Pages

Sunday, January 29, 2012

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၉)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ သူရဲ့ရှမ်းပြည်နယ်ဖက် ခရီးစဉ်၊ ဆက်စပ်ရာသမိုင်းတွေကို တင်ပြပေးထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက ဒုတိယကမ္ဘာစစ်အတွင်းက မဟာဗျူဟာအရ တန်ဖိုးတက်ခဲ့ရတဲ့ မြန်မာပြည်အကြောင်း ဖော်ပြပြီး နောက်ပိုင်းမှာ မြန်မာပြည်က အထီးကျန်နေထိုင်ခဲ့တဲ့ အခြေအနေ၊ မဟာဗျူဟာအရ နိုင်ငံတကာရဲ့ စိတ်ဝင်စားဖွယ်အရ တန်ဖိုးကျဆင်းခဲ့ရတဲ့ အခြေအနေတွေကို ဆက်လက်ဖော်ပြပါတယ်။ အဲဒီနောက်တော့ မေမြို့သူရောက်စဉ် သူတွေ့ရတဲ့ စစ်တက္ကသိုလ်အကြောင်း၊ ပိတ်ရက် အားလပ်ရက်တွေမှာ ထွက်လည်တတ်တဲ့ ဗိုလ်လောင်းသင်တန်းသားတွေအကြောင်း ဖော်ပြရင်းနဲ့ မြန်မာသမိုင်းမှာ စစ်တပ်က ချုပ်ကိုင်လွှမ်းမိုးထားတဲ့ နေရာက ပါဝင်ခဲ့ပုံအကြောင်းကိုလည်း တို့ထိဖော်ပြခဲ့ပါ သေးတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းလို့ "တော်လှန်ရေးကောင်စီ" အဖြစ် ဦးဆောင်၊ နောက်တော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအဖြစ် ၂၆- နှစ်တာ တိုင်းပြည်ကို တံခါးပိတ် ဖြတ်သန်းခဲ့တဲ့ကာလ တွေအကြောင်းနဲ့၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး နောက်ပိုင်း ဒီကနေ့ ကျနော်တို့ သိကြသလို စစ်အစိုးရနဲ့ ဒီမို ကရေစီ အင်အားစုတွေအကြား အားပြိုင်မှု၊ အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပါအ၀င် မြန်မာပြည်နဲ့ နိုင်ငံတကာ ဆက်ဆံရေး အဆင့်လျောကျ နောက် ဆုတ်ခဲ့ရတဲ့ အခြေအနေတွေကိုလည်း တို့ထိ တင်ပြခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတဲ့အချိန်မှာ မြန်မာစစ်အစိုးရအဖို့ တရုတ်နိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ သံတမာန်ရေး အရ အားကိုးအားထားစရာ ဖြစ်လာပါတယ်။ တရုတ်က မြန်မာပြည်တွင်း ကိစ္စတွေဟာ ပြည်တွင်းရေးသာ ဖြစ်တယ်၊ ၀င်ရောက် မစွက်ဖက်ရေးဆိုတဲ့မူကို လက်ကိုင်ထားတဲ့အခါ စစ်အစိုးရအဖို့ ပိုလို့ သဘောကျစရာ ဖြစ်စေပါတယ်။ ဒါပေမယ့် မြန်မာလူမျိုး တွေရဲ့ စိတ်အဇ္ဈတ္တအတွင်းမှာ တရုတ်ကို ကြောက်ရွံ့တဲ့စိတ်က သိပ်ပြင်းထန်လွန်းတယ်လို့ သူက ဆိုပါတယ်။

တရုတ် တာတာ တပ်တွေလာတိုက်လို့ ပုဂံပျက်ရတဲ့အဖြစ်၊ တရုတ်ပြေးမင်း စတဲ့ သမိုင်းမှတ်ဉာဏ်တွေ ရှိခဲ့သလို၊ ၁၈-ရာစု မန်ချူးတပ်တွေလာတိုက်တော့ ခုခံခဲ့တဲ့အကြောင်း စာကဗျာဖွဲ့ခဲ့တာ အများလည်း ရှိခဲ့ကြပါတယ်။ အခု မြန်မာစစ်ဗိုလ်ချုပ် တွေ ကိုယ်၌က တချိန်က တရုတ်ပြည်က ကျောထောက်နောက်ခံပေးထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်တွေနဲ့ သူတင် ကိုယ်တင် ပွဲ နွဲခဲ့ရတဲ့ မှတ်ဉာဏ်က ကျန်ရှိနေပါသေးတယ်။ တဖက်က တရုတ်နိုင်ငံကို မှီခိုအားထားနေရတဲ့အချိန်မှာ သူ့ ချည်းပဲ စိတ်ချ မထားနိုင်ပါဘူး။ အိန္ဒိယကို ပြန်ချိန်ထိုးညှိဖို့ ကြိုးပမ်းခဲ့သလို၊ အာဆီယံအဖွဲ့ဝင်အဖြစ်လည်း ၀င်ဆန့်အောင် ကြိုးပမ်းခဲ့ပါ သေးတယ်။ အာဆီယံဆီက မြန်မာက ရင်းနှီးမြှုပ်နှံမှု အကူအညီတွေ လာခဲ့မယ် မျှော်လင့်ပေမယ့် မဖြစ်ခဲ့ပါဘူး၊ အကြောင်း ကတော့ ၁၉၉၇ အာရှငွေကြေးကပ်ကြောင့်ပါ။ အာဆီယံဖက်က အပြုသဘောဆောင် ချည်းကပ်မှုနဲ့ မြန်မာဖက်က ပြောင်းလဲ လာဖို့ ကြိုးပမ်းပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အကြောင်းကတော့ စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆွေး နွေးနိုင်လို့ပါ။ ဒေါ်စုနဲ့ ဆွေးနွေးခြင်းအားဖြင့် ပြေလည်ဖို့ အဲဒီအချိန်က မသေချာသလို၊ ပိုလို့ အန္တရာယ်များ ရှုပ်ထွေးမယ်လို့ စစ်ဗိုလ်ချုပ်တွေဖက်က တွက်ဆခဲ့နိုင်တယ်လို့ စာရေးသူက ဆိုပါတယ်။ ဒီလိုနဲ့ အပြောင်းအလဲတွေ နှောင့်နှေးကြန့်ကြာ နေခဲ့ တာပါ။

စာရေးသူ ဦးသန့်မြင့်ဦးက မေမြို့ကနေ ရှမ်းပြည်နယ်၊ သီပေါဖက်ကို ဆက်လို့ ခရီးထွက်ခဲ့ပါတယ်။ ဒီလမ်းတလျှောက် သူ မြင်တွေ့ရတဲ့ ထူးခြားချက်တွေကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ အထူးသဖြင့် ရိုမန်ကက်သလစ် ဘုရားကျောင်းတွေ၊ အိန္ဒိယမြောက်ပိုင်းနွယ်ဖွား အသွင်ရှိတဲ့သူတွေ၊ အရင် ကိုလိုနီစစ်တပ်လက်ကျန်သမိုင်းဖြစ်တဲ့ ဂေါရခါးလူမျိုးတွေ၊ နီပေါ ဘုရားကျောင်းတွေ၊ မူစလင် ရပ်ကွက်တွေအကြောင်း ရောင်စုံမြင်ကွင်းကိုလည်း ဖော်ပြခဲ့ပါတယ်။

သူက မြန်မာပြည် သမိုင်းကို ကောင်းကောင်း နားလည်ချင်တယ်ဆိုရင် မြန်မာနိုင်ငံ ပထ၀ီမြေပုံကို ကြည့်ရမယ်လို့ ပြောပါ တယ်။ နိုင်ငံရဲ့ ဗဟိုချက်မကို ပတ်ဝိုင်းထားတဲ့ နယ်ခြားဒေသတွေ၊ နိုင်ငံအကျယ်ရဲ့ တ၀က်ကျော်က တိုင်းရင်းသားလူမျိုးတွေ နေထိုင်နေကြတာပါ။ လူဦးရေအရ တိုင်းရင်းသားတွေက နိုင်ငံ့လူဦးရေရဲ့ (သုံးပုံနှစ်ပုံ) ရှိနေပါတယ်။ ဘာသာကိုးကွယ်မှုအရ လည်း ဗမာလူမျိုး အများစုက ဗုဒ္ဓဘာသာ ဖြစ်ပေမယ့်၊ တိုင်းရင်းသားတွေကြားမှာ ခရစ်ယာန်၊ မူစလင်၊ နတ်ကိုးကွယ်မှု စသဖြင့် ကွဲပြားရှိနေပါသေးတယ်။ ဗမာတွေက ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဒေသမှာ နေထိုင်ကြပြီး တိုင်းရင်းသားတွေကတော့ မြန်မာ ပြည် အလယ်ပိုင်းကို ပတ်ဝိုင်းထားတဲ့ တောင်တန်းဒေသတွေမှာ နေထိုင်ကြပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ်အကြောင်းကို စာရေးသူဦးသန့်မြင့်ဦး ဖော်ပြရာမှာတော့ "နေ၀င်ဘုရင်များ" ဆိုပြီး အဲဒီအခန်း ကို ခေါင်းစဉ်ပေးခဲ့ပါတယ်။ တချိန် မြန်မာပြည် ကိုလိုနီဘ၀ မကျရောက်ခင်က ရှမ်းပြည်နယ်လို တောင်တန်းဒေသတွေမှာ ရှမ်း စော်ဘွားတွေ၊ ဒေသအကြီးအကဲတွေ ကိုယ့်ဘာသာအုပ်ချုပ် နေထိုင်ခဲ့ကြပါတယ်။ သူတို့က ဗမာဘုရင့်အပေါ် သစ္စာ ခံကြတာ မျိုး ရှိသလို၊ တရုတ်ပြည်နဲ့ နီးစပ်တဲ့ နယ်စပ်ဒေသက တိုင်းရင်းသားအကြီးအကဲတွေကလည်း နှစ်ဖက်စလုံးကို သစ္စာခံ ပဏ္ဏာဆက် နေထိုင်ခဲ့ကြတာမျိုး ရှိပါတယ်။ ဘာသာစကား ပြောဆိုပုံကလည်း ထွေပြားစုံလင်လှပါတယ်။ ဒါကြောင့် လည်း နောက်ပိုင်းမှာ လူမျိုးရေးအခြေခံ ပြည်တွင်းစစ်တွေ ဖြစ်လာခဲ့ရတာပါ။

သူက ရှမ်းလူမျိုးတွေရဲ့ ဒဏ္ဍာရီဆန်လှတဲ့ ခွန်လုံ နဲ့ ခွန်လိုင် ညီအစ်ကို ၂-ဦးက ဆင်းသက်လာတယ်ဆိုတဲ့ ရှမ်းလူမျိုးတွေရဲ့ အတိတ်သမိုင်းကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ တချိန်က မြန်မာပြည်သမိုင်းမှာသာမက ဒေသတွင်းမှာပါ ရှမ်းလူမျိုး စော်ဘွား၊ အကြီးအကဲတွေက တနည်းမဟုတ် တနည်း ပတ်သက် အရေးပါခဲ့ကြပါတယ်။ ထိုင်းနိုင်ငံဖက်ကို ဆင်းသက်လာ ကြသူ လူမျိုး တူတွေ ရှိသလို၊ ယူနန်ပြည်နယ်ဖက်မှာလည်း ဒိုင်လူမျိုးတွေရဲ့ ဘုရင်ထီးနန်းတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဗြိတိသျှတွေ လာရောက်သိမ်းပိုက်တဲ့ အချိန်မှာတော့ ရှမ်းစော်ဘွားတွေက ခွန်အားချိနဲ့နေတဲ့ကာလဖြစ်ပြီး အချို့စော်ဘွား အုပ်ချုပ်ရာ ပြည်နယ်တွေတော့ ရှိနေခဲ့ပါတယ်။ ဗြိတိသျှတွေက မြန်မာပြည်မကို သီးခြားခွဲခြားအုပ်ချုပ်ပြီး၊ ရှမ်းပြည်နယ်ကိုတော့ တောင် တန်းဒေသအဖြစ် ရှမ်းစော်ဘွားတွေရဲ့ အာဏာကို မတို့မထိထားခဲ့ပါတယ်။ ရှမ်းပြည်နယ်ကို စော်ဘွား ၃၄ ဦး နဲ့ စော်ဘွား များကောင်စီ (Order of Precedence) အဖြစ် ဖွဲ့စည်းလို့ အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီအချိန်က ရှမ်းပြည်နယ်က "အရှေ့တိုင်းရဲ့ ဆွစ်ဇာလန်" လို့ တောင်တင်စားခေါ်ဝေါ်ရလောက်အောင် တည်ငြိမ် အေးချမ်းခဲ့ပါတယ်။ အိမ်နီးချင်း တရုတ် ပြည်မှာတော့ အဲဒီအချိန်မှာ စစ်ပွဲတွေ၊ သူပုန်ထမှုတွေနဲ့ လူသန်းချီ သေဆုံးနေတဲ့ အချိန်ပါ။

နောက်ပိုင်း ဒုတိယကမ္ဘာစစ်ဖြစ်လာ၊ မြန်မာပြည် လွတ်လပ်ရေးရလာပြီးတော့ ရှမ်းပြည်နယ်မှာ ပြောင်းလဲလာခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း စာရေးသူ ဦးသန့်မြင့်ဦးက ဆက်လက်တင်ပြထားပါတယ်။ စာရေးသူရဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်းထင်ဟပ်ချက်၊ အမြင်တွေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments