါတယ်။ ကျနော်ပြောချင်တာ မျိုးချိတ်မြန်မာ့ တော်လှန်ရေးသမားတွေကို နှိမ်ချချင်လို့ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်တဲ့အခါ စိတ်ပူမိတာကတော့ အခုလိုနောက်ခံ အခင်းအကျင်းကြီးတွေအတွက် လူသူအင်အား ငွေကြေးတတ်နိုင်ပါ့မလားဆိုတာပဲ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ၃ နှစ်အကြာမှာတော့ ဗြိတိသျှတွေလည်း အာရှကဆုတ်ခွာခဲ့ပါတယ်။ ပထမအိန္ဒိယကို လွတ်လပ်ရေး ပေးပြီး၊ ၁၉၄၈ ခုနှစ်မှာ မြန်မာက လွတ်လပ်ရေးရခဲ့ပါတယ်။ စစ်ကြီးပြီးတဲ့အခါ မြန်မာပြည်က အရင်ကအရေးပါခဲ့တဲ့၊ မဟာ ဗျူဟာတန်ဖိုးက ကျသွားပါတယ်။ စစ်ကြောင့် မြန်မာပြည်က လမ်းပန်း အခြေခံအဆောက်အဦ ပြာပုံဖြစ်နေပါတယ်။ စီးပွားရေး ပြန်နာလံထူရအောင် လုပ်ဖို့လည်း ဗြိတိသျှတွေက စိတ်မ၀င်စားတော့သလို၊ အရင်းအနှီးလည်း မစိုက်နိုင် တော့ပါ။ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်တို့က ဗြိတိသျှတွေအတွက် မဟာဗျူဟာအရ ပိုလို့အရေးပါလာပါတယ်။ အဲဒီ အချိန်မှာ အမျိုးသားရေး စိတ်ဓာတ်ပြင်းပြ ထက်သန်နေကြတဲ့ မြန်မာမျိုးချစ်တွေကလည်း ဗြိတိသျှတွေ ထွက်သွားဖို့ ဘယ် လောက်ပဲတန်ဖိုးပေးရ၊ ပေးရ လုပ်ကြမယ် ဖြစ်နေတဲ့အချိန်ပါ။ လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပဲ မြန်မာပြည်မှာ ပြည်တွင်းစစ်မီး တောက်လောင်လာ ခဲ့ပါတယ်။ လွတ်လပ်ရေးအပြီး ၁၂-နှစ် အကြာမှာတော့ မြန်မာပြည်က စစ်အာဏာသိမ်း အုပ်ချုပ်မှုတွေနဲ့ ကြုံခဲ့ရသလို၊ နောက်ပိုင်းမှာလည်း အထီးကျန် တံခါးပိတ် မူဝါဒကို ကျင့်သုံးခဲ့ပါတော့တယ်။ မြန်မာပြည် ရဲ့ မဟာဗျူဟာအရ အရေးပါမှု၊ တန်ဖိုးလည်း ပျောက်ကွယ်ခဲ့ရတဲ့ကာလ ဖြစ်လာခဲ့ပါတော့တယ်။ တပြိုင်နက်တည်းမှာ ၁၉၆၀ ခုနှစ်များမှာတော့ တရုတ်-အိန္ဒိယ နယ်စပ်စစ်ပွဲတွေ ဖြစ်ပါတယ်။ တရုတ်-အန္ဒိယ၊ မြန်မာ ၃-နိုင်ငံလုံးကလည်း ပြည်တွင်း ရေးကိုသာ ဦးစားပေး၊ တံခါး ပိတ်မူဝါဒ ကျင့်သုံးခဲ့တဲ့ကာလတွေ ဖြစ်နေခဲ့ပြီး၊ လီဒို လမ်းမကြီးလို့ခေါ်တဲ့ မြန်မာလမ်းမကြီး လည်း နောက်ထပ်ရာစုနှစ် တ၀က်တိုင်၊ နှစ် ၅၀ ကျော် ခြုံနွယ်ပိတ်ပေါင်းတွေ ထူခဲ့ရကြောင်းပါ ခင်ဗျား။

နောက်တပတ်မှာတော့ စာရေးသူ ဦးသန့်မြင့်ဦးရဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်းထင်ဟပ်ချက်၊ အမြင်တွေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments