Pages

Monday, May 17, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၁၂)။ မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု စနစ်


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေ အနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေ ပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှုစနစ်အကြောင်း မိုးနစ် စကစ်ဒ်မိုး (Monique Skidmore) တင်ပြထားတာကို ဆက် လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
မိုးနစ် စကစ်ဒ်မိုးက အခုဆောင်းပါးပေါင်းချုပ်စာအုပ်ကို တည်းဖြတ်ထုတ်ဝေသူ ပညာရှင်တဦးဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အကြောင်း လေ့လာတင်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျန်းမာရေးစနစ်ဟာလည်း အစိုးရက လျစ်လျူရှုထားတဲ့အတွက်ကြောင့် ကျဆင်းဆိုးရွားနေရပုံကို တင်ပြပါတယ်။ တစုံလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်နိုင်ရည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ၂ဝဝဝ ခုနှစ်မှာ ဆန်းစစ်ထားတဲ့ ကမ္ဘာ့နိုင်ငံ ၁၉၁ နိုင်ငံအနက် အောက်ဆုံးနား ၁၉ဝ ခုမြောက် နိုင်ငံနေရာမှာ ရှိနေပါတယ်။ အစိုးရရဲ့ ၂ဝဝ၆ ခုနှစ် စာရင်းတွေအရ လူတဦးအတွက် ကျန်းမာရေးအသုံးစရိတ် ကို တိုင်းပြည်အသားတင်ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ) ရဲ့ ၂. ၈ % ကိုပဲ သုံးစွဲပါတယ်။ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးမှာမှ စိတ်ရောဂါကုဆေးရုံတခုပဲ ရှိပါတယ်။ လူ ၂၇ဝဝ ကျော်မှာမှ ဆရာဝန်တယောက်ထဲရှိပြီး၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ကျန်းမာရေးအတွက် ဆေးကုသမယ်ဆိုရင် ကုန်ကျစရိတ် ဈေးအမြင့်ဆုံးနိုင်ငံတခုအဖြစ် ရှိနေ ပါတယ်။ အဲဒါအပြင် လူသားလုံðခံရေးလေ့လာမှု ဗဟိုဌာနက တွေ့ရှိချက်အရ မြန်မာနိုင်ငံဟာ ပဋိပက္ခကပ် ဘေးတွေ တွေ့နိုင်ရခြေ အများအပြားရှိနေတဲ့နိုင်ငံ၊ ကမ္ဘာပေါ်မှာ မလုံðခံဆုံး ၁၂-နေရာမြောက်နိုင်ငံလို့ သတ်မှတ် ဖော်ပြထားခဲ့ပါတယ်။ အဲဒါအပြင် ပွင့်လင်းမြင်သာမှု၊ ခြစားအကျင့်ပျက်မှုတွေ လေ့လာနေတဲ့ (Transparency International) အဖွဲ့က မြန်မာနိုင်ငံကို အကျင့်ပျက်ခြအစားဆုံး နိုင်ငံတခုအဖြစ် ထည့်သွင်း ဖော်ပြထားပါသေးတယ်။ ဒါတင်မက နိုင်ငံသားအတော်များများက စီးပွားရေး၊ နိုင်ငံရေးအကြောင်းတွေကြောင့် တိုင်းပြည်ပြင်ပကို ထွက်ပြေး၊ ရွှေ့ပြောင်းနေထိုင်နေကြရတာလည်း ကိန်းဂဏန်း မသေးလှပါဘူး။ ရှိပါသေး တယ်၊ မိုးနစ် စကစ်မိုး က သုံးသပ်ဖော်ပြရာမှာ မြန်မာနိုင်ငံတွင်းမှာ ကလေးစစ်သားက သောင်းဂဏန်းကျော်၊ လိင်လုပ်ငန်းနဲ့ သက် မွေးနေရသူတွေက အရေအတွက် ၅ဝဝဝ နဲ့ ၁ဝဝဝဝ ကြားရှိနေတဲ့အပြင် စားနပ်ရိက္ခာ မလုံခြုံမှု၊ လူကုန်ကူး ရောင်းချမှု၊ အလွန်အမင်း ဆင်းရဲမွဲတေမှုတွေလည်း ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကလေးတွေ ထဲမှာ ၃ ယောက်မှာ တယောက်က အာဟာရမပြည့်ဝကြဘဲ၊ ဝလင်စွာ မစားရဘဲ ရှင်သန် နေပါသေးတယ်။ ဒီ အခြေအနေတွေက ကျန်းမာရေးကဏ္ဍမှာ ဘယ်လောက်အထိ သက်ရောက်မှု ရှိစေ နိုင်တယ် ဆိုတာ သူက တွက်ပြထားတာ ဖြစ်ပါတယ်။

ဒါဆိုရင် မြန်မာစစ်အစိုးရက ဘာလုပ်နေပါသလဲ။ သူက ဆက်လက်ဖော်ပြထားရာမှာတော့ အရင် (မဆလ) ဆိုရှယ်လစ် အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစိုးရက ကုန်ကျခံခဲ့ပေမယ့်၊ လက်ရှိ စစ်အစိုးရ လက်ထက်မှာ ၁၉၉၃ ခုနှစ်က စပြီး၊ စရိတ်မျှပေး ကျန်းမာရေးဆိုပြီး လူထုတွေက ဆေးကုသစရိတ်ကုန်ကျခံစေခဲ့ ပါတယ်။ ဒါပေမယ့် သူတို့က (Health Vision 2030 Plan) ဆိုပြီး နှစ် ၃ဝ ရေရှည် ကျန်းမာရေးအစီအစဉ် ရေးဆွဲ ထားပါတယ်။ ၂ဝဝ၆ ကနေ ၂ဝ၁၁ အထိ ၅-နှစ်တာ အမျိုးသားကျန်းမာရေး အစီအစဉ်တွေလည်း ရေးဆွဲ ဆောင်ရွက်နေပါသတဲ့။ အဲဒါအပြင် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ၂ဝဝ၇၊ ဆေးလိပ်နှင့် ဆေးရွက် ကြီး ထိန်းသိမ်းရေးဥပဒေ ၂ဝဝ၆၊ သွေးနဲ့ သွေးထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ၂ဝဝ၃၊ အမျိုးသား အစားအသောက် ဥပဒေ ၁၉၉၇ စသဖြင့် ဥပဒေတွေလည်း ရေးဆွဲပြဌာန်းထားပါတယ်။ ကျန်းမာရေးကဏ္ဍမှာလည်း အစိုးရသာ မက တိုင်းရင်းဆေးဆရာတွေ၊ အရပ်လက်သည်တွေအပြင်၊ အစိုးရမဟုတ်တဲ့ (အဲန်ဂျီအို) အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှု၊ ရပ်ရွာက အားဖြည့်မှုတွေနဲ့ ဆောင်ရွက်မယ်လို့ မူဝါဒ ပြဌာန်းထားပါတယ်။ ဒါပေမယ့် အစိုးရက တင်းကျပ်မှုတွေကြောင့် တီဘီ၊ ငှက်ဖျား၊ အိပ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေးကိစ္စ လုပ်ဆောင်နေတဲ့ ဂလိုဘယ်ဖန်းဒ်၊ (MSF) လို အဖွဲ့တွေ ပြန်ထွက်သွားကြရတာလည်း အသိပဲ ဖြစ်ပါတယ်။

ဒါဆိုရင် အခြေအနေက ဘယ်လိုရှိနေပါသလဲ။ သူရဲ့ လေ့လာထားချက်အရ မြန်မာနိုင်ငံမှာ ဆေးရုံ ၇၄၂ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၄ဝဝ ကျော်၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးဌာန ၃၄၈ ခု၊ မူးယစ်ဆေးစွဲကု ဌာန ၂၆ ခု ရှိနေတယ် ဆိုပါတယ်။ ဆရာဝန်ပညာသင် တက္ကသိုလ်တွေအပြင်၊ တိုင်းရင်းဆေးကု သမားတွေအတွက် လည်း စနစ်တကျ သင်တန်းပေး၊ လေ့ကျင့်တာတွေ ရှိတယ်ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လူတန်းစား ၂-ရပ်လို သိသိသာသာကွဲပြားနေတာကတော့ စစ်တပ်အတွက်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ သာမာန်ပြည်သူတွေအတွက် ထားရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ပါ။ အဆင့်အတန်းက ကွာလွန်းလှပါ တယ်။ နိုင်ငံတကာက အလှူပေးတဲ့ ခေတ်ပေါ်ဆေးကုသရေးစနစ်၊ ဆေးဝါးတွေဆိုရင် စစ်တပ်ဆေးရုံတွေ ကိုသာ လွှဲယူလေ့ရှိပါတယ်။ နိုင်ငံတကာက လေ့လာသူ ဧည့်သည်တွေလာရင်လည်း စစ်ဆေးရုံတွေသာ ခေါ်ပြ လေ့ရှိပါ တယ်။ အခုအခါ နေပြည်တော်မှာ ဆေးရုံအကြီးကြီး ဆောက်လုပ်ထားပေမယ့်၊ သူက သတင်းအချက် အလက်တွေကို ကိုးကားပြီး နယ်ဆေးရုံတွေမှာတော့ မီးမလာ၊ ဆေးမရှိ၊ ကိုယ်ပိုင်မီးစက်မောင်း လည်ပတ် နေကြရပုံကို လည်း ထောက်ပြပါတယ်။ အဲသည်တော့ မြန်မာနိုင်ငံမှာ သာမာန်ပြည်သူတွေ အားကိုးနေကြရတဲ့ ကျန်းမာ ရေးစနစ်မှာလည်း ခေတ်ပေါ်ဆေးပညာသာမက၊ တိုင်းရင်းဆေး၊ လက်သည်၊ ဘိုးတော်၊ ဝိဇ္ဇာ၊ ဗေဒင်၊ ပျောက် စေဆရာတွေ အားကိုးရှင်သန်နေကြရပုံ ဖြစ်လာပါတယ်။ တတ်နိုင်သူတွေက နိုင်ငံခြားမှာ ဆေးကုသခံ လေ့ ရှိပေမယ့်၊ မတတ်နိုင်သူတွေကတော့ တိုင်းပြည်ထဲမှာပဲ ဒီလိုကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေနဲ့ နပန်းလုံး နေကြရတာပါ။

ဒီလို အစိုးရက စောင့်ရှောက်မှုလစ်ဟာနေတဲ့ကိစ္စကို အခြားအင်အားစုတွေက ဝင်ရောက်ဖြည့်ဆည်းဖို့ကျတော့ သိပ်မများလှတဲ့ အဲန်ဂျီအိုတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေတော့ ရှိပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေ၊ သံဃာ တွေကျတော့ မလုပ်နိုင်ကြပါဘူး။ ဦးနေဝင်းလက်ထက်တုန်းကတည်းက သံဃာဂိုဏ်းတွေနှိမ်နင်းဖို့၊ သာသနာ သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး ဘုန်းကြီးသံဃာတွေကို ဆေးကုသခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ အဲန်ဂျီအိုတွေကိုလည်း အကန့်အသတ်နဲ့သာ ခွင့်ပြုတဲ့အတွက်ကြောင့်လည်း ကိုယ်ခံအားကျရောဂါ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ ဆိုရင် လူတိုင်းက ဆေးရရှိ၊ ဆေးသောက်နိုင်ကြတဲ့ အခြေအနေ မရှိပါဘူး။ ဝေဒနာခံစားရင်း ဆေးသောက်ရ မယ့် ရက်ကို စောင့်ဆိုင်းနေကြရပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအနေနဲ့ အကူအညီတွေ အများကြီး လိုအပ်နေတဲ့ အခြေအနေပါ။

အဲဒါအပြင် စာရေးသူ မိုးနစ် စကဒ်မိုးစိုးရိမ်ပြီး ဖော်ပြထားတာက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု တွေကလည်း တင်းကြမ်းပြည့်ရှိနေတော့ လူတိုင်းလိုလိုမှာ အနည်းနဲ့အများဆိုသလို စိတ်ဝေဒနာ ခံစားနေကြရ ပါတယ်။ သူတို့ကို ဖြေသိမ့်ပေးမယ့်သူတွေ၊ ဝန်ဆောင်မှုတွေလည်း မရှိပါဘူး။ အထူးသဖြင့် ၂ဝဝ၇ ခုနှစ်၊ သံဃာတွေ ဆန္ဒပြပွဲကို အကြမ်းဖက်ချေမှုန်းပြီးတဲ့ နောက်ပိုင်းမှာ လူတွေ ပိုလို့ စိတ်ထိခိုက်ကြေကွဲကြရပါတယ်။ တခါ ၂ဝဝ၈ ခုနှစ်၊ မေမှာ မကြုံစဖူး နာဂစ်မုန်တိုင်းကြီး ဖျက်ဆီးမှုကြောင့် လူတွေ သိန်းနဲ့ချီသေကြေ၊ သန်းနဲ့ချီ အတိ ဒုက္ခရောက်ကြရပါတယ်။ ဒီလိုဒဏ်ရာဒဏ်ချက်တွေက အနာမကျက်နိုင်သေးတဲ့ အခြေအနေပါ။ တကယ် ကတော့ ကျန်းမာရေး ရပိုင်ခွင့်ဆိုတာ လူ့အခွင့်အရေးတခုပါ။ ဒီအခွင့်အရေးကို မြန်မာပြည်သူတွေ ရရှိခံစား သင့်ကြောင်းပါ ခင်ဗျား။ နောက်တပတ်မှာတော့ နယ်စပ်ဒေသက ကျန်းမာရေးစောင့်ရှောက်မှုတွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments