Pages

Saturday, May 29, 2010

နေပြည်တော် (၁)


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ပြင်ပဆောင်းပါးရှင် ဦး အောင်သူငြိမ်းက ဒီတပတ်မှာ စာအုပ် သစ်တအုပ်နဲ့ မိတ်ဆက်ပေးထား ပါတယ်။ ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" လို့ အမည်ရတဲ့စာအုပ်ပါ။ ထိုင်းနိုင်ငံ မဟာဆာရခမ်တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာ သင်ကြား နေတဲ့ဆရာတဦးဖြစ်တဲ့ ဒူယာပက် ပရီချာရာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတာ ဖြစ်ပါတယ်။
သောတရှင် မိတ်ဆွေများခင်ဗျား။
ဒီတပတ်မှာတော့ စာအုပ်သစ်တအုပ်နဲ့ စတင်မိတ်ဆက်ပေးဖို့ စဉ်းစား ထား ပါတယ်။ စာအုပ်ရဲ့ နာမည်ကိုက "မြန်မာနိုင်ငံရဲ့ မြို့တော်သစ်၊ နေပြည်တော်" ဆိုတော့ ပရိသတ်တွေလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ စာအုပ်က အခုနှစ်အတွင်း မကြာသေးခင်ကမှ ထုတ်ဝေထားတာဖြစ်ပါတယ်။ ဒီစာအုပ်ကိုရေးသားတဲ့သူကတော့ အခုအခါ ထိုင်းနိုင်ငံမှာ မဟာဆာရခမ်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးပညာသင်ကြားနေတဲ့ ဆရာတဦးဖြစ်တဲ့ ဒူပါယက် ပရီချာရှာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတာဖြစ်ပါတယ်။
ဒီစာအုပ်ကို ဖတ်ကြည့်တော့ သူက ထိုင်းနိုင်ငံက နာမည်ကြီးတက္ကသိုလ်တခုဖြစ်တဲ့ ချူလာလောင်ကောင် တက္ကသိုလ်မှာ အရှေ့တောင်အာရှဒေသ လေ့လာရေးဌာနမှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ် ရေးသားထားတဲ့ ကျမ်းပြု စာတမ်းဖြစ်နေတာ တွေ့ရပါတယ်။ ကျမ်းပြု စာတမ်းဆိုတော့ ဘာသာရပ် ဆိုင်ရာကိစ္စတွေနဲ့ စာလေးနေမယ် ထင်ရပေမယ့် ကိုယ့်မြန်မာနိုင်ငံအကြောင်း၊ နောက်တခုက စစ်အစိုးရက ဘာဖြစ်လို့ ရန်ကုန်ကနေ နေပြည် တော် မြို့တော်သစ်ကို ရွှေ့သွားရတာလဲ၊ ကျန်တဲ့ နိုင်ငံတကာ ပညာရှင်တွေကရော ဘယ်လို သုံးသပ်ရှုမြင် ကြသလဲဆိုတာ သိချင်စိတ်နဲ့ ဖတ်ရတဲ့အတွက်ကြောင့် စာဖတ်ရတာ သိပ်ပျင်းစရာမကောင်းလှဘူးလို့ ထင်မိ ပါတယ်။ သူက ဒီစာအုပ်ကို အခန်း (၇) ခုခွဲပြီး ရေးသား ထားပါတယ်။ အခန်းတွေအလိုက် သင့်သလို ကျနော် ဆက်လက်တင်ပြသွားပါ့မယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စစ်အစိုးရက နိုင်ငံရဲ့မြို့တော်ကို ရန်ကုန်ကနေ လူသူမနီးတဲ့ ပျဉ်းမနားအနီးက မြို့တော်သစ် ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ တောတောင်ထဲမှာ အခုမှတည်ဆောက်နေဆဲ မြို့တော်ပါ။ ၂ဝဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ (နအဖ) စစ်အစိုးရက ရုံးတွေဆီကို မြန်မာနိုင်ငံအလယ်ပိုင်း ပျဉ်းမနားမြို့အနီးမှာ တည်ဆောက်နေ ဆဲ မြို့တော်ဆီ ပြောင်းရွှေ့ရမယ်လို့ အမိန့်ရောက်လာခဲ့ပါတယ်။ လူအားလုံး၊ ဝန်ထမ်းအားလုံးလည်း ဆိုင်းဗုံ မဆင့်ဆိုတော့ အံ့သြ နေကြရပါတယ်။ ပျဉ်းမနားမြို့အနီး တောင်ကြားလွင်ပြင် တောခေါင်ခေါင်ဒေသ တခုထဲမှာ အခုမှ ရုံးတွေဆောက်နေဆဲပါ။ တချို့ရုံးဌာနတွေလည်းပြီး၊ တချို့ရုံးတွေ၊ လူနေအိမ်တွေလည်း မပြီးကြသေး ပါဘူး။ အခုမြို့တော်သစ်လို့ သတ်မှတ်တဲ့ နေရာက ရန်ကုန်မြို့ကနေ ၃၅ဝ ကီလိုမီတာလောက် ကွာဝေးပါတယ်။ နောက်တနေ့မှာတော့ စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက နိုင်ငံရဲ့မြို့တော်ကို ပျဉ်းမနား ခရိုင်ထဲက အသစ်တည်ဆောက်ထားတဲ့ မြို့သစ်တခုကို ရွှေ့မယ်ဆိုတာ ကြေညာခဲ့ပါတယ်။ အဲသည်အချိန် အထိ နေပြည်တော်ဆိုတဲ့နာမည် မပေးရသေးပါဘူး။ အဲသည်နေရာကို မြို့တော်သစ်ရွှေ့ရတဲ့အကြောင်းက နိုင်ငံရဲ့ အလယ်ဗဟိုဖြစ်တာရယ်၊ ပထဝီအနေအထားအရ မဟာဗျူဟာအရ အရေးပါလို့လို့ ဗိုလ်မှူးချုပ်ကျော်ဆန်းက အကြောင်းပြချက်ပေးခဲ့ပါတယ်။ နောက်တော့ သွေးတိုးစမ်းပြီးနေပြည်တော်လို့ သုံးလာခဲ့ပါတယ်။ ပထမ အုပ်ချုပ်ရေးမြို့တော်သဘော ပြောလာနေရာကနေ၊ နိုင်ငံရဲ့မြို့တော်ကိုပါ ပြောင်းလဲ သတ်မှတ်တယ်ဆိုတာမျိုး လုပ်လာခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်၊ မတ်လ ၂၇ ရက်၊ မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့ ချီတက်ပွဲမှာမှ ပျဉ်းမနား ခရိုင်က ကျပ်ပြေးရွာကို နေပြည်တော်လို့ တရားဝင်ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ ရှေးဟောင်းဘုရင်တွေရဲ့ ထီးနန်း ဆန်ဆန် အသုံးအနှုန်းမျိုးပါ။ ပထမက ပျဉ်းမနာနေပြည်တော်လို့ တွဲပြီးခေါ်ဆိုရာကနေ နောက်တော့နေပြည် တော်လို့ ခေါ်ဆိုလာပါတယ်။ ဖွဲ့စည်းပုံအသစ်ကို ၂ဝဝ၈ ခုနှစ်မှာ ပြဌာန်းတဲ့အခါမှာတော့ နိုင်ငံရဲ့မြို့တော်သစ် အဖြစ် တရားဝင်ဖော်ပြသတ်မှတ်ခဲ့ပါတော့တယ်။

ဘာအကြောင်းကြောင့် မြို့တော်ကို ပြောင်းရတယ်၊ ဘယ်လိုစဉ်းစားချက်ကို အခြေခံပြီး ပြောင်းတယ်ဆိုတာ အခု အချိန်တိုင် လူတွေ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။ စစ်အစိုးရကတော့ နေပြည်တော်ကို မြို့တော် ပြောင်းခြင်း အားဖြင့် ဖွံ့ဖြိုးရေးအတွက် ပိုလုပ်နိုင်မယ်လို့ ဆင်ခြေပေးပါတယ်။ လေ့လာသုံးသပ်သူအများစုက တော့ မဟာဗျူဟာအရ ပိုအရေးပါတဲ့နေရာကို ပြောင်းတာ၊ စစ်ရေးအရ အမေရိကန်ကမ်းတက်ရေတက်က ကျူးကျော်တိုက်ခိုက်လာမယ့်အရေး စိုးရိမ်စိတ်ကဲပြီး ပြောင်းတာလို့ သုံးသပ်ကြတာလည်း ရှိပါတယ်။ အချို့က လည်း တိုင်းရင်းသားသူပုန်တွေကို ပိုပြီး ထိရောက်စွာ ကိုင်တွယ်နှိပ်ကွပ်နိုင်အောင်၊ အချို့ကတော့ မြန်မာ ပြည်သူတွေက မကျေနပ် ဆူပူအုံကြွလာမယ့်အရေး စိုးရိမ်စိတ်နဲ့ ပြောင်းတယ်ဆိုတာ ထင်ကြေးပေးမှုတွေ ရှိပါ တယ်။ ဒါပေမယ့် တချို့ကတော့ ၂ဝဝ၆ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ မပြောင်းရင် အစိုးရပြုတ်ကျကိန်းရှိတယ်၊ ဗေဒင် ယတြာကိန်းအလိုအရ ပြောင်းရွှေ့တယ်ဆိုတာမျိုး သုံးသပ်ဝေဖန်မှု အမျိုးမျိုး ရှိခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ စစ်အစိုးရထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ဘုရင်တွေ ဘုန်းတန်ခိုး အာဏာတက်လာရင် မင်းနေပြည် တော် အသစ်တည်ထောင်ကြသလိုပဲ၊ သူလည်း နန်းဆက်တခု၊ နေပြည်တော် မြို့သစ်တခု တည်ထောင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘယ်သူကမှ တိတိကျကျ မပြောနိုင်သလို၊ မြန်မာနဲ့ အိမ်နီးချင်း အစိုးရတွေတောင် အကြောင်းမကြား၊ အသိမပေးဘဲ ချက်ချင်းပြောင်းရွှေ့ခဲ့တဲ့ အတွက်ကြောင့် စိုးရိမ်ရ၊ စိတ်ကသိကအောင့် ဖြစ်ခဲ့ကြရပါတယ်။

ဒီစာအုပ်ရေးသားတဲ့ စာရေးဆရာကတော့ အခုလိုကိစ္စတွေကို ပညာရှင်ရှုထောင့်က ချည်းကပ်ရေးသားတဲ့ စာတန်းတွေက နည်းလှတယ်၊ ပညာရှင်ရှုထောင့်က ချည်းကပ်လေ့လာတာမျိုး လုပ်မယ်လို့ ဆိုခဲ့ပါတယ်။ သူ အခုစာအုပ် ကျမ်းပြု ရေးစဉ်မှာ ချူလာတက္ကသိုလ်က နာမည်ကျော် သမိုင်းပညာရှင် ပါမောက္ခဆူနိတ် ချူတိ တရာနွန်၊ နရီဆွန်တက္ကသိုလ် မြန်မာဘာသာဌာနက ပါမောက္ခတွေ၊ အခြားပညာရှင်တွေက အကြံပေးပံ့ပိုးခဲ့ ကြပါတယ်။ စစ်အစိုးရက မြို့တော် ပြောင်းရွှေ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ပညာရပ်ဆိုင်ရာ လေ့လာချက်တွေ မရှိဘူးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက သုတေသီပညာရှင် မောင်အောင်မျိုးရေးသားတဲ့ စင်္ကာပူ အာရှ သုတေသန အင်စတီကျုက ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်ဝေတဲ့ စာတမ်း၊ "နေပြည်တော်သို့ သွားရာလမ်း၊ မြန်မာ အစိုးရက မြို့တော်သစ်ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ကို အဓိပ္ပါယ်ဖော်ကြည့်ခြင်း" ဆိုတဲ့စာတမ်းကိုလည်း ကျနော် ဖတ်ဖူးခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ မောင်အောင်မျိုးနဲ့ အခုထိုင်းပညာရှင်တို့ သုံးသပ်ချက် ကွာခြားမှုတွေ၊ တူညီတာတွေကိုလည်း ဆက်လက်ဖော်ပြပါမယ်။

တကယ်တော့ မြန်မာစစ်အစိုးရ လုပ်ဆောင်ချက်တွေက ပွင့်လင်းမြင်သာမှုမရှိသလို၊ လူအများက ပဟေဠိတွေ ကို အဖြေညှိနေရသလို တွက်ဆနေကြရတာပါ။ ဘယ်သူက အမှန်ဆိုတာ ပြောဖို့ခက်သလို၊ စစ်အစိုးရရဲ့ စဉ်းစား လုပ်ဆောင်ချက်တွေကလည်း အများအားဖြင့် ကျိုးကြောင်းဆီလျော် မရှိတတ်လေတော့ ပညာရှင်ဆန်ဆန် ချည်းကပ်လေ့လာဖို့ဆိုတာလည်း အတော်ခက်ခဲလှပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအရေး စာအုပ်သစ် တအုပ် တိုးလာတယ်ဆိုတာ ဝမ်းသာစရာပါ။ ပညာရှင်နယ်ပယ်မှာ ဘာပဲဖြစ်ဖြစ် ထပ်မံအသစ် တိုးလာတဲ့ စာအုပ်စာတန်းတခု၊ ကိုးကားဖွယ်၊ ဖတ်ရှုဆင်ခြင်ဖွယ် စာအုပ်တခု၊ မြန်မာစစ်အစိုးရကို တစေ့တစောင်း ဖော်ပြနိုင်တဲ့ စာအုပ်တခုလို့ ဆိုပါရစေ။ နောက်တပတ်မှာတော့ နေပြည်တော်နဲ့ပတ်သက်လို့ သူတင်ပြထားတဲ့ လေ့လာချက်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark



Friday, May 21, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၁၃)။ မြန်မာနိုင်ငံ နယ်စပ်ဒေသ များရှိ ကျန်မာရေးစောင့်ရှောက်မှု အခြေအနေ


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေ ပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စာအုပ်နောက်ဆုံး အခန်းအဖြစ် မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေအကြောင်း ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
မြန်မာနိုင်ငံ နယ်စပ်ဒေသက ကျန်းမာရေးအခြေအနေအကြောင်း ဆောင်းပါးကို လူအများ စုပေါင်းရေးသား ထားကြတာ ဖြစ်ပါတယ်။ စောမန်းမန်း၊ ကက်သရင်း စီ-တီလာ၊ ကက်သရင်း အိုင်-လီး၊ ကာရာ အိုကော်နာ တို့ စုပေါင်းရေးသားထား ကြတာ ဖြစ်ပါတယ်။ အရင်တပတ်ကတော့ မြန်မာတနိုင်ငံလုံးမှာ ကျန်းမာရေး စောင့် ရှောက်မှုစနစ် ကျဆင်းညံ့ဖျင်းလာတဲ့ အကြောင်း တင်ပြခဲ့ပါတယ်။ ဒီလိုကျဆင်းလာတဲ့ ကျန်းမာရေးအခြေအနေ က တိုင်းရင်းသားအများစု နေထိုင်ကြတဲ့ ဝေးလံခေါင်သီတဲ့ နယ်စပ်ဒေသတွေမှာ ဆိုလို့ရှိရင် ပိုလို့ဆိုးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ညံ့ဖျင်းတဲ့ အခြေအနေသာမက စစ်ပွဲတွေ၊ ဖိနှိပ်ဆက်ဆံခံနေရတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ နှစ်ပေါင်း ၅ဝ-ကျော်ကြာ ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ဆိုးကျိုးတွေကိုလည်း ခံစားနေ ကြရပါတယ်။ ဒီဒေသမှာ ဖွံ့ဖြိုးမှုကလည်း အထူးနိမ့်ကျ လှပါတယ်။ စစ်ပွဲတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် အိုးအိမ်စွန့်ပစ် ထွက်ပြေးရတာတွေရှိသလို၊ (နဝတ-နအဖ) စစ်အစိုးရ တက်လာပြီးနောက်ပိုင်းမှာမှ အဓမ္မလုပ်အားခိုင်းစေမှုကလည်း သိသိသာသာ တိုးများလာပါတယ်။ ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေကြောင့်လည်း လူတွေ အိုးအိမ်စွန့်ပစ် ထွက်ပြေးရတာ၊ သူတို့ အိုးအိမ်ကနေ အတင်းအကျပ် နှင်ထုတ်ခံရတဲ့ ဖြစ်ရပ်တွေလည်း အများအပြား ရှိခဲ့ကြပါတယ်။ ဒီလိုထွက်ပြေးတဲ့ ဒုက္ခသည်အချို့ကတော့ အိမ်နီးချင်း နိုင်ငံတွေဆီမှာ ခိုလှုံနိုင် ကြပါတယ်။ ဒါပေမယ့် အများစုကတော့ နယ်စပ်ဖြတ်ကျော် မထွက်ပြေးနိုင်ကြဘဲ တောတောင်ထဲ ပြေးလွှားပုန်း အောင်းနေကြရတာလည်း ရှိပါတယ်။ အချို့က လည်း သူတို့ဘိုးဘွားပိုင် အိမ်ယာတွေကို စွန့်ပစ်မထွက် ပြေးချင် ကြလို့ တဝဲလည်လည်နဲ့ စစ်တပ်လာရင် ပြေးရှောင်လိုက်၊ မရှိရင် ပြန်နေလိုက် လုပ်နေကြတာမျိုးလည်း ရှိပါ တယ်။ ဒီလို ပြည်တွင်းမှာပဲ ပြေးလွှားနေကြရတဲ့ ဒုက္ခသည်တွေကို (IDP) (ပြည်တွင်းဒုက္ခသည်) တွေလို့ ခေါ်ကြ ပါတယ်။ မြန်မာစစ်တပ်က နေရာအနှံ့အပြားမှာ တိုးချဲ့ချထားလာတာကြောင့် ပိုလို့ အကျပ်အတည်း ကြုံနေကြ ရပါတယ်။ အခု ဆောင်းပါးမှာ အဓိကထားလေ့လာထားတာကတော့ အဲသည်ပြည်တွင်း ဒုက္ခသည် တွေရဲ့ ကျန်းမာရေး အခြေအနေပါ။

စစ်တပ်က တိုင်းရင်းသားသူပုန်အုပ်စုတွေကို အရင်ကတော့ ဖြတ် ၄ ဖြတ်စစ်ဆင်ရေးနဲ့ အင်အားချိနဲ့အောင် လုပ်လေ့ ရှိကြပါတယ်။ ဖြတ် ၄-ဖြတ် ဆိုတာကတော့ လူတွေ့ရင် သတ်ဖြတ်တာ၊ ရိက္ခာဖြတ်တောက်တာ၊ သတင်း အဆက်အသွယ် ဖြတ်တောက်တာနဲ့ ရန်ပုံငွေဖြတ်တောက်တာတွေ လုပ်ပါတယ်။ အထူးထိခိုက်နစ်နာ ရတာကတော့ ပြည်သူလူထုတွေပါပဲ။ တခါ အခုကာလမှာ နေပြည်တော်မြို့သစ်တည်ဆောက်ပြီး မြို့တော်သစ် လုံခြုံရေးအတွက် တောင်ငူ၊ ပျဉ်းမနား အရှေ့ခြမ်း တောင်တန်းဒေသက တိုင်းရင်းသားတွေကို မောင်းထုတ်တာ တွေ၊ မြန်မာနိုင်ငံ အရှေ့ဖျားဒေသမှာ အပစ်အခတ်ရပ်စဲရေး မလုပ်သေးတဲ့ ကရင်၊ ကရင်နီ တိုင်းရင်းသားတွေ ကို တိုးလို့ ထိုးစစ်ဆင်တာတွေ လုပ်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြထားတာကတော့ အဲသလို ပြည်သူတွေ ကို ပစ်မှတ်ထားလာလိုက်တာ ၂ဝဝ၆ ခုနှစ်၊ ဖေဖေါ်ဝါရီလက စခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် လူ ၃၆ဝ ကျော် သေဆုံး၊ ၃ဝ,ဝဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။ အခုအခါ အပစ်ခတ်ရပ်စဲထားတဲ့အဖွဲ့တွေ ကိုလည်း မြန်မာ့တပ်မတော်အောက်မှာ နယ်ခြားစောင့်တပ်အဖြစ် နေရမယ်လို့ အတင်းအကျပ် ပုံသွင်းနေတာ ကြောင့် တင်းမာမှုတွေလည်း ဖြစ်နေရပါတယ်။ ဒီလို ပြည်တွင်းဒုက္ခသည်တွေက အစိုးရက ထောက်ပံ့ပေးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို မရနိုင်ကြပါဘူး။ နယ်စပ်ဖြတ်ကျော်ပြီး တချို့ အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့ တွေ၊ တိုင်းရင်းသား အဖွဲ့တွေ ပေးတဲ့ အကူအညီတွေကို မှီခိုရပ်တည်နေကြရတာ ဖြစ်ပါတယ်။ သူတို့ ရပ်တည် နေရတဲ့ အခြေအနေကို လေ့လာတင်ပြထားတဲ့ နာတာရှည်ခံစားနေရတဲ့ အရေးပေါ်ကပ်ဘေး အခြေအနေ (Chronic emergency) ဆိုတဲ့ အစီရင်ခံစာလည်း ရှိပါသေးတယ်။

ဒီလို ပြည်တွင်းဒုက္ခသည်တွေမှာ လူအသေအပျောက်အများဆုံး ခံစားကြရတဲ့ ရောဂါကတော့ ငှက်ဖျားရောဂါ လို့ဆိုပါ တယ်။ ၁၂ ရာခိုင်နှုန်းအထိ သေနှုန်းရှိတယ်လို့ ဆိုပါတယ်။ တောထဲတောင်ထဲ ပြေးလွှားနေရတဲ အခြေအနေကိုလည်း ထင်ဟပ်ဖော်ပြရာ ရောက်ပါတယ်။ ဒုတိယပြဿနာကတော့ အာဟာရချို့တဲ့မှုပြဿနာပါ။ ကလေး ၁၅ % လောက်မှာ အာဟာရချို့တဲ့မှု လက္ခဏာတွေ တွေ့နေရပါတယ်။ ဒါအပြင် လူ့အခွင့်အရေးချိုး ဖောက် ဖိနှိပ်မှုတွေ၊ သူတို့ရိက္ခာတွေ လုယက်ဖျက်ဆီးခံရတာ၊ စားနပ်ရိက္ခာ မလုံခြုံမှုကိုလည်း ကြုံတွေ့နေရတဲ့ အပြင်၊ သေစေလောက်တဲ့ မြေမြုပ်မိုင်း တွေကြားထဲ ပြေးလွှားနေကြရသူတွေပါ။ အချို့အဖွဲ့အစည်းတွေလေ့လာ ခန့်မှန်းချက်အရ အဲသည်လို ပြည်တွင်းဒုက္ခသည် အရေအတွက်က ၆ သိန်းကနေ တသန်းလောက်တောင်ရှိ တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ အခြေစိုက်ကြတဲ့ အဲန်ဂျီအိုခေါ် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက နယ်စပ်ဒေသတွေကို လက်လှမ်း မမှီကြတော့ နယ်စပ်ဖြတ်ကျော်ပြီး အချို့အဖွဲ့တွေက အကူအညီပေးကြရပါတယ်။ ဒီအဖွဲ့တွေ အကြောင်းကိုလည်း အကျဉ်းဖော်ပြထားပါတယ်။ အဲဒီလို အကူအညီပေးနေကြတဲ့ အဖွဲ့တွေက နယ်လှည့် ကျောပိုးအိပ်ကျန်းမာရေး လုပ်သားများအဖွဲ့၊ ဒေါက်တာ စင်သီယာမောင် ဦးဆောင်တဲ့ မယ်တော်ဆေးခန်း၊ နယ်စပ် အခြေစိုက် မြန်မာနိုင်ငံ ကျန်းမာရေးပညာရှင်များအဖွဲ့ (BMA)၊ အမျိုးသား ကျန်းမာရေးနဲ့ ပညာရေး ကော်မီတီ (NHEC) ၊ ကရင်၊ ကရင်နီစသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကျန်းမာရေးဌာနတွေ ပါဝင် ကြပါတယ်။ ဒီအဖွဲ့တွေက ကျန်းမာရေး ပြုစု စောင့်ရှောက် ပေးမှုအပြင်၊ ကျန်းမာရေး ပညာပေး၊ မျိုးဆက်ပွား ကျန်းမာရေးကိစ္စတွေကိုလည်း ဆောင်ရွက်ကူညီပေးကြပါတယ်။ ဒီအဖွဲ့တွေထဲမှာ နယ်လှည့် ကျောပိုးအိပ် ဆေးလုပ်သားတွေအကြောင်း ဖော်ပြထားရာမှာ သူတို့အဖွဲ့တွေက တောတောင်ထဲမှာ အဖွဲ့လိုက်လှည့်လည် လို့ ပြည်တွင်းဒုက္ခသည်တွေကို ရှာဖွေကြပါတယ်။ ယေဘုယျအားဖြင့် ကျောပိုးအိပ်ဆေးအဖွဲ့ တဖွဲ့ဆိုရင် လူ ဦးရေ ၂ဝဝဝ လောက်ကို ကြည့်ရှုပေးနိုင်ပါတယ်။ ဒီအဖွဲ့သားတွေက ထိုင်းနိုင်ငံ နယ်စပ်မှာ သင်တန်းတွေရယူ နိုင်ကြသလို၊ တောတောင်ထဲ ပြေးလွှားနေရတဲ့သူတွေမှာ မိခင်နဲ့ ကလေးသေနှုန်း ကျဆင်းလာစေဖို့ ပညာပေး မှုတွေ၊ အရပ်လက်သည်တွေကို လေ့ကျင့်သင်တန်းပေးတာတွေလည်း လုပ်ဆောင် ကြပါတယ်။ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကတော့ ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံတွင်းမှာ ကျန်းမာရေးစရိတ်ကြီးမြင့် လွန်းလို့ ဆေးကုသခံဖို့လာကြတဲ့သူတွေကို ကုသပေးကြပါတယ်။ တိုင်းရင်းသားအဖွဲ့တွေရဲ့ ကျန်းမာရေးဌာန တွေကလည်း သူတို့ပိုင်ဆိုင်ဆက်စပ်ရာ ဒေသတွေမှာ နိုင်သမျှ ဝန်ထမ်းပေးကြပါတယ်။ သူတို့လုပ်ငန်းက လူသားချင်းစာနာမှု ကူညီတဲ့ လုပ်ငန်းဖြစ်ပေမယ့် သူပုန်တွေကို ပံ့ပိုးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်းရှိပါ တယ်။ မြန်မာစစ်အစိုးရ တပ်တွေနဲ့ တွေ့ကြတဲ့အခါမှာလည်း သူတို့အတွက် အန္တရာယ်က မသေးလှပါဘူး၊ အသက် အန္တရာယ်ရှိနေတဲ့ကြားက စွန့်စားဆောင်ရွက်ပေးနေကြရတာပါ။ ဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေ တဲ့ နိုင်ငံတကာအဖွဲ့အစည်း အများအပြားလည်း ရှိပါတယ်။ ဥပမာအဖြစ် ဒီဆောင်းပါးမှာတော့ (Planet Care/ Global Health Access Program) ကို မိတ်ဖက်နိုင်ငံတကာ အဖွဲ့တခုအဖြစ် ဖော်ပြထားပါတယ်။

ဒီလိုအခက်အခဲတွေကြားမှာ ဆောင်ရွက်နေရပေမယ့် အောင်မြင်မှုတွေလည်း ရှိသလောက် ရှိပါတယ်။ နယ်လှည့် ကျောပိုး အိပ်ဆေးအဖွဲ့က ၂ဝဝ၆ ခုနှစ်အတွင်းမှာ ရောဂါဝေဒနာရှင်ပေါင်း ၇-သောင်းကျော်ကို ကုသ ပေးနိုင်ခဲ့တဲ့အပြင်၊ လက်သည်သင်တန်းတွေ၊ ငှက်ဖျားရောဂါ ထိန်းချုပ်ရေး အစီအစဉ်တွေ၊ လူမှုရေး သုတေ သန လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နယ်စပ်တလျှောက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်စနစ် (Health Information System) တရပ်ကိုလည်း တည်ဆောက်လုပ်ကိုင် နေကြပါတယ်။ ဒါပေမယ့် နိဂုံးချုပ်သုံးသပ်ချက် အနေနဲ့တော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရပ်စဲနိုင်သရွေ့ သူတို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အောင်မြင်တဲ့ စွမ်းဆောင်မှုတွေကိုလည်း ဆက်ထိန်း သိမ်းထားဖို့ ခက်လိမ့်မယ်လို့ ဖော်ပြခဲ့ကြောင်းပါခင်ဗျား။ ဒီစာအုပ်မှာတော့ ဒီဆောင်းပါးက နောက်ဆုံးပါပဲ၊ နောက်တပတ်မှာတော့ စာအုပ် သစ်တအုပ်ကို မိတ်ဆက်တင်ပြပေးဖို့ စဉ်းစားထားပါတယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Monday, May 17, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၁၂)။ မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု စနစ်


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေ အနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေ ပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှုစနစ်အကြောင်း မိုးနစ် စကစ်ဒ်မိုး (Monique Skidmore) တင်ပြထားတာကို ဆက် လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
မိုးနစ် စကစ်ဒ်မိုးက အခုဆောင်းပါးပေါင်းချုပ်စာအုပ်ကို တည်းဖြတ်ထုတ်ဝေသူ ပညာရှင်တဦးဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အကြောင်း လေ့လာတင်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျန်းမာရေးစနစ်ဟာလည်း အစိုးရက လျစ်လျူရှုထားတဲ့အတွက်ကြောင့် ကျဆင်းဆိုးရွားနေရပုံကို တင်ပြပါတယ်။ တစုံလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်နိုင်ရည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ၂ဝဝဝ ခုနှစ်မှာ ဆန်းစစ်ထားတဲ့ ကမ္ဘာ့နိုင်ငံ ၁၉၁ နိုင်ငံအနက် အောက်ဆုံးနား ၁၉ဝ ခုမြောက် နိုင်ငံနေရာမှာ ရှိနေပါတယ်။ အစိုးရရဲ့ ၂ဝဝ၆ ခုနှစ် စာရင်းတွေအရ လူတဦးအတွက် ကျန်းမာရေးအသုံးစရိတ် ကို တိုင်းပြည်အသားတင်ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ) ရဲ့ ၂. ၈ % ကိုပဲ သုံးစွဲပါတယ်။ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးမှာမှ စိတ်ရောဂါကုဆေးရုံတခုပဲ ရှိပါတယ်။ လူ ၂၇ဝဝ ကျော်မှာမှ ဆရာဝန်တယောက်ထဲရှိပြီး၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကျန်းမာရေးအတွက် ဆေးကုသမယ်ဆိုရင် ကုန်ကျစရိတ် ဈေးအမြင့်ဆုံးနိုင်ငံတခုအဖြစ် ရှိနေ ပါတယ်။ အဲဒါအပြင် လူသားလုံðခံရေးလေ့လာမှု ဗဟိုဌာနက တွေ့ရှိချက်အရ မြန်မာနိုင်ငံဟာ ပဋိပက္ခကပ် ဘေးတွေ တွေ့နိုင်ရခြေ အများအပြားရှိနေတဲ့နိုင်ငံ၊ ကမ္ဘာပေါ်မှာ မလုံðခံဆုံး ၁၂-နေရာမြောက်နိုင်ငံလို့ သတ်မှတ် ဖော်ပြထားခဲ့ပါတယ်။ အဲဒါအပြင် ပွင့်လင်းမြင်သာမှု၊ ခြစားအကျင့်ပျက်မှုတွေ လေ့လာနေတဲ့ (Transparency International) အဖွဲ့က မြန်မာနိုင်ငံကို အကျင့်ပျက်ခြအစားဆုံး နိုင်ငံတခုအဖြစ် ထည့်သွင်း ဖော်ပြထားပါသေးတယ်။ ဒါတင်မက နိုင်ငံသားအတော်များများက စီးပွားရေး၊ နိုင်ငံရေးအကြောင်းတွေကြောင့် တိုင်းပြည်ပြင်ပကို ထွက်ပြေး၊ ရွှေ့ပြောင်းနေထိုင်နေကြရတာလည်း ကိန်းဂဏန်း မသေးလှပါဘူး။ ရှိပါသေး တယ်၊ မိုးနစ် စကစ်မိုး က သုံးသပ်ဖော်ပြရာမှာ မြန်မာနိုင်ငံတွင်းမှာ ကလေးစစ်သားက သောင်းဂဏန်းကျော်၊ လိင်လုပ်ငန်းနဲ့ သက် မွေးနေရသူတွေက အရေအတွက် ၅ဝဝဝ နဲ့ ၁ဝဝဝဝ ကြားရှိနေတဲ့အပြင် စားနပ်ရိက္ခာ မလုံခြုံမှု၊ လူကုန်ကူး ရောင်းချမှု၊ အလွန်အမင်း ဆင်းရဲမွဲတေမှုတွေလည်း ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကလေးတွေ ထဲမှာ ၃ ယောက်မှာ တယောက်က အာဟာရမပြည့်ဝကြဘဲ၊ ဝလင်စွာ မစားရဘဲ ရှင်သန် နေပါသေးတယ်။ ဒီ အခြေအနေတွေက ကျန်းမာရေးကဏ္ဍမှာ ဘယ်လောက်အထိ သက်ရောက်မှု ရှိစေ နိုင်တယ် ဆိုတာ သူက တွက်ပြထားတာ ဖြစ်ပါတယ်။

ဒါဆိုရင် မြန်မာစစ်အစိုးရက ဘာလုပ်နေပါသလဲ။ သူက ဆက်လက်ဖော်ပြထားရာမှာတော့ အရင် (မဆလ) ဆိုရှယ်လစ် အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစိုးရက ကုန်ကျခံခဲ့ပေမယ့်၊ လက်ရှိ စစ်အစိုးရ လက်ထက်မှာ ၁၉၉၃ ခုနှစ်က စပြီး၊ စရိတ်မျှပေး ကျန်းမာရေးဆိုပြီး လူထုတွေက ဆေးကုသစရိတ်ကုန်ကျခံစေခဲ့ ပါတယ်။ ဒါပေမယ့် သူတို့က (Health Vision 2030 Plan) ဆိုပြီး နှစ် ၃ဝ ရေရှည် ကျန်းမာရေးအစီအစဉ် ရေးဆွဲ ထားပါတယ်။ ၂ဝဝ၆ ကနေ ၂ဝ၁၁ အထိ ၅-နှစ်တာ အမျိုးသားကျန်းမာရေး အစီအစဉ်တွေလည်း ရေးဆွဲ ဆောင်ရွက်နေပါသတဲ့။ အဲဒါအပြင် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ၂ဝဝ၇၊ ဆေးလိပ်နှင့် ဆေးရွက် ကြီး ထိန်းသိမ်းရေးဥပဒေ ၂ဝဝ၆၊ သွေးနဲ့ သွေးထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ၂ဝဝ၃၊ အမျိုးသား အစားအသောက် ဥပဒေ ၁၉၉၇ စသဖြင့် ဥပဒေတွေလည်း ရေးဆွဲပြဌာန်းထားပါတယ်။ ကျန်းမာရေးကဏ္ဍမှာလည်း အစိုးရသာ မက တိုင်းရင်းဆေးဆရာတွေ၊ အရပ်လက်သည်တွေအပြင်၊ အစိုးရမဟုတ်တဲ့ (အဲန်ဂျီအို) အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှု၊ ရပ်ရွာက အားဖြည့်မှုတွေနဲ့ ဆောင်ရွက်မယ်လို့ မူဝါဒ ပြဌာန်းထားပါတယ်။ ဒါပေမယ့် အစိုးရက တင်းကျပ်မှုတွေကြောင့် တီဘီ၊ ငှက်ဖျား၊ အိပ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေးကိစ္စ လုပ်ဆောင်နေတဲ့ ဂလိုဘယ်ဖန်းဒ်၊ (MSF) လို အဖွဲ့တွေ ပြန်ထွက်သွားကြရတာလည်း အသိပဲ ဖြစ်ပါတယ်။

ဒါဆိုရင် အခြေအနေက ဘယ်လိုရှိနေပါသလဲ။ သူရဲ့ လေ့လာထားချက်အရ မြန်မာနိုင်ငံမှာ ဆေးရုံ ၇၄၂ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၄ဝဝ ကျော်၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးဌာန ၃၄၈ ခု၊ မူးယစ်ဆေးစွဲကု ဌာန ၂၆ ခု ရှိနေတယ် ဆိုပါတယ်။ ဆရာဝန်ပညာသင် တက္ကသိုလ်တွေအပြင်၊ တိုင်းရင်းဆေးကု သမားတွေအတွက် လည်း စနစ်တကျ သင်တန်းပေး၊ လေ့ကျင့်တာတွေ ရှိတယ်ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လူတန်းစား ၂-ရပ်လို သိသိသာသာကွဲပြားနေတာကတော့ စစ်တပ်အတွက်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ သာမာန်ပြည်သူတွေအတွက် ထားရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ပါ။ အဆင့်အတန်းက ကွာလွန်းလှပါ တယ်။ နိုင်ငံတကာက အလှူပေးတဲ့ ခေတ်ပေါ်ဆေးကုသရေးစနစ်၊ ဆေးဝါးတွေဆိုရင် စစ်တပ်ဆေးရုံတွေ ကိုသာ လွှဲယူလေ့ရှိပါတယ်။ နိုင်ငံတကာက လေ့လာသူ ဧည့်သည်တွေလာရင်လည်း စစ်ဆေးရုံတွေသာ ခေါ်ပြ လေ့ရှိပါ တယ်။ အခုအခါ နေပြည်တော်မှာ ဆေးရုံအကြီးကြီး ဆောက်လုပ်ထားပေမယ့်၊ သူက သတင်းအချက် အလက်တွေကို ကိုးကားပြီး နယ်ဆေးရုံတွေမှာတော့ မီးမလာ၊ ဆေးမရှိ၊ ကိုယ်ပိုင်မီးစက်မောင်း လည်ပတ် နေကြရပုံကို လည်း ထောက်ပြပါတယ်။ အဲသည်တော့ မြန်မာနိုင်ငံမှာ သာမာန်ပြည်သူတွေ အားကိုးနေကြရတဲ့ ကျန်းမာ ရေးစနစ်မှာလည်း ခေတ်ပေါ်ဆေးပညာသာမက၊ တိုင်းရင်းဆေး၊ လက်သည်၊ ဘိုးတော်၊ ဝိဇ္ဇာ၊ ဗေဒင်၊ ပျောက် စေဆရာတွေ အားကိုးရှင်သန်နေကြရပုံ ဖြစ်လာပါတယ်။ တတ်နိုင်သူတွေက နိုင်ငံခြားမှာ ဆေးကုသခံ လေ့ ရှိပေမယ့်၊ မတတ်နိုင်သူတွေကတော့ တိုင်းပြည်ထဲမှာပဲ ဒီလိုကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေနဲ့ နပန်းလုံး နေကြရတာပါ။

ဒီလို အစိုးရက စောင့်ရှောက်မှုလစ်ဟာနေတဲ့ကိစ္စကို အခြားအင်အားစုတွေက ဝင်ရောက်ဖြည့်ဆည်းဖို့ကျတော့ သိပ်မများလှတဲ့ အဲန်ဂျီအိုတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေတော့ ရှိပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေ၊ သံဃာ တွေကျတော့ မလုပ်နိုင်ကြပါဘူး။ ဦးနေဝင်းလက်ထက်တုန်းကတည်းက သံဃာဂိုဏ်းတွေနှိမ်နင်းဖို့၊ သာသနာ သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး ဘုန်းကြီးသံဃာတွေကို ဆေးကုသခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ အဲန်ဂျီအိုတွေကိုလည်း အကန့်အသတ်နဲ့သာ ခွင့်ပြုတဲ့အတွက်ကြောင့်လည်း ကိုယ်ခံအားကျရောဂါ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ ဆိုရင် လူတိုင်းက ဆေးရရှိ၊ ဆေးသောက်နိုင်ကြတဲ့ အခြေအနေ မရှိပါဘူး။ ဝေဒနာခံစားရင်း ဆေးသောက်ရ မယ့် ရက်ကို စောင့်ဆိုင်းနေကြရပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအနေနဲ့ အကူအညီတွေ အများကြီး လိုအပ်နေတဲ့ အခြေအနေပါ။

အဲဒါအပြင် စာရေးသူ မိုးနစ် စကဒ်မိုးစိုးရိမ်ပြီး ဖော်ပြထားတာက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု တွေကလည်း တင်းကြမ်းပြည့်ရှိနေတော့ လူတိုင်းလိုလိုမှာ အနည်းနဲ့အများဆိုသလို စိတ်ဝေဒနာ ခံစားနေကြရ ပါတယ်။ သူတို့ကို ဖြေသိမ့်ပေးမယ့်သူတွေ၊ ဝန်ဆောင်မှုတွေလည်း မရှိပါဘူး။ အထူးသဖြင့် ၂ဝဝ၇ ခုနှစ်၊ သံဃာတွေ ဆန္ဒပြပွဲကို အကြမ်းဖက်ချေမှုန်းပြီးတဲ့ နောက်ပိုင်းမှာ လူတွေ ပိုလို့ စိတ်ထိခိုက်ကြေကွဲကြရပါတယ်။ တခါ ၂ဝဝ၈ ခုနှစ်၊ မေမှာ မကြုံစဖူး နာဂစ်မုန်တိုင်းကြီး ဖျက်ဆီးမှုကြောင့် လူတွေ သိန်းနဲ့ချီသေကြေ၊ သန်းနဲ့ချီ အတိ ဒုက္ခရောက်ကြရပါတယ်။ ဒီလိုဒဏ်ရာဒဏ်ချက်တွေက အနာမကျက်နိုင်သေးတဲ့ အခြေအနေပါ။ တကယ် ကတော့ ကျန်းမာရေး ရပိုင်ခွင့်ဆိုတာ လူ့အခွင့်အရေးတခုပါ။ ဒီအခွင့်အရေးကို မြန်မာပြည်သူတွေ ရရှိခံစား သင့်ကြောင်းပါ ခင်ဗျား။ နောက်တပတ်မှာတော့ နယ်စပ်ဒေသက ကျန်းမာရေးစောင့်ရှောက်မှုတွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Monday, May 10, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၁၁)။ မြန်မာနိုင်ငံရှိ အစ္စလမ်မစ် ပညာရေး


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေ အနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေပါ တယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မဒရာစီ အစ္စလမ်ဘာသာရေးကျောင်း ပညာရေးစနစ်အကြောင်းကို တင်ပြထားတဲ့ မိုဟာမက် မိုဟီ ယူဒင် မိုဟာမက် ဆူလေမန်ရဲ့ ဆောင်းပါးကို ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဒီဆောင်းပါးက မြန်မာနိုင်ငံမှာ ရှိနေတဲ့ အစ္စလမ်ဘာသာရေးကျောင်းတွေ၊ တနည်းပြောရရင် မဒရာစာ လို့ ခေါ်နေတဲ့ ကျောင်းတွေအကြောင်းကို တင်ပြထားတာပါ။ ကျနော်တို့နိုင်ငံထဲက မူစလင်တွေရဲ့အကြောင်း၊ သူတို့ ဘာသာရေး ကျောင်းတွေရဲ့ အကြောင်းကို လူသိနည်းလှပါတယ်။ ကျနော်တောင်မှ ဒီဆောင်းပါးဖတ်ရတော့မှ ပိုလို့ ဗဟုသုတ ရလာပါတယ်။ အခုဆောင်းပါးအကြောင်း မပြောခင် မိတ်ဆွေတို့ကိုလည်း နည်းနည်းမေးခွန်း ထုတ်ပါရစေ။ မြန်မာနိုင်ငံမှာ မူစလင် ဗလီ ဘယ်နှစ်ခုလောက်ရှိနိုင်တယ် ယူဆသလဲ၊ မူစလင်ပညာရေးကို သင် နေတဲ့ကျောင်းတွေ ဘယ်လောက် ရှိမယ်လို့ ခန့်မှန်းပါသလဲ။ မေးကြည့်ပါရစေ။ မြန်မာနိုင်ငံမှာ မူစလင်ဘာသာ ကိုးကွယ်သူ အရေအတွက်က အချို့တွေက စုစုပေါင်းလူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုကြပေ မယ့် အစိုးရက ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေ၊ စီအိုင်အေက ကိန်းဂဏန်းတွေမှာတော့ လူဦးရေရဲ့ ၄ ရာခိုင်နှုန်း လောက်ပဲ ရှိတယ်လို့ ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံမှာ အများစုကိုးကွယ်ကြတာကတော့ ဟာနာဖီဂိုဏ်း က ဆွန်နီဘာသာ ဖြစ်ပြီး၊ လူနည်းစုကတော့ ရှီယိုက်ဘာသာကို ယူကြပါတယ်။ ပညာရှင်တွေအဆိုအရ မူစလင် ဘာသာကိုးကွယ်မှုက အာရပ်သင်္ဘောသား ကုန်ကူးသူတွေကတဆင့် အေဒီ ၇၁၂ မှာ ရခိုင်ကမ်းရိုးတန်းကို ရောက်လာတယ် ဆိုပါတယ်။ မလေးရှား၊ အင်ဒိုနီးရှားကို မူစလင်ဘာသာ ရောက်တာနဲ့ တချိန်တည်းလောက် ပါပဲ။ နောက်တခါ သာလွန်မင်းလက်ထက်မှာ ဖမ်းမိတဲ့မူစလင်တွေကို ဗမာပြည်အလယ်ပိုင်းဒေသကို ပြောင်းရွှေ့ အခြေချစေခဲ့တာလည်း ရှိပါတယ်။ မင်းတုံးမင်းလက်ထက်မှာ နန်းတော် ထဲမှာတောင် ဗလီဆောက်ခွင့်ပေးပြီး ဘာသာရေးလွတ်လပ်ခွင့် ပေးခဲ့သလို၊ သီပေါဘုရင်လက်ထက်အထိတိုင် ရှိခဲ့ပါတယ်။

စာရေးသူ မိုဟာမက် မိုဟီယူဒင် မိုဟာမက် ဆူလေမန်ကတော့ မြန်မာပြည်က မူစလင် အုပ်စုတွေကို ယေဘုယျ ၄-မျိုးခွဲခြားပါတယ်။ တခုက ရိုဟင်ဂျာတွေအပါအဝင်ဖြစ်တဲ့ ပန်းသေးအုပ်စု၊ ဒုတိယတခုက ဗမာလူမျိုးစစ်စစ် မူစလင်၊ တတိယကတော့ အိန္ဒိယနွယ်ဖွားက ဆင်းသက်လာတဲ့ မူစလင်နဲ့ စတုတ္ထအုပ်စုကတော့ ‘ဇာဘေဒီ’ လို့ခေါ်တဲ့ အိန္ဒိယမူစလင်အဖေနဲ့ မြန်မာအမေက ဆင်းသက်ပေါက်ဖွားလာကြသူတွေ ဖြစ်ပါတယ်။ သူတို့အုပ်စု ကွဲသလို နိုင်ငံအတွင်းရှိနေတဲ့ လူများစုဗုဒ္ဓဘာသာဝင်တွေနဲ့ ဆက်ဆံရေးကလည်း ကွာခြားကြတယ် ဆိုပါတယ်။

ခုနက မေးခွန်းကို ပြန်ကောက်ရရင် မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာကိုးကွယ်သူ ၈ သန်းနီးပါး ရှိတယ်လို့ မူစလင် တွေက ခန့်မှန်းကြပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်တဲ့ သာသနာရောင်ဝါထွန်းစေဖို့ စာအုပ် မှတ်တမ်း အရ မြန်မာနိုင်ငံမှာ ဗုဒ္ဓြွဘာသာဘုန်းကြီးကျောင်းက ၅ သောင်းကျော်၊ ခရစ်ယာန်ချပ်ကျောင်းက ၃၂ဝဝ ကျော်၊ ဗလီက ၂၂ဝဝ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အစ္စလမ်ဘာသာရေးသင်ကျောင်းက ၇၅၉ ခု ရှိတယ်လို့ ဆိုပါ တယ်။ ဒီဆောင်းပါးက အခုဒီ ‘မဒရာစာ’ ကျောင်းတွေရဲ့အကြောင်း တင်ပြထားတာပါ။

အစိုးရက ပညာရေးကဏ္ဍမှာ ဖြည့်ဆည်းအားပေးမှု ချို့ယွင်းနေချိန်မှာ အစ္စလမ်ဘာသာသင် ကျောင်းတွေက လည်း ဒီကွက်လပ်မှာ ဝင်ပြီးနေရာယူ ဖြည့်ကြပါတယ်။ အစ္စလမ်ကိုးကွယ်သူတွေထဲက မရှိဆင်းရဲကလေးတွေ၊ အခြား ကလေးတွေကို ဒီကျောင်းမှာ ပညာသင်ကြားစေပါတယ်။ ‘မဒရာစာ’ လို့ခေါ်တဲ့ အစ္စလမ်ဘာသာရေး သင်ကျောင်းတွေမှာ ၁ဝ နှစ်ကျော်ကျော်ကြာ သင်ကြားကြရပါတယ်။ အကယ်၍ ၁ဝ-တန်းအဆင့်အောင်ရင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်စတဲ့ နိုင်ငံတွေမှာ ကျောင်းဆက်တက်ချင်ရင်လည်း ရတယ်ဆိုပါတယ်။ အချို့ တွေကတော့ အာရပ်နိုင်ငံတွေထိ ပညာသင်ဖို့ သွားနိုင်ကြပါတယ်။ ကျောင်းတက်တဲ့ အသက်အရွယ်ကတော့ အတိအကျ မရှိပါဘူး၊ ၇-နှစ်လောက်ကစလို့ သင်ကြားကြပါတယ်။ ပထမ ၂-နှစ်၊ ၄-နှစ်လောက်အထိ ကိုရမ် ကျမ်းကို အာဂုံဆောင်ကြရပါတယ်။ ဒီလို အာဂုံဆောင် နိုင်ရင်တော့ ဒီကလေးကို ဟာဖစ်ဇ် (hafiz) လို့ ခေါ်ပါ တယ်။ ဘာမှ အဓိပ္ပါယ် နားလည်စရာ မလိုပါဘူး။ နောက်တဆင့် မော်လဝီ (mawlawi) အဆင့်ကို တက်တဲ့ အခါ အာရပ်ဘာသာစကား၊ အစ္စလမ် တရားဖြတ်ထုံးတွေ၊ ကိုရမ်ကျမ်းရဲ့ အနက်အဓိပ္ပါယ် ဘာသာပြန်တွေကို လေ့လာရပါတယ်။ ဒီလို ၁ဝ-တန်းအဆင့်လောက် အောင်မြင်ရင်တော့ သူ့ကို မော်လဝီလို့ ခေါ်ပါတယ်။ သူတို့ က တနေ့ကို ၅-ခါ ဝတ်ပြုရပါတယ်။ မြန်မာ မူစလင်တွေမှာ ယုံကြည်နေမှုတခုကတော့ ကိုရမ်ကျမ်းကို မိသားစု ထဲမှာ အာဂုံဆောင်နိုင်သူတဦးရှိရင် သူ့မိသားစု ၁ဝ-ဦးကို ငရဲမီးကနေ ကယ်တင်နိုင်တယ်လို့ ယုံကြည်နေ တော့ ဘာသာရေး ယုံကြည်သူ မိသားစုဝင်တွေကလည်း သူတို့ကလေးတွေကို ဒီကျောင်းတွေကို ပို့လွှတ်ကြပါတယ်။ ကျောင်းအားလုံးက ကျောင်းအိပ်ကျောင်းစားပါ။ အများစုက ယောက်ျားလေးတွေချည်း ရှိတဲ့ကျောင်း ဖြစ်ပေမယ့် နောက်ပိုင်းမှာ မိန်းကလေးတွေကိုလည်း လက်ခံလာပါတယ်။ ဒီကျောင်းတွေမှာ အာရပ်သဒ္ဒါကို မယူမနေရ သင်ရပါတယ်။ ဒါပေမယ့် သင်္ချာသိပ္ပံ ခေတ်ပညာ မသင်ရပါဘူး။ နောက်ပိုင်းအချို့ကျောင်းတွေကတော့ အင်္ဂလိပ် ဘာသာကို ထည့်သင်လာပါတယ်။ အဲသည်တော့လည်း မဒရာစာကျောင်းက ဆင်းတဲ့သူတွေ အနေနဲ့ အစိုးရ လုပ်ငန်းတွေမှာ အလုပ်ရလေ့ မရှိပါဘူး။ ကျောင်းပြီးတဲ့သူတွေက တာဘလိုက် (tabligh) လို့ ခေါ်တဲ့ နိုင်ငံအနှံ့ ရက် ၄ဝ ခရီးလှည့်လည်ပြီး သာသနာပြန့်ပွားရေး လုပ်ရတာလည်း ရှိပါသေးတယ်။

ဒီကျောင်းတွေမှာ သင်တဲ့သင်ခန်းစာတွေက အခြားအိန္ဒိယတိုက်ငယ်မှာ ရှိတဲ့ နိုင်ငံတွေနဲ့ အတိအကျမတူရင် တောင် ဆင်တူနီးပါး ဖြစ်ပါတယ်။ ဖတ်စာအုပ် ရွေးချယ်တဲ့အခါမှာတော့ သင်ကြားတဲ့ဆရာတွေအလိုက် အနည်းငယ် ကွဲပြားတတ်ပါတယ်။ သင်ကြားတဲ့ အခြေခံဘာသာရပ်ကိစ္စကလည်း သမိုင်းနဲ့ပါ။ ဗမာမူစလင် ကျောင်းတွေရဲ့ ညီလာခံကို ၁၉၂၉ ခုနှစ်က လုပ်ရာမှာ အစ္စလမ်ကျောင်းအားလုံးမှာ အူရဒုဘာသာစကား နဲ့ သင်ကြားဖို့ ဆုံးဖြတ်ပါတယ်။ အကြောင်းတခုကတော့ မြန်မာဘာသာနဲ့သင်ရင် အစ္စလမ်ဘာသာမှေးမှိန်မှာ ဖြစ်တဲ့အတွက်လို့ ဆိုပါတယ်။ ဒါပေမယ့် ညီလာခံတက်တဲ့ ဗမာမူစလင်တွေက သူတို့အခက်အခဲကို တင်ပြခဲ့ ကြပါတယ်။ နောက်ပိုင်းမှာ အမျိုးသားရေးစိတ်ပြင်းထန် နိုးကြားလာကြပြီး ၁၉၃၇ ပါလီမာန်လွှတ်တော်ထဲမှာ ဥရောပတိုက်သားနဲ့ အိန္ဒိယကိုယ်စားလှယ်တွေ ကန့်ကွက်တဲ့ကြားက ဗမာစကား ပြောခဲ့ကြပါတယ်။ ဒီအချိန်မှာ ဗမာမူစလင်တွေကလည်း ဗမာမူစလင် လွတ်လပ်ရေးအသင်းကို ဖွဲ့စည်းပြီး ဗမာလူမျိုး တို့လူမျိုး၊ ဗမာစာသည် တို့စာ၊ စသဖြင့် ကြွေးကြော်သံတွေ တင်ခဲ့ကြပါတယ်။ နောက်ပိုင်း ဗမာမူစလင် နိုးကြားရေးအသင်း၊ ဗမာ မူစလင် အမျိုးသမီးများ နိုးကြားရေးအသင်းတွေဖွဲ့လို့ သန်းခေါင်စာရင်းကောက်ယူရင် သူတို့က တမျိုး တဘာသာအဖြစ် မှတ်ပုံတင်ခံရရေး ကြိုးပမ်းခဲ့ကြပါတယ်။ အခုအချိန်မှာတော့ အဲသည်အချိန်က ဗမာ မူစလင် တွေအားကောင်းခဲ့တဲ့ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ ရွှေဘို စသဖြင့်ဒေသတွေမှာတော့ ဗမာ လို ဘာသာ ပြန်ဆို သင်ကြပါတယ်။ ကျန်တဲ့ ရန်ကုန်၊ မော်လမြိုင်၊ ရခိုင်၊ ဧရာဝတီတိုင်းမှာ ရှိတဲ့ကျောင်းတွေမှာတော့ အဓိက အူရဒူ ဘာသာစကားနဲ့သာ သင်ကြားကြပါတယ်။

ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က မြန်မာနိုင်ငံမှာ လူနည်းစု ဘာသာ၊ လူမျိုးတွေဆိုရင် တနည်း တဖုံ ဖိနှိပ်ခံရတတ်ပေမယ့် မူစလင်ကျောင်းတွေနဲ့ ပတ်သက်လို့ အစိုးရက သူတို့ကျောင်းသင်ခန်းစာတွေကို ပြုပြင်ပြောင်းလဲ စေတာ၊ အစိုးရ ပညာရေးစနစ် သင်ရိုးညွှန်းတန်းထဲ ထည့်သွင်းစည်းရုံးတာမျိုးကို မလုပ်ပါဘူး။ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေက ဒီလို အစိုးရပညာရေးစနစ်ထဲ ပေါင်းစေတာတွေ လုပ်ကြပါတယ်။ ဒါပေမယ့် စစ်အစိုးရက တခါတလေ ဒီကျောင်းတွေက မူစလင်အုပ်စုတွေကြား ပြဿနာပေါ်လာရင် ပိတ်ပစ်စေတာမျိုး တော့ ရှိပါတယ်။ မာဒရာစာ စာသင်ကျောင်းတွေက ဘာတွေလုပ်ခွင့်ရှိတယ်၊ ဘာတွေ လုပ်ခွင့်မရှိဘူး စသဖြင့် ပြတ်ပြတ်သားသား ပြဌာန်းထားမှု မျိုးလည်း မရှိပါဘူး။ ဥပဒေတွေက အချိန်နဲ့အမျှ ပြောင်းနေသလို၊ အစိုးရက အုပ်စုပေါင်းစုံကို အလွတ်မပေး စောင့်ကြည့်နေတာမျိုးတော့ ရှိပါတယ်။ အထူးသဖြင့် စက်တင်ဘာ ၁၁ အမေရိကန် မှာ တာလီဘန်တို့ တိုက်ခိုက်မှု နောက်ပိုင်းမှာ မဒရာစာကျောင်းတွေက အစွန်းရောက်အယူတွေ သင်ကြားနေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိလာပြီးနောက်ပိုင်း တင်းကျပ်မှုတွေတော့ ပိုလာပါတယ်။ အဲဒါ အပြင် ဝတ်ပြုကိုးကွယ်ရာနေရာ၊ ပုံနှိပ်ထုတ်ဝေခွင့်၊ မူစလင် သတင်းမီဒီယာ၊ စတာတွေ မရှိတာကြောင့် မူစလင်ကျောင်းတွေမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုလည်း အခု ဆောင်းပါးမှာ ဖော်ပြထားခဲ့ပါတယ် ခင်ဗျား။

နောက်တပတ်မှာတော့ မြန်မာနိုင်ငံက ကျန်းမာရေးအခြေအနေ၊ နယ်စပ်နဲ့ ရွှေ့ပြောင်းပြေးနေရတဲ့ ဒုက္ခသည် တွေရဲ့ ကျန်းမာရေးအခြေအနေ လေ့လာချက်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြ ပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Tuesday, May 4, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၁ဝ)။ မြန်မာနိုင်ငံ ပညာရေး အခြေအနေနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေ ပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံ ပညာရေးစနစ်မှာ နိုင်ငံတော်အစိုးရက ပံ့ပိုးအားပေးမှု ချိနဲ့အားနည်းနေတဲ့နေရာမှာ ရပ်ရွာလူမှုအဖွဲ့အစည်းတွေက ဝင်ရောက် ဖြည့်ဆည်း ကူညီနေရပုံကို ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
မြန်မာနိုင်ငံမှာ အစိုးရက ပညာရေးကဏ္ဍမှာ ပံ့ပိုးထောက်ပံ့ပေးမှု အားနည်းလှပါတယ်။ ဒီအနေအထားမှာ တိုင်းပြည်က ကလေးတွေရဲ့ပညာရေးကိစ္စတွေအတွက် ရပ်ရွာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တတတ် တအား ဝင်ရောက်ဖြည့်စွက် ကူညီကြရပါတယ်။ ဒီအကြောင်းကို ဂျပ်စ်မင် လော့ခ်ျ (Jasmin Lorch) က သေသေချာချာ လေ့လာပြီး၊ ဆောင်းပါး ရေးသားထားခဲ့ပါတယ်။ သူက ဂျာမန်နိုင်ငံသူ ပညာရှင်တဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဖွံ့òဖိးတိုးတက်လာပုံ၊ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ အရှေ့ တောင်အာရှ ဒေသဆိုင်ရာကိစ္စတွေအကြောင်း လေ့လာနေသူ ဖြစ်ပါတယ်။ သူ့ဆောင်းပါးကို "နိုင်ငံတော်ရဲ့ အားနည်းနေတဲ့ ကဏ္ဍမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပြန်လည်ထူထောင်လာပုံ၊ မြန်မာနိုင်ငံ ပညာရေး ကဏ္ဍနဲ့ ပတ်သက်လို့ လေ့လာချက်"လို့ အမည်ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ပညာရေးကဏ္ဍအတွက် တိုင်းပြည်စုစုပေါင်းထွက်ကုန်တန်ဖိုး (ဂျီဒီပီ) ရဲ့ ၁ ရာခိုင်နှုန်း ပဲ သုံးစွဲပါတယ်။ အဲဒီအခြေအနေမှာ ပညာရေးကဏ္ဍမှာ ချို့တဲ့တာ အံ့သြစရာတော့ မရှိပါဘူး။ ကျေးလက် ဒေသ တွေမှာ ဆိုရင် ကျောင်းတွေ မဆောက်နိုင်သလို၊ အချို့ကျောင်းတွေကို ပြန်ပြင်ဆင်နိုင်တဲ့ အနေအထား မရှိပါ ဘူး။ ကျောင်းတွေမှာလည်း ဆရာကမရှိ၊ ဆရာရှိပြန်ရင်လည်း ကျောင်းက ကောင်းကောင်းစာမသင်နိုင်တဲ့ အနေအထားပါ။ အဲဒါအပြင် ဆရာ-ဆရာမတွေကို လေ့ကျင့်သင်တန်းပေးရေးကိစ္စတွေမှာလည်း တဖြည်းဖြည်း အားနည်း ကျဆင်း လာပါတယ်။ ကျောင်းသုံးဖတ်စာအုပ်၊ သင်ကြားမှုထောက်ကူပစ္စည်းတွေကလည်း အားနည်း ချို့တဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ပညာရေးတစုံလုံးနိမ့်ကျလာရပါတယ်။ အရင်တပတ်က ဖော်ပြ ခဲ့တဲ့ မာရီ လားလ်ရဲ့ လေ့လာချက်အရဆိုရင် အဲသလို ပညာရေးနိမ့်ကျလာတဲ့အခါ တတ်နိုင်တဲ့မိဘတွေက သားသမီး တွေကို နိုင်ငံခြားပို့ကြပါတယ်။ နိုင်ငံခြားမပို့နိုင်ရင်လည်း ပုဂ္ဂလိက ဘော်ဒါကျောင်းထားကြပါတယ်။ ကျောင်းစရိတ်ကြီးလွန်းလို့ မတတ်နိုင်တဲ့ မိဘတွေကတော့ ရပ်ရွာတွေက ဖွင့်တဲ့ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေမှာ ကလေးတွေကို ပို့ပြီး ပညာသင်ကြားစေရတာမျိုး ဖြစ်လာပါတယ်။

အခုလို ပညာရေးကဏ္ဍမှာ အရပ်ဖက် လူမှုအဖွဲ့တွေက ဖြည့်ဆည်းကူညီလာရပုံကို လေ့လာထားတဲ့ ဂျပ်စ်မင်း လော့ခ်ျ ကတော့ အထူးတလှယ် သူရဲ့တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။ ဘုန်းတော်ကြီးသင်စာသင် ကျောင်းတွေ၊ ခရစ်ယန်နဲ့ အစ္စလမ်ဘာသာရေးကျောင်းတွေ အခြေအနေ၊ ရပ်ရွာက ထူထောင်တဲ့ကျောင်းတွေ၊ တိုင်းရင်းသား ရိုးရာနဲ့ ဘာသာစကားသင်အဖွဲ့တွေ၊ လူမှုရေးလုပ်ငန်း ကူညီသူတွေအတွက် အရည်အချင်းမြှင့် သင်တန်းတွေအပြင်၊ ဒေသခံ အဲန်ဂျီအိုတွေက ကူညီနေတဲ့ ကျောင်းတွေကိုလည်း သူက အသေးစိတ်ဖော်ပြ ပါတယ်။

သူ့လေ့လာချက် အနှစ်ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ အရပ်ဖက်လူမှုအဖွဲ့တွေအနေနဲ့ ပညာရေးကဏ္ဍမှာ ပါဝင် ဆောင်ရွက်နေကြတာ လုပ်ငန်းပေါင်း စုံလှပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ပညာရေးလုပ်ငန်းထဲ ထဲထဲ ဝင်ဝင် ပါခွင့်ရကြတာတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်းအများစုက ပညာရေးကို ပံ့ပိုးပေးတဲ့လုပ်ငန်းတွေမှာသာ ပါခွင့်ရတာ ဖြစ်ပါတယ်။ သဘောကတော့ ကျောင်းဆောက်တာ၊ ကျောင်းသုံးပစ္စည်း ထောက်ပံ့ပေးတာမျိုးပါ။ ပညာရေးထဲ တိုက်ရိုက်ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်တဲ့ အဲန်ဂျီအိုအဖွဲ့ကတော့ အနည်းငယ်ပဲ ရှိတယ်လို့ ဆိုပါ တယ်။ ပညာရေးမှာ ဝင်ကူနေကြတဲ့ ရပ်ရွာကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းတွေကတော့ ပုံမှန် မဟုတ်တဲ့ ပညာရေးစနစ်နဲ့ သင်ကြားတယ်ဆိုပေမယ့် အစိုးရရဲ့ သင်ခန်းစာပြဌာန်းချက်တွေကိုသာ သင်ကြားနေရတာ ဖြစ်ပါတယ်။ အခုလို ပညာရေးကဏ္ဍမှာ ကူညီဖြည့်ဆည်းနေကြတယ်ဆိုပေမယ့် ကျောင်းအများစုက မူလတန်းနဲ့ မူလတန်းကြိုကျောင်းတွေသာ ဖြစ်ပါတယ်။ အလယ်တန်းအဆင့်အထိ အချို့ရှိပေမယ့်လည်း၊ အထက်တန်း ကျောင်း အဆင့်မှာတော့ ရပ်ရွာကဖွင့်တာ လက်ချိုးရေလို့ရလောက်အောင် နည်းပါတယ်။ အဲဒါအပြင် အဲသလို ပြင်ပကျောင်းတွေမှာ သက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးတာ၊ ပညာရေးအပြင် အခြားလူမှုဖူလုံရေး အကူအညီတွေ ပေးတာကိုလည်း ပူးတွဲတွေ့ရတတ်တယ် ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပညာရေး ကဏ္ဍမှာ ရပ်ရွာက လူမှုအဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်မှု များလာတယ်ဆိုပေမယ့်လည်း၊ အစိုးရက အမြဲ သံသယနဲ့ စောင့်ကြည့်နေတတ်တာ၊ လွန်လွန်ကဲကဲ ထိန်းချုပ်ထားတာတွေ ရှိတယ်လို့လည်း ဖော်ပြပါတယ်။ ပညာရေးကဏ္ဍမှာ ပုဂ္ဂလိကလုပ်ငန်းတွေကို ခွင့်ပြုပေးတယ်လို့ ဥပဒေအရ ခွင့်ပြုပေမယ့်လည်း ရပ်ရွာကျောင်း တွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေက ပညာရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်လို့ မရကြပါဘူး။ သူတို့က သာသနာရေးဝန်ကြီးဌာန၊ လူမှု ဖူလုံရေး ဝန်ကြီးဌာနတွေနဲ့ မှတ်ပုံတင်ပြီး ဆောင်ရွက်နေကြရတုန်းပဲလို့လည်း ဆိုပါတယ်။


ဒါကြောင့်ပဲ ရပ်ရွာလူမှုအဖွဲ့အစည်းတွေရဲ့ ပညာရေး ကြိုးပမ်းဆောင်ရွက်မှုတွေက ဘာသာရေးခေါင်းစဉ် အောက်မှာ၊ တိုင်းရင်းသား ခေါင်းစဉ်အောက်မှာ ဆောင်ရွက်နေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲသည်မှာ လည်း အားနည်းချက်တွေရှိတာ သူက လေ့လာတင်ပြပါတယ်။ အထူးသဖြင့် ဘုန်းတော်ကြီးသင် စာသင် ကျောင်းတွေမှာလည်း ကလေးတွေကို အလွတ်ကျက်စေတဲ့စနစ်နဲ့ သင်ကြားနေတာ၊ ပညာရေးထက် ဘာသာ ရေးဓမ္မတွေကို ရောထွေးသင်ကြားစေတာ၊ တခြားဘာသာ မကူးပြောင်းစေဖို့ ကာကွယ်ပေးတဲ့အနေနဲ့ စာ သင်ကြားပေးနေတာ၊ ကလေးတွေကို ကိုယ်ရင်ဝတ်ရှင်ပြုခိုင်းတာတွေလည်း ရှိတတ်ပါတယ်။ တဖက်က ခရစ်ယာန်ကျောင်းတွေမှာလည်း ဘာသာရေးစာပေတွေ သင်ကြားပေးနေတာတွေ တွေ့ရပါတယ်။ ခေတ်သစ် ပညာရေးစနစ်မှာ တိုင်းရင်းသားကိစ္စ၊ ဘာသာရေးကိစ္စ၊ ယဉ်ကျေးမှုတွေ ရောထွေး သင်ကြားနေသေးတဲ့ ပုံစံတွေ တွေ့နေရတုန်းပဲ ဆိုပါတယ်။ပြောရရင်တော့ မြန်မာနိုင်ငံက တကယ့်ကို အာဏာချုပ်ကိုင်မှု ပြင်းထန် နေသေးတဲ့ နိုင်ငံတခုဖြစ်ပြီး၊ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေကို သိပ်လက်မခံချင်ကြသေးဘူး၊ သိပ်ပြီး နေရာ မပေးချင်ကြသေးတဲ့ သဘောတွေကိုလည်း တွေ့ရတယ် ဆိုပါတယ်။ အစိုးရဖက်ကလည်း သိပ်ပြီးတင်းမာတဲ့ သဘော ရှိပါတယ်။ ပုဂ္ဂလိက ပညာရေးကို တရားဝင် ခွင့်ပေးတယ် ဆိုသည့်တိုင် အရပ်ဖက်လူမှုအဖွဲ့အစည်း တွေကို အတင်းအကျပ် လိုက်နာစေတာ၊ သူတို့အလိုကျ ပူးပေါင်းစေတာမျိုး လုပ်ဆောင်နေသေးတယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် အရပ်ဖက်လူမှု အဖွဲ့အစည်းတွေကတော့ ဒေသဆိုင်ရာ ပြဿနာတွေအတွက် အများကြီး ဖြည့်ဆည်း ကူညီ နိုင်တာကိုတော့ ဝန်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မျှော်မြင်မှုနဲ့ စွမ်းအားမှာတော့ အစိုးရက ပေးနေတဲ့ ပညာရေးကဏ္ဍကို အစားထိုးနိုင်ဖို့ဆိုတာ အများကြီး လိုအပ်နေပါသေးတယ်။ လိုအပ်နေတဲ့ ကွက်လပ်တွေကို ကြားက ပေါင်းကူးဝင်ဖြည့် ပေးတဲ့ သဘောမျှသာ ရှိနိုင်ပါသေးတယ်။ အရည်အသွေး သဘော ပညာရေးကို ရပ်ရွာ ပညာရေးစနစ်၊ ကျောင်းတွေက ဖြည့်ဆည်းပေးနိုင်ဖို့ အတော်လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ တကယ်ကတော့ တိုင်းပြည်ရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက် လာစေဖို့ ဆိုတာ ပံ့ပိုးပေးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ပြင်ဆင်မှုတွေ အများကြီးလိုအပ်နေပါသေးတယ်။

နောက်တပတ်မှာတော့ မြန်မာနိုင်ငံက ကျန်းမာရေးကဏ္ဍ အခြေအနေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Recent Comments